ဖီလင် - ၃၆

နိုဝင်ဘာ ၂၄ မှာ ကိုယ့်အသက် ၃၆ နှစ်ပြည့်ပြီ။ ကိုယ့်မွေးနေ့ဟာ ကျေးဇူးတော်နေ့နဲ့ တိုက်ဆိုင်တာများပေမဲ့ ဒီနှစ်မှာတော့ ကျေးဇူးတော်ပိတ်ရက်က တပတ်နောက်ကျတယ်။ စတိတ်ရောက်ကတည်းက မွေးနေ့တိုင်းကို တယောက်တည်း (သို့) သူငယ်ချင်းတယောက်တလေနဲ့ ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်တော့ ဆူနမ်တို့ညီအစ်မ နယူးယောက်ကို လာလည်တာနဲ့ ကြုံနေတော့ ထူးထူးခြားခြား ကိုယ့်ရဲ့လူအများဆုံး‌‌မွေးနေ့ပွဲ ဖြစ်သွားတယ်။ ကိုယ့်မွေးနေ့ဆိုတော့ ကိုယ်ကြိုက်တဲ့စားသောက်ဆိုင် ရွေးခိုင်းတယ်။ မွေးနေ့ဆိုရင် ဝိုင်းနဲ့သွားစားနေကျ ဟော့ပေါ့ဆိုင်မှာ သွားစားကြတယ်။ ဆူနမ်က ပထမဆုံးဟော့ပေါ့စားဖူးတာ ဆူနမ်ရဲ့ အားသာချက်က မစားဖူးတဲ့အစားအစာဆိုရင် စားကြည့်ချင်တယ်။ ကိုယ်မှန်းထားတဲ့အတိုင်းပဲ သူတို့မကြိုက်ဘူး။ ဆူနမ့်ညီမက မွေးနေ့မှာ ဘာလုပ်လဲလို့မေးတယ်။ အဖေနဲ့အမေ့ကို ကန်တော့တယ် အမေက ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့တယ်။ ရန်ကုန်မှာဆိုရင် ရွှေတိဂုံဘုရားကို သူငယ်ချင်းတွေနဲ့သွားမှာ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ စားသောက်ပြီး ရတဲ့လက်ဆောင်တွေကို ဖောက်ကြည့်နေမှာ။ ဒီနှစ်တော့ မှော်ဘီဝါးနက်ချောင်းက ဗောဓိရိပ်ငြိမ်တောရနဲ့ St.Jude ကလေးဆေးရုံကို လှုတယ်။ ၂၀၁၉ ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။ စတိတ်ကနေ မပြန်တာ ၈ နှစ် ဖေဖေါ်ဝါရီမှာ ရန်ကုန်ပြန်တယ်။ အသက် ၄ နှစ်အထိ မမြင်ဘူးတဲ့ တူတော်မောင်ကို တွေ့ခဲ့ရတယ်။ ၃ လအကြာ ဇွန်လမှာ မောင်မောင် ရုတ်တရက်ဆုံးသွားလို့ ရန်ကုန်ပြန်ရတယ်။ ချစ်ရတဲ့သူ ရုတ်တရက်သေဆုံးသွားတော့ သေကွဲခြင်းဆိုတဲ့ လောကဓံကို ခံစားရတယ်။ လစဥ◌်လတိုင်း ၃ ရက်နေ့မှာ မောင်မောင့်အတွက် ရည်စူးပြီး ဆွမ်းကပ်လှုတယ်။ နေ့တိုင်း ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေပေးတယ်။ ငိုတဲ့ရုပ်ရှင်ခန်းတွေကိုကြည့်ရင် ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုနေတုန်း။ ကားတိုက်တာ၊ သေတယ်ဆိုတာကြားတိုင်း စိတ်ထဲကြေကွဲဝမ်းနည်းနေတုန်း။ ဒီနှစ်တော့ ခရီးတွေအတော်သွားဖြစ်တယ်။ ကျန်းမာရေးပိုကောင်းလာတယ်။ သေခြင်းတရားဆိုတာ မျက်စိတမှိတ် လက်တဖျစ်အတွင်းမှာ ဖြစ်သွားနိုင်တယ်ဆိုတာ မောင်မောင်က တရားပြသွားလို့ နောင်ဘဝအတွက် ကုသိုလ်ကောင်းမှုတွေ ထုပ်ပိုးဖြစ်တယ်။ တယောတီးတာရပ်ပြီး စန္ဒရားတီးသင်နေတယ်။ စန္ဒရားကို တယောထက် ပိုကြိုက်တယ်။ လက်ကွက်မှားနေရင်တောင် သာယာနာပျော်တဲ့ အသံထွက်တယ်။ တယောမှာ ၆ လလောက်ကြာမှ ဂျင်ဂယ်ဘဲလ်သီချင်း သင်ပေးတယ်။ စန္ဒရားမှာတော့ ပထမဆုံးနေ့မှာ ဂျင်ဂယ်ဘဲလ်ကို လက်နှစ်ဖက်နဲ့ တီးတတ်ဖို့ သင်ပေးတယ်။ ရေကူးမသင်ဖြစ်သေးဘူး ရေကူးသင်ချင်တာ ဒိုင်ဗင်း၊ စနောကလင်း လူပ်ချင်လို့။ မွေးနေ့ပေါင်းများစွာကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။

Happy belated birthday to me !
စန်းထွန်း
ဒီဇင်ဘာ ၁၈၊ ၂၀၁၉။





2 comments:

Anonymous said...

ေမွးေန ့ပေါင်းများစွာကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ ့ ြဖတ်သန်းနိုင်ပါေစ။

San San Htun said...

ေပးတဲ့ဆုနဲ ့ ပြည့်ပါေစ...