Showing posts with label Essays. Show all posts
Showing posts with label Essays. Show all posts

24 June 2018

ဆုံနေရက်နှင့် ဝေးလေခြင်း ...


မိုးဖွဲဖွဲလေးရွာနေတဲ့အချိန် ထီးမဆောင်းဘဲ မိုးရေထဲလမ်းလျှောက်နေတုန်း မျက်မှန်ပေါ် မိုးရေစက်တွေ တွဲခိုလာတော့ ရှင်းရှင်းလင်းလင်း မမြင်ရတော့လို့ မျက်မှန်ကို အင်္ကီျမှာချိတ်ပြီးလမ်းလျှောက်။ မျက်မှန်မတပ်လို့ အဝေးကိုခပ်ဝါးဝါးပဲ မြင်ရတဲ့အပြင် မတွေ့တာလည်း သုံးနှစ်ကျော်ပြီဆိုတော့ ကိုယ်ကသူ့ကိုမမှတ်မိ။ ပေါင် ၂၀ ဝလာတဲ့ကိုယ့်ကို သူကလည်း မှတ်မိပုံမရ။ သူကတော့ အရင်အတုန်း ဘာမှမပြောင်းလဲ နုပျိုရှင်းသန့်နေဆဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အွန်လိုင်းကနေ စာမေးပွဲအကြောင်းတွေ ပြောခဲ့ဖူးပေမဲ့ ခုတော့လည်း ဘယ်တုန်းကမှ မသိကျွှမ်း စကားမပြောဖူးတဲ့သူတွေလို။ သြော် ဒီလိုလား အပြုံးတွေ၊ နှုတ်ဆက်ချင်တာတွေ ရုတ်သိမ်းပြီး မကြည့်မမြင်လေဟန် ဟန်ဆောင်ခဲ့ရတယ်။ ပွဲတော်ထဲက မုန့်ဆိုင်တွေနားမှာ လေးခေါက်လောက် ကိုယ်တွေ့ဆုံတွေ့ခဲ့သော်ငြား မသိမမြင်ဖူးသလို။ ကိုယ့်မိတ်ဆွေတွေကို လာနှုတ်ဆက်ပေမဲ့ မနီးမဝေးမှာ ရပ်နေတဲ့ကိုယ့်ကို ပြုံးပြဖော်၊ နှုတ်ဆက်ဖော်တောင် မရတဲ့သူတယောက်ဖြစ်နေတာကို အံ့သြမိပါရဲ့။ ဟမ် .... မင်းတို့ အွန်လိုင်းမှာ စားမေးပွဲအကြောင်း စကားပြောဖူးတယ်ဆို။ အဲ့ဒီတုန်းက ဘယ်လိုနေလဲ ... ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပါပဲ။ တချို့က အဲ့ဒီလို အွန်လိုင်းမှာ ဖော်ရွေပေမဲ့ အပြင်မှာမဖော်ရွေဘူး။ မင်းဆို အွန်လိုင်းမှာ စကားပြောတာ ခပ်ပြတ်ပြတ် စကားပြောမကောင်းဘူး အပြင်မှာ ပိုခင်ဖို့ကောင်းတယ်။ သူက နှုတ်မဆက်ပေမဲ့ အသက်ပိုကြီးတဲ့ မင်းက နှုတ်ဆက်ဖို့ကောင်းတယ်။ အိုး ... သူက နှုတ်မဆက်တာကို ကိုယ်ကနှုတ်ဆက်ရမှာလား။ ဒါနဲ့ပဲ မကြည့်မမြင်ဟန် ဆောင်ခဲ့တယ်ပေါ့လေ။ ဆယ်ကျော်သက် ကလေးတွေကျနေတာပဲ  ပြုံးပြနှုတ်ဆက်ရမှာကို ဝန်လေးနေလိုက်ကြတာ။ မိတ်ဆွေတစ်ယောက်တိုးအောင် လုပ်ခဲ့တာမဟုတ်ဘူး။ ပြုံးပြနှုတ်မဆက်တတ်တဲ့သူနဲ့ အသိမိတ်ဆွေ မဖြစ်ချင်ပါဘူး။ သြော် ... အသိမိတ်ဆွေတော့ မဖြစ်ချင်ဘူး ချစ်သူတော့ ဖြစ်ချင်တယ်ပေါ့လေ။ None but the brave deserve the fair မိန်းမချောဟာ ရဲစွမ်းသတ္တိရှိသူ လူစွမ်းကောင်းနဲ့ပဲ ထိုက်တန်တယ်တဲ့။ အေး ... သူက လူစွမ်းကောင်း မဟုတ်သလို ကိုယ်က မိန်းမချောမဟုတ်ဘူး။ ကိုယ်တော့ မင်းတို့နှစ်ယောက်ကို နားမလည်နိုင်တော့ဘူး။

ရင်မခုန်တော့တဲ့ မင်းရဲ့တစိမ်းတွေလို အကြည့်မျိုးနဲ့ .... ခဏလေးတွေ့တောင် ကိုယ်ကျေနပ်မယ် ... တကယ်ဆိုရင် လိုအပ်ချက် ကွက်လပ်တွေ သိပ်များနေလို့ မင်းကို စောင့်နေခွင့်ပေးပါ ...
ဒီကမ္ဘာမှာ နင်မရှိတဲ့ နေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့ မင်းကို လွမ်းနေခွင့်ပေးပါ ...
နေညိုရင် ငိုတတ်တဲ့စိတ်တွေ ရင်မှာအသားမကျနိုင်လို့ အနားကို မင်းပြန်လာပေးပါ ...

သေချာပါတယ် သူ ကိုယ့်ကို မချစ်ဘူး သူ ကိုယ့်ကို ဘယ်တော့မှ ... ။ ဆုံစည်းဖို့ ရေစက်မရှိဟန်တူသော ကိုယ်တို့နှစ်ယောက် ဆုံနေရက်နှင့် ဝေးလေခြင်း ...။

စန်းထွန်း
ဂွျှန် ၂၄၊ ၂၀၁၈။


02 May 2018

နွေဦး...

ဒီနှစ်ဆောင်း အင်မတန်ကြာရှည်နေ၍ နွေဦးရောက်ခဲလှသည်ဟု ထင်မိသည်။ နွှေဦးရောက်သော်ငြား အနွေးထည်ထူထူ ဝတ်ရကာ အအေးပိုနေသေးသောကြောင့် နွေဦးမှဟုတ်ပါလေစ နွေဦးမြန်မြန်ရောက်ပါတော့ဟု တောင့်တကြသည်။ တော့်တသော်ငြားလည်း ရောက်မလာ သူ့အချိန်ကျမှ ရောက်လာခဲ့လေသည်။ သြကာသလောကသို့ နွေဦးနေခြည် ဖြန်းပက်လိုက်သောအခါ အပင်ကလေးများ အညွှန့်တလူလူ ထွက်လာကြသည်။ မကြာခင် ပန်းရောင်စုံဖူးပွင့်ကာ လောကတခုလုံး လှပလာလေတော့သည်။ အပင်ကလေးများမှ ထွက်လာသော အညွှန့်၊ အပွင့်လေးများကို စောင့်ကြည့်ရသည်မှာ ကြည်နူးစရာကောင်းလှသည်။ အရွက်မရှိ တပင်လုံးဝေအောင် ပွင့်နေသော မက်နိုလီးယားပင်သည် အင်မတန်လှသည်။ လမ်းဘေးဝဲယာတလျှောက် အလှစိုက်ပျိုးထားည့် ရောင်စုံကျူးလစ်ပင်များ ဖူးပွင့်သည့်အခါ ပန်းကမ္ဗလာခင်းထားသည့်အလား။ အဖြူ၊ အဝါ၊ ခရမ်း၊ အနီ အရောင်အသွေး စုံလင်လှသည်။ ဖူးပွင့်ပြီးနောက် ကြွေလွင့်သွားသော ပန်းလေးများကို တွေ့ရသည်။ မကြွေပါနှင့် တား၍မရ။ ပွင့်သည့်အချိန်၌သာ ကြည့်ရှုခံစားရပေလိမ့်မည်။ နွေဦးသည်လည်း ထိုနည်းလည်းကောင်း မြန်မြန်ရောက်လာပါဟု ဆုတောင်းသော်ငြား မြန်မြန်ရောက်မလာ။ ကုန်လွန်မသွားစေနှင့်ဟု ဆုတောင်းသော်ငြား ထွက်ခွာမည်သာ။ မည်သို့ပင်ဖြစ်စေ နွေဦးသည် ပန်းရောင်စုံများဖြင့် အင်မတန် သာယာလှပလေသည်။

စန်းထွန်း
မေ ၂၊ ၂၀၁၈။

The Ants နွေဦးပုံပြင်

မိုးလင်းစ မနက်ရဲ့ အရုဏ်ချိန်မှာ
အိပ်မက်ကနိုးလာ
အခန်းလေးထဲ မင်းမရှိပါ

စမ်းချောင်းလေးဘေးက နာကျင်နေတဲ့
ပန်းပွင့်လေးများကြွေကျ
ရေမြေတွေထဲမှာ

အစောဆုံးရောက်ရှိခဲ့ နေရောင်ခြည်များ
အခန်းလေးရဲ့ရှေ့မှာ
တိတ်ဆိတ်တဲ့ ဒီနွေဦးဟာ

အဝေးဆုံးက သယ်ယူလာတဲ့
အိပ်မက်ဟောင်းလေးတွေသာ
ငါ့အတွက် မထူးတော့ပါ

မျှော်လင့်ခြင်းတွေ ဘယ်ဆီမှာ
ရာသီများစွာ ကုန်လွန်သွား
ပုံပြင်အဟောင်းတွေ ဘယ်ဆီမှာ
ရင်မှာအထီးကျန် ငါခံစား
အို ကြေကွဲရ

ဒီအပေါ်လေးပုံကတော့ နယူးယောက်လေယာဥ◌် လွတ်သွားလို့ ပါရီမှာတညစောင့်နေရတုန်း ဟိုတယ်ဝင်းထဲက ပန်းတွေ သိပ်လှတာပဲဆိုပြီး ဝိုင်းပို့ပေးတဲ့ ဓာတ်ပုံတွေပါ ဖိုတိုခရက်ဒစ် ဝိုင်း
နေ့လည်ထမင်းစားပြီးတိုင်း လမ်းသွားလျှောက်လေ့ရှိတဲ့ Trinity Church Wall Street ထဲက Magnolia ပင်
Trinity Church ဝင်းထဲက ပန်းကလေးတွေ

31 January 2018

နှမတစ်နေ့ မေ့ရစ်မည် ...

