ရန်ကုန်သွား တောလား - ၆

ရန်ကုန်မှာ ကိုယ်သွားလည်ချင်တဲ့ နေရာနှစ်ခုရှိတယ်။ တခုက ဦးသန့်ပြတိုက် နောက်တခုက ရုပ်သေးပွဲ။ ပုဂံကနေ ရန်ကုန်ပြန်တဲ့ ကားပေါ်မှာ ဦးသန့်ပြတိုက် ဖွင့်ချိန်၊ တိုးတွေအကြောင်း ဖုန်းဆက်မေးကြည့်တယ်။ ပြတိုက်က သောကြာ၊ စနေ၊ တနင်္ဂနွေ မနက် ၁၀ နာရီကနေ ည ၅ နာရီအထိ ဖွင့်တယ် ဝင်ကြေးအခမဲ့။ ပြတိုက်ကနေ စီစဉ်တဲ့တိုးတွေထဲမှာ ရန်ကုန်မြို့လယ်ကောင် အထင်ကရ နေရာတွေဖြစ်တဲ့ ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ ဝန်ကြီးများရုံး၊ လွတ်လပ်ရေးကျောက်တိုင်၊ ဂျူးဘုရားကျောင်းတွေကို သွားလည်တဲ့ လမ်းလျှောက်တိုး၊ တရုတ်တန်းအနှံ့လည်တဲ့ လမ်းလျှောက်တိုးတွေအကြောင်း မေးကြည့်တယ်။ ဘယ်နေ့ဘယ်ရက်တွေမှာ ရှိတယ် တယောက် ယူအက်စ်ဒေါ်လာ ၄၀။ မြန်မာနိုင်ငံသားဆိုရင် အခမဲ့ waiting list စောင့်ရမယ်။ အခု waiting list စောင့်နေတဲ့လူ တစ်ထောင်ကျော်ရှိတယ်။ နောက်ဆုံးတော့ ဦးသန့်ပြတိုက် မသွားဖြစ်ဘူး။ မကြီးက မော်ဒယ်သန္တာလှိုင် ခဏခဏသွားတဲ့ indoor skydiving သွားချင်တယ်။ မရမ်းကုန်းမြိ ု့နယ် တော်ဝင်လမ်းဆိုတော့ Grab တက္ကစီငှားသွားတယ်။ စကိုင်းဒိုက်ဗင်း မထိုးခင် တခုခုဖြစ်ရင် ကိုယ့်တာဝန်ဆိုတဲ့ အာမခံချက်ထိုးရတယ်။ တမိနစ်တစ်သောင်း နှစ်မိနစ်အရင်စမ်းကြည့်မယ် ကြိုက်မှနောက်ထပ် ထပ်တိုးမယ်။ ဝတ်စုံလဲရတယ် sneaker မစီးထားရင် ဆိုင်ကပေးတယ်။ညွှန်ကြားပြသသူက ဘယ်လိုနေရမယ် ဘယ်သင်္ကေတတွေက ဘာအဓိပ္ဗာယ်ဆိုတာ မှတ်ရတယ်။ လှိုဏ်ခေါင်းအလုံးအဝိုင်းကြီးထဲမှာ လဲချလိုက်ပေမဲ့ အရှိန်ပြင်းတဲ့လေက ပင့်ထားလို့ လူကပျံဝဲနေတယ်။ ကိုယ့်ရိုးကားရားဖြစ်နေတဲ့ကိုယ်ကို ဆရာမက လက်နှစ်ဖက်ပေါ်တင်ပြီး ခါးကိုမတ် ခြေထောက်ဆန့်နေဖို့ ထိန်းညှိပေးတယ်။ ဆရာမက အချက်ပြပေမဲ့ ဘာမှန်းမသိဘူး မေးစေ့ကိုလာကိုင်ပြီး မော့ခိုင်းတယ်။ ဆရာမက ရလောက်ပြီထင်ပြီး လက်လွှတ်လိုက်ရင် နံရံဆီကိုလွင့်သွားတယ်။ နံရံကို ဖနောင့်နဲ့ပေါက်လိုက်တော့ အလယ်ကို ပြန်ရောက်လာတယ်။ မျက်နှာကို လေတွေ တအားတိုက်နေတော့ စပ်ဖျင်းနေတယ် နားထဲမှာ တဝူးဝူးနဲ့။ ကိုယ်က လေယာဉ်ပေါ်ကနေ ခုန်ချတဲ့ စကိုင်းဒိုင်းဗင်း ထိုးချင်တာ ကြောက်တော့ကြောက်သား။ ဒီအင်ဒိုးစကိုင်းဒိုင်းဗင်းက ကြောက်ဖို့မကောင်းဘူး အတွေ့အကြုံအသစ်တခုပေါ့။ ဆရာမက စကိုင်းဒိုင်ဗင်း အရင်ကထိုးဖူးလားတဲ့ ဟင့်အင်း။ ပထမဆုံးဆိုပေမဲ့ အနေအထားမဆိုးဘူးတဲ့။ ဆရာမ ဒိုင်ဗင်ပစ်နေတာများ လေထဲမှာ ငှက်မွှေးလေး ပျံဝဲလွင့်မျောနေသလို တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ။ စကိုင်းဒိုင်ဗင်း ပစ်နေတဲ့ပုံတွေ တပုံမှမလှဘူး မျက်နှာကိုရှုံ့မဲ့နေတာပဲ။ ခုံပေါ်မှာတင်ထားတဲ့ ဓာတ်ပုံထဲမှာတော့ ပြုံးရယ်နေကြတာ လှတယ်။ 

ညနေစောင်းမှာ အဖေနဲ့ ရုပ်သေးပွဲသွားကြည့်တယ်။ ဖုန်းနဲ့အရင်ဘွတ်ကင်းလုပ်ရတယ်။ အောက်ကြည့်မြင်တိုင်လမ်း သစ်တောလမ်းမှတ်တိုင်မှာဆင်းပြီး ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတယ်။ ရုပ်သေးကတဲ့အိမ်လို့မေးလိုက်ရင် လမ်းညွှန်ပေးကြတယ်။ ရုံနဲ့မဟုတ်ဘူး တိုက်ခန်းအိမ်ဧည့်ခန်းမှာ ရုပ်သေးစင် ပြင်ထားတယ်။ နိုင်ငံတကာဆုတွေ ရထားတယ်။ ဘိုမိသားစုက မင်္ဂလာပါလို့ နှုတ်ဆက်တယ်။ နောက်ထပ် နိုင်ငံခြားသားငါးယောက် ထပ်ရောက်လာတယ်။ ပွဲစချိန်က ညခြောက်နာရီဆိုပေမဲ့ လူစုံပြီမို့ ဆယ်မိနစ်စောစတယ်။ ဓာတ်ပုံကြိုက်သလောက် ရိုက်လို့ရတယ်။ ကိုယ့်တသက်မှာ ပထမဆုံးရုပ်သေးပွဲ ကြည့်ဖူးခြင်းပဲ။ အဝတ်မဝတ်ထားတဲ့ ရုပ်သေးရုပ်ကို ပြတယ်။ အရုပ်ဆိုပေမဲ့ လူအင်္ဂါအပြည့်အစုံပါတယ်။ ဟင်... ပုဂံမှာတွေ့တဲ့ ရုပ်သေးရုပ်ထက် အတော်ကြီးတာပဲ။ အဖေတို့ ငယ်ငယ်တုန်းက ရုပ်သေးပွဲတွေကို