ပုဂံသွား တောလား - ၁

၈ နှစ်ကြာမှပြန်တဲ့ ရန်ကုန်ခရီးစဉ် ၂ ပတ်နေမှာဆိုတော့ တနေရာကို သွားလည်ချင်တယ်။ ပုဂံ၊ ဂုတ်ထိပ်တံတားကို သွားမလို့စုံစမ်းကြည့်တာ ပုဂံဘုရားဖူးကားတွေ ရှိပေမဲ့ ရက်ကအဆင်မပြေ။ ဂုတ်ထိပ်တံတားတိုးမရှိဘူး အများစုက ပြင်ဦးလွင်ကနေ ရထားစီးသွားကြတာတဲ့။ ဝေပေးတဲ့ တိုးကုမ္ဗဏီကို ဖုန်းဆက်စုံစမ်း၊ ဝေ့ကို ပြင်ဦးလွင်က ဟိုတယ်တွေအကြောင်း စုံစမ်းခိုင်း။ ကားမစီးချင်တဲ့ အဖေကြောင့် ရန်ကုန်ဘူတာကြီးမှာ ပုဂံရထားအကြောင်း သွားစုံစမ်းတယ်။ ထိုင်ခုံတွေ၊ အိပ်စင်တွေရှိတယ်၊ ရထားက ကားထက် အချိန်ပိုကြာတယ်။ ရထားလတ်မှတ်ကို  မှတ်ပုံတင်နဲ့ မနက် ၅ နာရီမှာ လာတန်းစီပြီး ဝယ်ရမယ်။ မနက်အစောကြီး လာမဝယ်နိုင်ရင် ဘူတာကဝန်ထမ်းကို ဝယ်ခိုင်းလို့ရတယ် လက်ဖက်ရည်ဖိုးတော့ ပေးရတာပေါ့လေ။ အဖေနည်းနည်းသက်သာလာပြီး ကားစီးနိုင်တယ်လို့ ပြောလာလို့ တိုးတွေက ရက်တွေအဆင်မပြေတာနဲ့ ကိုယ့်ဘာသာ စီစဉ်ပြီးသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူငယ်ချင်းတွေကို ပုဂံလိုက်မလားမေးတော့ သုံးယောက်က လိုက်မယ်တဲ့။ ရန်ကုန်ကနေညထွက် မနက်ဖက်ပုဂံရောက်တဲ့ကားရှိပေမဲ့ ကားပေါ်မှာ တညလုံးဗွီဒီယိုကားတွေ အကျယ်ကြီးဖွင့်တော့ အဖေနဲ့မကြီး အိပ်ပျော်မှာမဟုတ်ဘူး။ ဒီလိုနဲ့ ရန်ကုန်ကနေ မနက်ထွက် ညနေပုဂံရောက်တဲ့ကားကို ရွေးလိုက်တယ်။ မကြီးက Temple View ဟိုတယ်မှာ ဘွတ်ထားတာ သူငယ်ချင်းတွေ လိုက်မယ်ဆိုတော့ အခန်းထပ်ဘွတ်တာ အခန်းလွတ်မရှိတော့ဘူး။ ဟိုရောက်မှ ကြည့်စီစဉ်ကြတာပေါ့။ မနက် ၉  နာရီ အောင်မင်္ဂလာအဝေးပြေးကွင်းမှာ ဆုံကြတယ်။ ခိုင်မေ၊ ဖြိုး၊ ရွှေစင်တို့နဲ့က ၁၉၉၉  လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်းမှာ ခင်ခဲ့ကြတာ။ ဆယ်တန်းအောင်တဲ့နှစ်၊ တက္ကသိုလ်တွေ မတူပေမဲ့ အိမ်လည်းနီးတော့ အဆက်အသွယ် မပြတ်ကြဘူး။ ရွှေစင်ကတော့ အဆက်အသွယ် ပြတ်သွားလိုက်တာ ခုမှပြန်တွေ့ကြပေမဲ့ အင်္ဂလိပ်စာသင်တန်း တက်တုန်းကလို ရင်းရင်းနှီးနှီး ခံစားမိတုန်း။ ၂၀၀၅ မတ်လ ခိုင်မေ၊ ဖြိုး၊ ဝတ်ရည် ကိုယ့်ဇာတိ ဟိုင်းကြီးကျွှန်းကို လိုက်လည်ကြတယ်။ အတော်ပျော်စရာကောင်းတဲ့ခရီး တသက်မမေ့နိုင်တဲ့ခရီး ။ ၁၄ နှစ်ကြာမှ ကိုယ်တို့သူငယ်ချင်းတွေ ခရီးအတူထွက်ကြတဲ့ခရီး။ မိသားစုလည်းပါတော့ အတော်ပျော်ဖို့ကောင်းတယ်။