Fall foliage hiking, Bear Mountain State Park, New York. Oct 21,2017.


လောကမှာ ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးထက်၊ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကိုရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးက ပို၍ စိတ်မောပင်ပန်းရလိမ့်မည်ကို တင်တင်ဇော် ရိပ်မိပါသည်။ သို့သော် ကိုယ့်ဘာသာကိုယ် ဘာကိုလိုချင်မှန်း တိကျစွာ မသိသော တင်တင်ဇော်လို လူစားမျိုးကိုတော့ မည်သူမျှ ကိုယ်ချင်းစာလိမ့်မည် မဟုတ်ပါ။

ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးကို မြင်တွေ့ခဲ့ဖူးသည်။ တက္ကသိုလ်မှာ တွဲခဲ့သော သူငယ်ချင်းအုပ်စုထဲက သူငယ်ချင်းတစ်ယောက်သည် နန္ဒလိုလူစားမျိုးဖြစ်သည်။ ရည်းစားရှိသော အစ်ကိုကြီးကို သူ့ရည်းစားဖြစ်လာအောင် စွမ်းဆောင်နိုင်သည်။ ကျောင်းတုန်းက တတွဲတွဲ သူလိုချင်တာတွေကို အစ်ကိုကြီးက အစွမ်းကုန် ဖြည့်ဆည်းပေးတာကို သိနေသူမို့ သူတို့ကွဲသွားရင် အစ်ကိုကြီး အနစ်နာခံပေးဆပ်ထားတာတွေ နှမြောစရာကြီးနော်လို့ သူငယ်ချင်းတယောက်ပြောတုန်းက ကိုယ်က သူတို့နှစ်ယောက် ကွဲသွားလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့။ အခက်အခဲအများကြီးကို ကျော်ဖြတ်ကာ အရူးအမူး ချစ်ခဲ့ကြသော၊ တကျောင်းလုံးသိကြသော သူတို့နှစ်ယောက် ပျော်ရွှင်စွာပေါင်းဖက်ကြလိမ့်မည်ဟုသာ တွေးခဲ့ဖူးသည်။ နိုင်ငံခြားသို့ ကျောင်းတက်ဖို့ ထွက်ခွှာသွားသောအခါ  အစ်ကိုကြီးက သူ့နောက်သို့ လိုက်မှဖြစ်မယ် မလိုက်ရင် ထားခဲ့လိမ့်မယ်ဆိုပြီး အတင်းကြိုးစားကာ လိုက်သော်ငြား  ထိုသူငယ်ချင်းက သူ့လိုနိုင်ငံခြားမှာ ကျောင်းလာတက်ပြီး မိဘအသိုင်းအဝိုင်း တောင့်သောသူကို လက်ထပ်သွားခဲ့သည်။ ထိုသူငယ်ချင်းနှင့် နှစ်ခေါက်ဆုံတွေ့ခဲ့သော်လည်း အလိုက်တသိ အစ်ကိုကြီးအကြောင်း မမေးမြန်းခဲ့။ မြန်မာများဆုံလေ့ရှိသောနေရာတွင် အစ်ကိုကြီးနှင့် အမှတ်မထင် ဆုံသောအခါ ရထားမှာ ဖျပ်ခနဲတွေ့လိုက်တော့ ကျောင်းများလာတက်သလားလို့ တွေးမိသေးတယ် နေကောင်းလား အဆင်ပြေလားဟု အရင်အတိုင်း ရယ်ရယ်မောမော ဖော်ရွေပျူငှာစွာ နှုတ်ဆက်တော့ အဆင်ပြေပါတယ်ဆိုသည့် အလွန်ရိုးစင်းသည့် စကားကိုတောင် အဆင်မပြေ ထစ်ငေါ့စွာဖြေဆိုရင်း မဆီမဆိုင် အားတွေနာ မျက်နှာတွေပူနေခဲ့ဖူးသည်။

ကိုယ်ကတော့ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကို ရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးဖြစ်သောကြောင့် စိတ်မောပင်ပန်းရလေသည်။ လွန်ခဲ့သော နှစ်နှစ်တုန်းက အမှတ်မထင် မြင်ခဲ့ရသော မျက်ဝန်းလက်လက်များကြောင့် ယောကျ်ားတစ်ယောက်၏  ဖြစ်တည်မှုကို သတိထားမိသွားသည်။ တခြားယောကျ်ားလေးများနှင့် ဆုံတွေ့တုန်းက  ရင်မခုန်ခဲ့သော်လည်း သူနှင့်အလုပ်အကြောင်း ပြောဆိုကြသောအခါ ရင်ခုန်နေခဲ့သည်။ ထိုမျက်ဝန်းလက်လက်များကို ရက်ပေါင်းများစွာ ကြာသည်အထိ သတိရနေခဲ့သည်။ နှစ်ဦးနှစ်ဖက်မိတ်ဆွေတွေကြောင့် ဖေ့ဘွှတ်တွင် တွေ့သော်ငြား တယောက်ကိုတယောက် မအပ်ဘဲ မိတ်ဆွေတွေ တင်တဲ့ပို့စ်တွေကတဆင့် သူဘာလုပ်သလဲဆိုတာ စောင့်ကြည့်နေခဲ့သည်။ မင်းအကြောင်းတွေ ပြောလိုက်တာများ ရွှန်းရွှန်းကိုဝေလို့ မင်းကိုသဘောကျနေသလားမသိဘူးဆိုသော အသိမိတ်ဆွေ စကားကြောင့် ကိုယ့်ခန့်မှန်းထားတာ မှန်ကန်သည်ဟု ယုံကြည်ခဲ့သည်။ ဖေ့ဘွှတ်မှာများ အပ်လာမလား၊ မတ်ဆေ့၊ အီးမေးလ်များ ရမလားလို့ စောင့်ဆိုင်းခဲ့သော်ငြား ဘာတခုမှမရခဲ့။ မင်း ဖေ့ဘွှတ်ကနေ စောင့်ကြည့်မနေနဲ့ အပ်ချင်လည်းအပ်လိုက် ကွဲကွဲပြားပြား သိရတာပေါ့၊ အသိမိတ်ဆွေတယောက် တိုးတာပေါ့။ မြှောက်ပေးသူတွေကလည်း မြှောက်ပေးကြသည့်အပြင် ကိုယ်ကလည်း ဖေ့ဘွှတ်မိတ်ဆွေ ဖြစ်ချင်သောကြောင့် ကိုယ်ကစပြီး အပ်လိုက်သောအခါ မိတ်ဆွေဖြစ်လာခဲ့သည်။ နှစ်ယောက်စလုံးက ဖေ့ဘွှတ်သိပ်မသုံး ဖော်ရွေပျူငှာသည့်သူတွေ မဟုတ်သောကြောင့် ရင်းနှီးကျွှမ်းဝင်မလာခဲ့။ ကိုယ်က စမေးသည့်အခါမှသာ စကားပြောလေ့ရှိပြီး ပြောလိုက်ရင်လည်း အလုပ်အကြောင်း။

