မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
အမေက မောင်မောင့်ကို မွေးပြီးကတည်းက ကလေးတွေကို စိတ်ကုန်သွားတာ သူ့တူ၊ တူမတွေကို ကျွှေးစရာရှိကျွှေး၊ ပေးစရာရှိ ရော့ အင့် ပေးပြီး အနားကို  အကပ်မခံတော့ဘူး။ မောင်မောင့်စာအုပ် ဖတ်ပြီးတော့ အဖေ တော်တော် စိတ်ဆင်းရဲသွားရှာတယ်။ ပဲပင်ပေါက် မုန်တိုင်းတိုက်တဲ့ လက်ရေး၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံ အမှားအယွင်းတွေကို မြင်ရတော့ မင်းကွာ ဆယ်တန်းအောင်လို့ တက္ကသိုလ်ကျောင်းသား ဖြစ်နေပြီ မင်းဟာက အလယ်တန်းကျောင်းသား အဆင့်လောက်တောင် မရှိပါလားကွ။
ဆိုင်ကယ်မောင်း သင်ပေးတော့ မောင်မောင်က တညနေတည်းနဲ့ တတ်ပေမဲ့ ကျွှန်မတို့ကို နှစ်ပတ်လောက် သင်ပေးရတယ်။ မနက်စောစော လူရှင်းတဲ့အချိန် ဆိုင်ကယ်မောင်းကျင့်ဖို့ အဖေက နှိုးတတ်သလို ညနေစောင်း သောင်ပြင်ထက်ဆီမှာ ကျွှန်မတို့ ညီအစ်မတွေ ဆိုင်ကယ်မောင်းကျင့်ရင် မောင်မောင်က စိတ်မရှည်ပေမဲ့ အဖေကတော့ စိတ်ရှည်လက်ရှည် စောင့်ကြည့်ညွှန်ကြား ပေးတတ်တယ်။ ကျွှန်မတို့ မောင်နှမသုံးယောက်ကို စက်ဘီးစီးတတ်အောင် သင်ပေးခဲ့တာလည်း အဖေပါပဲ။
ပွဲရုံသွားမယ်ဆိုတိုင်း အိမ်နေရင်း ဝတ်တဲ့ စွပ်ကျယ်၊ အရောင်မထွက်တဲ့ မွဲပြာပုဆိုး ဝတ်ပြီးသွားမယ်ဆိုလို့ နည်းနည်းကောင်းတာလေး လဲဝတ်ဖို့ အမြဲဆူရတယ်။ ပွဲရုံမှာက ကိုယ့်နယ်သားတွေကြီးပဲဆိုတော့ အမေက သူ့သားကို စုတ်တီးစုတ်ပြတ် ဘယ်မြင်ချင်ပါ့မလဲ။ မင်းကို ငါ့သားလို့ မထင်ဘဲ မသိတဲ့သူတွေက အိမ်က အလုပ်သမားလို့ ထင်ကြလိမ့်မယ်။ အင်္ကျီလဲခိုင်းတာ ဘယ်လိုပြောပြော မရဘူး။ ဟော... ညနေ စာအုပ်ဆိုင်သွားတော့ ရှိုးစမိုး အပြည့်။ အဲဒီလို အဲဒီလို အချိုးမပြေတာ။
သားကြီးသြရသတွေဆို သိတတ်လိမ္မာကြတာ များလေတော့ မောင်မောင်သာ သားကြီးဖြစ်ခဲ့မယ်ဆိုရင် သိတတ်လိမ္မာလေမလားတော့ မပြောတတ်ပါ။ ခုတော့ အငယ်ဆုံးလည်းဖြစ်၊ အလိုလိုက်ခံရတော့ မသိတတ်ဘူး။ မောင်နှမတွေ ရန်ဖြစ်ကြရင် ကွျှန်မတို့တွေက တဖက်၊ မောင်မောင်က တယောက်တည်း ဖြစ်လေတော့ တကယ်လို့များ ကျွှန်မအထက်က အစ်ကိုသာ သက်ရှိထင်ရှား ရှိခဲ့ရင် အစ်ကိုဖြစ်သူက ညီဖြစ်သူကို ဆုံးမလေမလား။ ဒါမှမဟုတ် ညီအစ်ကိုနှစ်ယောက် ပေါင်းနှိပ်စက်လို့ ကျွှန်မတို့တွေ ခေါင်းမွှေး ပိုပြောင်လေမလား။
ကျွှန်မတို့တွေက မောင်မောင့်ကို နိုင်ငံခြားထွက် အလုပ်လုပ်စေချင်တာ။ ဒါမှ ပိုက်ဆံတန်ဖိုး သိမှာလို့။ အသုံးမကျဘူး၊ အဖြစ်မရှိဘူးလို့ ကျွှန်မတို့တွေ ပြောကြပေမဲ့ သူ့သူငယ်ချင်းတွေထဲမှာတော့ သူက ဆရာကြီး။ ကျွှန်  ဘွဲ့ယူဖို့ အဖေနဲ့အမေ ခြင်္သေ့ကျွှန်းကိုလာတော့ အင်္ဂလိပ်လို နည်းနည်းပါးပါး ပြောဖို့ မောင်မောင့်ကို ခေါ်လာတာ ဒင်းက ရက်စ်၊ နိုး၊ အိုကေ၊ သင့်ခ်ယူ၊ ဆောရီး ဒီငါးလုံးပဲ သိတယ်။ ခြင်္သေ့ကျွှန်းကို ပြန်ဝင်ဖို့ ဗီဇာထပ်လျှောက်ရမှာမို့ ကျွှန်မက နေသိပ်မကောင်းတဲ့ အမေ့ကို အဖော်ပြုရင်း ခြင်္သေ့ကျွှန်းမှာ ကျန်ခဲ့ပေမဲ့ သူတို့သားအဖတွေက မလေးရှားနိုင်ငံ ကွမ်လာလမ်ပူကို သွားလည်ကြတယ်။ ၂၀၁၂  အဖေ့ နှလုံးသွေးကြောကျဉ်းတာကို ဘန်ကောက်က ဘာမင်ဂရမ်ဆေးရုံမှာ ခွဲစိတ်တော့ မောင်မောင် ပါပြန်တယ်။ ခု ကျွှန်မ ဘွဲ့ယူဖို့ အဖေ၊ အမေတို့ကို  ယူအက်စ်ကို အလည်ခေါ်မဲ့ အကြောင်းပြောကြရင် အဖေ့သားကို မခေါ်ခဲ့နဲ့ သူ့အရည်အချင်းနဲ့သူ လာပါစေလို့။
ခုများတော့ အစ်မတွေကြောင့် နိုင်ငံခြား လည်ရတယ်။ လူမစွမ်း နတ်မတယ်လို့ ဆိုရမလား။  ဒီကောင်က အစွမ်းအစသာ မရှိတာ သူ့ကံကိုတော့ ယှဉ်လို့မရဘူးလို့ ကျွှန်မတို့တွေ မနာလိုဖြစ်ကြတယ်။ အဖေ့သား အသုံးမကျဘူးလို့ ကျွှန်မတို့တွေက ပြောရင် သူ့သားက သူများတွေထက် အပုံကြီးသာတယ်လို့ အဖေက ကွယ်ရာမှာ ရှာကြံချီးမွှမ်းရှာတယ်။ ဟုတ်လည်း ဟုတ်ပါတယ် အိမ်နားပတ်ဝန်းကျင်မှာ ဂျီတီစီတက်ပြီးမှ အရက်သမားလုံးလုံး ဖြစ်သွားသူတွေ၊ အလုပ်မလုပ်၊ ဝေလေလေ ဝါးလားလား၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘီယာဆိုင်ထိုင်၊ ဟိုယောင်ယောင် ဒီယောင်ယောင်တွေ များသား။ ကျွှန်မတို့လောက် မကြိုးစားပေမဲ့ သူတို့နဲ့ယှဉ်ရင် ကောင်းကောင်းမွန်မွန်နေတဲ့ မောင်မောင့်ကို တော်တယ်လို့ဆိုရလေမလား။
စာဖတ်ဝါသနာပါတဲ့ အဖေ့အတွက် လွန်ခဲ့တဲ့နှစ်နှစ်က ကင်ဒယ်ဖိုင်းရား ဝယ်ပေးတယ်။ အဲဒီတုန်းက အိုင်ပက်မီနီ မပေါ်သေးဘူး။ အဖေက ခရီးသွားတုန်းက ဓာတ်ပုံတွေ၊ ကျွှန်မတို့ ဓာတ်ပုံတွေကို လာသမျှလူတွေကို ပြရတာ အမော။ အဖေ ကြိုက်တယ်ဆိုတော့ ကျွှန်မက ဝမ်းသာမဆုံး။ ကင်မရာအသစ်ဝယ်တော့ ကင်မရာအသေးကို အဖေ့ဆီ ပို့လိုက်တယ်။ ကင်မရာ မသုံးတတ်တဲ့ အမေ့ကို ကင်မရာရိုက်တတ်အောင် အဖေ သင်ပေးလိုက်နော်။ ကင်မရာရိုက်တာ လွယ်လွယ်လေး ဘာမှမခက်ဘူး။ ခလုတ်ကလေး နှိပ်ရုံပဲ။ ဓာတ်ပုံများများရိုက်ခဲ့လို့ မှာနေတာ ကင်မရာ မယူသွားဘဲ ဂိုက်ရိုက်ပေးတဲ့ အန်ကောဝတ်ရှေ့က တပုံတည်းသော ဓာတ်ပုံသည်သာလျှင် အမေ့ရဲ့ကမ္ဘောဒီးယားခရီးစဉ် အမှတ်တရအဖြစ်  တွေ့ရတယ်။
ဟိုတလောကမှ မကြီးက စိတ်မကောင်းစရာ သတင်းတစ်ခု ပြောရဦးမယ် ကင်ဒယ်ဖိုင်းရား ပျောက်သွားပြီ။ ပျောက်သွားတာ ကြာပြီ နင် စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောဘဲ ထားတာတဲ့။ သူတောင် မကြာသေးခင်ကမှ သိတာ။ ဘာလိုပျောက်တာတုန်းဆိုတော့ မောင်မောင် ကားပေါ်တင်ထားတုန်း ပျောက်သွားတာတဲ့။ အဖေ့အတွက်ပေးတဲ့ ပစ္စည်းက ဘယ်လိုလုပ် သူ့လက်ထဲ ရောက်နေတာတုန်း။ အဖေကိုင်ဖို့ ပေးတာလေ သူ့ကိုင်ဖို့ ပေးတာမဟုတ်ဘူး။ သူ့အဖေပစ္စည်း သူ့ပစ္စည်းပေါ့ဟာ။ စိတ်တိုလိုက်တာ မပြောပါနဲ့တော့။  ဒီကောင် ငါ့ကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။ အမြဲဒေါသထွက်စေတယ်။
ခု အိုင်ပက်အဲပေါ်တော့ အိုင်ပက်မီနီ ဈေးကျနေတာ အဖေ့အတွက် ဝယ်မလား စိတ်ကူးတယ်။ မကြီးနဲ့ တိုင်ပင်တော့ ဘာမှ မဝယ်ပေးနဲ့ဟေ့။ စိတ်မကောင်းစရာ သတင်းတခု ထပ်ပြောရဦးမယ်။ ကင်မရာ ပျောက်သွားပြီ။ နှလုံးသွေးကြောကျဉ်းလို့ အဖေ့နှလုံးထဲကို ပိုက်ထည့် ခွဲစိတ်ထားတာ တစ်နှစ်ပြည့်လို့ ချက်ကပ်လုပ်ရတော့ အဖေ၊ အမေ၊ မကြီးယောက္ခမ၊ မကြီးတို့စုံတွဲ ဘန်ကောက်မှာ ဘုရားလည်းဖူး လိပ်ဥလည်း တူးကြတယ်။ မကြီးက အဲဒီကတည်းက သံသယ ဝင်မိသားတဲ့။ အမေ့ကို မေးကြည့်တော့ မောင်မောင့်အိတ်ထဲမှာ ကျန်ခဲ့လိုလို၊ ဟိုလိုလို ဒီလိုလို လုပ်နေတယ်တဲ့။ ခုမှ မောင်မောင့်ကားပေါ်မှာ ပျောက်သွားတာတဲ့။
မောင်မောင်က ဘယ်လောက်လဲ ပြန်ဝယ်ပေးမယ်လေတဲ့။ အဲဒါ သူဝယ်တုန်းက စင်းဒေါ်လာ ၆၀၀ ပေးရတယ်ဆိုတော့မှ အမ်..တဲ့။ ဒေါသထွက်လိုက်တာ အဖေ့ကို ဝယ်ပေးသမျှ သူက မောင်ပိုင်စီးပြီး ဖျောက်ပစ်တာ။ အနားမှာ ရှိလို့ကတော့ လည်ပင်းညှစ်ပစ်လိုက်ချင်တယ်။ ဒီကောင့်ကို ဘာဆိုဘာမှ မဝယ်ပေးတော့ဘူး။ သူ့အတွက် ဝယ်ထားတဲ့ ဇာရာက အင်္ကျီကိုလည်း မပေးနဲ့တော့။ ကင်ဒယ် ဖျောက်ပစ်လို့ စိတ်တိုနေတုန်း ကင်မရာ ဖျောက်ပစ်ပြန်ပြီ။ ဒေါသထွက်လွန်းလို့ အိပ်လို့တောင် မပျော်ဘူး မုန်းလိုက်တာ။
ဒီကောင် ငယ်ငယ်ကတည်းက စည်းကမ်းမရှိတဲ့ကောင်။ ကျောင်းစာအုပ်တွေ အမြဲနှစ်စုံ ဝယ်ရတယ်။ စာအုပ်၊ ဘောပင်၊ ပေတံ ပျောက်တာလည်း ခဏခဏ ။ ကျွှန်၄တို့တွေဆို ပစ္စည်းတော်တော် ရိုသေတယ်။  ပျောက်ခဲတယ်။ ငယ်ငယ်ကတည်းက ဖိနပ်ကို ညီညီချွှတ်ဖို့၊ အဝတ်တွေကို အဝတ်ခြင်းတောင်း ထည့်ဖို့ ဘယ်လိုပဲ ဆုံးမသွန်သင် ပြောနေတုန်း လုပ်တယ် မပြောရင် မလုပ်ဘူး။ အမေက မောလွန်းလို့ မပြောတော့ဘူးတဲ့ သူ့တတ်နိုင်သမျှ လုပ်တယ်။ ကျွှန်မကတော့ မလုပ်မချင်း တရစပ်အော်တော့ နားညည်းလို့တဲ့ ထလုပ်တယ်။
အစ်မတစ်ယောက်ကို ကင်ဒယ်ဖျောက်ပစ်တဲ့အကြောင်း ပြောပြတော့ သူ့အမေဆို အသက် ၆၀ အရွယ် ခုထိ ထီးအမြဲပျောက်တုန်း။ တစ်ချောင်းပြီးတချောင်း ပျောက်တာ ထီးများ စားပစ်သလား မှတ်ရတယ်တဲ့။ ပျောက်တတ်ပါတယ်ဟယ်လို့ ဖျောင်းဖျသေးတယ်။ ကင်မရာ ဖျောက်ပစ်ပြန်ပြီ အစ်မရေ ဆိုတော့ သူလည်း မဖျောင်းဖျနိုင်တော့ဘူး။ သူ့ဟာက ပျောက်တာရော ဟုတ်ရဲ့လားဟယ် သူ့ကောင်မလေးများ ပေးပစ်လိုက်သလားတဲ့။ သူ့ကောင်မလေးကို ပေးပစ်တာတော့ မဖြစ်နိုင်ဘူး။ အဲဒီကလေးမလေးက အရမ်းအေးတယ်။ သူ့မိဘတွေက အဖေနဲ့ မောင်နှမတွေလို ကြီးပြင်းခဲ့တာ။ သူ့ဦးနှောက်ထဲ တခုခု မှားနေသလိုပဲ၊ ဘာလို့ ဒီလောက် ဘရန်းမှန်း၊ အသုံးမကျမှန်း မသိတော့ဘူး ။ အဖေ့သားသာဆိုတယ် အဖေနဲ့တစက်ကလေးမှ မတူဘူး။
ကလဲရားကို ပြောပြတော့ ဘရန်းမမတွေရဲ့မောင်ပဲ ဒီလောက်တော့ ဘရန်းတော့ပေမပေါ့။ တို့များ ဘရန်းတာ သူ့လောက် မဆိုးဘူး။ ဘာလို့ ဒီလောက် လိတ်တက်မှန်း မသိတော့ဘူး။ အဲဒါ သူတောင်းသမျှ ဝယ်ပေးတဲ့ မင်းတို့အစ်မတွေနဲ့ မင်းအဖေကြောင့်။ သူ ပြောတော့မှ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ကျွှန်မ ပါးစပ်ကို ပိတ်ရော။ သားသမီးမကောင်း မိဘခေါင်း။ မကြာသေးခင်က မောင်မောင် မင်္ဂလာဆောင်တော့ ဒင်း ဖျောက်ပစ်လိုက်တဲ့ ကင်ဒယ်နဲ့ ကင်မရာကို မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့တယ်လို့ပြောတော့ အဖေက ဒီလိုလည်း ဘယ်ဖြစ်ပါ့မလဲ လေသံပျော့လေးနဲ့ ဖျောင်းဖျရှာတယ်။
နောက်ဆိုးပေကြီး တစ်ယောက်က တခြားသူ ဟုတ်ရိုးလား။ အဲဒီဆိုးပေလောက် မဆိုးပေမဲ့ အဲဒီဆိုးပေလောက် နီးနီးဆိုးတဲ့ ဆိုးပေကြီးရဲ့ အစ်မ... ဆိုးပေလေး) ။ အဖေ ငယ်ငယ်လေး ကတည်းက အဖေ့အမေ ဆုံးသွားလို့ မိတဆိုးလေး အဖေ့ကို သူ့အဒေါ်တွေက ကြည့်ရှုစောင့်ရှောက်ကြတယ်။ နောက်တော့ ဘိုးဘိုးက ဗမာပြည် (ဧရာဝတီတိုင်း) တက်လာတယ်။ ရွှံ့တွေဗွက်တွေနဲ့ တနေကုန် လယ်ထဲမှာ နွှားနှစ်ကောင်နဲ့ရုန်းကန်ရပေမဲ့ ပင်ပန်းဆင်းရဲ စားလောက်ရုံပဲဆိုတော့ အဖေက စီးပွားရှာဖို့ ဘိုးဘိုးရှိတဲ့ ဗမာပြည်ကို လိုက်လာတယ်။ သူ့နောက် လိုက်မလာရင် ခုလောက်ဆို ကျွှန်မတို့တွေတော့ လယ်ထဲ ထမင်းတောင်း ပို့နေရပြီလို့ သူ့ကို ကျေးဇူးတင်ရမဲ့လေသံနဲ့ဘိုးဘိုးက ပြောတတ်တယ်။
ခြံထဲမှာနေရင် ဆိုင်က ယူသွားတဲ့ ဆန်အိတ်၊ မီးသွေးအိတ်ဖိုးတွေကို အဖေက ရှင်းရတဲ့အပြင် လစဉ်ထောက်ပံ့တယ်။ အဖေက အသားညိုညို ၊ ပိန်ပိန်ရှည်ရှည်၊ ဘိုးဘိုးက ဖြူဖြူနုနု၊ ပုပု အလှကြိုက်။ ကျွှန်မတို့အိမ်ကို လာတဲ့ အမျိုးတွေမှာ ညိုညိုပိန်ပိန် ရှည်ရှည်ဆိုရင် အဖေ့အမျိုးတွေ၊ ဖြူဖြူပုပု လုံးလုံးတွေက အမေ့အမျိုးတွေ။ ဘိုးဘိုးက အဖေ ပေးသမျှ ပိုက်ဆံကို နှစ်လုံး၊ သုံးလုံး ထိုးပစ်တယ်။ စားဖို့သောက်ဖို့၊ ကျန်းမာရေးစရိတ်၊ လှုဖို့တန်းဖို့ အဖေက အကုန်ထောက်ပံ့တာ။ ဘိုးဘိုး ဘာလို့နှစ်လုံးထိုးတာလဲမေးရင် လှုတန်းဖို့တဲ့။ အဖေ သူ့အဖေနဲ့ တစက်ကလေးမှ သွားမတူတာ ကျွှန်မတို့တွေအတွက် ကံကောင်းတယ်လို့ ဆိုရမယ်။ အဖေသာ သူ့အဖေ ကျွှန်မတို့အဘိုးနဲ့ တူခဲ့ရင် ကျွှန်မတို့တွေ ခုလို အေးအေးချမ်းချမ်း နေရမယ် မထင်ဘူး။
အဘိုး စားပြီးပြီလား ဘာဟင်းနဲ့စားလဲလို့ မေးရင် ငှက်ပျောသီး၊ သကြားနဲ့စားတယ်လို့ ဖြေတတ်တယ်။ မသိတဲ့လူဆိုရင် ကျွှန် တို့က ဘာမှမကျွှေးဘဲ ထားတယ်လို့ ထင်ကြမယ်။ တယောက်အကြောင်း တယောက်သိကြတဲ့ တရွာတည်းသားတွေမို့သာ တော်တော့တယ်။ ဘိုးဘိုးက အဲဒီလို လူ့ဂွစာ။ ကျွှန်မ  ချက်တဲ့ ဟင်းဆိုရင် ဘိုးဘိုးက မတို့မထိ ဟင်ခနဲ မျက်နှာလွဲနေတယ်။ အဖေကတော့ ကောင်းတယ် ဆားလေးနည်းနည်းထည့်လိုက် ဟိုဟာလေး ပြင်လိုက်နဲ့ အားပေးတတ်၊ သင်ပေးတတ်တယ်။
ဘိုးဘိုးရဲ့ အကောင်းမပြောတတ်တဲ့ ဗီဇလေးက မောင်မောင့်ဆီမှာ ပါလာပုံရတယ်။ တခါတုန်းက အိမ်အကူလုပ်ပေးတဲ့အစ်မက ကြာဇံချက် ချက်တာ မောင်မောင်က မြည်းကြည့်ပြီးတော့ မကောင်းဘူးတဲ့။ နေ့လည် အိုးလည်း ဖွင့်ကြည့်တော့ လား...လား ပြောင်သလောက် ဖြစ်နေပြီ။ မကောင်းဘူး ဆိုပေလို့သာပဲ ကောင်းများကောင်းရင် အိုးပါ ကိုက်စားပစ်မလားမသိ။ ကျွှန်မ  နယ်ကိုရောက်နေရင် ရန်ကုန်မှာ မကြီး တစ်ယောက်တည်း ဖြစ်မှာစိုးလို့ စောင့်ရှောက်ဖို့ ဘိုးဘိုးကို ရန်ကုန်လွှတ်တယ်။ ရန်ကုန်တိုက်ခန်းတွေက ထောင်လိုပဲတဲ့။ စကားပြောဖေါ်မရှိ၊  ကားလမ်း ကူးဖို့ခက်တယ်။
