အလာစကာသွား ‌တောလား - ၈

ဂျူလှိုင် ၉ တနင်္လာနေ့ မနက်ခြောက်နာရီခွဲ ဟိုတယ်မှာ မနက်စာစားပြီး ခုနှစ်နာရီဆို အဆင်သင့်ပြင်ပြီး တိုးကားကိုစောင့်ကြတယ်။ တိုးကားက မနက် ခုနှစ်နာရီကနေ ခုနှစ်နာရီခွဲကြား လာကြိုတယ်။ ဒုတိယတန်းမှာထိုင်တာက အသက်သုံးဆယ်လောက်ပဲ ရှိသေးတယ်လို့ ခန့်မှန်းရတဲ့ ဆွဇ်လင်မယား။ ကိုယ်က ရှေ့ဆုံးခုံကြိုက်တယ်ဆိုတော့ ဒရိုင်ဘာဘေးနားကခုံမှာ ထိုင်တယ်။ တချိန်လုံး အဲ့ဒီခုံမှာ ထိုင်ရမှာမဟုတ်ဘူး တခြားသူတွေကို အလှည့်ပေးရမယ်တဲ့။ နောက်ဆုံး ဝင်ခေါ်တာက အသက်ခြောက်ဆယ်ကျော် အငြိမ်းစားအဘိုးကြီးသုံးယာက်။ ဖဲဘန့်ကနေ မြောက်ဖက်စွန်းစွန်း မိုင်နှစ်ရာ ကမ္ဘာ့မြောက်ဖက်အကျဆုံး အာတစ်စာကယ် လတ္တီကျူဒေသမှာ နွေရာသီဆို ၂၄ နာရီ လင်းနေပြီး ဆောင်းရာသီဆို ၂၄ နာရီ မှောင်နေတယ်။ လမ်းဆိုးလို့ကားခုန်ပြီး မိုင်နှစ်ရာကို ပုံမှန်ကလေးနာရီ မောင်းရမှာ ခုတော့ငါးနာရီကျော်လောက် မောင်းရတယ်။ ပထမဆုံး ရပ်နားတဲ့နေရာကတော့ ပိုက်လိုင်းလို့ အတိုကောက်ခေါ်ကြတဲ့ Trans-Alaskan Pipeline System (TAPS) ပါ။ ကမ္ဘာ့အကြီးဆုံးပိုက်လိုင်းတွေထဲမှာပါဝင်ပြီး မြောက်ဖက် Prudhoe Bay ပရူဟိုဘေကနေ တောင်ဖက် Valdez ကို ထောင်သောင်းချီတဲ့ ရေနံတွေပို့ပေးနေပါတယ်။ မိုင်ရှစ်ရာ ရှည်လျားပြီး ၁၁ pump stations ထောက်ပို့စခန်း ရှိပါတယ်။ ၁၉၆၈ ပရူဟိုဘေမှာ ရေနံတွေ့တော့ ထုတ်သင့်မထုတ်သင့် သဘာဝပတ်ဝန်းကျင်၊ ဥပဒေအရပိုင်ဆိုင်မှု၊ နိုင်ငံရေး အငြင်းပွားမှုတွေ ရှိခဲ့တာပါ။ ရေနံထုတ်လုပ်တဲ့ အိုပက်နိုင်ငံတွေက တခုခုဆို ရေနံဈေးတက်မယ်၊ ရေနံမပို့တော့ဘူးလို့ ခြိမ်းခြောက်တဲ့ ရေနံအကျပ်အတည်း ၁၉၇၃  မှာဖြစ်တော့မှ ပိုက်လိုင်းကို ၁၉၇၄ ကနေ ၁၉၇၇ ထိ ဖောက်လုပ်ခဲ့တာပါ။ ပိုက်လိုင်းဖောက်ဖို့ မြေတွေဝယ်တော့ ဒီမြေတွေကို ဘယ်သူပိုင်သလဲမေးတော့ အစိုးရက သူမပိုင်ဘူး၊ ဒေသခံတိုင်းရင်းသားတွေကလည်း သူတို့မပိုင်ဘူး တော်တော်လည်း အခက်တွေ့ခဲ့ကြတယ်။ ပိုက်လိုင်းဖောက်တော့ အင်ဂျင်နီယာတွေဟာ အခက်အခဲမျိုးစုံ တော်တော်များများ ကြုံခဲ့ကြပါတယ်။ လူသူအရောက်အပေါက် လုံးဝမရှိတဲ့အရပ်ဒေသမှာ အင်မတန်ကြမ်းတမ်းလွန်းတဲ့ အအေးဒဏ်ကို ရင်ဆိုင်ပြီး ဖောက်လုပ်ရတာပါ။ နောက်အခက်အခဲတခုက permafost ရေခဲအောက်ကမြေဆိုတော့ ပျော့စိစိ အေးခဲနေတဲ့မြေကြီးပေါ်မှာ တည်ဆောက်ဖို့အထူးဆောက်လုပ်ရေး နည်းစနစ်ကို တီထွင်ခဲ့ရပါတယ်။ ပိုက်လိုင်းဆောက်ဖို့ တင်ဒါခေါ်တော့ အမေရိကန်၊ ဂျာမန်၊ ဂျပန် ကုမ္ဗဏီသုံးခုက တင်ဒါတင်တယ်။ ဘယ်သူရသွားတယ်ထင်လဲ ... ဂျာမန် .... အမေရိကန် ... နိုး... ဂျပန်ရသွားတယ်။

ပိုက်လိုင်းဆောက်လုပ်ရေးဟာ marvel အံ့မခန်းတဲ့ အင်ဂျင်နီယာနည်းပညာတခုလို့ တင်စားကြတယ်။ အလာစကာဟာ ငလျင်စက်ဝန်း Ring of Fire မှာပါလို့ ပိုက်လိုင်းတည်ဆောက်တဲ့အခါ ငလျင်ဒဏ်ခံနိုင်ဖို့အတွက်လည်း ဆောက်လုပ်ရပါတယ်တဲ့။ ပိုက်လိုင်းတည်ဆောက်လို့ ၈ ဘီလီယျံ ကုန်ပေမဲ့ တစ်နှစ်ထဲနဲ့ အရင်းကျေပါတယ်တဲ့။ ပိုက်လိုင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာပြီး  ပြောင်းရွေ့အခြေချနေထိုင်သူတွေ များလာတယ်။ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေရှိပေမဲ့ စီးပွားရေးတိုးတက်လာတာကိုတော့ မငြင်းနိုင်ပါဘူး။ ပိုက်လိုင်းကနေ ရေနံတွေစိမ့်ထွက်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေလည်း ရှိပါတယ်။ အမှားတွေကနေ သင်ခန်းစာယူပြီး ဒီထက်ပိုကောင်းမွန်အောင် လုပ်ရမှာပဲမဟုတ်လား။ ရေနံတွေမထွက်တော့ရင် ပိုက်လိုင်းကိုဖျက်ပြီး အရင်လိုသဘာဝပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက် ရှိပါတယ်။ ပိုက်လိုင်းနားမှာ လေးနာရီထက်ပိုပြီး ကားရပ်ထားရင် လာစစ်မေးတယ်။ ပိုက်လိုင်းပေါ်ကနေ ဟယ်လီကော်ပတာပျံဝဲပြီး ပိုက်လိုင်းကို စောင့်ကြည့်တယ်။ အလာစကာအတွက် ပိုက်လိုင်းဟာ အင်မတန်အရေးပါပါတယ်။ လမ်းဘေးတလျှောက် ပိုက်လိုင်းကို တွေ့ရပါတယ်။ ဒေတန်ဟိုင်းဝေး Dalton Highway ဟာ ပိုက်လိုင်းဆောက်လုပ်ရေးအတွက် ပစ္စည်းတွေသယ်ပို့ဖို့ ဆောက်လုပ်ခဲ့တာပါ။ ဒေတန်ဟိုင်းဝေးမှာ ကားပျက်ရင်မလွယ်ရင်း တိုးခက တထောင်ကျော်တယ်။ နှစ်နာရီလောက်မောင်းပြီး ဆယ်ငါးမိနစ်လောက် ခြေဆန့်လက်ဆန့် အညောင်းပြေလမ်းလျှောက်ဖို့ ရပ်နားပေးတယ်။ လူနေအိမ်ခြေတခုမှ မရှိဘူး တောင်ကုန်းတောင်တန်းလေးတွေက စိမ်းလန်းပြီး အင်မတန်လှတယ်။ fireweed ခရမ်းရောင်ပန်းလေးတွေ တွေ့ရတယ်။ ထိုင်ခုံလဲချင်ရင် လဲလို့ရတယ်ပြောတော့ မလဲဘူးတဲ့။ အဘိုးကြီးသုံးယောက်မှာ ပန်ဆယ်ဗေးနီးယားပြည်နယ်က နှစ်ယာက်၊ တယောက်က နယူးယောက်က။ တယောက်ကိုတယောက် နောက်ပြောင်စနောက်ကြပြီး သူငယ်ချင်းဖြစ်တာ အတော်ကြာပြီလို့ ခန့်မှန်းမိလို့ အားကျမိတယ်။ ကိုယ်လည်း အသက်ကြီးရင် အဲ့ဒီလိုစိတ်တူကိုယ်တူ ဝါသနာတူတဲ့သူငယ်ချင်းတွေနဲ့ ခရီးထွက်ချင်တယ်။ အရပ်ရှည်ရှည်အဖိုးကြီးက စာတိုက်ကြီးမှာအလုပ်လုပ်ပြီး ဘေ့ဘောနည်းပြ။ ပန်ဆယ်ဗေးနီးယားကနေ အလာစကာကို ဆယ်ရက်ကားမောင်းလာတာ။ လမ်းမှာ ဘေ့ဘောကွင်းတွေဝင်ပြီး အရည်အချင်းရှိတဲ့ ကလေးတွေကို သူနည်းပြလုပ်နေတဲ့တက္ကသိုလ်ကို လာဖို့ဖိတ်ခေါ် scout လူသစ်ရှာခဲ့သေးတယ်။

မြောက်ဖက် ပရူဟိုဘေကနေ တောင်ဖက် ဗန်ဒက်အထိ မိုင် ၈၀၀ ရှည်တဲ့ ပိုက်လိုင်း
ပိုက်လိုင်းဆောက်တာကို ဂျပန်ကုမ္ဗဏီတင်ဒါ ရခဲ့ပြီး permafost ရေခဲမြေပေါ်မှာ တည်ဆောက်ဖို့
နည်းလမ်းအသစ်တွေ တီထွင်ခဲ့ရပါတယ် အံ့မခန်းအင်ဂျင်နီယာ နည်းပညာလို့ တင်စားကြပါတယ်

ပိုက်လိုင်းနားမှာ ၄ နာရီလောက် ကားရပ်ထားရင် လာစစ်မေးပြီး ပိုက်လိုင်းပေါ်
ဟယ်လီကော်ပတာဝဲပျံပြီး ပိုက်လိုင်းလုံခြုံရေးကို စောင့်ကြည့်ပါတယ် 
ပိုက်လိုင်း ဘယ်လိုတည်ဆောက်တယ်ဆိုရင်တာ စိတ်ဝင်စားရင် ဖတ်ကြည့်ပါ

တာကီတီနာ ရေကန်သုံးကန် ဟိုက်ကင်းတိုးဂိုက်ကလည်း ဗာမွန်ပြည်နယ်ကနေ အလာစကာကို ဆယ့်ငါးရက်ကားမောင်းလာတာ။ အဲ့ဒီလိုတခါလောက် ရက်ရှည်ကားမောင်းပြီး ခရီးထွက်ချင်တယ်။ Yukon ယုကွန်မြစ်ကို ဖြတ်ပြီးတော့ ခဏနားတယ်။ အမျိုးသားဥယျာဉ်ရုံလေးမှာ အာတစ်စာကယ်စာတီဖီကိတ်တွေရလို့ ယူနေတာ တိုးဂိုက်က သူ့စာတီဖီကိတ်ကိုပြတယ်။ အာတစ်စာကယ်ကို ရောက်တဲ့အခါ သူပေးမှာ ယူစရာမလိုဘူးတဲ့။ အိမ်သာတွေက ရေဆွဲချအိမ်သာမဟုတ်ဘူး။ လက်ဆေးဖို့ hand sanitizer ရှိတယ်။ နောက်ထပ်တနာရီခွဲလောက် မောင်းပြီးတော့ အာတစ်စာကယ်ဆိုတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာ ရောက်တယ်။ ဓာတ်ပုံရိုက် တိုးဂိုက်က နေ့လည်စာစားဖို့ပြင်ဆင်တယ်။ ရှဉ့်လေးတကောင်က လူလုံးဝမကြောက်ဘူး လူတွေလာရင် အစာစားရမှန်း သိနေလို့နေမှာ။ နေ့လည်စာက စွပ်ပြုတ်နဲ့ ဘီစကစ်လုံးလေးတွေ၊ ဆွဇ်အမျိုးသမီးက သက်သက်လွတ်။ ဝိုင်းက ဆွဇ်အမျိုးသမီးကို ဆွဇ်ဘယ်မြို့မှာနေလဲလို့ သွားမေးတော့ သူက အင်္ဂလိပ်စကား မပြောဘူး။ ဆွဇ်အမျိုးသားက ဘာသာပြန်ပေးတယ်။ ဆွဇ်အမျိုးသားက ဘောလုံးသမား၊ သူ့မိန်းမက ဆွဇ်စားသောက်လုပ်ငန်းမှာလုပ်တယ်။ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်တက်သွားပြီလဲလို့ ဘေ့ဘောနည်းပြက ဆွဇ်အမျိုးသားကိုမေးတော့ သူကမေ့နေတယ်။ ကိုယ်က ဝင်ပြောတော့ ဟယ် ... စန်းစန်းက soccer ဘောလုံးကြိုက်တာလား။ ကြိုက်တယ် အဖေက မန်ချက်စတာယူနိုက်တက် die hard အမာခံ၊ ကမ္ဘာ့ဖလားပွဲကြည့်တယ်၊ အင်္ဂလန်ကို အားပေးတာ။ ဘေ့ဘောနည်းပြက အမှိုက်ပုံးက bear proof ဝက်ဝံချိုးဖျက်လို့မရဘူး။ ခဏနေတော့ တိုးကားသုံးစင်း ရောက်လာတယ် အဖြူတွေချည်းပဲ။ အိမ်သာမှာဆုံတာ အတ္တလန်တာက အသက်ခုနစ်ဆယ်ကျော်အဘွားကြီး။ အားကျလိုက်တာ ကိုယ်အသက်ခုနစ်ဆယ်မှာ အဲ့ဒီလိုခရီးသွားနိုင်ပါ့မလား။ တုန်တုန်ချိချိနဲ့ အိပ်ယာထဲ လဲနေမလား။ အင်း ... အသက်ခုနစ်ဆယ်ထိတောင် အသက်ရှည်ပါ့မလား။ အိုင်အိုဝါသင်္ကေတနဲ့ ဓာတ်ပုံရိုက်တယ်လို့ပြောနေတော့ ဝိုင်းက ကိုယ့်ကိုလှမ်းကြည့်တယ်။ စန်းစန်းက အိုင်အိုဝါမှာ ကျောင်းတက်ခဲ့တာ... ဟုတ်လား .... အိုင်အိုဝါတက္ကသိုလ်လား... မဟုတ်ဘူး အိုင်အိုဝါစီးတီးကနေ တနာရီဝေးတဲ့မြို့မှာ .... အိုင်အိုဝါတက္ကသိုလ်ကို ရောက်ဖူးတယ်... သာယာလှပတဲ့နေရာလေးပဲ။ တချို့တွေက အာတစ်စာကယ်ကနေ နှစ်နာရီဝေးတဲ့မြို့ကိုသွားပြီး တညအိပ် နောက်နေ့မှ ဟယ်လီကော်ပတာစီးပြီး ပြန်လာမှာ။ အဲ့ဒီမြို့မှာ လူဦးရေကခြောက်ဆယ်ကျော်ပဲရှိတယ် ဒါပေမဲ့ visitor center ကို တော်တော်အကုန်အကျခံ ဆောက်ထားတယ်။

အပြန်လမ်းမှာတော့ အလာတုန်းကလို မဟုတ်တော့ဘူး။ အိပ်ငိုက်တဲ့အခါငိုက် နိုးရင်လမ်းဘေးဝဲယာကြည့်။ အသက်ခုနစ်ဆယ်ကျော် လင်မယား ဟိုးနားမှာနေကြတယ်လို့ တိုးဂိုက်ကပြောတော့ ကျန်းမာရေး၊ ရာသီဥတုဆိုးရင် ဘယ်လိုများနေကြမလဲမသိဘူး။ အလာစကာမှာ အိမ်ဆောက်ပြီး ငါးနှစ်နေရင် ကိုယ်ပိုင်ဖြစ်သွားပြီ။ အလာစကာမှာနေလို့ တစ်နှစ်တစ်ခါ အစိုးရက တထောင်ကျော်ချက်လတ်မှတ်ပေးတယ်။ အလာစကာ ဆောင်းရာသီက အင်မတန်အေးလို့ လူတွေဘယ်လိုနေထိုင်ရတယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ အလာစကာရဲ့မြို့တော်က Juneau ဂျူနိုလို့ အသံထွက်တယ် ကနေဒါဘေးနားမှာ။ ကားလမ်းမပေါက်ဘူး ရေလမ်းနဲ့ပဲ ဆက်သွယ်လို့ရတယ်။ ဘာလို့ဆက်သွယ်ရေးခက်တဲ့မြို့ကို မြို့တော်ရွေးထားတာလည်း မသိဘူး။ ခုတော့ မြို့တော်ကို တခြားမြို့ဆီ ပြောင်းချင်ကြတယ်။ အိမ်သာအတွက် ခဏနားပြီးလို့ လမ်းလျှောက်ကြည့်နေတုန်း အယ်မလေး ... ခြင်တွေ အုံခဲနေတာပဲ.. ယက်ထုတ်နေရတယ်။ ကားတံခါးပိတ်ပြီးရင် တဘမ်းဘမ်းနဲ့ ခြင်ရိုက်ကြတယ်။ တိုးဂိုက်က ဘေးကကြားရင်တော့ ဘာထင်မလဲမသိဘူး ကားထဲကနေ တဘမ်းဘမ်း အသံတွေထွက်လာလို့လေ။ ယုကွန်မြစ်နားက စားသောက်ဆိုင်လေးမှာ ခဏနားတော့ တိုးဂိုက်က ဟိုးအဝေးကအိမ်က အက်စကီမိုးလက်မှုပစ္စည်းဆိုင်။ သွားကြည့်တော့ ထူးခြားတဲ့ နားဆွဲ၊ လက်ကောက်၊ လက်မှုပစ္စည်းလေးတွေ တွေ့တယ်။ အန်တီကြီးကို သနားလို့ ပစ္စည်းလေးတွေဝယ်ပြီး အားပေးချင်ပေမဲ့ လက်ရာကိုမကြိုက်တော့ မဝယ်ချင်ဘူး။ ကားလမ်းဆက်သွယ်မှုမရှိ မြစ်ကနေပဲ သွားလို့ရတဲ့ ဒေသမှာနေထိုင်တဲ့ အက်စကီးမိုးတွေလုပ်တဲ့ ဝေလငါးအရိုးတွေနဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းတွေက ထူးခြားတယ်၊ ဈေးလည်းကြီးတယ်။ လက်သည်းမှာ ဂျီးတွေနဲ့ စုတ်ပြတ်ညစ်ပတ်နေတဲ့ အဝတ်အစား ဝတ်ထားတဲ့ အန်တီကြီးကိုတွေ့တော့ စိတ်မကောင်းဘူး။ ဝိုင်းက ဓာတ်ပုံအယ်လ်ဘယ်ကိုတွေ့လို့ မေးကြည့်တော့ အန်တီကြီးက အယ်လ်ဘယ်တခုလုံးက ဓာတ်ပုံတွေပြပြီး ရှင်းပြတယ်။ ဒီအိမ်ကို သူတို့ဘယ်လိုဆောက်ခဲ့တာ၊ ဘယ်လိုအမဲလိုက်တာဆိုတာတွေ ရှင်းပြတယ်။ ကိုယ်ကသာ သူ့အတွက် စိတ်မကောင်းဖြစ်နေတာ သူကတော့ သူ့ဘဝနဲ့သူ ပျော်နေတာပဲ။ ညခုနစ်နာရီ ဖဲဘန့်ပြန်ရောက်တော့ ဗိုက်ဆာနေကြပြီ။ နေ့လည်စာကောင်းကောင်း မစားခဲ့တာကိုး။ ယိုးဒယားဆိုင်မှာသွားစားပြီး ပိုတာပြန်သယ်ခဲ့ကြတယ် မနက်ဖြန် ဒန်နာလီကိုသွားတဲ့ ရထားပေါ်မှာစားလို့ရတယ်။ နောက်နေ့ဖဲဘန့်ကနေ ဒန်နာလီအမျိုးသားဥယျာဉ်ကိုသွား ဒန်နာလီမှာ ဘယ်တွေလည်ပတ်သလဲဆိုတာကိုတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန်ဆို ကိုယ်ဟာ လန်ဒန်မြို့ဆီသွားတဲ့ လေယာဉ်ပေါ်မှာ ရှိနေပါလိမ့်မယ် ယူကေမှာ တပတ်ကြာမှာပါ။ ပြန်လာမှပဲ ယူကေသွားတောလား၊ စကော့တလန်သွားတောလား ပို့စ်တွေ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၃၀၊ ၂၀၁၈။

Viator ကကနေ ဘွတ်ခဲ့တဲ့ အာတိတ်စက်ဝိုင်းတိုးလင်င့်ခ်ပါ
https://www.viator.com/tours/Fairbanks/Arctic-Circle-Day-Trip-from-Fairbanks/d5269-5957ARCTIC

ပိုက်လိုင်းဆောက်လုပ်ရေးအတွက် ပစ္စည်းသယ်ပို့ဖို့ ဖောက်လုပ်ခဲ့တဲ့ ဒေတန်ဟိုင်းဝေး
ခရမ်းရောင်ပန်းက အလာစကာမှာပဲ တွေ့ရတဲ့ fireweed ပန်း 
အလေ့ကျပေါက်တဲ့ မြက်ကအစ လှတယ်
ဒေတန်ဟိုင်းဝေး တနေရာ ... ဒေတန်ဟိုင်းဝေးမှာ ကားပျက်ရင် မလွယ်ဘူး...
တိုးခ တထောင်ကျော်တယ်...
fireweed ပန်း
ပိုက်လိုင်း
ယုကွန်မြစ်
ယုကွန်မြစ်‌ဘေး
fireweed ပန်း
yayyy... we made it..
အာတိုက်စက်ဝိုင်း
အာတိတ်စက်ဝိုင်း
လူမကြောက်တဲ့ ရှဥ◌့်က‌လေး
ဂျူလှိုင် ၉  ၂၀၁၈ Midnight Sun ဒေသ အာတိတ်စက်ဝိုင်းသို့ ရောက်ရှိခဲ့တယ်ဆိုတဲ့ စာတီဖီကိတ် 
အာတိတ်စက်ဝိုင်းမှာ စားခဲ့တဲ့ နေ့လည်စာ 

အလာစကာသွား ‌တောလား - ၇

Chena ချီနာရေပူစမ်းတိုးက ည ၆ နာရီကနေ ၁၂ အထိ။ တိုးဂိုက်က ကင်မရာကြီးနဲ့ပါလား လာ... လာ ရှေ့မှာထိုင်လို့ပြောတာကို ကိုယ်ကအင်တင်တင်။ moose တွေ့လို့ ဓာတ်ပုံရိုက်ရင် ရှေ့ခန်းက ဓာတ်ပုံရိုက်လို့ ပိုကာင်းတယ်လို့ ပြောတာနဲ့ မဆိုင်းမတွ ရှေ့ခန်းမှာထိုင်တော့တာပဲ။ ဓာတ်ပုံကောင်းကောင်းရမယ်ဆိုတော့ ဘယ်သူက မထိုင်ချင်ဘဲ နေပါ့မလား။ ဒုတိယခုံမှာထိုင်တာက အမေရိကန်လင်မယား၊ တတိယတန်းမှာ ဝိုင်းတို့ညီအစ်မ။ နောက်ဆုံးမှဝင်ခေါ်တာက အမေရိကန်လင်မယား။ အမေရိကန်တိုးခရီးသည်တွေက အသက် ၅၀၊ ၆၀ ကျော်တွေ။ တိုးဂိုက်က လမ်းတလျှောက်က လမ်းတွေ၊ အိမ်တွေ၊ အလာစကာအကြောင်း ရှင်းပြတယ်။ သစ်ပင်တွေ မျက်စိတဆုံး အင်မတန်စိမ်းလန်းတဲ့ ပြည်နယ်။ တိုးဂိုက်က အလာစကာပြည်နဲ့ ဆောင်းရာသီအကြောင်း ရှင်းပြတယ်။ ဖဲဘန့်ဟာ အလာစကာပြည်နယ်ရဲ့ အလယ်ခေါင် ကုန်းတွင်းအကျဆုံးမြို့။ တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ အမ့်ကာရေ့ထက် ပိုအေးတယ်။ ဆောင်းရာသီမှာ အပူချိန်က အနုတ် ၄၀ အောက်။ ဧပြီလအထိ နှင်းကျနေတုန်း။ ဆောင်းရာသီ အော်ရိုရာ မြောက်အလင်းတန်းကို ဖဲဘန့်ကနေမှပဲ မြင်တွေ့နိုင်တယ်။ လမ်းဘေးတလျှောက်မှာ စာတိုက်ပုံးတွေ အစုအဝေးအလိုက် မြင်ရတယ်။ အလာစကာပြည်နယ်ဟာ တက္ကဆက်ပြည်နယ်ထက်ကြီးပြီး နေထိုင်တဲ့လူဦးရေနည်းတော့ တအိမ်နဲ့တအိမ် အဝေးကြီး။ အိမ်တိုင်းစေ့ စာ၊ ပစ္စည်းတွေ လိုက်ဝေနေလို့ကတော့ အလုပ်ပြီးမှာမဟုတ်ဘူး။ သူ့ဒေသ သူ့ဓလေ့စရိုက်နဲ့ ဟုတ်နေတာပဲ။ No shooting within one mile ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့လို့ တိုးဂိုက်ကို မေးကြည့်တော့ အလာစကာမှာ အမဲပစ်တာ တရားဝင်၊ လူတိုင်းသေနတ်ကိုင်တယ်။ ကမ့်ပင်း၊ ငါးမျှားတဲ့နေရာတွေကို မတော်တဆပစ်မိမှာစိုးလို့ အဲ့ဒီနေရာကိုမရောက်ခင် ဆိုင်းဘုတ်တွေနဲ့ သတိပေးထားတဲ့။ moose တွေဟာ ရေကန်၊ ရေအိုင်စပ်နားတွေမှာ ကျက်စားတတ်လို့ မျက်စိရှင်ရှင်နဲ့ သေချာကြည့်ပါတဲ့။ ဒုတိယတန်းက အန်တီကြီးက moose လို့ လှမ်းအော်လို့ ကားကိုနောက်ပြန်ဆုတ် လမ်းရှင်းရင်ကွေ့ ပြန်မောင်းပြီး ရေအိုင်စပ်နား ကြည့်လိုက်တော့ လား ... လား ... moose ပါလား။ ခေါင်းမှာ ချိုမပါတော့ အမတဲ့  အေးအေးလူလူ အစာစားနေတာများ ကိုယ်တို့ကို တချက်မှ စောင်းငဲ့မကြည့်ဘူး။ တိုးဂိုက်က ကိုယ့်ကင်မရာတောင်းတယ် သူရိုက်ပေးမယ်တဲ့။ အော်တိုမုဒ်နဲ့ပဲ ရိုက်တတ်တဲ့ကိုယ့်ကင်မရာကို setting ပြင်ပေးတယ်။ သူက ဓာတ်ပုံပညာနဲ့ ဘွဲ့ရခဲ့တာတဲ့။

အလာစကာမှာ moose ကို  နေရာမရွေး တွေ့နိုင်ပါတယ်။ တခါတလေ မြို့ထဲတောင်လာတယ်။ moose က လူကိုမကြည့်ဘူး သူ့ဘာသာနေတယ်ဆိုရင် အန္တရာယ်မရှိဘူး။ အဲ ... moose က လူ့မျက်စိတည့်တည့်ကို စိုက်ကြည့်နေပြီဆိုရင် အသားကုန်ပြေးပေတော့တဲ့။ moose က ဝက်ဝံထက် ကြောက်ဖို့ကောင်းတယ်။ ကားတစီး လမ်းဘေးရပ်နေတာတွေ့တော့ တိုးဂိုက်က moose တွေ့လို့နေမှာဆိုပြီး ကားရပ်ပြီး ကြည့်လိုက်တော့ oh moose again ။ ကားအသွားအလာ ရှင်းမရှင်းကြည့်ပြီး လမ်းတဖက်ကိုကူး ဒီ moose က အထီး ချိုနဲ့။ အေးအေးလူလူ အစားစားနေတယ် လူတွေကို ကွက်ကြည့်ကွက်ကြည့်နဲ့။ moose တွေက အုပ်စုလိုက်နေတဲ့သတ္တဝါ မဟုတ်ဘူးတဲ့။ ချီနာရေပူစမ်းကို ၂ နာရီသာသာလောက် မောင်းရတယ်။ လမ်းကလည်း ကတ္တရာလမ်းမဟုတ် တောင်ကုန်တောင်တန်းတွေဆိုတော့ ခုန်လိုက်ဆောင့်လိုက်။ မနက်ဖြန် အာတစ်စာကယ် Artic Circle ကို သွားမယ်လို့ပြောတော့ အာတစ်စာကယ်ကို သွားတဲ့လမ်းက ဒီလမ်းထက်ဆိုးတယ် ငါးနာရီကျော်လောက် မောင်းရမယ်တဲ့ ဘုရားရေ ... ။ ရှုခင်းတွေက အင်မတန်လှတယ်တဲ့ လတ်မှတ်ဝယ်ထားပြီးပြီဆိုတော့ မသွားလို့မရတော့ဘူး ဖြစ်လာသမျှ ရင်ဆိုင်ရမှာပဲလေ။ ချီနာရေပူစမ်းရောက်တော့ ရေခဲပြတိုက်ကို ဝင်လည်တယ်။ ရေခဲပြတိုက်မဝင်ခင် ပြတိုက်ကပေးတဲ့ ကုတ်အင်္ကျီဝတ်ရတယ်။ ဆိုဒ်အသေးအကြီးမရှိဘူး တဆိုဒ်ပဲရှိတယ်။ ကိုယ့်ကုတ်အင်္ကျီက ခေါင်းစွပ်မပါလို့ တခြားကုတ်အင်္ကျီတွေမှာ ရှာကြည့်တော့လည်း မတွေ့ဘူး။ ကိုယ်တို့တိုးကားက အန်တီကြီးဆို ဦးထုပ်၊ လက်အိတ်၊ မာဖလာနဲ့အအေးကြောက်လို့တဲ့။ မာတင်နီ မှာမလားမေးတယ် မမှာတော့ပါဘူး။ အထဲမှာရေခဲပန်းပုတွေ လှတော့လှပါရဲ့။ ရေခဲပန်းပုထုတဲ့သူတွေဟာ အင်မတန်စိတ်ရှည်ရမှာပဲ။ ပြီးတော့ အရည်ပျော်သွား ကိုယ်သာဆို ပန်းချီပန်းပုပဲထုတယ်။ လူတကိုယ်အကြိုက်တမျိုးစီ ဝါသနာတမျိုးစီပေါ့လေ။ ရေခဲပန်းပုထုတဲ့သူတွေဟာလည်း သူတို့အလုပ် သူတို့လက်ရာတွေကို  မြတ်နိုးမှာပဲ။ အထဲမှာမှောင်မည်းနေတော့ ဖလပ်ဖွင့်ရိုက်မှရတယ်။ မာတင်နီကို ရေခဲထိုင်ခုံပေါ်မှာထိုင်ပြီး ရေခဲခွက်တွေနဲ့ သောက်ကြတယ် အယ်မလေး ... ဂစ် ... ဂစ် ။ ရေခဲပြတိုက်ထဲမှာ ကြာကြာမနေနိုင်ပါဘူး ဓာတ်ပုံတွေ လှည့်ပတ်ရိုက်ပြီးတာနဲ့ ပြန်ထွက်မယ်ဆိုတော့ တံခါးကပိတ်ထားတယ်။ အပြင်ပြန်ထွက်မဲ့ တိုးခရီးသည်တွေ များလာတော့မှ ဝန်ထမ်းတစ်ယောက်က လာဖွင့်ပေးတယ်။

သစ်ပင်‌တွေ မျက်စိတဆုံး စိမ်းလန်း‌နေတဲ့ အလာစကာ
ဖဲဘန့်မြို့ရဲ့ လမ်းမကြီး‌ဘေးမှာ ဒီလိုစာတိုက်ပုံးတွေ အစုလိုက်အပြုံလိုက် တွေ့ရတယ်
moose ‌တွေကို ရေကန်‌ဘေးမှာတွေ့ရတယ် အထီးဆိုရင် တကောင်တည်း အမဆိုရင် ကလေးနဲ့

