ပထမဆုံးရောက်လာသူက ဇာခြည်လေး။ စင်္ကာပူအမျိုးသားတက္ကသိုလ်တက်တုန်းက ကိုယ်တို့အုပ်စုထဲမှာ အငယ်ဆုံး။ အဲ့ဒီတုန်းက ရှပ်အင်္ကီျနဲ့ဘောင်းဘီတို အမြဲဝတ်တတ်တဲ့ ချာတိတ်မလေးက ခုတော့ ချောမောလှပတဲ့ လေဒီလေးဖြစ်နေပြီ။ ဒုတိယရောက်လာသူက ဘ၊ အလုပ်များလို့ နောက်ဆုံးမှ ရောက်လာသူက တွေ့ဆုံပွဲကို အားခြင်းစီစဉ်ပေးတဲ့ ကိုစိုင်း။ အန်ယူအက်စ်ကျောင်းနေဖက် သူငယ်ချင်းဆယ်ယောက်လောက် တွေ့ဖို့ချိန်းကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ကြဘူး။ ပရောဂျက်အတူတူ လုပ်ခဲ့ကြတဲ့ ဘော်ဒါကြီးသုံးယောက်ကတော့ မဖြစ်မနေလာတွေ့တယ်။ ကိုစိုင်းက စန်းထွန်းကို တနေ့ကမြို့ထဲမှာတွေ့လိုက်တယ် နေကာမျက်မှန်ကြီး တကားကားနဲ့။ စန်းထွန်းများ ရန်ကုန်ရောက်နေသလားဆိုပြီး ဖေ့ဘွတ်တက်ကြည့်လိုက်တော့မှသိတာ အဲ့ဒါနဲ့အားခြင်းစီစဉ်လိုက်တာ။ ဟုတ်တယ် သောကြာနေ့က ဘတို့ကမ္ဘောဇဘဏ်မှာ စတော့အိပ်ချိန်းစင်မင်နာ အဖေတက်ချင်တယ်ပြောလို့ လိုက်ပို့ပေးတာ။ ပြီးတော့ ရန်ကုန်ဘူတာကြီးမှာ ပုဂံရထားအကြောင်း သွားစုံစမ်းရင်း မြို့ထဲမှာ လမ်းလျှောက်နေတာ။ အလုပ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း စကားတွေ ပြောလိုက်ကြတာ။ မတွေ့တာ ဆယ်နှစ်ဆိုပေမဲ့ စိတ်ထဲရင်းရင်းနှီးနှီး အန်ယူအက်စ်တက်တုန်းကလို ခံစားရတုန်း။ ဇာခြည် ... ညည်း ယောကျာ်းမယူသေးဘူးလား ... အာ ... ကိုစိုင်းကလည်း ယူစရာလား။ အဲ့ဒါဆို မိန်းမယူမှာလား... ဟမ် ... မယူပါဘူး ... အဲ့ဒီလိုတွေ့တာနဲ့ စနောက်ကြတော့တာပဲ။ ဘက ရန်ကုန်မှာ စရိတ်ကြီးတယ် ပဲခူးမှာဆို သိပ်မကုန်ဘူး ငါလည်း ဘာမှပိုမစားပါဘူး မျက်လုံးလေးပြ ူးပြီး နောက်ပြောင်နေတာ အရင်အတိုင်းပဲ။ မန္တလေးမှာနေတဲ့ ကိုဇော်မျိုးအောင်ကို ဖုန်းခေါ်ကြတယ်။ သူက အမ်ဘီအေ၊ အိုင်အက်စ်အက်စ် ဝင်ခွင့်သင်တန်းတွေသင်တဲ့ coach လုပ်၊ သူတက်တဲ့သင်တန်း၊ လုပ်တဲ့အလုပ်တွေ စုံနေတာပဲ။ ဟိုဒေါက်တာပါတီမှာ အမတ်လောင်းအဖြစ် ဝင်ပြိ ုင်လို့ ဖေ့ဘွတ်မှာ unfriend လုပ်လိုက်တာနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဒီကောင် အဲ့ဒီပါတီ အမတ်လောင်းအဖြစ် ဝင်ပြိ ုင်လို့ သူ့ကို unfriend လုပ်တဲ့သူတွေ အတော်များတယ်။ စကားတွေ ကောင်းနေလိုက်တာ ည ၉ နာရီခွဲမှ အိမ်ပြန်ကြတယ်။ ခုနေခွဲခွာပြီးရင် နောင်ဘယ်တော့များမှ ပြန်တွေ့ကြမလဲမသိ။ ၂၀၀၇ စက်တင်ဘာ MICT Park ထဲမှာ ဖြေခဲ့တဲ့ အန်ယူအက်စ်ဝင်ခွင့်စာမေးပွဲက ကိုယ်ဖြေဖူးသမျှ စာမေးပွဲထဲမှာ အခက်ဆုံးပဲ။ အေးစိမ့်နေတဲ့အခန်းထဲမှာ ချွှေးချွှေးပြိုက်ပြိုက်ကျနေအောင် ဖြေခဲ့ရတယ်။
အန်ယူအက်စ်မှာ ကျောင်းတက်ရတာ အတော်ပင်ပန်းပေမဲ့ ပညာအတော်ရတယ် ပျော်ဖို့ကောင်းတယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဟောခန်းထဲမှာ စာသင်ရတယ်။ ပြီးရင် သတ်မှတ်ထားတဲ့အခန်းမှာ စာလုပ်ကြ ပရောဂျက်အတူ လုပ်ကြတယ်။ ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကား၊ နောက်ဆုံးရထားစီးပြီး အိမ်ပြန်တယ်။ အိမ်မှာအိပ်ရုံပဲအိပ်ပြီး မနက် ၈ နာရီဆိုတာနဲ့ ကျောင်းကိုလာတယ်။ စနေ၊ တနင်္ဂနွေလည်း ကျောင်းမှာပဲ မာစတာကျောင်းသားတွေနဲ့ အခန်းလုရတယ်။ ပရောဂျက်တွေ အတူလုပ်၊ ငြင်းကြခုန်ကြ၊ ကျောင်းမှာစား ကျောင်းမှာမအိပ်ရုံ တမယ်ပါပဲ။ စာမေးပွဲက open book အဲ့ဒါက closed book ထက် ပိုခက်တယ်။ teamwork ၊ project management လုပ်တတ်အောင် သင်ပေးတယ်။ ကျောင်းပြီးခါနီး Application Development AD ပရောဂျက် တလလုပ်ရတယ်။ မနက် ၉ နာရီကနေ ည ၆ နာရီအထိ ရုံးတက်အလုပ်လုပ်သလိုမျိုး ကျောင်းတက်ရတယ်။ user requirement စုဆောင်း၊ system design ၊ database design ချ၊ coding ရေး၊ testing လုပ်၊ presentation ပြ၊ စာအုပ်ထုတ်။ တယောက်တည်း တော်နေလို့မဖြစ်ဘူး။ အုပ်စုထဲကသူတွေရဲ့ အားသာချက်တွေကိုသိပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း ပရောဂျက်ပြီးမြောက်အောင် အုပ်စုလိုက်လုပ်ဆောင်တတ်ဖို့ သင်ကြားပေးတယ်။ အင်တန်းရှစ် ၆ လဆင်းပြီးတဲ့အချိန်မှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ presentation ပေး၊ စာအုပ်ထုတ်ရတယ်။ သင်တန်းတစ်နှစ်ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ရယ်ဒီဖြစ်နေပြီ။ ကျောင်းတောင်မပြီးသေးဘူး ICA က အလုပ်ရရင် ပီအာတန်းလျှောက်ဖို့ PR offer letter ရောက်နေပြီ။ ကိုယ်တို့လျှောက်တဲ့နှစ်က ပီအာတွေ ကျပ်နေချိန်ဆိုတော့ ပီအာရတဲ့သူ အင်မတန်နည်းတယ်။ အိုင်အက်စ်အက်စ်တက်တုန်းက အမှတ်တရတွေထဲမှာ ပိုက်ဆံမရှိလို့ အင်ဂျင်နီယာကျောင်းကန်တင်းက ဟော့ပေါ့တပွဲကို နှစ်ယောက်မျှစားကြတယ်။ ပရောဂျက်မပြီးလို့ ကျောင်းမှာတညအိပ်ဖူးတယ်။ ကိုယ်တို့အုပ်စုထဲက မိန်းခလေးတွေက မိန်းမ,မဆန်ကြဘဲ ယောကျ်ားလေးတွေက စည်းစနစ်ကျ သိမ်းဆည်းတာ တော်ကြတယ်။ ဟင်းချက်ဝါသနာပါတဲ့ ကိုဇော်မျိုးအောင်က ကြက်သားဟင်းချက်လာမယ် ညည်းတို့တွေ ထမင်းချက်လာခဲ့လို့ပြောရင် ဆန်မရှိဘူး၊ ပေါင်းအိုးမဆံ့ဘူး ဆင်ခြေဆင်လက်တွေနဲ့။
|
မတွေ့တာ ဆယ်နှစ်လောက်ရှိပြီ...
စန်းထွန်း၊ ဘ၊ ကိုစိုင်း၊ ဇာခြည် |
|
မိန်းကလေး သိပ်ဆန်ကြသူတွေ...
ဘ၊ ပြည့်ပြည့်၊ ဇာခြည်၊ စန်းထွန်း၊ အိကေ၊ အိအိ |
|
ကိုယ့်ဂိုဏ်းစတားများ...
ဘ၊ အိအိ၊ အေကေ၊ ကိုဇော်မျိုးအောင်၊ ကောင်းကောင်း၊ ကိုစိုင်း၊ စန်းထွန်း၊ ပြည့်ပြည့် |
No comments:
Post a Comment