ကြည့်ခဲ့ရတယ်တဲ့။ မြန်မာဇာတ်ပွဲစရင် အပျိုတော်ယိမ်းနဲ့စသလို ရုပ်သေးပွဲမှာလည်း အပျိုတော်ယိမ်းနဲ့စတယ်။ နောက်ခံတေးဂီတ မီးဆလိုက်တွေနဲ့ ပွဲချိန် ၄၅ မိနစ်အတွင်းမှာ မြင်း၊ နဂါး၊ မျောက်၊ ဘီလူး၊ ဇော်ဂျီ၊ ကိန္နရီ၊ ကိန္နရာ၊ ဖိုးဝရုပ်၊ ဦးရွှေရိုးနဲ့ ဒေါ်မိုး အတော်စုံစုံလင်လင် တင်ဆက်သွားတယ်။ ဦးရွှေရိုးက မျက်ခုံးမွှေးလှုပ်၊ မျက်လုံးပြူး၊ ဒေါ်မိုးက တင်ပါးခါပြတာကို အတော်သဘောကျတယ်။ ရုပ်သေးရုပ်တွေအကြောင်းကို အင်္ဂလိပ်လို ရှင်းပြတယ်။ နဂါးရုပ်မှာ ကြိုးသုံးချောင်းပဲပါပြီး ဆွဲရတာအလွယ်ဆုံး။ မင်းသား၊ မင်းသမီး၊ ဇော်ဂျီရုပ်တွေက ကြိုးတွေအများဆုံး ဆွဲရတာအခက်ဆုံး။  Horizon မဂ္ဂဇင်းကနေ ကျင်းပတဲ့ အရှေ့တောင်အာရှစာရေးဆရာများ ဖိတ်ခေါ်ပြိုင်ပွဲမှာ ဆုရထားတဲ့ ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ Her Infinite Variety မူယာစုံလင်သူ့ရုပ်သွင် ဝထ္ထုတိုဟာ ရုပ်သေးဆရာရဲ့ အချစ်ဇာတ်လမ်း။ လှည်းတန်းက ဆရာကြီးဦးမြကြိုင် စာဖတ်တန်းမှာ အဲ့ဒီဝထ္ထုတိုသင်တော့ အတော်လေးနှစ်သက်ခဲ့တယ်။ အဘိုးအဘွားတွေဆီ အလည်ရောက်နေတဲ့ ကလေးမလေး ရုပ်သေးဆရာနဲ့ဆုံတော့ ရုပ်သေးရုပ်အကြာင်း မေးကြည့်ရာကနေ ကံမဆုံလို့ မပေါင်းလိုက်ရတဲ့ သူ့ချစ်သူအကြောင်း၊ သူ့ချစ်သူအစား သူနဲ့တူတဲ့ ရုပ်သေးရုပ်လေးကို သူ့ကိုယ်စားပေါ့လို့ပြောပြီး ရုပ်သေးရုပ်လေးကို ကျောပိုးထွက်ခွာသွားတဲ့ ရုပ်သေးဆရာအကြောင်း ရေးထားတဲ့ ဝထ္ထုလေးက အိုး ... တကယ့်ကို လွမ်းမောကြေကွဲစရာ။ ဖတ်ခွင့်ကြုံခဲ့ရင် ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ ရင်ထဲတခုခု ကျန်ခဲ့မှာသေချာတယ်။

အင်ဒိုးစကိုင်းဒိုင်းဗင်း
မားဂြိုလ်သွားမဲ့နှစ်ယောက်...
ကိုယ့်အိမ်မက်က အာကာသယာဉ်မှုး ဖြစ်ချင်တာ... နာဆာကို သွားလည်ဦးမယ်တနေ့....
စံရိပ်ငြိမ် ဂမုန်းပွင့်
ရုပ်သေးပွဲ

ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ Colorful Myanmar စာအုပ်ထဲမှာ ရုပ်သေးပွဲအကြောင်းပါတယ်။ ဟိုးအရင်ခေတ်တုန်းက ဘုရားပွဲဆိုရင် ရုပ်သေးပွဲက မပါမဖြစ်။ ရုပ်သေးပွဲကို အပျိုတော်ယိမ်း ကန်တော့ခန်းနဲ့စတာဟာ ရိုသေထိုက်သူကို ရိုသေတဲ့ အစဉ်အလာပါတဲ့။ ပြီးတာနဲ့ ပထမဆုံး ဝင်လာတာက မြင်းရုပ် ဗုဒ္ဓဘာသာအယူအဆအရ စကြာဝဋ္ဌာမှာ ပထမဆုံးဖြစ်ပေါ်လာတဲ့ဂြိုလ်က မြင်းခေါင်းပုံသဏန်ရှိတယ်။ မြင်းပြီးတော့ ဆင်၊ ကျား၊ ငှက်၊ မျောက်၊ နဂါး၊ ဘီလူး၊ ဇော်ဂျီ။ ရုပ်သေးပွဲနောက်ခံက အဖြူရောင်ပိတ်သားဖြစ်ပြီးတော့ သီဆိုတဲ့သူ၊ ကြိုးဆွဲတဲ့သူတွေကို မြင်နိုင်တယ်။ အများအားဖြင့်က သီဆိုသူတယောက်၊ ကြိုးဆွဲသူတယောက်။ တခါတလေ တယောက်တည်းက သီဆိုတာရော၊ ကြိုးဆွဲတာရော လုပ်ပါတယ်။ အဲ့ဒီလိုမျိုးက အင်မတန့် အင်မတန် ရှားပါတယ်။ တညလုံးကတဲ့ မြန်မာဇာတ်ပွဲကို နိုင်ငံခြားသားတွေက အံ့သြကြတယ်။ တညလုံးဟုတ်လား .... ဟုတ်တယ် တညလုံးကတာ။ တချို့ပညာရှင်တွေက ပွဲကချိန်ကို လျော့ချဖို့ ကြိုးစားခဲ့ပေမဲ့ ပွဲကြည့်ဖို့ အဝေးကြီးကနေ လာခဲ့ကြတာ ညဉ့်နက်သန်းခေါင် ပွဲပြီးတဲ့အခါ ရွာပြန်ဖို့ အဆင်မပြေတာရော၊ ပွဲကြိုက်တဲ့လူမျိုး ဖြစ်တာကြောင့်ရော မအောင်မြင်ခဲ့ဘူး။ ရုပ်သေးရုပ်တွေကို ယမနေသားနဲ့ ထုလုပ်ပြီး လူဆိုရင် လူအင်္ဂါအပြည့်အစုံ တိရစ္ဆာန်ဆိုရင် တိရစ္ဆာန်အင်္ဂါအပြည့်အစုံ ထုလုပ်ရတယ်။ ဘုရင်၊ မင်းသား၊ မင်းသမီး၊ ဝန်ကြီး၊ ရသေ့ စီနီယာတွေကို ညာဖက်သေတ္တာပုံးမှာ သိမ်းဆည်းရတယ်။ နည်းနည်းနိမ့်တဲ့ တိရစ္ဆာန်၊ လူရွှင်တော်တွေကိုတော့ ဘယ်ဖက်သေတ္တာပုံးမှာ သိမ်းဆည်းရတယ်။ ဇော်ဂျီဆိုရင် ပိတ်ကားပေါ်ကနေ ပျံဝဲဝင်လာပြီး ထွက်ရင်လည်း အပေါ်ကနေ ပျံဝဲထွက်ရတယ်။ ဆင်ဆိုရင် ညာဖက်ကနေဝင် ညာဖက်ကနေထွက် ကျားဆိုရင် ဘယ်ဖက်ကနေဝင် ဘယ်ဖက်ကနေထွက်။ ဇာတ်စကားနဲ့ပြောရရင် ရုပ်သေးဆရာနဲ့ ရုပ်သေးရုပ် တသားတည်းဖြစ်ပြီး လမိုင်းကပ်မှ ဖျော်ဖြေရတာ ကောင်းပါတယ်တဲ့။ အဲ့ဒီလိုလမိုင်းကပ်ဖို့ ရုပ်သေးဆရာဟာ ရုပ်သေးရုပ်ကို ဖျော်ဖြေတဲ့အချိန် ပြင်ပမှာတောင် အနီးအနားမှာထားရတယ်။ ၁၇၇၆ စဉ့်ကူးမင်းက ယဉ်ကျေးမှုဝန်ကြီးဦးတော်ကို ဖျော်ဖြေမှုအနုပညာတခု ဖန်တီးဖို့ တာဝန်ပေးတယ်။ ထိုင်းနိုင်ငံကို တိုက်ခိုက်အောင်မြင်ပြီး ခေါ်ဆောင်လာတဲ့ ထိုင်းအနုပညာရှင်တွေကြောင့် မြန်မာ့အနုပညာဟာ အတော်အဆင်မြင့်နေပြီ။ အဲ့ဒီခေတ်တုန်းက လူရှေ့သူရှေ့ လင်မယား လက်ကိုင်ဖို့ဆိုတာ မလုပ်သင့်တဲ့အရာတခု။

လူတွေဟာ ချစ်ခြင်မေတ္တာကို မြင်တွေ့ခံစားချင်ကြတယ်။ သီချင်းထဲ၊ ကဗျာထဲ၊ ပုံပြင်ထဲမှာတင်မဟုတ်ဘဲ မြင်ကြားချင်တယ်။ ဘုရားလောင်းအဖြစ် သရုပ်မဆောင်ချင်ကြ၊ လင်မယားမဟုတ်ဘဲ စင်ပေါ်မှာ သရုပ်ဆောင်တဲ့အခါ မျက်မှောင်ကြုတ်ကြမဲ့  ပြသနာတွေကို ရုပ်သေးရုပ်က ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ ဦးတော်က တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ရုပ်သေးရုပ် ၂၈ ရုပ်ကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို ဆရာမကြီးစာအုပ်ကနေ နောက်မှ ကူးတင်တော့မယ်။ အဖေက ဇော်ဂျီနှစ်ရုပ်ကမတူဘူး ပထမဇော်ဂျီရဲ့ တောင်ဝှေးမှာ အလိမ်လေးတွေပါတယ် ဒုတိယဇော်ဂျီရဲ့ တောင်ဝှေးမှာ မပါဘူး။ ဟင်...ဟုတ်လား သမီးသတိမထားမိဘူး ဓာတ်ပုံပြန်ကြည့်လိုက်တော့ ဟုတ်တယ်။ အဲ့ဒီလို အဖေက ပတ်ဝန်းကျင်စူးစမ်းလေ့လာမှု သိပ်ကောင်းတယ်။ ပွဲပြီးတော့ တယောက်တသောင်း ပေးကြတယ်။ တချို့နိုင်ငံခြားသားတွေက tip ထပ်ပေးတယ်။ မြန်မာနိုင်ငံသားဆိုရင် အခမဲ့လုပ်ချင်ပေမဲ့ စရိတ်ကြီးလို့တဲ့။ အစပိုင်းကတော့ အတော်လေးရုန်းကန်ခဲ့ရတယ် ခုအိမ်မှာဆိုတော့ အခန်းငှားစရိတ် မပေးရဘူး အဲ့ဒီတော့မှ အဆင်ပြေတာတဲ့။ ရုံနဲ့ကျကျနနတင်ဆက်နိုင်ဖို့ မျှော်မှန်းထားတယ်တဲ့။ ကြည့်လို့တကယ်ကောင်းတယ် ဒီထက်မက အောင်မြင်ပါစေ။ ဖြိုးလမ်းညွှန်တဲ့ လှိုင်မြို့နယ် ဘူတာရုံလမ်း စံပြဓာတ်ပုံဆိုင် မျက်စောင်းထိုးက