ဝက်ဝံ‌တောင်သွား ‌တောလား...

နယူးယောက် port authority bus terminal ကနေ Bear Mountain ဝက်ဝံတောင်ဆီ ၈ ၄၅ နဲ့ ၁၁ ၁၅ ထွက်တဲ့ ဘတ်စ်ကားတွေရှိတယ်။ ဝက်ဝံတောင်ကနေ နယူးယောက်ကို ညနေ ၃ ၁၅ ဘတ်စ်ကားရှိပြီး ပိတ်ရက်ဆိုရင် ညနေ ၅ ၁၉ ထွက်တဲ့ ဘတ်စ်ကားရှိတယ်။ ဝက်ဝံတောင်ဆီ တောင်သွားတက်တာ သုံးခေါက်ရှိပြီ။ နွေရာသီနဲ့ ဆောင်းရာသီ ဟိုက်ကင်းထဲမှာ ဆောင်းဥ◌ီးရာသီက အလှဆုံး။ အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၁၃ အထိ ပီရူး၊ ဘိုလီးဘီးယား၊ ချီလီ တောင်အမေရိကသုံးနိုင်ငံ ၁၄ ရက်ခရီးထွက်ဖို့ ဝိုင်းအစ်မဟန် အောက်တိုဘာ ၂၅ သောကြာနေ့ နေ့လည်မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကနေ ရောက်လာတယ်။ အောက်တိုဘာ ၂၆ စနေနေ့ နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်း၊ ပြီးရင် နယူးဂျာစီပြည်နယ်က ပါလစ်ဆိတ်ပန်းခြံဆီ ဟိုက်ကင်းထွက်မယ်။ တနင်္ဂနွေနေ့ ဝက်ဝံတောင်သွားမယ်လို့ စီစဥ◌်တယ်။ ဘာဖြစ်လို့ စနေနေ့မှာမှ နယူးယောက်ဘော်တနစ်ကယ်ဂါးဒင်းကို သွားမလို့စီစဥ◌်ရတာလဲဆိုတော့ နယူးယောက်ဘော်တနစ်ကယ်ဂါးဒင်းက စနေနေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ ဝင်ကြေးအခမဲ့ကိုး။ နောက်တော့ ဝက်ဝံတောင်မတက်နိုင်မှာစိုးလို့ စနေနေ့မှာ နယူးယောက်ဘော်တနစ်ကယ်ဂါးဒင်းပဲ သွားမယ်လို့ ပြောင်းကြပြန်တယ်။ ဟန်က သောကြာနေ့ကမှ နယူးယောက်ရောက်တာ ဂျက်လက်ဖြစ်နေမှာပေါ့ နားပါဥ◌ီးလို့ပြောတာကို ရတယ်ခံနိုင်တယ်တဲ့ ဝိုင်းအစ်မပီသပါပေတယ်။ ၂၀၁၄ နွေရာသီ နယူးယောက်အပ်စတိတ် Cold Spring ကို ဟိုက်ကင်းထွက်ပြီး ကိုယ်က အိမ်ရောက်တာနဲ့ ကုတင်ပေါ် ပစ်လဲတယ်။ ဝိုင်းက တခြား meet up အဖွဲ့နဲ့ ဟိုက်ကင်းထွက်တာ အိမ်ကို ည ၁၁ နာရီမှ ပြန်ရောက်တယ်။ ကိုယ်ခံအားကောင်းပုံများ ကွာလိုက်တာ။ ရာသီဥတုစစ်ကြည့်လိုက်တော့ တနင်္ဂနွေနေ့မှာ မိုးရွာမယ်တဲ့။ အဲ့ဒါဆို စနေနေ့ ဝက်ဝံတောင်တက်မှဖြစ်မယ်။ မိုးရွာရင် သစ်ရွက်တွေ ကြွေသွားမှာ။ စနေနေ့ ကိုယ်က သွားဆေးခန်းပြဖို့ရှိတယ်။ တနင်္ဂနွေနေ့ပြောင်းလို့ မရတော့ ဝက်ဝံတောင်ကို ဝိုင်းတို့အရင်သွားနှင့် ကိုယ်နောက်ကလိုက်ခဲ့မယ်။ ဟန်က အချိန်ယူရမှာ ကိုယ်တို့တောင်ထိပ်မှာ ဆုံကြမယ်။ ဝိုင်းတို့က ၈ ၄၅ ဘတ်စ်ကားနဲ့ သွားနှင့်ပြီး ကိုယ်က ၁၁ ၁၅ ဘတ်စ်ကားနဲ့ လိုက်ခဲ့တယ်။ ဝိုင်းတို့ဘတ်စ်ကားက ၈ ၃၀ နဲ့ထွက်တယ်။ ဘယ်မှာမှမရပ်ဘူး express အမြန်ကား။ ဝက်ဝံတောင်ဘတ်စ်ကားက West Point စစ်ကျောင်းအထိရောက်တယ်။ အပ်စတိတ်ဖက်ကို နွေရာသီဟိုက်ကင်းထွက်တုန်းက West Point ကို သွားလည်ဥ◌ီးမယ်လို့ စိတ်ကူးထားတယ်။ West Point စစ်သင်တန်းကျောင်းက နာမည်ကြီးတယ်။ တရုတ်မလေးတယောက်နဲ့တွေ့တော့ သူက ၈ ၅၀ ရောက်တာ ငါးမိနစ်နောက်ကျသွားလို့ မနက်စောစောကားကို လွတ်သွားတယ်တဲ့။ ကိုယ်က မနက် ၈ ၁၅ ဘတ်စ်ကားပါ ဝိုင်းက ၈ ၃၀ ကားထွက်ပြီလို့ မတ်ဆေ့ပို့တယ်။ တရုတ်မလေးက အင်တာနက်မှာရှာကြည့်ပြီး တွေ့လား ၈ ၄၅ ဘတ်စ်ကားလို့ သက်သေပြတယ် ဆောရီးပါ။ ပထမဆုံးအကြိမ် ဝက်ဝံတောင်သွားတာတဲ့။ ကိုယ်က ဝက်ဝံတောင်က နေရာတွေကို ကိုယ်သိသလောက် ရှင်းပြတယ်။ Woodbury outlet ဆီကို ဘတ်စ်ကားတွေ တနာရီတစီးထွက်တယ်။ ကိုယ်လား တခါမှမရောက်ဖူးဘူး ဝိုင်း၊ မနန်းတို့က သွားရင်ခေါ်ပေမဲ ဘာမှဝယ်စရာသိပ်မရှိတာရယ်၊ ကိုယ်ကလည်း JCrew၊ Anthropologie ဘရန်းလောက်ပဲကြိုက်တော့ အွန်လိုင်းကနေဝယ် မကြိုက်ရင်ဆိုင်မှာလဲ လျော့ပင်းမောလ်ပတ်ပြီး စေ◌ျးဝယ်ရမှာကို ပျင်းတယ်။


ဝက်ဝံတောင်က ထုံးစံအတိုင်း ကြိတ်ကြိတ်တိုး စည်ကားတယ်။ မတ်မတ်ကြီး တက်ရတာဆိုတော့ ဟိုက်နေအောင်မောတယ်။ ရေသောက်နားတဲ့အချိန်မှာ ဓာတ်ပုံရိုက်။ တောင်ထိပ်ကို ၄၅ မိနစ်နဲ့ရောက်တယ်။ ဝိုင်းတို့က နှစ်နာရီကြာတယ်။ တောင်ထိပ်က ကျဥ◌်းတော့ သိပ်မရှာလိုက်ရပါဘူး တာဝါတိုင်နားမှာတဲ့။ ဟန်က ကိုယ့်ကိုအရင်တွေ့တယ် ၂၀၁၈ ဇှုလှိုင် အလာစကာခရီးကတည်းက ဟန်နဲ့မတွေ့တာဆိုတော့ တစ်နှစ်ကျော်ပြီ ဟန်က အရင်အတိုင်းပဲ။ ဝိုင်းတို့ညီအစ်မနဲ့ ခရီးသွားရတာ အရမ်းအဆင်ပြေတယ် အစားအသောက်၊ အနေအထိုင်၊ အကြိုက် တော်တော်များများတူတယ်။ သူတို့နဲ့ခရီးသွားတာ တခါမှစိတ်အနှောင့်အယှက် မဖြစ်ဖူးဘူး။ သူတို့ကလည်း ခရီးသွားရင် မြေပုံကျွှမ်းကျင် ပတ်ဝန်းကျင် စူးစမ်းလေ့လာမှုရှိတဲ့ ကိုယ့်ကိုခေါ်ချင်တယ်။ အဆင်းမှာ တရုတ်မလေးနဲ့ဆုံတယ် သူက ကားလမ်းကနေဆင်းနေလို့ အဲ့ဒီလမ်းကနေဆင်းရင်ကြာမှာ အတက်လမ်းကပဲဆင်း။ သူတောင်တက်တာ တနာရီကြာတယ်တဲ့။ တောင်တက်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ သူများတနာရီကြာတဲ့ခရီးကို ကိုယ်တို့က နှစ်နာရီလောက်ကြာတယ်။ ကိုယ်တို့က Photography Hiking လို့ခေါ်တယ်။ ဒီတခါတော့ ၄၅ မိနစ်နဲ့ ကိုယ့်စံချိန်သစ်ပဲ။ ဟန့်ကင်မရာက စေ◌ျးကြီးတဲ့ နစ်ကွန်ကင်မရာ ပုံထွက်အင်မတန်လှတယ်။ ကိုယ့်ကင်မရာက ဓာတ်ပုံတွေထက် ဟန့်ကင်မရာက ဓာတ်ပုံတွေကို ပိုကြိုက်တယ်။ ညနေ ၅ ၁၉ ဘတ်စ်ကားကို ၅ နာရီလောက်ကတည်းက တန်းစီရတယ်။ အလာတုန်းက လူအပြည့် နှစ်ယောက်ဆို အတက်တံခါးပေါက်နားမှာ ထိုင်ရတယ်။ ကိုယ်တို့တန်းစီပြီး မကြာခင်မှာပဲ ကိုယ်တို့နောက်မှာ လူတန်းကြီးက အရှည်ကြီး။ ကိုယ်ရှေ့က တရုတ်မလေးက အိမ်သာပြေးလိုက်ဥ◌ီးမယ် သူ့နေရာကို ကြည့်ထားပေးပါတဲ့။ အချိန်အမြဲတိကျတဲ့ ဘတ်စ်ကားက ထူးထူးခြားခြား နောက်ကျနေတယ်။ တရုတ်မလေး အချိန်မှီပြန်ရောက်ပါ့မလား အိမ်သာတွေက တမျှော်တခေါ်အဝေးကြီးမှာ။ အဲ့ဒီလို မဆီမဆိုင် ကြားကနေ စိတ်ပူနေတာ တရုတ်မလေး ခဏလေးနဲ့ ပြန်ရောက်လာတော့မှ စိတ်အေးသွားတယ် အင်းထဲက အိမ်သာကိုသွားတာနေမှာ။ ဘတ်စ်ကားပေါ်ရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်။ ဘတ်စ်ကားနောက်တစီးကိုစောင့်ရရင် နယူးယောက်ကို နောက်ကျပြီးမှရောက်မှာ။ တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီး၊ ထိုင်ခုံဆယ်ခုံအလွတ်နဲ့ ဘတ်စ်ကားထွက်တော့ ထိုင်ခုံလွတ်တွေရှိသေးတယ် စောင့်နေတဲ့လူတွေကို တင်လို့ရသေးတယ်လို့ ဝိုင်းအော်ကြတယ်။ ကားဆရာက သူသိတယ်တဲ့ တချို့က ကားသမားကို ဆဲကြတယ် ဘာဖြစ်လို့ မတင်တာပါလိမ့်။ အတော်လေးကြာတော့မှ သဘောပေါက်သွားတယ် တချို့နေရာတွေမှာ ခရီးသည်တွေကို ထပ်တင်ရတာကိုး။ အဲ့ဒါကြောင့် အကြောင်းတစုံတရာကို သေချာမသိဘဲနဲ့ လူတယောက်ကို အပြစ်မတင်ဖို့၊ အပစ်တင်မစောဖို့ သင်ခန်းစာရတယ်။

Happy Traveling!
စန်းထွန်း
ဒီဇင်ဘာ ၁၁၊ ၂၀၁၉။

No comments: