ကိုယ်၊ ဖြိုး၊ ခိုင်မေ၊ မေရီက ကြည့်မြင့်တိုင်ဖက်က။ ဝတ်ရည်၊ ရွှေစင်တို့က ရွှေပြည်သာဖက်က။ ကိုယ်တို့ဆယ်တန်းအောင်တော့ တက္ကသိုလ်တွေ မဖွင့်သေးတော့ အင်္ဂလိပ်စာသင်တန်းကျောင်းတက်ပြီး စောင့်ရတယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ထမင်းချိုင့်လေးနဲ့ ကျောင်းလာပြီး တက်ကြတယ်။ စာမလုပ် အတန်းလစ် စားမယ် သွားမယ် ပြောမယ်။ ကိုယ်တို့အတန်းလစ်ရင် သိသာတယ် ညာဖက်နံရံနဲ့ကပ်လျက် တတန်းလုံးကွက်လပ်ကြီး ဖြစ်နေတာကိုး။ ချောတဲ့ဝတ်ရည်ကို လာကြောင်ပြီး စာလာမေးတဲ့ စီနီယာတွေကို ပေါက်ကရတွေ ခဲရခဲဆစ်တွေမေးလို့ ခေါင်းကုတ်ပြီးပြန်ပြေးကြတယ်။ ပိုးဟပ်ဖြူလေးလို ကြောက်တတ်တဲ့ ဝတ်ရည်ကို ရွှေစင်၊ ဖြိုး၊ ကိုယ်တို့က ကိုယ်ရံတော်တွေအဖြစ် စောင့်ရှောက်ရတယ်။ ရွှေစင်က သွက်သွက်လက်လက် ဟောဟောဒိုင်းဒိုင်း မကြောက်တတ်တဲ့သူ။ ခိုင်မေက မြန်မာစာဆရာမ ချစ်စဖွယ်ကောင်းတဲ့ စကားတွေပြောတတ်တဲ့သူ၊ ကိုယ်တို့အားလုံးကို ဆုံးမတတ်သူ။ အုပ်စုထဲမှာ အသေးဆုံး၊ ဆံပင်အရှည်ဆုံး ဖြိုးကတော့ ကိုယ်တို့ဒဏ်ကို အများဆုံးခံရတဲ့သူ။ ဖြိုး တက္ကစီငှားလိုက်၊ ဘယ်သူ့ကိုသွားပေးလိုက်၊ သင်းခိုင်ကို နင် ကြိတ်မေး ကိုယ်တို့ပြောသမျှ မညည်းမငြူ လုပ်ပေးရှာသူ။ ဝတ်ရည်ကတော့ ကြောက်တဲ့သူမို့ မကြောက်အောင် အမြဲအားပေးရတယ်။ သင်းခိုင်ကတော့ အုပ်စုထဲမှာ ပြသနာများတဲ့သူ သင်းခိုင်ဖုန်းဆက်ရင်ကို လန့်နေရတယ် ဘာများဖြစ်သလဲလို့။ ဒူးရင်းသီး ဒညင်းသီးအုန်းနို့ဆမ်းစားပြီး လက်ချောင်းတွေ ပူးကပ်နေတယ် ခွာပေးပါလို့ပြောလို့ ကိုယ်တို့မှာ မျက်ကလဲဆန်ပြာနဲ့ လက်တွေခွာ။ ဆရာ့ကိုသွားမေးတော့ ဆရာက သံပုရာစေ့ဝါးစားခိုင်းတယ်။ အုပ်စုထဲမှာ စိတ်အပူရဆုံးက သင်းခိုင်နဲ့ရွှေစင် ပြန်မပြောနားမထောင် လုပ်ချင်ရာလုပ်ကြသူတွေ။ ကိုယ်တို့ခရက်ရှ်တွေဖြစ်တဲ့ ပဲဘဝင်၊ အနော၊ အအဂျာ၊ ဝမ်းဝမ်းကြီးတို့အကြောင်း ပြောကြသေးတယ်။ ၂၀၀၅ မတ်လ ကိုယ့်ဇာတိ ဟိုင်းကြီးကျွှန်းကို လိုက်လည်ကြတုန်းက အမှတ်မထင်ဆုံခဲ့ကြတဲ့ အလယ်တန်းကျောင်းတုန်းက ကိုယ့်ကျောင်းနေဖက် သူငယ်ချင်းတယောက်ကို ကိုယ်ကသတိမရဘဲ သူတို့က သတိရနေကြလေရဲ့။
မနက်စောစော သူငယ်ချင်းတွေနဲ့ ဘုရားတက် စကားတွေလုပြော... ရှမ်းချဉ်နှစ်ဖတ်စားလိုက်တာ ဝမ်းတွေလျှောလို့ ဆေးခန်းပြေး... မနေ့က ဝေပေးလိုက်တဲ့ ထမီလေးကို ပတ်ဝတ်.... |
ဝတ်ရည်က သူ့လုပ်ဖော်ကိုင်ဖက်၊ ကာစတာမာတွေနဲ့ အော်ဟစ်ရန်ဖြစ်တယ်လို့ပြောတော့ ကိုယ်တို့မှာ အံ့တွေသြလို့။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ရန်ဖြစ်ဖို့မဆိုထားနဲ့ လေသံကျယ်ကျယ်တောင် မပြောရဲတဲ့သူက ခုတော့ရန်တွေ ဖြစ်ရဲပြီဆိုတော့လေ။ တက္ကစီငှား မင်္ဂလာဒုံဈေးကိုရောက်တော့ သင်းခိုင်ဆိုင်မှာ သင်းခိုင်အဖေနဲ့အမေကို တွေ့တယ်။ ကောင်လေးတယောက်ကို လမ်းပြလွှတ်လိုက်တာ သင်းခိုင်အိမ်ရှေ့ ရောက်နေပေမဲ့ သင်းခိုင်အိမ်မှန်းမသိ။ နေမကောင်းတဲ့သင်းခိုင်ကို မြင်ရတာ အတော်စိတ်မချမ်းသာဘူး။ သူ့သားလေးက အတော်ကြီးနေပြီ သူ့အမေကို သိတတ်တယ်။ ဆင်ရေတွင်း ဂမုန်းပွင့်က ရွှေပလ္လင်မှာ ကိုယ်က ရှမ်းခေါက်ဆွဲစားတယ်။ ရှမ်းချဉ်နှစ်ဖတ်စားလိုက်တာ ညရောက်တော့ ဝမ်းလေးခါသွားလို့ ဆေးခန်းပြေးလိုက်ရတယ်။ ဂမုန်းပွင့်ကနေ အိမ်ကိုတက္ကစီငှားတော့ ဖြိ ုးပြောလိုက်တဲ့ဈေးမရမချင်း တစီးပြီးတစီးငှားတာ နောက်ဆုံးမှာတော့ ရသွားတယ်။ မိသားစုဓာတ်ပုံကို လှည်းတန်းက ချောစုမှာရိုက်မလို့ Grab တက္ကစီက လှည်းတန်းစင်တာနားမှာ ချပေးခဲ့တယ်။ ချောစုကိုမေးကြည့်တော့ သိထားတဲ့ဈေးထက်များနေလို့ အင်းစိန်လမ်းမ ဘူတာရုံလမ်းမှတ်တိုင်နားက စံပြဓာတ်ပုံတိုက်မှာ သွားရိုက်ကြတယ်။ ကိုယ်တို့ပတ်စပို့ဓာတ်ပုံမှန်သမျှ စံပြမှာရိုက်တာ။ ဈေးမဆိုးသလို ပုံထွက်လည်းမဆိုးဘူး။ ဖိုတိုလျှော့ contour လုပ်တာများသွားလို့ထင်တယ် မကြီးပတ်စပို့ပုံမှာ နားထင်နားမှာညိုနေလို့ ပြောတာပြန်ပြင်ပေးတယ်။ မိသားစုဓာတ်ပုံကို မကြီးက မကြိုက်ဘူး ချောစုမှာရိုက်လိုက်ရင် အကောင်းသားတဲ့။ အဖေကတော့ သဘောတွေကျပြီး နောက်ထပ်ပုံကြီးတပုံ ထပ်ကူးတယ် ဟိုင်းကြီးအိမ်မှာ ချိတ်ထားမယ်တဲ့။ အဲ့ဒီနားက ဇော်ကြေးအိုးဆီချက်ဆိုင်က ကိုယ်တို့ကြိုက်တဲ့ဆိုင်။ ခုတော့ အချိုမှုန့်တွေများလို့ မစားနိုင်တော့ဘူး။ အဲ့ဒီသူငယ်ချင်းတွေနဲ့ မတွေ့တာ ၈ နှစ်၊ တချို့ဆို ၁၅ နှစ်ကျော်ရှိပေမဲ့လည်း ရင်ဘတ်ခြင်းနီးနေတယ်လို့ ခံစားမိတုန်း။ ကိုယ့်စိတ်ထဲရှိရာ အကုန်ပြောလို့ရသလို ကိုယ့်ကိုအထင်မသေး၊ နောက်ကျောကနေ ဓားနဲ့မထိုး၊ ကိုယ့်ကိုအမြဲချစ်ခင်နေတဲ့ သူငယ်ချင်းကောင်းတွေမို့လို့ စိတ်ချမ်းသာရပါတယ်။ နောက်နေ့ ဘယ်သူတွေနဲ့တွေ့သလဲ၊ ဘယ်တွေကိုသွားသလဲ၊ ဘာတွေလုပ်သလဲဆိုတာကတော့ နောက်ပို့စ်မှာမှ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
မေ ၂၅၊ ၂၀၁၉ ။
၁၉၉၉ မင်္ဂလာဒုံလှော်ကားဥယျာဉ် |
၁၉၉၉ မိန်း |
၂၀၀၀ မိန်း |
၂၀၀၅ မတ် မော်တင်စွန်း ဘုရားပွဲ |
No comments:
Post a Comment