သင်းရနံ့ချင်းအထည်ဆိုင်မှာ ထမီလေးတွေ သွားဝယ်တယ်။ အမေစု ချင်းတောင်သွားတုန်းက ဝတ်စုံလေးတွေ သဘောကျလို့ ဈေးကြည့်လိုက်တော့ တသိန်းကျော်တဲ့။ အယ်မလေး ... ဈေးကြီးလိုက်တာ ဆိုင်ပိုင်ရှင်က သဘောကောင်းတယ် သေသေချာချာရှင်းပြတယ်။ ဈေးနှုန်းသင့်သလို အဆင်လေးတွေလည်းလှတယ်။ ကိုယ်ကြိုက်တဲ့အဆင်လေးက ၂၀၀၅ မတ်လ မော်တင်စွန်းဘုရားပွဲကို သွားတုန်းကဝတ်ထားတဲ့ ချင်းထမီလေးနဲ့ အတူတူပဲ။ အနက်ရောင်နဲ့ အနီရောင်၊ ချစ်အစ်မ မမီးနဲ့မခိုင်အတွက် လက်ဆောင်ပေးဖို့ တယောက်တထည်။ ဖက်ရှင်အကြောင်း ကျွှမ်းကျင်တဲ့မကြီးက ရွေးပေးတယ် တထည်တသောင်း။
စတိတ်ကိုသယ်ဖို့ ငါးဖယ်၊ ငါးကျဉ်း ကြော်တယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် ကိုယ်အထက်တန်းတုန်းက ပဲပြုတ်ရောင်းတဲ့ အန်တီကြီးက ခုထိပဲပြုတ်ရောင်းနေတုန်း။ သူ့ဆီကနေ ပဲပြုတ် နှစ်ပိသာမှာတယ်။ ညနေလေးနာရီလောက် လာပို့တယ်။ တခါစား အထုပ်လေးတွေထုပ် ဖရီဇာထဲထည့် လေဆိပ်မသွားခင် နှစ်နာရီလောက်မှာထုတ် လက်ကေ့ထဲထည့်သယ်တယ်။

၂၀၀၅ မတ်လ မော်တင်စွန်းဘုရားပွဲသွားတုန်းက ဝတ်ထားတဲ့ချင်းထမီလေးကို ကြိ ုက်တယ်
အပေါ်ဘယ်အနက်အနီနှစ်ထည်က ကိုယ့်အတွက် အပေါ်ညာနှစ်ထည်က မမီး၊ မခိုင်အတွက်
လှိုင်မြို့နယ် ဘူတာရုံလမ်း စံပြဓာတ်ပုံဆိုင် မျက်စောင်းထိုးက သင်းရနံ့ချင်းဆိုင်မှာ
ဝယ်တာပါ...တထည်တသောင်း...ဈေးနှုန်းသင့်တယ်...လက်ရာသန့်တယ်..
အလယ်ချိတ်အဆင်လေးက ဖြိုး လက်ဆောင်ပေးတာ
အောက်ဆုံးက ပတ်ထမီလေးက ဝေ လက်ဆောင်ပေးတာ...
ရွှေတိဂုံဘုရားတက်တော့ အဲ့ဒီပတ်ထမီလေးဝတ်ပြီး တက်တယ်...
မပြန်ခင် အပြေးအလွှား သွားတွေ့ခဲ့ရတဲ့သူ... ည ၆ နာရီကနေ ၈ နာရီအထိ စကားတွေ ကောင်းနေလိုက်တာ
ည ၁၀ နာရီ လေဆိပ်သွားရမှာ ည ၈ နာရီအထိ အိမ်ပြန်မရောက်သေးလို့ အဖေ၊ မကြီးက ဖုန်းဆက်သတိပေးရတယ်...
လက်ကေ့အိတ်တအိတ်က မပြင်ရသေးလို့ အဖေက ပြင်ပေးတယ်...
အချစ်ဆုံးများနဲ့ လေဆိပ်မှာ
လေဆိပ်မှာ ဝင်းဒိုးလျှော့ပင်း...အဲ့ဒီထီးလေးတွေ သဘောကျတယ်...
အဲ့ဒီထီးလေးဆောင်း မြန်မာအင်္ကီျလေးနဲ့ ဓာတ်ပုံရိုက်ချင်တယ်...

တီတင့်စီစဉ်တဲ့ ဘလော့ဂါ ၉၂ ယောက် ပါဝင်ရေးသားထားတဲ့ Feeling 92 စာအုပ်ငါးအုပ် ရရချင်း တီတင့်က လာပို့ပေးတယ်။ စတိတ်ပြန်မဲ့နေ့ ညနေစောင်း ဗိုလ်ချုပ်ဈေးမှာ ဝေနဲ့ဆုံတော့ လက်ဆောင်တအုပ် ပေးလိုက်တယ်။ လတ်မှတ်ထိုးပေးချင်တာ ဘော့ပင်မပါလို့ ထီဆိုင်ကနေ ဘော့ပင်ငှားပြီး လတ်မှတ်ထိုးပေးလိုက်တယ်။ ဝေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letters from Burma မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ အမေစုဓာတ်ပုံလေးတွေပါတဲ့ စာအုပ်လက်ဆောင်ပေးတယ်။ ကျောင်းတုန်းက လမင်းမိုမိုဝထ္ထုကို ဝေပြောပြတာ ဖတ်စရာမလိုဘူး တလုံးမကျန်ပြောပြတယ်။ ည ၆ နာရီ အပြေးအလွှားသွားတွေ့ရတဲ့သူက အလုံဆင်မင်းဈေးနားမှာနေတဲ့ ထားဝယ်သူနွယ်ဝင်။ ဆင်မင်းဈေးက ဘောလုံးကွင်း ဖြစ်နေတယ်။ တိုက်အဆောက်အဦးတွေ များလာလို့ မမှတ်မိဘူး။ IDCS သူငယ်ချင်းတွေ တွေ့တုန်းကလည်းမလာ၊ ရီဟာမိဘမဲ့ဂေဟာ သွားလှုတုန်းကလည်း အလှုငွေထည့်ပြီးမလာ။ ခုမှအပြေးအလွှားတွေ့ရတာ။ ၂၀၀၁ အိုင်ဒီစီအက်သင်တန်းကနေပြန်ရင် ဘတ်စ်ကားတွေက ဆင်မင်းဈေးနားကဆီဆိုင်မှာ ဆီဝင်ထည့်တယ်။ ကိုယ်တို့နှစ်ယောက်က ဆင်မင်ဈေးအထိလမ်းလျှောက် ကိုယ်ကဆင်မင်းဈေးကနေ အိမ်အထိ ဘတ်စ်ကားဆက်စီး။ ကျောင်းမှာလည်းပြော ဘတ်စ်ကားမှာလည်းပြော ပြောစရာတွေမကုန်သေးလို့ ဖုန်းဆက်ပြီးပြောကြသေးတယ်။ ပါးရိုက်မယ်ဆိုတဲ့ စကားကို ချစ်စဖွယ်ကောင်းအောင် ပြောတတ်သူ။ ခုတော့ ဘာသာတရား ကိုင်းရှိုင်းတယ် ကိုယ်နာဖို့ တရားတွေ ပို့ပေးတတ်တယ်။ ကော်ဖီဆိုင်ကဝန်ထမ်းကောင်လေးကို အကူအညီတောင်းပြီး ဓာတ်ပုံရိုက်ခိုင်းတော့ မောင်လေး နှစ်ပုံရိုက်ပေးနော်ဆိုတော့ နှစ်ပုံရိုက်ထားပြီးပြီတဲ့။ ဟယ်... ငါတို့ကို လှအောင်မရိုက်ပေးဘူး မလှပေမဲ့ အမှတ်တရ ဖေ့ဘွတ်ပေါ်မှာတင်မယ်နော်။ နောက်ဒီလိုတွေ့ဆုံဖို့ဆိုတာ ဘယ်လောက်ကြာမလဲမသိဘူး။ ည ၆ နာရီကနေ ၈ နာရီအထိ ပြောစရာစကားတွေ မကုန်နိုင်သေးဘူး။ ညည့်နက်သန်းခေါင်လေယာဉ်ဆိုတော့ အိမ်ကနေ ည၁၀နာရီထွက်ရမှာ ည၈နာရီထိုးနေပြီး အိမ်ပြန်မရောက်သေးလို့ အဖေ၊ မကြီးက ဖုန်းဆက်သတိပေးရတယ်။ လက်ကေ့အိတ်တလုံးက မထည့်ရသေးဘူး အဖေ ထည့်ပေးပါလို့ ပြောရတယ်။ ဖေဖေါ်ဝါရီ ၂၀ မနက် ၁ နာရီလေယာဉ် ဟောင်ကောင်ထရန်စစ် နယူးယောက်ကို နေ့လည်တနာရီရောက်တယ်။ ခဏနေတော့ နှင်းမုန်တိုင်းတိုက်တယ် တော်သေးတယ် လေယာဉ်ဆင်းတာ စောသွားလို့။ ၈ နှစ်ကြာပြီးမှ ပြန်တဲ့ခရီးစဉ်ဆိုတော့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတော်ပျော်ခဲ့ပါတယ်။ မမေ့နိုင်တဲ့ခရီးလေးပါပဲ။ မေလမှာ ကျူးဘား၊ ဇူလှိုင်လမှာ ချီကာဂို၊ ဆူနမ်၊ ရာမားတို့နေတဲ့ ဗာဂျီးနီးယားပြည်နယ်ကို တလတခါ သွားလည်ရင်း အနီးတနားတဝိုက်က အနောက်ဗာဂျီးနီးယား၊ မေရီလန်းပြည်နယ်တို့ကို သွားလည်ဖြစ်ပါတယ်။ အဲ့ဒီခရီးတွေအကြောင်း တောလားပို့စ်တွေ ရေးပါဦးမယ်။

Happy Traveling !
စန်းထွန်း
သြဂုတ် ၁၇၊ ၂၀၁၉ ။

တီတင့်စီစဉ်တဲ့ ဘလော့ဂါ ၉၂ ယောက် ပါဝင်ရေးသားထားတဲ့ Feeling - 92
ကိုယ်ကို့တွေ့လား...ဖိုတိုဂရက်တစ် မသက်ဝေ...
ကိုယ်ရေးထားတဲ့ အက်ဆေးကို စာအုပ်ပေါ်မှာ မြင်တွေ့လိုက်ရတဲ့အခါ...
၂၀၁၂ ဇွန်လ ဆယ်ကျော်သက်မဂ္ဂဇင်း ဘလော့ဒိုင်ဂျက်ဂဏမှာ
ရွေးချယ်ခံရတဲ့ စာကြည့်တိုက်ချစ်သူ အက်ဆေး
အဝတ်မပါတဲ့ ရုပ်သေးရုပ်
အပျိုတော်ယိမ်း
ဘီလူး
ဒီဇော်ဂျီရဲ့ တောင်ဝေးမှာ အလိမ်လေးတွေ ပါတယ်
ဒုတိယဇော်ဂျီရဲ့ တောင်ဝှေးမှာ အလိမ်လေးတွေ မပါဘူး...
တို့အဖေ မျက်စိစူးချက်...
ကိန္နရီ၊ ကိန္နရာ
မင်းသားနဲ့ မင်းသမီး
သူငယ်တော်အက
ဦးရွှေရိုးနဲ့ ဒေါ်မိုး
အဖေတို့ငယ်ငယ်တုန်းကအကြောင်း ပြောကြတော့ အောက်လင်းဓာတ်မီးဆိုတာ မမြင်ဘူးလို့
ဂူဂယ်မှာ ရှာကြည့်လိုက်တာ အဲ့ဒါအောက်လင်းဓာတ်မီးပါတဲ့

No comments: