ရန်ကုန်သွား တောလား - ၂

အဖေက ဘတ်စ်ကားစီးတာ အဆင်ပြေလား၊ ဘာဆိုင်မှာ ဘာတွေစားလဲမေးတယ်။ ခြင်လုံဇကာ ခြင်ထောင်လေးနဲ့ အိပ်ရတာ အဆင်ပြေတယ်။ ရန်ကုန်ဟာ ခြင်ထူ၊ ဖုန်ထူ၊ အရင်ကထက်တောင် ပိုဆူညံနေသလိုပဲ။ ဈေးထဲက မြန်မာမုန့်တွေ အင်မတန် စားကောင်းတယ်။ ဘက လူကြံကြုံထည့်ပေးလိုက်တဲ့ ပစ္စည်းလာယူတော့ အလုပ်အကြောင်း ပြောကြရင်း ကမ္ဘောဇဘဏ် စတော့အိပ်ချိန်းဌာနမှာ အလုပ်လုပ်နေမှန်း သိသွားတော့ စတော့အိပ်ချိန်းဆိုတာကြီးကို သိချင်နေတဲ့အဖေက မေးမြန်းတယ်။ နောက်နေ့ဘက ကမ္ဘောဇဘဏ်မှာ စတော့အိပ်ချိန်းစင်မင်နာရှိတယ်လို့ အသိပေးတာနဲ့ အဖေ့ကိုမေးလိုက်တော့ စင်မင်နာတက်ချင်တယ်တဲ့။ အစက အမေ့ကို အိမ်မှာထားခဲ့မလို့ အမေက သူလည်းလိုက်ချင်တယ်လို့ ပြောတာနဲ့ ခေါ်သွားတယ်။ အိမ်နားကတက္ကစီက သတ်မှတ်ချိန်ထက် စောရောက်လာလို့ ဘဏ်ကိုမိနစ် ၂၀ လောက် စောရောက်သွားတယ်။ ကော်ဖီမစ်တိုက်ပေမဲ့ မသောက်ကြဘူး ရေဘူးတော့ ယူလိုက်တယ်။ စင်မင်နာတင်ဆက်တာ ကောင်းပေမဲ့ စီးပွားရေးအသုံးအနှုန်း များတော့ ကိုယ်တောင်ခပ်ပျင်းပျင်း။ အိပ်ငိုက်လာတဲ့ အမေ့ကို အဖေက လက်လှုပ်ပြီးနှိုးနေတော့ ကိုယ်က သူတို့ကိုကြည့်ပြီး ပြုံးစိစိ။ လမ်း ၃၀ အထက်ဘလောက်အထိ လမ်းလျှောက်ပြီး သခင်မြပန်းခြံအထိ ဘတ်စ်ကားစီး။ အဲ့ဒီကနေ ဘုရင့်နောင်ဖက်ပြေးတဲ့ ဘတ်စ်ကားပြောင်းစီး။ အရင်ကထက် ဘတ်စ်ကားတွေ များလာတယ် စနစ်ပိုကျလာတယ်။ ၂၀၁၉  ဖေဖေါ်ဝါရီ ၉  စနေနေ့ မနက် ၁၁ နာရီ မြန်မာပလာဇာမှာ ကွန်ပျူတက္ကသိုလ်က သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။ အဖေက အိမ်နားကတက္ကစီကို မှာထားပေမဲ့ ကိုယ်က ဘတ်စ်ကားနဲ့သွားချင်လို့ ငြင်းလိုက်တယ်။ အိကေက ကိုယ်တို့အိမ်နားကနေ မြန်မာပလာဇာကိုရောက်တဲ့ ဘတ်စ်ကားနံပါတ်ကို သတင်းပေးတယ်။ ကားကချောင်လိုက်တာ UFL ဝင်းနားဖြတ်တော့ ၂၀၀၇ တရုတ်စာသင်တန်း မနက်ပိုင်းတက်တဲ့ အချိန်တွေကို သတိရမိသေးတယ်။ ဆယ်တန်းတုန်းက ရန်ကင်းမှာ ကျူရှင်တက်တော့ ၄၂ ဟိုင်းလတ်ဘတ်စ်ကားဖြတ်တဲ့ နေရာတွေကို မှတ်မိသလို မမှတ်မိသလို။ မြန်မာပလာဇာဆိုတာ ဘယ်မှာမှန်းမသိလို့ မေးကြည့်တော့ မီးပွိုင့်အကွေ့ဆို ရောက်ပြီတဲ့။

တနာရီလောက် စောရောက်နေတော့ မြန်မာပလာဇာသုံးထပ်ကို ပတ်ပစ်လိုက်တယ်။ ပထမဆုံးရောက်လာသူကဝေ ခရမ်းရောင်တွေ လက်လက်ထနေတယ်။ ဝေက ကိုယ့်ကို မြန်မာအင်္ကီျ၊ ပတ်ထမီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ပြည်ကပေးစာများစာအုပ် လက်ဆောင်ပေးတယ်။ ဂျပန်ပြည်ကပေးစာများစာအုပ်ကို အင်္ဂလိပ်လိုဖတ်ပြီးသား ခုစာအုပ်မှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ၊ အန်တီစုဓာတ်ပုံတွေပါတယ်။ ဒုတိယရောက်လာသူက မြတ်မွန် သူ့အမျိုးသားနဲ့ ကလေးနှစ်ယောက်။ ၂၀၀၉ ပါစီပါဂျမ်းက မြတ်မွန်အိမ်သစ်တက်ပွဲကို ဝေနဲ့သွားလို့ မြတ်မွန်အမျိုးသားနဲ့ ဆုံဖူးတယ်။ မြတ်မွန်ကတော့ အရင်ကတိုင်း စကားတွေတရစပ် မရပ်မနားပြောနိုင်တုန်း နောက်ပြောင်နေတုန်း။ နောက်ဆုံးမှ ရောက်လာသူတွေက အိကေ၊ အေးသက်၊ သစ်သစ်။ သစ်သစ်က ရောက်နေတာကြာပြီ အိကေနဲ့အေးသက်ကို စောင့်ခေါ်နေတာ။ သစ်သစ်ဟာ ကျောင်းတုန်းက အီးစီအကျင့် မပျောက်သေးဘူး လူစောင့်ခေါ်တုန်း။ သစ်သစ်က ကျောင်းမှာအီးစီ အမြဲပြုံးပြီး ကူညီတတ်တဲ့သူ။ လူချစ်လူခင်များသလို အီးစီမို့လို့ လူတိုင်းသစ်သစ်ကို သိကြတယ်။ တစ်ရှူးလိုလား၊ ကျွှတ်ကျွှတ်အိတ်လိုလား၊ အမျိုးသမီးလစဉ်သုံးပစ္စည်းလိုလား၊ ချိတ်လိုလား၊ အိပ်ငိုက်ပြေဖို့ အချဉ်ထုပ်လိုလား၊ရှူဘူးလိုလား ဘာပဲလိုလို သစ်သစ်လွယ်အိတ်ထဲမှာ အကုန်ရှိတယ်။ သူငယ်ချင်းတွေရဲ့ အရိပ်အကဲကို စောင့်ကြည့်ပြီး ဖြည့်ဆည်းပေးတတ်သူ။ မြတ်မွန်ကိုလည်း တကျောင်းလုံးသိကြတယ် ဟိုစပ်စပ် ဒီစပ်စပ် သတင်းအစုံအလင်သိ။ နောင်ပြောင်တတ် သူ့လူကြီးနဲ့ လိမ့်နေတတ်ပြီး စာသင်ဂိုက်မို့ ကိုယ်တို့လောက် ကျောင်းအမြဲမတက်ပေမဲ့ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဖြေတတ်တဲ့သူ။ မော်ဒယ်လေးလို ပိန်ပိန်ရှည်ရှည် အိကေက စိတ်ပူတတ်တယ် စာလုပ်တယ် စာမေးပွဲမှာလည်း အမှတ်ကောင်းတယ်။ အေးသက်က စာသင်ဂိုက် အစ်မကြီးမို့ စိတ်ရှည်တယ် သဘောကောင်းတယ်။ အုပ်စုထဲမှာ ကျောင်းအမြဲလာပြီး အတန်းအလစ်ဆုံး စာမလုပ်ဆုံးက ကိုယ်နဲ့ဝေ။

ကိုယ်တို့အားလုံးကြိုက်တဲ့ ကြေးအိုး
အိကေ၊ ဝေ၊ စန်းထွန်း၊ မြတ်မွန်၊ သစ်သစ်၊ အေးသက်
စာမလုပ်ဆုံး၊ အတန်းအလစ်ဆုံး၊ ကျောင်းကမြေအောက်ခန်းမှာ အိုင်စီသီချင်းတွေ အော်ဆိုပြီး
အသံနဲ့နှိပ်စက်၊ တယောက်အသည်းကွဲရင် တယောက်ကသူကွဲသလို ဖက်ငိုကြတဲ့ ကိုယ်တို့နှစ်ယောက်...

စာမေးပွဲတွေနီးလို့ စာလုပ်ကြမယ်ဆိုရင် ကိုယ်နဲ့ဝေက နေ့ရွှေ့ညရွှေ့။ နောက်ဆုံးရွှေ့လို့မရတော့မှ စာလုပ်ကြတယ်။ အိမ်နီးတော့ ဝေက ကိုယ့်အိမ်ကို စက်ဘီးလေးနဲ့ ရောက်လာတတ်တယ်။ ဝေက ဝထ္ထုဖတ်ပြီးရင် ဝထ္ထုဖတ်စရာမလိုအောင် အသေးစိတ် သေသေချာချာ ပြောပြတတ်တယ်။ သူများတွေက အေခန်းရအောင် လုအပ်ကြတဲ့အချိန်မှာ ကိုယ်တို့က စီခန်းရအောင် ရိုးနံပါတ် ၃၀၀ ကျော်နေပြီဆိုတော့မှ အပ်တယ်။ အလယ်ခုံရှေ့တန်းခုံနှစ်တန်းကို အပိုင်စီးကြတယ်။ ပထမဆုံးကျောင်းစတက်တဲ့ရက်ဆို ဘယ်တော့မှကျောင်းမတက်ဘူး ဓာတ်ပုံသွားရိုက်ကြတယ်။ ကျောင်းကအဝေးကြီးမှာ နိုင်ငံခြားကတက္ကသိုလ်တွေနဲ့ အပုံကြီးကွာပေမဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူဘဝဟာ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေကြောင့် ပျော်စရာကောင်းခဲ့တယ်။ ဘာစားကြမလဲ ကိုရီးယားစာ၊ တရုတ်စာ၊ ဝိုင်ကေကေအိုကြေးအိုးဆိုတာနဲ့ ကြေးအိုးဆိုင်ချီတက်ကြတယ်။ ကိုယ်တို့အားလုံး ကြေးအိုးကြိ ုက်ကြတယ်။ မြတ်မွန်မိတ်ဆက်ပေးလို့ ဘူတာရုံလမ်းက ဇော်ကြေးအိုးဆီချက်ကို ငါးပိထောင်းနဲ့စားတာကို ကြိ ုက်သွားကြတယ်။ ဝိုင်ကေကေအိုကြေးအိုးက အချိုမှုန့်တွေချည်းပဲ အချိုမှုန့်မစားတာ အတော်ကြာပြီဆိုတော့ စားတာနဲ့သိတယ် ရေငတ်တယ် အကြောတက်တယ်။ အချည်ရည်ကိုတော့ နည်းနည်းလေးပဲ စားတယ် စားတာစားရတယ် ခပ်လန့်လန့်။ နိုင်ငံခြားကပြန်လာသူတွေ ရန်ကုန်မှာ ဝမ်းလျှောတဲ့သတင်းကို ကြားဖူးထားတာကိုး။ ရန်ကုန်လာတာ ပိုက်ဆံတပြားမှ မယူလာဘူး အဖေက သုံးဖို့နှစ်သိန်းပေးထားတယ်။ ကိုယ်‌ကျွှေးမယ်ပြောတော့ ဝေက သူတို့အားလုံးက ကိုယ့်ကို‌ကျွှေးတာ အကုန်အကျနည်းတယ် တွက်ချေကိုက်တယ်တဲ့။ အိကေက ပုဝါလက်ဆောင်ပေးတယ် သူငယ်ချင်းတွေအတွက် ပိတ်စတွေ လက်ဆောင်ပေးတယ်။ ကိုယ်က ပိုက်ဆံအိတ် လက်ဆောင်ပေးတယ်။ သူများဆီကဟာက ကိုယ့်ဆီကဟာထက် ပိုလှတယ်ထင်နေတဲ့သူကို သစ်သစ်က သူငယ်ချင်း သစ်သစ်ဟာ ယူမလားမေးနေတယ်။ လက်ဆောင်မပါလာတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို စီတီးမတ်ကနေ မုန့်တွေအများကြီးဝယ်ပေးလိုက်တယ်။

အုပ်စုထဲမှာ ချိန်းဖို့အခက်ဆုံးက အေးသက် လူလွတ်ပေမဲ့ ကလေးအမေတွေထက် အလုပ်များတယ်။ မြတ်မွန်က အေးသက်ကို ရည်းစားမရှာဘူးလား မတွေ့ဘူးလားမေးတယ် အေးသက်က ရှာနေတာပဲလို့ ပြန်ဖြေတယ်။ ကိုယ်ထင်တဲ့အတိုင်း ကိုယ့်ကိုတော့ မမေးဘူး။ ချောလှတဲ့အေးသက်ကို စိတ်ဝင်စားတဲ့သူ ကြိုက်တဲ့သူတွေ အများကြီး။ အိမ်ကသဘောကျတဲ့သူကို စကားပြောကြည့်တာ စစ်တပ်ထောက်ခံသူတဲ့သူဖြစ်နေလို့ ကိုယ်တို့အားလုံးက နိုး...နိုး...နိုး.... ။ မြတ်မွန်က အိမ်ရှင်မလုပ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး ခုတော့ ကလေးတွေက အရေးအကြီးဆုံးဖြစ်နေပြီတဲ့။ သစ်သစ်ဆီက သိလိုက်ရတာတခုက အိမ်ငှားတွေကို ဆယ်နှစ်ထက်ပိုငှားလို့မကောင်းဘူးတဲ့။ အဲ့ဒီအိမ်မှာ ဆယ်နှစ်ကျော်နေပြီးရင် အိမ်ငှားပဲဖြစ်စေဦးတော့ အိမ်ရောင်းရင် အိမ်တန်ဖိုးကို ရပိုင်ခွင့်ရှိတယ်တဲ့ ထူးဆန်းပါပေ့။ အစကတော့ အိမ်ကိုပြန်ခဏနား ညနေ၄နာရီမှာ ရောက်လာမဲ့မကြီးကို လေဆိပ်ကိုသွားကြိုမလို့။ ဝေ့အမျိုးသားနဲ့ကလေးတွေ လာပြီးမုန့်စားတာကိုစောင့်၊ အမေ့အတွက် ရေခဲသေတ္တာဝင်ကြည့်။ ညနေသုံးနာရီလောက်မှာ ဝေက လေဆိပ်ကိုသွားတဲ့ဘတ်စ်ကားပေါ် တင်ပေးလိုက်တယ်။ ကားခ ၅၀၀ မြို့ထဲကနေ လေဆိပ်ကိုပြေးဆွဲတာ။ ဘယ်တွေကို ရောက်နေပြီလဲမသိ ဟမ်းကယ်ရီအိတ်နဲ့ဆင်းသွားတဲ့လူကို မြင်တော့မှ လေဆိပ်ရောက်ပြီလားမေးတာ ဘယ်တာမင်နယ်လဲတဲ့။ Arrival တာမင်နယ်ကို ကျော်သွားပြီ ပြည်တွင်းတာမင်နယ်ရှေ့မှာ ချပေးလိုက်တယ်။ ဆယ်မိနစ်လောက် လမ်းလျှောက်ရတယ် ရန်ကုန်နေ အင်မတန်ပူတယ်။ ဦးထုပ်မပါလာ အင်္ကီျကလည်း လက်တိုဆိုတော့ နေလောင်မလား မျက်နှာနေလောင်ရင် နှစ်နှစ်လောက်ကုယူရတယ်။ လေဆိပ်ရောက်တော့ မကြီးကရောက်နေပြီ ယောက်မနဲ့ တူတော်မောင်လည်း လာကြိုတယ်။ အဖေနဲ့အမေကတော့ သမီးတွေ၊ မြေးနဲ့‌ချွှေးမ ဝိုင်းနေတော့ ပျော်နေတာပေါ့။ ပခုက္ကူရောက်နေတဲ့ မောင်မောင်ကို သတိရနေကြတယ်။ မိသားစုခုလိုစုံစုံလင်လင် မတွေ့ရတာ ဆယ်နှစ်ကျော်ပြီကိုး။ မနက်ဖြန် ဘယ်သူငယ်ချင်းတွေနဲ့ဆုံပြီး ဘယ်တွေသွားလဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
မေ ၁၉ ၊ ၂၀၁၉ ။

၂၀၀၂ ဒုတိယနှစ် ပထမဆုံး ကျောင်းတက်တဲ့နေ့ မိန်းထဲကအီကိုဝင်းထဲမှာ ဓာတ်ပုံသွားရိုက်ကြတယ်...
စန်းထွန်း၊ မြတ်မွန်၊ ဝေ၊ အေးသက်၊ သစ်သစ်

ဝေ၊ အေးသက်၊ မြတ်မွန်၊ သစ်သစ်၊ စန်းထွန်း
၂၀၀၃ တတိယနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ
အိကေ၊ အေးသက်၊ ဝေ၊ စန်းထွန်း၊ မြတ်မွန်၊ သစ်သစ်၊ ခိုင်ဇာ
၂၀၀၃ တတိယနှစ် မင်္ဂလာဒုံစစ်သချိုင်းမှာ
ကျောင်းမလာတဲ့ မင်္ဂလာဒုံက အေးသက်ဆီသွားပြီး စစ်သချိုင်းဆီ သွားလည်ကြတယ်
၂၀၀၃ ပရောဂျက် Presentation နေ့ ကျောင်းအင်္ကီျဆင်တူဝတ်
အေးသက်၊ ခိုင်ဇာ၊ သစ်သစ်၊ ဝေ၊ မြတ်မွန်၊ သဇင်၊ စန်းထွန်း၊ အိကေ
အိကေ၊ သစ်သစ်၊ မြတ်မွန်၊ ဝေ၊ စန်းထွန်း၊ အေးသက်
လှော်ကား ကွန်ပျူတာတ္ကသိုလ် ယူနီဖောင်းဝတ်ရပြီ
၂၀၀၅ မေ ရီဟာဇယ်
၂၀၀၅ မေ မိန်းမှာဘွဲ့ယူကြတုန်းက

No comments: