Whistle Blower…

နှစ်စဉ်နှစ်တိုင်း ရုံးမှာ Enthics & Code၊ Cyber Security သင်တန်းတွေ တက်ရတယ်။ Cyber Security က မသိတဲ့အီးမေးလ်မှာပါတဲ့ attachment ဖိုင်တွေကိုဖွင့်ပြီး login မဝင်ဖို့၊ အရေးကြီးတဲ့အချက်အလက်တွေကို ဆိုဒ်တွေမှာမသိမ်းထားဖို့။ တခုခုသံသယရှိရင် cyber security team ကိုဆက်သွယ်ဖို့သင်တယ်။ စတိတ်ကျောင်းမှာ မွေးနေ့၊ SSN နံပါတ်တွေ မပေးဖို့သင်တယ်။ အလုပ်အေးဂျင့်က SSN နံပါတ်တောင်းတော့ မပေးဘူး။ ကျောင်းက advisor ကိုမေးကြည့်တော့ နောက်ဆုံး ၄ လုံး၊ ၆ လုံး ပေးလို့ရတယ်တဲ့။ ကိုယ့်ရုံးက အစိုးရရုံးဆိုတော့ Enthics & Code သင်တန်းက အရေးကြီးတယ်။ သင်တန်းမှာ ဒေါ်လာ ၂၀ အထက် လက်ဆောင်ပစ္စည်းမယူရဘူး၊ ရုံးကိုအသုံးချပြီး ကိုယ့်စီးပွားရေးအတွက် မလုပ်ရဘူး၊ discrimination ခွဲခြားနိမ့်ချဆက်ဆံတာ၊ sexual harrassment လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ မတရားတာ လုပ်နေတာကို မြင်ရသားနဲ့ မပြောရင် ပြစ်မှုကျူးလွန်းရာ ရောက်တယ်တဲ့။ မတရားတာကို ထုတ်ဖော်သတင်းပေးတဲ့သူကို whistle blower လို့ခေါ်တယ်။ မြန်မာလို ဘယ်လိုဘာသာပြန်ရမလဲ မသိဘူး။ whistle blower ကို ဥပဒေနဲ့ အကာအကွယ်ပေးတယ်။ အမှန်တရားဖောက်ထုတ်တဲ့သူတွေကိုမှ ကာကွယ်မပေးရင် ဘယ်လိုလုပ် အမှန်တရားဖော်ထုတ်တော့မလဲနော်။ အမေရိကန်အစိုးရအေဂျင်စီတွေရဲ့ ထောက်လှမ်းရေးပရိုဂရမ်တွေကို ဖွင့်ချလိုက်တဲ့ အက်ဝတ်စနိုဒန်ဟာ whistle blower ပါပဲ။ ၂၀၁၉ ဒီဇင်ဘာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ ကိုဗစ်စဖြစ်တော့ မီဒီယာကနေ သတိပေးတဲ့ ဆရာဝန်ကို ဒေသခံအစိုးရ တာဝန်ရှိသူတွေက နှိပ်ကွပ်တယ်။ စောစောစီးစီး ပြည်သူတွေကို သတိပေးပြီး အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်ကြရင် ရောဂါကိုမြန်မြန် ထိန်းချုပ်နိုင်ပြီး သေတဲ့လူအရေအတွက် နည်းမယ်။ တရုတ်အစိုးရက သတင်းထိန်ချန် ပွင့်လင်းမြင်သာမှုမရှိပေမဲ့ ၃ လတည်းနဲ့ ရောဂါထိန်းချုပ်နိုင်တယ်။ အမေရိကန်မှာတော့ သမ္မတထရန့်က ကိုဗစ်ကိုအလေးမထား ပြောချင်ရာပြော လုပ်ချင်ရာလုပ်။ မတ်လ၊ ဧပြီလတုန်းကဆို နယူးယောက်မှာ အခြေအနေအတော်ဆိုးတယ်။ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှုးက တော်တယ် မတ်စ်မတပ်မနေရ၊ ဆိုင်တွေပိတ်၊ လူစုလူဝေးမလုပ်ဖို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လိုက်လို့ ထိန်းနိုင်သွားတာ။ နယူးယောက်မှာ အခြေအနေဆိုးတုန်းကဆို ဆေးရုံမှာကုတင်မရှိတော့လို့ အသက်မရှုနိုင်တော့ဘူး သေပါတော့မယ်ဆိုမှ ဆေးရုံကို လာခိုင်းတယ်။ မြန်မာပြည်မှာတော့ အစိုးရက ငွေကြေးမပြည့်စုံဘူး၊ ပစ္စည်းကိရိယာ မပြည့်စုံဘူးဆိုပေမဲ့ ခေါင်းဆောင်က ပြည်သူတွေကို ချစ်တယ်။ ဂရုစိုက်တယ် တတ်နိုင်သလောက် ကူညီစောင့်ရှောက်တာ အမေရိကန်အစိုးရထက် သာတယ်။ မတ်စ်တပ်ခိုင်းလို့ ဆန္ဒပြ၊ အိမ်မှာနေခိုင်းလို့ ဆန္ဒပြ၊ ဆိုင်တွေမဖွင့်လို့ ဆန္ဒပြ၊ Black Live Matter အတွက် ဆန္ဒပြနဲ့ ကူးစက်နှုန်းက ကြောက်မခန်းလိလိ။ ထရန့်က ကာကွယ်ဆေးတွေ့ရင် နယူးယောက်ကို နောက်ဆုံးမှပေးမယ်တဲ့။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှုးက ထရန့် နယူးယောက်ကို မခြိမ်းခြောက်နဲ့တဲ့။ နိုင်ငံရေးသမားတွေ ရန်ဖြစ်ကြတာ ရယ်ဖို့လည်းကောင်း စိတ်ညစ်ဖို့လည်းကောင်း။ ဆောင်းရာသီ တုပ်ကွေးရာသီ ပိုဆိုးမယ်တဲ့။ ရာသီဥတုကလည်း အေးလာပြီမို့လို့ ဘယ်မှမသွားဖြစ်တော့ဘူး။ ဆေးခန်းပြဖို့တောင် ကူးစက်နှုန်းကိုကြည့်ပြီး သွားသင့်မသွားသင့် စဉ်းစားနေရတယ်။ ခုတော့ တရုတ်ပြည်မှာ ဆေးလောကအတွက် whistle blower ဥပဒေကို အတည်ပြုလိုက်ပြီလို့ကြားတယ်။ လိုတဲ့ဥပဒေတွေပြဌာန်း ပြင်သင့်တဲ့ဥပဒေတွေကိုပြင်နဲ့ တိုင်းပြည်ကောင်းဖို့အတွက် လုပ်ကြတယ်။ မြန်မာပြည်မှာလည်း ၂၀၀၈ အခြေခံဥပဒေပြင်ဖို့ လိုသေးတယ်။ ပြည်သူတွေ မရွေးခြယ်ဘဲ လွှတ်တော်ထဲ ခပ်တည်တည် ဝင်ထိုင်နေတဲ့ အစိတ်သားတွေမပါတဲ့  ပြည်သူတွေအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းနိုင်တဲ့ ၁၀၀% ဒီမိုကရေစီလွှတ်တော်ဖြစ်မဲ့တနေ့ကို မျှော်မှန်းရင်း…


စန်းထွန်း

နိုဝင်ဘာ ၁၃၊ ၂၀၂၀။

နေသာတဲ့နေ့ အပင်တွေကို နေပြ… sun kissed plants

No comments: