ဖီလင် - ၃၈

နိုဝင်ဘာ ၂၄ မှာ ကိုယ့်အသက် ၃၈ ပြည့်ပြီ။ မွေးနေ့ဆိုရင် ဝိုင်းနဲ့ ဟော့ပေါ့သွားစားကြလေ့ရှိပေမဲ့ ဒီနှစ်တော့ ကိုဗစ်ကြောင့် ဆိုင်မှာမစားရဲဘူး။ မတ်လကတည်းက အပြင်မထွက်တာ ၉ လလောက်ရှိပြီ။ နွေရာသီတုန်းက ကူးစက်နှုန်းတော်တော်ကျလို့ အပြင်သုံးခါထွက်တယ်။ ဆောင်းရာသီ ဖလူရာသီချိန် fatigue အပြင်မထွက်ရတာကြာလို့ အပြင်ပြန်ထွက်ကြ ခန့်မှန်းထားတဲ့အတိုင်း ကူးစက်နှုန်း ကြောက်မခန်းလိလိ တက်နေတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ နယူးယောက်မှာ လော့ဒေါင်းစမယ်တဲ့။ ဆူနမ်က မွေးနေ့မှာ ဘာလုပ်သလဲ ... ဘာမှမလုပ်ဘူး ခါတိုင်းနေ့တွေလိုပဲ အလုပ်လုပ်နေတယ်။ အသက်ဘယ်နှစ်နှစ်ပြည့်တာလဲ ၁၈ နှစ်… ၁၆ နှစ်လို့ပြော... အေး… ၁၆ နှစ်။ ဝိုင်းက အသက်ဆိုတာ just a number လို့ပြောတော့ သဘောကျပြီး ရယ်လိုက်ကြတာ။ ကျန်းမာတယ်၊ အလုပ်ရှိတယ်၊ စားစရာရှိတယ်၊ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ ကျန်းမာနေတယ်ဆိုရင်ပဲ ကံတော်တော်ကောင်းနေပြီ။ အလုပ်ပြုတ်တဲ့သူ၊ လစာလျော့ခံရတဲ့သူတွေ အများကြီး ကြားရတဲ့သတင်းတွေက သတင်းကောင်းကို မရှိဘူး။ ခေတ်ပျက်ကြီးဆိုတော့ စိတ်ဖိစီးမှုများတယ်။ ကိုယ့်ဘာသာ အဆင်ပြေအောင်၊ ကျန်းမာအောင်၊ စိတ်ချမ်းသာအောင် ကြိုးစားပါတယ်။ ဖေ့ဘုတ်သုံးချိန်လျော့ပြီး စာပိုဖတ်ဖို့ ကြိုးစားနေတယ်။ ဝိတ်တက်လာလို့ ညဖက်စားတာလျော့ပြီး ယောဂလေ့ကျင့်ခန်းလုပ်တယ်။ အပင်လေးတွေကို ပိုဂရုစိုက်ဖြစ်တယ်။ ပီယာနိုတီး လေ့ကျင့်တယ်။ skin care ပိုလုပ်ဖြစ်တယ်၊ OSIM နဲ့ အနှိပ်ခံတယ်။ Guided Meditation Video နဲ့ ဝင်လေထွက်လေမှတ်ရင် အိပ်ပျော်တယ်။ တီးလုံးသံလေးတွေ နားထောင်ဖြစ်တယ်။ မိသားစုနဲ့ စကားပိုပြောဖြစ်တယ်။ မွေးနေ့အလှုအဖြစ် ‌မှော်ဘီဝါးနက်ချောင်းက ဗောဓိ‌ရိပ်ငြိမ်တောရကျောင်းမှာ ဆွမ်းလှုတယ်။ St.Jude ကလေးကင်ဆာသုတေသနဆေးရုံကို လှုတယ်။ အဖေ၊ အမေက အိမ်နီးနားချင်းတွေကို မုန့်လှုတယ်။ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်ပါတယ်။


Happy Birthday to me!

Happy Thanksgiving!


စန်းထွန်း

နိုဝင်ဘာ ၂၇၊ ၂၀၂၀။


ဓာတ်ပုံမရိုက်ဖြစ်တာ ကြာပြီ


‌မွေးနေ့လက်ဆောင် ကိုယ့်ဘာသာပေးတာ
‌မွှေးနေ့လက်ဆောင် ကိုယ့်ဘာသာပေးတာ...

အဲ့လို classical music ကို အရမ်းကြိုက်တယ်…

အိပ်ခါနီး အမြဲနားထောင်တယ်...

၂၀၂၀ ရွေးကောက်ပွဲ…

နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ ရွေးကောက်ပွဲကို ၄ နှစ်တစ်ကြိမ် ကျင်းပပြီး သမ္မတသက်တမ်း နှစ်ဆက် ၈ နှစ် တာဝန်ထမ်းဆောင်ခွင့် ရှိတယ်။ ၂၀၁၆ တုန်းက ဟီလာရီကို နိုင်မယ်ထင်နေတာ ထရန့်နိုင်သွားတယ်။ ပြည်သူတွေပေးတဲ့ ပေါ်ပြူလာမဲမှာ ဟီလာရီက အနိုင်ရပေမဲ့ တကယ်အဆုံးအဖြတ်ပေးတဲ့ electoral college ကရွေးတဲ့မဲမှာ ထရန့်နိုင်တယ်။ ပေါ်ပြူလာမဲမှာနိုင်ပြီး electoral votes မှာရှုံးတာ ရှားတယ်။ ၂၀၁၀ တုန်းက အယ်လ်ဂိုးက ပေါ်ပြူလာမဲမှာနိုင်ပြီး electoral votes မှာ ဂျော့ဒဗလျူဘုချ့်ကို ရှုံးတယ်။ သူဌေးတုန်းက တီဗွီမှာသိပ်မပါပေမဲ့ သမ္မတဖြစ်တော့ နေ့တိုင်းသူ့သတင်းချည်းပဲ။ သတင်းအမြဲနားထောင်တဲ့ကိုယ် ထရန့်စိတ်ဓာတ်၊ အပြုအမှု၊ အပြောအဆိုကို မကြိုက်လို့ သူသမ္မတဖြစ်ပြီးကတည်းက သတင်းကိုမကြည့်တော့တာ။ အိတ်ချ်ဝမ်းဘီအလုပ်ဗီဇာကို တင်းကျပ်တာ၊ စီတီဇင်တွေရဲ့ ဆွေမျိုးတွေကို ခေါ်ခွင့်မပြုတော့တာ၊ ဒုက္ခသည်လက်မခံတော့တာ သူ့လုပ်ဆောင်ချက် ကောင်းတာထက် သူ့ကိုမကြိုက်တာက များနေတယ်။ ခုရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို နိုင်စေချင်တာ။ ရီပါဘလင်ကန်ပါတီကို မကြိုက်လို့မဟုတ်ဘူးနော် နှစ်ပါတီစလုံးက တိုင်းပြည်ကောင်းအောင်လုပ်မဲ့ပါတီဆိုတာ ယုံကြည်ပါတယ်။ ရီပါပလင်ကန်ပါတီထက် ထရန့်ကိုမကြိုက်လို့။ ရီပါပလင်ကန်ပါတီက သမ္မတလောင်းက တခြားတယောက်ဆိုရင် မူဝါဒကိုကြည့်ပြီး ထောက်ခံချင်ထောက်ခံမလားမသိဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မဲ့ သမ္မတလောင်းကို ထောက်ခံမှာပါပဲ။ သမ္မတလောင်း၊ ဒုသမ္မတလောင်းနှစ်ယောက် စကားစစ်ထိုးပွဲကို တကမ္ဘာလုံးက စောင့်ကြည့်ရတယ်။ တချို့ပြည်နယ်တွေက ကြိုတင်မဲပေးလို့ရတယ် တချို့ပြည်နယ်တွေက မရဘူး။ ကိုဗစ်ဖြစ်နေလို့ စာတိုက်ကနေ မဲပေးလို့ရတယ်။ ယူတာ့၊ ကော်လိုရာဒိုစတဲ့ ပြည်နယ် ၇ ခုမှာ စာတိုက်ကနေမဲပေးလာတာ ၈ နှစ်ရှိပြီ။ မဲခိုးမဲလိမ်တာ မရှိဘူး စာတိုက်ကနေ မဲပေးတဲ့စနစ် အောင်မြင်တယ်။ ကော်လိုရာဒိုပြည်နယ်ဆို ၇၅ % မဲပေးတဲ့အထိ မဲပေးတဲ့လူများတယ်။ ဂျိုးဘိုင်ဒန်ကို ထောက်ခံတဲ့သူတွေက စာတိုက်ကနေ မဲပေးကြပြီး ထရန့်ကိုထောက်ခံတဲ့လူတွေက လူကိုယ်တိုင်မဲပေးကြတယ်။ ကိုဗစ်ဖြစ်နေလို့ မဲထွက်ပေးကြပါ့မလား ထင်နေတာ စံချိန်တင်မဲပေးကြတယ်။ Electoral College ဆိုတာကို ဒီနှစ်မှပဲ သေသေချာချာ ဖတ်ဖြစ်တော့တယ်။ အီလက်ထရိုရယ်ကောလိပ်မှာ ၅၃၈ မဲရှိပြီး ၂၇၀ မဲရတဲ့သူက နိုင်ပါတယ်။ ပြည်နယ်တိုင်း ဆီနိတ်တာ၊ representative လွှတ်တော်ကိုယ်စားလှယ်၂ မဲရပါတယ်။ Electoral votes ကတော့ လူဦးရေပေါ် မူတည်ပြီး ပြည်နယ်တခုနဲ့တခု ကွာခြားပါတယ်။ elector တွေကို ပါတီက ရွေးချယ်တယ်။ နယူးယောက်ဆို ပြည်နယ်ကသေးပေမဲ့ ၂၉ electoral votes ရတယ်။ မြေပုံကိုကြည့်လိုက်ရင် အနီများပေမဲ့ အပြာရောင်နယူးယောက်ပြည်နယ်က အနီရောင်ပြည်နယ် လေးခုလောက်နဲ့ ညီမျှတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က မဲ ၁၇ သန်းကို ၂ ရက်လောက်နဲ့ မြန်ဆန်တိကျစွာ ရေတွက်ပြီးပေမဲ့ ဘေးကနီဗားဒါးပြည်နယ်ကတော့ မဲ ၁၃ သိန်းကို ၄ ရက်လောက် အချိန်ယူလို့ ကမ္ဘာပေါ်မှာ အနှေးဆုံးသတ္တဝါ sloth ကာတွန်း၊ အမျိုးမျိုးရယ်စရာလုပ်ပြီး troll ကြတယ်။ ထရန့်ကနိုင်သွားလိုက် ဂျိုးဘိုင်ဒန်ကသာသွားလိုက်နဲ့ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ရတာ အတော်ရင်ခုန်ဖို့ကောင်းတယ်။ 



