ယူအက်စ်သွား တောလား - ၁၂

တိုးဂိုက်က မနက် ၄ နာရီခွဲ မနက်စာစား ၅ နာရီမှာ တိုးစထွက်မယ်လို့ မှာထားတော့ မနက် ၃ နာရီခွဲ နှိုးစက်ကို alarm ပေး မျက်နှာသစ်၊ သွားတိုက်၊ ပစ္စည်းတွေသိမ်း ၄ နာရီ ၁၀ မိနစ်လောက်ကတည်းက အခန်းကနေထွက်။ တိုးဂိုက်က အဖေနဲ့အမေက လူကြီးတွေမို့လို့ တက်ရဆင်းရ လွယ်ကူအောင် အောက်ထပ်က အခန်းကို ပေးထားတယ်။ လော်ဘီထဲရောက်တော့ တစ်ယောက်မှလည်း မတွေ့ရတော့ စိတ်ထဲထင့်သွားတယ်။ ရီဆက်ရှင်ကောင်တာက နာရီကို ကြည့်လိုက်တော့မှ လား ... လား အရီဇိုးနားတိုင်းဇုန်အချိန်က မနက် ၃ နာရီခွဲ၊ ပစိဖိတ်တိုင်းဇုန်အချိန်က မနက် ၄ နာရီခွဲ။ အဖေ့ဖုန်းရော၊ ကိုယ့်ဖုန်းရော အရီဇိုးနားတိုင်းဇုန်အချိန်ကို မပြောင်းတာ ဘာဖြစ်လို့ပါလိမ့်။ အခန်းကိုပြန်ပြီး ပြန်အိပ်ရအောင်ကလည်း သွားတာလာတာကတင် ၁၅ မိနစ်လောက် ကြာနေမှာဆိုတော့ မပြန်တော့ဘူး လော်ဘီထဲမှာပဲ အိပ်နေတော့တယ်။ မနက် ၄ နာရီခွဲ ထရလို့အိပ်ရေးမဝပါဘူးဆိုမှ တနာရီ စောထလိုက်သေးတယ်။ ၄ နာရီခွဲတော့ ဘူဖေး‌ကျွှေးပါတယ် အသားလုံး၊ အာလူး၊ နွားနို့၊ သစ်သီး။ မြန်မာပြည်မှာဆို မနက်စာကို ခေါက်ဆွဲ၊ မုန့်ဟင်းခါးပဲစားတယ့် အဖေတို့တွေ စားနိုင်ပါ့မလားလို့ တွေးနေတာ စားနိုင်သားပဲ။ အရီဇိုးနားပြည်နယ် တူဘစီးတီး Tuba City မြို့ကနေ ကရမ်းကမ်ညမ် Grand Canyon South Rim ကို ၂ နာရီသာသာ မိုင် ၁၀၀ နီးပါး မောင်းရပါတယ်။


ပြတ်ရွေ့ကြောင်းကြောင့် ဖြစ်ပေါ်လာပုံရတယ့် နီညိုရောင်တောင်တွေ၊ အလယ်မှာ စီးဆင်းနေတယ့် ကော်လိုရာဒိုမြစ် ရှူခင်းက အင်မတန် ထူးခြားပါတယ်။ ဂိုက်က သစ်ပင်ပေါ်တက်ပြီး ဗျူးကောင်းတယ့်နေရာကနေ ဓာတ်ပုံတွေ ရိုက်ပေးနေတာ လက်မလည်နိုင်အောင်ပဲ။ ကိုယ့်ဘေးမှာထိုင်တယ့် တရုတ်မက ဟိုးအမြင့်ကြီးထိတက်၊ ပို့စ်တွေ အမျိုးမျိုး ပေးနေတာ ကိုယ်က ပြုတ်ကျရင် ဒုက္ခလို့ တွေးနေမိတယ်။ ဓာတ်ပုံတွေရိုက်တာ မပြီးနိုင်လို့ အမ်တလုပ် ကမ်ညမ်မှာတုန်းက ကိုယ်နဲ့ တယောက်တလှည့် ဓာတ်ပုံရိုက်ကြတယ့် ရှေ့နေမလေး ရှိဖုန်းက တော်ပါတော့ ငါတို့ကိုလည်း အလှည့်ပေးပါတော့လို့ အော်တော့မှ ရပ်တော့တယ်။ နောက်ထပ် မိနစ် ၂၀ ထပ်မောင်းရင် ဟယ်လီကော်ပတာ တိုးစီးမယ့် နေရာကို ရောက်ပါတယ်။ တိုးဂိုက်က ဟယ်လီကော်ပတာ တိုးစီးမယ့်လူတွေရဲ့ ကိုယ်အလေးချိန်တွေကို စာရင်းမှတ်ပါတယ်။ အရင်ဆုံး ဟယ်လီကော်ပတာ တိုးစီးရင် ဆောင်ရန်၊ ရှောင်ရန်တွေကို သတိပေးတယ့် ဗီဒီယိုကြည့်ရပါတယ်။ နောက်တော့ ခါးမှာ လေထီးအိတ်လေး ချိတ်ရတယ်။ ဟယ်လီကော်ပတာစီးတယ့် ငါးယောက်ထဲမှာ ကိုယ်ကအသေးဆုံးမို့ ဟယ်လီကော်ပတာ မောင်းသူဘေးမှာ ထိုင်ရတယ်။ အဖေ့ဘေးမှာက တရုတ်အန်တီကြီး၊ အမေ့ဘေးမှာက အဲဒီတရုတ်အန်တီကြီးရဲ့ သမီး အတော်အရပ်ရှည်တယ့် တရုတ်မလေး။ အသက်က ၁၈ နှစ်တောင် မပြည့်လောက်သေးဘူး ဒီထက် ရှည်ဦးမှာ မော်ဒယ်ဂဲလ်တွေလို အရပ်အမောင်းမျိုး။


နောက်ခန်းမှာ ကိုယ်မပါတော့ အဖေတို့ကို ဘယ်သူရိုက်ပေးမလဲလို့ စိတ်ပူမိသား။ အဖေက အမေ့ကို ရိုက်ပေးပေမယ့် အမေက အိုင်ပတ်နဲ့မရိုက်တတ်တော့ အဖေ့ကို ရိုက်ပေးမယ့်လူမရှိ။ အမေ အိုင်ဖုန်းမကိုင်တတ်၊ အိုင်ပတ်နဲ့ မရိုက်တတ်တာကို သမီးတွေက  အားမလိုမရဖြစ်။ အမေ အိုင်ဖုန်းကိုင်တာ လွယ်လွယ်လေး ဖုန်းအစိမ်းရောင်လေးကို နှိပ်လိုက်တာ ဘာမလုပ်တတ်စရာရှိလဲ။ ယောကျာ်းရှိတော့ ယောကျ်ားကိုပဲ အားကိုးနေတာ ယောကျာ်းက အနားမှာမရှိရင် အမေ ဘယ်သူ့ကို အားကိုးမလဲ ကိုယ့်အားကိုယ်ကိုး အမေ့ရေ။ အဖေ့ကိုလည်း သူ့မိန်းမကို မသင်ပေးဘူးလားလို့ ဆူလိုက်ပွမ်လိုက် ကြသေးတယ်။ အဖေက နယူးယောက်မှာ အမေ့ကို ထားခဲ့ပြီး ကိုယ့်ကို ချက်ပြုတ်‌ကျွှေးမွှေးစေချင်တာ။ အဲဒီတုန်းက ကိုယ်က တော်တော်နေမကောင်းဘူး ဘာမှမစားနိုင် မသောက်နိုင် လူကယဲ့ယဲ့လေး အိမ်ကနေ ဘူတာဆီ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရတာကိုတောင် မောနေတတ်တာ။ ကိုယ်က လက်မခံဘူး အမေဟာ ဖုန်းမကိုင်တတ်၊ အိုင်ပတ်နဲ့ သတင်းတွေလည်း မဖွင့်တတ်၊ နေ့လည်ဖက် ထမင်းစားချိန် ကိုယ်က အဖေတို့ဆီ ဖုန်းခေါ်တယ်။ ဘာတွေလုပ်နေကြလဲ၊ ဘာတွေချက်စားကြလဲ၊ အိမ်ရှင်တွေရှိလား၊ မိုချီ၊ နတ်စုတို့အကြောင်းတွေ မေးရင်းပေါ့။ အမေ တစ်ယောက်တည်း ကျန်ခဲ့ပြီး ဖုန်းမှမကိုင်ရင် စိတ်ပူလို့ ကိုယ်ရုံးမှာ အလုပ်ဖြောင့်ဖြောင့် လုပ်နိုင်မယ်မထင်။ ဒီတော့ သမီးဘာသာ ဆိုင်ကနေ ဝယ်စားတာလည်း အဆင်ပြေပါတယ် အမေ့ကို မထားခဲ့ပါနဲ့ ခေါ်သွားပါလို့ ပြောရတယ်။


အဲဒီအိုင်ဖုန်းမကိုင်တတ်တာ ကိုယ့်အမေတင် မဟုတ်ဘူး သူငယ်ချင်းတစ်ယောက်ရဲ့အမေကလည်း အဲဒီလိုဆိုတော့ generation gap လို့သာ ဆိုရမလားဘဲ။ အဖေ့ကို ဘယ်သူဓာတ်ပုံရိုက်ပေးလည်းဆိုတော့ တရုတ်မလေးနဲ့ တယောက်တလှည့် ရိုက်ကြတယ်တယ့်။ အင်တာနေရှင်နယ် လက်ဟန်ခြေဟန် အမူအယာနဲ့ ပြောကြတာလေ။ အဖေက အဲဒီတရုတ်မလေးနဲ့ စကားပြောစေချင်ပေမယ့် တရုတ်မလေးက လာမပြောတော့ ကိုယ်လည်းမပြောဖြစ်ဘူး။ အဲဒီတရုတ်မလေးက ယူအက်စ်မှာ ကျောင်းတက်နေပုံရတယ် အမူအကျင့်တွေက ပြည်ကြီးပေါက်တွေနဲ့ မတူဘူး။ ဟယ်လီကော်ပတာတိုး မစီးခင် ဓာတ်ပုံရိုက်တယ်။ ဟယ်လီကော်ပတာ စစီးတော့ နည်းနည်းကြောက်သလိုဖြစ်ပေမယ့် အပေါ်စီးကနေ မြင်ရတယ့်မြင်ကွင်း၊ ကရမ်းကမ်ညမ်ဆောက်ရမ် တခုလုံးကို အပေါ်စီးကနေ မြင်ရတာနဲ့တင် ဟယ်လီကော်ပတာတိုးခ ၁၈၀ တန်တယ်လို့ ခံစားမိတယ်။ နားကြပ်တပ်ထားပေမယ့် ဆူညံနေလို့ သီချင်းတွေ ဖွင့်ပေးထားတယ်။ နောက်ဆုံးဖွင့်တယ့်သီချင်းက coldplay သီချင်းတပုဒ်လို့ ထင်တယ်။ မြန်မာပြည်မှာတုန်းကတော့ လူကြီးတွေလာရင် ဟယ်လီကော်ပတာနဲ့လာတာ မြင်ဖူးတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက ကာတွန်းဇာတ်ကောင် ဦးကပ်စီးနဲ့ ဒိန်းဒေါင်းလည်း ဟယ်လီကောင်ပတာ စီးတယ်ထင်တယ်။ တက်တယ့်အစီးကတက် ဆင်းတယ့်အစီးကဆင်းနဲ့ စီးတယ့်သူ တော်တော်များသား။ ဓာတ်ပုံရွေးဖို့ ဒေါ်လာ ၂၀ မရှိလို့ တိုးဂိုက်ဆီက ချေးရသေးတယ်။ ကိုယ်စီးတုန်းကသာ မသိတာ ဟယ်လီကော်ပတာက မြန်သား။ မက်ဟန်တန်အောက်ဖက်မှာလည်း ဟယ်လီကော်ပတာတိုးတွေ ရှိတယ်။


တိုးကားဘေးမှာ ရပ်ထားတယ့် ဆိုင်ကယ်အကြီးကြီးတွေမှာတက်ပြီး တရုတ်လင်မယား တယောက်တလှည့် ဓာတ်ပုံရိုက်တာတွေ့တယ်။ ဆိုင်ကယ်ဘေးမှာကပ်ပြီး ဓာတ်ပုံရိုက်တာ လက်ခံနိုင်သေးပေမယ့် ဆိုင်ကယ်ပေါ်ခွပြီး ဟန်နဲ့ပန်နဲ့ ဓာတ်ပုံရိုက်နေတာမြင်တော့ အားမနာတတ်လိုက်တာလို့ တွေးမိသေးတယ်။ ၄ နာရီ မိုင် ၂၇၀ သာသာ မောင်းပြီးတယ့်အခါမှာတော့ နီဗားဒါးပြည်နယ် Nevada လာ့ဗီးဂတ်စ် Las Vegas မြို့ကို ရောက်ပါတယ်။ အုန်းပင်တွေပဲရှိပြီး အပူချိန်က ၁၀၀ ကျော် ခြစ်ခြစ်တောက်အောင် ပူခြစ်နေပေမယ့် မိုးမျှော်တိုက်ကြီးတွေ၊ လေယာဉ်တစီးပြီးတစီး ဆင်းတက်နေတယ့် အတော်စည်ကားတယ့် မြို့ပါပဲ။ ကိုယ်တို့တည်းခိုတယ့်ဟိုတယ်က နယူးယောက်တယ့် အတော်ကြီးတယ်။ နေ့လည်ထမင်းစားဖို့ရှာတော့ ပီဇာနဲ့salad ပဲ တွေ့တယ်။ နောက်တော့ အေးရှန်းဆိုင်ရှိလား မေးကြည့်တော့ ရှင်းရှင်းဆိုတယ့်ဆိုင် ရှိတယ်တယ့်။ ထမင်းမစားရတာ သုံးနပ်ရှိပြီတယ့် အဖေ့တို့တွေ အတော်ပျော်သွားတယ်။ နေ့လည် တရေးတမော အနားယူ၊ ရေချိုး ညနေ ၅ နာရီထိုးတဲ့အခါမှာတော့ Night Tour စပါတယ်။ တိုးဂိုက်မလေးက ဘေးတဖက်တချက်စီမှာ တွေ့ရတယ့် ဟိုတယ်တွေအကြောင်း ရှင်းပြပါတယ်။ ကိုယ်တို့သွားရောက်လည်ပတ်မယ့် နေရာကတော့ Old Town Las Vegas ပါ။ ညနေ ၆ နာရီဆိုပေမယ့် အပူချိန်တော်တော်ပြင်းတယ်။ ဆိုင်ခန်းတွေကြားထဲမှာ အမိုးထပ်ထားပြီး အဲယားကွန်း လွှတ်ထားပေမယ့် တရှိန်းရှိန်း ပူတာကိုတော့ ခံစားရတုန်းပါပဲ။ မိန်းမတွေက ဘီကနီသာသာဝတ်ပြီးက၊ လူတွေကလည်း အမျိုးမျိုးဝတ်ပြီး ပိုက်ဆံတောင်း။

Hoover Dam

ကာဆီနိုထဲမှာ strip ကဖို့လို ဝတ်ထားတယ့် အမည်းမလေးက ဆက်ဆီတွေလုပ်ပြ၊ ကိုယ်တို့က မမြင်ဘူးလို့ ပြူးကြည့် အဲဒီကာဆီနိုထဲက လုံခြုံရေးမိန်းမက ပြူးကြည့် ရန်လိုတယ့်အကြည့်နဲ့ ကြည့်တယ်။ အဖေက သမီးရေ အဲဒီဖက်က မသွားနဲ့ ဟိုဖက်က သွားရအောင် ကြောက်စရာကြီးတယ့်။ တကယ့်ကို ဖရီးတယ့် မြို့ပါပဲ ပိုက်ဆံရှိရင် အကုန်ရ။ ဂုဏ်သိက္ခာတွေ၊ အကျင့်သီလတွေ ဘာဆိုဘာမှ ဂရုစိုက်စရာမလိုတယ့်မြို့။ ဒီမြို့ကို အကုသိုလ်မြို့ sin city လို့ နာမည်ပေးထားတယ်ဆိုတော့ အဖေနဲ့အမေ ရယ်လိုက်တာ ဟုတ်ပါ့ လိုက်ဖက်တယ့် မြို့နာမည်ပဲတယ့်။ အမိုးပေါ်ကနေ zip line စီးနေကြတာလည်း တွေ့ခဲ့တယ်။ ဟိုတယ်တခုရှေ့က ရေပန်းတွေက စီးချက်အလိုက်ကကုန် မီးရောင်စုံထွန်းတာကို ကြည့်ကြတယ် လာကြည့်ကြတွေ အများကြီး။ The Mirage ဟိုတယ်ရှေ့မှာ မီးတောင်ပေါက်ကွဲမှာဆိုတော့ ဘာများလဲလို့ စောင့်ကြည့်နေတာ ကျောက်တောင်ကနေ မီးတွေထွက် အသံစနစ်ကောင်းကောင်းနဲ့ ဂတ်စ်တွေ ပေါက်ကွဲပြနေတာကိုး။ ဒီလိုနဲ့ လူတွေကို သူတို့ဟိုတယ်ဆီလာအောင် ဆွဲဆောင်ကြတယ်။ နောက်ဆုံးသွားရောက်လည်ပတ်တယ့် ဟိုတယ်ကတော့ ကြယ်ငါးပွင့်အဆင့်ရှိတယ့် Wynn ဝင်း ဟိုတယ်ပါ။ ဟိုတယ်ထဲမှာ ပြင်ထားတာ၊ အလှဆင်ထားတာ အင်မတန်လှတယ် လူတွေကလည်း ကြိတ်ကြိတ်တိုး။ Le Reve Show ကြည့်မယ့်သူတွေကို ည ၁၁ နာရီမှ တိုးကားက လာခေါ်မှာဖြစ်ပြီး မကြည့်တယ့် ကိုယ်တို့က ပြန်ခဲ့ကြတယ်။ အဲဒီပွဲက အင်မတန် နာမည်ကြီးပါတယ် လက်မှတ်က ၁၈၀ ကျတယ်။


အဖေနဲ့အမေက အဲဒီလိုပွဲတွေကို သိပ်စိတ်မဝင်စားကြသလို ဟယ်လီကော်ပတာတိုးမှာတင် ပိုက်ဆံကုန်နေပြီ၊ အမေက ည ၉  နာရီလောက်ဆို အိပ်ချင်နေပြီ။ ပွဲခင်းထဲမှာ အိပ်ပျော်နေမှ လက်မှတ်ခတွေ ဆုံးနေပါ့မယ်ဆိုပြီး မကြည့်ဖြစ်တော့ပါဘူး။ မကာအိုဟာ လာ့စ်ဗီးဂတ်စ်နဲ့ တူပေမယ့် လာ့စ်ဗီးဂတ်စ်က ပိုကြီးတယ် ပိုလွတ်လပ်တယ်။ ကိုယ်ကတော့ မကာအိုက စိန့်ပေါလ်ဘုရားရှိခိုးကျောင်းတလျှောက် အစားအသောက်ဆိုင်တန်းတွေဆီကနေ ဝက်ပေါင်ခြောက်တို့ကို အလကားမြည်းရတာ အကြိုက်ဆုံး။ မြည်းလွန်းလို့ ဘယ်ဆိုင်က ကောင်းမှန်းတောင် မမှတ်မိတော့ဘူး။ ပြီးတော့ egg tart လို့ခေါ်ကြတယ့် ပေါ်တူဂီစတိုင် ကြက်ဥပူတင်းကလည်း မကာအိုမှာ စားခဲ့ရတာ အကာင်းဆုံးပဲ။ အသားတု၊ အစားသောက် အင်မတန် စားကောင်းတယ် ဝန်ဆောင်မှု ညံ့ဖျင်းတာကလွဲရင်။ ရာသီဥတုက မကာအိုက ပိုသာယာတယ် လာ့ဗီးဂတ်စ်ကတော့ အတော်ပူတယ်။ လာ့ဗီးဂတ်စ်ကို နောက်တစ်ကြိမ် သွားချင်သေးလားလို့မေးရင် တခေါက်ရောက်ဖူးပြီးပြီဖို့ နောက်တစ်ခေါက်တော့ မသွားချင်တော့ပါဘူး။ ဆူနမ်ကတော့ လာ့ဗီးဂတ်စ်ကို သိပ်သဘောကျတယ်။ မနက်ဖြန်ဆိုရင် တိုးခရီးစဉ်ရဲ့ နောက်ဆုံးရက်ဖြစ်ပြီး လော့အိန်ဂျယ်လစ်မှာ အဆုံးသတ်မှာပါ။ လော့အိန်ဂျယ်လစ်မြို့ကို ဘယ်လိုများ လည်ပတ်ခဲ့တာလဲဆိုတာကို နောက်အပိုင်းကျမှ ဆက်ရအောင်။

Happy Holidays

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၅။


အာရောဂျံ ပရမံလာဘံ...

ကျန်းမာရေး မကောင်းတော့မှ အာရောဂျံ ပရမံလာဘံမှန်း သိတော့တယ်။ လူးပက်စ်အတွက် ပုံမှန်သောက်နေရတာက Hydroxychloroquine တနေ့နှစ်လုံး၊ အဲဒီဆေးရဲ့ side effect က မျက်လုံးကို ခြောက်သွေ့စေတာမို့ မျက်စိဆရာဝန်နဲ့ ၆ လ တကြိမ် စစ်ဆေးရပါတယ်။ သွေးအားနည်းလို့ Ferrous Sulfate တနေ့နှစ်လုံး သောက်ရတယ်။ ကိုယ့်လူးပက်စ်က active ဖြစ်နေလို့ လူးပက်စ်ဆရာဝန်က ကီမိုသရဖီဆေး Methotrexate တပတ် ၆ လုံး သောက်ခိုင်းတယ်။ အဲဒီဆေး သောက်နေစဉ်မှာ ကိုယ်ဝန်ဆောင်လို့ မရပါဘူးတယ့်။ Side effect က အသည်းထိခိုက်နိုင်တာမို့ Folic Acid တနေ့တစ်ကြိမ် သောက်ရတယ်။ Prednisone က တနေ့နှစ်လုံး သောက်ခိုင်းပေမယ့် တတ်နိုင်ရင် တနေ့တစ်လုံးပဲ သောက်ဆိုလို့ တစ်နေ့တစ်လုံးသောက်တယ်။ အဲဒီဆေးရဲ့ side effect က အရိုးသိပ်သည်းဆကို နည်းစေတာမို့ ကယ်ဆီယမ် တနေ့နှစ်လုံးသောက်ရတယ်။ ရုံးက ရုရှကြီးက သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လေးဖက်နာဖြစ်လို့ နနွင်းမြစ်ကို ပါးပါးလေး လှီးပြီး အသီးအရွက် salad ထဲမှာ ထည့်စားတယ်တယ့်။ သူပြောလို့ နနွင်းသောက် ကြည့်ဦးမှဆိုပြီး နနွင်းကို ပျားရည်၊ သံပုရည်တို့နဲ့ လုံးပြီး နနွင်းလုံး တစ်နေ့တစ်လုံး သောက်တယ်။ လူးပက်စ်က အရင်ကထက်စာရင် အများကြီး သက်သာလာပေမယ့် လက်ဆစ်ကလေးတွေ၊ ခြေထောက်တွေ ယောင်နေတုန်း၊ ဒူးက နည်းနည်း နာချင်နေတုန်း။ အလုပ်ပင်ပန်းတာလည်း မဟုတ်ဘဲ လူးပက်စ်ကြောင့် fatigue ပင်ပန်းနွမ်းနယ်တယ့် နေ့တွေဆို ည ၉  နာရီ ကတည်းက အိပ်နေပြီ။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ဘယ်မှမသွားဖြစ်ဘဲ လီကွမ်ယုရဲ့From Third World to First စာအုပ်လေးဖတ်လိုက်၊ ဖေ့ဘွတ်တက်လိုက်၊ သတင်းနားထောင်လိုက်၊ အိပ်လိုက်၊ Detox day ဆိုပြီး အသီးအနှံတွေစားလိုက်။ ကိုယ်လက်တွေ ကိုက်ခဲနေရင် ဘလော့မှာ စာရေးဖို့လည်း စိတ်မပါနဲ့ ဘလော့ကို ပစ်ထားတာ အတော်ကြာပြီ။ မကြာသေးခင်က အမေ ဆီးချိုတက်လို့ ဆေးရုံလေးရုံ ပြောင်းလိုက်ရတော့ တအိမ်လုံး ဗြောင်းဆန်သွားတာလည်း ပါတယ်။ လွန်ခဲ့တယ့် နှစ်နှစ်လောက်ကတည်းက ကျန်းမာရေး ဆေးစစ်ချက်လုပ်တော့ အမေ့မှာ ဆီးချိုရှိမှန်း သိတယ်။ ငှက်ပျောသီးဆို တဝက်၊ ပန်းသီဆိုလည်း တစ်လုံးလောက်ပဲ စားခိုင်းတယ်။ အမေက ပန်းသီး ၄ လုံးလောက် စားတယ်ဆိုတော့ ဆရာဝန်တွေက ရယ်လိုက်တာ။ မကြာသေးခင်က ဟိုင်းကြီးကနေ ရန်ကုန်ကို ပြန်လာတော့ ကားစီးရတာ ပင်ပန်း၊ ပုသိမ်မှာ ရေပတ်တိုက်လိုက်တော့ နေမကောင်းသလိုဖြစ်။ ရန်ကုန်ရောက်တော့ အဖျားတက်၊ ဆီးချိုတက်၊ အိမ်နားက မာစေဆေးခန်းမှာ ပြနေတာ မသက်သာ။ နှစ်ရက်လောက်ကြာပြီး မသက်သာတော့ အာရှတော်ဝင်ဆေးရုံကို တင်လိုက်တယ်။ အမေက သမီးရေ အမေ ခေါင်းတွေထိုးကိုက်တာ မခံနိုင်တော့ဘူးလို့ပြောတော့ စိတ်မကောင်းလိုက်တာ။ အမေက အတော်ကျန်းမာ အတော်ခံနိုင်ရည် ရှိတယ့်သူ တော်ရုံတန်ရုံ မညည်းတတ်ဘူး။ အဖေကတော့ နည်းနည်းလေးဆိုတာနဲ့ အမလေး၊ အဘလေးနဲ့ အော်ဟစ်ညည်းညူတတ်တယ်။ အာရှတော်ဝင်မှာ နှစ်ရက်နေတာလည်း မသက်သာဆိုတော့ မကြီးက စိတ်တွေပူပြီး ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံကို သွားမယ်လို့ စီစဉ်တယ်။

လေးရက်တောင် ရှိနေပြီ မသက်သာဘူး ခေါင်းတွေ တအားထိုးကိုက်တယ်ဆိုတော့ စိတ်ပူတာပေါ့။ ဘန်ကောက်က ဗီဇာမလိုတော့ လေယာဉ်လက်မှတ်ဝယ်ပြီးတာနဲ့ ချက်ချင်းသွားလို့ရတယ်။ စင်္ကာပူကတော့ ဗီဇာအတွက်တောင် တပတ်ကြာဦးမယ်ဆိုတော့။ ဘန်ကောက်ကိုသွားမယ် လေယာဉ်လက်မှတ်အတွက် မောင်မောင့်ကို စုံစမ်းခိုင်းတာ မနက်လေယာဉ်ဆို မနက်လေယာဉ်အတွက်ပဲ မေးတယ်။ ညနေလေယာဉ်က ဘယ်လောက်လဲဆိုတော့ မမေးခဲ့ဘူးတယ့်။ ပိတ်ရက်တွေဆို ဘယ်လောက်လဲ၊ ပရိုမိုးရှင်းရှိသလား တခါတည်း မေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။ နင် အဲ့ဒါတွေ မမေးဘူးလားဆိုတော့ ပြောပါလားတယ့်။ တကယ့်ငတုံး ခိုင်းတာပဲ လုပ်တတ်တယ် ခေါင်းမသုံးဘူး။ နောက်တော့ မောင်မောင့်သူငယ်ချင်းက သူ့အမေ ပြနေတယ့် ဆရာဝန်က ဗစ်တိုးရီးယားဆေးရုံမှာ ထိုင်တယ် ပြကြည့်ပါလား ပြောလို့ သွားပြတယ်။ တစ်ရက်တည်းနဲ့ သက်သာလာပေမယ့် ပိတ်ရက်တွေဆို ဆရာဝန်က ရန်ကုန်ဆေးရုံကြီးမှာထိုင်တော့ ရန်ကုန်ဆေးရုံကြီး တက်ရတယ်။ ရန်ကုန်ဆေးရုံကြီးက အရင်ကထက်စာရင် အများကြီးတိုးတက် ပြောင်းလဲလာတယ်။ အရင်လို ဟောက်စားတွေ မရှိတော့ဘူး။ သန့်လည်းသန့်တယ်။ အိမ်သာကလည်း သန့်တယ်တဲ့။ တောကလူတွေက ဘိုထိုင်အိမ်သာကို ဘယ်လိုသုံးရမလဲ မသိလို့ ရေဆွဲမချတာ အိမ်သာကပြည့်နေလို့ သန့်ရှင်းရေးသမားက အော်ဟစ်နေရတယ်တဲ့။

လူနာစောင့်အတွက် အိပ်စရာနေရာမရှိဘူး။ အဖေက လူနာစောင့်၊ မောင်မောင် အစားအစာ၊ လိုတာတွေပြေးဝယ်၊ ဆိုင်ကနေဝယ်စား၊ လူနာကိုလည်း ဆိုင်ကနေ ဝယ်‌ကျွှေးတော့ ဆီးချိုကမကျ။ အိမ်ကနေ ချက်ပို့ပေးမယ်သူ မရှိ။ ချွှေးမကလည်း ချက်ပို့ရမှန်းမသိ။ မောင်မောင် နင့်မိန်းမ ဆန်ပြုတ်မပို့ဘူးလား မေးတော့ သူက ကလေးတဖက်၊ စာသင်နေရလို့ မအားဘူးတဲ့။ ဟင် ... ဘယ်သူကများ အားနေလို့တုန်း။ တောင်ဒဂုံကနေ ဆေးရုံကြီးကို ကားငှားခက ငါးထောင်၊ ဘတ်စ်ကား မစီးတတ် သူတို့တွေက မသွားတတ် မလာတတ်ဘူးတယ့်။ မသွားတတ် မလာတတ်ဘူး ဆိုရအောင် ပါးစပ်မပါတာ ကျနေတာပဲ။ ရန်ကုန်မှာမွှေး ရန်ကုန်မှာကြီးပြီး မသွားတတ် မလာတတ်ဘူးဆိုတော့ တော်တော်အသုံးမကျလိုက်တာ။ အရေးထဲ မောင်မောင်က အောင်သုခ ထမင်းဆိုင် ကောင်းတယ့်အကြောင်း ကြေငြာဝင်နေလို့ ဟဲ့ လာကြေငြာမနေနဲ့ အိမ်ကချက်တာကိုပဲ အမေ့ကို ကျွှေးစေချင်တာလို့ ပိတ်ပြောလိုက်မှ ရပ်တော့တယ်။ ကိုယ် ဘာကိုဆိုလိုချင်တာကို နားထဲကို မရောက်ဘူး။ သေသေချာချာလည်း နားမထောင် သူပြောချင်တာကိုပဲ စွတ်ပြောနေတာပဲ။ မောင်မောင်နဲ့ စကားပြောရတာ အင်မတန် လက်ပေါက်ကပ်တယ်။ ဆိုလိုချင်တာကို နားမလည် ပြန်မပြော နားမထောင်။ မောင်မောင်နဲ့ အတူနေရတုန်းက နေ့တိုင်းဒေါသထွက် အော်ဟစ်နေရတယ်။ စင်္ကာပူရောက်တော့ ဝမ်းသာလိုက်တာ မောင်မောင်နဲ့ဝေးပြီဆိုပြီးတော့။

နောက်တော့ စမ်းချောင်းက အမေ့မောင် မင်းချေမိန်းမ ဒေါ်လေးက ဟင်းနှစ်ချိုင့် ပို့ပေးတယ်။ တချိုင့်က အမေတို့အတွက်၊ နောက်တချိုင့်က အမေ့ညီမအငယ်ဆုံး ချေချေမဟန်အတွက်။ ချေချေမဟန်က လည်ချောင်းကင်ဆာဖြစ်လို့ ဆေးရုံတက်နေရတယ်။ အင်္ကီျတွေ ဝတ်စရာမရှိတော့ရင် အဖေက အိမ်ကိုပြေး အမေ့ထမီ၊ အင်္ကီျတွေကို အဝတ်လျှော်၊ အရေးထဲ အဝတ်လျှော်စက်ကပျက်၊ မောင်မောင်က အမေ့ကို လူနာစောင့်။ ဟယ်မလေး လူတစ်ယောက် ဆေးရုံတက်တာ တအိမ်လုံး၊ တမျိုးလုံး အကောင်းမနေရ။ မကြီးလည်း စင်္ကာပူမှာ ဆေးရုံသုံးရက်လောက် တက်ရဖူးတယ်။ သာမန်အဖျားက ၃ ၊ ၄ ရက် တာရှည်လာ၊ ဆေးတွေကပြင်း၊ ကိုယ်အပူချိန်က မကျ၊ အားမရှိ၊ သွေးလွန်တုပ်ကွေးလည်း မဟုတ်ဆိုတော့ အရေးပေါ်ဌာနကို သွားခိုင်းတယ်။ ကိုယ်က ငုတ်တုတ်ထိုင်စောင့် အတော်ကြီးကြာတော့မှ ဘယ်အဆောင်ကို ပို့လိုက်ပြီ မနက်ဖြန် လူနာတွေ့ချိန်မှာ လာတွေ့နိုင်ပါတယ်တယ့်။ လူနာတွေ့ချိန်မှာ လူနာသွားတော့ လူနာက ဆေးရုံက ‌ကျွှေးတာစား၊ ဆေးလာတိုက်ရင်သောက်နဲ့ အေးဆေး။ ဆေးရုံတက်တယ်သာဆိုတာ ကိုယ်တွေဆို ဘာမှမပင်ပန်းလိုက်ရဘူး။ အဖေ ဘာလုပ်နေတာလဲမေးတော့ ရေနွေးဝယ်နေတာဆိုလို့ ကိုယ့်မှာအံ့သြ။ ရန်ကုန်ဆေးရုံးကြီးမှာ ရေပူရေအေးစက် မရှိဘူး အထူးကုဆေးရုံတွေမှာမှ ရှိတာတယ့်။

အမေက ဆေးရုံကဆင်းတော့ ထမင်းမချက်နိုင်၊ ဘာမှမလုပ်ဘဲ အနားယူရတယ်။ အိမ်မှာထမင်းချက်တတ်တာဆိုလို့ အဖေပဲရှိတော့ ချက်ပြုတ်ရေးတာဝန် အဖေယူရတာပေါ့။ မောင်မောင်၊ အမေ၊ ချေချေမဟန်ယောကျ်ား အဖေ့ညီဝမ်းကွဲ ဘေးချေမောင်ရွှေထွန်း လူလေးယောက်စာအတွက် ချက်ပြုတ်ရတယ်။ မနက်ဆိုဈေးသွား၊ ချက်ပြတ်၊ အဝတ်လျှော်ဖွတ်နဲ့ ဖုန်းဆက်လိုက်တိုင်း အဖေက ကိုယ်တို့နဲ့ စကားမပြောနိုင်ဘူး။ သမီးရေ အဖေ ဟင်းချက်လိုက်ဦးမယ် အမေနဲ့ပြော။ သမီးရေ အဖေ အဝတ်လျှော်လိုက်ဦးမယ် အမေနဲ့ပြော။ တခါကလည်း မကြီးနဲ့ စကားပြောကောင်းနေလိုက်တာ ဟင်းအိုးတူးသွားလို့တဲ့။ အမေက နင့်အဖေ ငါ့အလုပ်တွေ လုပ်နေရပြီ ထမင်းစားတော့လေလို့ပြောတော့ အဖေက နေပါဦးမောလို့ နားပါရစေဦးတယ့်။ အဖေ ဟိုင်းကြီးပြန်ဆင်းသွားတော့ အမေ ထမင်းပြန်ချက်နေပြီ။ ဆီးချိုကြောင့် အမေ့မျက်လုံးတဖက်က တခြမ်းပဲ မြင်ရတော့တယ်တဲ့။ အမေ လမ်းသွားရင် မြင်ရလားမေးတော့ အမေက ရယ်လိုက်တာ မြင်ရပါတယ် သမီးရဲ့တဲ့။

ဆီးချိုတက်နေတုန်း ခေါင်းတအား ထိုးကိုက်တာမို့ စီတီစကန်ဖတ်ရတယ်။ ဦးနှောက်ထဲမှာ သွေးကြောလေးက ပိတ်လုမတတ် ဖြစ်နေတယ်တယ့်။ ဆေးရုံကြီးမှာ စီတီစကန်ရိုက်ရင် သုံးလတောင်ကြာမယ်ဆိုတော့ အပြင်ဆေးခန်းမှာ ရိုက်ခိုင်းတယ်။ ဆီးချိုဟာ အင်မတန်ဆိုးတာပဲ ဆီးချိုကြောင့် မျက်စိကွယ်သွားနိုင်တယ်၊ လေဖြတ်သွားနိုင်တယ်၊ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ အမေ့ကို ထမင်းတွေ တအားမစားဖို့ ပြောပေမယ့် ထမင်းသမားတွေဆိုတော့ ထမင်းအများကြီး မစားရရင်ဘဲ အားမရှိတော့သလို ခံစားနေတယ်။ ရန်ကုန်မှာက ကားစီးရင် အင်မတန် ပင်ပန်းတော့ ပြန်လာရင် ဆာလောင်နေပြီ ဒီတော့ ထမင်းတွေ အများကြီးစား။ ထမင်းများများ ဟင်းနည်းနည်းစားပြီး ကြီးပြင်းလာသူတွေဆိုတော့ ထမင်းလျှော့စားဖို့က အတော့်ကို မလွယ်။ ကိုယ်တွေလည်း စင်္ကာပူရောက်စက ဆိုင်တွေမှာစားရင် ထမင်းအပို မှာရတယ်။ နောက်နည်းနည်းကြာတော့မှာ ထမင်းသိပ်မစားတော့တာ။ ဆီးချိုသမားတွေ စားတယ့်ဆန်ကို ဝယ်စားပေမယ့်လည်း ဆီးချိုက သိပ်မကျချင်လို့ အမေစားတယ့်ထမင်းပန်ကန်ကို မကြီးက ဓာတ်ပုံရိုက်ခိုင်းပြီး စစ်တော့မှ အမေစားနေတယ့် ထမင်းက ကိုယ်တို့စားနေတာထက် များတယ်။ အမေ့ရေ သမီးတို့ ထမင်းပေါင်းအိုးမှာပါတယ့် ဆန်ချိန်ခွက်လေး ရှိတယ်မလား အဲဒီတခွက်ကို ညမနက်စားရမယ်လို့ပြောတော့ စားမယ်တယ့်။

တနေ့တနေ့ ဆီးချိုဘယ်လောက်လဲ ဘာတွေစားလည်းလို့ ကိုယ်တို့ညီအစ်မတွေ အမေ့ကို စစ်မေးရတယ်။ အမေ လေ့ကျင့်ခန်းလုပ်ဆို ပြေးတယ့်စက်ရှိပေမယ့် မပြေးနိုင်ဘူး။ လက်လှုပ်တာလောက်ပဲ လုပ်တယ်တယ့်။ မကြီးက အမေ့ကို ယောဂသင်ခိုင်းမလို့တယ့်။ အမေရိကန်အနောက်ဖက်ခြမ်းကို ၇ရက်ခရီးသွားတုန်းက ယူတာ့၊ အရီဇိုးနားပြည်နယ်ဖက်မှာ အေးရှန်းနည်းတော့ အေးရှန်းဆိုင်တွေမရှိ ထမင်းသုံးနပ်လောက် မစားလိုက်ရတာကို မျက်နှာလေးတွေငယ် မျက်နှာတွေ မသာမယာဖြစ်။ စားသောက်ဆိုင်ရောက်ရင် ထမင်းအဖြူလိုက်ရတာက အလုပ်တစ်ခု။ ထမင်းမစားရလို့ လက်ကလေးတွေတောင် ပိန်သွားပြီဆိုပဲ။ ယူအက်စ်မှာ တလနေလိုက်တာ အတော်ကိုယ်ရည် စစ်သွားတယ်။ ကိုယ့်ရှေ့မှာမို့ ထမင်းသိပ် မစားကြတာလား မသိဘူး။ မြန်မာပြည်မှာက အစားအသောက်တွေက ဆေးဆိုး၊ စီးပွားရေးသမားတွေက အမြတ်ရအောင် ကျန်းမာရေးနဲ့ မညီညွတ်တာတွေထည့်၊ ပိုးသတ်ဆေးတွေ တအားဖြန်းဆိုတော့ နိုင်ငံခြားက လူတွေလောက် သက်တမ်းစေ့ မနေရဘူး။ သွေးတိုး၊ ဆီးချို အဖြစ်များတယ်။ အသီးအနှံတွေကလည်း ဈေးကြီး၊ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းက မလုပ်ကြတော့ မြန်မာပြည်က ကိုယ်နဲ့သက်တူ ရွယ်တူတွေဆို ဗိုက်တွေရွှဲနေကြပြီ။ ကင်ဆာဌာနမှာ လူနာအင်မတန်များတာ အဖေက သူရောက်ဖူးတဲ့ဌာနတွေထဲမှာ ကင်ဆာဌာနက လူအများဆုံးတယ့်။

လည်ချောင်းကင်ဆာဆိုလို့ လည်ပင်းမှာ ဖြစ်တာထင်နေတာ လည်ချောင်းပြွှန်နဲ့ အစာအိမ်နား ချိတ်ဆက်တယ့် နေရာမှာဖြစ်တာတယ့်။ ဒီတော့ အစားအသောက် မမြိုနိုင်ဘဲ ဗိုက်နဲ့သွင်းရတယ်။ အားအရမ်းနည်းနေလို့ နှစ်ပတ်အိမ်မှာ အနားယူခိုင်းပြီး ခွဲစိတ်မယ်ဆိုတော့ ကင်ဆာက ဦးနှောက်ထဲအထိ ပြန့်နေပြီတယ့်။ လူနာကို ပိုးသတ် ခံနိုင်ရည်ရှိအောင် ဆေးတွေထိုးပြီး ပုသိမ်ကို ကားနဲ့သယ်၊ ပုသိမ်ကနေ ဟိုင်းကြီးအထိ ပဲ့ထောင်ငှား အောက်ဆီဂျင်ဘူးတွေပါ သယ်ရတယ်။ ဟိုင်းကြီးရောက်ပြီး နှစ်ရက်ပဲကြာတယ် ဆုံးပြီတယ့် မေမေ့ညီမအငယ်ဆုံးက ၄၅ နှစ်ပဲ ရှိသေးတယ်။ ကွမ်းသိပ်မစားနဲ့ ကင်ဆာဖြစ်လိမ့်မယ်လို့ အမေကပြောရင် လက်မခံဘူး ကွမ်းစားလို့ဖြစ်တာ မဟုတ်ဘူးတယ့်။ ရင်သားကင်ဆာက မျိုးရိုးကြောင့် ဖြစ်တတ်ပေမယ့် လည်ချောင်းကင်ဆာကတော့ မျိုးရိုးကြောင့်မဟုတ် အစားအသောက် နေထိုင်မှု life style ကြောင့်တယ့်။ မနေ့က မကြီးက သူဖေ့ဘွတ်မှာ ဖတ်ရတာကို ပြောပြတယ်။ နိုင်ငံခြားမှာဆို ကွမ်းသီးကို အာဗင်နဲ့ အခြောက်ခံပေမယ့် မြန်မာပြည်မှာတော့ ကန့်၊ ဆာဖြူရစ်အက်ဆစ်တွေနဲ့ပေါင်းပြီး အခြောက်ခံတာတယ့်။ အဲဒီပေါင်းခံတယ့် အဆောက်အဦးက ပတ္တာ၊ သွပ်တွေဆို နှစ်နှစ်လောက်နဲ့ ဆွေးကုန်တာတယ့်။ ကန့်အနံ့က အရမ်းပြင်းလွန်းလို့ ဘယ်သူက မဝင်နိုင်ဘူးတယ့် မီးထိုးရတယ့်သူတွေ၊ ကွမ်းသီးအိတ်သယ်တယ့်သူတွေဆို ရှူနာရှိုက်ကုန်းလေးတွေ ဖြစ်ကုန်တာတယ့်။ ကွမ်းသီးကို ကန့်နဲ့ပေါင်းလိုက်ရင် ဖြူဖွေးသွားပြီး ကန့်များများပါလေ မှိုမတက်လေတယ့်။ အဲဒီလို ကျန်းမာရေးနဲ့ မညီညွှတ်တာတွေစားပြီး ကင်ဆာတွေ ဖြစ်ကုန်ကြတော့တာပဲ။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

စန်းထွန်း
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၅။

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၈

မောင်မောင်ရေ နင့်သားကို နာမည်ပေးပြီးပြီလားလို့ မေးတော့ ဖုန်းသက်ခေါင်လို့ ဗေဒင်ဆရာက နာမည်ပေးထားတယ့်။ ဟင်... နာမည်ကြီးကလည်း ဗေဒင်ဆရာနာမည်ကြီး သူ့အဖေနာမည်ပါအောင် ထွန်းပါတာလေး မှည့်ပါလား။ ကိုယ်က ဗေဒင်ဆရာနာမည်ကြီးလို့ ဝေဖန်၊ ခဲအိုကလည်း ဒါဆို ဖသခလို့ ခေါ်ရမှာပေါ့လို့ ဟာသလုပ်။ ကိုယ့်မောင်တဝမ်းကွဲ (မေမေ့ညီမအလတ် ချေချေကြီးရဲ့သားငယ်) က စာတော်တယ် ဆယ်တန်းမှာ ဆေးအမှတ်မှီတော့ ဆေးတက္ကသိုလ် တက်ချင်ပေမယ့် မိသားစုက မပြေလည်တော့ မတက်နိုင်။ အဲဒါကို ကိုယ်တို့ဦးလေး အမေ့မောင် မင်းချေရဲ့ ယောက္ခထီးက ဘယ်အပြားနဲ့ တက်မှာလဲလို့ ပြောတာကို ကြားရတော့ ချေချေကြီးက သူ့အစ်ကိုမောင်းချေကို တိုင်တယ်။ အစ်ကို ကြည့်ပြောထား ကလေးတို့အဖေသိရင် ပြသနာလာရှာဦးမယ်လို့ ပြောတာကို မင်းချေက အမွေတောင်းလို့ သူတို့လည်း ယောက္ခထီးနဲ့ စကားမပြောဘူးတယ့်။ မင်းချေရဲ့ ယောက္ခထီးနာမည်က မောင်ဖြူသန် အပေါ်မှာ လေယာဉ်ပျံ အောက်မှာ လေယာဉ်ပျံလို့ ပြောစမှတ်ပြုကြတယ်။ လည်တယ် ဝယ်တယ် ဒါပေမယ့် တသက်လုံး အလုပ်ဆိုတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ သမက်၊ သမီးကောင်းလို့ အေးအေးချမ်းချမ်း နေရတာကို ကျေးဇူးမတင်တယ့်အပြင် သိန်း ၂၀၀ အမွေတောင်းသတဲ့။ အံ့ရော အံ့ရော ဒီလိုမိဘမျိုးလည်း ရှိသေးတယ်။

နယူးယောက်မှာ အဖေတို့ရှိနေတုန်းက ရုံးပိတ်ရက်တမနက် လက်ဖက်ရည်သောက်၊ မုန့်စား၊ အဖေက တရုတ်ကုန်စုံဆိုင်က ယူလာတယ့် တရုတ်သတင်းစာကို အရုပ်ကြည့်။ ကိုယ်က တရုတ်သတင်းမှာ တွေ့ရတယ့် ဂျာမနီက အိန်ဂျယ်လာမာကဲ ဓာတ်ပုံကိုတွေ့တော့ အဲဒီအမျိုးသမီးက ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးအမျိုးသမီးလို့ပြောတော့ အဖေက ဦးသိန်းစိန်လောက် တော်ပါ့မလားတယ့်။ ဘာ .... ဦးသိန်းစိန်ဆိုတာ အိန်ဂျယ်လာမာကဲ ခြေဖျားကိုတောင် မမှီဘူး။ ဦးသိန်းစိန် ဘာတော်လဲ လည်လေးတုန်တုန် ခေါင်းလေးတုန်တုန်နဲ့ မိဘပြည်သူများခင်ဗျာပဲ ပြောတတ်တယ် ဘာအစွမ်းအစရှိလို့လဲ။ ဒေါ်အောင်ဆန်းစုကြည်က သြဇာအရှိဆုံးအမျိုးသမီး နံပါတ်နှစ်၊ ဟီလာရီကလင်တန်လည်း နံပါတ် ၁၀ အတွင်းမှာ ပါတယ်။ ကိုယ်နဲ့အမေ အဖေ့ကို ကက်ကက်လန်အောင် ရန်တွေ့လိုက်ကြတာ အဖေဆိုတာ နောက်များ ဦးသိန်းစိန်လို့ ကိုယ်တို့ရှေ့မှာ မဟရဲတော့ဘူး။ မဲပေးကြမယ်ဆိုတော့ အဖေ ဘာပါတီကို ပေးမှာလဲဆိုတော့ NLD ကို ပေးမှာပါတယ့် NLD က မဲဆွယ်စည်းရုံးပွဲတောင် သွားသေးတယ်တယ့်။ ရန်ကုန်မှာ မဲပေးရမယ်လို့ထင်နေတာ အလုပ်ရှိလို့ ဟိုင်းကြီးကိုဆင်းသွားရတော့ အဖေတို့ ဟိုင်းကြီးမှာပဲ မဲပေးဖြစ်တယ်။ ဟိုင်းကြီးမှာက အင်တာနက်မရတော့ ဗိုင်ဘာကနေ စကားမပြောဖြစ်ဘူး။

ရန်ကုန်တက်လာတော့မှ ဟိုင်းကြီးမှာ မဲပေးတယ့်အကြောင်း ပြောကြတော့မှ အဖေက ဟိုင်းကြီးမှာ NLD ပါတီကို မဲထည့်ဖို့ စည်းရုံးတယ်တဲ့။ ယူသွားတယ့် Eleven Media ဂျာနယ်တွေကို အိမ်နားနီးချင်း၊ ဟင်းရွက်လာရောင်းတယ့် ဟင်းရွက်သည်မကို ဖတ်ခိုင်း၊ NLD ကို မဲထည့်ဖို့ ဆော်သြတယ်။ အဖေက သူ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများ ရောက်ဖူးတယ်။ အဲ့ဒီအထဲမှာ မြန်မာပြည်က အဆင်းရဲဆုံးပဲ။ ကျောက်စိမ်း၊ သဘာဝဓာတ်ငွေ့တွေ ထွက်ရဲ့သားနဲ့ စစ်အစိုးရ အုပ်ချုပ်တာ မကောင်းလို့ ဆင်းရဲနေတာ။ ကျောင်းတွေဆောက်ပေးတာ၊ လမ်းတွေခင်းပေးတာ အစိုးရကို ကျေးဇူတင်စရာ မလိုဘူး။ ဒါ အစိုးရက မဖြစ်မနေ လုပ်ပေးရမှာ။ ဟိုင်းကြီးတဖက်ကမ်း ကျောက်ချောင်းရွာမှာ ကြံ့ဖွတ်ပါတီဝင်က သူဋ္ဌေးဆိုတော့ ဟင်းရွက်သည်တွေက ချေးငှားထားတာတွေ ရှိတယ်။ ဒီတော့ ကြံ့ဖွတ်ပါတီကို မဲပေးရမယ်တယ့်။ အဖေက နင် လျှို့ဝှက်ခန်းမှာ မဲပေးရတာ နင် ဘာပါတီကို မဲပေးတာကို ဘယ်သူမှမသိဘူး။ ပေးတာယူ၊ ‌ကျွှေးတာစား၊ NLD ကို မဲပေးဟ။ အဖေ စည်းရုံးရေးကောင်းလို့ အိမ်မှာ အုန်းအုန်းကို ထနေတာပဲတယ့်။ နိုဝင်ဘာ ၈ ရက် မဲပေးတယ့်နေ့မှာ အဖေက စာသင်ကျောင်းမှာ မဲအရင်သွားပေး။ ပြီးမှာ အမေ၊ အိမ်ကလူတွေကို သင်ပေး။ သူများတွေ မဲပေးကြတာကို အားကျလို့နဲ့ တူပါရဲ့။ ကိုယ်တို့အဘိုး အသက် ၈၀ ကျော်ကလည်း မဲပေးချင်ပါတယ်ဆိုလို့ လိုက်ပို့ရသေးတယ်။

ဟိုင်းကြီးမှာ ပမ္မဝတီရေတပ်ဋ္ဌာနချုပ်ရှိတော့ ကြံ့ဖွတ်နိုင်မယ်ထင်တာ NLD နိုင်ပါတယ်တယ့်။ ဟိုင်းကြီးကွ .... ပုသိမ်ကွ .... လှိုင်မြို့နယ်ကွ တော်တော်လေး ကွလိုက်ရတယ်။ ကျောက်ချောင်းကတော့ ဖွတ်နယ်။ ဟိုင်းကြီးကျွှန်း ရေတပ်ကလူတွေ ဟိုင်းကြီးမှာလည်း မဲပေး ကိုကိုးကျွှန်းမှာ မဲပေးတယ့် သတင်းတွေ ကြားလိုက်တယ်။ အဖေ အရင်က နိုင်ငံရေးတွေ ဘာတွေစိတ်မဝင်စားပါဘူး၊ အမေ၊ မကြီး၊ ကိုယ်တို့တွေ ပြောနေရင် ဘာမှဝင်မပြောဘူး။ ခုမှ ဘာလို့စိတ်ဝင်စားလာတာလဲလို့မေးတော့ အဖေ သိတာပေါ့ သူတို့တွေ မတရားအုပ်ချုပ်မင်းလုပ်နေတာ။ အာဏာရှိတယ့်သူကို ကြောက်ရ၊ ဖားရ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး သူတို့ကို အောက်ကျို့ကြောက်နေရသေးတယ်။ ပမ္မဝတီရေတပ် ဋ္ဌာနချုပ်မှုးဟောင်းက ပြောတယ် ဟိုင်းကြီးမှာသာ နောက်ထပ် ၅ နှစ်လောက် နေရရင် တသက်စား မကုန်ပါဘူးတယ့်။ ဟိုင်းကြီးကျွှန်းက ကျေးရွာတွေကို ချိတ်ဆက်ထားတယ့် တာပေါင်လမ်းက ဒေသခံတွေ လုပ်အားပေးနဲ့ ဖောက်လုပ်ထားတာပါ။ ဟိုင်းကြီးမှာ ကိုယ်ရှိနေသေးတယ့်အထိ လုပ်အားပေးဆိုတာ ရှိသေးတယ်။ လစဉ် လုပ်ငန်းရှင်တွေက စလင်းပိုင်ကြေး ကောက်တယ်။ စလင်းပိုင်ကြေးဆိုတာ မြန်မာ့ရေတပ်မတော်က မြန်မာ့ပင်လယ် ရေပိုင်နက်ကြီးကို စောင့်ရှောက်ကင်းလှည့်ဖို့ လိုအပ်တယ့် ဓာတ်ဆီကြေးပါတယ့်။ လူကြီးတစ်ယောက်လာရင် ကုန်ကျတယ့် သိန် ၂၀၊ ၅၀ ကို လုပ်ငန်းရှင်တွေ အချိုးကျထည့်ဝင်ရတယ်။ ရဲအရာရှိ စာမေးပွဲသွားဖြေမယ်ဆိုရင်လည်း လုပ်ငန်းရှင်တွေ ထောက်ပံ့ရတယ်။

မောင်မောင်က အလုပ်ကို ဖိဖိစီးစီးမလုပ်၊ အားရင် လက်ဖက်ရည်ဆိုင်ထိုင်၊ သူငယ်ချင်းတွေနဲ့ ဟေးလားဟားလား၊ ဂိမ်းဆော့။ အရင်တုန်းကတော့ အသက် ၂၅ ကျော်ရင် ရင့်ကျက်လာလိမ့်မယ်၊ နောက် အိမ်ထောင်ကျရင် ရင့်ကျက်လာလိမ့်မယ်၊ နောက် ကလေးအဖေ ဖြစ်လာရင် ရင့်ကျက်လာလိမ့်မယ်နဲ့ မောင်မောင်ကတော့ အခုထိ မပြောင်းလဲသေးဘူး။ မောင်မောင် မပြောနဲ့ ကိုယ်တို့အဘိုး အသက် ၈၀ ကျော် ခုထိဘာမှ မပြောင်းသေးဘူး။ အဖေပေးတယ့် ပိုက်ဆံကို ချဲထိုးတယ်၊ ချဲဘာလို့ ထိုးတာလဲဆိုတော့ လှုဖို့၊ မင်းတို့ ကုသိုလ်ရအောင်လို့တယ့်၊ ကုသိုလ် မလိုပေါင်၊ လှုဖို့တန်းဖို့ ငယ်ငယ်ကတည်းက စုဆောင်းထားပါလား တော်တော်ဆိုးတယ့် အဘိုးကြီး။ အမွှေတောင်းတယ့်၊ ပေးသမျှ ချဲထိုးပစ်၊ မူးယစ်သောက်စားနေတယ့်သူတွေကို   မိဘမတော်ရတာ ကိုယ်တို့ အတော်ကံကောင်းတယ်။ အရင်အပတ်က အမေ ဆီးချိုတက်ပြီး နေမကောင်းဖြစ်တာ ဆေးရုံ ၃ ခုပြောင်းရတယ်။ နောက်ဆုံး ဘန်ကောက်မှာ သွားကုမယ်လို့ ဆုံးဖြတ်ပြီး လေယာဉ်လက်မှတ် မောင်မောင့်ကို ဖုန်းဆက်စုံစမ်းခိုင်းတယ်။   ညနေလေယာဉ်လက်မှတ်က ဘယ်လောက်လဲလို့မေးတော့ မမေးခဲ့ဘူးတယ့်။ မနက်လေယာဉ်ဆို မနက်လေယာဉ်ပဲ မေးတယ်။ ညနေလေယာဉ်က ဘယ်လောက်လဲ၊ ပိတ်ရက်တွေဆို ဘယ်လောက်လဲ၊ ပရိုမိုးရှင်း ရှိလား တခါတည်း မေးလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ။ အဲဒါတွေ မမေးဘူးလားမေးတော့ ပြောပါလားတယ့်။ ပြောရင် ပြောတာပဲလုပ်တယ် ညဏ်မသုံးဘူး တော်တော်အသုံးမကျတယ့်ကောင်။

သူ့မိန်းမက မောင်မောင်ဟာ အိမ်အလုပ် ကူမလုပ်၊ ကလေးကိုမကြည့်၊ သူငယ်ချင်းတွေနဲ့ ဟေးလားဟားလား၊ ဂိမ်းပဲဆော့နေတာပဲတဲ့။ ကလေးကို သူ့အဖေနဲ့ မတူစေချင်ဘူး သူ့အဘိုး ကိုယ်တို့အဖေနဲ့ တူစေချင်တယ်လို့ ပြောသွားတာကို အမေက ပြန်ပြောတော့ ကိုယ့်မှာ ရယ်လိုက်ရတာ။ ဒေါ်မျိုးချစ် မကြီးက သူ့မောင် အဲဒီလိုအပြောခံရတယ်ဆိုတော့ စိတ်မကောင်း ကိုယ့်မောင်အသုံးမကျတာကိုး။ မောင်မောင်နဲ့တွေ့ရင် အိမ်အလုပ် ကူလုပ်ဖို့၊ ကလေးထိန်းဖို့၊ အလုပ်တွေကို ဖိဖိစီးစီးလုပ်ဖို့ ပြောနေရတယ်။ မောင်မောင်ရေ နင့်သားကို ချစ်သလားမေးတော့ ချစ်တာပေါ့ဟ။ နင်ကိုယ်တိုင် ဖိနပ်ကို ညီညီညာညာချွှတ်၊ အဝတ်ဟောင်းကို အဝတ်တောင်းထဲထည့်၊ စည်းကမ်းရှိရှိ နေပြမှ နင့်သားက လိုက်လုပ်မှာပေါ့။ နင့်သားကို စည်းကမ်းရှိစေချင်ရင် နင်ကအရင် စည်းကမ်းရှိရှိနေဖို့ လိုတယ်။ နင် အဖေနဲ့အမေကို အဖေ ဘာသိလဲ၊ အမေ ဘာသိလဲလို့ပြောတာ မှတ်မိလား။ ခု နင့်သားက နင့်ကို အဖေ ဘာသိလဲ ပြောလာတော့မယ် နင်တော့ ဝဋ်လည်တော့မယ် မောင်မောင်ရေ။ ကိုယ်ပြောတော့ ဘာမှပြန်မပြောဘူး။ အဲဒီအကြောင်းပြောပြီး ကိုယ်တို့သားအမိတွေ ရယ်ရလိုက်တာ။ ပြောပါတယ် မောင်မောင်အစ်မ အငယ်ကလည်း ခပ်ဆိုးဆိုးပါလို့။

Happy Thanksgiving !

စန်းထွန်း
နိုဝင်ဘာ ၂၆၊ ၂၀၁၅။

ရေးခဲ့ပြီးတာက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၅
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၆
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၇

စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် ...



စမ်းချောင်း၊ အင်းစိန်နဲ့ ဟားဗတ်မှာ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်လို့ ဖတ်မိရာက လက်ကမချ နိုင်လောက်အောင် ဖြစ်သွားခဲ့တယ့် စာအုပ်ပါ။ ထောင်ဆိုတာ ဘယ်သူမသွားချင်တယ့်နေရာ။ စစ်အစိုးရရဲ့ မတရားဖိနှိပ်မူကြောင့် ထောင်ကျခဲ့ရပြီး ထောင်အတွင်းက ပြသနာပေါင်းစုံကို ရေးသားထားတယ့်စာအုပ်ကို ဖတ်ရတော့မှပဲ ကျွန်မတို့တွေ မမြင်မသိနိုင်တယ့် ထောင်အတွင်းက အကြောင်းစုံကို သိရတော့တယ်။ ထောင်တွင်းမှာတောင် နိုင်ငံခြားက ဆေးပညာ စာမေးပွဲဖြေဖို့အတွက် ပြင်ဆင်ကြိ ုးစားတာ မရခဲ့ပေမယ့် တနေ့နေ့မှာတော့ အဲဒီစာမေးပွဲကို ရအောင်ဖြေမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ့် မျှော်လင့်ချက်အိမ်မက်၊ ထောင်အတွင်းမှာ ကြံ ုတွေ့ရတယ့် အခက်အခဲတွေကို မလျှော့တယ့်ဇွဲလုံ့လ၊ စိတ်ဓာတ်ပြင်းပြင်းနဲ့ ကျော်ဖြတ်သွားတာ ချီးကျူးမိတယ်။ မကြီးကို ဒီစာအုပ်လေး ကောင်းတယ်လို့ပြောတော့ သူဖတ်ပြီးပြီ အရမ်းကောင်းတယ်တဲ့။ ဆရာမ မသီတာ(စမ်းချောင်း) စင်္ကာပူလာ ဟောပြောပွဲလုပ်တုန်းက သူမသိလိုက်လို့ မသွားလိုက်ရဘူးတယ့်။ ဖတ်ပြီးရင် ကြိ ုက်မကြိ ုက် လာပြောကြဦးနော်။

ဘားမီးကလပ်စစ် စာအုပ်စင် ဒီလင့်ခ်လေးကနေ ဒေါင်းနိုင်ပါတယ်။

စန်းထွန်း
နိုဝင်ဘာ ၂၁၊ ၂၀၁၅။

Photo - credit to Google

သာစွ ရခိုင်မြေ - ၂

ကွန်ပျူတာစနစ်မဟုတ်ဘဲ စာရွက်စာတမ်း အမှားအယွင်းတွေနဲ့ဆိုတော့ မဲပေးရမယ့်စာရင်းမှာ ပါပေမယ့် မဲလက်မှတ်မရတာတွေ ပြသနာပေါင်း သောင်းခြောက်ထောင်။ သံရုံးတွေက အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်ပေးကြပါတယ်။ ၆၈ မီလျံယံသုံးပြီး မှန်ကန်သမာသမတ်ကျတယ့် ရွေးကောက်ပွဲဖြစ်ရမယ်လို့ ကတိပေးပြီး အခုတော့ ၃၀ ရာခိုင်နှုန်းပဲ မှန်ပါတယ်တယ့်။ လူသုံးသောင်းလောက်ကိုတောင် စနစ်တကျ မဲပေးနိုင်အောင် မလုပ်ပေးနိုင်ဘဲနဲ့များ သန်း ၄၀ ကို စနစ်တကျ မဲပေးနိုင်အောင် ဘယ်လိုစီစဉ်မလဲ မသိဘူး။ အမေရိကန်ဆို အကျယ်ကြီး နယူးယောက်နဲ့ ဝါရှင်တန်ဒီစီသံရုံးတွေကို အချိန်ကုန်၊ ငွေကုန်၊ ပင်ပန်းခံပြီး ဘယ်လိုလုပ် မဲလာပေးနိုင်ပါ့မလဲ။ ဆရာဒေါက်တာခင်မောင်ညိုတို့ နိုင်ငံခြားမှာ မဲပေးတုန်းက မဲပေးချင်ပါတယ်လို့ အကြောင်းကြားလိုက်ရင် သံရုံးက မဲလက်မှတ်တွေကို စာတိုက်ကနေ ပို့ပေးတယ်တယ့်။ မဲလက်မှတ်မှာ ကိုယ်ပေးချင်တယ့်ပါတီကို မဲပေးပြီးရင် စာတိုက်ကနေတဆင့် သံရုံးကို ပို့ပေးလိုက်တယ်တယ့်။ တရားခံက ဆော့ဝဲလ်ကြောင့်တယ့် ဒါသက်သက် ကျွန်မတို့ ပရိုဂရမ်မာတွေကို သိက္ခာချတာ တေချင်းဆိုးကြီးတွေ။ ကျွန်မအစ်မဆိုရင် မနက် ၃ နာရီခွဲလောက်ကတည်းက တန်းစီတာ ည ၅ နာရီကျော်မှ မဲပေးရတယ်။ အလှုရှင်တွေ၊ ဗော်လန်တီယာတွေ တကယ်ချီးကျူးဖို့ ကောင်းတယ် ဗိုက်တချက်မှမဆာ ဗိုက်ကားနေအောင် စားရပါတယ်တယ့်။ ခဲအိုကို စောင့်ခိုင်းထားပြီး မကြီးတို့က နေရိပ်မှာစောင့် နည်းနည်းလေးရွေ့ရင် လိုက်ရွေ့။ ပင်ပန်းလို့ ပလက်ဖောင်းမှာ အိပ်ပျော်သွားတာ နှစ်ခါတောင်တယ့်။ တနေကုန် နေပူကြီးမှာ စောင့်ရတော့ ခဲအိုဆို နေမကောင်းချင်တောင်ဖြစ်ပြီး ဆေးသောက်လိုက်ရတယ်။ အတော်ပင်ပန်းပေမယ့် ပင်ပန်းတယ်လို့ မထင်ပါဘူး ကိုယ့်မဲတပြားက တိုင်းပြည်အတွက် အရေးကြီးတယ်လေတယ့်။ ပတ်စ်ပို့စ်သက်တမ်းတိုးဖို့၊ အခွန်ဆောင်ဖို့ဆိုရင် မနက်အစောကြီး လေးနာရီထပြီး တန်းစီနေကြဆိုတော့ မြန်မာတွေအတွက် ဒုက္ခဆိုတာကို ထုပေထောင်းပေ ခံနိုင်ရည်ရှိပြီးသား။

အဖေတို့ နယူးယောက်မှာ ရှိနေတုန်း ရုံးပိတ်ရက် မနက်ခင်းမှာ လက်ဖက်ရည်သောက် မုန့်စား အဖေက တရုတ်ကုန်စုံဆိုင်ကနေ ယူလာတယ့် တရုတ်သတင်းစာကို အရုပ်ကြည့်နေတုန်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဓာတ်ပုံကိုတွေ့တော့ ကျွန်မက အဲဒီအမျိုးသမီးက ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ ထဲမှာ နံပါတ်တစ်၊ အမေစုက နံပါတ်နှစ်။ အဖေက မျက်မှန်ပေါ်ကနေ ကျော်ကြည့်ပြီး ဦးသိန်းစိန်လောက် တော်ပါ့မလားတယ့်။ ဘာ အိန်ဂျလာမာကဲလ်ဆိုတာ ပြင်သစ်၊ အီတလီ၊ ဘယ်လဂျီယံ၊ နယ်သာလန် ဥရောပနိုင်ငံတွေကို ဦးဆောင်နိုင်တယ့် အမျိုးသမီး ဦးသိန်းစိန် သူ့ခြေဖျားကို မမှီဘူး။ ဦးသန်းရွှေစကားကို မြေဝယ်မကျ နားထောင်လို့ သမ္မတဖြစ်လာတာ။ မိဘပြည်သူများခင်ဗျားဆိုပြီး လည်လေးတုန်တုန် ခေါင်လေးတုန်တုန် ပြောတတ်တာကလွဲရင် ဘာအစွမ်းအစ ရှိလို့တုန်း။ သူများရှေ့မှာ အဲဒီစကားကို ဘယ်တော့မှ သွားမပြောလေနဲ့ ရှက်စရာကြီး အေးလေ။ အဖေက သူဘဲမပြောသလို မသိချင်ယောင် ဆောင်နေလေရဲ့။ အမေက မူလတန်းလောက်ပဲ ကျောင်းတက်ခဲ့ရပေမယ့် မြန်မာ့ရုပ်မြင်သံကြားကနေ ၈ နာရီ သတင်းလာရင် တီဗွီပိတ်ပဲ။ တံတားတွေ၊ ရေကာတာတွေ၊ တက္ကသိုလ်တွေ ဖွင့်ပြီး တီဗွီထဲမှာ တိုင်ပြည်ကြီးက တိုးတက်နေတာကိုး။ CNA သတင်းလာရင် ကျွန်မတို့တွေကို ဘာသာပြန်ခိုင်းတယ်။ အဖေက ၈ နာရီသတင်းကို ဖွင့်ထားတတ်တယ် ကျွန်မတို့တွေ ကွန်ပလိမ်းတက်တော့ အသံတိုးတိုးလေးနဲ့ ဖွင့်တယ်။ အဖေဟာ အမြှော်အမြင်ရှိပြီး ရိုးသားကြိ ုးစားပေမယ့် နိုင်ငံရေးမှာတော့ အတော်ရှော်တာပဲ။ အမေ၊ မကြီး၊ ကျွန်မတို့လို နိုင်ငံရေးစိတ်ဝင်စားတယ့် သူတွေကြားထဲမှာ ဦးသိန်းစိန်လောက် တော်ပါ့မလားလို့ စကားထွက်လာတာ တော်တော်စိတ်ဆိုးမိတယ်။ အမေနဲ့ ကျွန်မဆိုတာ အဖေ့ကို ကက်ကက်လန်အောင် ရန်တွေ့လိုက်တာ နောက်များ ဦးသိန်းစိန်ဆိုတယ့် နာမည်ကို ကျွန်မတို့ရှေ့မှာ မပြောရဲတော့ဘူး။

အဖေ ဘယ်သူ့ကို မဲပေးမလဲမေးတော့ NLD ကို မဲပေးပါမှာတယ့်။ ဟင်းနော် ဦးသိန်းစိန်တို့ ကြံ့ဖွတ်ပါတီကို မဲမပေးနဲ့။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြစ်ဆုံရေကာတာကို ရပ်ပေးတာ တစ်မှတ်။ ဒါကလည်း သူ့အစိုးရလက်ထက်မှာပဲတယ့်။ ဘင်္ဂါလီကိစ္စမှာ ရိုဟင်ဂျာတွေ မရှိဘူးလို့ ရပ်တည်ပေးတာ တစ်မှတ်။ မရပ်တည်ပေးလို့လည်း မရဘူး မရပ်တည်ပေးရင် ရခိုင်မြေကို သူတို့တွေ ခြေတလှမ်းမှ လှမ်းခွင့်ရမှာ မဟုတ်ဘူး။ အမေစုနဲ့ တွေ့ဆုံတယ် တစ်မှတ်။ ထိုင်ဝမ်မှာ မုန်တိုင်းတိုက်တော့ သမ္မတက လွှတ်တော်ကနေ တိုက်ရိုက်ညွှန်ကြားတယ်။ မြန်မာပြည်မှာ ရေကြီးတော့ ဦးသိန်းစိန်က ရေကာတာ ရေကင်းစောင့်တယ်။ ဦးသိန်းစိန် လာဘ်စားမှုကင်းတယ်၊ စိတ်နှလုံးကောင်းတယ်ဆိုပေမယ့် တိုင်းပြည်ကို ဦးဆောင်ရလောက်အောင် မတော်မထက်မြက်ဘူး။ ခုလည်း ပြောင်းလဲချိန်တန်ပြီဆိုတော့ ဘာတွေပြောင်းလဲဖို့ လိုလဲတဲ့။ အရည်အချင်းမရှိ ခပ်တည်တည် သမ္မတတက်လုပ်နေတယ့် ခင်ဗျားကြီးကို ပြောင်းလဲဖို့၊ လွှတ်တော်ထဲမှာ စိမ်းစိမ်းတွေ မရှိဖို့၊ ၂၀၀၈ အခြေခံဥပဒေကို ပြောင်းလဲဖို့၊ အစိုးရဆိုတာ အာဏာရှင်လူတစုအတွက် မဟုတ်ဘဲ ပြည်သူတွေအတွက် ပြောင်းလဲဖို့ဆိုပြီး ကြိမ်လုံးနဲ့ ခပ်စပ်စပ်လေး ရိုက်ပစ်ချင်တယ်။ ပြည်သူတွေ ရင်ထဲက ခေါင်းဆောင်က ဘယ်သူလဲဆိုတာ အားလုံးသိပြီးသား။ မသိချင်အောင် ဆောင်ရင်တော့ တမျိုးပေါ့လေ။ မွန်ပြည်နယ်ဖက်မှာ မဘသဘုန်းကြီးတစ်ပါးက မျိုးစောင့်ဥပဒေကို ကြံ့ဖွတ်ပါတီက ပြဋ္ဌာန်းခဲ့တာ။ သူတို့ပြဋ္ဌာန်းတာကို သူတို့ဖျက်ပါ့မလားလို့ မဲဆွယ်တရားဟောတာ သတင်းမှာတွေ့လိုက်ရတော့ ရင်ထဲကျလိကျလိ ဖြစ်တယ်။ ၂၀၀၇ ရွှေရောင်တော်လှန်ရေး၊ လက်ပန်းတောင် မီးလောင်ဗုံးကိစ္စတွေမှာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူတွေက ဘယ်သူများပါလိမ့်။ မောင်မောင့်ယောက္ခမအိမ်က မဘသတွေ သူ့မရီးက မဘသမှ မဘသ။

ဦးသိန်းစိန်ပုံကို ပရိုဖိုင်ချိန်းထားတယ် ခေတ်ပညာတတ်ဖြစ်ပြီး ဘာသာရေးမှိုင်းမိနေရှာတယ်။ ဖေ့ဘွတ်၊ သတင်းဋ္ဌာနတွေ၊ မဘသက ဆွယ်တာတွေကို အသိညဏ်ပညာနဲ့ ဝေဖန်မပိုင်းခြားနိုင်ဘူး။ မောင်မောင့်ယောက္ခမအိမ်ဖက်မှာ မဲပေးရင် NLD ကို မပေးမှာစိုးလို့ အမေက သူ့သားကို လှိုင်မြိ ု့နယ်မှာပဲ မဲပေးခိုင်းတယ်။ နင့်သားအတွက် NLD ကို မဲပေးတယ့် အမေက။ နိုင်ငံခြားမှာတော့ ဘယ်ပါတီကို မဲပေးတယ်ဆိုတာ လျှို့ဝှက်ချက်။ ကျွန်မတို့တွေမှာတော့ NLD ကို မဲပေးပါတယ်လို့ တမင်တကာ ဖွင့်ဟရတယ့်အဖြစ်။ ပြီးတော့ ဆာဗေးတွေကောက်ပြီး NLD က ၉၉ ရာခိုင်နှုန်းကျော် နိုင်ပါတယ်ဆိုပြီး ကြေငြာရတယ့်ဘဝ။ ကိုယ်ပေးလိုက်တယ့်မဲတွေ ပယ်မဲမဖြစ်အောင်၊ တခြားပါတီအတွက် မဖြစ်အောင်၊ မဲမခိုးနိုင်အောင် ကြိ ုတင်ကာကွယ်ရရှာတယ်။ မကြီးကတော့ ပြတ်တယ် အမေစုမကောင်းကြောင်း ရှယ်တယ့်သူတွေ၊ ဦးသိန်းစိန်ပုံကို ပရိုင်ဖိုင်လုပ်ထားတယ့်သူတွေကို unfriend လုပ်မယ်တယ့်။ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ရဲ့ ကျောက်စိမ်း မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက် အစီရင်ခံစာအရ ၂၀၁၄ မှာ ကျောက်စိမ်းကနေ ဒေါ်လာ ၃၁ ဘီလီယံရတယ်တဲ့။ ဒေါ်လာ ၃၁ ဘီလီယံဆိုတာ ပြည်တွင်းထုတ်ကုန် GDP ရဲ့ တဝက်နီးပါးဖြစ်ပေမယ့် အဲဒီပိုက်ဆံတွေက နိုင်ငံဘဏ္ဍာတွေထဲ ရောက်မလာဘဲ ခရိုနီတွေအိတ်ထဲ ရောက်သွားတယ်တယ့် သူခိုးကြီးတွေ။ နိုင်ငံခြားဘဏ်မှာ အပ်ထားတယ့် ဒေါ်လာ ၁၁ ဘီလီယံဆိုတာ ရှိသေးတယ်။ တပ်ချုပ်ကြီးက ပြောလိုက်သေးတယ် နိုင်ငံခြားသြဇာကို မခံမယ့်သူကို ရွေးခြယ်ပါတယ့်။ အောင်မလေး .... တရုတ်ကို အဖေခေါ်နေတာ ဘယ်သူတွေဆိုတာ လူတိုင်းအသိ။ ကျွန်မတို့ပြည်သူတွေ တဦးတယောက်ချင်းစီ နိုင်ငံခြားကို ကြွေးမြီဒေါ်လာငါးသိန်း တင်နေတယ်တယ့်။ ပြည်သူတွေမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်တာတောင် ထမင်းနပ်မှန်စားဖို့ အနိုင်နိုင်။ အကြွေးဒေါ်လာငါးသိန်း ဆပ်ရဦးမယ်။ ကျွန်မ တသက်လုံးရှာတာတောင် ဒေါ်လာငါးသိန်း   မရနိုင်ဘူး။

ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ရေ ခင်ဗျားတို့လက်ထက်မှာ နိုင်ငံခြားငွေတွေကို ချေးပြီး ထင်တိုင်းကြဲ အုပ်ချုပ်ခဲ့လို့ ဒီလိုအကြွေးတင်တာ။ ကျုပ်တို့ပြည်သူတွေနဲ့ လားလားမှမဆိုင် ခင်ဗျားတို့ချေးတာ ခင်ဗျားတို့ဆပ် ဒါပဲ။ ဒီပို့စ်ရေးနေတုန်း စိုးလွင်လွင်ရဲ့ မောင့်မျက်ရည်ဝိုင်း သီချင်းနားထောင်လျက်သား ဖြစ်နေတော့ သြော် ငါတို့အဖြစ်က မောင့်အကြွေးတွေဝိုင်း ဖြစ်နေပါလားလို့ မဆီမဆိုင် တွေးမိသေးတယ်။ဒီမိုကရေစီပြည့်ဝတယ့်နိုင်ငံမှာတော့ ရှုံးတယ့်သူက ရှုံးပါတယ်လို့ဝန်ခံပြီး အနိုင်ရတယ့်သူကို ကွန်ဂရက်ကျူလေးရှင်းလုပ်ပြီး အရှုံးကို သိက္ခာရှိရှိ ရင်ဆိုင်တယ်။ အမေစုပြောသလို ရှုံးတာရှက်စရာ မဟုတ်ဘူး နောက်တကြိမ် ယှဉ်ပြိ ုင်ရင် အားနည်းချက်တွေကနေ သင်ယူလေ့လာပြီး နိုင်အောင်ကြိ ုးစားမယ်။ ကျွန်မတို့နိုင်ငံမှာတော့ ရှုံးခဲ့ရင် အဲဒီအရှုံးကို သိက္ခာရှိရှိ ရင်ဆိုင်ပါ့မလား။ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့မယ့် ရက်ပေါင်း ၉၀ ကလည်း အရေးကြီးတယ်တယ့်။ နိုဝင်ဘာ ၈ ရက်နေ့ကတော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပဲ။ မဇ္ဈိမသတင်းဋ္ဌာနနဲ့ ဦးဝီရသူ တွေ့ဆုံမေးမြန်းခန်းကို ဖတ်ရတော့ ပြောချင်တာလေး ရှိပါတယ်။ အမေစုကို ချစ်တယ်ဆိုတယ့်သူတွေနဲ့ ပြိ ုင်ချင်တယ်။ ကျွန်မလောက် အမေစုကို ချစ်နိုင်ပါ့မလား။ အမေစုကို အရှုးအမှုး ချစ်တယ်။ အဲ ... ကျွန်မအခန်းထဲမှာတော့ အမေစုဓာတ်ပုံ တပုံမှမရှိဘူး။ ဒါပေမယ့် ဟော့ဒီရင်ဘတ်ထဲမှာ အမေစုဓာတ်ပုံတွေအပြည့်။ ဦးဝီရသူနဲ့ အမေစုအပေါ် ချစ်တယ့်အချစ် ပြိ ုင်ကြည့်တာပါ။ လာ... တို့အတူ ချစ်ခြင်းငယ်ပြိ ုင် လိုက်ကြရအောင်။

စန်းထွန်း
အောက်တိုဘာ ၃၁၊ ၂၀၁၅။

(P.S : ဦးဝီရသူနဲ့ အမေစုအပေါ် ချစ်တဲ့အချစ် ချဲလင့်လုပ်တယ်ဆိုတာထက် တော်ကြာ အမေစု မကောင်းကြောင်းပြော၊ တော်ကြာ အမေစုကို အရှုးအမူး ချစ်တယ်ပြော ဘလောင်းဘလဲပြောနေတယ့် ဦးဝီရသူကို ဟားချင်တဲ့သဘော၊ လှောင်ချင်တဲ့သဘောအနေနဲ့ ရေးထားတာပါ။ ချဲလင့်လုပ်တာထက် misquote လုပ်တယ်၊ သရော်တဲ့အနေနဲ့ ရေးထားခြင်း ဖြစ်ပါတယ်။)

အရှင်ဝီရသူနဲ့ တွေ့ဆုံမေးမြန်းခန်းကို အောက်ကလင့်ခ်လေးမှာ သွားဖတ်လို့ရပါတယ်။
ဒေါ်စုကို ချစ်တယ်ဆိုတဲ့သူတွေ ကျုပ်လောက် ချစ်နိုင်မလားလို့ မေးခွန်းထုတ်လိုက်တယ့် အရှင်ဝီရသူ

သာစွ ရခိုင်မြေ - ၁

ကျွန်မက ရခိုင်လူမျိုး ဖြစ်ပေမယ့် ရခိုင်စကား မပြောတတ်ဘူး နည်းနည်းတော့ နားလည်တယ်။ ဒါပေမယ့် စစ်တွေ၊ ကျောက်တော်ဖက်က လေသံတွေကို လုံးဝနားမလည်ဘူး။ အဖေ၊ အမေတို့က ကျောက်ဖြူခရိုင်၊ စနဲမင်းပြင်ဖက်က။ ကျွန်မကို အမေတို့ရွာမှာ မွေးခဲ့ပေမယ့် ခြောက်လသမီးနဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွှန်းကို ပြောင်းခဲ့တော့ ကျွန်မမွေးရပ်မြေက ဟိုင်းကြီးလို့ပဲ ခံယူထားတယ်။ အမေ့အစ်ကိုအကြီးဆုံးက ဗမာမကို ယူတာကလွဲရင် တမျိုးလုံး ရခိုင်တွေချည်းပဲ။ ရခိုင်စကားမပြောတတ်တယ့် မကြီးနဲ့မောင်မောင် အိမ်ထောင်ကျတော့ သူတို့အိမ်ထောင်ဖက်တွေက ရခိုင်စကားပြောတယ့်သူတွေ။ ကျွန်မဆယ်နှစ်သမီးလောက်တုန်းက အမေ့အမေအဘွားဆုံးတော့ အမွေကိစ္စအတွက် အမေတို့ရွာကို ရောက်ခဲ့ဖူးတယ်။ အမေ့အစ်ကိုဘကြီးလည်းပါတယ်။ ရန်ကုန်ကနေ တောင်ကုတ်ကို ညဖက်ကားစီးရတယ်။ လမ်းကကျဉ်းကျဉ်းလေး တဖက်မှာချောက်ကြီး ရိုးတောင်ကလည်း မတ်လိုက်တာ ကြောက်စရာကြီး။ ရိုးတောင်မှာ တညအိပ်တော့ အိမ်တွေက ချောက်တွေမှာ ဆောက်ထားတာ အသည်းခိုက်အောင် အေးတယ်။ တောင်ကုတ်ကနေ စနဲအထိ သင်္ဘောစီးရတယ်။ စနဲကနေ အမေတို့ရွာအထိ တတောင်တက် တတောင်ဆင်း လမ်းလျှောက်ရတယ်။ လမ်းက ပြေပြေချောချော မဟုတ်ဘူး။ ကျောက်တုံးလေးတွေ အဆင့်လိုက် စီထားတာ လူပြတ်တယ်။ ဟိုအိမ်က ထမင်းဖိတ်‌ကျွှေး၊ ဒီအိမ်က ထမင်းဖိတ်ကျွှေးနဲ့ တရွာလုံးကို ပတ်စားနေတာ တည်းခိုတယ့်အမေ့အဒေါ်တို့အိမ်မှာတောင် ထမင်းမစားလိုက်ရသလိုဘဲ။ ချောင်းဖျား လယ်လုပ်တယ့်နေရာတွေကိုသွားရင် မောင်မောင်က နွားတစ်ကောင်ပေးပါလို့ တောင်းတတ်တယ်။ လယ်သမားဘဝဟာ အတော်ပင်ပန်းတာပဲ နေထွက်ကနေ နေဝင်အထိ အလုပ်လုပ်တာတောင် စားလောက်ရုံပဲရှိတယ်။ အဖေတို့ အဘိုးရှိတယ့် ဗမာပြည်ကို လိုက်လာတာ မှန်သွားတယ်။ ပေါက်စမတို့တော့ သူ့နောက်လိုက်မလာရင် ခုလောက်ဆို လယ်ထဲ ထမင်းတောင်း ပို့နေရပြီလို့ ကျွန်မအဘိုးက ပြောလေ့ရှိတယ်။

မကြီး ဆယ်တန်းအောင်ပြီးတော့ အမျိုးတွေ ရခိုင်ပြည်ကို ပြန်တယ့်အခါနဲ့ကြံကြုံတော့ မကြီးက ရခိုင်ပြည်ကို ရောက်ဖူးတယ်။ အဖေဆို ရခိုင်ပြည်မပြန်တာ ကျွန်မတို့တသက်ပဲ ဆိုပါတော့။ လွန်ခဲ့တယ့်ငါးနှစ်လောက်က အဖေတို့ရွာက စေတီကို ပြုပြင်ထိန်းသိမ်း ထီးတင်တော့မှ ရခိုင်ပြည်ကို တခေါက်ပြန်ရောက်တယ်။ အမေစု ရခိုင်ပြည်ကို NLD အောင်နိုင်ရေး စည်းရုံးရေးဆင်းတော့ စိတ်ပူမိတယ်။ ရခိုင်တွေက ဘင်္ဂါလီကိစ္စမှာ အမေစု ဘာမှမပြောလို့ အမေစုကို မုန်းနေကြတာ။ အမေစုလာရင် ဆန္ဒပြမယ်၊ ကန့်ကွက်မယ်လို့ သတင်းတွေ ကြားထားတာကိုး။ ရခိုင်သားတွေကြောင့် သမိုင်းမှာ အမည်းစက်ထင်သွားမှာ၊ ရခိုင်လူမျိုးတွေ အရှက်ရစေမယ့် ကိစ္စဖြစ်သွားမလားလို့ စိတ်ပူမိတယ်။ အမေစုလာတော့ ရခိုင်သားတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာ၊ ရခိုင်ခရီးစဉ် အောင်အောင်မြင်မြင် ပြီးဆုံးတော့မှပဲ စိတ်အေးသွားတော့တယ်။ ဒါတောင် မြောက်ပိုင်းသားတွေက လာရဲလာကြည့်တယ့်။ နင်တို့အမေစုကို ဘာလို့မုန်းတာလဲဆိုတော့ ဘင်္ဂါလီကိစ္စမှာ မပြောလို့တယ့်။ အမေစုက ပြောပြီးပြီပဲ ဒါဟာ နှစ်ဖက်စလုံးက ကြောက်ရွှံ့မှုတွေ၊ တရားဥပဒေစိုးမိုးမှု မရှိလို့ဖြစ်တာ ဒီထက်ဘာပြောရဦးမလဲ။ တရားဥပဒေ စိုးမိုးမှုမရှိလို့ လူဝင်ကြီးကြပ်ရေးကလူတွေ လာဘ်စား တရားမဝင်ခိုးသွင်းလို့ ဘင်္ဂါလီလူဦးရေ များလာတာ။ ရခိုင်သားတွေဟာ ဘင်္ဂါလီကို သိပ်မုန်းတယ် ရခိုင်သားတွေ မျိုးချစ်မျိုးစောင့်လို့သာ အနောက်ဖက် ခြံစည်းရုံးလုံခြုံနေတာ။ ဘင်္ဂါလီတွေကလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကရတယ့် လက်နက်တွေနဲ့ မောင်းတောကို သိမ်းပိုက်လို့ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦး)က မူဂျာဟစ်ဒင်တို့ကို တိုက်ထုတ်ခဲ့ရတာတွေရှိတယ်။

အမေစု သမ္မတဖြစ်ရင် ကုလားတိုင်းပြည် ဖြစ်သွားမယ်လေးဘာလေးနဲ့။ ယုံတယ့်သူတွေကိုလည်း အံ့သြပါရဲ့ ဦးနှောက်မရှိ၊ ခေါင်းမရှိတယ့်ဟာတွေ။ ရွေးကောက်ပွဲမှာ နိုင်အောင်လို့ အဲဒီဘင်္ဂါလီတွေကို ဝှိုက်ကဒ်တွေ ထုတ်ပေးတာ ဘယ်သူတွေလဲ အမေစုလား။ ဖေ့ဘွတ်မှာ တွေ့လိုက်ရတယ့် ယင်းမာပင်ပြည်နယ်က ကြံ့ဖွတ်မဲဆွဲပွဲမှာ အကိုကြီးတစ်ယောက် ချက်ကျလက်ကျ ပြောသွားတာများ သဘောကျလိုက်တာ။ ကျွန်မတို့တွေးနေတာ၊ ပြောချင်တာနဲ့ တပ်ထူထပ်မျှပါပဲ။ လွှတ်တော်မှာ ရိုဟင်ဂျာအရေး ဆွေးနွေးနေတယ့် မောင်းတောဒေသက လွှတ်တော်အမတ် ဦးရွှေမောင်ဆိုတာ ကြံ့ဖွတ်ပါတီဝင်။ မျိုးစောင့်ဥပဒေကို တင်သွင်းတာ ကြံ့ဖွတ်ကဆိုပဲ။ အမျိုးဘာသာသာသနာကို စောင့်ရှောက်ကြသူတွေဆိုပဲ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းလို့ သွေးမြေကျတာ၊ လက်ပံတန်းတောင်မှာ မီးလောင်ဗုံးပစ်လို့ သံဃာတွေ မီးလောင်ဒဏ်ရာတွေရတာကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့အတွက် ဖြေရှင်းပေးပါဦးလို့ အဲဒီအစ်ကိုကြီး ချက်ကျလက်ကျ ပြောတာကို သဘောကျလိုက်တာ။ ရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ဝံချီးတွေ ပြောဆိုမဲဆွယ်ကြတာကို မြင်ရကြားရတော့ တော်တော်သောက်သုံးမကျတယ့်သူတွေ။ ဒီလိုသောက်သုံးမကျ၊ ကိုယ့်အိတ်ထဲထည့်ဖို့ စားဖို့လောက်သာသိတယ့် ချီးဘရိမ်းတွေ အုပ်ချုပ်နေတော့ တိုင်းပြည်ဘယ်လိုလုပ် တိုးတက်တော့မလဲ။ စင်္ကာပူလွှတ်တော်ကို သွားကြည့် ဝန်ကြီးတွေဆိုတာ တကယ်တော်တယ့်သူတွေ နိုင်ငံခြားကဘွဲ့တွေ ရထားတယ့်သူတွေ။ စင်္ကာပူဝန်ကြီးတွေရဲ့လစာက များတယ်လို့ပြောတော့ ဒီလောက်တော်တယ့်သူ ဒီလောက်လစာနဲ့ လုပ်နေတာ၊ သူတို့အရည်အချင်းနဲ့ ထိုက်တန်တယ့်လစာ မပေးဘူးဆိုရင် လွှတ်တော်မှာ ဘယ်လုပ်တော့မလဲ။

ကျွန်မတို့တိုင်းပြည်က ဝံချီးတွေကတော့ အနီရောင်သည် ဗုံးကွဲတယ့်အရောင်လို့ ပြောလိုပြော၊ ဖရဲသီး အနီရောင်နဲ့ အစိမ်းရောင်မှာ ဘယ်အရောင်က အပုပ်ဓာတ်ပါသလဲလို့ မေးလိုမေးနဲ့။ ဒီခေတ်မှာ ဆယ်သွယ်ရေးမီဒီယာတွေ တိုးတက်လာတော့ ပြည်သူတွေကလည်း အသိညဏ်ပြည့်ဝ ဆင်ခြင်ညဏ်ရှိတယ့် ပြည်သူတွေ။ အဲဒါဆို ကိုယ်တို့က ဖရဲသီးစားရင် အစိမ်းရောင်အခွံကို စားရမှာလား။ ကိုယ်တို့ကတော့ ဖရဲသီးဆို အနီရောင်ကိုပဲ စားတယ် သြော် မေ့လို့ ရွာမှာတော့ အခွံအစိမ်းရောင်ကို နွား‌ကျွှေးတယ်တယ့်။ ကျွန်မ အရင်တုန်းက ဖေ့ဘွတ်သိပ်မသုံးဘူး ခုရွေးကောက်ပွဲကာလမှာတော့ ဖေ့ဘွတ်သုံးတယ်။ ဝံချီးတွေ ပြောချင်တာပြောနေကြတာ တကယ့်ဟာသ။ လူရွှင်တော်တွေ ပျက်တယ့်ဟာသ ပျက်လုံးတောင် သူတို့လောက် မရယ်ရဘူး။ ဘူးလက်လှဆွေက ဗိုလ်အောင်ဒင် ပြန်လာပြီ ဒီမယ် မမြဝင်း လှေနံနှစ်ဖက် နင်းမနေပါနဲ့ တစ်ဖက်ကို ရဲရဲကြီးနင်းလိုက်ပါ ဆိုတာကို အောက်ကကွန့်မန့်တွေထဲမှာ ဒီမယ် မမြဝင်း လှေနံနှစ်ဖက် နင်းမနေပါနဲ့ နင်းမယ့်နင်း သူ့ပေါင်ကြားတည့်တည့်သာ နင်းလိုက်ပါဆိုလို့ အယ်မလေး ရယ်လိုက်ရတာ။ နေပါဦး သူက ဘယ့်နှယ့် ဘူးလက်လှဆွေ ဖြစ်နေရတာလဲ နယ်လှည့်ပါးရိုက်တယ့် ဝံချီးတစ်ယောက်လို ပြည်သူတွေကို ဘူးလက်နဲ့ဆော်လို့လား။ ငါလည်း သေသေချာချာ မမှတ်မိတော့ဘူး မင်းဘူးမြို့နားမှာ ဆောက်နေတယ့်စက်ရုံက နျူကလီးယားစက်ရုံ ဖြစ်နိုင်တယ်လို့ တက်နေဝန်းဂျာနယ်ကရေးတော့ သူက အဲဒါ နျူးကလီးယားစက်ရုံ မဟုတ်ပါဘူး လက်နက်စက်ရုံပါလို့ပြောလို့ ဘူးလက်လှဆွေလို့ နာမည်ရတာပါတယ့်။

လူတိုင်းဆိုင်ကယ်စီးနိုင်တာ၊ ဖုန်းကိုင်နိုင်တာ၊ သန်းမတုတ်တော့တာ၊ ဝဲတွေမရှိတော့တာ၊ ဂတ်စ်မီးခြစ်သုံးနိုင်တာ တိုးတက်လာတာဆိုပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲဆိုတာ သူကိုယ်တိုင်လည်း သိရုံမရဘူး။ ကြိုတင်မဲပေးကြတယ့် နိုင်ငံရပ်ခြားမှာ နေတယ့်သူတွေထဲမှာ စင်္ကာပူက လူအုပ်ကလည်းတောင့်၊ အားလုံးတက်ညီလက်ညီဆိုတော့ အားရစရာကောင်းလိုက်တာ။ နိုင်ငံရပ်ခြားမှာ နေတယ့်သူတွေက သူများနိုင်ငံတွေ တိုးတက်နေတာမြင်တိုင်း စစ်အစိုးရကိုမုန်း ဘာမှလည်းမလုပ်နိုင်။ ကိုယ့်‌ချွှေးနည်းစာလေးထဲကလှု ဒီလောက်ပဲ လုပ်နိုင်တယ်။ မဲပေးရတော့မယ်ဆိုတော့ ကိုယ့်မဲတပြားနဲ့ စစ်အစိုးရကို ဖြုတ်ချနိုင်ပြီး မြန်မာနိုင်ငံကို ဦးဆောင်မယ့်သူ၊ အုပ်ချုပ်မယ့်သူကို မဲတပြားနဲ့ ဒါ ငါတို့ခေါင်းဆောင်လို့ ရွေးခြယ်နိုင်တယ့်အခွင့်အရေး လက်ထဲမှာရှိတော့ အပြောင်းအလဲကို မျှော်လင့်ပြီး မဲပေးကြတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ မှန်ပါတယ် ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာ။ စနစ်ကြီးက မကောင်းလို့ ကိုယ်လုပ်သလောက် ကိုယ်မရတယ့်အခါ စနစ်ကြီးကို ပြောင်းဖို့လိုပါတယ်။ အပြောင်းအလဲအတွက် ပြည်သူတွေ တက်ညီလက်ညီ လုပ်တယ့်အခါ စိတ်မဝင်စားတယ့်သူ ဘေးထိုင်နေတယ့်သူတွေလည်း ရှိပါတယ်။ မဲပေးရဖို့အတွက် ကျူတန်းအရှည်ကြီး အနည်းဆုံး ၁၀ နာရီ လောက်ကြာအောင် တန်းစီပြီး ပတ်ကျိလို တရွေ့ရွေ့နှုန်းနဲ့ မဲပေးရဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရတယ့် မြန်မာပြည်သားတွေကို နိုင်ငံခြားတွေက အံ့သြကြတယ်။ NLD ကို မဲပေးသူတွေဟာ နိုင်ငံသားကောင်း၊ တိုင်းပြည်အတွက် တာဝန်ကျေသူတွေ။

(ဆက်ပါဦးမယ်)

စန်းထွန်း
‌အောက်တိုဘာ ၂၇၊ ၂၀၁၅။

စာရေးခြင်း အနုပညာ ...

စန်းထွန်းရေ တောလားပို့စ်တွေ တော်တော်များနေပြီနော် တစုတစည်းတည်းဖြစ်အောင် စာအုပ်ထုတ်ပါလား ဒေါ်လာ ၁ ထောင်လောက်ကုန်မယ် အမှတ်တရပေါ့လို့ ပန်ဆယ်ဗေးနီးယားကမခိုင်က အကြံပေးလာပေမယ့် ဒေါ်လာ၁ ထောင်အကုန်ခံပြီး စာအုပ်ထုတ်မယ့်သတ္တိ ကျွန်မဆီမှာ မရှိခဲ့။ စီနီယာဘလော့ဂါ အစ်ကိုအစ်မတွေ စာအုပ်စုပေါင်းထုတ်ကြတာ အောင်မြင်ကြသည်။ သို့သော် ကျွန်မကိုယ်တိုင်က စာအုပ်ထုတ်ချင်လိုက်တာလို့ စိတ်ကူးမပေါ်ခဲ့။ အစ်မမြသွေးနီကြောင့် ၂၀၁၂ ဇူလှိုင် teen မဂ္ဂဇင်းရဲ့ blog digest မှာ စာကြည့်တိုက်ချစ်သူ ပို့စ်လေး ပါဖူးလို့ ပုံနှိပ်စာအုပ်ထက်မှာ ကျွန်မရေးထားတဲ့စာကို မြင်ဖူးတာကလွဲလို့ မဂ္ဂဇင်းတွေမှာ မပါခဲ့။ မဂ္ဂဇင်းတိုက်တွေကို စာမူလိုက်ပို့ဖို့ စိတ်ကူးမရှိသလို ကျွန်မစာတွေကလည်း မဂ္ဂဇင်းမှာ ရွေးချယ်ခံရလောက်အောင် မကောင်းတာလည်း ပါပါလိမ့်မည်။ မှတ်မှတ်ရရ ကျွန်မ ပထမဆုံးရေးဖြစ်သော အက်ဆေးသည် ရန်ကျော်အမည်ရှိ ကျွန်မတို့အိမ်က ခွေးလေးတစ်ကောင်အကြောင်း ဖြစ်သည်။ မဂ္ဂဇင်းမှာပါသည့် နှစ်သက်သည့် ကဗျာ၊ စာသားဆိုလျှင် စာအုပ်ထဲတွင် ကူးယူထားသည်။ ကျွန်မတို့မောင်နှမတွေ စာဖတ်ဝါသနာ ပါကြသည်။

ဘလော့ဆိုတာကို စတင်မိတ်ဆက်ပေးသူက ကျွန်မနှင့်အင်တန်းအတူဆင်းသည့် သူငယ်ချင်းတစ်ယောက်။ မနိုင်းနိုင်းစနေ၊ မမဘလော့တွေဖတ်ရင်း ဘလော့နှင့် အကျွှမ်းတဝင် ဖြစ်လာပေမယ့် ဘလော့ဂါဖြစ်လာလိမ့်မည်ဟု တခါမှမတွေးခဲ့။ ၂၀၀၉  ဟောင်ကောင်၊ မကာအိုခရီးမှအပြန် ဘလော့ဖန်တီးပြီး မကာအိုသွားတောလား ပို့စ်ရေးခဲ့ပေမယ့် မြန်မာစာဖောင့်မရိုက်တတ်လို့ ဘားဂလိချ်ကနေ ရိုက်ရသည်မှာ ပင်ပန်းလှသည်။ ၂၀၁၁ စတိတ်ကို ရောက်သောအခါမှ ဘလော့မှာ စာတွေပိုရေးဖြစ်သည်။ မြန်မာစာဖောင့် ရိုက်တတ်သွားတော့ ပို့စ်တွေ တဂျောင်းဂျောင်း ရိုက်တင်လေတော့သည်။ ၂၀၁၂၊ ၂၀၁၃ ဘလော့လောကသည် ပျော်စရာကောင်းသည် ကိုယ်ကလည်း သူများဘလော့သွားလည်၊ သူများကလည်း ကိုယ့်ဘလော့လာလည်၊ ကွန့်မန့်တွေပေးနှင့် ပျော်စရာကောင်းလှသည်။ နောက်ပိုင်း ဖေ့ဘွတ်ခေတ်စားလာသောအခါ ဘလော့သည် ပျင်းခြောက်ခြောက်ကြီး ဖြစ်ကျန်ခဲ့သည်။ အွန်လိုင်းမှာ ရေးချင်တာတွေကို တဂျောင်းဂျောင်း ရေးနေရလျှင် ကျေနပ်ပါပြီ။ ရေးချင်တဲ့အကြောင်းအရာ၊ အချိန်၊ ကျန်းမာရေးကောင်းလျှင်တော့ စာတွေရေးနေပါဦးမည် ထင်ပါသည်။

စန်းထွန်း
အောက်တိုဘာ ၂၄၊ ၂၀၁၅။

Flu ...



ရုံးမှာ ကိုယ်တို့အင်ဂျီနီယာဌာနရဲ့ အကြီးဆုံးဘော့စ်က ဖလူလျှော့ flu shot ထိုးပြီးတော့ ဖလူဖြစ်တယ်လို့ပြောလာတော့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ လက်မောင်းမှာ အညို၊ အမည်းတွေတောင် ဖြစ်တယ်တယ့်။ ၂၀၁၂ ကန်တက်ကီ ရုံးမှာတုန်းက ဖလူလျှော့ ထိုးဖူးတယ်။ သုံးရက်လောက် လက်မောင်းမြှောက်လို့ မရဘူး။ လက်မောင်းရင်းမှာလည်း ပူနေတယ်လို့ ခံစားမိတယ်။ အခန့်မသန့်ရင် နမိုးနီးယားတောင် ဖြစ်နိုင်တယ်လို့ကြားတော့ နောင်များဆို ဖလူလျှော့ဆို ဝေးဝေးရှောင်တယ်။ ဖလူဆိုလို့ ကိုယ်တို့ငယ်ငယ်တုန်းက တုပ်ကွေးချိန်ဆို တရွာလုံးက ကလေးတွေ ကွေးကြတော့တာပဲ။ ကိုယ်တို့မောင်နှမလဲ ဘယ်နေပါ့မလဲ။ ဟိုဖက်ကမ်း ကျောက်ချောင်းရွာက ဆရာဝန်ကြီး ဦးကြည်ဝင်းရဲ့ ဆေးခန်းမှာဆို လူအပြည့် ဆေးရုံမှာလည်း အပြည့်။ တုပ်ကွေးပြင်းရင် အသက်ပါသွားနိုင်တာကိုး။ ကြီးလာတော့ တုပ်ကွေးမဖြစ်တော့ဘူး။ စင်္ကာပူမှာတော့ စင်္ကာပူရန်းတွေက ဒန်းကီးလို့ခေါ်တယ့် သွေးလွန်တုပ်ကွေးကို သိပ်ကြောက်တာ။ NEA က အိမ်တွေကို လိုက်စစ်တယ် ပန်းအိုး၊ မီးဖိုချောင်တွေမှာ ခြင်ပေါက်ဖွားတာတွေ ရှိမရှိစစ်တယ်။ ခြင်တွေ့လို့ကတော့ ၃၀၀ ဒဏ်ရိုက်တယ်။ ကိုယ်တွေကတော့ ခြင်၊ ယင်တွေနဲ့ ဖက်ပြီးကြီးပြင်းခဲ့ရတော့သူတွေမလား။

ဆောင်းဝင်လာပြီဆိုတော့ လူတိုင်း နှာတရှုံ့ရှုံ့၊ ချောင်းဆိုးတာတွေ ဖြစ်ကြတယ်။ ကိုယ်ဆို ရာသီဥတုအေးရင် နှာခေါင်းက နှာရည်တွေ ကျလာတတ်လို့ လက်ကိုင်ပုဝါ အမြဲဆောင်ရတယ်။ အရင်တုန်းကတော့ ကျန်းမာတော့ ဖလူဖြစ်မှာ မကြောက်ပေမယ့် လူးပက်စ်ကြောင့် ကိုယ်ခံအားနည်းစေတယ့်ဆေးတွေ သောက်နေရတော့ ဖလူဝင်မှာ စိတ်ပူမိတယ်။ ဒီတော့ အိမ်သာကထွက်တိုင်း လက်ဆေး၊ santinizer ဆောင်ရတယ်။ အသိမိတ်ဆွေ ကိုထွန်းထွန်းဝင်းတို့အိမ်မှာ မမီးငယ်က ကျိုင်းတုံခေါက်ဆွဲ လက်စွမ်းပြတာကို သွားစားတော့ ကိုထွန်းထွန်းဝင်းအမျိုးသမီး မဆောင်းဆောင်းက Citron အသီးကို ပျားရည်နဲ့စိမ်ထားတာတစ်ဇွန်းကို ရေနွေးပူပူထဲထည့်ပြီး တိုက်တယ်။ သောက်လို့ကောင်းသား အဆီကျတယ်လို့ပြောတယ်။ သူ့မှာ နဂိုကတည်းက အဆီရှိတာမဟုတ်ဘူး တော်ကြာ ဒီဟာသောက်ပြီးမှ လူပါပျောက်သွားမှ ဒုက္ခဆိုလို့ ရယ်လိုက်ကြတာ။ ကိုရီးယားဆိုင် H Mart မှာ သွားဝယ်တာ တဘူး ၆ ကျပ်၊ ၇ ကျပ်လောက် ပေးရတယ်။ ချဉ်ပြုံးပြုံးလေးဆိုတော့ သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာ တပတ်အတွင်း တဘူးကုန်သွားလို့ မနည်းဘရိတ်အုပ်နေရတယ်။

ရုံးကတရုတ်မယန်းကို ပြောပြတော့ သူ့မိဘတွေလာတုန်းက သံပုရာသီးကို ပျားရည်နဲ့ စိမ်ပေးခဲ့တယ်တယ့်။ ကိုယ့်ဘာသာလုပ်လို့ရတယ် လွယ်လွယ်လေး သံပယိုသီးကိုပြုတ် ရေအေးထဲထည့် အခွံကိုလှီး ပျားရည်ထဲထည့်။ သံပယိုသီးထက် ကောင်းတာက မင်းစားနေတယ့်အသီးလေ ဘာအသီးလဲ။ ကိုယ်ကလည်း စားတာစာနေတာ အင်္ဂလိပ်နာမည်မသိ ယန်းက တရုတ်လိုအရင်ရှာ အင်္ဂလိပ်လိုဘာသာပြန် ဂူဂယ်မှာ ဓာတ်ပုံနဲ့ ရှာပြတော့မှ ကျွှဲကောသီးကို ပြောနေတာ။ ကျွှဲကောသီးက အနီနဲ့အဖြူနှစ်ခုရှိတယ် အဖြူကပိုကောင်းတယ် အခွံကို ပျားရည်နဲ့စိမ်သောက်တာ ပိုကောင်းတယ် ဖလူကိုကာကွယ်နိုင်တယ်တဲ့။ လွယ်လွယ်လေး ကိုယ့်ဘာသာလုပ်လို့ရတယ်ဆိုပေမယ့် ကိုယ်ကငပျင်းဆိုတော့ ကိုရီးယားဆိုင်ကပဲ ဝယ်သောက်တော့တယ်။ ဖလူကာကွယ်တယ်၊ အဆီကျတယ်ဆိုပေမယ့် သောက်လို့ကောင်းလို့ကို သောက်နေမိတယ်။ ဖလူကင်းဝေးကြပါစေ။

စန်းထွန်း
အောက်တိုဘာ ၂၁၊ ၂၀၁၅။

#TimeToChange #VoteForNLD



၁၉၉၀ ရွေးကောက်ပွဲတုန်းက ရှစ်နှစ်အရွယ်ကလေးဆိုတော့ မဲပေးခွင့် မကြုံခဲ့ဘူး။ ၂၀၁၂ ဧပြီတုန်းကလည်း နိုင်ငံခြားမှာနေတဲ့သူတွေ မဲပေးခွင့် မရှိတော့ မဲပေးခွင့် မကြုံခဲ့ဘူး။ ကြိုတင်မဲပေးဖို့အတွက် ဒီစီ၊ နယူးယောက် သံရုံးတွေကို အီးမေးလ်ပို့၊ ဖက်စ်ပို့တာ ဘာမှအကြောင်းမပြန်ဘူး။ တော်ကြာ သံရုံးကိုသွားပြီးမှ မဲပေးလို့မရဘူးဆိုရင် အချိန်ကုန်၊ လူပန်းဖြစ်မှစိုးလို့လွန်ခဲ့တယ့်အပတ်က သံရုံးကို ဖုန်းခေါ်ပြီး မေးကြည့်တော့ မဲလာပေးလို့ ရပါတယ်တဲ့။  အောက်တိုဘာ ၁၄ ဝါရှင်တန်ဒီစီသံရုံးကနေ ထုတ်ပြန်တယ့် မဲပေးလို့ရတယ့်စာရင်းမှာ ပါနေတော့ ဖုန်းဆက်ပြီး ဒီစီကိုလာပြီး မဲမပေးနိုင်တယ့်အကြောင်း၊ နယူးယောက်မှာမို့ နယူးယောက်မှာပဲ မဲလာပေးချင်တယ်လို့ ဖုန်းဆက်တော့ နယူးယောက်ရုံးမှာ လာပေးလို့ရပါတယ်။ ဒီစီအီးမေးလ်ကို ပို့လိုက်တော့ ဒီစီ၊ နယူးယောက် စာရင်းမှာပါနေတာ နေပါလိမ့်မယ်တယ့်။ စင်္ကာပူကနေ ထုတ်ပြန်တယ့် တကမ္ဘာလုံးမှာရှိတယ့် မဲပေးလို့ရတယ့်သူစာရင်းမှာ ပါတယ်လို့ မကြီးက သတင်းပေးလာတယ်။ စင်္ကာပူကမြန်မာတွေ မဲပေးဖို့အတွက် ညအိပ်တန်းစီစောင့်ရတယ့် သတင်း၊ မနက်စောစော ဘယ်တော့မှ မထတတ်တယ့် မကြီးက မဲပေးဖို့အတွက် မနက် ၄ နာရီ  သံရုံးကို သွားနေပြီဆိုတော့ ကိုယ်တွေလည်း စောစောသွားမှဖြစ်မယ်။ ရေဘူး၊ မုန့်၊ ဦးထုပ်၊ ထီး လက်နက်ရိက္ခာအပြည့်အစုံနဲ့။ ဒီနေ့မှ ရာသီဥတုကလည်း အေးလိုက်တာ။ သံရုံးအပေါက်ဝရောက်တော့ အစ်မတစ်ယောက် စာရင်းမှာမပါလို့ ဘယ်လိုမဲပေးရမလဲလို့ ဖုန်းဆက်မေးနေတယ်။ မနေ့က နယူးယောက်ရုံးဝက်ဆိုဒ်မှာ ကြေငြာတယ့် မဲပေးလို့ရမယ့်လူစာရင်းကို ကြည့်တော့ ကိုယ့်နာမည်ပါတယ်။ သံရုံးအဝင်ဝမှာ မြို့နယ်အလိုက် မဲပေးလို့ရမယ့်စာရင်းကို တခေါက်ပြန်ကြည့်တော့ ကိုယ့်နာမည်တွေ့တယ်။



ဧည့်ခန်းမှာ ခဏထိုင်စောင့်ရင်း မဲဘယ်လိုပေးရလဲ နို့တစ်ဘုတ်မှာ ကပ်ထားတာတွေ ဖတ်ကြည့်တော့ သံရုံးကလူက အလယ်ကွက်ကိုဝင်အောင် အမှန်ခြစ်ပါတယ့်။ ကောင်တာ ၃ ခုရှိရာမှာ ကိုယ့်ကောင်တာက ကောင်တာ ၁။ လူက သိပ်မများဘူး စောသေးလို့လား မသိဘူး ၅ ယောက်လောက်ပဲ ရှိမယ်။ ကောင်တာ ၁ မှာ ပတ်စပို့စ်ပြ နာမည်လိပ်စာ၊ အသက်၊ မိဘအမည်ဖြည့် မဲစာရင်းမှာ အသက်နဲ့ လိပ်စာမှားနေတာကိုပြင် ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာပေး။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် မဲ ၃ ခုရတယ်။ ရခိုင်တိုင်းရင်းသားမို့ တိုင်းရင်းသားပါတီမဲ ရမလားဆိုတော့ လှိုင်မြို့နယ်မှာ တိုင်းရင်းသားပါတီ မရှိဘူးတယ့်။  မဲရုံးမှုးလက်မှတ်ထိုးခိုင်း၊ လျှို့ဝှက်ခန်းကိုဝင်ပြီး NLD ပါတီကိုအမှန်ခြစ်၊ မဲစာရွက်ကို သုံးခေါက်ခေါက်၊ စာအိတ်ကို ကော်သေချာကပ်၊ မဲထည့် စာအိတ်ပြန်ပိတ်။ သံရုံးဝန်ထမ်းက ပြည်သူ့လွှတ်တော်ပုံး၊ အမျိုးသားလွှတ်တော်ပုံး၊ တိုင်းဒေသကြီးပုံးတွေမှာ မှန်မှန်ကန်ကန်ထည့်ဖို့ ကူညီပေးပါတယ်။ မဲပေးပြီးပြီဆိုတာ သက်သေအနေနဲ့ ညာဖက်လက်ညှိုးလက်သည်းခွံကို ခြစ်ပေးလိုက်တယ်။ သံရုံးဝန်ထမ်းတွေက ဖော်ဖော်ရွေရွေပါပဲ ကူညီပေးကြပါတယ်။ ကိုယ်တို့ရုံးက တရုတ်မကို စင်္ကာပူကမြန်မာတွေ ပလက်ဖောင်းကိုခေါင်းအုံး ညအိပ်တန်းစီစောင့်ပြီး မဲပေးကြတယ့်အကြောင်း ပြောပြတော့ မင်းတို့မြန်မာတွေ ခရေဇီပါပဲတဲ့။ ဟုတ်ပါတယ် ကိုယ်တို့မြန်မာတွေ ဒီလိုခရေဇီဒုက္ခခံပြီး မဲပေးကြတာ နောင်မျိုးဆက်အတွက် တိုင်းပြည်ကို ပြောင်းလဲစေချင်လို့ပါ။ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်တယ့် မဲပေးခွင့်နဲ့ ကိုယ်ယုံကြည်တယ့်ပါတီကို မဲပေးခွင့်ရတုန်း ကိုယ်တို့ပြည်သူတွေဖက်က တာဝန်ကျေပါတယ်။ မဲခိုး၊ မဲလိမ်၊ မဲညစ်တာတွေ ရှိလာနိုင်ပေမယ့် နိုဝင်ဘာ ၈ ရက်ကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းရတော့မှာပဲ။

#TimeToChange #VoteForNLD

စန်းထွန်း
အောက်တိုဘာ ၁၇၊ ၂၀၁၅။

(ဘဝမှာ ပထမဆုံး NLD ပါတီကို မဲပေးခွင့်ရတယ့်နေ့ အမှတ်တရ)
Photos : credit to Google

ညမီးကျီး...

ကျွန်မနှစ်သက်တယ့် ဆရာမဂျူးရဲ့ ဝထ္ထုတိုလေး တစ်ပုဒ်ပါ။ တောင်ကြီးတန်ဆောင်တိုင် ညမီးကျီးလွှတ်တင်တယ့်အချိန်မှာ ပေါက်ကွဲတော့ ထွက်ပြေးရင်း အစောဆိုတယ့် မိန်းကလေးရဲ့ အတွေးတွေကို ရေးဖွဲ့ထားတယ့် ဝထ္ထုတိုကောင်းလေးတစ်ပုဒ်။ ကျွန်မ မှတ်မိသလောက်တော့ ကျွန်မတို့ ငယ်ငယ်တုန်းက မီးရှူးမီးပန်း ဖောက်တယ်ဆိုတာ မရှိသလောက်ဘဲ။ သီတင်းကျွှတ်ဆိုရင် မီးပန်းကလေးတွေ မီးရှို့တာတော့ ရှိတယ်။ ဗျောက်အိုးဖောက်ရင် ထောင်သုံးနှစ်ဆိုတော့ မဖောက်ကြတာများတယ်။ ဗျောက်အိုးကွဲတယ့် အသံကလည်း ကြောက်စရာကြီး။ နိုင်ငံရပ်ခြားမှာ နှစ်သစ်ကူးချိန်ဆို မီးရှူးမီးပန်းတွေဖောက်တာ အရမ်းလှတာပဲ တီဗွီမှာမြင်ဖူးတယ်။ မီးရှူးမီးပန်းဖောက်တာကို တကယ့်မျက်စိနဲ့ မြင်ရတာက ၂၀၀၈ စင်္ကာပူကို ရောက်တယ့်အချိန်မှာပေါ့။ စင်္ကာပူအမျိုးသားနေ့၊ နှစ်သစ်ကူးဆို မီးရှူးမီးပန်းတွေ ဖောက်တယ်။ မီးရှူးမီးပန်းဖောက်တာကို အကောင်းဆုံးမြင်ကွင်းကနေ မြင်ချင်တယ်ဆိုရင် စောစောစီးစီးသွားပြီး နေရာယူဖို့လိုတယ်။ မီးရှူးမီးပန်းတွေ ကောင်းကင်မှာ လှလှပပ ပေါက်ကွဲတာ ကြယ်လေးတွေ မြင်ရသလိုပဲ။ အိုင်အိုဝါမှာ ကျောင်းတက်တုန်းကတော့ ကျောင်းနားက ရေကန်နားမှာ ဂျူလှိုင် ၄  မီးရှူးမီးပန်း လွှတ်ပေမယ့် သွားမကြည့်ဖြစ်ဘူး။ ကန်တက်ကီကိုရောက်တော့ ကန်တက်ကီဒါဘီပွဲပြီးရင် မြောက်အမေရိကမှာ အကြီးကျယ်ဆုံး မီးရှူးမီးပန်းပွဲတော်ဖြစ်တယ့် Thunder over Louisville ရှိတယ်။ ရုံးကစီစဉ်ပေးလို့ အိုဟိုင်းရိုးမြစ်ဘေးနားမှာ တဲထိုး၊ မုန့်တွေ‌ကျွှေးမွေး၊ ကလေးတွေကဆော့ကစား။

လေယာဉ်ပျံတွေက တဝီဝီ ည ၉  နာရီခွဲမှာ မီးရှူးမီးပန်းလွှတ်တယ် တော်တော်လှတာပဲ။ မကြီးကိုပြောတော့ အဲဒါနင်တို့ဆောင်တဲ့ အခွန်တွေကို မီးရှို့ပစ်နေတာတဲ့။ ၂၀၁၂  ဘော်စတွန် ရာမားတို့အိမ်နားမှာ ဂျူလှိုင် ၄ မီးရှူးမီးပန်းလွှတ်တော့ သွားကြည့်ကြသေးတယ်။ ကမ်းခြေတလျှောက် လူတွေမှ အများကြီး အေးကအေးနဲ့ ဒုက္ခခံပြီး စောင့်နေလိုက်ကြတာ။ ကလေးတွေကတော့ ပျော်တာပေါ့။ ၂၀၁၃ ဂျူလှိုင် ၄ နယူးယောက်မေစီ မီးရှူးမီးပန်းလွှတ်တာကို သွားကြသေးတယ်။ ကျွန်မတို့ရောက်သွားတယ့်အချိန်က ညနေစောင်း ၅ နာရီလောက် ဟတ်ဆန်မြစ်တလျှောက်မှာ လူတွေပြည့်နေပြီ။ တော်တော်အဝေး တနေရာမှာရတယ်။ ၉  နာရီခွဲ မီးရှူးမီးပန်းဖောက်တော့ ပျပျလေးပဲ မြင်ရတယ်။ Thunder over Louisville လိုပွဲမျိုးကို နွှဲဖူးထားတော့ တခြားပွဲတွေက စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ဒါပေမယ့်လေ မီးရှူးမီးပန်းဖောက်ရင် ကောင်းကင်ကို မကြည့်ဘဲ မနေနိုင်ဘူး။ မီးရှူးမီးပန်းတွေဖောက်တာ ကြယ်ကလေးတွေ ကြွေသလို အဲဒီတဒင်္ဂမှာ စိတ်ပျော်ရွှင်မိသလိုပဲ။ မြန်မာပြည်ရဲ့ တန်ဆောင်တိုင်ပွဲတော်တွေထဲမှာ အထင်ရှားဆုံးကတော့ တောင်ကြီးတန်ဆောင်တိုင်လို့ ဆိုရမယ်။ ၂၀၀၃ ကျောင်းကနေ ရှမ်းပြည်လေ့လာရေး ခရီးထွက်တော့ တောင်ကြီးကို ရောက်ခဲ့ပေမယ့် သီတင်းကျွှတ်ဆိုတော့  မီးပုံးပျံပွဲနဲ့ မကြုံလိုက်ဘူး။ မနေ့က မဇ္ဈိမရဲ့ Tasty Trip ခရီးသွားတယ့် အစီအစဉ်မှာ တောင်ကြီးမီးပုံပျံအကြောင်း ကြည့်လိုက်ရတယ်။ တောင်ကြီးမီးပုံပျံပွဲမှာ နေ့လည်ဖက် အလှလွှတ်တင်တယ့်ပွဲ၊ ညဖက်မှာတော့ စိန်နားပန်နဲ့ ညမီးကျီး။ စိန်နားပန်က မီးအလှဆင်ထားတာတွေ လှလှပပ အောင်အောင်မြင်မြင်နဲ့ တက်နိုင်ဖို့လိုတယ်။

ညမီးကျီးကတော့ အလှအပထက် မီးရှူးမီးပန်းတွေ သတ်မှတ်ထားတယ့်အချိန်မှာ လှလှပပ အောင်အောင်မြင်မြင် ပေါက်ကွဲနိုင်ဖို့လိုတယ်။ ငါးကလေးတွေ လူးလွန့်သလို ပေါက်ကွဲတာမျိုး၊ ကြယ်ကလေးတွေ ဖြာဆင်းသလို ပေါက်ကွဲတာမျိုး၊ အရောင်တွေ ဖြာဆင်းနေတာမျိုး။ ကိုယ့်မီးပုံးပျံ လှလှပပအောင်အောင်မြင်မြင် တက်သွားပြီးရင် ကျေနပ်ပီတီဖြစ်ရတာတော့ အတူတူပဲ နေပါလိမ့်မယ်။ မီးပုံးပျံခြင်းအတူတူမှာတောင် ညမီးကျီးက လှလှပပ ပေါက်ကွဲပြတော့ စိန်နားပန်ထက် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတာထင်တယ်။ ညမီးကျီးတလုံးအတွက် အနည်းဆုံးအောက်ထစ် ၂၅ သိန်း ကုန်တယ်။ ယမ်းပိသာချိန် ၄၀ လောက်လိုသလို အန္တရာယ်လည်းများတယ်။ ယမ်းတွေက မတော်တဆ ထပေါက်ကွဲနိုင်တာကိုး။ တခြားပြည်နယ်ကသူတွေက ဒီတောင်ကြီးသားတွေ မိုက်လိုက်ပါဘိ ပိုက်ဆံတွေ မီးရှို့နေတယ်လို့ တွေးကြမယ်။ တောင်ကြီးသားတွေကတော့ တန်ဆောင်တိုင်ရောက်ရင် မီးပုံးပျံမလွှတ်ဘဲ မနေနိုင်ပါဘူးတဲ့။ သင်္ကြန်ကလွဲလို့ တခြားပွဲတော်တွေကို မီးပုံးပျံလွှတ်တာပဲတဲ့။ ဒီလိုတောင်ကြီးသားတွေ မီးပုံပျံခရေဇီဖြစ်ကြလို့သာ တောင်ကြီးတန်ဆောင်တိုင်က စည်ကားနေတာလို့ ထင်မိတယ်။ ကိုယ်တို့ဆောင်နေတဲ့ အခွန်တွေကို မီးရှို့နေတာ ဆိုပေမယ့် နှစ်သစ်ကူး၊ ဂျုလှိုင် ၄ နေ့တွေမှာဖောက်မယ့် မီးရှူးမီးပန်းတွေကို ကျွန်မတို့တွေ တကူးတက သွားတန်းစီစောင့်ဆိုင်း ကြည့်ရှူနေကြမှာ အသေအချာပဲပေါ့။

စန်းထွန်း
စက်တင်ဘာ ၁၄၊ ၂၀၁၅။

ရင်ခုန်စရာ နိုဝင်ဘာ ...

ဘလော့ကို ပစ်ထားတာ တော်တော်ကြာပြီ ၁ လလောက်တောင် ရှိတော့မယ်ထင်တယ်။ စာရေးချင်တယ့်စိတ်သာရှိပြီး ခန္ဓာကိုယ်ကကိုက်ခဲ  အနားယူ အိပ်နေရတာများတော့ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး။ လွန်ခဲ့တယ့်နှစ်ပတ်က နယူးဂျာဆီပြည်နယ် မြန်မာဘုန်းကြီးကျောင်းမှာ နိဗ္ဗာန်ဈေးပွဲတော်ရှိတော့ ဘလော့ဂါ မမီးငယ်က သူ့အိမ်မှာ တညလာအိပ် နိဗ္ဗာန်ဈေးပွဲတော် သွားရအောင်လို့ ဖိတ်ခေါ်တာနဲ့ ရောက်ဖြစ်သေးတယ်။ ဘလော့ပရိတ်သတ် ပန်ဆယ်ဗေးနီးယားပြည်နယ်က မခိုင်တို့နဲ့လည်း တွေ့ရတော့ ပျော်စရာကြီး။ ပွဲဈေးတပတ် ပတ်လျှောက်ပြီး မြန်မာမုန့်တွေဝယ် မုန့်ငမ်းနေတာနဲ့ ဦးထုပ်ဆောင်းဖို့မေ့သွားတယ်။ နေ့လည် ၁၁၊ ၁၂ နာရီမှာ နာရီဝက်လောက် ဦးထုပ်မဆောင်းဘဲ နေလိုက်တာ ညနေဖက် အိပ်ပြန်ရောက်တော့ နှာခေါင်းအောက် ပါးစပ်အထက်နား၊ နဖူး၊ နားထင်တွေ နီပြီးယောင်နေလို့butterfly rash ပြန်ဖြစ်ပြီလားလို့ လန့်သွားတာပဲ။ ဘော့စတွန်ခရီးကအပြန် butterfly rash ဖြစ်လို့ ကုနေရတာ ၆ လလောက်ရှိပြီ။ မျက်နှာပေါ်က မည်းမည်းတွေ တော်တော်ပျောက်သွားပေမယ့် နည်းနည်းတော့ ကျန်သေးတယ်။ အရေပြားဆရာဝန်ပေးထားတယ့် ဆေးတွေလိမ်း နောက်နေ့ မျက်နှာနီမနေတော့မှ ဟင်းချနိုင်တယ်။ နိဗ္ဗာန်ဈေးပွဲတော်မှာ ရောင်းရသမျှငွေတွေ အားလုံးကို ဘုန်းကြီးကျောင်းကို လှုဒါန်းပါတယ်။ နိဗ္ဗာန်ဈေးပွဲတော်မှာ မုန့်တွေဝယ်စားပြီး ရေငတ်လာတော့ လက်ဖက်ခြောက်ရောင်းတယ့်ဆိုင်မှာ ရေနွေးကြမ်း မြည့်ကြည့်မယ်နော်ဆိုပြီးမြည်းတာ ရေနွေကြမ်းက သောက်လို့ကောင်းတော့ လက်ဖက်ခြောက်တဘူးဝယ်တယ်။ ရေငတ်တယ်ဆိုရင် အဲဒီလက်ဖက်ခြောက်ဆိုင်မှာ ရေနွေးကြမ်းသွားတောင်းကြတယ်။ ရေနွေးကြမ်းတွေ အလကားသောက်နေတာ အားနာစရာကြီးဆိုပြီး ဝယ်တာလား၊ စမ်းကြည့်မယ်ဆိုပြီး ဝယ်တာလားတော့မသိဘူး တယောက်တဘူး ဝယ်ကြတယ်။

မျိုးဆက် ၃ ဆက်ရှိပြီဆိုတယ့် ကျောက်မဲဖက်က လက်ဖက်ခြောက်က ဘူးနဲ့၊ တခါသောက်အထုပ်လေးတွေနဲ့ဆိုတော့ အမြင်လှ၊ လက်ဆောင်ပေးလို့လည်းကောင်း။ လက်ဖက်ခြောက် အရသာလည်း တော်တော်ကောင်းတယ်။ ဘာဆိုးဆေးမှမပါ သဘာဝအတိုင်း။ ၂၀၀၃ ကျောင်းကနေ ရှမ်းပြည်ဖက်ကို လေ့လာရေးခရီးထွက်တော့ ပင်းတယဖက်မှာ သောက်ခဲ့ရတဲ့ လက်ဖက်ခြောက် အရသာအတိုင်းပဲ။ လက်ဖက်ခြောက်ကသာ ကျောက်မဲက၊ ထုပ်ပိုးတာအားလုံး ယူအက်စ်မှာပဲ လုပ်တာတဲ့။ Whole Foods ဆိုင်တွေမှာ တင်နေပြီ shanvalley.com ကနေလည်း ဝယ်ယူနိုင်ပါတယ်။ နိဗ္ဗာန်ဈေးပွဲတော်က ဝယ်လာတယ့်လက်ဖက်ခြောက် ကုန်သွားလို့ အွန်လိုင်းကနေမှာတာ မနေ့က ရောက်လာပြီ။ လူးပက်စ်က အရင်လက ၅၈ ခုလမှာ ၇၂ active ဖြစ်နေလို့ ကီမိုသရဖီဆေးသောက်နေရတယ်။ အဲဒီဆေးသောက်နေတဲ့အချိန်အတွင်း ကိုယ်ဝန်ဆောင်လို့မရ၊ အရက်သောက်လို့မရဘူး။ အသည်းကို ထိခိုက်နိုင်လို့ Folic Acid ဆေးသောက်ရတယ်၊ သွေးနီဥ၊ သွေးဖြူဥအားနည်းလို့ သံဓာတ်အားဆေး သောက်ရတယ်။ ဆံပင်အရမ်းကျွှတ်တယ်။ အရင်ကထက်စာရင် အများကြီးသက်သာလာပေမယ့် နာကျင်တာတွေက လုံးဝပျောက်မသွားဘူး။ ဆေးပြင်းလို့လားတော့ မသိဘူး နည်းနည်းလေး ပင်ပန်းတာနဲ့ အိပ်ပြီးအနားယူရတယ်။ ကိုယ်လက်တွေနာတော့ ဘာမှမလုပ်ချင်။ သောက်ရတယ့်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးက မျက်စိကို ခြောက်သွေ့စေတော့ ၆ လ တခါ မျက်စိဆရာဝန်နဲ့ ပြရတယ်။ စာဖတ်ရင် မျက်စိခြောက်သွေ့တာ တော်တော်သိသာတယ်။ စာဖတ်တာကနည်းနည်း မျက်စိညောင်းလို့ အနားယူရတာကများများ။

ဂျက်စတင်ဘီဘာရည်းစားဟောင်း အဆိုတော်၊ သရုပ်ဆောင် ဆီလီနာဂိုမတ်လည်း လူးပက်စ်ဖြစ်လို့ သြစတေးလျ၊ ဂျပန် ဖြေဖျော်ပွဲတွေကို မနှစ်က ဖျက်လိုက်ရပြီး ကီမိုသရဖီကုထုံးနဲ့ ကုသခဲ့ရတယ်တဲ့။ ရပ်ပါအဆိုတော် မစ်ဆီအဲလီယက်လည်း  လူးပက်စ်ဖြစ်နေတယ်။ ကြိုတင်မဲပေးဖို့အတွက် ဖောင် ၁၅ ကို အီးမေးလ်နဲ့ပို့၊ ဖတ်နဲ့ပို့တာ သံရုံးကနေ ဘာမှအကြောင်းပြန်မလာဘူး။ နောက်တပတ်ဆိုရင်ပဲ မဲပေးရတော့မယ် မဲပေးလို့ရရဲ့လား၊ တော်ကြာ သံရုံးကိုသွားပြီးမှ မဲပေးလို့မရဘူးဆိုရင် အချိန်ကုန် လူပင်ပန်းမယ်ဆိုပြီး သံရုံးကို ဖုန်းဆက်မေးကြည့်တော့ မဲလာပေးလို့ရတယ်တဲ့၊ အီးမေးလ်တွေကိုတော့ အကြောင်းမပြန်တော့ပေမယ့် စာပို့ပါတယ်တဲ့၊ အကြောင်းတခုခုကြောင့် စာမရောက်တာ နေပါလိမ့်မယ်တဲ့ (ပြောတာလည်း မင်းပါပဲ)။ နယူးယောက်၊ နယူးဂျာဆီ၊ ကွန်နပ်တီကပ်ပြည်နယ်တွေမှာ နေတဲ့သူတွေက နယူးယောက်ကမြန်မာသံရုံးမှာ မဲပေးလို့ရပြီး တခြားပြည်နယ်မှာ နေတဲ့သူတွေက ဝါရှင်တန်ဒီစီက မြန်မာသံရုံးမှာ မဲပေးရမယ်တဲ့။ အင်ဒီယားနားပြည်နယ်၊ ကန်တက်ကီပြည်နယ်တွေမှာ နေတဲ့သူတွေဆိုရင် ဘယ်လိုလုပ် ဝါရှင်တန်ဒီစီကိုလာပြီး မဲပေးနိုင်ပါ့မလဲ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပါဘိ။ စင်္ကာပူမှာတုန်းက စင်္ကာပူက မြန်မာသံရုံးကို သိပ်အမြင်ကပ်တာ။ double income tax မယူပါဘူးဆိုပြီး မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးတားပေမဲ့ စင်္ကာပူမြန်မာသံရုံးကတော့ အကျုံးမဝင်ဘူးနဲ့ တူပါရဲ့။ ပတ်စ်ပို့စ်သက်တမ်းကုန်လို့ သက်တမ်းသွားတိုးတာ ပေး ၆လစာ ၊ အလုပ်ဝင်တာ ၁ လပဲ ရှိသေးတယ်၊ လစာလည်း အဲဒီလောက် မကောင်းပါဘူး၊ ပိုက်ဆံများ နည်းနည်းလျော့မလားလို့ ပြောကြည့်တာ ၆ လစာ မပေးရင် ပတ်စ်ပို့သက်တမ်း မတိုးပေးနိုင်ဘူးတဲ့ ဒမြတိုက်တာ ကျနေတာပဲ။

မနက်အစောကြီး သွားတန်းစီရ၊ သံရုံးဝန်ထမ်းတွေ အော်ငေါက်တာလည်း ခံရသေးတယ်။ စင်္ကာပူမြန်မာသံရုံးက တော်တော်မျက်မုန်းကျိုးစရာ။ ခုတော့ ပြောင်းလဲနေပြီလားမသိ။ စင်္ကာပူက သူငယ်ချင်းတွေကို မေးကြည့်ရဦးမယ်။ အမေရိကန်မှာ ပတ်စ်ပို့သက်တမ်း တိုးရတာ အင်မတန်လွယ်တယ်။ ဖောင်ဖြည့်၊ မန်နီအော်ဒါ ၁၀၀၊ ပြန်ပို့ဖို့စာအိတ်ပို့လိုက်ရင် နှစ်ပတ်၊ တလအတွင်း ပြန်ရတယ်။ ဆူနမ်တို့တွေ ပတ်စ်ပို့သက်တမ်းကုန်တော့ နီပေါသံရုံးကို ပတ်စ်ပို့   ပို့လိုက်တာ ဘယ်တော့မှ ပြန်ရမလဲမသိဘူးတဲ့ နှစ်ပေါက်သွားနိုင်တယ်တဲ့။ အယ်မလေး ကိုယ့်သံရုံးကို ဆိုးလှပြီထင်တာ သူတို့သံရုံးက ပိုဆိုးနေတယ်။ ယူအက်စ်မှာလည်း ၂၀၁၆ သမ္မတရွေးပွဲရှိတော့ သမ္မတလောင်းတွေ အပြန်အလှန်ထိုးနှက် မဲဆွယ်ကြတာ ကျွန်မအတွက်တော့ ဖြေဖျော်မှုတခု ကြည့်ရသလိုပဲ။ အတိုက်အခံ ဟီလာရီကလင်တန်သမီး မင်္ဂလာဆောင်ကို မင်းကတက်တယ်၊ မင်းက ဟီလာရီကလင်တန်နဲ့ ဓာတ်ပုံတွဲရိုက်တယ်နဲ့ တယောက်ကိုတယောက် ပြစ်ရှာ debate လုပ်ကြတာ တကယ့်ဟာသ။ မြန်မာပြည်က တနပ်စားခိုင်းတယ့် ဝံကြီး၊ လမ်းတခြမ်းခင်းတယ့် ဝံကြီး၊ ဖယောင်းတိုင်ထွန်ခိုင်းတယ့် ဝံကြီး၊ နယ်လှည့်ပါးရိုက်မယ့် ဝံကြီး၊ ကမ္ဘာကျော်အနမ်း အနမ်းမခံရလို့ မနာလိုဖြစ်နေတယ့် ဝံကြီး တကယ့်ကို ဟာသတွေပဲ။ မဲညစ်၊ မဲခိုး၊ မဲလိမ်တာတွေ ရှိနိုင်ပေမယ့် မဲပေးရမှာတော့ ကျွန်မတို့တာဝန်ပါ။ NLD ကို နိုင်စေချင်ပါတယ် NLD ကိုပဲ မဲပေးမှာပါ။ နိုဝင်ဘာလဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေမှာ အသေအချာပဲပေါ့။

စန်းထွန်း
အောက်တိုဘာ ၁၁၊ ၂၀၁၅။

ယူအက်စ်သွား တောလား - ၁၁

အနောက်ဖက်သို့ ခရီးသွားခြင်း ၅ ရက်မြောက်နေ့။ ညအိပ်ရပ်နားတဲ့ ယူတာ့ပြည်နယ် ပရိုဗို Provo မြိ ု့ကနေ တောင်ဖက်စူးစူး မိုင် ၂၃၀ ၃ နာရီခွဲလောက်မောင်းရင် ဘာရေ့ကမ်ညမ်အမျိုးသားဥယျာဉ် Bryce Canyon National Park ကို ရောက်ပါတယ်။  လမ်းတလျှောက်မြင်ကွင်းတွေက စိမ်းစိမ်းစိုစို တောတောင်တွေနဲ့ သာယာသား။ ကားပေါ်ကဆင်းပြီး ဆယ်မိနစ်လောက် လမ်းလျှောက်ရင် ဘာရေ့ကမ်ညမ်ကို တွေ့ရပါပြီ နီညိုရောင် ကျောက်ဆောင်တွေက ပန်းချီ၊ ပန်းပုဆရာတွေ လက်စွမ်းပြထားသလို လှပလွန်းတယ်။ ကျွန်မတို့တွေ မှင်သက်အံ့သြ ငေးမောကုန်ကြတယ်။ အမေရိကန်သမ္မတ တယ်ဒီရုစဗဲ့ကို မျက်စိမှိတ်ပြီး ဒီနေရာကို ခေါ်လာတယ်။ မျက်စိဖွင့်ခိုင်းလိုက်တော့ တယ်ဒီက အံ့သြသွားပြီး ဒီနေရာကို နောင်လာနောက်သားတွေအတွက် အမျိုးသားဥယျာဉ်လုပ်မှ ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ တိုးဂိုက်က ရှင်းပြပါတယ်။ နေရှင်နယ်ပါ့ခ်ရိန်းဂျားက ဘာရေ့ကမ်ညမ်ရဲ့ ဘူမိဗေဒဖြစ်စဉ်တွေကို မြေပုံလေးတွေနဲ့ ရှင်းပြတာ စိတ်ဝင်စားဖို့ကောင်းသား။ ဘယ်ကနေလာတာလဲလို့မေးတော့ တချို့က သြစတေးလျ၊ တချို့က နယူးယောက်၊ တချို့က ဂျပန်၊ အင်္ဂလိပ်လို မပြောတတ်တဲ့ တရုတ်တွေကတော့ ဖာသိဖာသာ။ ဘာရေ့ကမ်ညမ်အောက်ဖက်မှာ ဟိုက်ကင်းလုပ်ဖို့ ထရေးလမ်း ရှိပါတယ်။ မတ်စောက်ပြီး အပင်သိပ်မရှိတော့ ထရေးလမ်းက တက်ရတာ နည်းနည်းခက်မယ်ထင်တယ်။ အဲဒါကို ကလေးကို ကျောပိုးပြီး တက်တဲ့လူတစ်ယောက် တွေ့ခဲ့တယ်။ နာရီဝက်လောက်နားပြီး ခရီးဆက်ပါတယ်။

Bryce National Park, Utah


နေ့လည်စာကိုတော့ မြို့တမြို့က မောလ်သေးသေးလေး တစ်ခုမှာ ရပ်ပေးပါတယ်။ အေးရှန်းဆိုင် မတွေ့လို့ အမေရိကန်ဆိုင်ကနေ ဆလပ်ရွက်သုတ်ဝယ်၊ ဓာတ်ဆီဆိုင်ကနေ ခေါက်ဆွဲဘူးဝယ်ပြီး ရေနွေးနဲ့ပြုတ် ဖြစ်သလိုစားခဲ့ရတယ်။ ကောင်းဘွိုင်နယ်မြေ ထင်ပါရဲ့ ကောင်းဘွိုင်ဦးထုပ်၊ ဖိနပ်တွေ တွေ့တယ်။ ကောင်းဘွိုင်ဦးထုပ်၊ ဖိနပ်ဝယ်ပြီး ချက်ချင်းဝတ်ဖို့ သန့်စင်ခန်းကို သွားကြတဲ့ ကလေးလေးနဲ့ သူ့အမေကိုတွေ့တော့ ပြုံးမိသေးတယ်။ ဘာရေ့ကမ်ညမ်ကနေ မိုင် ၁၅၀ ၂ နာရီခွဲလောက်မောင်းပြီး အရီဇိုးနားပြည်နယ်က ပေ့ချ် Page မြို့ကို သွားမှာပါ။ လမ်းတလျှောက် တောတောင်ရေမြေ မြစ်ချောင်းတွေနဲ့ သာယာသား။ Duck Creek Village  မြစ်ဝှမ်းလွင်ပြင်ရောက်တော့ အမေရိကန်ဒင်ဒီယန်းစတိုင်တဲလေးတွေနဲ့ ဘာဘီကျူးကင်၊ ငါးမျှားထွက်ဖို့ အမေရိကန်တွေ ဖေးဖရိတ်ဖြစ်ကြတဲ့ နေရာတစ်ခုပါတဲ့။ လမ်းဘေးဓာတ်တိုင်မှာ အသိုက်လုပ်နေတဲ့ ခေါင်းပြောင်သိမ်းငှက်တွေကို တိုးဂိုက်ကပြလို့ တကားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လိုက်ကြသေးတယ်။ Lake Powell ဆိုတာ ကော်လိုရာဒိုမြစ်နားမှာ တည်ရှိပြီး Lake Mead ပြီးရင် အမေရိကန်မှာ ဒုတိယမြောက်အကြီးဆုံး ရေချိုလှောင်ကန် reservior ပါ။ ယူတာ့ပြည်နယ်နဲ့ အရီဇိုးနားပြည်နယ်ကြားမှာ တည်ရှိပြီး လူပြုလုပ်ထားတဲ့ကန်။ ဒီဒေသတွေက မိုးခေါင်ရေရှားလေ့ရှိတော့ Lake Powell ရေကန်က မရှိမဖြစ်ပေါ့။ နှစ်စဉ်နှစ်တိုင်း လူနှစ်သန်း လာရောက်လည်ပတ်လေ့ ရှိပါတယ်။ အခွင့်အခါသင့်ရင် Lake Powell Cruise စီးဖို့ တိုက်တွန်းချင်ပါတယ်တဲ့။




နောက်ထပ် သွားရောက်လည်ပတ်ရမယ့်နေရာက အရီးဇိုးနားပြည်နယ် ပေ့ချ်မြို့က အမ်းတလုပ်ကမ်ညမ် Antelopoe Canyon ပါ။ အမ်းတလုပ်ကမ်ညမ် ၂ ခုရှိရာမှာ ဒီတစ်ခုက ဈေးနည်းနည်း သက်သာတယ်တဲ့။ အောက်ဖက်ကို ဆင်းတဲ့အခါ မတ်စောက်လွန်းလို့ နောက်ပြန်ဆင်းရမှာမို့ စန်းစန်း မင်းမိဘတွေကို မဆင်းခိုင်းနဲ့တဲ့။ ဆင်းရပြုရမှာမို့ စကပ်မဝတ်ဖို့၊ ရာသီဥတုက အရမ်းပူမှာမို့ ဖြစ်နိုင်ရင် လီနင်ချည်သားတွေ ဝတ်ဖို့တိုးဂိုက်က မနေ့ကတည်းက မှာထားတယ်။ လွင်တီးခေါင်ပြင်ပြင်မှာ တဲလေးတစ်လုံးတွေ့တယ် အဲဒါ လက်မှတ်ရောင်းတဲ့နေရာတဲ့။ အောင်မလေး ပူလိုက်တာ ၁၁၀ ဒီဂရီ။ ပူလွန်းလို့ အသားအရေ လောင်သွားမလား မှတ်ရတယ်။ ဒါတောင် ကျွန်မအင်္ကီျလက်က နည်းနည်းတိုနေလို့ အမေ့အနွေးထည် ငှားဝတ်ရတယ်။ ရေသန့်ဘူးတွေ ဝေလို့ တဘူးယူလိုက်တယ်။ ၁၃ ယောက် ၃ ဖွဲ့ ခွဲလိုက်ပါတယ်။ ကျွန်မတို့ကို ဦးဆောင်မယ့်တိုးဂိုက်က ဒန်နီယမ် နာဗာဂျို အမေရိကန်အင်ဒီယန်း ငယ်ငယ်ချောချော ထောင်ထောင်မောင်းမောင်း ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်။ အမေရိကန်အင်ဒီယန်းတွေက အာရှသားတွေရုပ်နဲ့ ဆင်တယ်။ တိုးဂိုက်က မှာထားလို့ တစ်ယောက် ၂ ကျပ် တစ်ဖ်ပေးကြတယ်။ အင်္ဂလိပ်စကားပြောတဲ့ တစ်ဦးတည်းသောသူ၊ မိဘတွေက မလိုက်နိုင်လို့ အပေါ်မှာကျန်ခဲ့တယ်၊ ဂရုစိုက်လိုက်ပါလို့ တိုးဂိုက်ကမှာထားလို့ ကျွန်မကို ဂရုစိုက်ပါတယ်။ တဲအိမ်ကနေ ဆယ်ငါးမိနစ်လောက် လွင်ပြင်ခေါင်ခေါင်ကြီးကို ဖြတ်ရတာ မီးထဲဖြတ်ရသလိုပဲ။ အောက်ဖက်ကိုဆင်းတော့ မတ်လွန်းလို့ နောက်ပြန်ဆင်းယူရတယ်။ လက်နှစ်ဖက်ကို သုံးရတော့ ရေဘူးကို ဘောင်းဘီကြားထဲ ထည့်လိုက်ရတယ်။




ဒန်နီရယ်က ကျွန်မကင်မရာ settings ကို ပြင်ပေးတယ် ကျွန်မက ကင်မရာကို auto နဲ့သာ ရိုက်တတ်တာကိုး။ အိုင်ဖုန်းကိုလည်း Normal mode ထက် Chrome mode နဲ့ ရိုက်ခိုင်းတယ်။ ဒန်နီရယ်ခမျာလည်း ဟိုလူက ဓာတ်ပုံရိုက်ခိုင်းလိုက်၊ ဒီလူက ဓာတ်ပုံခိုင်းလိုက်နဲ့ မနားရဘူး။ ရပ်မနေဘဲ ရှေ့ဆက်ဖို့ ဆော်သြရသလို ခေါင်းဆောင့်မိမှာစိုးလို့ သတိပေးရ။ ဒန်နီရယ်ရိုက်ပေးတဲ့ ပနော်ရာမာပုံလေးတွေ တကယ်လှတယ် အဲဒီလို မရိုက်တတ်သေးဘူး။ တရုတ်တွေက wow ဖြစ်ကုန်တယ်။ တစ်ယောက်တည်း ဆိုလိုခရီးထွက်လာတဲ့ တရုတ်မလေးချိုဖုန်းနဲ့ မိတ်ဆွေဖွဲ့ပြီး တစ်ယောက်တလှည့် ဓာတ်ပုံရိုက်ကြတယ်။ ချိုဖုန်းက ပိန်ပိန်ရှည်ရှည် မျက်လုံးပြူးပြူး။ ယူအက်စ်ကို လာလည်တာ ၃ ခေါက်ရှိပြီတဲ့။ ပထမတစ်ခေါက်က နိုင်ငံတကာဥပဒေပြိုင်ပွဲအတွက် ဝါရှင်တန်ဒီစီကို အစည်းအဝေးလာတက်တာတဲ့။ ချိုဖုန်းက ရှေ့နေ။ ဒုတိယတစ်ခေါက်က ယူအက်စ်အရှေ့ဖက် ဝါရှင်တန်ဒီစီ၊ ဖီလာဒဲဖီးယား၊ နယူးယောက်၊ နိုင်အာဂရာရေတံခွန်၊ ဘော့စတွန်ကို လာလည်ပြီးပြီ။ ခုတခေါက်ကတော့ အနောက်ဖက်ပိုင်းကို လာလည်တာတဲ့။ ဘေဂျင်းက မဟုတ်ဘူး သူ့ဇာတိမြို့ကနေ ဘေဂျင်းကို ရထား တစ်ရက်လောက် စီးရပါတယ်တဲ့။ အမ်းတလုပ်ကမ်ညမ်ဟာ မြေအောက်ထဲမှာ လှိုဏ်ခေါင်းပုံ ဖြစ်နေပြီး။ မြေအနီရောင် အစင်းလေးတွေ ဖြစ်နေတာ အင်မတန်လှတယ်။ လာသမျှလူတွေ ဓာတ်ပုံရိုက်တာခြင်းအတူတူ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဓာတ်ပုံဆို သန်းချီတန်တယ်တဲ့။ ကျွန်မတို့တွေကတော့ အိုင်ဖုန်း၊ အိုင်ပတ်၊ ကင်မရာကြီးတွေနဲ့ ရိုက်ပေမယ့် သန်းချီတန်တဲ့ဓာတ်ပုံ ထွက်မလာဘူး။

Antelope Canyon, Page, Arizona


မြေပေါ်ကိုအတက်မှာ အစ်မကြီးတစ်ယောက်က စောင့်ပြီး ဓာတ်ပုံရိုက်ပေးတယ်။ အမ်းတလုပ်ကမ်ညမ်က တစ်သက်မှာတစ်ခါ သွားသင့်တယ့် နေရာပေပဲ။ ပူလွန်းကို မီးပွင့်သွားမလားထင်ရ မောလွန်းလို့ ပါးစပ်နဲ့ အသက်ရှု ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတာတောင် ပင်ပန်းရကျိုးနပ်တယ်လို့ တွေးနေမိတယ်။ အဖေက ၁ နာရီခွဲကြာတယ် သမီးတဲ့။ နောက်ထပ် ၁၀ မိနစ်လောက် ထပ်မောင်းရင် ကော်လိုရာဒိုမြစ်က ကွေ့ဝိုက်စီးဆင်းလို့ မြင်းခွာပုံဖြစ်နေတဲ့ HorseShoe Bend ပါ။ ကားရပ်တဲ့နေရာကနေ မိနစ် ၂၀ လောက် သွားရမှာမို့ တိုးဂိုက်က အဖေတို့ကို မသွားသင့်ဘူးလို့ အကြံပေးပါတယ်။ အင်မတန်လှတဲ့ နေရာလေးပါပဲ ဒါပေမဲ့ နေကပူ ဘာအပင်မှ မရှိတော့ ၁၅ မိနစ်လောက် ချိုဖုန်းနဲ့ တယောက်တလှည့် ဓာတ်ပုံရိုက်ပြီး ပြန်ပြေးရတယ်။ အဆင်းတုန်းက မသိသာဘူး အတက်ကတော့ မောလိုက်တာ အရိပ်ခိုဖို့ ဘာအပင်မှလည်းမရှိ အပေါ်ကပူ အောက်ကပူ လေကပူ အောင်မလေး ပါးစပ်နဲ့ အသက်ရှူ နားထဲကလေထွက် နှလုံးခုန်မြန်။ တထောက်နားဖို့လုပ်ပေးထားတဲ့ ဇရပ်လေးမှာ ထိုင်နေသူကအပြည့်။ လျှာထွက်မတတ် မောလာတဲ့ အတက်သမားတွေကို အရင်နားနေတဲ့သူတွေက နေရာပေးပါတယ်။ ထိုင်ပြီး ငါးမိနစ်လောက် အပန်းဖြေ ရေသောက်လိုက်မှ သက်သာသွားတယ်။ တက်လာတဲ့ အတက်သမားတွေကို ကိုယ်ချင်းစာမိတယ်။ ရာသီဥတု ပူတာဟာ လူကိုအတော် ပင်ပန်းစေတာပဲ။ HorseShoe Bend ကနေ တောင်ဖက်စူးစူး ၇၅ မိုင် ၁ နာရီ မိနစ် ၂၀ လောက်မောင်းရင် ညအိပ်ရပ်နားမယ့် အရီဇိုးနားပြည်နယ်က တူဘာစီးတီး Tuba City မြို့ကို ရောက်ပါတယ်။ လမ်းတလျှောက် မြေနီနီကျောက်တောင် အနိမ့်အမြင့်၊ အပင်ပုပုလေးတွေကို တွေ့ရတယ်။ အရီဇိုးနားပြည်နယ်ရဲ့ မြင်ကွင်းတွေက တမျိုးခြားနားနေပြန်တယ်။ လူနေထူထပ်တယ့် ပြည်နယ်မဟုတ်တော့ ဖြတ်သွားတယ့် လမ်းတလျှောက် မြို့တွေမတွေ့ရဘူး။


Horseshoe Bend, Page, Arizona


ကျွန်မတို့ညအိပ်တဲ့ ဟိုတယ်က Navajo နာဗာဂျို အမေရိကန်အင်ဒီယန်းဒေသ ဟိုတယ်ပိုင်ရှင်၊ ဝန်ထမ်းတွေအားလုံးက နာဗာဂျိုတိုင်းရင်းသားတွေ။ ဒီဟိုတယ်မှာ အရက်သောက်ခွင့် မပြုဘူးတဲ့။ ဟိုတယ်ဘေးနားမှာ ဓာတ်ဆီဆိုင်၊ Denny အမေရိကန်ဆိုင်ပဲရှိတော့ ဒန်နီဆိုင်မှာ သွားစားတယ်။ ထမင်းနဲ့တူတာ ဘာမှမရှိ စပါဂတီရယ် ဆလပ်သုပ်ရယ် မှာစားတယ်။ ဟိုင်းကြီးမှာ ရွှေအဆိုတဲ့ စကားမပြောတတ်တဲ့ အအတစ်ယောက်ရှိတယ် လက်ကိုကုပ်ပြီး အမောက်ထောင်သလိုလုပ်ပြ ၊ ကြက်ဖခွပ်သလို လုပ်ပြ၊ နှုတ်ခမ်းစုပြီး ဝက်လိုလုပ်ပြ သူ ကြက်သားနဲ့ ဝက်သား မစားရလို့ လက်တောင်ပိန်သွားတယ်လို့ ပြောတယ်ဆိုပြီး အဖေက အမူအယာတွေနဲ့ လုပ်ပြတော့ ကျွန်မတို့မှာ ရယ်လိုက်ရတာ။ ခုလည်း ၃ နပ်ရှိပြီ ထမင်းမစားရတာ လက်တောင်ပိန်သွားတယ်ဆိုတော့ ကျွန်မတို့တွေ မပြုံးဘဲဝါးလုံးကွဲ ရယ်ရသေးတယ်။ ရာသီဥတုက ပူတော့ အပင်တွေကလည်း သဲကန္တာရမှာ တွေ့ရတဲ့ အပင်တွေလိုပဲ။ တိုးဂိုက်က  ၄ နာရီခွဲမှာ ဟိုတယ်က ဘူဖေးစ‌ကျွှေးတယ်၊ မနက် ၅ နာရီထွက်မယ်လို့ မှာထားလို့ မနက် ၄ နာရီ အိပ်ယာကထဖို့ နှိုးစက်ပေးပြီး အိပ်ယာဝင်ခဲ့တော့တယ်။ ယူတာ့ပြည်နယ်မှာ ရေတွေကြီးနေတယ့်သတင်းကို အေဘီစီနယူးစ်မှာ တွေ့လိုက်ရတော့ ဘာရေ့ကမ်ညမ်များ ပါသွားပြီလားလို့ စိုးရိမ်မိသေးတယ်။ သဘာဝကြီးကပေးတဲ့ လက်ဆောင်တစ်ခု ပျက်စီးသွားရင် အတော့်ကို နှမြောစရာပဲ။ ရေကြီးတဲ့သတင်းမှာ ဂါဝန်ရှည်တွေ ဝတ်ထားတဲ့ အမျိုးသမီးတွေကို တွေ့ရတော့ သူတို့အကြောင်း သတိရသွားတယ်။ သူတို့ဆိုတာ FLDS (Fundamentalist Church of Jesus Christ of Latter - Day Saints) church မန်ဘာဝင်တွေပါ။ သူတို့က Polygyny လို့ခေါ်တယ့် ယောက်ျားတစ်ယောက်က မယားအများကြီး ယူတာကို ခွင့်ပြုပါတယ်။ အမျိုးသမီးတွေက ဂါဝန်အရှည်ကြီးတွေ ဝတ်ဆင်ကြပြီး ဆံပင်စည်းထား နဖူးမှာအမောက် ထောင်ထားလေ့ရှိတယ်။

credit to Google
credit to Google

တခါတုန်းက ကလေးတွေက ကျောင်းမသွားပဲ စိုက်ခင်းမှာ အလုပ်လုပ်နေတာကို အေဘီစီသတင်းထောက်က သတင်းသွားယူတော့ သတင်းယူလို့ မရဘူး။ သတင်းထောက်ကို လက်မခံဘူး။ သူတို့တွေဟာ တခြားကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေသလိုပဲ။ ရဲတွေ၊ မြို့အုပ်ချုပ်ရေးပိုင်းကလည်း အဲဒီဘုရားကျောင်း မန်ဘာဝင်တွေ။ တီဗွီ၊ အင်တာနက် သုံးတာကို အားမပေးဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောကျာ်းအတင်း ပေးစားတယ်။ ပြီးတော့ ကလေးတွေ အများကြီး မွေးတယ်။ ခေါင်းဆောင် ဂျက်ဝါရမ်က အရွယ်မရောက်သေးတဲ့သူကို စော်ကားမှုနဲ့ ထောင်ကျနေတယ်။ အက်ဖ်ဘီအိုင်က အလိုအရှိဆုံး တရားခံပါတယ့်။ သူတို့မြို့ကို ကြည့်ရတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကပုံစံတွေလိုမျိုး။ မြို့ကနေ ထွက်ခွာသွားတဲ့သူတွေကို ဝိုင်းကျဉ်ကြတယ်။ သူတို့နဲ့ယှဉ်ရင် ပန်ဆယ်ဗေးနီးယားပြည်နယ်က အန်းမစ်ချ်တွေကတောင် ကိုယ့်ဘာသာ ရွေးခြယ်ပိုင်ခွင့် ရှိသလိုပဲ။ ၁၈ နှစ်ပြည့်ရင် အန်းမစ်ချ်တွေက အန်းမစ်ချ်လုပ်မလား၊ အင်္ဂလိပ်လုပ်မလားလို့ ရွေးရတယ်။ အန်းမစ်ချ်မဟုတ်တဲ့သူ မှန်သမျှ ဘာလူမျိုးပဲဖြစ်ဖြစ် အင်္ဂလိပ်လို့ ခေါ်ပါသတဲ့။ အန်းမစ်ချ်တွေအကြောင်းကတော့ ဖီလာဒဲဖီးယားသွား တောလားမှာ ရေးခဲ့ဖူးပါတယ်။ တိုးခရီးစဉ်ရဲ့ ၆ ရက်မြောက်နေ့ ကရမ်းကမ်ညမ် East Rim ၊ South Rim မှာ ဟယ်လီကော်ပတာစီး၊ လာ့ဗီးဂပ်တခွင် လျှောက်လည်တယ့် အကြောင်းကိုတော့ နောက်အပိုင်းမှ ဆက်ပါဦးမယ်။

စန်းထွန်း
စက်တင်ဘာ ၂၁၊ ၂၀၁၅။

ရေးခဲ့ပြီးတာက
ဖီလာဒဲဖီးယားသွား တောလား

ယူအက်စ်သွား တောလား - ၁၀

ဝိုင်အိုမင်းပြည်နယ်ကတော့ ထင်းရှူးပင်တွေနဲ့ စိမ်းစိုအေးမြသလောက် ယူတာ့ပြည်နယ်ထဲဝင်တာနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားတယ်။ ယူတာ့ပြည်နယ်မှာ တောင်ကုန်းတောင်တန်းတွေ ထူထပ်ပေမယ့် စိမ်းစိမ်းစိုစိုမရှိ ခြောက်သွေ့တယ့် အငွေ့အသက်ကို ခံစားမိတယ်။ ဆော့လိတ်ရေကန်ဘေးမှာရှိလို့ ဆော့လိတ်မြို့လို့ အမည်တွင်ပါတယ်။ ဆော့လိတ်ရေကန်ဟာ ရေငန်အိုင်ဖြစ်လို့ ဆားထုတ်ယူပါတယ်။ ဆော့လိတ်စီးတီးဆိုတာနဲ့ မော်မန်တွေကို ချန်လှပ်ထားခဲ့လို့ မဖြစ်ပါဘူး။ Mormons ဆိုတာ အမေရိကန်မှာ တည်ထောင်တဲ့ ဘာသာရေးအဖွဲ့အစည်းပါ။ ၁၈၂၀ နယူးယောက် အပ်စတိတ် Upstate မှာ ဂျိုးဇက်စမစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ဂျိုးဇက်စမစ် ကွယ်လွန်ပြီး ဘရစ်ဂမ်ယောင်းနောက်လိုက်တွေကြောင့် ယူတာ့နယ်မြေပိုင်နက် ဖြစ်လာပါတယ်။ မော်မန်တွေက The Church of Jesus Christ of Latter - day Saints (LDS Church) မန်ဘာဝင်တွေပါ။ မော်မန်တွေက သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ ယူဆပေမယ့် ရိုမန်ကက်တလစ်တို့လို တခြားခရစ်ယာန်တွေက မော်မန်တွေကို ခရစ်ယာန်လို့ မယူဆပါဘူး။ မော်မန်တွေရဲ့ ဘဝမှာ ဘုရားကျောင်း၊ မိသားစုက အတော့်ကို လွှမ်းမိုးပါတယ်။ မယားတစ်ယောက်ပဲ ယူခွင့်ရှိပါတယ်။ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဘုရားကျောင်းကို မဖြစ်မနေ လှုဒါန်းရပါတယ်။ သမ္မတအိုဘားမားနဲ့သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ရှုံးနိမ့်ခဲ့တဲ့ မစ်ရူမနီ၊ အမေရိကန်အိုင်ဒေါ ဒုတိယဆုရှင် ဒေးဗစ်တို့ဟာ မော်မန်တွေပါ။ မော်မန်ဘုရားကျောင်းတွေဟာ ဆော့လိတ်စီးတီးရှိတဲ့ဖက်ကို မျက်နှာမူပြီး တည်ဆောက်ရတယ်လို့ ဆိုပါတယ်။

Mormons church in Salt Lake City, Utah
credit to Google

မော်မန်ဘုရားရှိခိုးကျောင်းတွေဟာ တခြားခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ကွဲပြားခြားနားတယ်။ မေရီလန်းပြည်နယ်မှာတုန်းက ဆေးဗားလ်စပရင်းမြို့နားက ဖြတ်သွားတိုင်း မြင်ရတဲ့ အဆောက်အဦး ချွှန်ချွှန်ကြီးကို ဘာလဲဟလို့မေးတော့ ဆူနမ်က မသိဘူးတဲ့။ ဒီစီရုံးက ကလဲရားက အဲဒါ မော်မန်ဘုရားရှိခိုးကျောင်းတဲ့။ နောက်တော့ မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား ပြည်နယ်သုံးခုဆုံတဲ့ ဟာပါးဖယ်ရီကို ဟိုက်ကင်းထွက်တော့ ကလဲရားသူငယ်ချင်းမလေးက မော်မန်တွေအကြောင်း ပြောပြလို့ မော်မန်ဆိုတာ သိခဲ့ရပါတယ်။ ဆော့လိတ်စီးတီး တမြို့လုံး၊ ယူတာ့တပြည်နယ်လုံးနီးပါးက စီးပွားရေးလုပ်ငန်းတိုင်းကို မော်မန်တွေ ပိုင်တာပါ။ JetBlue လေကြောင်းလိုင်းကို မော်မန်တွေ ပိုင်ပါတယ်။ မြို့ထဲကို တပတ်မောင်းပို့ပြပြီး စတိတ်ကယ်ပီတယ် အဆောက်အဦးဆီ သွားရောက်ပါတယ်။ တမြို့လုံးကို အထက်စီးက မြင်ရလို့ မြင်ရတဲ့ရှုခင်းက လှပေမယ့် ရောက်သွားတယ့်အချိန်က ညနေလေးနာရီ ခြစ်ခြစ်တောက် ပူတဲ့အချိန် အရိပ်ရတယ့်အပင်ကလည်း မရှိတော့ ဓာတ်ပုံရိုက်ပြီးတာနဲ့ သစ်ပင်ရိပ်အောက် ပြေးရတော့တာပဲ။ ပူကပူ၊ ခရီးထွက်တာလည်း ၄ ရက်ဖြစ်နေ၊ အနပ်တိုင်း ထမင်းမစားရတော့ ရုပ်က မကြည်မသာ မပြုံးနိုင်။ ဓာတ်ပုံတွေ ကြည့်လိုက်ရင် မျက်မှောင်ကုတ်ရှုံ့မဲ့နေတဲ့ ပုံတွေကြီးပဲ။ ရယ်နေရင်လည်း အသက်မပါ သွားဖြဲပြနေသလိုပဲ။ စနေနေ့မို့ စတိတ်ကယ်ပီတယ်ကို ပိတ်ထားပေမယ့် တိုးခရီးသည်တွေအတွက် တံခါးဖွင့်ပေးတယ်။ လှေကားက အမြင့်ကြီး မောလိုက်တာ တံခါးဝရောက်တာနဲ့ ရေသောက်ရတယ်။ စတိတ်ကယ်ပီတယ်ကိုလည်း မော်မန်တွေက အကုန်အကျခံ တည်ဆောက်ပြီး ယူတာ့အစိုးရကို လှုဒါန်းခဲ့တာပါ။

Mormons church, Silver Springs, Maryland
credit to Google

မော်မန်တည်ထောင်သူ ဘရင်ဂမ်ယောင်းရဲ့ ရုပ်ထုရှိပါတယ်။ အဲဒီခေတ်တုန်းက အကုန်အကျအများဆုံး စတိတ်ကယ်ပီတယ်ပါတဲ့။ အိုင်အိုဝါပြည်နယ် မြို့တော်ဒက်စ်မွိုင်းမြို့က စတိတ်ကယ်ပီတယ်၊ ဝါရှင်တန်ဒီစီမြို့တော်က ယူအက်စ်ကယ်ပီတယ်။ ကယ်ပီတယ်တိုင်းက သူ့ဟာနဲ့သူ လှတာချည်းပါပဲ။ နယူးယောက်ပြည်နယ် မြို့တော်အယ်ဘနေမြို့က စတိတ်ကယ်ပီတယ်ကို မကြာသေးခင်က ရောက်ခဲ့ပေမဲ့ စနေနေ့ တံခါးပိတ်ထားလို့ အထဲမရောက်ခဲ့ဘူး။ တရုတ်မတစ်ယောက်က စတိတ်ကယ်ပီတယ်အကြောင်း ရှင်းပြတယ်။ Falun Gong တရုတ်လို ရေးထားတဲ့ နံရံကပ်ကြော်ငြာ၊ စပီကာနဲ့ ရှင်းပြနေသံကို စတိတ်ကယ်ပီတယ် အဝင်ဝမှာ ကြားလိုက်ရတော့ အံ့သြသွားတယ်။ ဖာလွန်းကုန်းဆိုတာကို ဘယ်စာစောင်၊ သတင်းထဲမှာ တွေ့လိုက်လဲတော့ မသိဘူး ကြားတော့ကြားဖူးတယ် သေသေချာချာ ဂဃနဏ မသိဘူးဆိုပါတော့။ ဟိုးတလောက ဝိုင်းက နယူးယော့ခ်မှာ ဖာလွန်းကုန်း ချီတက်ပွဲကို တွေ့လိုက်တယ်ဆိုတော့မှ ဖာလွန်းကုန်းဆိုတာ ဘာလဲဟလို့ မေးယူရတယ်။ ဖာလွန်းကုန်းဆိုတာ ဘာသာရေးမဟုတ်တဲ့ လောကီအဖွဲ့အစည်းတစ်ခုပါ။ အဖွဲ့ဝင်ရင် ဘာရောဂါတွေ ဘယ်လိုပျောက်တယ် ဘယ်လိုကောင်းတယ်လို့ ယုံကြည်ကြပေမဲ့ တရုတ်အစိုးရက အသိအမှတ် မပြုပါဘူး။ ဝိုင်းက အဲဒီလိုမျိုးကို သိပ်စိတ်ဝင်စားတယ်။ ရှောင်လင်ကျောင်းက မာစတာတစ်ယောက် နာနတ်သီးကို ဘယ်လိုခွဲလိုက်တာ၊ သွေးထဲမှာ လေလုံးဘယ်လိုစီးသွားတယ် ဆိုတာကတမျိုး ကျွန်မကို ပြောပြဖူးတယ်။ ကမ္ဘီရပညာတွေရှိတယ် အစွမ်းထက်တယ်ဆိုတာ လက်ခံပေမယ့် ကျွန်မက အဲဒီလောက် စိတ်မဝင်စားဘူး။ ရုံးက တရုတ်မယန်းကို ဖာလွန်းကုန်းအကြောင်း မေးကြည့်တော့ သူတို့တရုတ်ပြည်မှာ ဖာလွန်းကုန်းကို မတရားသင်းလို့ သတ်မှတ်ထားတာတဲ့။


Utah State Capitol

ဖာလွန်းကုန်းနဲ့ ပတ်သက်တဲ့သတင်း သူတို့မသိဘူး ၁၉၈၈ တန့်အမ်းမန်ရင်ပြင်က ဒီမိုကရေစီလှုပ်ရှားမှု အကြောင်းကိုလည်း သတင်းသဲ့သဲ့ ကြားဖူးပေမဲ့ သေသေချာချာ မသိဘူး။ တူတယ်နော် စစ်အစိုးရနဲ့ သတင်းတွေ ပိတ်ပင်တာ၊ သတင်းစာ လွတ်လပ်ခွင့်တွေ ဖြတ်တောက်တာ၊ သတင်းအမှောင်ချတာ။ ခေတ်ပေါ်ဆေးဝါးတွေ လုံးဝမသုံးဘဲ ရှေးဟောင်းသူတို့နည်းနဲ့ ကုတာကိုပဲ လက်ခံရမယ်ဆိုတဲ့ အစွန်းရောက် အတွေးအခေါ်ရှိတဲ့ အဖွဲ့တဲ့။ တရုတ်အစိုးရက ဖာလွန်းကုန်းဝင်တွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ပါသတဲ့။ သိလား စန်းစန်း တို့တရုတ်တွေမှာ ဒီဗွီလော်ထရီ မရှိပေမဲ့ ဖာလွန်းကုန်းမို့လို့၊ ကလေးနှစ်ယောက် မွေးထားလို့၊ ခရစ်ယာန်ဘာသာဝင်မို့လို့ နှိပ်ကွပ်မှုရှိလို့၊ တိဘတ်ဆိုပြီး  ဒုက္ခသည်အဖြစ် လျှောက်လို့ရတယ်။ နေ့လည်က ဆန်းဒွစ်ချ် မဝရေစာ စားရလို့လားမသိဘူး ဆော့လိတ်စီးတီးမြို့ထဲက တရုတ်ဘူဖေးဆိုင်မှာ ညနေစာစားတော့ စားကောင်းလိုက်တာ။ ပန်းကန်တွေ လာသိမ်းတဲ့ တရုတ်မလေးက ဒီနေ့တနေ့လုံး တချက်မှ မနားရဘူး လာစားတဲ့သူ တအားများတယ်တဲ့။ ဆိုင်ပိုင်ရှင်အတွက် ကောင်းပေမယ့် မင်းတို့အတွက် မကောင်းဘူးလို့ပြောတော့ ရယ်နေလေရဲ့။ ဘေးမှာထိုင်တဲ့ တရုတ်ကြီးက တရုတ်လို နှုတ်ဆက်တော့ တတ်သလောက်၊ မှတ်သလောက် စကားပြောကြည့်တာ ဘေဂျင်းကတဲ့၊ ယူအက်စ်ကို ပထမဆုံးလာလည်တာတဲ့၊ ဘေဂျင်းကို လာလည်ပါတဲ့။ ခင်ဗျားသမီးက တရုတ်စကားလည်း ပြောတတ်တယ်၊ အင်္ဂလိပ်စကားလည်း ပြောတတ်တယ်ဆိုပြီး အဖေ့ကို လက်မထောင်ပြသွားလေရဲ့။ ကားပေါ်က တရုတ်ကြီးတွေက အဖေ့ကို နှုတ်ဆက်ချင်ပေမယ့် အဖေက တရုတ်စကားမပြောတတ်၊ တရုတ်တွေကလည်း ဂွတ်မောနင်း၊ သိုင်းခ်ယူလောက်သာ ပြောတတ်တော့ စကားပြောဖို့ အခက်တွေ့နေတာပေါ့။



ပြုံးပြပြီး ဟိုင်း၊ ဂွတ်မောနင်းလောက်သာ နှုတ်ဆက်နိုင်တယ်။ လူတွေနဲ့ စကားပြောချင်တယ့် အဖေ့အတွက် အခက်တွေ့တယ်။ အဖေက အင်္ဂလိပ်စကားပြောတတ်ရင် သိပ်ကောင်းမှာပဲတဲ့။ အဖေ့မြေး အင်္ဂလိပ်စာသင်တန်းတက်ရင် သူနဲ့အတူ လိုက်တက်လို့။  အမေ့ညီမအကြီးဆိုရင် အေဘီစီဒီ မသိဘူး သူ့သားနဲ့ စာလိုက်ကျက်ရင်း တတ်သွားတာတဲ့။ အမေက အင်္ဂလိပ်သင်္ချာဂဏ္ဏန်း 1234 တွေကို မသိဘူးတဲ့။ အင်္ကျီဆိုင်မှာ ဈေးနှုန်းကပ်ထားတာကို မဖတ်တတ်ဘူး နောက်တော့  ၁ ဆိုတာ 1 ဆိုပြီး ကျက်မှတ်ခဲ့ရပါသတဲ့။ တောင်ဖက်စူးစူးကို တနာရီလောက်မောင်းပြီးတော့ ယူတာ့ပြည်နယ် ပရာဗိုမြို့လေးမှာ ညအိပ်ပါတယ်။ ခရီးစဉ် ၅ ရက်မြောက်နေ့မှာတော့ ယူတာ့ပြည်နယ်က ဘာရေ့ကမ်ညမ်၊ အရီဇိုးနားပြည်နယ်က အန်တလုပ်ကမ်ညမ်၊ Horseshoe Bend ကို သွားရောက်လည်ပတ်မှာပါ။ ထူးခြားဆန်းကြယ်လှတဲ့ အဲဒီနေရာတွေအကြောင်း အပိုင်း ၁၀ မှ ဆက်ကြရအောင်နော်။

Happy Traveling!
စန်းထွန်း
စက်တင်ဘာ ၉ ၊ ၂၀၁၅။