Showing posts with label ၤFriends. Show all posts
Showing posts with label ၤFriends. Show all posts

05 October 2019

အနောက်ဗာဂျီးနီးယားသွား ‌တောလား ...

ဝိုင်းနဲ့ခင်သွားတဲ့ ဆူနမ်က ခဏခဏဖိတ်တာနဲ့ မေ ၂၅ မှာ ဗာဂျီးနီးယားကို သွားလည်တယ်။ သောကြာနေ့ ည ၆ နာရီ ၁၅ ဘတ်စ်ကာစီးရင် ဗာဂျီးနီးယားကို ည ၁၁ နာရီခွဲ‌လောက် ရောက်တယ်။ ဆူနမ်တို့လာကြိုတယ် ဆူနမ်တို့အိမ်ကို ၄၅ မိနစ်လောက် ထပ်မောင်းရတယ်။ သူများနဲ့ မအိပ်တတ်တဲ့ဝိုင်းက တခန်း၊ ကိုယ်က ဆူနမ့်အခန်းမှာ အိပ်တယ်။ ဆူနမ် နင်စည်းကျော်လို့ကတော့ ကန်ချမယ်သိလား အောင်မယ် ဘယ်သူကျော်လို့ ဘယ်သူကကန်ချမလဲ ကြည့်လိုက်လေ။ စည်းကျော်တာကကိုယ် အိပ်တာများ တုတ်တုတ်မှမလှုပ် ကန်ချရင်တောင် သိမှာမဟုတ်ဘူးတဲ့။ ဝိုင်းက ဘတ်စ်ကားငါးနာရီတောင် အဝေးကြီးစီးလာရတာ ဘာမှမလုပ်ဘဲ အိမ်မှာတီဗွီကြည့် ဖဲရိုက်လိုမရဘူး တခုခုလုပ်ရမယ်လို့ ပြောထားလို့ ဆူနမ်က အစီအစဥ◌်တွေအပြည့် ဆွဲထားတယ်။ ရှန်နယ်ဒိုးဝါးအမျိုးသားဥယျာဥ◌်မှာ ဟိုက်ကင်းထွက်မယ် ဟိုက်ကင်းထရေးလမ်းကို ဂင်္ဂါက ရွေးပေးတယ်။ သစ်ပင်တွေ စိမ်းညှို့နေတာများ နေပျောက်မထိုးနိုင်ဘူး။ တောင်ဆင်းလမ်းက ခပ်ပြေပြေလေး စိမ်းလန်းနေတဲ့ သစ်ပင်တွေမြင်ရတာ စိတ်ချမ်းသာစေတယ်။ ရေစီးသန်တဲ့ စမ်းချောင်းလေးကိုဖြတ်တော့ ကျော်ခွခုန်ရတယ်။ ဝိုင်းက ကျောက်တုံးတွေပေါ် လမ်းလျှောက်ရင် တုန်နေတတ်တယ်။ စမ်းချောင်းလေးထဲ ခြေထောက်စိမ်တော့ အားပါး အေးလိုက်တာ။ ကြာကြာမစိမ်နိုင်ဘူး အေးလို့။ ရေတံခွန်ကို မြင်ရတဲ့နေရာကနေ ဓာတ်ပုံရိုက်ဖို့ စောင့်နေတာ အိန္ဒိယနွယ်ဖွားသုံးကောင် ဓာတ်ပုံရိုက်လို့ မပြီးနိုင်တော့ဘူး။ ဓာတ်ပုံရိုက်တာများ ကိုယ်တွေတောင် လက်မြှောက်အရှုံးပေးရတယ်။ ဟမ်မလေး ကိုယ့်ထက်ဆိုးတဲ့သူတွေနဲ့ လာတွေ့နေတယ်ဆိုပြီး နှစ်ယောက်သား ပြုံးရသေးတယ်။ ဝိုင်းက ဟိုက်ကင်းထွက်ဖို့အတွက် ဟိုက်ကင်းဖိနပ် ယူလာတယ်။ အဲ့ဒီဟိုက်ကင်းဖိနပ်က အလာစကာသွားတုန်းက ၅၀ ရာခိုင်နှုန်းစေ◌ျးချော့လို့ ဝယ်လာတာ။ ကိုယ်တောင်ဝယ်မလို့ ဆိုဒ်မရှိလို့။ အပြန်ကျတော့ တောင်စောင်းလေးကို တက်ရတော့ မောလိုက်တာ။ သယ်လာတဲ့အသီးတွေကို အကုန်စားကြတယ် အလေးချိန်လျော့အောင်လို့။ အဆင်းဆိုရင် ဝိုင်းကနှေးတယ် အတက်ဆိုရင် ဆူနမ်ကနှေးတယ်။ အဆင်းဆိုရင် ဝိုင်းအလှည့်လို့ အော်ကြပြီး အတက်ဆိုရင် ဆူနမ်အလှည့်လို့ အော်ကြတယ်။ ဆူနမ်က တယောက်တည်းဆိုရင်သာ ဘာမှမလုပ်တာ အဖော်တယောက်ရှိရင် လိုက်လုပ်တယ်။ သူငယ်ချင်းအနားရှိနေရင်ကို ပျော်နေတာ အပေါင်းအသင်း တအားခင်တယ်။ များလိုက်ကြတဲ့စကား ကိုယ့်မှာသူတို့နှစ်ယောက်ကြား လုပြောရတယ်။ ညစာကို ကိုးရီးယားဆိုင်မှာ စားကြတယ် မိနစ်လေးဆယ် စောင့်ရတယ်။ ရာမားနဲ့ဂင်္ဂါက လင်မယားနဲ့မတူဘူး သူငယ်ချင်းနှစ်ယောက်နဲ့ တူတယ်တဲ့။ ကိုယ်ကတော့ ကျောင်းမှာကတည်းက သူတို့နှစ်ယောက်ကို ဒီလိုမျိုးပဲမြင်ဖူးထားတော့ အရင်အတိုင်းပါပဲ။ ညကျတော့ ဝိုင်းအခန်းမှာ စကားတွေပြောကြတာ အရင်ဆိုစကားနည်းတဲ့ ရာမားကတောင် စကားတွေအများကြီးပြောနေလို့ အံ့ြသနေရတယ်။ ကိုယ်နဲ့ကျတော့ တယောက်အကြောင်း တယောက်သိ ကျောင်းမှာကတည်း စကားတွေအများကြီး ပြောခဲ့ကြတာဆိုတော့ ပြောစရာစကား သိပ်မရှိတော့ဘူး။



ဝိုင်းနဲ့ကျတော့ ပြောစရာစကားတွေ အများကြီး။ ကိုယ်ကသူတို့ပြောတာတွေ နားထောင်လိုက် ဝင်ပြောလိုက် အိပ်ငိုက်လိုက်။ မနက်မိုးလင်းတော့ ဆူနမ်က အာလူးပလာတာ လုပ်ကျွှေးတယ်။ နေ့လည်ကျတော့ တနာရီအဝေးက ဟာပါးဖယ်ရီကို သွားကြတယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ ဟာပါးဖယ်ရီမြို့လေးက ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်းပြည်နယ်သုံးခု ရှယ်နယ်ဒိုးဝါးမြစ်၊ ပတ်တိုးမတ်မြစ် မြစ်နှစ်ခုဆုံတဲ့နေရာ။ ၂၀၁၃ အောက်တိုဘာတုန်းက ဒီစီရုံးကတရုတ်မ လိုက်ပို့ပေးလို့ ရောက်ဖူးတယ်။ အင်မတန်သာယာလှပတဲ့ နေရာလေး။ အဲ့ဒီတုန်းကတော့ ပတ်တိုးမတ်လား ရှန်နယ်ဒိုးဝါးလား ဘယ်မြစ်လဲတော့ မမှတ်မိဘူး။ မြစ်ကမ်းဘေးမှာ လမ်းလျှောက်ခဲ့တာတော့ မှတ်မိတယ်။ သစ်ရွက်တွေအရောင်ပြောင်းတဲ့ ဆောင်းဥ◌ီးချိန်ဆိုတော့ အင်မတန်လှတာတော့ မှတ်မိတယ်။ အတော်လေး ဟိုက်နေအောင် တက်ရတယ်။ ဗျူးပွိုင့်နား ရောက်ခါနီးလေ လမ်းကတယောက်ပဲ သွားလို့ရတယ်။ ဗျူးပွိုင့်ကနေ မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။ မောပန်းသမျှတွေ ပျောက်သွားတယ်။ တောင်ခြေမှာ ကလေးကို တရောလီတွန်းလှည်းနဲ့ တောင်တက်နေဖို့လုပ်နေတဲ့ အမျိုးသမီးကို မဖြစ်နိုင်ဘူးလို့ ဝိုင်းပြောကြတယ်။ ဘောကွင်းထဲထိုင်ပြီး ရေစီးအတိုင်း မျှောနေတဲ့သူတွေကိုတွေ့တယ်။ ကိုယ်နဲ့ဝိုင်းက မြစ်ဆုံဗျူးပွိုင်းမှာ ဓာတ်ပုံရိုက် ဆူနမ်တို့က အိမ်သာသွားတယ်။ ပြန်ဆုံဖို့နေရာချိန်းတော့ ဝိုင်းက ဆူနမ်ဘာပြောနေမှန်း နားမလည်ဘူး။ ကိုယ်က ဆူနမ်ဘာပြောချင်တယ်ဆိုတာ သိတယ် ပေါင်းလာတာ ရှစ်နှစ်ရှိပြီပဲ။ မိုင်းဖန်စကားကို ဘယ်သူမှနားမလည်ဘူး ကိုယ်တို့တွေကတော့ နားလည်တယ်။ မောပန်းနေတာမို့ ရေခဲမုန့်စားပြီး အပန်းဖြေကြတယ်။ ညနေစောင်း ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ ညကျတော့ ဝိုင်းအခန်းမှာ စကားတွေထိုင်ပြောကြတယ်။ ရာမားနဲ့ကိုယ်က အိပ်ပြီးနားထောင်တယ် ဝင်လုပြောတယ်။ နောက်နေ့မနက်ကျတော့ အိမ်နားက ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မနက် ၉ နာရီလောက်မှ အိပ်ယာကထတတ်တဲ့ ရာမားကိုမစောင့်ဘဲ ကိုယ်တို့သုံးယောက် လမ်းလျှောက်ကြတယ်။ ရာမားကပြောတယ် ကိုယ်တော်တော်ပိန်သွားတယ် ကျန်းမာရေးမကောင်း အားနည်းတဲ့ပုံပေါက်တယ်တဲ့။ ကိုယ်က ပိန်သွယ်တာထက် တောင့်တင်းကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်ချင်တာ။ နေ့လည်ဘဝ်စ်ကားနဲ့ ပြန်ခဲ့တော့ ညနေမှာ နယူးယောက်ရောက်တယ်။ ဆူနမ်ကတော့ ပြောရှာတယ် ညည်းတို့လာတဲ့ နှစ်ရက်အတွင်း ကျုပ်မှာ တီဗွီလည်းမကြည့်ဖြစ် ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်။ တနေ့တနေ့ လျှောက်လိုက်ရတဲ့ လမ်းဆိုတာများ တလလောက် လေ့ကျင့်ခန်းလုပ်စရာ မလိုတော့ဘူး။ ညည်းတို့တလတခါလာရင်ကောင်းမယ် နှစ်ပတ်တခါလာရင်ရော အဲ့ဒါဆိုကန်ချမယ်တဲ့ :P ။ အဲ့ဒီဓာတ်ပုံလေးတွေ ဖေ့ဘွတ်မှာတင်တော့ မောင်မောင်ကမေးတယ် အစ်မဘယ်ကိုသွားတာလဲတဲ့။ ကိုယ့်ဓာတ်ပုံလေးတွေ ဖေ့ဘွတ်မှာတင်တိုင်း အသည်းလေးတွေ လာပေးတတ်တဲ့ နှစ်ပတ်တခါ ဗွီဒီယိုကောခေါ်တတ်တဲ့ မောင်မောင့်ကို နေ့တိုင်းသတိရတယ်။ သတိရတိုင်း တွေးမိတိုင်းလည်း နာကျင်ခံစားရတယ်။ ချစ်တဲ့သူတယောက် ဆုံးရှုံးရတဲ့ဝေဒနာ အင်မတန်ခံရခက်တယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၅၊ ၂၀၁၉။

10 August 2019

ပုဂံသွား တောလား - ၂

မနေ့ကဝယ်ဝတ်တဲ့ အဖြူရောင်အင်္ကီျလေး ဝတ်လို့ကောင်းလို့ အဖေက သူ့တပည့်တွေ၊ ဘော်ဒါတွေကို လက်ဆောင်ပေးဖို့ ထပ်ဝယ်တယ်။ တော်ကြာ ဘယ်သူ့ကို မေ့နေပြန်ပြီ တော်ကြာ ဘယ်သူ့ကိုပေးပြီး ဘယ်သူ့ကို မပေးရင် ဘယ်ကောင်းပါ့မလဲနဲ့။ များများသာဝယ်လို့ အမေက ရွေးပေးတယ်။ နန်းမြင့်မျှော်စင်ကိုတက်ဖို့ တယောက် ၂၀၀၀ ပေးရတယ်။ နန်းမြင့်မျှော်စင်ကနေ မြင်ရတဲ့ ပုဂံနေဝင်ဆည်းဆာချိန် အင်မတန်လှတယ်။ မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံအင်္ကီျဝတ်ထားတဲ့ အစ်ကိုတစ်ယောက်က စောင်းတီးပြီး ဖျော်ဖြေနေတယ်။ ဘေးနားမှာ နားထောင်နေတဲ့  ဘိုကြီးက အင်မတန်သဘောကျနေတာ။ သူက အနုပညာတက္ကသိုလ်ကဆရာတဲ့။ ဓာတ်ပုံရိုက်လို့ရလားမေးတော့ ရတယ်တဲ့။ သီချင်းဆုံးတဲ့အခါ စောင်းနဲ့ဓာတ်ပုံရိုက်လို့ရလားမေးတော့ ရတယ်။ လက်အနေအထား ပြင်ပေးတယ်။ အန်တီစု နိုဗယ်ဆုယူတော့ စောင်းပညာရှင်တယောက် နာမည်မေ့နေတယ်။ မေတ္တာရွှေစောင်းဆိုတဲ့ သီချင်းတီးတာ အင်မတန်နားထောင်ကောင်းတယ်။ စောင်းသံ အင်မတန်သာယာတယ်။ ဦးနေဝါနဲ့တူတယ် ဟုတ်တယ် ဟုတ်တယ်။ စောင်းကြိုးကိုရေနေတော့ ၁၆ ကြိုးတဲ့ အယ်မလေး ... တယော ၄ ကြိုးကို မနည်းသင်နေတာ ၁၆ ကြိုးဆိုရင်တော့လား။ တနေ့နေ့မှာတော့ စောင်းတီးသင်ချင်သေးတယ်။ ဘယ်မှာနေတာလဲ စတိတ်မှာနေတာ အဲ့ဒီမှာ သင်ပေးတဲ့သူတွေ ရှိမှာပါ။ ခက်သလားဟင် သိပ်တော့မခက်ပါဘူး သင်ကြည့်မှသိမှာပေါ့ သင်ကြည့်ပါ။ ကိုယ်တို့က မနက်ဖြန်ရန်ကုန်ပြန်မှာ ဖြိုးတို့က နောက်ထပ်နှစ်ရက် ဆက်နေတယ်။ ဖြိုးတို့က ညောင်ဦးနားကဟိုတယ်ကို ပြောင်းသွားကြတော့ ရွှေတိုင်းကျော်မှာ ထမင်းသွားစားတဲ့အခါ ကိုယ်တို့မိသားစု လေးယောက်တည်း။ ရုပ်သေးရုပ်လေးတွေ၊ ယွန်းဆွမ်းအုပ်လေးတွေနဲ့ ဧည့်ခန်းကိုအလှဆင်ချင်ပေမဲ့ ခုနေတဲ့အိမ်မှာ ထားစရာနေရာမရှိလို့ ဝယ်ချင်စိတ်ကို မျိုသိပ်ထားရတယ်။ နောက်နေ့မနက် ခေါင်မိုးပေါ်မှာ မနက်စာစားတော့ လေကြောင်းကျလို့ မီးပုံပျံတွေ ကိုယ်တို့ခေါင်းပေါ်ကနေ ပျံသွားကြတယ်။ မီးပုံပျံခြင်းတောင်းထဲကသူတွေကို လက်တွေပြ။ တသက်မှာတခါလောက် Balloons Over Bagan စီးချင်မိသား ယူအက်စ်ဒေါ်လာ ၂၀၀ ကနေ ၃၀၀ ကြားလောက် ကုန်မယ်။ တစ်နှစ်လောက်ကြို ဘွတ်ရတယ်ကြားတယ်။ ရာသီချိန်ကလည်း ခြောက်လတည်း။ မီးပုံပျံကုမ္ဗဏီသုံးခုထဲမှာ Balloons Over Bagan က သက်တမ်းအကြာဆုံး စိတ်အချရဆုံးတဲ့။

အရင်တုန်းက မီးပုံးပျံ ပဲခင်းထဲဆင်းလို့ လျော်ရတယ်တဲ့။ ၂၀၀၂ ကျောင်းလေ့လာရေး ခရီးတုန်းက မီးပုံးပျံတခုလောက်ပဲတွေ့တယ်။ ဒီနေ့ မီးပုံးပျံ ၃၈ လုံးတဲ့ အဖေက ရေထားတယ်။ တယောက်တည်း  ခရီးထွက်လာတဲ့ အင်ဒိုနီးရှားကောင်လေးနဲ့ ဓာတ်ပုံတယောက်တလှည့် ရိုက်ပေးတယ်။ သူ အီးဘိုက်ငှားတာ ကိုယ်တွေထက်တောင် သက်သာသေးတယ်။ ပြီးရင် အင်းလေးသွားမှာတဲ့ အားကျလိုက်တာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာပတ်နေတာ။ ကားဂိတ်ကနေ ဟိုင်းလတ်ကားလေးနဲ့ လာခေါ်တယ်။ လိုက်မဲ့သူတွေကို ပတ်ခေါ်တာ ပုဂံတခွင်အနှံ့ပဲ။ ကားပေါ်မှာပါတဲ့ ပုဂံသူအန်တီကြီးတယောက်နဲ့ စကားပြောတော့ ညောင်ဦးဖက်က ဟိုတယ်ခ၊ စားသောက်စရိတ် သက်သာတယ်တဲ့။ ဟိုင်းဝေးလမ်းက မညက်ညောဘူး တချို့အိမ်သာတွေက မသန့်ဘူး။ ပုဂံမှာ တရက်တည်းဆိုပေမဲ့လည်း မိသားစု၊ သူငယ်ချင်းတွေနဲ့ သွားခဲ့တဲ့ခရီးမို့လို့ အင်မတန်ပျော်ဖို့ ကောင်းပါတယ်။ အမှတ်တရရှိနေမဲ့ ခရီးလေးပါပဲ။

Happy Traveling !
Happy birthday to Magyi ! Wish you be happy & healthy !
သြဂုတ် ၁၀၊ ၂၀၁၉ ။

နန်းမြင့်မျှော်စင်
တယောကြိုးလေးချောင်းကိုတောင် မနည်းသင်နေရတာ စောင်းကြိုး ၁၆ ချောင်းဆိုရင် ....

၂၀၁၂ ဇွန် ၆ နော်ဝေးနိုင်ငံ အော်စလိုမြို့အမေစုကို နိုဘယ်ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ
ဖျော်ဖြေခဲ့တဲ့ စောင်းနေဝါရဲ့ မေတ္တာရွှေစောင်း စောင်းလက်သံ...
‌စောင်းသံဟာ အင်မတန် သာယာပါတယ်...နားဆင်ကြည့်ပါ...

19 May 2019

ရန်ကုန်သွား တောလား - ၂

အဖေက ဘတ်စ်ကားစီးတာ အဆင်ပြေလား၊ ဘာဆိုင်မှာ ဘာတွေစားလဲမေးတယ်။ ခြင်လုံဇကာ ခြင်ထောင်လေးနဲ့ အိပ်ရတာ အဆင်ပြေတယ်။ ရန်ကုန်ဟာ ခြင်ထူ၊ ဖုန်ထူ၊ အရင်ကထက်တောင် ပိုဆူညံနေသလိုပဲ။ ဈေးထဲက မြန်မာမုန့်တွေ အင်မတန် စားကောင်းတယ်။ ဘက လူကြံကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းလာယူတော့ အလုပ်အကြောင်း ပြောကြရင်း ကမ္ဘောဇဘဏ် စတော့အိပ်ချိန်းဌာနမှာ အလုပ်လုပ်နေမှန်း သိသွားတော့ စတော့အိပ်ချိန်းဆိုတာကြီးကို သိချင်နေတဲ့အဖေက မေးမြန်းတယ်။ နောက်နေ့ဘက ကမ္ဘောဇဘဏ်မှာ စတော့အိပ်ချိန်းစင်မင်နာရှိတယ်လို့ အသိပေးတာနဲ့ အဖေ့ကိုမေးလိုက်တော့ စင်မင်နာတက်ချင်တယ်တဲ့။ အစက အမေ့ကို အိမ်မှာထားခဲ့မလို့ အမေက သူလည်းလိုက်ချင်တယ်လို့ ပြောတာနဲ့ ခေါ်သွားတယ်။ အိမ်နားကတက္ကစီက သတ်မှတ်ချိန်ထက် စောရောက်လာလို့ ဘဏ်ကိုမိနစ် ၂၀ လောက် စောရောက်သွားတယ်။ ကော်ဖီမစ်တိုက်ပေမဲ့ မသောက်ကြဘူး ရေဘူးတော့ ယူလိုက်တယ်။ စင်မင်နာတင်ဆက်တာ ကောင်းပေမဲ့ စီးပွားရေးအသုံးအနှုန်း များတော့ ကိုယ်တောင်ခပ်ပျင်းပျင်း။ အိပ်ငိုက်လာတဲ့ အမေ့ကို အဖေက လက်လှုပ်ပြီးနှိုးနေတော့ ကိုယ်က သူတို့ကိုကြည့်ပြီး ပြုံးစိစိ။ လမ်း ၃၀ အထက်ဘလောက်အထိ လမ်းလျှောက်ပြီး သခင်မြပန်းခြံအထိ ဘတ်စ်ကားစီး။ အဲ့ဒီကနေ ဘုရင့်နောင်ဖက်ပြေးတဲ့ ဘတ်စ်ကားပြောင်းစီး။ အရင်ကထက် ဘတ်စ်ကားတွေ များလာတယ် စနစ်ပိုကျလာတယ်။ ၂၀၁၉  ဖေဖေါ်ဝါရီ ၉  စနေနေ့ မနက် ၁၁ နာရီ မြန်မာပလာဇာမှာ ကွန်ပျူတက္ကသိုလ်က သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။ အဖေက အိမ်နားကတက္ကစီကို မှာထားပေမဲ့ ကိုယ်က ဘတ်စ်ကားနဲ့သွားချင်လို့ ငြင်းလိုက်တယ်။ အိကေက ကိုယ်တို့အိမ်နားကနေ မြန်မာပလာဇာကိုရောက်တဲ့ ဘတ်စ်ကားနံပါတ်ကို သတင်းပေးတယ်။ ကားကချောင်လိုက်တာ UFL ဝင်းနားဖြတ်တော့ ၂၀၀၇ တရုတ်စာသင်တန်း မနက်ပိုင်းတက်တဲ့ အချိန်တွေကို သတိရမိသေးတယ်။ ဆယ်တန်းတုန်းက ရန်ကင်းမှာ ကျူရှင်တက်တော့ ၄၂ ဟိုင်းလတ်ဘတ်စ်ကားဖြတ်တဲ့ နေရာတွေကို မှတ်မိသလို မမှတ်မိသလို။ မြန်မာပလာဇာဆိုတာ ဘယ်မှာမှန်းမသိလို့ မေးကြည့်တော့ မီးပွိုင့်အကွေ့ဆို ရောက်ပြီတဲ့။

တနာရီလောက် စောရောက်နေတော့ မြန်မာပလာဇာသုံးထပ်ကို ပတ်ပစ်လိုက်တယ်။ ပထမဆုံးရောက်လာသူကဝေ ခရမ်းရောင်တွေ လက်လက်ထနေတယ်။ ဝေက ကိုယ့်ကို မြန်မာအင်္ကီျ၊ ပတ်ထမီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ပြည်ကပေးစာများစာအုပ် လက်ဆောင်ပေးတယ်။ ဂျပန်ပြည်ကပေးစာများစာအုပ်ကို အင်္ဂလိပ်လိုဖတ်ပြီးသား ခုစာအုပ်မှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ၊ အန်တီစုဓာတ်ပုံတွေပါတယ်။ ဒုတိယရောက်လာသူက မြတ်မွန် သူ့အမျိုးသားနဲ့ ကလေးနှစ်ယောက်။ ၂၀၀၉ ပါစီပါဂျမ်းက မြတ်မွန်အိမ်သစ်တက်ပွဲကို ဝေနဲ့သွားလို့ မြတ်မွန်အမျိုးသားနဲ့ ဆုံဖူးတယ်။ မြတ်မွန်ကတော့ အရင်ကတိုင်း စကားတွေတရစပ် မရပ်မနားပြောနိုင်တုန်း နောက်ပြောင်နေတုန်း။ နောက်ဆုံးမှ ရောက်လာသူတွေက အိကေ၊ အေးသက်၊ သစ်သစ်။ သစ်သစ်က ရောက်နေတာကြာပြီ အိကေနဲ့အေးသက်ကို စောင့်ခေါ်နေတာ။ သစ်သစ်ဟာ ကျောင်းတုန်းက အီးစီအကျင့် မပျောက်သေးဘူး လူစောင့်ခေါ်တုန်း။ သစ်သစ်က ကျောင်းမှာအီးစီ အမြဲပြုံးပြီး ကူညီတတ်တဲ့သူ။ လူချစ်လူခင်များသလို အီးစီမို့လို့ လူတိုင်းသစ်သစ်ကို သိကြတယ်။ တစ်ရှူးလိုလား၊ ကျွှတ်ကျွှတ်အိတ်လိုလား၊ အမျိုးသမီးလစဉ်သုံးပစ္စည်းလိုလား၊ ချိတ်လိုလား၊ အိပ်ငိုက်ပြေဖို့ အချဉ်ထုပ်လိုလား၊ရှူဘူးလိုလား ဘာပဲလိုလို သစ်သစ်လွယ်အိတ်ထဲမှာ အကုန်ရှိတယ်။ သူငယ်ချင်းတွေရဲ့ အရိပ်အကဲကို စောင့်ကြည့်ပြီး ဖြည့်ဆည်းပေးတတ်သူ။ မြတ်မွန်ကိုလည်း တကျောင်းလုံးသိကြတယ် ဟိုစပ်စပ် ဒီစပ်စပ် သတင်းအစုံအလင်သိ။ နောင်ပြောင်တတ် သူ့လူကြီးနဲ့ လိမ့်နေတတ်ပြီး စာသင်ဂိုက်မို့ ကိုယ်တို့လောက် ကျောင်းအမြဲမတက်ပေမဲ့ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဖြေတတ်တဲ့သူ။ မော်ဒယ်လေးလို ပိန်ပိန်ရှည်ရှည် အိကေက စိတ်ပူတတ်တယ် စာလုပ်တယ် စာမေးပွဲမှာလည်း အမှတ်ကောင်းတယ်။ အေးသက်က စာသင်ဂိုက် အစ်မကြီးမို့ စိတ်ရှည်တယ် သဘောကောင်းတယ်။ အုပ်စုထဲမှာ ကျောင်းအမြဲလာပြီး အတန်းအလစ်ဆုံး စာမလုပ်ဆုံးက ကိုယ်နဲ့ဝေ။

ကိုယ်တို့အားလုံးကြိုက်တဲ့ ကြေးအိုး
အိကေ၊ ဝေ၊ စန်းထွန်း၊ မြတ်မွန်၊ သစ်သစ်၊ အေးသက်
စာမလုပ်ဆုံး၊ အတန်းအလစ်ဆုံး၊ ကျောင်းကမြေအောက်ခန်းမှာ အိုင်စီသီချင်းတွေ အော်ဆိုပြီး
အသံနဲ့နှိပ်စက်၊ တယောက်အသည်းကွဲရင် တယောက်ကသူကွဲသလို ဖက်ငိုကြတဲ့ ကိုယ်တို့နှစ်ယောက်...

စာမေးပွဲတွေနီးလို့ စာလုပ်ကြမယ်ဆိုရင် ကိုယ်နဲ့ဝေက နေ့ရွှေ့ညရွှေ့။ နောက်ဆုံးရွှေ့လို့မရတော့မှ စာလုပ်ကြတယ်။ အိမ်နီးတော့ ဝေက ကိုယ့်အိမ်ကို စက်ဘီးလေးနဲ့ ရောက်လာတတ်တယ်။ ဝေက ဝထ္ထုဖတ်ပြီးရင် ဝထ္ထုဖတ်စရာမလိုအောင် အသေးစိတ် သေသေချာချာ ပြောပြတတ်တယ်။ သူများတွေက အေခန်းရအောင် လုအပ်ကြတဲ့အချိန်မှာ ကိုယ်တို့က စီခန်းရအောင် ရိုးနံပါတ် ၃၀၀ ကျော်နေပြီဆိုတော့မှ အပ်တယ်။ အလယ်ခုံရှေ့တန်းခုံနှစ်တန်းကို အပိုင်စီးကြတယ်။ ပထမဆုံးကျောင်းစတက်တဲ့ရက်ဆို ဘယ်တော့မှကျောင်းမတက်ဘူး ဓာတ်ပုံသွားရိုက်ကြတယ်။ ကျောင်းကအဝေးကြီးမှာ နိုင်ငံခြားကတက္ကသိုလ်တွေနဲ့ အပုံကြီးကွာပေမဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူဘဝဟာ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေကြောင့် ပျော်စရာကောင်းခဲ့တယ်။ ဘာစားကြမလဲ ကိုရီးယားစာ၊ တရုတ်စာ၊ ဝိုင်ကေကေအိုကြေးအိုးဆိုတာနဲ့ ကြေးအိုးဆိုင်ချီတက်ကြတယ်။ ကိုယ်တို့အားလုံး ကြေးအိုးကြိ ုက်ကြတယ်။ မြတ်မွန်မိတ်ဆက်ပေးလို့ ဘူတာရုံလမ်းက ဇော်ကြေးအိုးဆီချက်ကို ငါးပိထောင်းနဲ့စားတာကို ကြိ ုက်သွားကြတယ်။ ဝိုင်ကေကေအိုကြေးအိုးက အချိုမှုန့်တွေချည်းပဲ အချိုမှုန့်မစားတာ အတော်ကြာပြီဆိုတော့ စားတာနဲ့သိတယ် ရေငတ်တယ် အကြောတက်တယ်။ အချည်ရည်ကိုတော့ နည်းနည်းလေးပဲ စားတယ် စားတာစားရတယ် ခပ်လန့်လန့်။ နိုင်ငံခြားကပြန်လာသူတွေ ရန်ကုန်မှာ ဝမ်းလျှောတဲ့သတင်းကို ကြားဖူးထားတာကိုး။ ရန်ကုန်လာတာ ပိုက်ဆံတပြားမှ မယူလာဘူး အဖေက သုံးဖို့နှစ်သိန်းပေးထားတယ်။ ကိုယ်‌ကျွှေးမယ်ပြောတော့ ဝေက သူတို့အားလုံးက ကိုယ့်ကို‌ကျွှေးတာ အကုန်အကျနည်းတယ် တွက်ချေကိုက်တယ်တဲ့။ အိကေက ပုဝါလက်ဆောင်ပေးတယ် သူငယ်ချင်းတွေအတွက် ပိတ်စတွေ လက်ဆောင်ပေးတယ်။ ကိုယ်က ပိုက်ဆံအိတ် လက်ဆောင်ပေးတယ်။ သူများဆီကဟာက ကိုယ့်ဆီကဟာထက် ပိုလှတယ်ထင်နေတဲ့သူကို သစ်သစ်က သူငယ်ချင်း သစ်သစ်ဟာ ယူမလားမေးနေတယ်။ လက်ဆောင်မပါလာတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို စီတီးမတ်ကနေ မုန့်တွေအများကြီးဝယ်ပေးလိုက်တယ်။

အုပ်စုထဲမှာ ချိန်းဖို့အခက်ဆုံးက အေးသက် လူလွတ်ပေမဲ့ ကလေးအမေတွေထက် အလုပ်များတယ်။ မြတ်မွန်က အေးသက်ကို ရည်းစားမရှာဘူးလား မတွေ့ဘူးလားမေးတယ် အေးသက်က ရှာနေတာပဲလို့ ပြန်ဖြေတယ်။ ကိုယ်ထင်တဲ့အတိုင်း ကိုယ့်ကိုတော့ မမေးဘူး။ ချောလှတဲ့အေးသက်ကို စိတ်ဝင်စားတဲ့သူ ကြိုက်တဲ့သူတွေ အများကြီး။ အိမ်ကသဘောကျတဲ့သူကို စကားပြောကြည့်တာ စစ်တပ်ထောက်ခံသူတဲ့သူဖြစ်နေလို့ ကိုယ်တို့အားလုံးက နိုး...နိုး...နိုး.... ။ မြတ်မွန်က အိမ်ရှင်မလုပ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး ခုတော့ ကလေးတွေက အရေးအကြီးဆုံးဖြစ်နေပြီတဲ့။ သစ်သစ်ဆီက သိလိုက်ရတာတခုက အိမ်ငှားတွေကို ဆယ်နှစ်ထက်ပိုငှားလို့မကောင်းဘူးတဲ့။ အဲ့ဒီအိမ်မှာ ဆယ်နှစ်ကျော်နေပြီးရင် အိမ်ငှားပဲဖြစ်စေဦးတော့ အိမ်ရောင်းရင် အိမ်တန်ဖိုးကို ရပိုင်ခွင့်ရှိတယ်တဲ့ ထူးဆန်းပါပေ့။ အစကတော့ အိမ်ကိုပြန်ခဏနား ညနေ၄နာရီမှာ ရောက်လာမဲ့မကြီးကို လေဆိပ်ကိုသွားကြိုမလို့။ ဝေ့အမျိုးသားနဲ့ကလေးတွေ လာပြီးမုန့်စားတာကိုစောင့်၊ အမေ့အတွက် ရေခဲသေတ္တာဝင်ကြည့်။ ညနေသုံးနာရီလောက်မှာ ဝေက လေဆိပ်ကိုသွားတဲ့ဘတ်စ်ကားပေါ် တင်ပေးလိုက်တယ်။ ကားခ ၅၀၀ မြို့ထဲကနေ လေဆိပ်ကိုပြေးဆွဲတာ။ ဘယ်တွေကို ရောက်နေပြီလဲမသိ ဟမ်းကယ်ရီအိတ်နဲ့ဆင်းသွားတဲ့လူကို မြင်တော့မှ လေဆိပ်ရောက်ပြီလားမေးတာ ဘယ်တာမင်နယ်လဲတဲ့။ Arrival တာမင်နယ်ကို ကျော်သွားပြီ ပြည်တွင်းတာမင်နယ်ရှေ့မှာ ချပေးလိုက်တယ်။ ဆယ်မိနစ်လောက် လမ်းလျှောက်ရတယ် ရန်ကုန်နေ အင်မတန်ပူတယ်။ ဦးထုပ်မပါလာ အင်္ကီျကလည်း လက်တိုဆိုတော့ နေလောင်မလား မျက်နှာနေလောင်ရင် နှစ်နှစ်လောက်ကုယူရတယ်။ လေဆိပ်ရောက်တော့ မကြီးကရောက်နေပြီ ယောက်မနဲ့ တူတော်မောင်လည်း လာကြိုတယ်။ အဖေနဲ့အမေကတော့ သမီးတွေ၊ မြေးနဲ့‌ချွှေးမ ဝိုင်းနေတော့ ပျော်နေတာပေါ့။ ပခုက္ကူရောက်နေတဲ့ မောင်မောင်ကို သတိရနေကြတယ်။ မိသားစုခုလိုစုံစုံလင်လင် မတွေ့ရတာ ဆယ်နှစ်ကျော်ပြီကိုး။ မနက်ဖြန် ဘယ်သူငယ်ချင်းတွေနဲ့ဆုံပြီး ဘယ်တွေသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မေ ၁၉ ၊ ၂၀၁၉ ။

၂၀၀၂ ဒုတိယနှစ် ပထမဆုံး ကျောင်းတက်တဲ့နေ့ မိန်းထဲကအီကိုဝင်းထဲမှာ ဓာတ်ပုံသွားရိုက်ကြတယ်...
စန်းထွန်း၊ မြတ်မွန်၊ ဝေ၊ အေးသက်၊ သစ်သစ်

ဝေ၊ အေးသက်၊ မြတ်မွန်၊ သစ်သစ်၊ စန်းထွန်း
၂၀၀၃ တတိယနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ
အိကေ၊ အေးသက်၊ ဝေ၊ စန်းထွန်း၊ မြတ်မွန်၊ သစ်သစ်၊ ခိုင်ဇာ
၂၀၀၃ တတိယနှစ် မင်္ဂလာဒုံစစ်သချိုင်းမှာ
ကျောင်းမလာတဲ့ မင်္ဂလာဒုံက အေးသက်ဆီသွားပြီး စစ်သချိုင်းဆီ သွားလည်ကြတယ်
၂၀၀၃ ပရောဂျက် Presentation နေ့ ကျောင်းအင်္ကီျဆင်တူဝတ်
အေးသက်၊ ခိုင်ဇာ၊ သစ်သစ်၊ ဝေ၊ မြတ်မွန်၊ သဇင်၊ စန်းထွန်း၊ အိကေ
အိကေ၊ သစ်သစ်၊ မြတ်မွန်၊ ဝေ၊ စန်းထွန်း၊ အေးသက်
လှော်ကား ကွန်ပျူတာတ္ကသိုလ် ယူနီဖောင်းဝတ်ရပြီ
၂၀၀၅ မေ ရီဟာဇယ်
၂၀၀၅ မေ မိန်းမှာဘွဲ့ယူကြတုန်းက