Feel စားသောက်ဆိုင်မှာ ဟင်းတပွဲမှာလိုက်ရင် အရံဟင်းတွေ အများကြီးလာချပေးတယ်။ စားလို့ကောင်းတယ် ဆီတော့များတာပေါ့လေ။ ဝက်မဖြစ်မှီ ၂ ပတ်အလိုဆိုပြီး ဖေ့ဘွတ်မှာတက်ညည်းပြတဲ့ မကြီးက စားချင်သလောက်စား ဝိတ်မတက်ဘူး။ ညည်းမပြဘဲ အသားကုန်တီး နည်းနည်းစားရင် ဝိတ်များများတက်တာကကိုယ်။ ပုဂံရောက်တော့ ဟိုတယ်တွေဆီ ဟိုင်းလတ်ကားလေးနဲ့ လိုက်ပို့ပေးတယ်။ Temple View ဟိုတယ်မှာ အခန်းမရလို့ သူငယ်ချင်းတွေက ရှေ့နားက ရတနာပုံဟိုတယ်မှာ အခန်းရတယ်။ ရေချိုးပြီးလို့ ခဏနေတော့ မောင်မောင်က ညစာစားဖို့ လာခေါ်တယ်။ ဟယ်... မောင်မောင် အဝေးကြီးက လာရတာလား... ပခုက္ကူကနေလာတာ မဝေးဘူး တနာရီလောက်ပဲတဲ့။ ဟိုတယ်က ရွှေတိုင်းကျော်စားသောက်ဆိုင်ကို ညွှန်းတယ်။ အဖေနဲ့အမေက မောင်မောင်ကားနဲ့လိုက်သွားတယ်။ ကိုယ်တို့က လမ်းလျှောက်ကြတယ် လမ်းတလျှောက် ဟိုတယ်၊ စားသောက်ဆိုင်တွေကြီးပဲ။ ရွှေတိုင်းကျော် စားသောက်ဆိုင် စားကောင်းတယ်။ အကြိုက်ဆုံးက မန်ကျဉ်းရွက်သုပ်ပဲ။ ညစာကို မောင်မောင်‌ကျွှေးတယ် ‌ကျွှေးချင်လို့ကို လာခဲ့တာတဲ့။ အဲ့ဒီနေ့ဟာ မောင်မောင်နဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့၊ မောင်မောင် နောက်ဆုံး‌ကျွှေးခဲ့တဲ့ ညစာပါပဲ။ အပြန်လမ်းကဆိုင်မှာ ပုဂံဘောင်းဘီ၊ အင်္ကီျတွေ ဝယ်ကြတယ်။ ဟိုတယ်ကို ပြောလိုက်ရင် ပုဂံဘုရားဖူးကားတွေ စီစဉ်ပေးတယ်။ စွယ်တော်လေးဆူဘုရားဖူးက စွယ်တော်လေးဆူနဲ့တင် တနေကုန်တာမို့လို့ ပုဂံတနေကုန်လည်တာကို ရွေးလိုက်တယ် ငါးသောင်းတဲ့။ မနက်ငါးနာရီထပြီး အီးဘိုက်နဲ့ နေထွက်ချိန်သွားကြည့်ကြတယ်။ သူငယ်ချင်းတွေကို လိုက်မလားလို့ ခေါ်ပေမဲ့ အိပ်ယာကမထသေးဘူးတဲ့။ ကိုယ်ကတခါမှ အီးဘိုက်မမောင်းဘူးပေမဲ့ ကိုယ်မောင်းမယ်ဆိုတာကို အီးဘိုက်မောင်းဖူးတဲ့ မကြီးက လက်မခံဘူး။ သူမောင်းမယ်ဆိုတာကြီးပဲ စထွက်ဖို့ကို အချိန်တော်တော်ယူရတယ် နောက်တော့အိုကေတယ်။ ဟိုင်းကြီးမှာ အဖေက ဆိုင်ကယ်သင်ပေးတော့ မကြီးက ကြောက်တတ်တော့ အချိန်ယူရတယ်။ အကြောက်အလန့်မရှိတဲ့ကိုယ်က ခပ်မြန်မြန်တတ်တယ်။ မှောင်မှောင်မည်းမည်း လမ်းညွှန်တဲ့အတိုင်းသွား မသေချာလို့ ကျော်တတ်သွားတဲ့ တရုတ်တွေကိုမေးကြည့်။ အန်ကယ်ကြီးတယောက်က လမ်းညွှန်ပေးလို့ ရောက်သွားတယ်။ မတ်စောက်နေတဲ့လှေကားတွေကို အသေအချာ ကုတ်ဖက်တတ်ရတယ်။ မီးပုံးပျံတွေတက်လာတဲ့ ပုဂံနေထွက်ချိန် အင်မတန်လှတယ်။ နိုင်ငံခြားသားတွေချည်းပဲ အားလုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့ ပုဂံနေထွက်ချိန်အလှကို ခံစားကြတယ်။

၂၀၁၉ ဖေဖေါ်ဝါရီ ၁၃ ရွှေတိုင်းကျော်ထမင်းဆိုင် ပုဂံ
ကွျှေးချင်လို့ကို ပခုက္ကူကနေ တကူးတကလာ‌ကျွှေးတဲ့ မောင်မောင် နောက်ဆုံး‌ကျွှေးခဲ့တဲ့ ညစာ
မောင်မောင်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့နေ့
၂၀၀၅ မတ်လ မော်တင်စွန်းဘုရားပွဲ
၂၀၀၂ ပုဂံလေ့လာရေးခရီး
၂၀၀၂ ဗူးဘုရား ဘွတ်ရွှတ်ဒိုင်းဂိမ်း ဗိုလ်စွဲတယ်
၂၀၀၂ ပုဂံလေ့လာရေးခရီး
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် Batch 11

အစောင့်တယောက်က ပုဂံဝင်ခွင့်လတ်မှတ် လာစစ်တယ် နိုင်ငံခြားသားဆိုရင် တယောက်ကို နှစ်သောင်းပေးရတယ်ဆိုလား။ ဖေဖေါ်ဝါရီ ၁၄ ဗယ်လင်တိုင်းနေ့ ဟိုတယ်ခေါင်မိုးမှာ မနက်စာစားကြတော့ မကြီးက အဖေနဲ့ သူလိုချင်တဲ့ဓာတ်ပုံကို ရိုက်ခိုင်းတယ်။ ဓာတ်ပုံသိပ်မရိုက်တဲ့ကိုယ့်ကို အဖေက သမီးကိုအဖေ ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး ရိုက်ပေးတယ်။ မနက် ၉  နာရီလောက်မှာ ဘုရားဖူးဖို့ ကားလာခေါ်တယ်။ ပုဂံဟာ လွန်ခဲ့တဲ့၁၇နှစ် ၂၀၀၂ တုန်းက ကျောင်းလေ့လာရေးအဖွဲ့နဲ့ လာဖူးတဲ့အချိန်တုန်းကနဲ့ အများကြီးခြားနားသွားတယ်။ သစ်ပင်တွေ၊  ဟိုတယ်တွေ၊ ဆိုင်တွေ ပိုများလာတယ်။ ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ King Among Men  အနော်ရထာမင်း ပထမမြန်မာနိုင်ငံ တည်ထောင်တဲ့အကြောင်း စာအုပ်ဖတ်ပြီးမှ ပုဂံကို ပိုတန်ဖိုးထားမိတယ်။ အာနန္ဒာဘုရားက တံခါးကြီးက အကြီးကြီး၊ ပန်းပုလက်ရာတွေက ထူးခြားတယ်။ ထုထည်အခိုင်အခန့် လေဝင်လေထွက် အလင်းရောင်ကောင်းကောင်း ရရှိအောင် ဆောက်လုပ်ထားတဲ့ နည်းပညာတွေ အံ့သြဖို့ကောင်းတယ်။ မြန်မာစာသင်တဲ့ ခိုင်မေက ကျောက်စာတွေ၊ အုတ်ခွက်လက်ရာတွေ စိတ်ဝင်စားတယ်။ ကိုယ်တို့သူငယ်ချင်းတွေ အလည်လွန်နေရင် အဖေက ဖြိုးဆီဖုန်းဆက်ပြီး ပြန်လာဖို့ ဆော်သြတတ်တယ်။ ဘုရားသမိုင်းရှင်းပြပေးမယ်ဆိုတဲ့ ကလေးမလေးကို အင်္ဂလိပ်လိုပြောပြလားမေးတော့ မပြောတတ်ဘူး သင်ပေးရင်တော့ တတ်ပါတယ်တဲ့။ အဲ့ဒါဆိုလည်း မြန်မာလိုပြောဆိုတော့ ပြောပြပေးတယ်။ ပြောပြခဘယ်လောက်လည်းမေးတော့ သဒါကြေးတဲ့။ အဲ့ဒါနဲ့ ၂၀၀ ပေးလိုက်တယ် မကြီးက ပေးမဲ့ပေး ၁၀၀၀ လောက်ပေးလိုက်တာ မဟုတ်ဘူး ၂၀၀ ထဲနဲ့ ဘာလုပ်လို့ရမှာလဲ မုန့်ဟင်းခါးတပွဲတောင် ၅၀၀ ပေးရတယ်။ ဟင် ... ဟုတ်လား ထပ်ပေးမလို့ ကြည့်လိုက်တဲ့အချိန်မှာ မတွေ့တော့ဘူး။ အားနာလိုက်တာ ၂၀၀ ပေးတော့ ကလေးမလေးက ပြန်ပေးချင်စိတ်တောင် ပေါက်မလားမသိဘူး။ သနပ်ခါးလိမ်းမလားဆိုတာ ဘာကိုပြောတာလဲလို့ မကြီးကိုမေးကြည့်တော့ ပါးပေါ်မှာ သစ်ရွက်ရုပ်လေးတွေ လိမ်းပေးတာတဲ့။ မန်ကျဉ်းပင်အောက်က သရပါ ၃ ထမင်းဆိုင်မှာ နေ့လည်စာစားမလို့ဟာ ဆိုင်ပိတ်နေတာနဲ့ ကားဒရိုင်ဘာညွှန်းတဲ့ ထမင်းဆိုင်မှာစားကြတယ်။ ကားဒရိုင်ဘာက သနပ်ခါးဝယ်မယ်ဆိုရင် ကားနဲ့ရောင်းတဲ့ဆီမှာဝယ်တဲ့။ သနပ်ခါး၊ ကျောက်ပြင်၊ ထန်းလျက်၊ ပုန်းရည်ကြီးတွေ ဝယ်ကြတယ်။  ပြောင်းဖူးပြုတ်ဝယ်တော့ ၅၀၀၀ တန်ကို ၅၀၀ ထင်ပြီးပေးနေလို့ ဖြိုးက ဟဲ့ အဲ့ဒါ ၅၀၀၀ တန်ကြီးတဲ့။ ဖြိုးတို့ဝယ်တဲ့နွားနို့ ကပ်သောက်တော့ မကြီးကဆူတယ် ပန်းနေဦးမယ် သတိထားတဲ့။ သဗ္ဗုညုဘုရားရောက်တော့ အမေက မကြီးတို့နဲ့ ပုဂံလာလည်တုန်းက ကြိမ်ထိုင်ခုံတွေဝယ်တာ ဒီနေရာတဲ့ မှတ်မိတယ်။ နန်းမြင့်မျှော်စင်ကနေကြည့်တဲ့ နေဝင်ဆည်းဆာဓာတ်ပုံတွေကို နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
သြဂုတ် ၄၊ ၂၀၁၉ ။

Feel စားသောက်ဆိုင်
ပုဂံ ရွှေတိုင်းကျော် စားသောက်ဆိုင်
ဝက်မဖြစ်မှီ ၂ လအလိုဆိုပြီး ဖေ့ဘွတ်မှာတက်ညည်းပြတာက မကြီး
ညည်းလည်းမညည်း အသားကုန်တီး နည်းနည်းစားပြီး များများဝိတ်တက်တာကကိုယ်
ဗယ်လန်တိုင်းဒေး ကမ္ဘာပေါ်မှာသူ့ကိုအချစ်ဆုံးသူနဲ့ ဘရိတ်ဖိတ်ဒိတ်တဲ့
အဖေက သမီးကို ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး ရိုက်ပေးတာ

No comments: