မျိုးရိုးထဲမှ ဆိုးပေကြီးများ -  ၁

မျိုးရိုးထဲမှ ဆိုးပေကြီးများ...ကျွှန်မတို့ညီအစ်မ အကြိုက်တူတဲ့ ဆရာသုမောင် စာအုပ်အမည်လေးပါ။ သူတို့အမျိုးတွေထဲက ဆိုးကြပေကြသူတွေအကြောင်း ရေးဖွဲ့ထားတာ ချစ်စရာကောင်းပေမဲ့ အမျိုးတွေကတော့ ငါတို့မကောင်းကြောင်း ရေးတဲ့အကောင်ဆိုပြီး အမြင်ကပ်ကြသတဲ့။

ဆရာသုမောင်တို့အဘွား၊ ဒါရိုက်တာ၊ စာရေးဆရာ ဆရာသာဓုရဲ့အမေက သိမ်ကြီးဈေးမှာ ခေါင်းရွက်ဗျပ်ထိုးပြီး ရောင်းတဲ့ဈေးသည်။ နေ့တိုင်း သတင်းစာကို  အစကနေအဆုံး  စာမတတ်တဲ့အဘွားကို စာတတ်တဲ့အဘိုးက ဖတ်ပြရသတဲ့။ အဘိုး ကျော်ချရင် အဘွား ဘယ်လိုလုပ် သိသလဲမေးတော့ ငါက သူ့မျက်လုံး၊ အမူအယာတွေကို သေချာကြည့်နေတာ ဒင်း ကျော်ချလို့ ဘယ်ရပါ့မလဲ။ တစ်နေ့တော့ အင်္ဂလိပ်အစိုးရ ဆုငွေထုတ်ထားတဲ့ လူဆိုးကြီးတစ်ယောက် ရုပ်ဖျက်ပြီး သိမ်ကြီးဈေးကို ရောက်လာတာ ပါးနပ်တဲ့၊ သတင်းစာ အမြဲဖတ်တဲ့ အဘွားက ရိပ်မိသတဲ့။

သူ့ဈေးဗန်းထဲက ငရုတ်သီးမှုန့်တွေနဲ့ လူဆိုးမျက်နှာဆီကို ပစ်ပေါက်ပြီးတော့ ဖမ်းတာ ငရုတ်သီး မျက်စိထဲ ဝင်သွားလို့ ပူစပ်ပူလောင်ဖြစ်နေတဲ့ လူဆိုးက အငိုက်မိပြီး အဖမ်းခံရသတဲ့။ မြို့တော်ဝန်က ဆုငွေနဲ့ သေနတ်လား၊ ဓားလား တခုခုပဲ ဂုဏ်ထူးဆောင်အဖြစ် ချီးမြှင့်တယ်။ အဘွားက စိတ်ဆိုးတိုင်း အဲဒီ ဓား (သို့မဟုတ်) သေနတ် တဝင့်ဝင့် ရမ်းလွန်းလို့ ယောကျာ်းဖြစ်သူရော၊ သားသမီးတွေကပါ မြို့တော်ဝန်ကို ပြန်သိမ်းဖို့ တောင်းပန်ကြသတဲ့။


အလုပ်ကနေ ပြန်လာရင် အိမ်ကို တန်းပြန်မလာဘဲ အိမ်ဘေးကနေဖြတ်ပြီး စမောလေးဆီသွားတဲ့ အဘိုး စီးလာမဲ့ ဘတ်စ်ကားကို အဘွားက လမ်းထိပ်ကနေ စောင့်ဖမ်းသတဲ့။ ဘတ်စ်ကားထဲမှာ အဘိုးပါမှန်း ဘယ်လိုလုပ် သိသလဲဆိုတော့ ဘတ်စ်ကားမောင်းတဲ့ အကောင်တွေက ငါ့ကိုမြင်ရင် မူမမှန်လို့ ဘတ်စ်ကားထဲမှာ မင်းတို့အဘိုးပါမှန်း သိတာပေါ့။ အဘွားက ရပ်လို့ဆိုလိုက်တာနဲ့ ဘတ်စ်ကားတွေက ရပ်ပေးရပြီး ကားပေါ်တက်ရှာတာ ဘတ်စ်ကားမှတ်တိုင် နာမည်တောင် အဘွားအမည်တွင်သွားပါသတဲ့။

ဖဲရှုံးရင် ဖဲချပ်တွေ လွှင့်ပစ်ပြီး အမယ်လေး... သေပါတော့မယ်...ခု ချက်ချင်း ငါ့ကို ဆေးရုံပို့...သေပါတော့မယ်လို့ အော်ဟစ်သတဲ့။ သူ့အမေအကြောင်း ကောင်းကောင်းသိတဲ့ ဆရာသာဓုက အတန်ခပ်ကြီးကြီး အသစ်ကျပ်ချွှတ် ပိုက်ဆံတွေကို ယပ်တောင်လိုလုပ်ပြီး မျက်နှာနားကပ် ယပ်ခပ်ပေးလိုက်ရင် တက်မတက် ချက်မတက် ဖြစ်နေတာတွေ ယူပစ်သလို ပျောက်။ နတ်ဝင်သည်တွေ နတ်ထွက်သွားသလိုမျိုး။ သူတို့အမျိုးတွေထဲက ဆိုးကြပေကြသူတွေအကြောင်း ချစ်စနိုးနဲ့ ရေးထားတာများ တကယ်ဖတ်လို့ကောင်းတဲ့ စာအုပ်လေး။

ကျွှန်မတို့က မိဘတွေရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမဟုတ်တဲ့ အရပ်ဒေသမှာ ကြီးပြင်းခဲ့ရတော့ ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းလို့ ဆိုကြသလို အမျိုးတွေထက် မိသားစု၊ သူငယ်ချင်းတွေကို ပိုတွယ်တာတယ်လို့ ဆိုရမလားဘဲ။ ဒီတော့ မျိုးရိုးထဲက ဆိုးပေကြီးတွေအကြောင်း သိပ်မသိဘူး။ အဲ ကျွှန်မတို့မိသားစုထဲက ဆိုးပေလေး တစ်ယောက်အကြောင်းတော့ ကောင်းကောင်းသိတယ်။ အဲဒီသိုးမည်းလေးက ကျွှန်မတို့မိသားစု သိုးဖြူတွေထဲမှာမို့ သူ့အမည်းရောင်က ပေါ်လွင်ထင်ရှားနေတာနဲ့ တူပါရဲ့။ တခြားသိုးမည်းတွေနဲ့ ယှဉ်လိုက်ရင် သူ့အမည်းက အရောင်ဖျော့နေပြန်ရော။


ငယ်ငယ်တုန်းက ကျွှန်မတို့အတန်းမှာ နှစ်တိုင်း ပထမဆုရတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ ဂုပ်ဝဲဆံပင် ပျော့ပျော့စင်းစင်း၊ အသားဖြူဖြူ၊ ဘယ်သန်၊ ဂျပန်မလေးနဲ့တူပြီး ဂါဝန်လှလှလေးတွေ ဝတ်တတ်တယ်။ သူ့အမေကလည်း အရမ်းဂရုစိုက်တယ်။ အမေရေ အဲဒီကောင်မလေးက သတင်းစာဖတ်တတ်နေပြီ အမေ့သမီးက ဘာမှမဖတ်တတ်သေးဘူး စာကျက်ခိုင်းဦးလို့ မကြီးက အမေ့ကို တိုင်လေ့ရှိတယ်။ ကျွှန်မ  လေးတန်းရောက်တော့ ၇ ယောက်တည်း ရှိတဲ့အတန်းမှာ ပထမဆု ရတယ်။ ဆုဆိုတာကို သိသွားလို့နဲ့ တူပါရဲ့ အဲဒီနောက်ပိုင်း ဆုတွေ အမြဲရတယ်။

မကြီက နှစ်တိုင်း ဆုရတယ်။ ၈ တန်းအစိုးရစစ် တမြို့နယ်လုံးမှာ အဆင့် ၂၀ ဝင်လို့ ငပုတောမြို့မှာ ဆုသွားယူရတယ်။ ကျွှန်မတို့အိမ်မှာ ကျွှန်မတို့ညီအစ်မတွေရဲ့ ဆုရလတ်မှတ်တွေကို မှန်ဘောင်သွင်းပြီး ချိတ်ထားတယ်။ အဲဒါတွေ နာဂစ်နဲ့ပါသွားရှာပြီ။ ကျွှန်မတို့ညီအစ်မအတွက် အဖေ၊ အမေက ဆုအမြဲ တက်ယူရပေမဲ့ မောင်မောင်ကတော့ ဆုတခုမှ မရဖူးဘူး။ စာမေးပွဲရှုံးရင် အိမ်ကို ရီပို့ကတ်မပြ ငြိမ်ကုပ်နေတတ်ပြီး အမှတ်များရင်တော့ဖြင့် အဖေ့ရေ... အမေ့ရေ ...သား...ဘယ်လောက်ရတယ်လို့ဖြင့် တလမ်းလုံးကြားအောင် လမ်းထိပ်ကနေ အော်ဟစ်လာတတ်တယ်။ ကျောင်းက ဆရာ၊ ဆရာမတွေက မင်း အစ်မတွေ ခြေရာ တစ်စက်လေးမှကို မမှီပါလားကွလို့ ဆိုကြတယ်။

မကြီးနဲ့ ကျွှန်မ ကြားမှာ ယောက်ျားလေးတစ်ယောက် မွေးခဲ့ပေမဲ့ ခပ်ငယ်ငယ်ကတည်းကပဲ အာဇိနာဆိုလား ဘာဆိုလားပေါက်လို့ သေသွားတယ်တဲ့။ ခေတ်မှီဆေးဝါးမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့ တောနယ်ဒေသမို့ မသေသင့်ဘဲ သေရတာလို့ ဆိုပါတယ်။ တစ်ဦးတည်းသော သားလည်းဖြစ်၊ အငယ်ဆုံးလည်းဖြစ်၊ သူ့မွေးပြီးမှ စီးပွားတက်ဆိုပြီး အလိုလိုက်ခံရတယ်။ ကျွှန်မတို့ဒေသဖက်မှာ ဝါဝင်ပြီဆိုရင် ဦးရှင်ကြီး ပင့်ကြတယ်။ ဦးရှင်ကြီးရုပ်တုရှိတဲ့ ကျောင်းဆောင်လေးစိုက်၊ ဖယောင်းတိုင်ထွန်း၊ ကောက်ညှင်း၊ ထန်းညက်၊ ငှက်ပျောသီး၊ ကွှမ်းရွက် ကပ်ပြီး ရေငန်တကြော အပိုင်စိုးပါတဲ့......ဦးရှင်ကြီးခင်ဗျား...။ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး အသံဝါကြီးနဲ့ (အသံဝါ၊ အသံနက် အသံကို အရောင်ဆိုးတာ မြန်မာလူမျိုးပဲ ရှိမယ်ထင်ပါရဲ့) ပင့်ဖိတ်တဲ့ ဦးအောင်မြတ်အသံကြားရင် မောင်မောင်တို့ ပြေးတော့တာပဲ။ ဦးရှင်ကြီး ဆွမ်းပင့်က စွန့်မဲ့ ကောက်ညှင်းပေါင်း၊ ငှက်ပျောသီး၊ ထန်းလျက်ကို မျှော်တာ။


မောင်မောင့်အတွက် နာမည်ရွေးတော့ ဗေဒင်တွက်တဲ့ ဦးအောင်မြတ်က သူ့ကြောင့် စီးပွားတက်သလို သူ့ကြောင့်ပဲ ကုန်မယ်လို့ ဟောလိုက်သတဲ့။ အမေ ရွေးခိုင်းလို့ ဘာဘူကုလားဆီကနေ သူရွေးပေးတဲ့ အောင်ဘာလေ ထီလက်မှတ်က သိန်းဆုကို  တစ်နှစ်၊ နှစ်လုံးနဲ့ လွဲသွားသတဲ့။ အစပ်မစားနိုင်တဲ့ သူ့အတွက် ကြက်ဥ အမြဲကြော်ပေးရတယ်။ လက်ကျိုးလို့ ကျောက်ပတ်တီးစီးတာ လက်ကကောက်နေလို့ ပြန်ချိုးရတယ်။ ဟိုင်းကြီးတကျွှန်းလုံးမှာ လက်သုံးခါကျိုးတာ သူတစ်ယောက်ပဲ ရှိမယ်ထင်တယ်ရဲ့။ သူ့ခေတ်သူ့အခါက သူ အကဲဆုံး၊ မျောက်မူးလဲလေး၊ တချက်လေးမှကို ငြိမ်ငြိမ်မနေတာ။ မကြီးက သူ့ဘာသာ အေးအေးနေတတ်သူ၊ ကျွှန်မက မဟုတ်မခံ ဆတ်ဆတ်ကြဲ။ မောင်မောင်က အိမ်မှာဆိုရင် ဘယ်လိုတီးလိုက်မယ်လေး ဘာလေးနဲ့ လက်သီးက တပြင်ပြင်။ သူများ ဆော်ထည့်လိုက်လို့ ညှိမည်းစွဲတဲ့ ဒဏ်ရာတွေနဲ့ ပြန်ခဲ့ရတာချည်းပဲ။

ကျွှန်မတို့ငယ်ငယ်တုန်းက တောနယ်ဆိုတော့ ကင်မရာမရှိ။ ဓာတ်ပုံရိုက်ရမှန်းလည်း မသိ။ အိမ်တွေလည်းပြောင်းတော့ ဓာတ်ပုံတွေလည်း ဘယ်ရောက်သွားမှန်းမသိ။ ကျွှန်မတို့ညီအစ်မမှာ ငယ်ငယ်တုန်းက ဓာတ်ပုံဆိုလို့ ပြန်ကြည့်စရာတောင် မရှိဘူး။ ငယ်ငယ်တုန်းက ဘယ်လိုပုံစံလေးလဲလို့ ကျွှန်မက မေးရင် ဝဝကစ်ကစ် ဖြူဖြူလေးလို့ အမေနဲ့မကြီးက ဖြေတတ်တယ်။ မောင်မောင့်မှာတော့ မော်တင်စွန်းဘုရားပွဲမှာ သူ့ထက်ကြီးတဲ့ ဝါးသေနတ်ကြီးလွယ်ပြီး စပ်ဖြဲဖြဲမျက်နှာပေးနဲ့ မြင်းစီးရိုက်ထားတဲ့ ဓာတ်ပုံလေးရှိတယ်။ ဓာတ်ပုံထဲမှာတောင် သေနတ်ကို လက်ကမချဘူး။ သေနတ်ပြီး သေနတ် သေနတ်ဆိုင် ဖွင့်လို့ရတယ်။ သေနတ် အဲလောက်ကြိုက်လို့ ကြီးလာရင် စစ်ဗိုလ်ဖြစ်မလား မှတ်တယ်။ ပြန်မပြော နားမထောင် ပြောဆိုဆုံးမရတာ ခက်လွန်းလို့ စစ်တပ်ထဲပို့မယ် စိတ်ကူးတယ် ဒင်းက စစ်တပ်ထဲ လုံးဝမဝင်ဘူးတဲ့။ ကျွှန်မတို့ကလည်း စစ်တပ်ထဲ ပို့မယ်လို့သာဆိုတာ ကျွှန်မတို့ဒေသဖက်မှာတော့ အစိမ်းရောင်၊ နက်ပြာရောင် ယူနီဖောင်းတွေကို တိုင်းပြည်၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သူထက်  ကျွှန်မတို့ ကျွှေးမွေးပေးကမ်း ထောက်ပံ့ရသူတွေလို့ မြင်ကြတာကိုး။

တီဗွီဂိမ်းတွေ ပေါ်လာတော့ တီဗွီဂိမ်းဆော့တာများ ထမင်းမေ့၊ ဟင်းမေ့။ မောင်မောင် ဘယ်မှာလည်း မေးမနေနဲ့ ဂိမ်းဆိုင်မှာ။ ဂိမ်းဆော့လွန်းလို့ မျက်စိတွေနီ၊ အတီးခံရပေမဲ့လည်း ဆော့မြဲဆော့ဆဲ။ ကျွှန်မတို့ညီအစ်မတွေ ပုသိမ်မှာ အထက်တန်းကျောင်းတက်တော့ အသိမိတ်ဆွေအိမ်မှာ ထမင်းလခပေးနေတယ်။ တောနယ်မှာ ဗိုက်ကားအောင် စားသောက်လာတဲ့ ကျွှန်မတို့တွေ မြို့ပေါ်ရောက်တော့ စကေးနဲ့ စားရတာ အစပိုင်းက ဗိုက်မဝဘူး။ ထမင်းမဝဘူး အဖေ့ရေလို့ ပြောလိုက်တာ အဖေနဲ့အမေ တညလုံး အိပ်မပျော်ဘူးတဲ့။ ပညာရေးကောင်းစေချင်လို့ မြို့ပေါ်ပို့မိတာ မှားပြီလား။ စရိတ်ကြီးတဲ့ မြို့ကျောင်းစရိတ်ကို လစဉ်မှန်မှန် ပို့နိုင်ပါမလား။ လစဉ်ပို့ငွေကို ပိုပေးတတ်သလို တလတခေါက် မြို့တက်လာပြီး ကျွှန်မတို့တွေကို ထမင်းဆိုင်ကောင်းကောင်းမှာ ခေါ်ကျွှေးလေ့ရှိတယ်။


သူများအိမ်မှာနေဖူးမှ ကျောင်းမှန်းကန်မှန်း စည်းကမ်းတကျဖြစ်သွားတဲ့ ကျွှန်မတို့ညီအစ်မတွေကိုကြည့်ပြီး အဖေက  ပုသိမ်အိမ်ကို ကျေးဇူးတင်တယ်။ သူ့သားတော်မောင်ကိုလည်း ထားချင်ပေမဲ့ ငယ်သေးလို့ လက်မခံသေးဘူးတဲ့။ ရန်ကုန်မှာ တက္ကသိုလ် တက်ချင်တဲ့ မကြီးကြောင့် ရန်ကုန်ကို ပြောင်းဖို့ ဖန်လာတယ်။ အဖေ လာခေါ်တဲ့အချိန် ကျွှန်မ က ကိုးတန်းနှစ်ဝက် ဖြစ်နေလို့ ကိုးတန်းဖြေပြီးတဲ့နေ့မှာပဲ အဖေက လာခေါ်ပါတယ်။ မောင်မောင်ကတော့ ၆ တန်းတက်ဖို့ ရန်ကုန်ရောက်လာတယ်။ ကျွှန်မ တို့ ကျောင်းတက်ဖို့ ရန်ကုန်မှာ တိုက်ခန်းဝယ်လိုက်တော့ မောင်မောင်က သူများအိမ်မှာ မနေဖူးလိုက်ဘူး။ ဒီကောင် သူများအိမ်မှာ မနေဖူးလို့ အချိုးမပြေတာလို့ ကျွှန်မတို့ညီမတွေက ဆိုကြတယ်။

ရန်ကုန်ရောက်ပြီး နောက်တစ်နေ့ ပျောက်သွားလို့ မကြီးဆို ခေါင်းနပန်းကြီးသွားပဲ။ အရပ်ကူပါ၊ လူဝိုင်းပါ၊ ရှာကြ၊ ဖွေကြတော့ မိန်းနားက တက္ကသိုလ်ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေတာ တွေ့ခဲ့တယ်တဲ့။ အဲဒီလို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတယ်။ မောင်မောင့်ကို တွေ့ချင်ရင် သူ့ကစားတတ်တဲ့ ၈ လမ်းက ဂိမ်းဆိုင်မှာ သွားရှာရတယ်။ အမေ၊ အစ်မတွေ လာရှာရင် သူက စိတ်ဆိုးပြန်သေးတယ်။ ဆယ်တန်းရောက်တော့ လှည်းတန်းမှာ သွားထားလို့မဖြစ်ဘူး။ တော်ကြာ ကျူရှင်သွားတယ်ဆိုပြီး ကျူရှင်မရောက်ဘဲ အိမ်နဲ့ကျူရှင်ကြား ပျောက်သွားရင် ဒုက္ခ။ အိမ်နားက သူ့သူငယ်ချင်းအိမ်မှာ သူနဲ့သူ့ငယ်ချင်း နှစ်ယောက်ဝိုင်း စီစဉ်တယ်။ ကျူရှင်ဆရာက ရောက်နေပြီ မောင်မောင်က မရောက်သေးလို့ ဖုန်းဆက်ခေါ်မှ အူယားဖားယား ပြေးတယ် ဟိုဖက်လမ်းက ကျူရှင်အိမ်ကို။ စာမကျက်ဘူးလို့ ဆရာမက ပြောရင် စာကျက်ဖို့ကို အဖေ၊ အဖေ၊ အစ်မတွေ တအိမ်လုံးက ဝိုင်းဆူ။ သူကတော့ အေးဆေးပဲ ဒီဖက်နားကဝင် ဟိုဖက်နားကထွက်။

အဖေက ငါ့သမီးနှစ်ယောက် ဆယ်တန်းအောင်သွားတာ သိတောင် မသိလိုက်ဘူး။ မင်းကျမှ တအိမ်လုံး အကောင်းမနေရ ကျွှတ်ကျွှတ်ကိုညံ။ သူ့ကိုယ်ကိုသူ ဂုဏ်ထူး ၂ လုံး၊ ၃ လုံး ထွက်မယ်ဆိုလို့ သူ့ဂိုက်က တအံ့တသြဖြစ်လို့။ သူ့လိုမျိုး စာမကျက်ဘဲ ဂုဏ်ထူး ၂ လုံး ထွက်မယ်လို့ ပြောတဲ့လူ သူ့တသက်မှာ မတွေ့ဘူးသေးပါဘူးတဲ့။ သူ့ဦးနှောက်ထဲမှာ တခုခုဖြစ်နေတယ် ထင်ပါတယ်တဲ့။ ဘဝင်လေဟပ် သူ့ကိုယ်သူ အထင်ကြီးနေတာ။ ဂုဏ်ထူးဘယ်နှစ်လုံးမှန်းလဲ မေးရင်တောင် မသိသေးပါဘူး အောင်စာရင်းထွက်မှ အဖြေသိရမယ်လို့ ဝေ့လည်ကြောင်ပတ် ဖြေရတာ သူ့အလှည့်ကျမှ ဂုဏ်ထူး ၂ လုံး အသေအချာတဲ့။ ကျွှန်မတောင် သချာၤနဲ့ သိပ္ဗံ နှစ်လုံးတော့ သေချာတယ်လို့ ပြောခဲ့တာ အောင်စာရင်းထွက်တော့မှ မြန်မာစာပါထွက်မှန်းသိတာ။ မြန်မာစာ ဖြေနိုင်ပေမဲ့ မမှန်းရဲဘူးလေ မြန်မာစာ၊ အင်္ဂလိပ်စာဆိုတာ ထွက်ဖို့အရမ်းခက်တာ။


အင်္ဂလိပ်စာ ဖြေတဲ့နေ့ကျမှ သူတော့ ကျတော့မယ်၊ ခြစ်ချတော့မယ်ဆိုလို့ အောင်မလေး ခြစ်တော့ မခြစ်ချပါနဲ့အောင်ချင်အောင် မအောင်ချင်နေ ပြီးအောင်ဖြေပါလို့ တောင်းပန်ရတယ်။ အောင်မယ်လို့ ထင်တားတဲ့ သူ့သူငယ်ချင်းက ကျပြီး ကျမယ်လို့ ထင်ထားတဲ့သူက အောင်တယ် မော်ထရေးရှင်းပေါင်းများစွာနဲ့ ဂုဏ်ထူးလား ဝေးစွ။ ဒဂုံတက္ကသိုလ်မှာ ပထမဆုံး စတက်တဲ့နေ့က ကျွှန်မကိုယ်တိုင်လိုက်ပြီး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သူငယ်ချင်းတွေက ကျွှန်မ မောင်လေးမို့ ဂရုတစိုက် ကူညီကြတယ်။ ကျောင်းမသွားဘူးလားလို့ မေးလိုက်ရင် ဆရာမ မလာ၊ ရိုးကောထိုးဖို့ ကျောင်းသွားရသလိုပဲ။ ကျောင်းကလည်း အဝေးကြီး၊ တနေကုန် ဝထ္ထုဖတ်ပြီး ပြန်လာတာ။ ကျောင်းကို ဘာလို့ အပင်းပန်ခံ  သွားနေမှာလဲ အိမ်မှာနှပ်နေတာကမှ ကောင်းသေးတယ်တဲ့။

ဟုတ်လည်း ဟုတ်ပါတယ်။ ကံ့ကော်တော၊ မြေနီလမ်း၊ ဦးချစ်၊ ဂျပ်ဆင်၊ အင်းလျားကန်၊ အင်းလျားဆောင် တက္ကသိုလ်ဝထ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ဝထ္ထုထဲကနဲ့ အပြင်မှာ လုံးဝကွာတယ်။ ကားကို တနာရီ၊ တနာရီခွဲလောက် ဖုန်တထောင်းထောင်း၊ ချိုင့်ခွက်တွေအပြည့် လမ်းတွေကို  ဒိုင်နာကားက ဒုံးပျံနှုန်းနဲ့ ဖိုက်တင်ပလေးကြတော့ ကျောင်းရောက်တာနဲ့ ဗိုက်ဖြည့်ဖို့ ကန်တင်း အရင်ပြေးရတယ်။ မြို့စွန် မိဘတွေ မမြင်နိုင်တဲ့ နေရာဆိုတော့ လုပ်ချင်တာလုပ်။ ကျောင်းပြီးတော့မှ အရက်သမား၊ ဖဲသမား ဖြစ်ကြသူတွေ ဒုနဲ့ဒေး။ ကျွှန်မကိုယ်တိုင်တောင် ကျောင်းသွားဖို့ ပျင်းတော့ သူ့ကို အတင်းမတိုက်တွန်းတော့ဘူး။

ဒေးတက်ရတာ ပျင်းစရာကောင်းလို့ အဝေးသင်ပြောင်းမယ်ဆိုတော့ အဖေက သဘောမတူဘူး ။ သူ ထောက်ပံ့ပေးနိုင်ချိန်မှာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာကောင်းတဲ့ဘဝကို ရစေချင်လို့တဲ့။ ကျောင်းမတက်ချင်တဲ့သူကို နားချလို့လည်း အလကား။  အဝေးသင်တက်တော့ အဆိုင်းမင့်တွေကို တခြားတစ်ယာက်ကို လုပ်ခိုင်းတယ်။ သွားတင်ရင်တော့ ကိုယ်တိုင်သွားတင်ရတယ်။ မြန်မာပြည်ရဲ့ ပညာရေးစနစ်ကြီးကလည်း တကယ်လေပါတယ်။ စာမေးပွဲနီးရင် ခိုးချဖို့ စာအုပ်လေးတွေ ဝယ်ထားတယ်။ ဒေးတက်တဲ့သူတွေတောင် မတတ်တာ အဝေးသင်တက်တဲ့သူတွေ တကယ်ရော တတ်ရဲ့လားမသိ။


ဒီလိုနဲ့ ဒေးကနေ အဝေးသင်ပြောင်း၊ အဝေးသင်ရောက်တော့လည်း စာမေးပွဲ ဘယ်အချိန်စစ်သွားမှန်းမသိလိုက်နဲ့ ပထမနှစ်ကို သုံးနှစ်တက်တယ်။ ကျောင်းပျော်ကြီးတွေ၊ ကျောင်းဆွေးကြီးတွေလို့ ခေါ်ရမလား။ သူ တစ်ယောက်တည်း ဒီလိုဖြစ်သလားမှတ်တယ် မကြီးသူငယ်ချင်းရဲ့မောင်လေး သူ့အရွယ်ကောင်လေးလည်း အဲဒီလို။ တက္ကသိုလ်ကျောင်း ပိတ်ရက်တွေဆို ဦးသိန်းဝင်းတိုဖယ်လ်၊ မြေနီကုန်းက ဆရာနယ်ဆင်တို့ဆီမှာ အင်္ဂလိပ်စာသင်တန်း တက်ရတယ်။ တကယ်တော့ ကျွှန်မက ငပျင်း မကြီး တက်ခိုင်းလို့ တက်ရတာ။ တိုဖယ်ဖြေဖို့လည်းမဟုတ် အင်္ဂလိပ်စာ အဆက်မပြတ် ဖြစ်စေဖို့ မကြီးက တက်ခိုင်းတာ။ မောင်မောင့်ကို တက်ခိုင်းရင် လိုက်ပို့တဲ့ တစ်ရက်သာ တက်တယ် နောက်နေ့ မသွားတော့ဘူး။ ကျွှန်မကတော့ တက်ချင်လို့ မဟုတ်ဘူး တစ်နေ့ကို ဘယ်လောက်ပေးရတာဆိုပြီး နှမျောလို့ သွားတက်တာ။

ကျွှန်မမိဘတွေကလည်း သင်တန်းတက်ဖို့၊ စာအုပ်ဝယ်ဖို့ဆို ဘယ်တော့မှ မငြင်းဘူး။ အိမ်အလုပ်တွေ ကူလုပ်ပေးတဲ့ အစ်မမရှိတော့ မကြီးက ချက်ပြုတ်၊ ကျွှန်မက အသီးအရွက်လှီးပေး၊ ပန်းကန်ဆေး၊ မောင်မောင်က ထမင်းအိုးတည်၊ ကြက်ဥကြော်၊ အမှိုက်ပစ် တာဝန်ခွဲယူကြတယ်။ တလတခေါက်၊ ကျွှန်မတို့တွေ စာမေးပွဲရှိရင် အဖေတို့က ရန်ကုန်တက်လာတယ်။  အမေ လာမယ်ဆိုရင် ကျွှန်မတို့မောင်နှမတွေ အိမ်ကိုရှင်းလင်း၊ မလျှော်ရသေးတဲ့ အဝတ်တွေလျှော်။ နှမြောတတ်တဲ့အမေကို ဒီခေတ်ဈေးနှုန်းတွေ အမှန်အတိုင်း မပြောရဲဘူး။ မောင်မောင်က အမေ့သမီးတွေ အမေ့ကို ညာထားတာ။ အဲဒီဖိနပ်က ဘယ်လောက်တန်တာလို့ တိုင်တတ်တယ်။ မိတ်ကပ်၊ နှုတ်ခမ်းနီကို မကြီးက လိုရီရယ်၊ ရယ်ဗလွန် သုံးတယ်။ ဈေးကြီးပေမဲ့ အကြာကြီးခံတယ် တွက်လိုက်ရင် တလကို ဘယ်လောက်ပဲ ကျတာ။ မကြီးက အသားအရေ sensitive ဖြစ်တယ်။ အမေ့က နှုတ်ခမ်းနီဆိုးကြည့်ပြီး သမီး ဒါ ဘယ်လောက်ပေးရလဲ ။ ၁၀၀၀ (တကယ်က ခြောက်ထောင်ကျော်) အဲဒါဆို ကြုံရင် အမေ့အတွက် တစ်ခုဝယ်ခဲ့ပေးဆိုလို့ ကျွှန်မတို့ညီအစ်မတွေ ဟိုက်ခနဲ ဖြစ်သွားဖူးတယ်။

အမေ့ကို ဝယ်ပေးရတာ ကိစ္စမရှိပါဘူး နှုတ်ခမ်းနီလေးကောင်းလို့ သူ့ဘော်ဒါတွေအတွက်ပါ ဝယ်ပေးပါဆိုလာရင် ကျွှန်မ တို့ညီအစ်မတွေ အမေ့ကို ဘယ်လိုညာရပါ့။ ဈေးအမှန် သွားပြောလို့ကတော့ ဒီလောက်ဈေးကြီးတာ ဘာလို့ သုံးရတာတုန်း။ ဒီဟာ သုံးလို့လည်း ညည်းတို့ ပိုလှလာမဟုတ်ဘူး။ ဒီရုပ်ကဒီရုပ်လို့ အပွမ်ခံရမယ်။ အလုပ်လုပ်၊ သင်တန်းတွေတက်၊ ဒေါ်လာပေးဖြေရတဲ့ စာမေးပွဲတွေမို့ ရှုံးရင်ပလုံ၊ ပိုက်ဆံမကုန်ချင်၊ စာမေးပွဲ မကျချင်လို့ စာမေးပွဲနီးရင် စိတ်တွေဖိစီးလို့ ရုပ်ကချုံးချံချုံးကျတယ်။ ကျောင်းမသွား၊ သင်တန်းမတက်၊ အိမ်မှာ တနေကုန် အိပ်လိုက်၊ စားလိုက်၊ ဘောလုံးပွဲကြည့်လိုက်၊ လောင်းလိုက်၊ လတ်လျားလတ်လျားနေ မကြိုးစားတဲ့  မောင်မောင့်ကို ကျွှန်မ ၏တို့ ညီအစ်မက ကြည့်မရဘူးရယ်။ အဖေ့သားကို အဖေပြန်ခေါ်ထိန်းပါလို့ သမီးတွေက တလေသံတည်း ထွက်တာနဲ့ အဖေက သူ့သားကို လာခေါ်သွားတယ်။


တောကို ပြန်ရလို့ ဝမ်းနည်းဖို့ နေနေသာသာ တောက အစားအသောက် ကောင်းတယ်၊ နားအေးပါးအေးတယ်ဆိုပြီး ပျော်တောင်နေသေးတယ်။ အစားအသောက် မှန်လာတာနဲ့ ဘော်ဒီတက်လာသလို အရပ်လည်း ရှည်ထွက်လာတယ်။ ဗလတောင့်အောင်လို့ ဒိုက်ထိုးသေးတယ်။ ကိစ္စရှိလို့ ရန်ကုန်တက်လာရင်တောင် ရန်ကုန်က ပူတယ်ဆိုပြီး တောကိုပြန်ဆင်းသွားတော့တာပဲ။ ကျွှန်မတို့ညီအစ်မတွေက ဒီကောင်ဆိုးတယ်လို့ဆိုရင် အကြောင်းမသိသူတွေက မယုံကြဘူး။  စကားပြောဆိုတာ ယဉ်ယဉ်ကျေးကျေး၊ တဖက်သားကို တလေးတစားနဲ့ ဟုတ်ကဲခင်ဗျ...ဟုတ်ကဲ့ခင်ဗျ လို့ ပြောတတ်တာကိုး။ အကယ်တော့ ပြန်မပြော နားမထောင် ပျော့စိစိနဲ့နံတဲ့ ကြောင်ချေး။ ကျွှန်မတို့ သူငယ်ချင်းတွေ ဆုံကြရင် ငြီးညူကြတာက ကျွှန်မတို့မောင်တွေအကြောင်း။ ဆိုင်ကို မဦးစီးတဲ့ ဖြိုးဝေရဲ့အကို၊ အရက်မူးလာရင် သောင်းကြမ်းတတ်တဲ့ ခိုင်မေ့မောင်၊ တနေ့တနေ့ အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ ဂစ်တာလေး တဂေါင်ဂေါင်နေတတ်တဲ့ ဝတ်ရည်မောင်။ မလေးရှား၊ ကိုရီးယားသွားပေမဲ့ စရိတ်ကြေရုံနဲ့ ပြန်လာတဲ့ သင်းခိုင်မောင်။ ကျွှန်မတို့တွေက သင်းခိုင်ရေ အဖြစ်မရှိတဲ့နင့်မာင်ကို လွှတ်မဲ့အစား နင် နိုင်ငံခြားထွက်တာကမှ သူ့ထက် သာဦးမယ်လို့ ပြောကြတယ်။

မောင်မောင့်ကိုခင်တဲ့ ငါးဒိုင်ကလူတွေ အရက်သွားသောက်ဖို့ လာခေါ်ရင် ပါသွားတယ်။ အဖေက စိတ်ပူတာပေါ့။ အဖေ့ဝမ်းကွဲညီ ဘေးချေ (ဦးလေး) က ငါးဒိုင်က လူတွေကို မေးကြည့်ပြီးပြီ မောင်မောင်က အရက်မသောက်ဘူးတဲ့။ မောင်မောင် စားတဲ့အမြည်းက သူတို့တဝိုင်းလုံးက အရက်ဖိုးထက်တောင် ပိုများတယ်ဆိုပဲ။ မောင်မောင်က အရက်သောက်လို့မရဘူး အရက်သောက်ရင် ဗိုက်ထဲက အောင့်တယ်လို့ဆိုတယ်။ ဆေးလိပ်လည်း မသောက်ဘူး။ ဆေးလိပ်နံ့ရရင် အသက်ရှုမဝလို့တဲ့။ မကြီးနဲ့ မောင်မောင်က ရုပ်လည်းဆင်ကြသလို အကျင့်တွေလည်း နည်းနည်းတူတယ်။ မကြီးက ဆေးလိပ်နံ့ခံလို့ မရဘူး။ တံမြက်စည်းလှည်းရင် Mask ဝတ်ပြီး လှည်းရတယ်။ နှာခေါင်းထဲ ဖုန်ဝင်ရင် ချောင်းတဟွပ်ဟွပ် ဆိုးရော။

အဖေက ငယ်ငယ်တုန်းက အရက်သောက်ပေမဲ့ မကြီးဆယ်တန်းအောင်တဲ့နှစ် ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးလိပ်ရော၊ အရက်ရော ဖြတ်တယ်။ တခါတလေမှ ဘီယာသောက်တယ်။ အဖေ ဘီယာသောက်လာရင် စကားအရမ်းများလို့ဘီယာသောက်လာမှန်း အရမ်းသိတယ်။ အမေက ခပ်အေးအေး။ ကျွှန်မကတော့ Teetotaler အရက်လုံးဝ မသောက်တဲ့သူလို့ မဆိုနိုင်ပေမဲ့ အပေါင်းအသင်းတွေဆုံရင်၊ မွေးနေ့၊ ဂုဏ်ပြုပွဲတွေဆို ဝိုင်တစ်ခွက်လောက် သောက်တတ်သူ။ ဆေးလိပ်ကင်းတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရလို့လား မသိဘူး ဆေးလိပ်သောက်တဲ့သူဆီက အနံ့ဆိုးကို အရမ်းသိတယ် မခံနိုင်ဘူး။


အသက်နည်းနည်းကြီးလာတော့ ဂိမ်းကို အရင်ကလောက် မဆော့တော့ဘဲ စာအုပ်တွေ ပိုဖတ်လာတယ်။ သူ့အတွက် စက်ပစ္စည်းဆိုင် ဖွင့်ပေးတာ အဖေက စက်ပစ္စည်းတွေ ကျွှမ်းကျင်တော့ ဝယ်တဲ့သူက ဘာဝယ်ရမှန်း မသိရင်တောင် အဖေက ဘာစက်လဲ တရုတ်နီလား၊ လေးလုံးထိုးလား၊ စက်ကြီးလား ဒါဆို ဘယ်ဟာ ဝယ်သင့်တယ်လို့ အကြံပေးတော့ ဆိုင်ဖွင့်ခါစဆိုပေမဲ့ ရောင်းရတယ်။ တနေ့တနေ့ ရောင်းရတဲ့ပိုက်ဆံတွေသိမ်း၊ မြို့ပို့၊ ဆိုင်မှာ ဘာပစ္စည်းတွေ လိုလဲစစ်၊ သင်္ဘောနဲ့ပစ္စည်းတွေ မှာဖို့ စာရင်းရေး။ ပစ္စည်းတွေ ရောက်လာရင် ဈေးနှုန်းဖြတ်၊ ဈေးနှုန်းကပ်၊ အကြွေးစာရင်းပေါင်း။ နွေရာသီ ကျောင်းပိတ်ရက် ကျွှန်မတို့ပြန်ရင် အဖေ့စာရင်းတွေ ကူလုပ်ရတယ်။ မောင်မောင် အိမ်မှာအချိန်တိုင်းမရှိ ဈေးဝယ်သူလာရင် လှမ်းခေါ်ရ၊ ညနေ ပုသိမ်သဘောၤက ကုန်လာချနေပြီ စာရင်းက အဆင်သင့်မဖြစ်သေးဘူး မောင်မောင့်ကို ရှာနေရမှာထက် အဖေက သူ့ဘာသာလုပ်ရတာ များတယ်။ ဒီတော့ သူ့သင်္ဘောအလုပ်တွေအပြင် ဆိုင်အလုပ်ပါ လုပ်ရတော့ အဖေ ပင်ပန်းတယ်။ မောင်မောင်က အဲလို မသိတတ်ဘူး။ အဖေက နှစ်ဆပင်ပန်းလို့ အဲဒီဆိုင့်ကို ဖြုတ်ချင်နေတာ နာဂစ်ဖြုတ်တော့မှပဲ ပြုတ်တော့တယ်။

တခါတုန်းက ပစ္စည်းဈေးတွေ စစ်ရင်း မူလီဈေးက မူရင်းဈေးထက် နည်းနည်းပဲကွာတော့ ကျွှန်မများ မျက်စိမှားသလားပေါ့။ အရင်ဘောက်ချာဟောင်းတွေ ပြန်စစ်တော့မှ အဖေနဲ့ကျွှန်မ ဟိုက်ခနဲ ပက်လက်လှန်သွားတယ်။ တွေ့လိုက်ရတာက  မူရင်းဈေးထက် နည်းနည်းပဲ ကွာတာ။ အဲဒီပစ္စည်းကို မောင်မောင် ဈေးဖြတ်တာ။  မင်း ဘာလို့ ဒီဈေးဖြတ်ရတာလဲမေးတော့ တခြားဆိုင် သွားဝယ်တော့ အဲဒီဈေး ပေါက်လို့တဲ့။ အဲဒီဆိုင်က သက်သာတဲ့ဈေးနဲ့ ရထားလို့ ဒီဈေးရောင်းနိုင်တာပေါ့ကွ။ မူရင်း ဒီဈေး၊ တန်ဆာခ (သင်္ဘောသယ်ခ)၊ အလုပ်သမားခတွေ ထပ်ပေါင်းရမယ်လေ။ ကိုယ်ဝယ်တဲ့အချိန်မှာ ဒီဈေးပေါက်တာကို သူများဆိုင်က အရင်တုန်းကဈေးနဲ့ နှိုင်းယှဉ်ပြီး ရောင်းလို့ဖြစ်မလားကွ။ ဈေးဝယ်သူကို ဒီပစ္စည်းက တက်ဈေးမိထားလို့ ကျွှန်တော်တို့ဆိုင်မှာ ဈေးကြီးတယ်၊ ဘယ်ဆိုင်မှာတော့ သက်သာတယ်လို့ ညွှန်းပေးလိုက်ပေါ့ကွ။ ကျွှန်မတို့တွေက ဒီကောင် စီးပွားရေးလုပ်ရင် ကြီးပွားဦးမယ်လို့ ခနဲ့ကြတယ်။

တနေ့တော့ အဖေ၊ အမေ၊ မောင်မောင် ဖုန်းမဆက် ဘာမဆက် ရန်ကုန်ကို ဗြုန်းစားကြီး ပေါက်ချလာတယ် မျက်စိမျက်နှာမကောင်း။ မောင်မောင်က ကောင်မလေးတစ်ယောက်နဲ့ စာပေးစာယူ ကြိုက်နေကြသတဲ့။ အဲဒီကောင်မလေးက သူဋ္ဌေးတူမဆိုပေမဲ့ ဟိုလူ့ဆိုင်ကယ်နောက်လိုက်၊ ဒီလို့ဆိုင်ကယ်နောက်လိုက်၊ ပျံတံတံ၊ နှန့်တံ့တံ့မို့ သဘောမကျဘူးတဲ့။ အမေတို့က ဆင်းရဲချမ်းသာတာထက် အကျင့်စရိုက် ကောင်းကောင်းမွန်မွန်၊ ရိုးရိုးသားသား၊ အေးအေးချမ်းချမ်းလေးဆို သဘောတူမှာပါ။ တော်ကြာ ကောင်မလေးက မောင်မောင့်ကို ခိုးပြေးမှာစိုးလို့ ဘာမှအသိမပေးဘဲ ဗြုန်းစားကြီး ရန်ကုန် ခေါ်ချလာတာတဲ့။

(ဆက်ပါဦးမည်)
စန်းထွန်း
မတ် ၁၀၊ ၂၀၁၄။

All photos are from Google.

9 comments:

Mrs. Bagel said...


မီးမီးငယျ said...


ဟန်ကြည် said...



Anonymous said...

မမအို်င်အိုရာ

မဒမ်ကိုး said...

မျိုးရိုးထဲကဆိုးပေအကြောင်းရင်တမောမောနဲ့ဖတ်သွားတယ် စန်းထွန်းရေ


မဒိုး

လင်းခေတ်ဒီနို said...


Unknown said...

မြန်မြန်ဆက်ပါရန် :)

Anonymous said...


San San Htun said...

Mrs. Bagel said...
မျိုးရိုးထဲက ဆိုးပေဆို မြတ်ကြည်များ ဖြစ်မလားပဲ။ ပြန်မပြော နားမထောင်လေ။ အစ်မပြောသလို ပျော့စိစိနဲံ နံတာမျိုးပေါ့။ အစ်မပြောလို့ စိတ်ဝင်စားသွားပြီ သုမောင် စာအုပ် ဝယ်ဖတ်ဦးမှပဲ။
March 10, 2014 at 3:32 AM
မီးမီးငယ် said...
ချစ်စရာကောင်းတဲ့မောင်လေးတယောက်ဖြစ်ပါလိမ့်မယ်..
တမိပေါက်တယောက်ထွန်းဆိုတဲ့စကားအတိုင်းပေါ့..
တအိမ်မှာတယောက်တော့ရှိတတ်စမြဲဘဲ..
ဟီး..ကိုယ်လည်းဇာတ်လိုက်ကျော်တဦးဆိုတော့၊
နဲနဲဖားပြောပေးရတာ..ပေါ့
March 10, 2014 at 3:03 PM
ဟန်ကြည် said...
ထစ်ခနဲဆိုရင် လက်သီးတရွယ်ရွယ်နဲ့ဆိုတော့ စန်းထွန်းပုံနဲ့ လက်သီးဆုပ်ထားတဲ့ ဒီဇိုင်းကို မြင်ယောင်ကြည့်ပြီး သဘောအတော်ကျသွားတယ်... း)

စန်းထွန်းမောင်က ဦးဟန်ကြည် သူငယ်ချင်းတစ်ယောက်နဲ့ ခပ်ဆင်ဆင်ပါလား...အောင်မယ် သူရို့က ကျန်တာသာ အဆင်မပြေတာ သူငယ်ချင်းအပေါ်မှာတော့ အတော်အနွံတာခံတာကလား...
March 11, 2014 at 4:15 AM
Anonymous said...
သိုးမဲလေးက အရက်မသောက် ဆေးလိပ်မသောက်
ယဉ်ကျေးတဲ့သူလေးဆိုတော့ မဆိုးပါဘူးစန်းထွန်းရယ်။
မမအိုင်အိုရာ
March 11, 2014 at 11:08 PM
မဒမ်ကိုး said...
မျိူးရိုးထဲကဆိုးပေအကြောင်းရင်တမောမောနဲ့ဖတ်သွားတယ် စန်းထွန်းရေ

နောက်ဆက်တွဲကိုစောင့်မျှော်လျှက်

မဒိုး
March 13, 2014 at 9:46 PM
. . လင်းခေတ်ဒီနို . . said...
မစန်း ရေးလိုက်ရင် တမေ့တမျောပဲ . . ရှည်ပေမဲ့ ဖတ်ရတာ မပျင်သွားဘူး . . း))
March 13, 2014 at 11:05 PM
Unknown said...
မြန်မြန်ဆက်ပါရန် :)
March 17, 2014 at 9:41 AM
Anonymous said...
အိမ်မှာလဲ၁ယောက်ရှိတယ် :D
November 28, 2014 at 10:28 PM