ရန်ကုန်သွား တောလား - ၁

၂၀၁၉  ဖေဖေါ်ဝါရီ ၂ ရက်နေ့က ၁၉  ရက်နေ့အထိ ၈ နှစ်ကြာမှ ပြန်တော်ပြန် ၁၂ရက်ခရီး စတင်ပါတယ်။ လေယာဉ်ခမတတ်နိုင်တဲ့ ကျောင်းသားဘဝဆိုတော့ ၂နှစ်တခါ မပြန်နိုင်။ အက်ဖ်ဝမ်းကျောင်းသားဗီဇာ၊ အိတ်ချ်ဝမ်းအလုပ်ဗီဇာနဲ့ပြန်ရင် စတိတ်ကိုပြန်ဝင်ဖို့ ဗီဇာပြန်လျှောက်ရလို့ ဂရင်းကဒ်ရမှပဲ ပြည်တော်ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်။ အဖေ၊ အမေတို့က ၂ နှစ်တခါ လာလည်ကြတော့ ပြန်တော်ပြန်ဖို့လည်းမလိုဘူးဆိုတော့ ၈ နှစ်မှပဲပြန်ဖြစ်တော့တယ်။ မကြီးက တရုတ်နှစ်သစ်ကူးပိတ်ရက် သူလည်းပြန်လာမယ် အဲ့ဒီအချိန်လာတဲ့။ သက်သာတဲ့လေယာဉ် လက်မှတ်ရှာတော့ ကသေးပစိဖိတ်က တထောင်။ ဈေးသက်သာတဲ့ တရုတ်လေကြောင်းလိုင်းတွေ မစီးရဲဘူး။ သူငယ်ချင်းတယောက်စီးတာ ဈေးတော့သက်သာပါရဲ့ ဘေဂျင်းကနေ ကူမင်းကို ပြည်တွင်းလေကြောင်းလိုင်းမို့ လက်ကေ့အိတ်တွေပြန်ထုတ် ချက်ကင်ပြန်ဝင်ရတယ်။ ၂၄ နာရီကျော်သွားရင် ထရန်စစ်ဗီဇာလျှောက်ရတယ်။ လေယာဉ်တွေလွဲ၊ လက်ကေ့အိတ်တွေပျောက်နဲ့ ဒုက္ခတွေ ရောက်မှရောက်တဲ့။ ကိုယ့်လေယာဉ်က ပုံမှန်ဆိုရင် ဟောင်ကောင်တိုက်ရိုက်ဖြစ်ရမှာ ကိုယ်သွားမဲ့နေ့မှာ ဈေးအသက်သာဆုံးလေယာဉ်က ဗန်ကူးဗား - ဟောင်ကောင်။ ဂရင်းကဒ်မို့လို့ ထရန်စစ်ဗီဇာမလိုပေမဲ့ FTA ဖောင်ဖြည့်ရမယ်တဲ့ နောက်လေယာဉ်၊ နောက်နေ့ပြောင်းစီးစရာမလိုဘူး ခုလျှောက်ခုရတယ် ၇ ကျပ်ပေးရတယ်။ ကနေဒါကိုလာလည်ဖို့ အစီအစဉ်ရှိလားမေးတော့ ရှိတယ် ဘယ်တော့လောက်၊ ဘယ်နေရာတွေကို လည်ဖို့အစီအစဉ်ရှိလဲလို့ ထပ်မေးနေလို့ မရှိဘူးလို့ ရွေးလိုက်တယ်။ နယူးယောက်ကနေ ဗန်ကူးဗားကို လူမပြည့်ဘူး အစွန်ဆုံးခုံတွေပဲ လူရှိတယ် အလယ်ခုံမှာ လူမရှိဘူး။ ဒီတော့ ခြားထားတဲ့ခုံတန်းလေးကိုချပြီး အိပ်တော့တာပဲ အိပ်လို့လည်း မပျော်ပါဘူး။ ဗန်ကူးဗားရောက်တော့ ဆင်းတဲ့သူကဆင်း တက်တဲ့သူကတက် ဟောင်ကောင်ကိုဆက်သွားမဲ့ ကိုယ်တွေက ဆင်းလည်းမဆင်းရဘူး။ လေယာဉ်ပေါ်မှာငုတ်တုတ် ၂ နာရီ  ကိုယ့်နေရာမှာ ထိုင်နေရတယ်။ ဝိုင်းပြောတာ အမှန်ပဲ မင်း ဂရင်းကဒ်မို့လို့ ထရန်စစ်ဗီဇာမလိုတာ လေယာဉ်ပေါ်အဆင်းအတက် ၂ နာရီလောက်တော့ ကြာတာပဲ။ သူဆို ထရန်စစ်ဗီဇာလိုတဲ့ လန်ဒန်၊ ကနေဒါ ထရန်စစ်ဆို ဘယ်တော့မှမစီးဘူးတဲ့။ နယူးယောက်၊ ဗန်ကူးဗား၊ ဟောင်ကောင် ခရီးစဉ်ကကြာလို့ လူအများစုမကြိ ုက်တဲ့ ခရီးစဉ်တဲ့။ ကိုယ်တွေကတော့ ပိုက်ဆံသက်သာချင်လို့စီးတာ။

ဟောင်ကောင်ရောက်တော့ တနင်္လာနေ့မနက် ဟောင်ကောင်မှာ ၇ နာရီခွဲ ထရန်စစ်။ စောရောက်နေလို့ ဘုတ်မှာဂိတ်နံပါတ် မပေါ်သေးဘူး။ အိပ်လိုက်၊ နိုးလိုက် ဂိတ်နံပါတ်ပေါ်တော့ ဂိတ်ကအဝေးကြီး နာရီဝက်လောက် လမ်းလျှောက်ရတယ်။ ပြီးတော့ ရှယ်တယ်ဘတ်စ် ထပ်စီးရတယ်။ ဟောင်ကောင်ရဲ့ နာမည်ကျော် နာနတ်သီးကိတ်၊ လောင်ဖော်ပင် (မိန်းမ)ကိတ် ဝယ်တယ်။ တက်မဲ့ဆင်းမဲ့လေယာဉ်တွေ ရှုပ်နေလို့ တက်ဖို့စောင့်ရတာ နာရီဝက်။ ရန်ကုန်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းက ပြုံးလည်းမပြုံး မျက်နှာကိုတင်းနေတာပဲ သောက်ညင်ကပ်စရာ ဖနောင့်နဲ့ပိတ်ကန်ချင်စရာ။ ပတ်စ်ပို့စ်ကိုကြည့်ပြီး မကွေးသွားမှာလားလို့ မေးတယ်။ ဟင် ... မကွေးမသွားပါဘူး ရန်ကုန်တင်ပဲ။ ပတ်စ်ပို့စ်မှာ ငပုတောလို့ ရေးထားတာကို မကွေးလို့ မှားဖတ်နေတာကိုး။ အဖေနဲ့အမေ လာကြိ ုတယ်။ ရန်ကုန်အတော်ပြောင်းလဲနေပြီ နေရာတော်တော်များများ မမှတ်မိဘူး။ အရင်ကထက် သန့်လာတယ် အဆောက်အဦးတွေ ပိုများလာတယ်။ ဘယ်ဆိုင်မှ အမေ့လက်ရာကို မမှီဘူး။ ၂ ရက်လေယာဉ်စီးလိုက်ရတော့ အိပ်ချိန်တွေ ကမောက်ကမ ဖြစ်ကုန်လို့နဲ့တူတယ် နေ့နဲ့ည မမှားတော့ဘူး။ ရောက်တဲ့ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ အိမ်က ဘုရင့်နောင်လမ်းမကြီးနဲ့ ကပ်နေလို့လားမသိဘူး အတော်ဆူညံတာပဲ။ အဖေနဲ့အတူ မနက်ဖက် အေးရိပ်မွန်အိပ်ယာဖက်ကို လမ်းလျှောက်ထွက်။ ပြန်လာတဲ့အခါ အမေနဲ့အတူ အိမ်နားကဈေးကိုသွား စားချင်တာတွေ ဝယ်‌ကျွှေးခိုင်း။ အသိမိတ်ဆွေတွေကို နှုတ်ဆက်။ နေ့လည်ကျတော့ အဖေက ဆင်မလိုက်အဝေးပြေးကွင်းနားကို သွားစရာရှိတယ် လိုက်ခဲ့တဲ့။ ခုမှမြင်ဖူးတဲ့အန်တီကြီးက အဖေနဲ့တူတယ်နော် ကိုယ်က အမေနဲ့ တူချင်တာလို့ပြောတော့ အဖေက ဟေ ... အဖေနဲ့တူလို့ ညဏ်ကောင်းစာသင်လို့ရတာဆိုပြီး ဆွေ့ဆွေ့ခုန်။ ကိုယ်တို့ညီအစ်မတွေက အမေနဲ့တူချင်တာ အမေက ချောတာကိုး။ မကြီးက အမေနဲ့ဓာတ်ပုံရိုက်ပြီး အမေ့ဆီက ချောမောလှပတဲ့ မျက်နှာလေးရချင်လိုက်တာလို့ ဖေ့ဘွတ်ပေါ်မှာတင်နေလို့ ဟေ့... ဟေ့... အဖေ့ရှေ့မှာ အမေနဲ့တူချင်လိုက်တာလို့ သွားမပြောလေနဲ့။ သူနဲ့တူလို့ ညဏ်ကောင်းတာဆိုပြီး ဆွေ့ဆွေ့ခုန်နေလိမ့်မယ်လို့ ကြိတ်တားရသေးတယ်။

မတွေ့တာ ၁၈ နှစ် IDCS Section 13, 2001
အရင်လို အာပြဲကြတုန်း၊ စနောက်ကြတုန်း၊ ငြင်းခုန်ကြတုန်း

တခါတလေ အဖေက အမေ့ကို မင်း... သမီးတွေက မင်းကိုပိုချစ်တာလို့ ခနဲ့တတ်သေးတယ်။ ဟွန်း ... အမေ့ကို ပိုချစ်တာပေါ့ အမေက ပိုချစ်ဖို့ကောင်းတာကိုး။ သမီးတွေ ပြောရင်လက်ခံတယ် သမီးတွေပြောသမျှ လိုက်လုပ်တယ် သမီးတွေစကား နားထောင်တဲ့အမေ။ ဒီနားမှာ ဖြိုးတို့အိမ်ရှိတယ် ဝင်လည်မယ်ဆိုပြီး ဖြိုးဆီဖုန်းဆက်တော့ သူက လှည်းတန်းက မျက်စိဆေးခန်းမှာ။ သူ့အမေရှိတယ် ဝင်လည်လိုက် သူခုပဲပြန်လာပြီတဲ့။ ဖြိုးနဲ့က ၁၉၉၉  လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းမှာခင်တာ။ တက္ကသိုလ်တွေမတူပေမဲ့ အိမ်နီးကြတော့ အဆက်အသွယ်မပြတ် ညီအစ်မအရင်းလို ခင်ကြတဲ့သူတွေ။ အဖေက ဖြိုးအိမ်လိုက်ပို့ပြီး ဖြိုးအမေနဲ့ စကားတွေပြော။ ဝေက ဖုန်းဆက်တော့ ဆင်မလိုက်မှာဆိုတော့ သူ့ဆိုင်မှာနှစ်ကူးလာစားတဲ့။ ဖြိုးနဲ့စကားကောင်းနေလိုက်တာ ဝေက သူ့ကိုမမေ့နဲ့နော်လို့ ဖုန်းဆက်သတိပေးတော့မှပဲ ဖြိုးကဝေ့ဆိုင်လိုက်ပို့။ ဝေက ကလေးနှစ်ယောက်မွေးပြီးပေမဲ့ ခန္ဓာကိုယ်က အရင်တုန်းကအတိုင်းပဲ။ စတိုင်ကလည်း အရင်လို သူများနဲ့မတူ ထူးခြားနေတုန်း။ ဝေက ကိုရီးယားမင်းသမီး ဟိုယွန်မီနဲ့တူတယ် ကိုယ်တို့က ဒီယွန်မီလို့ ခေါ်ကြတယ်။ ကြောင်တောင်တောင် ဂေါက်တောက်တောက် အိမ်လည်းနီးတော့ အားရင်ကိုယ့်အိမ်ကို စက်ဘီးလေးနဲ့ ရောက်ချလာတတ်တယ်။ အုပ်စုထဲမှာစာမလုပ်ဆုံး၊ အတန်းလစ်ဆုံး၊ ကျောင်းကမြေအောက်ခန်းမှာ အိုင်စီသီချင်းတွေဆိုပြီး အသံနဲ့နှိပ်စက်တတ်တဲ့ နှစ်ယောက်ပေါင်းလောင်းကျော်တဲ့ ကိုယ်တို့နှစ်ယောက်။ ၈ နှစ်အရွယ် ဝေ့သမီးအကြီးဇူရီက စကားကြီးစကားကျယ်တွေပြောတယ်။ ညီမလေးက သူ့စိတ်ကူးယဉ်အိမ်မက်တွေ ဖျက်ဆီးလိုက်တယ်လို့ပြောလို့ ကိုယ့်မှာမျက်စိတွေပြူး အံ့တွေသြ။ ညီမလေးက သူ့ကိုလာဆိတ်တယ်လို့ သူ့မားမားကို လာတိုင်တော့ အေး...အဲ့ဒါဆို ညီမလေးကို ပြန်ဆိတ်လိုက်ပြောလို့ ဝေက တဟားဟားရယ်တယ်။ စန်းထွန်းဟာလေ ကလေးစိတ်ကို မပျောက်သေးဘူး။ အံမယ် ... ငါ ရင့်ကျက်နေတာ နင် မသိသေးလို့။ စတိတ်ရောက်မှ ဒုက္ခတွေရောက်လိုက်တာ မရင့်ကျက်ချင်လို့ကို မရဘူး။ ညနေ ၄ နာရီ စကားတွေပြောနေရင်း မျက်စိကငိုက်စင်းလာလို့ ဝေက အိပ်ချင်ရင်ပြန်အိပ်လေ။ အိပ်ဘူး ခုနေအိပ်လိုက်ရင် ဂျက်လက်ပျောက်တော့မှာ မဟုတ်ဘူး စကားတွေပြောမယ်လေ အဲ့လိုဇွတ် ခေါင်းမာချက်။

လူတွေဟာ သူစိတ်ကူးတဲ့အတိုင်း ဖြစ်တယ်ဆိုတာ အမှန်ပဲ။ တက္ကသိုလ်တက်တုန်းက နင် နိုင်ငံခြားမှာ ကျောင်းတက်ချင်လို့ပြောတယ်။ နောက်တော့ စလုံးမှာ ကျောင်းသွားတက်တယ်။ စလုံးကနင့်အသိအစ်မ စတိတ်ကိုပြောင်းသွားတော့ နင် စတိတ်ကို အရမ်းသွားချင်နေပြီလို့ပြောတယ်။ ခြောက်လအကြာမှာ  နင်စတိတ်ကို ကျောင်းတက်ဖို့ ထွက်သွားတာပဲ။ ဟုတ်လား ငါ မမှတ်မိဘူး။ စတိတ်ကျောင်းက စလုံးကျောင်းလောက် မကောင်းပေမဲ့ စတိတ်ကို အရမ်းသွားချင်နေလို့ သွားတော့မယ်လို့ပြောသေးတယ်။ဝေအလုပ်ရတော့ ကိုယ်တို့ကို ကြာဇံကြော်၊ ဝက်သားဒုတ်ထိုး လုပ်ကွျှေးတာ မှတ်မိတယ်။ ကြာဇံကိုတော့ ဝေကြော်တာ ဝက်သားဒုတ်ထိုးကတော့ ဆိုင်ကမှာတာ။ ဝေက ငရုတ်ချည်ရည်တွေစားပြီး ကိုယ်ဝမ်းသွားမှာ ဗိုက်မကောင်းမှာကို စိတ်ပူနေခဲ့တာ။ နောက်နေ့ ကိုယ့်ဆီက ဘာသတင်းမှမကြားရတော့မှ တော်ပါသေးရဲ့တဲ့။ နောက်နေ့ ညနေ ၆ နာရီ မြေနီကုန်းဟယ်ပင်မှတ်တိုင်အနီးက Jeff's Kitchen မှာ IDCS Section 13 က သူငယ်ချင်းတွေဆုံဖို့ ချိန်းထားတယ်။ အိမ်နားကနေ မြေနီကုန်းကို ဘတ်စ်ကားစီးတာ ကျပ်လိုက်တာ။ ရှေ့ပေါက်ကတက် နောက်ပေါက်ကဆင်း ကားခကိုပုံးထဲထည့်။ အရင်တုန်းကလို စပယ်ယာတွေ အတင်းဆွဲတင် အတင်းတွန်းချ အော်ဟစ်ကြိမ်းမောင်းတာ မခံရတော့ဘူး။ ရှမ်းလမ်းမှတ်တိုင်ကနေ ပဒုံမာကွင်းနားထိလျှောက်ပြီး ပြည်လမ်းမပေါ်မှာ ဘတ်စ်ကားမှတ်တိုင် ရှာကြည့်တော့ မတွေ့ဘူး။ ဈေးသည်အန်တီကြီးကို မေးကြည့်တော့ ဒီမှာဘတ်စ်ကားတွေ မရပ်တော့ဘူး။ ဂုံးကျော်တံတားကနေပဲ သွားကြတာ ဟယ်ပင်နီးနီးလေးပဲ လမ်းလျှောက်သွားလိုက် မီးပွိုင့်၂ပွိုင့်ဆိုရောက်ပြီ။ ဟမ်မလေး ... မိနစ် ၂၀ လောက် လျှောက်လိုက်ရတယ်။ တော်ဝင်လမ်းရောက်လို့ ယိုးဒယားဟိုတယ်ကို မေးကြည့်တော့ ရှေ့နားလေးတင် ရောက်ပြီတဲ့။ ၂၀၀၁ လန်ဒန် NCC Education ပထမနှစ် IDCS International Diploma in Computer Studies ကို ဆိပ်ကမ်းသာလမ်းအောက်ဘလောက် ကေအမ်ဒီမှာ တစ်နှစ်တက်တယ်။ မနက် ၇ နာရီကနေ ၉ နာရီအထိစာသင်၊ ၉  နာရီကနေ ၁၁ အထိ lab လုပ်ရတယ်။ စာမေးပွဲတွေကို ဒေါ်လာပေးပြီး ဖြေရတယ်။ စာမေးပွဲမှာ ဘာမေးမယ်မှန်းမသိဘူး မေးခွန်းကို အင်္ဂလန်ကထုတ်တာကိုး။

ကိုယ်တို့အမြဲသွားလည်တတ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ပရောဂျက်၊ presentation တွေလုပ်ရတယ်။ သင်တန်းပြီးရင် Dancing game သွားကကြတယ်၊ တိရစ္ဆာန်ဥယျာဉ်၊ မြကျွှန်းသာ သွားကြတယ်။ ပင်လယ်ဓားပြလှေကို နောက်ဆုံးတန်းမှာ ထိုင်ကြပြီး မျက်စိမမှိတ်ကြေး တဟေးဟေး အော်ကြဟစ်ကြ။ ကြောက်တတ်တဲ့ မှော်ဘီသားကို ဝန်းရံပြီး ဝိုင်းအော်ကြ။ ဂျေဒိုးနတ်၊ ဒဂုံအေးထိုင်ကြတယ်။ ပရောဂျက်နောက်ဆုံးနေ့ စာအုပ်အပ်ရမဲ့နေ့ဆိုရင် ပရင့်ထုတ်တဲ့ဆိုင် ပိတ်တဲ့အထိ အဖွဲ့လိုက် စာအုပ်တွေ ထုတ်ကြတယ်။ စကြနောက်ကြ စည်းစည်းရုံးရုံးနဲ့ အတော်ပျော်ဖို့ကောင်းတယ်။ ငသဲကားကို ဘီးပြားေနေအာင် နောက်ခန်းမှာ မိန်းကလေးတွေက တယောက်ပေါ်တယောက်တက်ထိုင် ရဲမမြင်အောင် ခေါင်းတွေပုလို့ ၇ ယောက်လောက် တက်စီးကြတယ်/ IDCS သူငယ်ချင်းတွေက အသက်တနှစ်ပဲကြီးတဲ့ကိုယ့်ကို ဖွားစန်းလို့ခေါ်ကြတယ် လဒလေးတွေ။ သူငယ်ချင်းတွေ ရင်းရင်းနှီးနှီး စလိုက်နောက်လိုက် မောင်နှမလို ခင်မင်ကြတယ်။ သင်တန်းပြီးတော့ တက္ကသိုလ်တွေ မတူတော့ မဆုံဖြစ်တော့ဘူး။ ထိုင်ခုံဘေးချင်းကပ်ထိုင် ပရောဂျက်အတူတူလုပ်တဲ့ အိမွန်နဲ့ အဆက်အသွယ် မပြတ်ဘူး။ နာဂစ်ဖြစ်တုန်းက အိမွန်က ဟိုင်းကြီးကျွှန်းအတွက် ကိုယ်ကနေတဆင့် ဆေးလှုတယ်။ ၂၀၀၁ IDCS တက်တုန်းက ည ၉  နာရီခွဲ ပန်းဆိုးတန်းအောက်လမ်းမှာ ဘတ်စ်ကားစောင့်နေတာ နာရီဝက်လောက်အထိ ကားတွေမလာ အိမ်ကိုဘယ်လိုပြန်ရမလဲ ငိုယိုပြီး ဆိပ်ကမ်းသာလမ်းက အိမွန်အိမ်ကိုသွား အိမွန်နဲ့ သူ့အဖေ ကိုယ့်အိမ်အထိ တက္ကစီနဲ့ လိုက်ပို့ရဖူးတယ်။ စတိတ်မသွားခင် ၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်တုန်းက အိမွန်၊ ငသဲ၊ နွယ်ဝင်တို့နဲ့ တွေ့ဖြစ်တယ်။ ခုဆို မတွေ့တာ ၈ နှစ်၊ တချို့ဆို ၁၈ နှစ်ရှိပေမဲ့ တွေ့လိုက်ရင် အရင်လို အာပြဲကြတုန်း၊ စနောက်ကြတုန်း၊ ငြင်းခုန်ကြတုန်း၊ ၂၀၀၁ IDCS တက်တုန်းကလို ခံစားရတုန်း။ ငသဲစကားငှားပြောရရင် ငါ ဘာကောင်မှမဖြစ်ခင် ခင်ခဲ့ကြလို့နေမှာ။ ဘယ်သူငယ်ချင်းတွေနဲ့ တွေ့သလဲ၊ ဘယ်နေရာတွေကို သွားလည်သလဲ၊ ရန်ကုန်ဟာ လွန်ခဲ့တဲ့ ၈ နှစ်ကနဲ့မတူ ဘာတွေထူးခြား ပြောင်းလဲနေသလဲ ဆိုတာတွေကို နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌မေ ၁၅၊ ၂၀၁၅။

နွယ်ဝင်၊ ငသဲ၊ အိမွန်
စတိတ်မသွားခင် ၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်လာတုန်းက ဆုံကြတာ

No comments: