အမေ ကြိမ်းတော့ မောင်မောင်က အဲဒီကောင်မလေးကို မယူပါဘူး။ အမေ ပေးစားတဲ့သူကိုသာ ယူပါ့မယ်ဆိုပြီး ငိုသတဲ့။ ထစ်ခနဲဆို မျက်ရည်အရင်ထွက်တာ မောင်မောင်က ကျွှန်မနဲ့တူတယ်။ မကြီးက မျက်ရည် လုံးဝမကျဘူး။ အဖေက မင်းကောင်မလေးက မင်းကို ကြိုက်တာမဟုတ်ဘူးကွ ငါ့ကို ကြိုက်တာကွ။ ဆိုလိုချင်တာက မောင်မောင်က ရုပ်ရည်၊ ပညာလည်း မဆိုး၊ အသောက်အစားလည်း ကင်း၊ မိဘဘက်ကရောင်းကလည်း မဆိုးဆိုတော့ သမက်တော်ချင်သူတွေ ဝိုင်းဝိုင်းလည်နေတယ်။ အဖေ့သားဆိုတာကြီး ဖယ်လိုက်ရင် သားမက်တော်ချင်တဲ့သူ ဒီလောက်များမယ် မထင်။ ဘယ်လိုအကြောင်းနဲ့မှ ဟိုင်းကြီးကို မပြန်ရလို့ အမိန့်ထုတ်လိုက်တဲ့အတွက် မောင်မောင် ရန်ကုန်ကို ရောက်လာပြန်ရော။
သင်္ဘောသားသင်တန်းတက်ပြီး သင်္ဘောလိုက်မယ်ဆိုတော့ ကျွှန်မတို့ညီအစ်မတွေက ဒီကောင် ကောက်ရိုးမီး ဘယ်တော့များ ဟုန်းခနဲ ငြိမ်းသွားမလဲလို့ စောင့်ကြည့်နေတာ။ တကယ်ပဲ တက်ချင်လို့လား၊ မဖြစ်မနေ လုပ်ရတော့မယ်လို့ ဆုံးဖြတ်ထားလို့ပဲလားမသိ။ ကောက်ရိုးမီးလေးက ဆီးမီးခွက်က မီးတောက်လေး ဖြစ်နေတယ်ဟလို့ ကျွှန်မတို့တွေ လက်ခမောင်း ခတ်ကြပြန်ရော။ သဘောၤသားအရာရှိ စာမေးပွဲကို ဘွဲ့ရမှ ဖြေလို့ရမယ်လို့ သတ်မှတ်လိုက်တာမို့အဲဒီတော့မှ ဘွဲ့လိုချင်ပါတယ်ဆိုပြီး ကျောင်းပြန်တက်ပါလေရော။ ဟုတ်ပါတယ် ဘွဲ့ဆိုတာ သုံးစားလို့မရဘူး ဧည့်ခန်းထဲမှာ ဓာတ်ပုံချိတ်ဖို့ ဆိုပေမဲ့ လူတိုင်းဘွဲ့ရနေတဲ့ခေတ်ကြီးမှာ ဘွဲ့လေးတစ်ခုတော့ မရသင့်ဘူးလား။ အသုံးမဝင်ဘူး ဆိုပေမဲ့ ဟော..ခုလို အသုံးတည့်တဲ့ နေရာလည်း ရှိပြန်ရော။
အဖေနဲ့မောင်မောင်က ဘောလုံးပွဲ ဝါသနာပါတယ်။ ဘောလုံးဂျာနယ် လပေးဖတ်တယ်။ နယ်အိမ်ရော၊ ရန်ကုန်အိမ်ရော ဘောလုံးပွဲကြည့်ဖို့ စလောင်းတပ်တယ်။ ကမ္ဘာ့ဗိုလ်လုပွဲတွေ၊ EPL ဗိုလ်လုပွဲ၊ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း ပါတဲ့ မြန်မာဘောလုံးအသင်းနဲ့ ထိုင်းအသင်း ဗိုလ်လုပွဲဆို ဘာပြောကောင်းမလဲ တရပ်ကွက်လုံး ကျွှတ်ကျွှတ်ညံ။ အဲဒီတုန်းက မြန်မာဘောလုံးပရိသတ်ရဲ့ အသည်းကို ခွဲသွားတာ ကိုင်တီဆတ်ဆိုတဲ့ ခပ်ချောချော ထိုင်းရှေ့တန်းတိုင်းစစ်မှုး။ ခု ထိုင်းအသင်း နည်းပြဖြစ်နေတယ်လို့ ဖတ်လိုက်ရတယ်။ ကွင်းရဲ့ ဟိုဖက်ဒီဖက် ပြေးနေတဲ့ ဘောလုံးလေးတစ်လုံးကို လူအယောက် ၂၀ ကျော်က ဝိုင်းလုကြတဲ့ ဘောလုံးပွဲတွေကို မိသားစု အတူတကွ ကြည့်ကြတဲ့ အချိန်တွေက ပျော်ဖို့ကောင်းသား။
ထောင့်ကန်ဘော၊ ပြစ်ဒဏ်ဘော ဘာကြောင့်ပေးရတယ်ဆိုတာ အဖေက ရှင်းပြတယ်။ EPL က ဘောလုံးသမားတစ်ယောက် အကြောင်းကို မမေးလိုက်လေနဲ့။ ဘယ်အသင်းကနေ ဘယ်အချိန်တုန်းက ပြောင်းလာတာ၊ ပြောင်းရွှေ့ကြေးက ဘယ်လောက်ပေးရတာ၊ ဘယ်အသင်းကို အငှားချထားတာ၊ ဘယ်နေရာမှာ ဘယ်လိုကောင်းတာ အံမယ်လေး သိလိုက်တာ ကျောင်းစာများဆို ဘယ်လောက်ကောင်းလိုက်မလဲနော် ခုတော့ ဘောလုံးဖြစ်နေတယ်။ ကျွှန်မ တို့က သူ ဘောလုံးပွဲလောင်းတာ မကြိ ုက်ပေမဲ့ လောင်းကြေး မများတော့ မပြောတော့ဘူး။
မကြီးက တိုတို (စင်္ကာပူထီ) ထိုးတယ်။ သုံးလေးကျပ်နဲ့ မီလျံနာဖြစ်နိုင်တယ်။ ကိုယ့်အတိတ်ကံက ရဖို့ရှိပေမဲ့ မထိုးရင် ဘယ်ပေါက်ပါ့မလဲဆိုပေမဲ့ ခုထိ တခါမှ ပေါက်တယ်လို့လည်း မကြားသေးဘူး။ တချိန်ချိန်မှာတော့ မီလျံနာ ဖြစ်နိုင်ကောင်းပါရဲ့။ တချို့များဆို ကောင်းကောင်းလေးတွေ ကောက်ရ၊ အတန်းထဲမှာ မဲဖောက်ရင် ပေါက်တတ်တယ်။ ကျွှန်မကတော့ အလကားရမဲ့ ကံမပါ၊ ကိုယ်လုပ်မှ ကိုယ်ရမဲ့ ဇာတာရှင်မှန်း ကိုယ့်ဘာသာသိလို့လား မသိဘူး ဘယ်တော့မှမလောင်း၊ ထီမထိုးဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့လေ။
စင်္ကာပူမှာ ကျောင်းတက်ဖို့ ပြင်နေချိန် မီးခံသေတ္တာထဲက ပိုက်ဆံ ၂ သိန်းလား၊ ၃ သိန်းလား မမှတ်မိတော့ဘူး ပျောက်သွားတယ်။ အိမ်က မီးခံသေတ္တာက ပိုက်ဆံသိမ်းရတယ် မရှိပါဘူး။ ဒီနေ့ မြင်လိုက်တယ် နောက်နေ့ မရှိတော့ဘူး။ အရေးကြီး စာရွက်စာတမ်းတွေ သိမ်းဆည်းဖို့ ပူပင်တတ်တဲ့ မကြီးကြောင့် ဝယ်ရတာပါ။ ဖွင့်ပုံဖွင့်နည်းက ၁၉ မှာ ခဏထား ညာလှည့် ၄၀ မှာထား ဘယ်လှည့် ။ နည်းနည်းလေး လွဲတာနဲ့ ဖွင့်လို့မရဘူး။ အိမ်မှာ မောင်မောင်နဲ့ ကျွှန်မ ပဲ ဖွင့်တတ်တယ် အဖေ၊ အမေတို့က မျက်စိမှုန်တာကိုး။ ပိုက်ဆံထုပ် မတွေ့တာနဲ့ တရားခံက မောင်မောင်မှန်း သိတာပေါ့။ အိမ်မှာ တခြားလူမှ မရှိတာ။ သူ့သူငယ်ချင်းကို ချေးလိုက်တာတဲ့။ ကျွှန်မတို့ညီအစ်မတွေက ဒီကောင် ကလိမ်ကကျစ် သူ့စကားကို မယုံဘူး။ နောက်တော့ လာဆပ်တယ်လို့ ကြားတယ်။
နိုင်ငံခြားမှာနေလို့ ကိုယ်တိုင်ပိုက်ဆံရှာရတော့မှ ပိုက်ဆံတန်ဖိုး သိတယ်။ အဖေ့ပိုက်ဆံ သုံးနေတုန်းကတော့ သိပ်မစဉ်းစားဘူး ပက်ခနဲ ဝယ်လိုက်တာပဲ။ ကိုယ်တိုင်ရှာတဲ့အခါကျမှ ဝယ်မယ်ဆိုရင် တကယ်ဝတ်ဖြစ်မှာလား၊ အပိုဖြစ်နေမှာလား စဉ်းစားတွက်ချက်လွန်းလို့ ဆံပင်တောင်ဖြူမယ်။ ကျွှန်မက မကြီးလောက် မတွက်ချက်၊ မစေ့စပ်ဘူး၊ ကိုယ်တကယ်လိုချင်တာဆို ဈေးသိပ်မကြီးရင် ဝယ်တယ်။ မကြီးက ဘယ်တော့မှ မူရင်းဈေးနဲ့ မဝယ်ဘူး ဒစ်စကောင့်ဆိုမှ ဝယ်တယ်။ တဈေးလုံးပတ်၊ တကယ်သက်သာမှ ဝယ်တယ်။ သူ့လက်သုံးစကားမှ ဈေးသက်သာချင်ရင် ပင်ပန်းခံရမယ်။ သူဝယ်ထားထာထက် ဈေးလျှော့နေရင် ဝမ်းနည်းပက်လက် ဖြစ်နေတတ်သေးတယ်။
မကြီးက ဘယ်လိုချင်လဲလို့မေးရင် ကျွှန်မ လိုချင်တဲ့ အိတ်၊ ဖိနပ်၊ အင်္ကျီလို့ မှာလိုက်တယ်။ ဒစ်စကောင့်ချတဲ့အခါ မကြီးက သင့်လျော်ရာ ဝယ်ထည့်ပေးလိုက်တာပဲ။ ဘယ်တံဆိပ်မှလို့ ကျွှန်မက မတောင်းဆိုသလို မကြီး ထည့်ပေးတာတွေ အကုန်ကြိုက်တယ်။ မောင်မောင်ကျတော့ ဝက်ဆိုဒ်ကနေကြည့်ပြီး သားက ဒီဖိနပ် လိုချင်တာလို့ ပူဆာတယ်။ အဲဒီဖိနပ်ကို ဆိုင်မှာသွားမေးတော့ စင်္ကာပူကို မဝင်သေးဘူး သြဇီကိုပဲ ဝင်သေးတာတဲ့။ ဒစ်စကောင့်ချလို့ ဈေးနှုန်းချိုချို ဒီဇိုင်းလေးက မဆိုး ဝယ်ထည့်ပေးလိုက်ရင် မကြိ ုက်ဘူးဆိုပြီး ထမင်းချက်လှဋ္ဌေးကို ပေးပစ်လိုက်တယ်။ ကြည့် ဝယ်ပေးချင်စရာ မကောင်းလိုက်ပုံများ။
တောင်းလိုက်ရင်လည်း တကယ့်ဈေးကြီးပေ့ ဘရန်းတွေချည်းပဲ။ ကျွှန်မတို့ညီအစ်မလည်း ဘရန်းပါတယ်။ ဒါပေမဲ့ သူက ပိုဆိုး။ ကျွှန်မဒစ်စကောင့်ဈေးလျှော့ပွဲတွေကို ခြေတိုအောင် လျှောက်နေချိန်မှာ သူက အင်တာနက်ဝက်ဆိုဒ်တွေကနေ နောက်ဆုံးလိတ်တက် ဆိုတာတွေကို ကြည့်နေတာ။ ဒင်း ကိုယ့်ပိုက်ဆံ ကိုယ်ရှာတော့မှလား ဘရန်းနိုင်ဦးမလား စောင့်ကြည့်ဦးမယ်။ ခုတော့ အဖေ့ပိုက်ဆံနဲ့ ဘရန်းနိုင်သကိုး။ သီတင်းကျွှတ်မှာ အမေ လှုဒါန်းဖို့ဆိုပြီး ပို့လိုက်တဲ့ ပိုက်ဆံတစ်သိန်းခွဲကို ဒင်းက ဘုန်းပါလေရော။ ကျွှန်မတို့ ညီအစ်မ ဒေါသထွက်လို့ ဆွေ့ဆွေ့ခုန်တယ်။ အနားမှာဆိုရင် လည်ပင်းညှစ်မိမလားဘဲ။ နင် ဘာအတွက်သုံးတာလဲမေးရင် မမေးပါနဲ့လို့ လေသံပျော့လေးနဲ့ဖြေတော့ ကွျှန်မတို့က ဒေါသပိုထွက်လေ။
ခြင်္သေ့ကျွှန်းရောက်တော့ မကြီးက ဖုန်းတလုံးနဲ့ SingTel က Prepaid ဝယ်ပေးတယ်။ တလမှ ၂၅ ကျပ်၊ မိနစ် ၆၀၀ လား မသိဘူး ရတယ်။ မသုံးတဲ့မိနစ်တွေကို နောက်လတွေမှာ ပေါင်းထည့်ပေးသွားတယ်။ တွက်ခြေကိုက်တဲ့ ဖုန်းလေး။ သူများတွေက ၂ နှစ် ကွန်းထရပ် လိတ်တက်ဖုန်းတွေ ကိုင်နေချိန်မှာ ကျွှန်မကတော့ ဖုန်းဆက်၊ မတ်ဆေ့လ်ပို့၊ ရေဒီယိုနားထောင်လို့ပဲရတဲ့ ဖုန်းစုတ်လေးကိုင်ပြီး ချွှေတာတယ်။ နောက် စမတ်ဖုန်း ပေါ်လာတဲ့အချိန် လူတိုင်း စမတ်ဖုန်း ကိုင်ချိန်မှာ ကျွှန်မက ဖုန်းစုတ်လေးကိုင်သုံးပြီး ချွှေတာနေတုန်း။ ခြင်္သေ့ကျွှန်းသူကျွှန်းသားတွေက အင်မတန် ဘရန်း၊ လိတ်တက် မက်တယ်။ လိတ်တက်ကိုင်၊ အယ်လ်ဗွီ ကိုင်မှ အထင်ကြီးတယ်။ လူတွေရဲ့စိတ်နေစိတ်ထား၊ အကျင့်စရိုက်ထက် ခန္ဓာကိုယ်ပေါ်က ဘရန်းတွေနဲ့ တိုင်းတာတယ်။
မကြီးတောင် ခြင်္သေ့ကျွှန်းရောက်တာ အတော်ကြီးကြာပြီးတော့မှ စမတ်ဖုန်းကိုင်တယ်။ ကျွှန်မတို့ရဲ့ ဘရန်းကြီး မောင်မောင်လည်း မြန်မာပြည်ကို အိုင်ဖုန်းဝင်တာနဲ့ ဘယ်နေပါ့မလဲ။ အများတကာတွေက ၁၆ ဂစ် ကိုင်တာကို သူက ၃၂ ဂစ်။ ဖုန်းတလုံးမှာ မန်မိုရီ ဒီလောက်အများကြီး မလိုဘူး။ မန်မိုရီများများလိုချင်ရင် External HardDisk ဝယ် 500 G ကိုမှ တရာပေးရတယ်။ ဖုန်းကို မန်မိုရီ နည်းနည်းပဲဝယ်လို့ အကြံပေးတာကို ဘယ်လိုမှ လက်မခံဘူး ။ သူ ဝယ်ချင်တာဝယ်တယ်။ အဲဒီချိန်တုန်းက ယူအက်စ်ရောက်တာ ၂ နှစ်ရှိပြီပေမဲ့ ကျွှန်မက Prepaid ဖုန်း သုံးနေတုန်း။ အလုပ်ဝင်နေပြီ ဖြစ်ပေမဲ့ ဖုန်းသိပ်မပြောတဲ့ ကျွှန်မက တလတလ ဖုန်းခအများကြီး ပေးရမှာကို နှမြောလို့။
အိုင်ဖုန်းတွေ ယူအက်စ်မှာ ဘယ်ဈေးပေါက်လဲလို့ မေးရင် ကျွှန်မက ဘာမှမမေးနဲ့ ငါ သုံးလည်းမသုံးဘူး၊ သိလည်းမသိဘူးလို့ ပိတ်ပြောပစ်လိုက်ရော။ အဝေးကြီးမှာနေတဲ့ ကျွှန်မက သူ့ဒဏ်က လွှတ်ပေမဲ့ နီးတဲ့မကြီးက သူ နားပူနားဆာလုပ်တာ အခံရဆုံး။ သူ့အတွက်တင် မကဘူး၊ သူ့သူငယ်ချင်းအတွက်ပါ ဝယ်ပေးပါဦး။ ပိုက်ဆံပို့ပေးတယ် ဆိုပေမဲ့ သွားဝယ်ရ၊ လူကြုံပို့ပေးရ အချိန်ကုန် ၊ လူပင်ပန်းတယ်။ ယူအက်စ်မှာနေပြီး အိုင်ဖုန်းတောင် မရှိဘူး၊ ငါ့ အိုင်ဖုန်း၊ အိုင်ပက် ထည့်ပေးလိုက်ရမလား အဟက်..အဟက်...အဟက်လို့ ကျွှန်မကို လှောင်တတ်တယ်။ အလုပ်လုပ်နေပြီပဲဟာ စမတ်ဖုန်းကိုင်လို့ တိုက်တွန်းတတ်သေးတယ်။ နယူးယောက်ကို သွားလည်ခါနီး ဆူနမ်က နင် ဒီစီမှာ တယောက်တည်း ရုံးတက်ရတာ၊ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ၊ မကြာခင် နယူးယောက်ကို သွားလည်တော့မှာ၊ နယူးယောက်က လူအရမ်းရှုပ်တာ၊ လူကွဲသွားရင် ဘယ်လိုလုပ်မလဲ၊ စမတ်ဖုန်းရှိမှ ဖြစ်မယ်လို့ အတင်းတိုက်တွန်းတော့မှ စမတ်ဖုန်းကိုင်တယ်။
အဲဒီတုန်းက အသစ်ထွက်တာက အိုင်ဖုန်း ၅။ နောက်သုံးလလောက်ကြာရော ၅ အက်စ် ထွက်ရော။ မကြီးက ဖုန်းကွန်းထရပ်ကုန်တာနဲ့ နောက်ဆုံးထွက်တဲ့ ၅ အက်စ် ကိုင်တယ်။ ဖေ့ဘွတ်မှာ ဓာတ်ပုံတင်လိုက်တာနဲ့ မောင်မောင်က ချက်ချင်း ဖုန်းခေါ်တော့တာပဲ။ သူလည်း ၅ အက်စ် ကိုင်ချင်လို့တဲ့၊ ဘယ်လိုဝယ်လို့ရမလဲတဲ့။ လိတ်တက်လွန်းတဲ့ ခြင်္သေ့ကျွှန်းသူကျွှန်းသားတွေတောင် ၅ အက်စ်ရဖို့ စောင့်ရတာ။ သူက မြန်မာပြည်ကနေ ကိုင်ချင်လို့တဲ့။ ရောဂါ...ရောဂါ လိတ်တက် ကိုင်ချင်တဲ့ရောဂါ။ ၃ လလောက်ဆို အသစ် အသစ်တွေ ထွက်နေတာ ပေါ်သမျှ လိတ်တက်တွေ ကိုင်ချင်နေတာ ခရေဇီပါပဲ။ ဘာလို့ဒီလောက် လိတ်တက်နေမှန်း မသိတော့ဘူး။
ကျွှန်မတို့ ညီအစ်မတွေက ဒီကောင် အဖေ့ပိုက်ဆံတွေနဲ့ လိတ်တက် ကိုင်နေတာ။ အိမ်ထောင်ကျရင် သားကျွှေးမှု၊ မယားကျွှေးမှုတို့နဲ့ လိတ်တောင်တက်နိုင်မှာ မဟုတ်ဘူးလို့ မဲ့ကြတယ်။ ဟိုတလောက Emperio Armini နာရီလေး ဈေးချလို့ ဝယ်ပေးပါတဲ့ သူ ပိုက်ဆံပို့ပေးပါမယ်တဲ့။ ဘယ်လောက်လဲဆိုတော့ ဒေါ်လာ ၂၅၀ နဲ့ ၃၀၀ ကြား (မူရင်းဈေးမဟုတ် ဈေးချထားတာ) ။ ယူအက်စ် ရောက်ပြီးကတည်းက သူ့ကို ဘာမှမဝယ်သေးဘူး။ မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးလိုက်မယ်။ ဒင်းက ရန်ကုန်မှာသာနေတာ အာမနီမျက်မှန်နဲ့ ငါတို့ထက် ဘရန်းနိုင်တယ်ဟေ့။ ဘင်္ဘောသားသင်တန်းတက်တာလည်း ပိုက်ဆံအတော်ကုန်တယ်။ နောက်တော့ သင်္ဘာလည်း မတက်ဖြစ်။
(ဆက်ရန်)
စန်းထွန်း
မတ် ၁၆၊ ၂၀၁၄။
All Photos are from Google.
6 comments:
မမအိုင်အိုရာ
သဘောအကျဆုံးဘဲ ။ဟုတ်လိုက်ကြတာ
ချစ်တဲ့
ဒိုးကန်
ခင်မင်လျက်
ဆုမြတ်
မေတ္တာဖြင့်
တီတင့်
Mrs. Bagel said...
ပြောလို့ ပြောတာ မဟုတ်ဘူး။ သူရှာတဲ့ေငွေကိုပဲ သူ့ကို ပေးသုံးခိုင်းပါလား။ အစ်မတို့မရှိရင် လိပ်တက်ကနေ ဖွတ်တက် ဖြစ်သွားနိင်တယ်။ လွယ်လွယ်လေး ရတော့ ဘဝအကြောင်းမသိဘူး။
March 17, 2014 at 6:10 AM
Anonymous said...
မောင်မောင်...မောင်မောင်..
မင်းလေးတော့မင်းလိုသားလေးရမှသိမယ်။ း)
ဟော..ကြည့်..စန်းထွန်းတောင်မနေနီုင်ဘူး။ ပို့ပေးချင်နေပြီမဟုတ်လား။
ဒါတွေကို သူတို့ကနောကျေပြီးသား။
မမအိုင်အိုရာ
March 17, 2014 at 9:49 PM
မဒမ်ကိုး said...
အမတွေလဲသူ့ဒဏ်တော်တော်ခံရတာဘဲ .့မြတ်ကြည်လေးပြောသလိုဘဲ သူရှာရတာသူ့ကိုတိုင်းတာပြီးသုံးခိုင်းကြည့်ရင်ဘယ်လိုဖြစ်မလဲ စမ်းကြည့်ပါလား
စန်းထွန်းရေးတဲ့အထဲမှာအကြိုက်ဆုံးစကားလေးရှိတယ်
ခြင်္သေ့ကွျှန်းသူကွျှန်းသားတွေက အင်မတန် ဘရန်း၊ လိတ်တက် မက်တယ်။ လိတ်တက်ကိုင်၊ အယ်လ်ဗွီ ကိုင်မှ အထင်ကြီးတယ်။ လူတွေရဲ့စိတ်နေစိတ်ထား၊ အကျင့်စရိုက်ထက် ခန္ဓာကိုယ်ပေါ်က ဘရန်းတွေနဲ့ တိုင်းတာတယ်။
သဘောအကျဆုံးဘဲ ။ဟုတ်လိုက်ကြတာ
ချစ်တဲ့
ဒိုးကန်
March 17, 2014 at 10:18 PM
ဆုမြတ်မိုး said...
အိမ်ကမောင်လေးနာမည်လည်း မောင်မောင်ပဲ ။ သူကတော့ ကိုးတန်းဆိုတော့ ဆိုးမဆိုးမသိရသေးဘူး ဒါပေမယ့် ပူဆာတတ်တာတော့တူတယ်..။ ယောက်ျားလေးတွေတကယ်ဆိုးရင်မိသားစုတွေခံရတယ်နော်...။ အမရယ်..ပစ်သာထားလိုက်...သားကျွေးမှု မယားကျွေးမှုရှိလာရင် ဘရန်းမပြောနဲ့ ပုဆိုး အရောင်မထွက်အောင်လုပ်ကျွေးရမှ အမတွေစေတနာကိုသိမှာ..။
ခင်မင်လျက်
ဆုမြတ်
March 17, 2014 at 10:41 PM
Aunty Tint said...
ငယ်စဉ်ဘဝမှာ မိဘကပေးတာမပေးတာထက် ပူဆာဘို့ အခွင့်အရေးရှိတာ ကျေနပ်စရာ စန်းစန်းရေ...
တီတင့်ဆိုရင် 'ပူဆာတယ်'ဆိုတဲ့စကားကိုတောင် နားမလည်ခဲ့ဘူးဆိုရင် ယုံမလား ? :P
ဘောလုံးပွဲကတော့ တီတင့်ကအစ တအိမ်လုံးကြိုက်စ် :) ဆန္ဒကိုအကောင်ထည်ဖော်နိုင်တဲ့မောင်မောင့် အကြောင်းဖတ်သွားတယ်။
မေတ္တာဖြင့်
တီတင့်
March 18, 2014 at 5:37 AM
Post a Comment