၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၅

၂၀၂၃ ဧပြီ ၂၃ နယူးဂျာစီဘုန်းကြီးကျောင်းမှာ အလှူပွဲရှိလို့သွားတယ်။ အိမ်ကနေ Pen Station ကို ၄၅ မိနစ် ရထားစီး၊ Penn Station ကနေ ၁၀ နာရီ ၁၅ ထွက်တဲ့ NJ Transit ရထာစီး၊ ၁၁ နာရီကျော် အက်ဒီဆင်ဘူတာမှာ စောင့်နေတဲ့ မမီးတို့ကားနဲ့ နာရီဝက်ထပ်စီးလိုက်ရင် နယူးဂျာစီကျောင်းရောက်။ ချက်ယူလာတဲ့ဟင်း ဘုန်းဘုန်းကိုကပ် ကျွှေးတာတွေ နင်းကန်စား။ ချဥ်ပေါင်ခူးမလို့ သွားကြည့်သေးတယ် မြေတောင်မဆွရသေးဘူး။ နယူးဂျာစီဘုန်းကြီးကျောင်းရောက်ရင် မြန်မာပြည်ပြန်ရောက်သလို ခံစားရတယ်။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၃၀၊ ၂၀၂၃။

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၄

၂၀၂၃ ဧပြီ ၁၆ ပန်ဆယ်ဗေးနီးယားပြည်နယ် Bethlehem မြို့က ပါချုပ်ကျောင်း သက်ကြီးပူဇော်ပွဲဆီ သွားလည်တယ်။ အိမ်ကနေ New York Penn Station ကို မြေအောက်ရထား တနာရီ၊ NJ Transit ရထားနဲ့ နယူးဂျာစီပြည်နယ် Edison ဘူတာကို တနာရီ၊ အက်ဒီဆင်ကနေ ပါချုပ်ကျောင်းကို တနာရီ သုံးနာရီစီးပြီးမှ ရောက်တယ်။ အဖေတို့က ကန်တော့ခံတွေဆိုတော့ လက်ဆောင်တွေ အများကြီးရတယ်။ ဟင်းတွေလည်း စားကောင်းတယ်။ မိတ်ဆွေတွေနဲ့ တွေ့ရလို့ ပျော်ပါတယ်။ နောက်နှစ်ရက်အကြာ လည်ပင်နာလို့ စစ်ကြည့်လိုက်တော့ ကိုဗစ်။ အဲဒီကျောင်းလာတဲ့သူ တော်တော်များများ ကိုဗစ်ဖြစ်ကြတယ်။ အဖေတို့က ရောက်ကတည်းက ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားတော့ လည်ပင်းနာ၊ လူကနည်းနည်း ပင်ပန်းတာလောက်ပဲဖြစ်တယ်။ တပတ်လောက် အပြင်မထွက်ဘူး။ ကိုဗစ် negative ပြတဲ့ အဖေက စျေးသွားဝယ်။ နောက်နှစ်ရက်အကြာ ကိုယ်တို့လည်း negative ဖြစ်။

Happy Traveling !

စန်းထွန်း

စက်တင်ဘာ ၂၂။ ၂၀၂၃။



နွေဦးတော်လှန်ရေး - ၂၈

၂၀၂၃ ဧပြီ ၁၃ ကြသပတေးနေ့ ညနေ ၆ နာရီကနေ ၇ နာရီခွဲအထိ ကန့်ဘလူနဲ့ ခါးစည်းခံပြည်သူများအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲ သွားကြတယ်။ ငါးမိနစ်တောင်မဝေးတဲ့ အိမ်နားကပန်းခြံမှာ ကျင်းပတာ။ အနက်ရောင်ဝတ်လာဖို့လို့ အနက်ရောင်အင်္ကီျတွေရှာ။ ကန့်ဘလူအတွက် သွေးပူနေကြတာဆိုတော့ လူ ၁၀၀ လောက်လာတယ်။ စနေနေ့မှာတော့ အိမ်ကနေ ဆယ်မိနစ်လောက်ဝေးတဲ့ သုံးပါးကျောင်းမှာ ဆွမ်းသွားပို့တယ်။ ဥပုသ်နေ့တိုင်း မနက် ၉ နာရီခွဲလောက်လာ ဆွမ်းကပ်၊ သီလယူ၊ တရားထိုင် နေ့လည် ၁ နာရီလောက်ပြီးရင် ပြန်ကြတယ်။ လာပါလို့ ဘုန်းဘုန်းကဖိတ်လို့ ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသွားတယ်။ ဥပုသ်နေ့ ဘုန်းကြီးကျောင်း မသွားဖြစ်တဲ့နေ့ဆို ဘုန်းဘုန်းက ဖုန်းဆက်မေးတယ်။ ဥပုသ်သည်ဘော်ဒါတွေကလည်း ဖုန်းဆက်။ ဘယ်မှာဘယ်ပွဲရှိတယ် တို့တွေသွားကြမယ်နဲ့ ကိုယ့်ထက်အသိမိတ်ဆွေများပြီး ကိုယ့်ထက်ဘီးစီးကြတယ်။ အသက် ၆၇ နှစ် ကိုယ့်မိဘတွေဟာ ဥပုသ်သည်တွေကြားထဲမှာ အငယ်ဆုံး။ ပန်းကန်ဆေး၊ ဝေယျာဝစ္စလုပ်ပေးကြလို့ အားလုံးကချစ်ကြတယ်။ ကိုယ်ကတော့ "ဆေးကျောင်းသား" လို့စတယ်။ အမေ့ကိုလည်း ဟင်းချက်တာကောင်းလို့တဲ့။ အမေ့ငါးပိချက်က နာမည်ကြီး။ အဖေက ဘုန်းဘုန်းကိုလျှောက်တယ် တပည့်တော်မှာ ဝင်ငွေမရှိလို့ သူများလို ၅၀ မလှူနိုင်ပေမဲ့ ဝေယျာဝစ္စ အကုန်လုပ်ပေးမယ် ဘုရား။ အဲ့ဒီစိတ်ဓာတ်ကို သဘောကျတာလို့ ဘုန်းဘုန်းက မိန့်တယ်။ ဘုန်းကြီးကျောင်းကနေ ကြားလားတဲ့သတင်းတွေ ပြန်ပြောပြတာ ဗဟုသုတရတာလည်းရ၊ ရယ်ရတာတွေရှိ။ ဘုန်းကြီးကျောင်းသွားရတာ ပျော်နေလို့ စိတ်ချမ်းသာရပါတယ်။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

စက်တင်ဘာ ၁၆၊ ၂၀၂၃။

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၃

အဖေက ကီးဘုတ်တီးတတ်ချင်လို့ သင်ပေးတယ်။ အေဆိုဘယ်ကီးနှိပ် ဘီဆိုဘယ်ကီးနှိပ်နဲ့။ သင်ပေးလိုက်တာ တီးတောင်တီးတောင်နဲ့ တီးနေတော့တာပဲ။ အဖေက သိချင်တတ်ချင်စိတ်ရှိတယ်။ ၂၀၂၃ ဧပြီ ၃ ဝိုင်းနဲ့ စန်ထရယ်ပါ့ခ်မှာ ချယ်ရီပန်းတွေ သွားကြည့်တယ်။ ၂၀၂၂ ဒီဇင်ဘာမှာ ဝိုင်းနဲ့နောက်ဆုံးတွေ့ခဲ့ပြီး နှစ်တိုင်းနှစ်ကူးချိန် ဖေဖေါ်ဝါရီဆို ဝိုင်းက ဗီယက်နမ်ပြန်လေ့ရှိတယ်။ ဝိုင်းနဲ့မတွေ့တာ သုံးလကျော်ပြီ။ ဗီယက်နမ်ပြန်လက်ဆောင် ပဲနှမ်းမုန့်တွေ လက်ဆောင်ပေးတယ်။ မြန်မာမုန့်နဲ့တူလို့ကြိုက်တယ်။ ကိုရီးယားထရန်စစ်မို့လို့ Nature Republic facemask ဝယ်လာပြီး လက်ဆောင်ပေးတယ်။ နင့်မျက်နှာဝင်းအိစို glow နေတာပဲ အဲ့ဒါသုံးနေတာလားဆိုတော့ အင်းတဲ့။ အဲ့လောက်သိသာလားတဲ့။ သိသာတာပေါ့ နင့်မျက်နှာ အမြဲခြောက်ပြီး အဖတ်ကွာနေတာကို။ ဆူနမ်နဲ့ဝိုင်းထက်စာရင် ကိုယ်က skincare အလုပ်ဆုံး အသားအရေမကောင်းဆုံး။ ဝိုင်းကတော့ နည်းနည်းပါးပါးလိမ်းသေးတယ် ဆူနမ်က ဘာမှကိုမလိမ်းတာ။ ဝိုင်းက နင့်မိဘတွေက ကုတ်အင်္ကီျအပြာရောင်ဆင်တူနဲ့ couple  goals တဲ့။ မရည်ရွယ်ဘဲ အရောင်တူသွားတာ။ အဖေ့အတွက် ဝယ်တုန်းက အဲ့အပြာရောင်ပဲစျေးချတယ်။ မေစီမှာ အမေ့အတွက်ဝယ်တော့ အဲ့အပြာရောင်ပဲ အမေကကြိုက်တယ်။ ချယ်ရီပန်းတွေပွင့်နေတာ သိပ်လှတာပဲ။ အဖေတို့ရောက်တဲ့အချိန်က ဒီစီမှာ ချယ်ရီတွေအစွမ်းကုန်ပွင့်တဲ့အချိန်။ နောက်နှစ်မှပဲ သွားတော့မယ်။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၉၊ ၂၀၂၃။