ညည်းမှာပဲ ...

အလုပ်အသစ်ဝင်တာ ၆ လရှိပြီ ပရောဂျက်အသစ် မချပေးသေးတော့ testing လေးလုပ်လိုက်၊ documentation လေးရေးလိုက်၊ bug တွေ fix လိုက်နဲ့ အေးအေးဆေးဆေး သာသာယာယာပဲ။ အစမ်းခန့်ကာလက တစ်နှစ်ဆိုတော့ စိတ်ပူမိတယ် ခုထိ ပရောဂျက်မယ်မယ်ရရ မလုပ်ရသေး၊ ကိုယ့်လုပ်ဆောင်နိုင်စွမ်းကိုလည်း ပြသခွင့်မကြုံသေးဘူး ဆိုတော့လေ။ မန်နေဂျာကို ပရောဂျက်ချပေးဖို့ ပြောကြည့်တော့ သူ့အထက်မန်နေဂျာမက ခွင့်မပြုသေးလို့တဲ့။ မကြီးနဲ့ဝိုင်းကို တိုင်ပင်ကြည့်တော့ သူတို့အလုပ်ပေးရဲ့သားနဲ့ ကိုယ်ကမလုပ်တာမှ မဟုတ်တာ။ သူတို့ကမှ အလုပ်မပေးတာကို ကိုယ်ကဘယ်လိုလုပ် ရှာကြံလုပ်လို့ရမလဲ။ တစ်နှစ်ပြည့်လို့ အလုပ်မရှိရင် သူတို့ဖြုတ်လိမ့်မယ်။ ခု ၆ လနဲ့ အလုပ်အသစ်ရှာရင် လုပ်စရာအလုပ်မပေးလို့ အလုပ်သစ်ရှာတာလို့ ဘယ်သူမှတွေးမှာ မဟုတ်ဘူး ကိုယ့်အပြစ်လို့ တွေးကြလိမ့်မယ်။ အရင်အလုပ်မှာတုန်းက ဟယ်လင်က ကိုယ်လုပ်နိုင်တာကိုသိတယ်။ တခုခုဆို စန်းစန်းကိုခိုင်းလိုက် သူဖြေရှင်းလိမ့်မယ် ဆိုတာကြီးပဲ။ နောက်ပိုင်း ဟယ်လင်နဲ့ အဆင်မပြေဖြစ်ပြီး အလုပ်မပေး ကိုယ့်ဘာသာ အလုပ်ကနေထွက်အောင် ပညာပြပေမဲ့ သူတို့ဖက်က စမဖြုတ်ဘူး။ ဒီဇင်ဘာ ၁၃ သောကြာနေ့ ရုံးမှာ ဟောလီးဒေးပါတီရှိတယ်။ မနက်စာစားပြီးတော့ လက်ဆောင်တွေလဲကြတဲ့ white elephant game ဆော့ကြတယ်။ လက်ဆောင်က အနည်းဆုံး ၂၅ ကျပ် တန်ဖိုးရှိရပြီး နံပါတ် ၁၃ ဆိုရင် လက်ဆောင်ပုံထဲက ကြိုက်တဲ့လက်ဆောင်ကိုရွေး။ မကြိုက်ရင် ရှေ့ ၁၂ ယောက်ရဲ့ လက်ဆောင်နဲ့ steal လဲလို့ရတယ်။ ကိုယ်ပေးတဲ့ home diffuser ကိုရတဲ့သူကကြိုက်ပြီး ကိုယ်ရတဲ့ phone battery charger ကိုလည်း ကိုယ်ကကြိုက်တယ်။ နေ့လည်ထမင်းစားချိန်ရောက်တော့ အားနေတဲ့ကိုယ်က စားသောက်ဖို့ပြင်ဆင်ပေးတာတွေ ဝိုင်းကူလုပ်ပေးတယ်။ ugly sweater contest မှာပါဝင်ဖို့ ရုပ်ဆိုးတဲ့ဆွယ်တာကို ဘယ်မှာဝယ်ရမလဲဟင်လို့ ဝိုင်းကိုမေးတော့ ဝိုင်းက ဟဲ့…အဲ့ဒါ ရုပ်ဆိုးတဲ့ဆွယ်တာ ပြိုင်ကြတာမဟုတ်ဘူး။ most festive ခရစ်စမတ်အဆန်ဆုံးဆွယ်တာ ပြိုင်ကြတာ ဂူဂယ်မှာရှာကြည့်လိုက်။ ဂျမားလည်း အဲ့လိုတွေးလို့ အမလေး … ငါတယောက်တည်း မဟုတ်ဘူးဟဆိုပြီး ဝမ်းသာရသေးတယ်။ ကလေးတွေရဲ့ whist list ကို လှုဒါန်းတဲ့သူတွေက lucky draw ကံစမ်းမဲ့မှာ ပါဝင်ခွင့်ရှိတယ်။ ကိုယ်က ၃၀ တန် Target gift card လှုတယ်။ နေ့လည်စာစားချိန် ကံစမ်းမဲဖောက်တော့ မဲပေါက်တဲ့သူက အခန်းထဲမှာ ရှိနေရတယ်။ မရှိရင် နောက်တယောက်ထပ်နှိုက် အခန်းထဲမှာရှိနေတဲ့သူ ရတဲ့အထိ ထပ်နှိုက်ရတယ်။

ဌာနက အကြီးဆုံးနှစ်‌ယောက်‌ကပေးတဲ့ ‌ဟောလီး‌ဒေးကဒ် 

ပထမအကြိမ် Tile ပေါက်တယ် tile ဆိုတာ ဘာမှန်းမသိလို့ ဘေးမှာထိုင်နေတဲ့သူတွေကို မေးကြည့်တယ်။ ပိုက်ဆံအိတ်၊ ဖုန်း၊ သော့တွေမှာ ကပ်ထားရင် ဖုန်းကနေ ရှာလို့ရတယ်။ ပိုက်ဆံအိတ်က ၁၅ ပေ အကျော်မှာရှိနေရင် ဖုန်းကနေ alert ပေးတယ်တဲ့။ ဒါပေမဲ့ bluetooth သုံးတော့ ဖုန်းဘတ္တရီ တအားကုန်တယ်တဲ့။ ယမ်းကိုကြွားတော့ ယမ်းက နင့်မိဘတွေလာရင် သုံးလို့ရပြီတဲ့။ ဟုတ်ပါ့ လူမှာကပ်ဖို့ မစဥ◌်းစားမိဘူး။ အဖေက လူရိပ်လူကဲသိတဲ့သူမို့ စိတ်ချရတယ် အမေ့ကိုတော့ စိတ်ပူရတယ်။ အမေ့ကို ကြိုးပါတဲ့ကျောပိုးအိတ် လွယ်ခိုင်းရမလား တွေးမိသေးတယ်။ နောက်တကြိမ် စန်းစန်းလို့ခေါ်လိုက်တော့ အံ့ြသသွားတယ် ဟမ် … ပေါက်ပြန်ပြီ။ ပါးစပ်က နားရွက်ကို ချိတ်တက်တော့မတတ် ပြုံးဖြီးနေတာပဲ။ နှိုက်လိုက်တော့ Amazon Fire HD 8 ပေါက်တယ်။ ကံစမ်းမဲနှစ်ခေါက်ပေါက်လို့ အားလုံးက သတိထားမိသွားတယ်။ ကံကောင်းလိုက်တာ ထီထိုးတဲ့။ အမေဇွန်ဖိုင်းယားကို မကြီးယူမလား မေးကြည့်မယ် မယူဘူးဆိုရင် ကလေးတွေကို လှုလိုက်မယ်။ ကလေးတွေရဲ့ wish list စာရင်းမှာ Amazon Fire HD 7 တောင်းထားတာ တွေ့လိုက်တယ်။ နောက်တော့ မကြီးကို မမေးတော့ဘူး သူကမလိုဘူး ကလေးတွေကို လှုလိုက်တော့တယ်။ ၁၃ ဂဏ္ဏန်းဟာ ကိုယ့်အတွက်တော့ လပ်ကီးနံပါတ်ပဲ။ နောက်တပတ်ကျတော့ ပရောဂျက်တခုကို တပတ်ထဲနဲ့ အပြီးလုပ်ရတယ်။ နေ့တိုင်း အစည်းအဝေးထိုင် ပြင်ဆင်တာတွေလုပ် တခြားဌာနက အမျိုးသမီးတယောက်က သဘောမကောင်းဘူး။ ကိုယ့်ဌာနက လူကြီးလူကောင်းတွေကတော့ သဘောကောင်းကြတယ်။ နေ့လည်စာထမင်းစားချိန်မရှိလို့ ထမင်းဝယ်ပေးရမလား ဘာလိုလဲ လာမေးတယ် ကူညီတယ်။ နယူးယောက်ပြည်နယ် မြို့တော်ဝန်ရဲ့ တောင်းဆိုမှုကြောင့် ဒီဇင်ဘာ ၂၃ ရက် တနင်္လာနေ့မှာ တခြားအေဂျင်စီတွေနဲ့အတူ ဝက်ဆိုဒ်လွှင့်မယ်။ သောကြာနေ့ ညနေ ၃ နာရီမှာ demo presentation ကို ကိုယ့်စက်ကနေပြတော့ ကျေနပ်ပေမဲ့ ထပ်ပြင်ခိုင်းတယ်။ သောကြာနေ့မှ လပ်တော့ကွန်ပျူတာရတယ်။ ဟောလီးဒေးပါတီမှာ နေ့လည်စာစားတုန်းက သိကျွှမ်းခဲ့တဲ့ဘော့က သောကြာနေ့မှာ စန်းစန်း လပ်တော့မဖြစ်မနေ ရ,ရမယ် လိုအပ်တဲ့ဆော့ဝဲတွေ အကုန်သွင်းပေးရမယ်။ မင်းက ငါ့စာရင်းထဲမှာ နံပါတ်တစ်ဥ◌ီးစားပေးကွ။ ကြသပတေးနေ့ မနက် ၈ နာရီကနေ ည ၇ နာရီအထိ အလုပ်လုပ်ရတယ်။ နေ့လည်စာထမင်းစားချိန်မရှိဘူး ညကျတော့ စိတ်ဖိစီးလို့ တညလုံးအိပ်မပျော်ဘူး။ သောကြာနေ့ မနက် ၇ နာရီခွဲကနေ ည ၇ နာရီခွဲအထိ အလုပ်လုပ်ရတယ်။ စနေနေ့ တနေကုန်အလုပ်လုပ် ည ၆ နာရီမှာ demo ပြတော့ ကိုယ့်စက်ကနေပဲ ပြရတယ်။

ဒီဇင်ဘာ ၁၃ ၊ ၂၀၁၉‌ သောကြာ‌ ရုံးက ဟောလီး‌ဒေးပါတီမှာ ကံစမ်းမဲ နှစ်‌ခါပေါက်တယ်...

ထပ်ပြင်ခိုင်းတယ် ဆာဗာပေါ်တင်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ တနင်္ဂနွေနေ့ မနက် ၉ နာရီ ဌာနရဲ့အကြီးဆုံးက အစည်းအဝေးခေါ်တယ်။ တနင်္လာနေ့ လွှင့်ရတော့မယ် ဆာဗာပေါ်မတင်ရသေးတော့ ဘာတွေလိုအပ်နေလဲ၊ သူလုပ်ပေးနိုင်တာရှိရင် လုပ်ပေးဖို့ပေါ့။ မန်နေဂျာကသိပုံမပေါ်လို့ ဖုန်းလှမ်းဆက် အသိပေးရသေးတယ်။ ဆာဗာပေါ်တင်နေကျ ဖာနီက စာမေးပွဲနှစ်ခုဖြေဖို့ နယူးဟမ်ရှိုင်းယားက တက္ကသိုလ်မှာ။ လုပ်ပေးနိုင်တဲ့သူတွေကိုဖုန်းခေါ် network team က လူတွေကိုဖုန်းခေါ်။ ဆာဗာပေါ်မှာ SQL database install လုပ်ပြီးပေမဲ့ database မရှိသေးဘူး။ ကိုယ်ပေးထားတဲ့ script ကို run လိုက်တော့ data ဝင်သွားတယ်။ Azure Hybrid ဆာဗာနဲ့ အီးမေးလ် မချိတ်သေးလို့ firewall ကိုစစ် ဘာလို့အီးမေးလ် မပို့တာလဲ။ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီ၊ နေ့လည် ၂ နာရီကနေ ည ၆ နာရီခွဲအထိ ဗြောင်းဆန်နေအောင် လုပ်ကြပေမဲ့ လုပ်လို့မပြီးသေးဘူး။ အီးမေးလ်ကအသက် ဘယ်လိုလုပ်ကြမလဲ။ ကိုယ်က SQL Server မှာ script နဲ့ အီးမေးလ်ပို့တာ ရေးဖူးတယ်။ အဲ့ဒီလိုလုပ်ရင်ကောင်းမလား စဥ◌်းစားကြတော့ ဆာဗာကမှ အီးမေးလ်မပို့တာ မဟန်ဘူး။ တော်ပါသေးရဲ့ ည ၇ နာရီ demo presentation ပြဖို့ ၁၅ မိနစ်အလို ၆ ၄၅ မှာ အီးမေးလ်ပို့လို့ ရသွားတယ်။ ဟမ်မလေး …. တော်ပါသေးရဲ့ တခြားဌာနက သဘောကျတယ်။ ည ၁၀ နာရီ အစည်းအဝေးမှာ link တွေက browser တချို့မှာ အဆင်မပြေလို့ ထပ်လုပ်ရတယ်။ အားလုံးပြီးသွားတော့ font က သူတို့လိုချင်တဲ့ font မဟုတ်ဘူး။ ကိုယ့်ရဲ့ CSS မှာ ပြသနာ ည ၁၂ နာရီထိုးပြီဆိုတော့ အစည်းအဝေး ရပ်လိုက်တယ်။ ကိုယ်နဲ့ဖာနီက ဆက်လုပ်ရတယ် ဖာနီက ကိုယ့်အမှားကို ရှာတွေ့ပြီး ပြင်ပေးတယ်။ တနင်္လာနေ့ကတော့ links ပြသနာပေါင်းများစွာနဲ့ ညနေ ၃ နာရီမှာ လွှင့်တင်လိုက်တယ်။ လွှင့်တင်လိုက်ပေမဲ့ မပြီးသေးဘူး ဝက်ဆိုဒ်က ဖုန်းမှာဆိုရင် layout design ကမလှဘူး responsive မဖြစ်ဘူး။ ကိုယ်က media queries မရေးဘူးတော့ ဖာနီက လာပြပေးတယ်။ စမ်းလုပ်ရင်းစမ်းလုပ်ရင်းနဲ့ အင်္ဂါနေ့မှာ ရသွားတယ်။ ခရစ်စမတ်အကြိုနေ့မှာ နေ့လည် ၂ နာရီကတည်းက ရုံးဆင်းလို့ရပေမဲ့ ည ၆ နာရီအထိ အလုပ်လုပ်ရတယ်။ ခရစ်စမတ်နေ့မှာ တနေကုန်အလုပ်လုပ်တယ်။ ကြသပတေးနေ့ အပ်လိုက်တော့မှ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်။ တသက်နဲ့တကိုယ် တခါမှဒီလောက် အလုပ်မလုပ်ဖူးဘူး။ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်တော့ ငါလုပ်နိုင်ပါလားဆိုတဲ့ ယုံကြည်မှုတိုးတယ်။ အားလုံးရဲ့ အသိအမှတ်ပြုမှုခံရတယ်။ ခုတော့ စန်းစန်းကို သိသွားကြပြီ။ ဂျမားကို ပြောပြတော့ အလုပ်မရှိတုန်းက အလုပ်မရှိဘူးလို့ညည်း၊ အလုပ်များပြန်တော့ အလုပ်များလို့ညည်း မင်းဟာကလည်း ညည်း,ညည်းနိုင်လွန်းတယ်လို့ နောက်တယ်။ အိုး … ဒီလောက်အလုပ်များတာကတော့ လွန်လွန်းပါတယ်အေ … ညည်းမှာပဲ…ညည်းမှာပဲ…ငါ့ကိုတော့ မတားနဲ့ … ဒါလူ့သဘာဝပဲ :) :D ။ သတင်းကောင်းတခုကတော့ သူငယ်ချင်းတယောက်တိုက်တွန်းလို့ မနှစ်က‌‌ဖြေလိုက်တဲ့ စာမေးပွဲအောင်မြင်တယ်ဆိုတဲ့ သတင်းပါပဲ။ စာမေးပွဲဖြေခဲ့တယ်ဆိုတာ မေ့တောင်မေ့နေတယ်။ နယူးယောက်စီးတီးအစိုးရုံးတွေရဲ့ အလုပ်တချို့က စာမေးပွဲအောင်တဲ့သူတွေကိုပဲ အလုပ်ခန့်ပါတယ်။ ဒါလေးပဲ ကြွားစရာရှိလို့ ကြွားပါရစေခင်ညာ … သည်းခံတော် မူကြပါကုန်။

စန်းထွန်း
ဒီဇင်ဘာ ၁၉၊ ၂၀၁၉။


‌အောင်ပြီ နာကွ ... မန်‌နေဂျာစာမေးပွဲ‌တော့ ‌အောင်ပြီ...မန်‌နေဂျာ‌တော့ မဖြစ်‌သေးဘူး...ဌာနထဲမှာ လုပ်သက်အငယ်ဆံဆုံး...ရာထူးတိုးနိုင်‌ချေရှိတယ်...အသစ်တယောက်ခန့်လိုက်ရင် စီနီယာအဖြစ် ရာထူးတိုးနိုင်‌ချေရှိတယ်...တိန်


ဖီလင် - ၃၆

နိုဝင်ဘာ ၂၄ မှာ ကိုယ့်အသက် ၃၆ နှစ်ပြည့်ပြီ။ ကိုယ့်မွေးနေ့ဟာ ကျေးဇူးတော်နေ့နဲ့ တိုက်ဆိုင်တာများပေမဲ့ ဒီနှစ်မှာတော့ ကျေးဇူးတော်ပိတ်ရက်က တပတ်နောက်ကျတယ်။ စတိတ်ရောက်ကတည်းက မွေးနေ့တိုင်းကို တယောက်တည်း (သို့) သူငယ်ချင်းတယောက်တလေနဲ့ ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်တော့ ဆူနမ်တို့ညီအစ်မ နယူးယောက်ကို လာလည်တာနဲ့ ကြုံနေတော့ ထူးထူးခြားခြား ကိုယ့်ရဲ့လူအများဆုံး‌‌မွေးနေ့ပွဲ ဖြစ်သွားတယ်။ ကိုယ့်မွေးနေ့ဆိုတော့ ကိုယ်ကြိုက်တဲ့စားသောက်ဆိုင် ရွေးခိုင်းတယ်။ မွေးနေ့ဆိုရင် ဝိုင်းနဲ့သွားစားနေကျ ဟော့ပေါ့ဆိုင်မှာ သွားစားကြတယ်။ ဆူနမ်က ပထမဆုံးဟော့ပေါ့စားဖူးတာ ဆူနမ်ရဲ့ အားသာချက်က မစားဖူးတဲ့အစားအစာဆိုရင် စားကြည့်ချင်တယ်။ ကိုယ်မှန်းထားတဲ့အတိုင်းပဲ သူတို့မကြိုက်ဘူး။ ဆူနမ့်ညီမက မွေးနေ့မှာ ဘာလုပ်လဲလို့မေးတယ်။ အဖေနဲ့အမေ့ကို ကန်တော့တယ် အမေက ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့တယ်။ ရန်ကုန်မှာဆိုရင် ရွှေတိဂုံဘုရားကို သူငယ်ချင်းတွေနဲ့သွားမှာ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ စားသောက်ပြီး ရတဲ့လက်ဆောင်တွေကို ဖောက်ကြည့်နေမှာ။ ဒီနှစ်တော့ မှော်ဘီဝါးနက်ချောင်းက ဗောဓိရိပ်ငြိမ်တောရနဲ့ St.Jude ကလေးဆေးရုံကို လှုတယ်။ ၂၀၁၉ ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။ စတိတ်ကနေ မပြန်တာ ၈ နှစ် ဖေဖေါ်ဝါရီမှာ ရန်ကုန်ပြန်တယ်။ အသက် ၄ နှစ်အထိ မမြင်ဘူးတဲ့ တူတော်မောင်ကို တွေ့ခဲ့ရတယ်။ ၃ လအကြာ ဇွန်လမှာ မောင်မောင် ရုတ်တရက်ဆုံးသွားလို့ ရန်ကုန်ပြန်ရတယ်။ ချစ်ရတဲ့သူ ရုတ်တရက်သေဆုံးသွားတော့ သေကွဲခြင်းဆိုတဲ့ လောကဓံကို ခံစားရတယ်။ လစဥ◌်လတိုင်း ၃ ရက်နေ့မှာ မောင်မောင့်အတွက် ရည်စူးပြီး ဆွမ်းကပ်လှုတယ်။ နေ့တိုင်း ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေပေးတယ်။ ငိုတဲ့ရုပ်ရှင်ခန်းတွေကိုကြည့်ရင် ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုနေတုန်း။ ကားတိုက်တာ၊ သေတယ်ဆိုတာကြားတိုင်း စိတ်ထဲကြေကွဲဝမ်းနည်းနေတုန်း။ ဒီနှစ်တော့ ခရီးတွေအတော်သွားဖြစ်တယ်။ ကျန်းမာရေးပိုကောင်းလာတယ်။ သေခြင်းတရားဆိုတာ မျက်စိတမှိတ် လက်တဖျစ်အတွင်းမှာ ဖြစ်သွားနိုင်တယ်ဆိုတာ မောင်မောင်က တရားပြသွားလို့ နောင်ဘဝအတွက် ကုသိုလ်ကောင်းမှုတွေ ထုပ်ပိုးဖြစ်တယ်။ တယောတီးတာရပ်ပြီး စန္ဒရားတီးသင်နေတယ်။ စန္ဒရားကို တယောထက် ပိုကြိုက်တယ်။ လက်ကွက်မှားနေရင်တောင် သာယာနာပျော်တဲ့ အသံထွက်တယ်။ တယောမှာ ၆ လလောက်ကြာမှ ဂျင်ဂယ်ဘဲလ်သီချင်း သင်ပေးတယ်။ စန္ဒရားမှာတော့ ပထမဆုံးနေ့မှာ ဂျင်ဂယ်ဘဲလ်ကို လက်နှစ်ဖက်နဲ့ တီးတတ်ဖို့ သင်ပေးတယ်။ ရေကူးမသင်ဖြစ်သေးဘူး ရေကူးသင်ချင်တာ ဒိုင်ဗင်း၊ စနောကလင်း လူပ်ချင်လို့။ မွေးနေ့ပေါင်းများစွာကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။

Happy belated birthday to me !
စန်းထွန်း
ဒီဇင်ဘာ ၁၈၊ ၂၀၁၉။





ရေဘက်ကာ..


ဘယ်ရုံးမှာမဆို ဟယ်လင့်လိုလူမျိုး တယောက်မဟုတ်တယောက်ကတော့ ရှိနေမှာပဲ။ မန်နေဂျာက ရေဘက်ကာနဲ့ မိတ်ဆက်ပေးတော့ လက်ကမ်းမနှုတ်ဆက် ပြုံးလည်းမပြုံးပြ နှစ်လိုမှုလည်းမပြတော့ သိလိုက်ပါပြီ ဒီရုံးရဲ့ဟယ်လင်က ရေဘက်ကာပဲဆိုတာ။ သူရေးထားတဲ့ application ကို testing လုပ်တဲ့အခါ အီးမေးလ်နဲ့မေးမြန်းတာကို တော်တော်နဲ့မပြန်လို့ မန်နေဂျာက ကြားထဲကနေ မနေနိုင်မထိုင်နိုင် ရေဘက်ကာအီးမေးလ်ပြန်ပါလို့ ပြောယူရတဲ့အထိ။ သူခရီးကပြန်ရောက်ပြီး နေမကောင်းလို့ဖြစ်မှာပါလို့ မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက် အိန္ဒမလေးက ဖာထေးပြောပေမဲ့ သူ့စရိုက်ဆိုတာ ကိုယ်သိပါတယ်။ စိတ်ကြည်ရင် နှုတ်ဆက်ပေမဲ့ စိတ်မကြည်ရင် နှုတ်မဆက်လို့ သူ့အခြေအနေကိုကြည့်ပြီး သူနှုတ်ဆက်မှ နှုတ်ဆက်တယ်။ သူရေးထားတဲ့ application အတွက် user requirement ကို မန်နေဂျာက ကိုယ့်ကိုရေးခိုင်းတယ်။ အကျဥ◌်းပဲရေးထားလို့ အကျယ်ချဲ့ရေးခိုင်းတဲ့အခါ system ကိုသေချာမသိလို့ မရေးတာဆိုတော့ ရေဘက်ကာနဲ့ အတူရေးခိုင်းတယ်။ ရေဘက်ကာက ကိုယ်နဲ့မရေးချင်ဘူး မန်နေဂျာက အဲ့ဒါဆို မင်းဘာသာရေးမလားဆိုတော့ ဘာမှမပြောဘူး။ စန်းစန်းကို ခိုင်းရမလားဆိုတော့လည်း ဘာမှမပြော အဲ့ဒါဆိုနှစ်ယောက်အတူ ရေးမလားဆိုတော့လည်း ဘာမှမပြော။ သူ့ဆီအီးမေးလ်ပို့ပြီး မခိုင်းလို့တဲ့ အတော်လက်ပေါက်ကပ်လိုက်တာ။ မန်နေဂျာစိတ်တိုတာလည်း မပြောနဲ့ စိတ်တိုစရာကောင်းလိုက်တာ။ မန်နေဂျာက ဒီတာဝန်က မင်းတာဝန်၊ လိုအပ်ရင် စန်းစန်းကိုကူခိုင်းဆိုပြီး အီးမေးလ်ပို့လိုက်တယ်။ ကိုယ့်အလုပ်နေရာက ကိုယ့် team နဲ့ဝေးတယ်။ တနေ့သင်တန်းတက်ဖို့အတွက် လပ်တော့ကွန်ပျူတာလိုတော့ ကိုယ်က Admin တွေဆီမှာ သွားတောင်းတယ်။ ရေဘက်ကိုမေးကြည့်တော့ ကွန်ပျူတာအဆင်မပြေသေးလို့ Admin တွေဆီလိုက်ပြီး ကူညီပေးလိုက်တယ်။ အစည်းအဝေးခန်းထဲမှာ ကိုယ့်လပ်တော့ကွန်ပျူတာက ဆော့ဝဲတွေ update လုပ်နေလို့ tutorial lesson တွေကို လိုက်မလုပ်နိုင်ဘူး။ လပ်တော့ကွန်ပျူတာကို restart လုပ်တော့ internet wifi ကိုမချိတ်လို့ system administrator ကို သွားလုပ်ခိုင်းတယ်။

မကြာပါဘူး ရေဘက်ကာ့ကွန်ပျူတာလည်း ပြသနာတက်ပါလေရော။ တယောက်က လာလုပ်ပေးတော့ ရေဘက်ကာလပ်တော့က အတော်ဟောင်းနေပြီ သူ့ထက်တောင် အသက်ကြီးတယ်တဲ့။ ရေဘက်ကာက မန်နေဂျာကို အပြစ်တင်တယ်။ မန်နေဂျာခမျာ သူလည်းဘာမှမလုပ်ရဘဲ အပြစ်တင်ခံရလို့ ရေဘက်ကာ မင်း desktop ကို ဒီယူလာပြီး ထရိမ်နင်းဆက်တက်လို့ ဘုတောတယ်။ ကွန်ပျူတာအသစ်လဲပြီးပြန်တော့ network wifi မချိတ်တော့လည်း မန်နေဂျာကို အပြစ်တင်ပြန်တယ်။ ကိုယ်က system administrator လုပ်ပေးတယ်လို့ပြောတော့ မန်နေဂျာက အဲ့ဒီလူကို ခေါ်ခိုင်းလိုက်တော့ အဆင်ပြေသွားတယ်။ ကွန်ပျူတာပြသနာတက်တာခြင်းအတူတူ ကိုယ်က ကိုယ့်ဘာသာဖြေရှင်းတယ်။ ရေဘက်ကာက မန်နေဂျာကို အပြစ်တင်ပြီး လုပ်ခိုင်းတယ်။ ကိုယ့်ဘေးမှာထိုင်တဲ့ မန်နေဂျာက စာမျက်နှာဘယ်နေရာမှန်းမသိရင်၊ ဘာဆက်လုပ်ရမှန်းမသိရင် ကိုယ်ကကူညီပေးတယ်။ မန်နေဂျာက စန်းစန်း အဲ့ဒါကြောင့် မင်းဘေးမှာထိုင်တာတဲ့။ ကိုယ့်ဘေးမှာထိုင်တဲ့သူက ကိုယ့်ကိုအင်တာဗျူးတဲ့လူဆိုတော့ ကိုယ်က ကိုယ့်အင်တာဗျူးအကြောင်း မေးတယ်။ တနေ့ကော်ဖီဘယ်နှစ်ခွက် သောက်တယ်ဆိုတဲ့အကြောင်းလည်းရောက်ရော ရေဘက်ကာက သူတနေ့ကော်ဖီဘယ်နှစ်ခွက် သောက်တဲ့အကြောင်း ဝင်ပြောတယ်။ ‌ေ‌ြေသာ် … သူက အဖော်မဲ့နေရှာတာကိုး သူ့ကိုဂရုစိုက်တာ စကားပြောတာကို လိုချင်တာကိုး။ အဲ့ဒီသင်တန်းပြီးကတည်းက ရေဘက်ကာ ကိုယ့်ကိုပြုံးပြတယ် နှုတ်ဆက်တယ် စကားတွေပြောတယ်။ သူ့ application မှာ bug ပြသနာရှိတာ သတိထားမိလားဆိုပြီး သွားမေးတော့ သူ့ဥရောပခရူသဘေင်္ာတွေအကြောင်း ပြောပြတယ်။ ခုတော့ ရေဘက်ကာ ပြောင်းလဲနေပြီ ဖော်ဖော်‌ရွေရွေ ကြည်ကြည်လင်လင် ပြုံးပြနှုတ်ဆက်နေပြီ။

စန်းထွန်း
ဒီဇင်ဘာ ၁၄၊ ၂၀၁၉။

ဝက်ဝံ‌တောင်သွား ‌တောလား...

နယူးယောက် port authority bus terminal ကနေ Bear Mountain ဝက်ဝံတောင်ဆီ ၈ ၄၅ နဲ့ ၁၁ ၁၅ ထွက်တဲ့ ဘတ်စ်ကားတွေရှိတယ်။ ဝက်ဝံတောင်ကနေ နယူးယောက်ကို ညနေ ၃ ၁၅ ဘတ်စ်ကားရှိပြီး ပိတ်ရက်ဆိုရင် ညနေ ၅ ၁၉ ထွက်တဲ့ ဘတ်စ်ကားရှိတယ်။ ဝက်ဝံတောင်ဆီ တောင်သွားတက်တာ သုံးခေါက်ရှိပြီ။ နွေရာသီနဲ့ ဆောင်းရာသီ ဟိုက်ကင်းထဲမှာ ဆောင်းဥ◌ီးရာသီက အလှဆုံး။ အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၁၃ အထိ ပီရူး၊ ဘိုလီးဘီးယား၊ ချီလီ တောင်အမေရိကသုံးနိုင်ငံ ၁၄ ရက်ခရီးထွက်ဖို့ ဝိုင်းအစ်မဟန် အောက်တိုဘာ ၂၅ သောကြာနေ့ နေ့လည်မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကနေ ရောက်လာတယ်။ အောက်တိုဘာ ၂၆ စနေနေ့ နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်း၊ ပြီးရင် နယူးဂျာစီပြည်နယ်က ပါလစ်ဆိတ်ပန်းခြံဆီ ဟိုက်ကင်းထွက်မယ်။ တနင်္ဂနွေနေ့ ဝက်ဝံတောင်သွားမယ်လို့ စီစဥ◌်တယ်။ ဘာဖြစ်လို့ စနေနေ့မှာမှ နယူးယောက်ဘော်တနစ်ကယ်ဂါးဒင်းကို သွားမလို့စီစဥ◌်ရတာလဲဆိုတော့ နယူးယောက်ဘော်တနစ်ကယ်ဂါးဒင်းက စနေနေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ ဝင်ကြေးအခမဲ့ကိုး။ နောက်တော့ ဝက်ဝံတောင်မတက်နိုင်မှာစိုးလို့ စနေနေ့မှာ နယူးယောက်ဘော်တနစ်ကယ်ဂါးဒင်းပဲ သွားမယ်လို့ ပြောင်းကြပြန်တယ်။ ဟန်က သောကြာနေ့ကမှ နယူးယောက်ရောက်တာ ဂျက်လက်ဖြစ်နေမှာပေါ့ နားပါဥ◌ီးလို့ပြောတာကို ရတယ်ခံနိုင်တယ်တဲ့ ဝိုင်းအစ်မပီသပါပေတယ်။ ၂၀၁၄ နွေရာသီ နယူးယောက်အပ်စတိတ် Cold Spring ကို ဟိုက်ကင်းထွက်ပြီး ကိုယ်က အိမ်ရောက်တာနဲ့ ကုတင်ပေါ် ပစ်လဲတယ်။ ဝိုင်းက တခြား meet up အဖွဲ့နဲ့ ဟိုက်ကင်းထွက်တာ အိမ်ကို ည ၁၁ နာရီမှ ပြန်ရောက်တယ်။ ကိုယ်ခံအားကောင်းပုံများ ကွာလိုက်တာ။ ရာသီဥတုစစ်ကြည့်လိုက်တော့ တနင်္ဂနွေနေ့မှာ မိုးရွာမယ်တဲ့။ အဲ့ဒါဆို စနေနေ့ ဝက်ဝံတောင်တက်မှဖြစ်မယ်။ မိုးရွာရင် သစ်ရွက်တွေ ကြွေသွားမှာ။ စနေနေ့ ကိုယ်က သွားဆေးခန်းပြဖို့ရှိတယ်။ တနင်္ဂနွေနေ့ပြောင်းလို့ မရတော့ ဝက်ဝံတောင်ကို ဝိုင်းတို့အရင်သွားနှင့် ကိုယ်နောက်ကလိုက်ခဲ့မယ်။ ဟန်က အချိန်ယူရမှာ ကိုယ်တို့တောင်ထိပ်မှာ ဆုံကြမယ်။ ဝိုင်းတို့က ၈ ၄၅ ဘတ်စ်ကားနဲ့ သွားနှင့်ပြီး ကိုယ်က ၁၁ ၁၅ ဘတ်စ်ကားနဲ့ လိုက်ခဲ့တယ်။ ဝိုင်းတို့ဘတ်စ်ကားက ၈ ၃၀ နဲ့ထွက်တယ်။ ဘယ်မှာမှမရပ်ဘူး express အမြန်ကား။ ဝက်ဝံတောင်ဘတ်စ်ကားက West Point စစ်ကျောင်းအထိရောက်တယ်။ အပ်စတိတ်ဖက်ကို နွေရာသီဟိုက်ကင်းထွက်တုန်းက West Point ကို သွားလည်ဥ◌ီးမယ်လို့ စိတ်ကူးထားတယ်။ West Point စစ်သင်တန်းကျောင်းက နာမည်ကြီးတယ်။ တရုတ်မလေးတယောက်နဲ့တွေ့တော့ သူက ၈ ၅၀ ရောက်တာ ငါးမိနစ်နောက်ကျသွားလို့ မနက်စောစောကားကို လွတ်သွားတယ်တဲ့။ ကိုယ်က မနက် ၈ ၁၅ ဘတ်စ်ကားပါ ဝိုင်းက ၈ ၃၀ ကားထွက်ပြီလို့ မတ်ဆေ့ပို့တယ်။ တရုတ်မလေးက အင်တာနက်မှာရှာကြည့်ပြီး တွေ့လား ၈ ၄၅ ဘတ်စ်ကားလို့ သက်သေပြတယ် ဆောရီးပါ။ ပထမဆုံးအကြိမ် ဝက်ဝံတောင်သွားတာတဲ့။ ကိုယ်က ဝက်ဝံတောင်က နေရာတွေကို ကိုယ်သိသလောက် ရှင်းပြတယ်။ Woodbury outlet ဆီကို ဘတ်စ်ကားတွေ တနာရီတစီးထွက်တယ်။ ကိုယ်လား တခါမှမရောက်ဖူးဘူး ဝိုင်း၊ မနန်းတို့က သွားရင်ခေါ်ပေမဲ ဘာမှဝယ်စရာသိပ်မရှိတာရယ်၊ ကိုယ်ကလည်း JCrew၊ Anthropologie ဘရန်းလောက်ပဲကြိုက်တော့ အွန်လိုင်းကနေဝယ် မကြိုက်ရင်ဆိုင်မှာလဲ လျော့ပင်းမောလ်ပတ်ပြီး စေ◌ျးဝယ်ရမှာကို ပျင်းတယ်။


ဝက်ဝံတောင်က ထုံးစံအတိုင်း ကြိတ်ကြိတ်တိုး စည်ကားတယ်။ မတ်မတ်ကြီး တက်ရတာဆိုတော့ ဟိုက်နေအောင်မောတယ်။ ရေသောက်နားတဲ့အချိန်မှာ ဓာတ်ပုံရိုက်။ တောင်ထိပ်ကို ၄၅ မိနစ်နဲ့ရောက်တယ်။ ဝိုင်းတို့က နှစ်နာရီကြာတယ်။ တောင်ထိပ်က ကျဥ◌်းတော့ သိပ်မရှာလိုက်ရပါဘူး တာဝါတိုင်နားမှာတဲ့။ ဟန်က ကိုယ့်ကိုအရင်တွေ့တယ် ၂၀၁၈ ဇှုလှိုင် အလာစကာခရီးကတည်းက ဟန်နဲ့မတွေ့တာဆိုတော့ တစ်နှစ်ကျော်ပြီ ဟန်က အရင်အတိုင်းပဲ။ ဝိုင်းတို့ညီအစ်မနဲ့ ခရီးသွားရတာ အရမ်းအဆင်ပြေတယ် အစားအသောက်၊ အနေအထိုင်၊ အကြိုက် တော်တော်များများတူတယ်။ သူတို့နဲ့ခရီးသွားတာ တခါမှစိတ်အနှောင့်အယှက် မဖြစ်ဖူးဘူး။ သူတို့ကလည်း ခရီးသွားရင် မြေပုံကျွှမ်းကျင် ပတ်ဝန်းကျင် စူးစမ်းလေ့လာမှုရှိတဲ့ ကိုယ့်ကိုခေါ်ချင်တယ်။ အဆင်းမှာ တရုတ်မလေးနဲ့ဆုံတယ် သူက ကားလမ်းကနေဆင်းနေလို့ အဲ့ဒီလမ်းကနေဆင်းရင်ကြာမှာ အတက်လမ်းကပဲဆင်း။ သူတောင်တက်တာ တနာရီကြာတယ်တဲ့။ တောင်တက်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ သူများတနာရီကြာတဲ့ခရီးကို ကိုယ်တို့က နှစ်နာရီလောက်ကြာတယ်။ ကိုယ်တို့က Photography Hiking လို့ခေါ်တယ်။ ဒီတခါတော့ ၄၅ မိနစ်နဲ့ ကိုယ့်စံချိန်သစ်ပဲ။ ဟန့်ကင်မရာက စေ◌ျးကြီးတဲ့ နစ်ကွန်ကင်မရာ ပုံထွက်အင်မတန်လှတယ်။ ကိုယ့်ကင်မရာက ဓာတ်ပုံတွေထက် ဟန့်ကင်မရာက ဓာတ်ပုံတွေကို ပိုကြိုက်တယ်။ ညနေ ၅ ၁၉ ဘတ်စ်ကားကို ၅ နာရီလောက်ကတည်းက တန်းစီရတယ်။ အလာတုန်းက လူအပြည့် နှစ်ယောက်ဆို အတက်တံခါးပေါက်နားမှာ ထိုင်ရတယ်။ ကိုယ်တို့တန်းစီပြီး မကြာခင်မှာပဲ ကိုယ်တို့နောက်မှာ လူတန်းကြီးက အရှည်ကြီး။ ကိုယ်ရှေ့က တရုတ်မလေးက အိမ်သာပြေးလိုက်ဥ◌ီးမယ် သူ့နေရာကို ကြည့်ထားပေးပါတဲ့။ အချိန်အမြဲတိကျတဲ့ ဘတ်စ်ကားက ထူးထူးခြားခြား နောက်ကျနေတယ်။ တရုတ်မလေး အချိန်မှီပြန်ရောက်ပါ့မလား အိမ်သာတွေက တမျှော်တခေါ်အဝေးကြီးမှာ။ အဲ့ဒီလို မဆီမဆိုင် ကြားကနေ စိတ်ပူနေတာ တရုတ်မလေး ခဏလေးနဲ့ ပြန်ရောက်လာတော့မှ စိတ်အေးသွားတယ် အင်းထဲက အိမ်သာကိုသွားတာနေမှာ။ ဘတ်စ်ကားပေါ်ရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်။ ဘတ်စ်ကားနောက်တစီးကိုစောင့်ရရင် နယူးယောက်ကို နောက်ကျပြီးမှရောက်မှာ။ တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီး၊ ထိုင်ခုံဆယ်ခုံအလွတ်နဲ့ ဘတ်စ်ကားထွက်တော့ ထိုင်ခုံလွတ်တွေရှိသေးတယ် စောင့်နေတဲ့လူတွေကို တင်လို့ရသေးတယ်လို့ ဝိုင်းအော်ကြတယ်။ ကားဆရာက သူသိတယ်တဲ့ တချို့က ကားသမားကို ဆဲကြတယ် ဘာဖြစ်လို့ မတင်တာပါလိမ့်။ အတော်လေးကြာတော့မှ သဘောပေါက်သွားတယ် တချို့နေရာတွေမှာ ခရီးသည်တွေကို ထပ်တင်ရတာကိုး။ အဲ့ဒါကြောင့် အကြောင်းတစုံတရာကို သေချာမသိဘဲနဲ့ လူတယောက်ကို အပြစ်မတင်ဖို့၊ အပစ်တင်မစောဖို့ သင်ခန်းစာရတယ်။

Happy Traveling!
စန်းထွန်း
ဒီဇင်ဘာ ၁၁၊ ၂၀၁၉။

ဗာမွန်သွား တောလား - ၂

အောက်တိုဘာ ၂၀ တနင်္ဂနွေနေ့ မနက် ၈ နာရီမှ ကားထွက်မှာဆိုတော့ မနက်စာစားပြီး ဓာတ်ပုံရိုက်လို့ကောင်းမဲ့ နေရာတွေကို ရှာဖွေကြည့်တော့ မေပယ်ပင်တပင်တွေ့တယ်။ ဟိုတယ်ကို ပတ်ကြည့်လိုက်တော့အခါ ဝါထိန်နေတဲ့သစ်ပင်ကိုတွေ့တော မဟုတ်သေးပါဘူး အခန်းကနေတွေ့လိုက်တာ ဒီအပင်မဟုတ်ပါဘူးဆိုပြီး ပတ်ရှာကြည့်လိုက်တာ နောက်ဆုံးမှာတွေ့တယ်။ သစ်ရွက်ဝါတွေ အများကြီးလို့ထင်ရအောင်၊ ဓာတ်ပုံထဲမှာလှအောင် ရိုက်ရတာ ဓာတ်ပုံဆရာ၊ မော်ဒယ်၊ အလင်းအမှောင်၊ အပြင်အဆင်၊ အဝတ်အစား၊ မိတ်ကပ် အားလုံးကောင်းမှ ဓာတ်ပုံကောင်းတပုံရတယ်။ တရုတ်မတအုပ်ကတော့ လမ်းလျှောက်နေတယ်။ ကိုယ်တို့က အစောကြီးဘွတ်လို့ ပထမဆုံးထိုင်ခုံရတယ်။ ပထမဆုံးသွားရောက်မဲ့ နေရာကတော့ ဗာမွန်ပြည်နယ် မန်ချက်စတာမြို့က လင်ကွန်းမိသားစုအိမ်။ အမေရိကန်သမ္မတ အီဗရာဟမ်လင်ကွန်းမှာ သားလေးယောက်ရှိပေမဲ့ သုံးယောက်က ငယ်ငယ်ကတည်းက ဆုံးပါးသွားတယ်။ သားရောဘတ် မိသားစုပိုင်ဆိုင်တဲ့အိမ်ဖြစ်ပြီး ဧက ၄၀၀ ကျော် ကျယ်ဝန်းတယ်။ Hidene လို့ နာမည်တွင်တယ် ရှေးတုန်းကလက်ရာအတိုင်း ပြင်ဆင်ထားတယ်။ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိတဲ့ စန္ဒရားကိုမြင်တော့ စန္ဒရားတီးသင်ချင်တယ်။ ဘိုတွေကတော့ လင်ကွန်းဥ◌ီးထုပ်ကြည့်လိုက်၊ စာတွေကို စိတ်ဝင်တစားဖတ်လိုက်။ ကိုယ်တွေကတော့ ဓာတ်ပုံရိုက်လို့ ကောင်းမဲ့နေရာတွေကို ရှာဖွေဖို့ပဲ စိတ်ဝင်စားတယ် :)။ တရုတ်အန်တီကြီးတယောက်က အင်မတန်အသံကျယ်တယ် သူ့အသံကို ဟိုးအဝေးထဲက ကြားရတယ်။ ဝိုင်းက တက်ကြွရွှင်လန်းစေတာကတော့ ကောင်းပါရဲ့ အသံကျယ်တာကြီးက စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ သူ့အသံကျယ်ကြီး ကြားရတိုင်း မျက်နှာရှုံ့ပြတယ်။ အနီရောင်ဂါဝန်ကြီးဝတ်ပြီး တံတိုင်းပေါ်တက်ထိုင်ပြီး ပုံစံအမျိုးမျိုးနဲ့ ရိုက်နေလို့ အမလေး … ပြုတ်ကျမှဒုက္ခ။ လုံခြုံရေးဝန်ထမ်းကလာပြီး မတက်နဲ့လို့ ပြောလိမ့်မယ်။ ဝိုင်းက သူကားပေါ်မှာ အနီရောင်ဂါဝန် ဝတ်မထားပါဘူး ဟုတ်တယ် အပေါ်ကထပ်ဝတ်လိုက်တာဖြစ်မယ်။ တရုတ်မတယောက်က ပြတိုက်ထဲကပစ္စည်းတွေကို ကိုင်နေလို့ ဝိုင်းက မျက်နှာရှုံ့ပြပြီး လာ … သူနဲ့ဝေးရာကို မြန်မြန်သွားမယ် တော်ကြာ ဝန်ထမ်းကလာပြောရင် လူတွေကြည့်မှာ။ ခြံဝင်းကြီးက အကျယ်ကြီး တယ်လီစကုပ်လည်း ရှိတယ်။ လမ်းကြားလေးက အင်မတန်လှလို့ ဓာတ်ပုံရိုက်လို့ကောင်းတယ်။ ဒုတိယသွားရောက်တဲ့နေရာကတော့ ချက်နပ်ဆိုတဲ့မြို့လေးပါ။ ဗာမွန်ရထား အသွား ၁၅ မိနစ် အပြန် ၁၅ မိနစ် မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။


နေ့လည်စာကို မက်ဒေါနယ်မှာစားတော့ ကိုယ်တို့ကမစားဘဲ တောင်ပေါ်လမ်းလေးအတိုင်းလျှောက်ပြီး ဓာတ်ပုံရိုက်ကြတယ်။ တဖက်လမ်းကိုကူးတော့ မြစ်ချောင်းဘေးလေးက အင်မတန်သာယာတယ်။ အင်ပီရီယိုအာမနီဆိုင် ၅၀ ရာခိုင်နှုန်း ဒစ်စကောင့် အချိန်မရှိတော့တာ နာတာပဲ။ လယ်တောကိုရောက်တော့ ဂိုဒေါင်အမြင့်ကြီးက ဘာလဲလို့မေးကြည့်တော့ ဆောင်းတွင်းမှာစားဖို့ တိရစ္ဆာန်စာတွေ သိမ်းဆည်းထားတဲ့နေရာတဲ့။ ကြက်၊ ဘဲ၊ ဝက်၊ ယုန်၊ မြင်းရှိတယ် ကိုင်ကြည့်လို့ အစာကျွှေးလို့ရတယ်။ ဟိုင်းကြီးမှာနေတုန်းက အဖေတို့မွေးထားတဲ့ ကြက်တွေကို အစာကျွှေး လှောင်အိမ်ထဲသွင်း ကြက်ဥကောက်ခဲ့ရတယ်။ ဝက်မွေးတာ ထမင်းရည်တိုက် ကောင်းကောင်းကျွှေးပေမဲ့ ဝဖြိုးမလာဘူး ဝက်က မော်ဒယ်လေးလို ပိန်ပိန်လေး။ ဝိုင်းက လယ်တောဝင်ကြေးက ၈ ကျပ်တောင် ကိုယ်တွေက နယ်မှာကြီးပြင်းခဲ့သူတွေမို့လို့ ဒါတွေကမထူးဆန်းဘူး။ မြို့သူမြို့သားတွေအတွက်ကတော့ အထူးအဆန်း ဖြစ်နေမှာပေါ့။ လယ်တောက ကြက်ဥ၊ အသီးအရွက်တွေ ဝယ်ချင်ပေမဲ့ သယ်ရမဲ့ခရီးကဝေးလို့ မဝယ်ဖြစ်တော့ဘူး။ မိုးရွာလာလို့ ကားပေါ်တက် တော်တော်နဲ့မထွက်လို့ ဒီလယ်တောမှာ ဘာကြည့်စရာရှိလို့ ကြာနေတာလဲလို့ စူးစမ်းကြည့်လိုက်တော့ အိမ်သာမှာတန်းစီနေကြတာတဲ့။ ခရီးသွားတာ အဲ့ဒီလိုစိတ်ရှည်သည်းခံ စောင့်ဆိုင်းရတယ်။ ဆောင်းဥ◌ီးရွက်ကြွေခရီးထဲမှာ ၂၀၁၇ မကြီးနဲ့ နယူးဂျာစီပြည်နယ် ပလစ်ဆိတ်ပန်းခြံသွားတုန်းကနဲ့ ခုဗာမွန်ခရီးဟာ အလှဆုံးပဲ။ မက်ဟန်တန်တရုတ်တန်းကို ည ၉ နာရီမှရောက်တော့ နှစ်တထောင်ကြက်ဥဆန်ပြုတ်နဲ့ ဘဲကင်ဝယ်ခဲ့တယ်။ ဆန်ပြုတ်က လူမမာစာပေမဲ့ အဲ့ဒီဆိုင်ကဆန်ပြုတ်ကိုတော့ ကြိုက်တယ်။ ရာသီဥတုအေးလို့ ထမင်းမစားချင်ရင်၊ အစာအိမ်ကို အနားပေးချင်ရင် ဆန်ပြုတ်စားတယ်။ ဝက်ဝံတောင်တက်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
ဒီဇင်ဘာ ၇၊ ၂၀၁၉။

https://www.taketours.com/new-york-ny/2-day-windham-manchester-fall-foliage-tour-from-new-york-155-9540.html