Swing ပြည်နယ်တွေက အဆုံးအဖြတ်ပေးတာပါပဲ။ ၂၀၁၆ တုန်းက ထရန့်နိုင်ခဲ့တဲ့ ဝစ်ကွန်ဆင် ၊ မစ်ချီကန်မှာ ဂျိုးဘိုင်ဒန်နိုင်လို့ အဖြေပြောင်းသွားတယ်။ အဲ့ဒီပြည်နယ်ကို Blue wall လို့ တင်စားကြတယ်။ နောက်ဆုံးကျန်တဲ့ အရီဇိုးနား၊ ‌‌ဂျော်ဂျာပြည်နယ်တွေကို မဲရေတွက်ချိန်ဟာ ရေချိန်အမြင့်ဆုံး။ အဆုံးအဖြတ်ပေးတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်မဲကို ရေတွက်ပြီးချိန် နိုဝင်ဘာ ၇ စနေနေ့ နေ့လည် ၁၁ နာရီလောက်မှာ သတင်းဌာနတွေက ဂျိုးဘိုင်ဒန် အပြတ်အသတ်နိုင်ပြီလို့ ကြေငြာလိုက်ချိန်မှာ ပြည်သူတွေလမ်းပေါ်ထွက် အောင်ပွဲခံကြတယ်။ သူတို့အပျော်တွေက တီဗွီကနေတဆင့် ကိုယ့်ဆီကူးဆက်လာတယ် ကိုယ်လည်း အိမ်ထဲမှာ အောင်ပွဲခံတယ်။ ဂျိုးဘိုင်ဒန်ဖက်က အေးဆေးပေမဲ့ အရှုပ်ထုပ်ထရန့်ကတော့ သူ့နိုင်တဲ့ပြည်နယ်မှာဆို မဲကိုဆက်ရေတွက်တဲ့ ရှုံးတဲ့ပြည်နယ်တွေဆို မဲရေတာရပ်တဲ့။ မဲခိုးတယ်၊ မဲလိမ်တယ်၊ မဲရေတာကို စောင့်ကြည့်ခွင့် မပေးဘူး၊ သူ့ရှုံးတဲ့ပြည်နယ်တွေကို တရားစွဲမယ်နဲ့ ဒရာမာကွင်း။ ကိုရီးယားကား ဒရာမာများတယ်ဆိုတာ ထရန့်ကိုဘယ်မှီပါ့မလဲ။ ထရန့်တရားစွဲတဲ့ပြည်နယ်တွေကလည်း သူတို့မဲရေတွက်တာ စနစ်တကျ မှန်မှန်ကန်ကန် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ပြန်ချေပ။ မဲခိုးမဲလိမ်စောင့်ကြည့်ခွင့်မပေးဘူးဆိုရင် သက်သေအထောက်အထားပြလို့ ပြည်နယ်တရားရုံးတွေကပြောတယ်။ ထရန့် ရှုံးလို့ပြသနာရှာ ရှုံးပါတယ်လို့ ဝန်မခံဘူး သူနိုင်ခဲ့တယ် သူနိုင်မယ်ဆိုတာကြီးပဲ။ ဒုသမ္မတလောင်း ကမာလာဟဲရစ်ကို သဘောကျတယ်။ ရာထူးအမြင့်ဆုံး ပထမဆုံးအမျိုးသမီး၊ ပထမဆုံးလူမည်း၊ ပထမဆုံးတောင်အာရှသူ။ ကမလာဟဲရစ်ရဲ့အဖေက ဂျမေကာလူမည်း၊ အမေကအိန္ဒိယ၊ ယောကျ်ားကဂျူး၊ အမေရိကန်ပြောင်းရွေ့အချေသူတွေရဲ့မျိုးဆက်။ ချောမောလှပပြီး ထက်မြက်တဲ့ ကမာလာကို ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်စေချင်တယ်။ နိုဝင်ဘာ ၈ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ အယ်လ်နယ်ဒီမှာ နိုင်မှာကိုသိပေမဲ့ စိတ်ပူနေတယ်။ ကိုဗစ်ဖြစ်တော့ မဲမှထွက်ပေးပါ့မလားလို့ စိတ်ပူနေတာ စံချိန်တင်မဲပေးတယ် အပြတ်အသတ်နိုင်ပါတယ်။ ကိုယ့်အသိုင်းအဝိုင်းမှာ အစိမ်းတွေကို ထောက်ခံအားပေးတဲ့သူမရှိတာ ကံကောင်းခြင်းတမျိုးပဲ။ မဲသွားမပေးတဲ့သူတွေကို တိုင်းပြည်တာဝန် မကျေတဲ့သူတွေလို့ မြင်တယ်။ ငါးနှစ်မှတကြိမ် မဲပေးရတာကို တိုင်းပြည်အတွက် ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား။ အမေရိကန်နိုင်ငံမှာလို ပါတီတိုင်းက တိုင်းပြည်အတွက် လုပ်ပေးတဲ့ပါတီတွေပဲဆိုတော့ မဲမပေးလည်း ဘာအရေးလဲ ဘယ်ပါတီပေးပေး အတူတူပဲ။ ကိုယ့်တိုင်းပြည်မှာက အယ်လ်နယ်ဒီနိုင်မှဖြစ်မှာ မဲတပြားစီတိုင်းက အရေးပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးပြောတာ သဘောကျလိုက်တာ။ “ဘယ်ပါတီတက်တက် အတူတူပဲလို့ မပြောပါနဲ့ … ကိုယ်အသိညဏ်နည်းတာကို ပြရာရောက်တယ်… တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကို ကြည့်ပါလား… ကိုရီးယားနိုင်ငံသား လူမျိုးအတူတူ ဘာသာစကားအတူတူ…. အုပ်ချုပ်တဲ့အစိုးရကွာတော့ ပြည်သူတွေရဲ့ အဆင့်အတန်း ဘယ်လောက်ကွာသလဲ…. ဘယ်အစိုးရတက်တက် အတူတူပဲ ကိုယ်လုပ်မှကိုယ်စားရတာ…. ဟုတ်ပါတယ် ကိုယ်လုပ်မှကိုယ်စားရတာ…စင်္ကာပူက အိမ်သာဆေးတဲ့သူနဲ့ မြန်မာပြည်က အိမ်သာဆေးတဲ့သူ … အိမ်သာဆေးတဲ့အလုပ် အတူတူပဲ… ဒါပေမဲ့ နိုင်ငံချမ်းသာတာ၊ ဆင်းရဲတာကွာတော့ အလုပ်တူတာခြင်းတောင် ဘဝအခြေအနေ ဘယ်လောက်ကွာသလဲ” ။ မဲမထည့်တဲ့သူတွေ၊ ဘေးထိုင်ဘုပြောတဲ့သူတွေ၊ တိုင်းပြည်ကိုဖျက်နေတဲ့ အရှုပ်ထုပ်တွေ သိပ်အမြင်ကပ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုမှာ ကိုယ်နိုင်စေချင်တဲ့သူတွေ အနိုင်ရလို့ ပျော်ရွှင်ရပါတယ်။


စန်းထွန်း

နိုဝင်ဘာ ၂၀၊ ၂၀၂၀။


Whistle Blower…

နှစ်စဉ်နှစ်တိုင်း ရုံးမှာ Enthics & Code၊ Cyber Security သင်တန်းတွေ တက်ရတယ်။ Cyber Security က မသိတဲ့အီးမေးလ်မှာပါတဲ့ attachment ဖိုင်တွေကိုဖွင့်ပြီး login မဝင်ဖို့၊ အရေးကြီးတဲ့အချက်အလက်တွေကို ဆိုဒ်တွေမှာမသိမ်းထားဖို့။ တခုခုသံသယရှိရင် cyber security team ကိုဆက်သွယ်ဖို့သင်တယ်။ စတိတ်ကျောင်းမှာ မွေးနေ့၊ SSN နံပါတ်တွေ မပေးဖို့သင်တယ်။ အလုပ်အေးဂျင့်က SSN နံပါတ်တောင်းတော့ မပေးဘူး။ ကျောင်းက advisor ကိုမေးကြည့်တော့ နောက်ဆုံး ၄ လုံး၊ ၆ လုံး ပေးလို့ရတယ်တဲ့။ ကိုယ့်ရုံးက အစိုးရရုံးဆိုတော့ Enthics & Code သင်တန်းက အရေးကြီးတယ်။ သင်တန်းမှာ ဒေါ်လာ ၂၀ အထက် လက်ဆောင်ပစ္စည်းမယူရဘူး၊ ရုံးကိုအသုံးချပြီး ကိုယ့်စီးပွားရေးအတွက် မလုပ်ရဘူး၊ discrimination ခွဲခြားနိမ့်ချဆက်ဆံတာ၊ sexual harrassment လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ မတရားတာ လုပ်နေတာကို မြင်ရသားနဲ့ မပြောရင် ပြစ်မှုကျူးလွန်းရာ ရောက်တယ်တဲ့။ မတရားတာကို ထုတ်ဖော်သတင်းပေးတဲ့သူကို whistle blower လို့ခေါ်တယ်။ မြန်မာလို ဘယ်လိုဘာသာပြန်ရမလဲ မသိဘူး။ whistle blower ကို ဥပဒေနဲ့ အကာအကွယ်ပေးတယ်။ အမှန်တရားဖောက်ထုတ်တဲ့သူတွေကိုမှ ကာကွယ်မပေးရင် ဘယ်လိုလုပ် အမှန်တရားဖော်ထုတ်တော့မလဲနော်။ အမေရိကန်အစိုးရအေဂျင်စီတွေရဲ့ ထောက်လှမ်းရေးပရိုဂရမ်တွေကို ဖွင့်ချလိုက်တဲ့ အက်ဝတ်စနိုဒန်ဟာ whistle blower ပါပဲ။ ၂၀၁၉ ဒီဇင်ဘာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ ကိုဗစ်စဖြစ်တော့ မီဒီယာကနေ သတိပေးတဲ့ ဆရာဝန်ကို ဒေသခံအစိုးရ တာဝန်ရှိသူတွေက နှိပ်ကွပ်တယ်။ စောစောစီးစီး ပြည်သူတွေကို သတိပေးပြီး အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်ကြရင် ရောဂါကိုမြန်မြန် ထိန်းချုပ်နိုင်ပြီး သေတဲ့လူအရေအတွက် နည်းမယ်။ တရုတ်အစိုးရက သတင်းထိန်ချန် ပွင့်လင်းမြင်သာမှုမရှိပေမဲ့ ၃ လတည်းနဲ့ ရောဂါထိန်းချုပ်နိုင်တယ်။ အမေရိကန်မှာတော့ သမ္မတထရန့်က ကိုဗစ်ကိုအလေးမထား ပြောချင်ရာပြော လုပ်ချင်ရာလုပ်။ မတ်လ၊ ဧပြီလတုန်းကဆို နယူးယောက်မှာ အခြေအနေအတော်ဆိုးတယ်။ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှုးက တော်တယ် မတ်စ်မတပ်မနေရ၊ ဆိုင်တွေပိတ်၊ လူစုလူဝေးမလုပ်ဖို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လိုက်လို့ ထိန်းနိုင်သွားတာ။ နယူးယောက်မှာ အခြေအနေဆိုးတုန်းကဆို ဆေးရုံမှာကုတင်မရှိတော့လို့ အသက်မရှုနိုင်တော့ဘူး သေပါတော့မယ်ဆိုမှ ဆေးရုံကို လာခိုင်းတယ်။ မြန်မာပြည်မှာတော့ အစိုးရက ငွေကြေးမပြည့်စုံဘူး၊ ပစ္စည်းကိရိယာ မပြည့်စုံဘူးဆိုပေမဲ့ ခေါင်းဆောင်က ပြည်သူတွေကို ချစ်တယ်။ ဂရုစိုက်တယ် တတ်နိုင်သလောက် ကူညီစောင့်ရှောက်တာ အမေရိကန်အစိုးရထက် သာတယ်။ မတ်စ်တပ်ခိုင်းလို့ ဆန္ဒပြ၊ အိမ်မှာနေခိုင်းလို့ ဆန္ဒပြ၊ ဆိုင်တွေမဖွင့်လို့ ဆန္ဒပြ၊ Black Live Matter အတွက် ဆန္ဒပြနဲ့ ကူးစက်နှုန်းက ကြောက်မခန်းလိလိ။ ထရန့်က ကာကွယ်ဆေးတွေ့ရင် နယူးယောက်ကို နောက်ဆုံးမှပေးမယ်တဲ့။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှုးက ထရန့် နယူးယောက်ကို မခြိမ်းခြောက်နဲ့တဲ့။ နိုင်ငံရေးသမားတွေ ရန်ဖြစ်ကြတာ ရယ်ဖို့လည်းကောင်း စိတ်ညစ်ဖို့လည်းကောင်း။ ဆောင်းရာသီ တုပ်ကွေးရာသီ ပိုဆိုးမယ်တဲ့။ ရာသီဥတုကလည်း အေးလာပြီမို့လို့ ဘယ်မှမသွားဖြစ်တော့ဘူး။ ဆေးခန်းပြဖို့တောင် ကူးစက်နှုန်းကိုကြည့်ပြီး သွားသင့်မသွားသင့် စဉ်းစားနေရတယ်။ ခုတော့ တရုတ်ပြည်မှာ ဆေးလောကအတွက် whistle blower ဥပဒေကို အတည်ပြုလိုက်ပြီလို့ကြားတယ်။ လိုတဲ့ဥပဒေတွေပြဌာန်း ပြင်သင့်တဲ့ဥပဒေတွေကိုပြင်နဲ့ တိုင်းပြည်ကောင်းဖို့အတွက် လုပ်ကြတယ်။ မြန်မာပြည်မှာလည်း ၂၀၀၈ အခြေခံဥပဒေပြင်ဖို့ လိုသေးတယ်။ ပြည်သူတွေ မရွေးခြယ်ဘဲ လွှတ်တော်ထဲ ခပ်တည်တည် ဝင်ထိုင်နေတဲ့ အစိတ်သားတွေမပါတဲ့  ပြည်သူတွေအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းနိုင်တဲ့ ၁၀၀% ဒီမိုကရေစီလွှတ်တော်ဖြစ်မဲ့တနေ့ကို မျှော်မှန်းရင်း…


စန်းထွန်း

နိုဝင်ဘာ ၁၃၊ ၂၀၂၀။

နေသာတဲ့နေ့ အပင်တွေကို နေပြ… sun kissed plants

လက်ဆောင်ပေးခြင်း အနုပညာ…

မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတွေကြား လက်ဆောင်ပေးကြလေ့ ရှိပါတယ်။ လက်ဆောင်ဆိုတာ ချစ်ခင်မှုကိုပြတဲ့ သင်္ကေတတစ်ခုပါ။ လက်ဆောင်ပစ္စည်း ကြီးကြီးသေးသေး ကိုယ့်ကိုချစ်လို့ပေးတာ  လက်ဆောင်ရတော့ ပျော်တာပေါ့။ မကြီးနဲ့တောင် ပြောနေသေးတယ် NLD မတ်စ်တပ်ပြီး ဓာတ်ပုံရိုက်ချင်တယ်လို့။ မကြာပါဘူး မခိုင် မတ်စ်လက်ဆောင်ပေးတော့ ကြိုက်လိုက်တာ။ NLD အင်္ကျီ၊ မတ်စ်တပ်ပြီး သုံးယောက်အတူတူ ဓာတ်ပုံရိုက်မယ်လို့ စိတ်ကူးထားပေမဲ့ အဲ့ဒီတုန်းက မတ်စ်ကို မလျှော်ရသေးတော့  မတပ်ရဲဘူး။ မတ်စ်လှလား … ဘလော့ကနေ ကြွားမယ်နော့… ။

စကားမစပ်… ၂၀၂၀ နိုဝင်ဘာ ၄ အမေရိကန်မှာ မဲပေးပွဲပြီးလို့ မဲတွေရေတွက်နေပြီ။ ထရန့်နိုင်မယ်ထင်နေရာကနေ ဂျိုးဘိုင်ဒန်ဖက် မဲသွားသာလို့ ထရန့်က မဲခိုးတယ်၊ မဲလိမ်တယ်၊ သူရှုံးတဲ့ပြည်နယ်တွေကို တရားစွဲမယ်တဲ့။ အဲ့ဒီပြည်နယ်တွေကလည်း မဲရေတွက်တာ ပွင့်လင်းမြင်သာမှုရှိတယ် မမှားဘူးလို့ ပြန်ငြင်း။ ထရန့်ကိုထောက်ခံတဲ့သူတွေက မကျေနပ်လို့ ဆန္ဒပြကြနဲ့ ပွဲကြီးပွဲကောင်း။ ထရန့်က မဲသာလိုက်၊ ဂျိုးက မဲသာလိုက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ။ ထရန့်ပြောတာဆိုတာ စိတ်ဓာတ်ကို မကြိုက်လို့ ဂျိုးဘိုင်ဒန်ကို နိုင်စေချင်တာ။ အမေရိကန် ရွေးကောက်ပွဲပြီးရင် မြန်မာပြည်က ရွေးကောက်ပွဲ။ နိုဝင်ဘာဟာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတယ်။

စန်းထွန်း
နိုဝင်ဘာ ၆၊ ၂၀၂၀။