လမ်းထဲက ပင်စင်းစား အဘိုးကြီးတွေ ဗာဓံပင်အောက်မှာ ရေနွေးကြမ်းတအိုးနဲ့ နိုင်ငံရေး၊ သာရေး၊ နာရေး လေကန်ကြရာမှာ ဘိုးဘိုးလည်း ပါတယ်။ ဘိုးဘိုးက ထမင်းဆိုရင် ကျောက်ခဲလောက် မာမှ စားတယ်။ ပျော့လို့ကတော့ လုံးဝမစားဘူး။ ထမင်းဟင်းတွေကို ပူပူလောင်လောင်မှ စားတယ်။ ရေနွေးကြမ်းဆိုလည်း ခါးတူးနေမှ သောက်တာ။ ရုံးပတီသီး အတာင့် ၂၀ ဝယ်ရင် ဆယ်တောင့်ကို မကြီးက ပုဇွှန်နဲ့ကြော်တယ်။ ဆယ်တောင့်ကို ဘိုးဘိုးက ငါးပိနဲ့အိုးကပ်ချက်တယ်။ ဆေးတံသောက်တယ်။ ကျွှန်မတို့တွေ ဆေးတံနံ့ မခံနိုင်မှန်းသိတော့ အပြင်မှာသောက်တယ်။ အမေ့ဖက်က အဘိုးရှိပေမဲ့ အတူမနေတော့ ငယ်ငယ်ကတည်းက မတည့်အတူနေတဲ့ ဒီအဘိုးကိုပဲ ကျွှန်မတို့တွေက အဘိုးလို့မှတ်ကြတယ်။
ဘိုးဘိုးက မြေးဦးလည်းဖြစ် ပြန်မပြောတဲ့ မကြီးကို အချစ်ဆုံး။ ဝါတွင်းဥပုသ်နေ့မှာ ဘိုးဘိုး ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သွားစောင့်ရင် လှုဖို့တန်းဖို့ ဘယ်လောက်ပေးလိုက်ပါလို့ အဖေက ဖုန်းဆက်ရင် ကျွှန်မက ပေးရတယ်။ ပိုက်ဆံယူရင်း မင်း အဖေက ဘယ်လိုမကောင်းတာနဲ့ ပြောနေတာ  သည်းခံနားထောင် နေသေးတယ်။ မကြီးဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်မပြောဘဲ နေပါလိမ့်မယ်။ လူပုစိတ်တို ကျွှန်မက သည်းမခံနိုင်တော့တဲ့ နောက်ဆုံး စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တာက "အဖေက ဘိုးဘိုးသား မဟုတ်ဘူးလား...အဖေ ဘယ်လောက်ကောင်းတယ်ဆိုတာ သမီးတို့ အသိဆုံး...နောက်နောင် သမီးရှေ့မှာ သမီးအဖေ မကောင်းကြောင်း ဘယ်တော့မှ လာမပြောနဲ့" ဆိုပြီး ဆောင့်ဆောင့်နဲ့ ခြေဆောင့်ပြီး အပေါ်ထပ်ကို တက်သွားတော့တာပဲ။
အဲဒီကတည်းကစလို့ ဘိုးဘိုးက ကျွှန်မကို စကားဟဟ မပြောတော့ဘူး။ နှာကစ်သွားတယ်နဲ့ တူပါရဲ့။ လူကြီးတိုင်းလည်း မှန်တာမှ မဟုတ်တာနော့။ စိတ်ဆိုးလွန်းလို့ အဖေ့ဆီ ဖုန်းလှမ်းဆက်ပြီး "အဖေ့အဖေကလေ သမီးအဖေကို မကောင်းဘူး ဆိုးတယ်တဲ့။ သမီးလည်း စိတ်ဆိုးလွန်းလို့ နောက်နောင် သမီးရှေ့မှာ သမီးအဖေ မကောင်းကြောင်း ဘယ်တော့မှ လာမပြောနဲ့လို့ ပြောပစ်လိုက်တယ်" ။ သမီးဖြစ်သူက သူ့အဖေ ကျွှန်မတို့အဘိုး အကြောင်း လှမ်းတိုင်တော့ အဖေ့ခမျာလည်း ဒီအဖေရယ်၊ ဒီသမီးရယ်ကြောင့် စိတ်ညစ်ရှာမယ်နဲ့ တူပါရဲ့။ ဘိုးဘိုးကို ဘာလို့ပြန်ပြောရတာလဲလို့ အမေ ဆူတာ ခံရသေးတယ်။
အစ်မဝမ်းကွဲ မင်္ဂလာဆောင်တော့ သူ့ယောက္ခမတွေက ဆွေပြမျိုးပြအဖြစ် ကျွှန်မတို့မြို့ကို လိုက်လည်ကြတယ်။ ပုသိမ်တက်မဲ့ ရှပ်ပြေး (အထူးအမြန်ရေယာဉ်က) မနက် ၅ နာရီထွက်တယ်။ မနက် ၄ နာရီခွဲလောက်ကတည်းက သင်္ဘောဆိပ်ကို ကြိုရောက်ရတယ်။ သူ့ယောက္ခမရဲ့အိတ်က သူ့အိတ်နဲ့တူတယ်လို့ တွေးမိတော့ ငါ ဥစ္စာခြောက်တာ ဖြစ်မှာပါလေလို့ အစ်မက ဖော့တွေးတယ်တဲ့။ နောက်တော့မှ သိတယ် သူ့ယောက္ခမ သူ့အိတ်နဲ့ မှားယူသွားမှန်း။ ငါ့ ယောက္ခမက စိတ်ရင်းတော့ ကောင်းပါရဲ့ လမ်းလျှောက်တာလည်း ပျာရိပျာယာ၊ စကားပြောတာကလည်း ဘာတွေပြောမှန်းမသိ၊ အိန္ဒြေကို မရဘူး။ ပြီးတော့ အိတ်ကိုလည်း မှားဆွဲသွားသေးတယ်၊ တကယ့်ကို ကသမ်းကရမ်းပါပဲအေ။ အဘိုးအဘွားတွေမှာ ပါတဲ့ဗီဇတွေက သားသမီးလက်ထက်မှာ မပေါ်ရင် မြေးလက်ထက်ကျရင် ပေါ်တတ်တယ်တဲ့။ အစ်မလည်း ကသမ်းကရမ်းယောက္ခမရဲ့ မြေး ကသမ်းကရမ်လေးတွေ မွေးတော့မှာပေါ့လို့ ကျွှန်မ တို့တွေ စကြနောက်ကြတယ်။
ဘယ်လိုပဲဆိုးဆိုး ကျွှန် တို့တွေရဲ့ တစ်ဦးတည်းသော ခြစ်...အဲလေ ချစ်လှစွာသော မောင်လေးဆိုတော့လည်း မောင်မောင်ကြိုက်လောက်တဲ့ ဒီဇိုင်းလေးတွေ တွေ့ရင် မကြီးက သူလည်းဝယ်ပေး၊ ဒါလေး မဆိုးဘူး နင် ဝယ်ပေးလိုက်လို့ မောင်မောင့်ကို အမြင်ကပ်နေတဲ့ ကျွှန်မကို တိုက်တွန်းတတ်သေးတယ်။ သူ မကြိုက်ရင် တခြားသူကို ပေးပစ်တာ၊ တန်ဖိုးမထားတာတွေက သူ့အပိုင်းပေါ့လေ။ ကသမ်းကရမ်း မောင်လေးက မွေးလာမဲ့ ကသမ်းကရမ်း တူ၊ တူမလေးတွေရလို့ ကျွှန်မလည်း မကြာခင် ကသမ်းကရမ်း အဒေါ်ဖြစ်တော့မယ် ထင်ပါရဲ့။ ဆိုးပေကြီးရဲ့ ရင်သွေးလေးတွေဖြစ်တဲ့ ကျွှန်မတို့ရဲ့ မျိုးဆက်သစ် မျောက်မူးလဲ၊ ကြောင်အီးပူကလေးတွေအတွက် မောင်မောင်က မတောင်းဆို မပူဆာတာတောင် ကျွှန်မတို့တွေကိုယ်တိုင် လိုလိုလားလား စိတ်ပါလက်ပါ လျှော့ပင်းနေလေမလားတော့ မပြောတတ်ပါ။
စန်းထွန်း
မတ် ၂၂၊ ၂၀၁၄။
All Photos are from Google.
6 comments:
Anonymous said...
သေချာတာပေါ့။
သူရအောင်လုပ်ပေးမှာ။ တကယ်။ )
ချစ်သောမမအိုင်အိုရာ
Lorem Ipsum said...
Anonymous said...
Dear San Htun
My Grandma is like your Grandpa.
We always fight ..hee heee..
Best Regards
Esther
မြသွေးနီ said...
Aunty Tint said...
မေတ္တာဖြင့်
တီတင့်
San San Htun said...
Anonymous said...
သေချာတာပေါ့။
မမွေးလာခင်ကတည်းက ကြိုပြီးရှော့ပင်းနေမှာ။ း)
(သူကောင်းတာလည်းတွေလည်းရှိမှာပါ။
ဥပမာ..သူ့ကိုအားကိုးပြီးတစ်ခုခုလုပ်ခိုင်းကြည့်ပါလား။
သူရအောင်လုပ်ပေးမှာ။ တကယ်။ )
ချစ်သောမမအိုင်အိုရာ
March 22, 2014 at 1:14 AM
ဆုမြတ်မိုး said...
အဆိုးလေးမို့ပိုချစ်ရတာပေါ့နော် ။ ဆိုးစရာနွဲ့စရာလူတွေရှိလို့ပါ..။ မောင်အငယ်ဆုံးတွေကအဲလိုပါပဲ.. း)
March 23, 2014 at 9:02 PM
မြသွေးနီ said...
သုံးပိုင်းလုံး ဖတ်ပြီးတဲ့အခါ မောင်မောင်ကို စိတ်ကူးနဲ့ ပုံဖော်ဖြစ်တယ်။ မောင်မောင်လို မောင်တစ်ယောက်ရှိတာမို့ ဖတ်ရတာ ပိုအရသာရှိနေတယ်။ ဘယ်လိုပဲပြောပြော မောင်မောင်ကို ချစ်တဲ့အစ်မတစ်ယောက်ဆိုတာ ဖတ်ရင်းနဲ့ မြင်နေရတယ်။ ငိုတတ်တဲ့ကလေး နို့စို့ရတယ်လေ။ ဒီလိုကလေးမျိုးမှ အိမ်မှာ ဟီးရိုးမဖြစ်ရင် ဘယ်သူဖြစ်ပါ့မလဲ..။ အခုပဲကြည့်.. သူ့အကြောင်းရေးဖြစ်နေပြီ..ဟုတ် :)
March 28, 2014 at 2:21 AM
Aunty Tint said...
စန်းစန်းရဲ့ မောင်လေးအကြောင်းဖတ်မိတော့ တီတင့်ရဲ့ မောင်လေး လူဆိုးတူးတူးကို သွားသတိရမိတယ်။ ဆိုးပေမယ့် အစ်မတစ်ယောက် အနေနဲ့ သနားပြီးချစ်ခဲ့ရတယ်။ ဇာတ်လမ်းလေးတွေ ဆက်ပါအုံး ဖတ်လို့ကောင်းတယ် ...
မေတ္တာဖြင့်
တီတင့်
April 1, 2014 at 12:04 PM