အပြင်မှာ spa house အိမ်လေးတွေ ရှိတယ် ချစ်စရာလေး။ ပန်းပင်လေးတွေက အင်မတန်လှတယ်။ ရေပူစမ်းစိမ်ဖို့ အချိန် ၂ နာရီကျော် ပေးထားတယ် ည ၁၀ နာရီမှာ ပြန်ဆုံမယ်။ လော့ကာခန်းထဲ ပစ္စည်းတွေထည့် ရေကူးဝတ်စုံလဲ ဝိုင်းက လော့ကာခန်းသော့ ကိုယ့်ကိုပေးလို့ လက်ကောက်ဝတ်မှာ စွပ်ထားလိုက်တယ်။ ရေပူစမ်းကန်လေးက သိပ်မကျယ်ဘူး တဖြည်းဖြည်းစမ်းဆင်းတော့ ကျောက်တုံးတွေမှာ ရေညှိတွေနဲ့ ချော်လဲမှာစိုးလို့ သတိထားဆင်းရတယ်။ ရေက ရင်ခေါင်းလောက်ရောက်တယ်။ ငါးပေအကွာလောက်ကို ရေကူးကြည့်တယ် ဝိုင်းက မင်း ရေကူးတတ်သားပဲတဲ့။ အင်း ... နည်းနည်းကူးတတ်တယ် ငါးပေ၊ ဆယ်ပေအကွာအဝေးလောက်တော့ ကူးနိုင်တယ် မြစ်ကိုဖြတ်ကူးဆိုရင်တော့ မကူးနိုင်ဘူး။ ငယ်ငယ်တုန်းက ဟိုင်းကြီးမှာ ရေထရက်ဆို အိမ်ရှေ့ကချောင်းထဲမှာ ဘော့သီးနှစ်လုံးကို ကြိုးနဲ့ချိတ်။ အဲ့ဒီဘော့သီးနှစ်လုံးကြားထဲဝင်ပြီး ဟိုယက်ဒီယက်နဲ့ ရေကူးခဲ့တယ်။ တခါတလေ တံတားပေါ်ကနေ ဒိုင်ဗင်ထိုးချသေးတယ်။ မကြီးကတော့ ချောင်းရေက ညစ်ပတ်လို့ဆိုပြီး ရေမကူးဘူး ရွှံ့ထဲလည်း ဘယ်တော့မှမဆင်းဘူး။ ကိုယ်နဲ့မောင်မောင်ကတော့ ရွှံ့လူးနေကြတာပဲ။ ပူလာရင် ကျောက်တုံးပေါ်တက်ထိုင် အေးလာရင် ရေပူစမ်းကန်ထဲပြန်ဆင်း။ ဝိုင်းတို့ညီအစ်မ အထဲကန်ထဲ သွားကြည့်မယ်ဆိုပြီး ပေါ်မလာလို့ သွားကြည့်တော့ ကလေးကန်ထဲမှာ စိမ်နေကြတယ်။ အပြင်က ရေပူကန်က ရေညှိတွေနဲ့ ညစ်ပတ်တယ် ဒီကလေးကန်က သန့်တယ် လူလေးယောက်စာလောက်ပဲဆန့်တော့ သီးသန့်ဆန်တယ်။ ရေထဲမှာ ကလိုရင်းနံ့ရလို့ ကိုယ်က အပြင်ကန်ကိုပြန်တယ် စုရပ်ဆီပြန်တော့မယ်ဆို ကိုယ့်ကိုလာခေါ်နော်။ ကလိုရင်းက ရေကိုသန့်တယ်ဆိုပေမဲ့ ကိုယ့်ကျန်းမာရေးအတွက် မကောင်းဘူး။ စီးဆင်းနေတဲ့ မြစ်ချောင်းအင်းအိုင် ပင်လယ်ရေကမှ ကျန်းမာရေးအတွက်ကောင်းတယ်လို့ ဆရာမကြီးဒေါ်ခင်နွှယ်ဝင်းရေးထားကို ဖတ်ဖူးထားတယ်။ အပြင်ကန်မှာ ရေစိမ်နေတုန်း ကိုယ်တို့တိုးကားက အမေရိကန်လင်မယားက လာစကားပြောတယ်။ ကာတွန်းရုပ်အင်္ကျီဝတ်ထားတာမင်းလား အဲ့ဒါကိုယ့်သူငယ်ချင်း။ အဲ့ဒီကာတွန်းရုပ်က ကိုယ့်အကြိုက်ဆုံး ဖလော်ရီဒါမှာ တက်တူးထိုးကြမယ်လုပ်တော့ ဘာထိုးရမလဲမသိတာနဲ့ အဲ့ဒီကာတွန်းရုပ်ကို ထိုးထားတာ ဒီမှာကြည့်။ သူတို့သားက ၁၅ နှစ် ကိုယ်က မေရီလန်း Silver Springs မှာ နေဖူးတယ်ပြောတော့ သူတို့က Laurel မှာနေတာ။ Laurel Caravan ဗာဂျီးနီးယားလား မဟုတ်ဘူး Silver Springs ရဲ့ဘေးနားက Laurel မှာနေတာ။ သြော် ... ကိုယ် Rockville မှာ ၃ လ၊ Silver Springs မှာ ၆ လ နေခဲ့တယ် အလုပ်က ဝါရှင်တန်ဒီစီမှာ။ ခု နယူးယောက်မှာ အလုပ်လုပ်နေတယ်။

သူတို့က မနက်ဖြန်ဆို အမ်းကာရေ့ပြန်ပြီ ကိုယ်တို့က Artic Circle သွားမဲ့အကြောင်းပြောတော့ နောက်တခေါက်လာရင် သွားမယ်တဲ့။ သူတို့က အလာစကာတိုးအန်ထရာဗန်နဲ့ လာတာ။ ကိုယ်တို့လည်း အစတုန်းက အလာစကာတိုးအန်ထရာဗန်ကို ဆက်သွယ်ကြည့်တယ် တိုးအစီအစဉ်တွေ သိပ်မကြိုက်လို့ ကိုယ့်ဘာသာစီစဉ်ပြီးလာတာ။ မင်းတို့တိုးကားဆီပြန်မယ်ဆို အကြောင်းကြားနော် ကိုယ်တို့လာခဲ့မယ် အိုကေ။ သူတို့စုံတွဲကို ဓာတ်ပုံရိုက်ပေးတော့မှ ဓာတ်ပုံရိုက်ဖို့ သတိရတယ်။ ဖုန်းကို လော့ကာခန်းထဲမှာ ထားခဲ့တယ် ဓာတ်ပုံရိုက်ဖို့ လုံးဝသတိမရ။ ရေပူစမ်းစိမ်ရတာ သိပ်ကြိုက်တာပဲ ကော့စကာရီကာတုန်းကလည်း ၂ နာရီလောက်စိမ်တယ်။ ခုလည်း ၂ နာရီလောက်စိမ်တယ် ဝိုင်းက ချီနာရေပူစမ်းက ညစ်ပတ်တယ် ရေညှိတွေချည်းပဲလို့ထင်တယ်။ ကိုယ်ကအဲ့ဒီလို မထင်ဘူး ကော့စကာရီကာရေပူစမ်းက သန့်တယ် ဘာရေညှိမှ မရှိဘူး။ ၇၅၊ ၈၅ အပူချိန်အမျိုးမျိုး ရေပူစမ်းကန်တွေရှိတော့ ရွေးချယ်လို့ရတယ်။ ချီနာရေပူစမ်းက အပြင်ကန်တခု အတွင်းဖက်မိုးလုံလေလုံ ကလေးရေကူးကန်တခု၊ လူကြီးတွေစိမ်ဖို့ ရေကန်အသေးလေး နှစ်ခုရှိတယ်။ ကိုယ်ထင်တာတော့ ချီနာရေပူစမ်းက သဘာဝအတိုင်းလို ဖြစ်နေအောင် လုပ်ထားတာ။ နှစ်ပေါင်း ၁၀၀ ကျော်ပြီး အရင်တုန်းကဆို သူဋ္ဌေးတွေမှ ရေပူစမ်းစိမ်နိုင်တာ တခါစိမ်ဖို့ ၂၀၀ ကျော်ပေးရတာတဲ့။ ချီနာရေပူစမ်းကို ဂျပန်တွေ ပိုင်ခဲ့တာတဲ့။ ချီနာရေပူစမ်းကို ဆောင်းတွင်းမှာလည်း ဖွင့်တယ်။ နှင်းတဖွဲဖွဲ ကျနေတုန်း ရေပူစမ်းမှာ ရေစိမ်ရင်း အော်ရိုရာ မြောက်အလင်းတန်းကို ကြည့်နိုင်ပါတယ်တဲ့။ နှစ်နာရီလောက် စိမ်ပြီးတော့မှ ရေချိုးခန်းဆီသွား ရေချိုးပြီးတော့မှ အယ်မလေး ချမ်းလိုက်တာ။ ဝိုင်းရေ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံမရိုက်လိုက်ရတာ နာသကွာ ကော့ပစ်ပုံ ရိုက်ချင်တာ။ ဘာလဲဟ ... ကော့ပစ်ဆိုတာ။ ရင်ကိုကော့ တင်ကိုပစ် မော်ဒယ်တွေလိုလေ ရိုက်ပေးမယ် သွား... ရေကူးဝတ်စုံလဲ။ အယ်မလေး ... မလဲနိုင်တော့ဘူး ချမ်းလို့ ဂစ် ... ဂစ် ဖြစ်နေပြီ နောက်တခေါက်မှ ရိုက်တော့မယ်။ စုရပ်မှာဆုံတော့ အမေရိကန်စုံတွဲတတွဲက မရောက်သေးဘူး။ သတ်မှတ်ထားတဲ့ ၁၀ နာရီ မထိုးသေးဘူးကိုး ၁၀ မိနစ်လောက်အလိုမှာ အဲ့ဒီစုံတွဲရောက်လာတယ်။ အပြန်လမ်းမှာ အလာတုန်းကလို လမ်းဘေးဝဲယာတလျှောက် moose တွေ့မလားလို့ ပြူးပြဲမကြည့်ကြတော့ဘူး။ ရေပူစမ်းမှာ ရေစိမ်ထားလို့ မျက်တောင်တွေစင်းနေကြပြီ။ နည်းနည်းမှောင်လာပြီ အိပ်ချိန်နီးလာပြီဆိုတော့ အိပ်ငိုက်နေကြပြီထင်တယ်။ ကိုယ်လည်း အိပ်ငိုက်လိုက် နိုးလာရင် ဘေးဘီဝဲယာကိုငေးလိုက်။ ဖဲဘန့်ရဲ့ည ၁၂ နာရီခွဲ နေဝင်ချိန်ကို အမှတ်တရဓာတ်ပုံရိုက်။ ဟိုတယ်ကို ပြန်ရောက်တာနဲ့ အိပ်ယာထဲပစ်လဲကြတော့တာပဲ။ ဂျူလှိုင် ၉ အာတစ်စာကယ် သွားလည်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၂၃၊ ၂၀၁၈။

Viator ကနေ ဘွတ်ခဲ့တဲ့ ချီနာ‌ရေပူစမ်း တိုးလင့်ခ်ပါ။
https://www.viator.com/tours/Fairbanks/Chena-Hot-Springs-Day-Trip-from-Fairbanks/d5269-10606P3


အလာစကာ နွေရာသီ‌နေဝင်ချိန် ည ၁၂ နာရီခွဲ

အလာစကာသွား ‌တောလား - ၆

အလာစကာတက္ကသိုလ်တောင်ကုန်းကနေ ဂျော့ဆန်ဘော်တနစ်ဂါးဒင်းကို မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရပါတယ်။ ကလေးတွေ ကစားနေတာကို မိဘတွေက စောင့်ကြည့်နေတယ်။ ဟန်က အမေရိကန်မှာ ကလေးတွေကို အချိန်ပေးတယ်၊ ဘယ်စားမလဲဆိုတာ ကလေးကိုယ်တိုင် ရွေးချယ်ရတယ်၊ မိဘတွေကလည်း သေသေချာချာ ရှင်းပြပေးတယ်၊ ညဖက်အိပ်ချိန် ပုံပြင်ဖတ်ပြတယ်။ အမေရိကန်မှာ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးတယ်။ ဗီယက်နမ်မှာဆို ကလေးတွေကို အကုန်လုပ်ပေးရတယ်၊ ၇၊ ၈ နှစ်အထိ ထမင်းခွံ့ကျွှေးနေရတုန်း ကွာတယ်။ အယ်မလေး ... မြန်မာပြည်မှာလည်း အတူတူပဲ။ အဘိုးအဘွား၊ ကြီးတော်တွေက ထမင်းခွံ့ကျွှေး၊ အမေအဖေဆူရင် အဘိုးအဘွား ကြီးတော်တွေက ဝင်ပါ ကလေးတွေကို ဖျက်ဆီးနေကြတယ်။ အမေဟာ ကလေးသုံးယောက်ကို အကူအထိန်းမပါဘဲ တစ်ယောက်တည်းထိန်းကျောင်း၊ အဖေ့စီးပွားရေးလည်း ဝင်ကူလုပ်ရတော့ ထမင်းခွံ့ကျွှေးဖို့ အချိန်မရှိဘူး။ ကိုယ့်ဘာသာလုပ်ရတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ ပန်းခြံထဲမှာ ပန်းရောင်၊ အနီရောင်၊ နီညိုရောင် အဆုပ်လိုက် ပွင့်နေကြတာ အင်မတန်လှတယ်။ လူတွေကိုရှောင်ကွင်းပြီး ပန်းအများကြီးလို့ ထင်ရအောင် ရိုက်ရတာ ပညာပါတယ်။ ဝိုင်းဟာ ဓာတ်ပုံရိုက်တဲ့နေရာမှာ အင်မတန်ချေးများတယ်။ နဖူးပေါ်ဝဲနေတဲ့ ဆံပင်မလှလို့၊ နောက်ကျောဖက်ကနေ ရိုက်တဲ့အခါ ဆံပင်အနေအထားမလှလို့နဲ့ ထပ်ထပ်ရိုက်ခိုင်းတတ်တယ်။ ဓာတ်ပုံရိုက်ရင် ကိုယ့်ဓာတ်ပုံကနည်းနည်း ဝိုင်းဓာတ်ပုံကများများ။ ပြီးရင် ကိုယ်က ဖေ့ဘွတ်ပေါ် အကုန်လုံးတင် ဝိုင်းက တစ်ပုံနှစ်ပုံလောက်ပဲတင်တယ်။ မကြီးလည်း ဝိုင်းလိုပဲ ပုံစံတစ်မျိုးတည်းကို ဓာတ်ပုံတွေရိုက်လို့ မဆုံးတော့ဘူး။ အဖေ့အိုင်ပတ်၊ ဖုန်းမှာ မကြီးဓာတ်ပုံတွေကြီးပဲလို့ အဖေက ညည်းတယ်။ ဟန်က ဘယ်လိုရိုက်ပေးပါလို့ တောင်းဆိုတယ် ပြီးရင်ဓာတ်ပုံပြန်ကြည့်တယ်။ စိတ်တိုင်းမကျရင် ဝိုင်းကိုဓာတ်ပုံရိုက်ပြ ပြီးရင်သူ့ကို အဲ့ဒီလိုရိုက်ပေးပါလို့ ထပ်တောင်းဆိုတယ်။ ဝိုင်းက နင် ရုပ်ဆိုးနေတော့ ဘယ်လိုရိုက်ရိုက်မလှဘူး။ ဟန်က နင် ငါ့ညီမမှဟုတ်ရဲ့လား ကိုယ့်အစ်မကို ပိုးစိုးပက်စက် ပြောရက်လိုက်တာနဲ့ ရန်ဖြစ်ကြရော။ မိုးရွာလာတော့မှ ဓာတ်ပုံရိုက်တာ ရပ်တယ်။ ပန်းခြံအဝင်နားမှာရပ်ပြီး Fountainhead Antique Auto Museum ကိုသွားဖို့ အူဘာကားငှားတော့မှ ပန်းခြံဝင်ခကို တွေ့တယ်။ပန်းခြံဝင်ခ မပေးတော့ပါဘူး။ ငါးမိနစ်လောက်အကြာမှာ အူဘာကားရောက်လာတယ်။ ကားပြတိုက်ကို မိနစ်နှစ်ဆယ်လောက်ပဲ ဝေးပါတယ်။ အူဘာကားမောင်းတဲ့ ကောင်မလေးက အလာစကာကို ရောက်လာတာ သုံးလလောက်ပဲ ရှိသေးတယ်။ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့နားမှာနေတာ။ ဘာလို့အလာစကာကို ပြောင်းလာတာလဲလို့ မေးကြည့်တော့ ကော်လိုရာဒိုပြည်နယ်မှာ moose ကို တသက်မှာတကြိမ်ပဲ ပစ်ခွင့်ရှိတယ်။ အလာစကာမှာတော့ တစ်နှစ်ကို နှစ်ကြိမ်ပစ်ခွင့်ရှိတယ်။

အလာစကာမှာ ကိုယ့်ဘာသာအိမ်ဆောက်ရင် ငါးနှစ်နေရင် ကိုယ်ပိုင်ဖြစ်လို့ ပြောင်းလာတာ။ သြော် ... သားကောင်ပစ်ချင်လို့ကိုး။ ချမ်းသာတဲ့အမေရိကန်တချို့ အာဖရိကမှာ အမေရိကန်ဒေါ်လာ ငါးထောင်ခြောက်ထောင်ပေးပြီး ခြင်္သေ့၊ သစ်ကုလားအုတ်ကို တရားဝင်ပစ်ကြတယ်။ Throphy ထရိုဖီလို့ခေါ်ပါတယ်။ မီနီဆိုးတားပြည်နယ်က နာမည်ကြီးသွားဆရာဝန်တစ်ယောက် ထရိုဖီအဖြစ် ဆာဖာရီထဲက တိုးခရီးသည်တွေရဲ့ အချစ်တော်ခြင်္သေ့ကို ပစ်လို့ ဆေးခန်းရှေ့၊ အိမ်ရှေ့မှာ ဆန္ဒတွေပြ၊ စာတွေကပ်ကြလို့ ဆေးခန်းပိတ်ရဖူးတယ်။ ကားပြတိုက်ကိုသွားဖို့ တိုက်တွန်းသူက ဟိုတယ်ပိုင်ရှင်အဘိုးကြီး။ ပြင်သစ်မှာဆိုရင် လုပ်စ်၊ ဖဲဘန့်မှာဆိုရင် ကားပြတိုက်သွားသင့်တယ်။ ယူအာကားမောင်းသူလေးကို မေးကြည့်တော့ ကားတွေကို သူ့ခေတ်အလိုက် အဝတ်အစားတွေနဲ့ တွဲပြထားတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်တဲ့။ ကားပြတိုက်က သိပ်မကြီးဘူး ဒါပေမယ့် အမေရိကန်ထုတ် ရှေးဟောင်းကားတွေကို သေသေချာချာ ရှာဖွေပြီးစုံလင်အောင် ပြသထားတယ်။ ကားထုတ်တဲ့အချိန်ကာလက အဝတ်အစားတွေကို ဘေးမှာ အရုပ်တွေနဲ့ တင်ဆက်ထားတယ်။ ကားတွေက ကိုယ်တို့ဘယ်တုန်းကမှ မမြင်ဘူးတဲ့ကားတွေ၊ အင်မတန်လှပခန့်ညားတယ်။ ကားအကြောင်း ဘာမှမသိ စိတ်မဝင်စားတဲ့ ကိုယ်တို့တွေတောင် ဒီလောက်စိတ်ဝင်းစားတာ ကားအကြောင်း စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေဆို ဘယ်လောက်တောင် ကြိုက်လိုက်ကြမလဲ မသိဘူး။ ဗိုက်တဂွီဂွီ ဆာနေပေမယ့် ကားပြတိုက်နဲ့ နှစ်ဘလောက်အဝေးက ဗီယက်နမ်ဆိုင်မှာ သွားစားမလားမေးတော့ မြို့ထဲမှာပဲ စားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ မြို့ထဲကို မိနစ်နှစ်ဆယ်လောက်ပဲ မောင်းရတယ်။ အူဘာကားသမားက ကယ်လီဖိုးနီးယားပြည်နယ်ကနေ ပြောင်းလာတာ သုံးနှစ်လောက်ရှိပြီ။ ဘာလို့ပြောင်းလာတာလဲ မေးကြည့်တော့ ဆက်သွယ်ရေးအင်ဂျင်နီယာ အလာစကာမှာ လစာသုံးဆပိုပေးလို့ ပြောင်းလာတာတဲ့။ ဆန်တာကလော့ဆိုင် သွားဖို့ရီကော်မန်းပေးပါသလားမေးကြည့်တော့ မပေးဘူး အလှဆင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင် ခုပိတ်နေတယ်။ ယိုးဒယားစားသောက်ဆိုင်ရောက်တော့ ဆိုင်ပိတ်ထားတယ်။ ဖဲဘန့်ရောက်တဲ့နေ့က ပထမဆုံးဝင်ခဲ့တဲ့ ယိုးဒယားဆိုင်ကို ဝင်တယ်။ ဝိတ်တာမလေးက ကိုယ်တို့ကို မှတ်မိနေတယ်။ အစားအသောက်တွေ စားလို့ကောင်းတယ် ဈေးလည်းကြီးတယ်။ ဟိုတယ်ကို ဆယ်မိနစ်လောက် လျှောက်ရတယ်။ ခဏနား ညနေငါးနာရီလေးဆယ့်ငါးမှာ လာခေါ်မဲ့ ချီနာရေပူစမ်းတိုးကားကို ထွက်စောင့်။ ငါးနာရီခွဲလောက်မှာ တိုးကားပေါ်မလာသေးတော့ ဝိုင်းက စိတ်ပူနေပြီ။ တိုးကားတွေဆိုတာ အမြဲဆယ်မိနစ်၊ ဆယ့်ငါးမိနစ် စောရောက်လေ့ရှိတယ်။ ဒီလိုနောက်ကျနေတာ ပုံမှန်မဟုတ်ဘူး တခုခုမှားနေပြီ။ အင်တာနက်မှာ တိုးအေဂျင်ဆီဖုန်းနံပါတ်ကိုရှာပြီး ဖုန်းဆက်ကြည့်တော့ တိုးကားနောက်ကျမှာ ဝိုင်းဖုန်းကိုဆက်တော့ ခေါ်လို့မရလို့တဲ့။ သိပ်မကြာခင်မှာ ချီနာရေပူစမ်းကိုသွားမဲ့ တိုးကားရောက်လာပါတယ်။ ချီနာရေပူစမ်းဆီသွားတဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၁၅၊ ၂၀၁၈။


ဖဲဘန့်မြို့မှာ ပထမဆုံးအ‌ခြေချ‌ နေထိုင်တဲ့ မိသားစုရုပ်ထု

ယိုးဒယားစာ