ကိုယ်တို့နှစ်ယောက်ကြား အလုပ်အကြောင်းမှလွှဲ၍ တခြားပြောစရာမရှိဘူး ထင်ပါရဲ့။ ကိုယ်ကိုတိုင် ပြောပြဖူးသောကြောင့် ကိုယ့်ရုံးလိပ်စာကို သူသိသည်မှာ သေချာပါသည်။ ကြုံကြိုက်တဲ့သဘောနဲ့ ကိုယ့်ရုံးရှေ့ သူလာမှာလားလို့ မျှော်လင့်ခဲ့သော်ငြား မျှော်လင့်ချက်များ ဘယ်သောအခါမှ ပြည့်ဝမလာခဲ့။ ဖေ့ဘွှတ်မှ ဒေါင်းလုပ်ချထားသော သူ့ဓာတ်ပုံတွေထဲမှ အလှဆုံးပုံဟု ကိုယ်ထင်သည့် သူ့ဓာတ်ပုံကို အလွမ်းဖြေကြည့်ရင်း သူ ကိုယ့်ကိုသတိရနေမလား၊ ဘာတွေလုပ်နေသလဲဟု မေးသောအခါ RL တံဆိပ် ကာကီဖျော့ရောင် ပိုလိုအင်္ကီျ၊ လက်ပတ်နာရီအကြီးကြီး ဝတ်ဆင်ထားသောသူက ခပ်တည်တည် မျက်နှာပေးနဲ့ မပြုံးမရယ် ကြည့်နေခဲ့သည်။ သူ မင်းကို မချစ်ပါဘူး ရင်ခုန်တာပါ သူ မင်းကို တကယ်ချစ်ရင် မင်းအနား မရောက်ရောက်အောင် လာမှာပေါ့ဟု  ပြောခဲ့ဖူးသော သူငယ်ချင်း၏စကား အချိန်ကြာလာသည်နှင့်အမျှ မှန်ကန်လာခဲ့သည်။ ရင်ခုန်တာကို အချစ်ဟု ထင်မိသောကိုယ် သူကိုယ့်ကိုမချစ်ဘူးဆိုတာ ရင်နာနာနှင့် လက်ခံလိုက်ရတော့သည်။ ဘဝဆိုတာ ဒီလိုပါပဲ ကိုယ်မျှော်လင့်ထားသလို ကိုယ်ဖြစ်ချင်သလို ဖြစ်ချင်မှဖြစ်လာမှာ။ သူ မင်းကို မချစ်လို့ မင်းဘာမှဖြစ်မသွားဘူး မင်းဟာ ထက်မြက်တဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတယောက် မင်းကိုမချစ်တဲ့သူတယောက်အတွက် မင်းတန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ဝမ်းဂိုး တူးကမ်း တယောက်သွားရင် နှစ်ယောက်လာမှာပေါ့။ ရွေးချယ်ခွင့် သိပ်နည်းတဲ့ မိန်းမသားတွေရဲ့ ဘဝမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ခဲ့သော်ငြား ဆုံစည်းဖို့ကံကြမ္မာ၊ ရေစက်မှ မရှိတာဟု ကံကိုသာ ပုံချလေရမလား။ တနေ့နေ့ တချိန်ချိန်မှာ ကိုယ်ရင်ခုန်ဖူးတဲ့ကောင်လေးဆိုပြီး ရယ်ရယ်မောမော ပြောဆိုနေမလား။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာဝထ္ထုထဲက ကဗျာလေးအတိုင်း နှမတစ်နေ့ မေ့ရစ်မည်မှာ အသေအချာ။

နေရှိန်ဝင်းဝင်း၊ နေ့ကြည်လင်းမူ
ဖန်ဆင်းလိုက်သော၊ နှင်းဆီတော၌
မက်မောရိပ်သာ
မောင်လာချင်လဲ၊ လာခက်ခဲ၏။
လက်တွဲသိမ်းပွေ့၊ ကြင်မွေ့ခေါ်ငင်
မက်မောခင်မည်၊ မထင်ဝံ့စား
စကားမသွက်၊ ဖွင့်ဟခက်ခဲ့
မြေအက်ကြားမှ၊ မြက်ပွင့်မျှသာ
နှမတစ်နေ့၊ မေ့ရစ်မည်။

စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၁၈။

(ကိုးကား - ဂျူး - ကြာတော့သည်လည်း မောင့်စကား၊ မြစ်တို့၏ မာယာ)
ဘာမီးကလပ်စစ် ဒီနေရာ ကနေ ကြာတော့သည်လည်း မောင့်စကား၊ ဒီနေရာ ကနေ မြစ်တို့၏မာယာ တို့ကို ဒေါင်းဖတ်လို့ရပါတယ်။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာ ဝထ္ထုဖတ်ချင်လို့ အွန်လိုင်းကနေ ဖတ်လို့ရမယ့်နေရာရှိရင် လမ်းညွှန်ပေးကြပါဦး။

10 January 2018

ဝေးနေလျက်နှင့် နီးနေခြင်း ...

Lookout Mountain, Georgia state.

ပါးလျလျ မျက်ခုံးအောက်က ကြည်လင်အေးချမ်းတဲ့ မျက်ဝန်းဆီမှာ၊ ပါးချိုင့်နှစ်ခုပေါ်အောင် ပြုံးပြတတ်တဲ့ အပြုံးဆီမှာ၊ ကူညီဖေးမတတ်တဲ့ လက်တစုံဆီမှာ ခင်မင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်းများကို ခံစားသိရှိနိုင်သည်။ အလုပ်ရှာဖွေနေမှန်း သိလျှင်တော့ စိတ်ပူစွာဖြင့် သတင်းစကားမေးသော်ငြား အလုပ်ရပြီးသည်နှင့် မဆက်သွယ်ကြသူတွေ။ အီးမေးလ်၊ ဖေ့ဘွတ်၊ ဘိုင်ဘာ၊ ဖုန်းနံပါတ်တွေ ရှိကြသော်ငြား အင်တာနက်ခေတ်ကြီးတွင် အဆက်အသွယ်မရှိကြသူတွေ။ တစ်နှစ်မှ တစ်ခါလောက်သာ စကားပြောဆိုဖြစ်ကြသော်ငြား ပြောဆိုပြန်လျှင်လည်း ပြောစရာစကားတွေ မကုန်ခမ်းနိုင်တဲ့သူတွေ။ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပေမဲ့ ရည်းစားမရှိ၊ အိမ်ထောင်ပြုချင်တဲ့သူ မတွေ့သေးလို့ အခက်ကြုံနေကြသူတွေ။ နင် နေ့လည်ထမင်းစားပြီးချိန်ဆို ဝေါစတိလမ်းဖက် လမ်းလျှောက်ထွက်တယ်ဆို။ အဲဒီမှာ အမေရိကန်ကောင်လေး ချောချောလေးတွေ မတွေ့ဘူးလား။ ဟ ... တွေ့တာပေါ့ အများကြီး အဲဒါနဲ့ပဲ ရည်းစားရရောလား ဒီလောက်လွယ်သလား။ နင် ဘုန်းကြီးကျောင်းတွေ ဒီလောက်သွားနေတာ ကောင်လေးတွေ မတွေ့ဘူးလား။ ဘုန်းကြီးကျောင်းကို လာကြတာ အသက် ၆၀၊ ၇၀ အရွယ်တွေ ကောင်လေးတွေ ဘုန်းကြီးကျောင်း မလာဘူး။ အဲ့ဒီ အသက် ၇၀ ကျော်တွေမှာ အသက် ၃၀ ကျော်အရွယ် သားတွေ မရှိဘူးလား။ ဟေ ... ဘုန်းကြီးကျောင်းသွားတာ ယောကျ်ားရှာဖို့၊ ဆက်ဟပ်ကြဖို့ သွားတာမှ မဟုတ်တာ။ ယောက်ျားလိုချင်မှတော့ ဘုန်းကြီးကျောင်းမသွားဘဲ ဘားတို့၊ နိုက်ကလပ်တို့ သွားမှာပေါ့။ အသက် ၃၀ မှ ရည်းစားမရှိသေးရင် ရည်းစားရဖို့ခက်တယ် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ မိန်းမတွေက ပိုခက်တယ်ထင်တယ်။

crush တွေတော့ ရှိတာပေါ့ဟယ် နီးနေရက်နဲ့ ဝေးနေတဲ့သူတွေ။ နီးနေရက်နဲ့ ဝေးနေတာမျိုး၊ ဆုံနေလျက်နဲ့ လွမ်းနေတာမျိုး မဖြစ်ရအောင် အိုပါး ဆာရားငှဲ (အစ်ကို ချစ်တယ် ကိုရီးယားလို) လို့သွားပြောပေါ့။ သိပ်မြှောက်ပေးမနေနဲ့ ဒီက သိပ်လုပ်ချင်ရှာတာ မဟုတ်ဘူး ဟိုက ဘီယာနယ် (ဆောရီး ကိုရီးယားလို) ပြောမှ ဟုတ်ပေ့ဖြစ်နေဦးမယ်ဆိုပြီး တဟားဟားရယ်နေကြလေရဲ့။ နေပါဦး သူများကိုသာပြောနေ နင်ကျတော့ရော ဒီလောက်ငါးမျှားသွားနေတာ ငါးမျှားတဲ့ကောင်မလေးတွေ မတွေ့ဘူးလား။ နွေရာသီတုန်းက တွေ့သေးတယ် ဆောင်းတွင်းတော့ တယောက်မှမတွေ့ဘူး။ ခုရာသီက trout ဆိုတဲ့ငါးတွေ အင်မတန်ပေါတာ နင် trout ငါး သိလား။ ငါက ပင်လယ်နားမှာ ကြီးခဲ့တာ ငါးတွေကို အကုန်သိတယ် နာမည်နဲ့ငါးနဲ့ မတွဲမိလို့သာ။ ဝိုင်အိုမင်းပြည်နယ် Yellow Stone အမျိုးသားဥယျာဉ်မှာ ငါးတွေဖမ်းမိရင် အိမ်သယ်သွားခွင့် မရှိဘူး ငါးနဲ့ဓာတ်ပုံရိုက်လို့ရတယ် မြစ်ထဲပြန်လွှတ်ရတယ် မလွှတ်ရင် ဒဏ်ရိုက်တယ်။ မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်မှာလည်း လော့စတာတွေမိလို့ ၆ လက်မ မပြည့်ရင်၊ ဥတွေရှိနေရင် ပြန်လွှတ်ရတယ်။ ငါးတွေသေးနေရင်တော့ ပြန်လွှတ်တယ် ရေခဲအောက်မှာ ငါးမျှားတာ မြင်ဖူးလား တီဗွီမှာ မြင်ဖူးတယ်။ အိမ်ကို မိန်းမယူတော့မယ်လို့ ပြောလိုက်ပြီး အိမ်ကရှာပေးတဲ့မိန်းကလေးကို ယူလိုက်မယ်။ ငါတို့တွေ အသက် ၃၀ ကျော်အထိ တစ်ယောက်တည်းနေရတာကြာလို့ single life ကို enjoy နေကြတာထင်တယ်။ အယ်မလေး ... တကယ်ချစ်တဲ့သူ မတွေ့သေးလို့ချစ်တဲ့သူတွေ့လို့ အိမ်ထောင်ပြ ုချင်လာရင် မိဘတွေ သူငယ်ချင်းတွေက တားတာတောင် ရမှာမဟုတ်ဘူး။

သိကြားမင်းဆင်းတားတာတောင် ရမှာမဟုတ်ဘူး ဟား .... ဟား အမှန်ပဲ။ နင် ဆောင်းတွင်းရောက်တိုင်း ဂစ်တာတီးသင်ဖို့ ကြိုးစားတာ အောင်မြင်ပြီလား။ မအောင်မြင်သေးပါဘူးဟာ ကီး ၃ ခု ကျင့်ပြီးရင် ကီးတခုကနေ ကီးတခုကို အမြန်ပြောင်းနိုင်အောင် လေ့ကျင့်ရမဲ့ နေရာကနေ မတတ်နိုင်သေးဘူး။ ဟင်းချက်တာ တိုးတက်လာပြီလား တိုးတက်နေပြီ နင်လာရင် ချက်‌ကျွှေးမယ် ငါ့လက်ရာတွေ အစွမ်းပြမယ်။ အစွမ်းတော့ မပြပါနဲ့ဟယ် တရုတ်တန်းမှာ လိုက်ကွျှေးရင် ရပါပြီ။ စကားတွေ မပြောဖြစ်ပေမဲ့ ပြောပြန်ရင်လည်း သူငယ်ချင်းတွေ၊ မိတ်တွေတွေအကြောင်း၊ သွားချင်တဲ့ခရီးတွေ၊ စိတ်ကူးအိမ်မက်တွေအကြောင်းနဲ့ ပြောစရာတွေ အများအပြား။ အင်တာနက်သုံးကြပေမဲ့ စကားတွေမပြောဖြစ်၊ တခါတလေမှ စကားတွေပြောကြပေမဲ့ ပြောလိုက်ရင်လည်း စိတ်ထဲရင်းရင်းနှီးနှီး ခင်မင်နေဆဲဖြစ်နေတဲ့ သူငယ်ချင်းတွေရှိတယ်။ ကိုယ်နေတဲ့မြို့ကိုရောက်ခဲ့ရင် တွေ့ရအောင်လို့ပြောပေမဲ့ ဘယ်တော့မှ မတွေ့ဖြစ်သူတွေ၊ ကိုယ်သွားမှတွေ့လို့ရမဲ့သူတွေ၊ ကိုယ်ကလည်း သူတို့ရှိရာမသွားဖြစ်တော့ မဆုံဖြစ်သူတွေ၊ မိုင်ပေါင်းရာထောင်ချီဝေးပေမဲ့ စကားပြောလိုက်တိုင်း စိတ်ထဲခင်မင်နေဆဲ ရင်ဘတ်ချင်းနီးနေဆဲလို့ ခံစားမိသူတွေ၊ ကိုယ်နဲ့ ဝေးနေလျက်နဲ့နီးနေသူတွေ။

စန်းထွန်း
ဇန်နဝါရီ ၁၀၊ ၂၀၁၈။

01 September 2017

နီးနေရက်နှင့် ဝေးနေခြင်း - ၃

Central Park ထဲ ကြာပန်း
အောင်သွှယ်တော် ညီမလေးဆုက ဖေ့ဘွှတ်မှာ အပ်လိုက်ပါလားအစ်မ မိတ်ဆွှေတစ်ယောက် တိုးတာပေါ့တဲ့။ ဘုရားရေ ... မင်းက နီးနီးလေးအကြောင်း ဘလော့ကနေ ကြေငြာမောင်းထုနေတာလား။ အေးလေ အဲဒီတော့ ဘာဖြစ်တုန်း ဒါမျိုးဆိုတာ တိုးတိုးတိတ်တိတ် လူမသိအောင် ကြိတ်လုပ်ရမှာ ဘယ်နှယ့် ညည်းအလှည့်ကျမှ တလောကလုံးသိအောင် ဘလော့ကနေ ကြေငြာမောင်းခတ်ရတယ်လို့အေ ကြားမကြားဖူးပေါင်။ အေး ခုကြားဖူးပြီ မဟုတ်လား ခေတ်ကာလသားသမီးများ သိပ်ခက်ပါ့အေ ဒါနဲ့ နီးနီးလေးက ရိပ်မိရောလား။ ဟ ဘယ်လိုလုပ် ရိပ်မိမှာလဲ နာမည်မှတပ်မရေးတာ သူ့ကို ကြိုက်နေမှန်းတောင် သိမယ်မထင်ဘူး။ ဟာ ဒုက္ခပါပဲ တော်ကြာ နီးနီးလေးက မင်း တခြားတစ်ယောက်ကို သဘောကျတယ်ထင်ပြီး ဖွှင့်ဟမလာတော့မှ ဒုက္ခ။ အဲဒါဆို အသားဖြူဖြူ ဆံပင်နက်နက် မျက်ခုံးထူထူနဲ့ကောင်လေးလို့ သဲလွှန်စပေးလိုက်ရမလား။ ဟေ အသားဖြူဆံပင်နက် မျက်ခုံးထူတဲ့ ယောက်ျားလေးတွေမှ အများကြီး ဘယ်လိုလုပ် သိမလဲ။ အဲဒါဆို ကိုယ့်ထက် အသက်နည်းနည်းငယ် ကိုယ့်ထက်အရပ်နည်းနည်းရှည် ကိုယ့်ထက်အသားနည်းနည်းဖြူ ကိုယ့်လို နိုင်ငံခြားမှာကျောင်းတက် ကိုယ့်လို .... တော်ပါတော့ အဲဒီကိုယ့်လိုဆိုတာတွေ။ အဲဒါဆို ဟိုအတင်းအဖျင်း စာစောင်တွေထဲကလို နာမည် ၃ လုံးအမည်တွင်တဲ့ သောကြာနံနဲ့စပြီး အင်္ဂါနံနဲ့ဆုံးတဲ့ ကောင်လေးလို့ hint ပေးရမလား။ နေပါဦး မေးပါရစေဦး ညည်းကို ကြိုက်တယ်ဆိုတာကရော သေချာလို့လား ဂေးများလား။ ဟဲ့ ဂေးဖြစ်မှတော့ ကိုယ့်ကိုကြိုက်မလားကွ ကောင်လေးကို ကြိုက်မှာပေါ့။ သိဘူးလေ ကျောင်းတုန်းက မင်းကိုကြိုက်နေတယ်လို့ ထင်တဲ့ကောင်လေး မိန်းမယူသွှားကတည်းက ညည်းထင်တယ်ဆိုတာတွေကို လုံးဝမယုံတော့တာ  တိန် ။

ကိုယ် ထင်တာတင် မဟုတ်ဘူးနော် အစ်မတစ်ယောက်က သူ ကိုယ့်ကိုသဘောကျနေတဲ့ပုံပဲလို့ ပြောတာကရော။ ဟ အဲဒီအစ်မက ညည်းကို ယောကျာ်းအရမ်းပေးစားချင်လို့ လှော်ပေးတာ နေမှာပေါ့။ မြံမြုံစိစိ လုပ်မနေနဲ့ ကြိုက်တယ်ဆိုလည်း အဆက်အသွှယ်လုပ် အုံ့ပုန်းလုပ်မနေနဲ့ သူ့မှာချစ်သူရှိနေလား ကိုယ့်လိုအုံ့ပုန်းလား အနည်းဆုံးတော့ အသိမိတ်ဆွေတစ်ယောက် ရတာပေါ့လို့ အောင်သွှယ်တော်ဆုက တိုက်တွှန်းတာနဲ့ ကိုယ်ကစအပ်လိုက်လို့ ဖေ့ဘွှတ်မှာ မိတ်ဆွှေတွေ ဖြစ်သွှားကြပေမဲ့ နှစ်ယောက်စလုံးက ဖေ့ဘွှတ်မှာ active မဖြစ် ပေါင်းသင်းဆက်ဆံရေး မကောင်းတဲ့သူတွေဆိုတော့ ဟိုင်းလို့တောင် မပြောကြဘူး။ ဟင် ဘာမှလည်း ဆက်သွှယ်မလာဘူး ဟ ကိုယ်တို့က အာရှသားတွေ စကားတွေပြောကြည့်မယ် ခင်မင်မယ် နောက်မှတစ်ဆင့် တက်မှာပေါ့ step by step လေ။ ကိုယ်က ညစာစားဖို့များ ဒိတ်လုပ်မလားလို့ ဟောတော့ ဒီတခါတော့ သိပ်ကိုအမေရိကန် ဆန်ချင်နေပါလား။ သူ့ page ကို ကြည့်ပြီး  စုံစမ်းထောက်လှမ်းရေး လုပ်ရသလောက်ကတော့ ရည်းစားရှိပုံမရဘူး အဲ long distance relationship ရှိနေရင်တော့ မသိဘူး။ Gym သွှားတယ် တက်တူးမထိုးထားဘူး ကိုယ် တကယ်သဘောကျတယ်ကွှ အောင်မလေး အဲဒါ ရောဂါ ရောဂါ။ အလုပ်အကြောင်း စာမေးပွှဲတွှေအကြောင်း မေးမြန်းရင်း အီးမေးလ်လိပ်စာကို သိလိုက်ရပေမဲ့ ဘာမှဖြစ်မလာမှာကို သိနေတော့လည်း .... တကယ်တော့ နီးနီးလေးဆိုတာ ကိုယ့်အတွှက်တော့ ဖြေရခက်တဲ့ ပဟေဋ္ဌိပုစ္ဆာ။ လာချင်ရင် အနီးကလေးပေမဲ့ မလာချင်သူတစ်ယောက် ဖြစ်နေတော့လည်း ကိုယ်တို့နှစ်ယောက်သား နီးနေရက်နဲ့ ဝေးနေဆဲ...။

စန်းထွန်း
စက်တင်ဘာ ၁၊ ၂၀၁၇။

06 May 2017

နီးနေရက်နှင့် ဝေးနေခြင်း - ၂



မင်းကို သဘောကျနေလား မသိဘူး မင်းအကြောင်း ပြောနေလိုက်တာ ရွှန်းရွှန်းကို ဝေနေတာပဲဟု အသိအစ်မကြီးတစ်ယောက်က ပြောလာသောအခါ ဝမ်းသာအံ့သြမိသည်။ သူ ကိုယ့်အကြောင်းကို ဘယ်လိုများ သိနေပါလိမ့် သူနဲ့ကိုယ် အသိမိတ်ဆွေလည်းမဟုတ် ခင်မင်ရတဲ့ အစ်ကိုအစ်မတွေဆီက သိဟန်တူပါရဲ့။ မင်းတို့နှစ်ယောက် သမီးရည်းစားဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ပြောနေကြတာ။ ဒီကလည်း စိတ်ဝင်စားပါတယ် သဘောကျပါတယ် နောက်တခါတွေ့ရင် မျက်စိမှိတ်ပြလိုက်မယ် အတင်းလိုက်ချိတ်လိုက်မယ်လို့ မျက်နှာပြောင်စပ်စပ်နဲ့ အတည်နောက်တော့ ရယ်နေလေရဲ့။ နီးနေရက်နဲ့ ဝေးနေတဲ့ ပို့စ်ထဲကသူက သူများလားလို့ စုံထောက်ကြီး ဒေါ်စံရှားက အစ်မေးတဲ့အခါ မဟုတ်ရပါဘူးလို့ အတင်းငြင်းရသေးတယ်။ သူ ကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သိရတော့ ရင်ခုန်မိတယ်။ မနှစ်တုန်းက အသိမိတ်ဆွေအိမ်မှာ တွေ့ခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လင်းလက်တောက်ပတဲ့ မျက်ဝန်းပိုင်ရှင်။ အဲဒီတုန်းက သတိထားမိသွားပြီး ကိုယ့်စိတ်ထဲ တမျိုးလေး ခံစားရတယ်လို့ ပြောဖူးတဲ့တစ်ယောက်လေ မှတ်မိလား။ မှတ်မိတာပေါ့ မင်း ကိုယ့်ကို ဓာတ်ပုံတောင် ပြဖူးတယ်လေ။ အဲဒီတစ်ယောက်က ကိုယ့်ကို သဘောကျနေတဲ့ပုံပဲတဲ့။  ဟုတ်လား မင်း ထင်နေတာ မှန်နေတာပေါ့ မင်းတို့တွေ့ခဲ့တာ တစ်နှစ်တောင်ကျော်ပြီ။ ကိုယ်လည်း အဲဒါကို အံ့သြနေတာ အဲဒီတုန်းက ကိုယ်က ကျန်းမာရေးမကောင်းလို့ အတော့်ကို မလှမပ ဖြစ်နေတဲ့အချိန်။ မြင်မြင်ချင်း စိတ်ဝင်စားတာလား အဲဒါ မဖြစ်နိုင်ဘူး ထင်တယ်။ သူနဲ့ကိုယ် ပထမဆုံး စတွေ့တုန်းက ဘုန်းကြီးကျောင်းက အလှုတစ်ခုမှာထင်တယ်။ ကိုယ်က အစားအသောက်ငမ်းပြီး အသားကုန်တီးနေတာနဲ့ သူ့ကိုတောင် သတိမထားမိဘူး မင်းကတော့လေ ဖြစ်ရမယ်။

ဘလော့ကနေ သိတာများလား မင်း ဘလော့ဖတ်ပုံရတယ်။ ဘလော့ကနေ စိတ်ဝင်စားတယ် ဟယ် မဖြစ်နိုင်တာ ကိုယ်ဖတ်တဲ့ ဘလော့တွေ၊ စာရေးဆရာတွေ၊ စာရေးသူတွေ အများကြီး။ ကိုယ် နယူးယောက်က အမေရိကန်ဂေးတစ်ယောက်ရဲ့ ဘလော့ကို ဖတ်လာတာ ကြာပြီ။ ကိုယ့်စိတ်ထဲမှာ သူ့ကို ရင်းရင်းနှီးနှီး သိနေသလို ကိုယ့်ဘော်ဒါတစ်ယောက်လို ခံစားရတယ်။ သူ့ရေးတဲ့စာတွေကနေ သူ့စိတ်ဓာတ်၊ အမူအကျင့်ကို ခန့်မှန်းလို့ရတယ်။ ဟင် ဟုတ်လား ဟန်ဆောင်ရင်ရော မရဘူးလား အကြာကြီး ဟန်ဆောင်လို့ရမယ် မထင်ဘူး။ စကားထဲက ဇာတိပြသလို စာတွေထဲကလည်း စိတ်ဓာတ်ကို ခန့်မှန်းလို့ရတယ်။ စာဖတ်ပရိတ်သတ်ကို ပေါ့သေးသေး မထင်နဲ့ ဘယ်လိုသဘောထားနဲ့ရေးတယ် စာက ဘယ်လိုအဆင့်အတန်းဆိုတာ စာဖတ်ပရိတ်သတ်က ပိုသိတယ်ကွ။ မင်း ထင်တာ မှန်မမှန် သူ့ကို မေးကြည့်ရမယ်။ မင်းရင်ကို ခုန်စေတဲ့ အမှတ်တရရှိနေတဲ့ ကောင်လေးဆိုတော့ မြင်ဖူးချင်မိသား။ တနေ့တော့ မင်းနဲ့ မိတ်ဆက်ပေးဖြ စ်နိုင်လိမ့်မယ် ထင်ပါတယ် ကိုယ်တို့ ဖူးစာဆုံခဲ့ရင်ပေါ့။ ခင်မင်ရင်းနှီးမှုဆိုတာ စကားတွေပြောကြည့် အတူတူသွားလာပြီးမှ ယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ရတာ။ သူနဲ့မင်းက နှစ်ဦးနှစ်ဖက် မိတ်ဆွေသူငယ်ချင်းတွေ ရှိပေမဲ့ ဖေ့ဘွှတ်မှာလည်း မိတ်ဆွေတွေမဟုတ်၊ အီးမေးလ်၊ ဘိုင်ဘာ၊ ဖုန်းနံပါတ်လည်းမသိ ဘယ်လိုလုပ် ခင်မင်ရင်းနှီးမှု တည်ဆောက်မလဲ တယ်လီပသီနည်းနဲ့သာ ဆက်သွယ်တော့။ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း ဖွင့်ဟပြောပြဖို့သတ္တိတွေ ရှိဖို့လိုသေးတယ်။ သူ မင်းကို တကယ်ချစ်မြတ်နိုးရင် မင်းဆီလာပြီး ဖွင့်ဟလာပါလိမ့်မယ်။

စိတ်ထဲ သဘောကျနေတယ်ဆိုရုံနဲ့ပဲ အဆုံးသတ်သွားမလား။ လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကမ်းလင့်လာလေမလား အင်း စိတ်ဝင်စားစရာပဲ။ တက္ကသိုလ်ကျောင်းတော်ကြီးတွင် အတူတူ ပညာဆည်းပူးခဲ့သော်ငြား သူနဲ့ကိုယ် မသိခဲ့ကြ။ နိုင်ငံရပ်ခြားတွင် ပညာဆည်းပူးခဲ့သည့်အချိန် အတူတူလောက် ဖြစ်သော်ငြား သူနဲ့ကိုယ် မသိခဲ့ကြ။ နှစ်ဦးနှစ်ဖက် မိတ်ဆွေတွေနှင့် အသိမိတ်ဆွေ ဖြစ်သော်ငြား သူနဲ့ကိုယ် မသိခဲ့ကြ။ နေထိုင်သည့်အိမ်၊ အလုပ်လုပ်သည့်ရုံး သိပ်မဝေးသော်ငြား သူနဲ့ကိုယ် မဆုံခဲ့ကြ။ ဆုံစည်းဖို့ ရေစက်ပါဟန် မတူသော သူနဲ့ကိုယ် နီးနေရက်နှင့် ဝေးနေရလေသည်။

စန်းထွန်း
မေ ၆၊ ၂၀၁၇။

နီးနေရက်နဲ့ ဝေးနေခြင်း

13 June 2015

I wonder ....



ကိုယ့်မှာ ဆန္ဒတစ်ခု ရှိနေခဲ့တယ် ကိုယ် သေဆုံးသွားခဲ့အခါ မျက်ကြည်လွှာ၊ နှလုံး၊ ကျောက်ကပ်၊ အသည်း လှုလို့ရတာ အကုန်လှုဒါန်းပြီး ခန္ဓာကိုယ်ကို သုတေသနလုပ်ငန်းအတွက် လှုဒါန်းချင်ခဲ့တာ။ မိသားစုက ခွင့်ပြုမပြုတော့ မသိ တချိန်ချိန်မှာတော့ ဖျောင်းဖြနှစ်သိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ့်နှလုံးကို လက်ခံရရှိတဲ့သူဟာ အကယ်၍များ မိန်းကလေး ဖြစ်နေခဲ့ရင် မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ အသားညိုညို ၊ ပိန်သွယ်တဲ့ခန္ဓာကိုယ်၊ မြင့်မားတဲ့အရပ်အမောင်း၊ ကချင်လွယ်အိတ်အနီလေး လွယ်တတ်ပြီး စကားလုံးတွေနဲ့ ပစ်ပေါက်တတ်တဲ့ ကောင်လေးတစ်ယောက်ကိုများ ရင်ခုန်လေမလား။ နဖူးပေါ်ဝဲနေတဲ့ ရွှေရောင်ဆံပင်ညိုညိုလေးတွေကို ခေါင်းလေးငဲ့ကာ ခါယမ်းတတ်တဲ့၊ မျက်လုံးဝိုင်းဝိုင်းနက်နက်၊ စာအရမ်းတော်တဲ့ ကျောင်းသားတစ်ယောက်ကို စွဲလမ်းမိလေမလား။ မျက်ခုံးပါးလျလျအောက်က တည်ငြိမ်အေးချမ်းတဲ့ မျက်ဝန်းညိုညို၊ ပါးချိုင့်လေးတွေပေါ်အောင် အပြုံးချိုချိုလေးတွေ ပြုံးတတ်တဲ့၊ အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့၊ သာမန်မထင်မရှား ရုပ်ရှည်ရှိတဲ့၊ စိတ်နှလုံးသား ကောင်းမွန်တဲ့ ကောင်လေးတစ်ယောက်ကို မြတ်နိုးနှစ်သက်နေလေမလား။ တီးလုံးသံသက်သက် သီချင်းတွေကို တခါတရံမှာ နားထောင်နေလေမလား။ လောကကြီးကို သိချင်စိတ် အပြည့်နဲ့ စူးစမ်းနေလေမလား။ သဘာဝတောတောင်ရေမြေကို နှစ်သက်ကာ တောင်ထိပ်ပေါ်ကနေ မြင်ရတဲ့ရှုခင်းကို စွဲလမ်းနှစ်သက်လေမလား။

သစ်ပင်တွေ အရောင်ပြောင်းတာ၊ အရွက်ကြွေတာကို ဂရုတစိုက် စောင့်ကြည့်တတ်လေမလား။ ပန်းပွင့်လေးတွေကို ငေးကြည့်နေတတ်လေမလား။ ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို ငေးကြည့်ရင်း အတွေးတွေ ရွက်လွှင့်နေမလား။ စာအုပ်တစ်အုပ် အမြဲဆောင်ထားပြီး စောင့်နေရတဲ့အချိန်တွေမှာ စာဖတ်နေတတ်လေမလား။ ကြောင်လေး၊ ခွေးလေး၊ တိရစ္ဆာန်လေး၊ ကလေးတွေကို ချစ်တတ်လေမလား။ အလုပ်စားပွဲ ပန်းအိုးကနေ သစ်ရွက်စိမ်းကလေး ထွက်လာတာလေးကိုတောင် ပျော်နေတတ်လေမလား။ တစုံတယောက်ကို ချစ်နေမှန်း မသေချာလို့ ဦးနှောက်ကို စီတီစကန်ရိုက်ကြည့်ပြီး အချစ်ဟော်မုန်းတွေတွေ့ရင်တော့ ချစ်နေတာ သေချာမှာပေါ့ဆိုပြီး ခေါင်းကို စီတီစကန်ရိုက်ချင်တဲ့ ခပ်ကြောင်ကြောင် အတွေးတွေ တွေးနေမလား။ အများကြီးရှိဖို့ထက် တစ်ခုရှိရင် တော်ပြီလို့ တွေးနေလေသလား။ ဂါဝန်လှလှလေးတွေ နှစ်သက်ပေမဲ့ အများအားဖြင့် တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်နေမလား။ ဦးထုပ်လှလှလေးတွေကို ဆောင်းရတာကို နှစ်သက်နေလေမလား။ စိတ်ပျော်ရွှင်တဲ့အခါ အစအဆုံးမဟုတ်ဘဲ ဟိုသီချင်းကတပုဒ်၊ ဒီသီချင်းကတပုဒ် ပေါက်ကရတွေ အော်ဟစ်နေလေမလား။ ချစ်သူနဲ့အင်္ကီျဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ဖို့ စိတ်ကူးယဉ်နေမလား။

ထီးမယူလာတဲ့နေ့မှာ ရုတ်တရက် မိုးရွာချတဲ့အခါ ချစ်သူရဲ့ဂျာကင်ကို ထီးလုပ်ပြီး မိုးရေထဲမှာ အတူတူပြေးလွှားရဖို့ကို စိတ်ကူးယဉ်မျှော်လင့်နေမလား။ ချစ်သူနဲ့ နားကြပ်တဖက်စီတပ်ပြီး နှစ်သက်တဲ့ သီချင်းတွေကို အတူတူနားထောင်ရဖို့ကို စိတ်ကူးယဉ်နေမလား။ သစ်တောအုပ်လေးထဲ ချစ်သူရဲ့ လက်ကလေးကို ဆုပ်ကိုင်လို့ လမ်းအတူတူ လျှောက်ရရင် သိပ်ကောင်းမှာလဲလို့ တွေးနေမလား။ ပင်လယ်ကမ်းခြေမှာ ချစ်သူနဲ့ စက်ဘီးအတူတူ စီးချင်လိုက်တာလို့ စိတ်ကူးယဉ်နေမလား။ ရေကန်ဘေးနားမှာ ပစ်ကနစ်ထွက်ပြီး ချစ်သူနဲ့ ဝစ်စပီး ဆော့ချင်လိုက်တာလို့ တွေးနေမလား။ ချစ်သူက ဓာတ်ပုံလှလှလေးတွေ ရိုက်တတ်တဲ့သူဆိုရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေမလား။
မြက်ခင်းစိမ်းစိမ်းလေးမှာ လဲလျောင်းရင်း နေရောင်နွေးနွေးလေးတွေ မျက်နှာပေါ်ဖြာဆင်းနေတာကို ခံယူရင်း ချစ်သူကို ငေးကြည့်နေလေမလား။ ကမ္ဘာပတ်ဖို့စိတ်ကူးယဉ်နေမလား။ သတင်းထောက်၊ အာကာသယဉ်မှုး ဖြစ်ချင်နေမလား။ ကိုယ့်နှလုံးသားကို လက်ခံရရှိတဲ့သူက ယောကျာ်းလေးဖြစ်နေရင် ဘယ်လိုမိန်းကလေးမျိုးကို ရင်ခုန်မှာပါလိမ့်။ ဘယ်လိုအတွေးတွေ တွေးနေမလဲ၊ ဘယ်လိုမျိုး စိတ်ကူးတွေ ယဉ်နေမှာလဲ။ တခါတလေတော့လည်း သိချင်မိသား။

စန်းထွန်း
ဂျွှန် ၁၃၊ ၂၀၁၅။

10 June 2015

ဆုံစည်းခြင်း၏ အခြားဖက်၌...

အောင့်ကို ကိုယ်မတွေ့ရတာ တစ်နှစ်ကျော်ပြီ ကိုယ် တခြားမြို့မှာ အလုပ်ရလို့ ပြောင်းသွားတဲ့ အချိန်ကတည်းက ဆိုပါတော့။ တခါတလေ အောင်နဲ့ခပ်ဆင်ဆင်တူတဲ့ ကောင်လေးတွေကို တွေ့ရတဲ့အခါ အောင် ဘာတွေများ လုပ်နေပါလိမ့်လို့ သတိရမိသား။ အောင်များ ကိုယ့်ကို သတိရလေနေမလားလို့ ကိုယ် သိချင်မိသား။ ကိုယ် သိပါတယ် အောင်ဟာ အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ ကောင်လေးတစ်ယောက်ဆိုတာ။ အောင့်ကို ဂျီမေးလ်၊ ဖေ့ဘွတ်၊ အီစတာဂရမ်၊ တွတ်တာ၊ ဗိုင်ဘာမှာ တွေ့ရပေမဲ့ ကိုယ်တို့တွေ စကားစမြည် မပြောဖြစ်ဘူး။ အောင်နဲ့ကိုယ်ဟာ သူငယ်ချင်းတွေဆိုပေမဲ့ အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်းတွေတော့ မဟုတ်ခဲ့ဘူး။ အောင်နဲ့ကိုယ်ဟာ တတန်းတည်း အတူတူကျောင်းတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်း။ ဒါပေမဲ့ အောင်ဟာ ကိုယ်တို့သူငယ်ချင်း အုပ်စုထဲက မဟုတ်ဘူး။ ကျောင်းတုန်းက ကိုယ်က အောင့်ကို စိတ်မဝင်စားဘူး။ အောင်ကလည်း မိန်းကလေးတွေ စိတ်ဝင်စားလောက်အောင် ရုပ်ရည်ထူးထူးခြားခြား ချောမောမနေခဲ့ဘူး။ အောင်က အတန်းထဲမှာ စာတော်တဲ့ကျောင်းသားလည်း မဟုတ်၊ ကျောင်းမှာ ကျင်းပတဲ့အခမ်းအနားတွေမှာ တက်တက်ကြွကြွ ပါဝင်တာလည်းမရှိ၊ အားကစားလည်း မထူးချွှန်တဲ့ ဘာဆိုဘာမှ မထူးခြားလှတဲ့ သာမန်ယောကျ်ားလေးတစ်ယောက်။ ကျောင်းတုန်းက အောင် စိတ်ဝင်စားတဲ့ ကောင်မလေးရှိတယ်လို့ မကြားမိပါဘူး။ ကိုယ်တို့တွေကလည်း ရည်းစားထားဖို့ထက် စာအုပ်ကြားထဲ ခေါင်းစိုက်နေရတာတုန်း။

ကျောင်းပြီးလို့ အလုပ်အကိုင် ရှာဖွေကြတော့ အောင်အလုပ်ရတဲ့မြို့နဲ့ ကိုယ်အလုပ်ရတဲ့မြို့က တခြားစီ။ အဲဒီတုန်းက အလုပ်ထဲမှာ ကိုယ်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ အောင်က မောင်နှမတွေလို ခင်မင်ကြတယ်။ သူတို့ဆီကို ကိုယ်က တလတခါ သွားလည်တတ်တယ်။ တခါတလေတော့လည်း ရေစက်ဆိုတာ ဆန်းကြယ်သား။ ပြန်တွေ့ကြလိမ့်မယ်လို့ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားပေမဲ့ သူငယ်ချင်းအိမ်မှာနေပြီး ကိုယ်အလုပ်ရှာရဖို့ ဖန်လာတယ်။ အောင်ကလည်း မကြာခင်ကမှ အလုပ်ရှာဖို့ဆိုပြီး အဲဒီသူငယ်ချင်းအိမ်ကို ရောက်နေခဲ့တာ။ ကိုယ်ရောက်လာတော့လည်း ကိုယ်တို့သူငယ်ချင်းတွေ ကျောင်းတုန်းကလို တဝါးဝါးတဟားဟားနဲ့ပျော်စရာကြီး။ အောင်က ဟင်းချက်ကောင်းမှန်း ကိုယ်သိလိုက်ရတယ်။ အောင်လည်း အရင်တုန်းက ဟင်းချက်တတ်မယ်လို့ ကိုယ့်ဘာသာ မသိဘူးတဲ့။ ကျောင်းမှာ ပစ်ကနစ်အတွက် ဟင်းချက်ကြတော့မှ အောင်ဟင်းချက်ကောင်းမှန်း သိသွားတာတဲ့။ အောင့်လက်ရာ အတော်ကောင်းတယ်။ အောင့်ကြော်တဲ့ ငါးကြော်ဆို ကိုယ်တို့တွေ အမြဲတမ်း ပွဲတောင်းရတယ်။ အောင်က တကယ့်ငပျင်းလေး နေမြင့်အောင် အိပ်တတ်တယ်။ တခါတုန်းက ပန်းခြံထဲမှာ ဘာဘီကျူးကင်တော့ အောင်ပဲ လုပ်ကိုင်သွားတာပဲ။ အောင်က ကိုယ်တို့သူငယ်ချင်းတွေကြားထဲ တကယ်အားကိုးရတဲ့ သူတစ်ယောက်။

အောင်က ငါးမျှားဝါသနာပါတယ် ကိုယ်ကတော့ ငါးမျှားတံကို ငြိမ်ငြိမ်လေးကိုင်ပြီး စောင့်ဆိုင်းရတာကို စိတ်မရှည်တာ။ အသက်ကြီးလာလို့ တောင်တွေမတက်နိုင်တဲ့အခါ ငါးထိုင်မျှားဖြစ်လေမလားတော့မသိ။ စိမ်းညှို့နေတဲ့ ကန်ရေပြင်၊ ဦးထုပ်ငိုက်ငိုက်လေးဆောင်းပြီး ငါးမျှားနေတဲ့ အောင့်ကိုမြင်ရတာများ ပန်းချီကားတစ်ချပ်ကို ကြည့်ရသလိုပဲ။ အောင်ဟာ တခါတလေတော့လည်း အဲဒီလို လျှို့ဝှက်ပြီး သိရခက်တယ်။ သူငယ်ချင်းတွေက အောင်နဲ့ကိုယ့်ကို သဘောတူပြီး စကြရင် အောင်က တုပ်တုပ်မှမလှုပ်။ သူငယ်ချင်းအိမ်မှာ နှစ်လလောက်နေပြီး အောင်တို့မြို့နဲ့ မနီးမဝေးမှာ အလုပ်ရတော့ ပျော်လိုက်တာ။ ကိုယ် အောင့်ကို စိတ်ဝင်စားနေပြီလား။ တပတ်တခါ အောင်တို့ဆီကို သွားလည်းရင် အလွမ်းပြေတယ်။ အောင်တို့ဆီကို မသွားဖြစ်တဲ့အခါ အောင့်ကို လွမ်းနေမိတယ်။ ကိုယ်လွမ်းနေတာကို အောင်တယောက်ကတော့ သိမှသိပါလေစ။ အလုပ်အသစ်ရလို့  ခရစ်စမတ်ချိန်မှာ တခြားမြို့ကို ကိုယ်ပြောင်းရွှေ့ရတော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ အောင်နဲ့တွေ့ရဖို့ဆိုတာ တကယ့်ကို မလွယ်တော့ဘူး။ ကိုယ့်အလွမ်းတွေလည်း တဖြည်းဖြည်း ပြယ်လွင့်သွားမလား။




မြို့အသစ်၊ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်တွေနဲ့ ကိုယ် အဆင်ပြေပါ့မလား။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်မှမရှိတဲ့ဒေသမှာ ကိုယ်ဘယ်လိုများ ရုန်းကန်နေပါလိမ့်လို့ အောင် စိတ်မပူဘူးလားလို့ ကိုယ်သိချင်မိတယ်။ အဆင်ပြေလားလို့ မေးလာတော့ ကိုယ့်မှာ ဝမ်းသာရသေးတယ်။ အောင်ရယ် စိတ်မပူပါနဲ့ ကိုယ်က အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ မိန်းကလေးဆိုတာ အောင်ယုံကြည်တယ်မလား။ အီစတာဂရမ်မှာ ကိုယ်ဓာတ်ပုံတွေ မတင်ဖြစ်တော့ ကိုယ်သူငယ်ချင်းတွေက ဘာမှဖြစ်နေသလဲလို့ စိတ်ပူပြီးမေးလာတယ်။ အောင်ကတော့ နေနိုင်လိုက်ပါဘိ တခွန်းမှမေးဖော် မရဘူး။ လေးလခန့်အကြာမှာ အောင်တို့မြို့နဲ့ မနီးမဝေးမြို့မှာ အစည်းအဝေးတက်ဖို့ ကိုယ်လာခဲ့ပေမဲ့ အောင်က ခရီးသွားနေတော့ အောင်နဲ့ မတွေ့လိုက်ရဘူး။ ကိုယ် အောင့်ကို တွေ့ချင်လိုက်တာ၊ မြင်ချင်လိုက်တာ။ ကိုယ် အောင့်ကို ဘယ်အချိန်မှာ ချစ်မိသွားမှန်း မသိလိုက်ဘူး။ ကိုယ်သိလိုက်တဲ့အချိန်မှာ အောင်က ကိုယ့်နှလုံးသားထဲမှာ အတော်စိုးမိုးနေခဲ့ပြီ။ တကယ်တော့ အောင်နဲ့ကိုယ်က ခြားနားလွန်းတယ်။ ကိုယ်က ခေတ်မှီပွင့်လင်းတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး အောင်ကတော့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာကို သိပ်အရေးပေးတဲ့ မိသားစုမှာ ကြီးပြင်းခဲ့တယ်။ အောင် လက်ထပ်မဲ့မိန်းကလေးဟာ သူ့မိဘတွေက သဘောကျနှစ်သက်တဲ့သူဖြစ်ဖို့ အရေးကြီးတယ်။ အောင်ဟာ နှလုံးသားထက် ဦးနှောက်နဲ့ရွေးချယ်မဲ့သူတစ်ယောက်။

ပြီးတော့ အောင်က ထက်မြက်တဲ့မိန်းကလေးကို လက်မတွဲချင်ဘူး။ အားကိုးခံချင်တဲ့ ယောကျာ်းသားမို့ သူ့လောက်မထက်မြက်တဲ့ မိန်းကလေးကိုပဲ လက်ထပ်ချင်ပါသတဲ့။ ကိုယ်ကသာ စိတ်လှုပ်ရှားနေရတာ အောင်က ကိုယ့်ကို နည်းနည်းကလေးမှ စိတ်ဝင်စားတဲ့ပုံ မရဘူး။ အောင် မိန်းကလေးသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတင်ရင် ကိုယ့်မှာ အောင် ရည်းစားများ ရသွားပြီလား၊ ကိုယ်များနောက်ကျသွားပြီလားလို့ စိတ်ပူမိတယ်။ အောင် အရင်လို ဂစ်တာတွေ တီးနေတုန်းလား။ လွန်ခဲ့တဲ့တစ်လလောက်က ကိုယ် အောင်တို့မြို့မှာ အစည်းအဝေး သွားတက်တော့ အောင်နဲ့ဆုံဖြစ်တယ်။ တခြားသူငယ်ချင်းတွေက ခရီးသွားနေကြတော့ ကိုယ်တို့နှစ်ယောက်တည်း ပထမဆုံးတွေ့ဖြစ်တဲ့ အချိန်ဆိုပါတော့။ အောင်နဲ့တွေ့ရင် ဘယ်လိုနေမလဲ၊ အောင် ဘယ်လိုများ ပြောင်းလဲနေမိပြီလဲလို့ တွေးနေမိတယ်။ ကားပါကင်မှာ ရပ်ထားတဲ့ ကားအများကြီးထဲမှာ အောင့်ကားကို ချက်ချင်းတွေ့လိုက်တယ်။ ကိုယ့်နှလုံးသားက အောင်ရှိတဲ့နေရာကို တန်းသိတယ်နဲ့ တူပါရဲ့။ အောင်က အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲဘူး။ တွေ့တော့လည်း စကားတွေ ပြောလိုက်တာ ကိုယ်တို့တစ်နှစ်ကျော်လောက် အဆက်အသွယ် မရှိဘူးဆိုတာ မယုံနိုင်စရာဘဲ။

အောင် ပိန်သွားတယ်၊ ကြည့်ကောင်းလာတယ် ဝိတ်မနေတာ နှစ်လလောက် ရှိပြီတဲ့။ ကိုယ်ရည်စစ်သွားတော့ ဘာအဝတ်အစားဝတ်ဝတ် လိုက်ဖက်တယ်။ အရင်တုန်းက အောင်က ပြည့်ပြည်တစ်တစ်လေး အဲဒါကိုပဲ အောင်က ပိန်ချင်နေတာ ပိန်ဆေးသောက်ရတာနဲ့။ ခုတော့ တကယ်ပိန်သွားပြီ အောင် စိတ်ဝင်စားနေတဲ့ မိန်းကလေး ရှိနေပြီလား။ အောင် လှချင်နေတာ ဘာကြောင့်များပါလိမ့်။ နေ့လည်စာအတွက် စားသောက်ဆိုင်လေးခုလောက် အောင်ရွေးထားတာကို ကိုယ်က ထပ်ရွေးခြယ်ရတယ်။ သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ သွားခဲ့ဖူးတဲ့ခရီးတွေအကြောင်းနဲ့ စကားတွေ အများကြီး ပြောဖြစ်တယ်။ အောင့်မျက်နှာလေး မြင်ရတာ ကြည်နူးလိုက်တာ ဒီလိုသာ အမြဲတမ်းတွေ့ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အရင်လိုပါပဲ အောင့်အပြုံးတွေက ချစ်စရာကောင်းနေဆဲ၊ အောင့်မျက်ဝန်းညိုညိုတွေက တောက်ပဆဲ၊ အမူအယာ အပြုအမူတွေ တည်ငြိမ်အေးဆေးဆဲ။ အောင့်ကို ကိုယ် မြတ်နိုးလိုက်တာ။ ကိုယ်က နေ့လည်စာစားပြီးရင် အနုပညာပြခန်းတစ်ခုကို သွားလည်ဖို့ စိတ်ကူးထားတာ အောင်က အောင်တို့အိမ်အနီးက ကိုယ်သွားလမ်းလျှောက်တတ်တဲ့ ပန်းခြံလေးကို ခေါ်သွားတယ်။ အောင် လေ့လာနေတဲ့ ဓာတ်ပုံပညာ၊ ကင်မရာတွေအကြောင်း ပြောဖြစ်တယ်။ အနားယူတဲ့ ဘိုတဲလေးရောက်တော့ တံတားဘောင်မှာ ခြေတွဲလွဲချထိုင်ပြီး အောင့်ကိုခေါ်တယ်။




ဆန်းကရင်မလိမ်းလာတဲ့အောင်က ဘိုတဲမှာပဲထိုင်နေတော့ ကိုယ့်မှာရယ်လိုက်ရတာ။ ကိုယ် အောင့်ဘေးနားသွားထိုင်တော့ စိတ်ထဲမှာပြီးပြည့်စုံသွားသလိုပဲ။ အောင်သာ အနားမှာရှိရင် ကိုယ့်စိတ်တွေ လုံခြုံစိတ်ချနွေးထွေးတယ်လို့ ခံစားမိတယ်။ အောင့်မျက်ဝန်းထဲမှာ ကိုယ်လိုချင်တဲ့ သံယောဇဉ် အငွေ့အယောင်တွေ တွေ့ရမလားလို့ ရှာဖွေကြည့်တော့ အောင့်မျက်ဝန်းထဲမှာ ဘာအငွေ့အသက် အရိပ်အယောင်မှ ရှိမနေခဲ့ဘူး။ အောင် ကိုယ့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးလား ကိုယ့်ကို နည်းနည်းကလေးမှ စိတ်မဝင်စားဘူးလား။ ပညာ၊ အလုပ်အကိုင် ပြည့်စုံနေပြီဖြစ်လို့ ကြင်ယာရှာဖို့ အောင့်မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေက တိုက်တွန်းကြတယ် ဆိုတဲ့အကြောင်း ကြားရတော့ ကိုယ့်မှာ သူတို့တွေကို စိတ်တိုလိုက်တာ။ အောင့်ဘာသာ အေးအေးဆေးဆေး နေတဲ့ဟာကို သူတို့တွေက အပူရှာခိုင်းနေတယ်။ အောင်က သူလက်ထပ်ချင်တဲ့ မိန်းကလေး မတွေ့သေးတဲ့အကြောင်း၊ အသက်ကြီးလာလို့ ရင်မခုန်တော့တဲ့အကြောင်း ကိုယ့်မှာ ဝမ်းသားရသေးတယ်။ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အောင်တစ်ယောက် ဘယ်တော့များမှ လက်ထပ်ဖို့ အဆင်သင့်ဖြစ်မှာပါလိမ့်။ အောင် ကိုယ့်ကို ရင်မခုန်ဘူးလားလို့ မေးချင်လိုက်တာ။ ဘယ်လိုမိန်းကလေးမျိုးကမှ အောင့်ရင်ကို ခုန်စေမှာလဲလို့ ကိုယ်သိချင်လိုက်တာ။ စမ်းချောင်းလေးကိုဖြတ်တော့ အောင် ကမ်းလင့်တဲ့လက်ကို ဆုပ်ကိုင်ခွင့်ရတော့ ကိုယ့်မှာ ဝမ်းသာလိုက်တာ။ ဒီလိုသာ အောင့်လက်ကို အမြဲတမ်းဆုပ်ကိုင်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲနော်။  ကိုယ့်ကို ဘူတာရုံပြန်ပို့ဖို့အချိန်ရောက်တော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ ကိုယ်မပြန်ဘဲ အောင့်အနားမှာပဲ အမြဲတမ်းနေခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဘူတာရုံမှာ နှုတ်ဆက်လမ်းခွဲတော့ ကိုယ်က နှုတ်ဆက်ပွေ့ဖက်ခွင့်တောင်းတယ်။

အောင့်ကို ဒီလိုလေး နှစ်မိနစ်လောက် ပွေ့ဖက်ထားချင်လိုက်တာ။ အောင်နဲ့ဝေးရာကို သွားရတာ ရင်ထဲမှာ တစ်ခုခုလှစ်ဟာသွားသလိုပဲ။ သေချာပါတယ် ကိုယ့်နှလုံးသားတွေ အောင်နဲ့အတူ ပါသွားခဲ့ပြီ။ ရောက်တဲ့အကြောင်း မတ်ဆေ့ပို့နော်လို့ အောင်ပြောလာတော့ ဆက်ဆက်ပို့ပါ့မယ်အောင်ရဲ့။ အောင့်ကို ချန်ရစ်ထားခဲ့ရတာ ဝမ်းနည်းလိုက်တာ အောင့်ကို လှည့်မကြည့်နဲ့။ အောင့်မျက်နှာကို မြင်ရတဲ့အခါ ကိုယ်ခွဲခွာဖို့ အင်အားတွေမရှိဘဲ နေလိမ့်မယ်။ ဘိုင်ဘာကနေ ပိတ်ရက်တွေမှာ ဘာတွေလုပ်မှာလဲလို့ အောင့်ကိုမေးရင် ဘာမှထူးထူးခြားခြား မလုပ်ပါဘူးတဲ့။ ဒီခရစ်စမတ်မှာ အောင့်ကို တွေ့ချင်မိသား။ အောင် ဘာလို့များ မေတ္တာမကမ်းလင့်လာပါလိမ့်။ အောင့်မှာ တခြားမိန်းကလေး ရှိနေပြီလား။ ကိုယ့်ကို မချစ်လို့လား။ ယောကျ်ားလေးဆိုတာ သူတကယ်ချစ်ရင် ကိုယ့်အနားကို မရောက်ရောက်အောင် လာမှမဟုတ်ဘူးလား။ ဒီလိုသာ ပဝါတစ်ကမ်း၊ လက်တစ်ကမ်း သူငယ်ချင်းအဖြစ် နေတော့မှာလား။ ကိုယ့်အချစ်တွေကို နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ သော့ခတ်သိမ်းလိုက်ရတော့မှာလား။ တခါတလေတော့လည်း ဒီအချိန် အောင် ဘာတွေလုပ်နေမလဲလို့ တွေးမိသား။ ကားပေါ်မှာ၊ အလုပ်ထဲမှာ၊ ပိတ်ရက်တွေဆို ဘယ်သူတွေနဲ့ ဘယ်ကိုသွားနေပါလိမ့်။ တခါတလေတော့လည်း အောင်က ကိုယ့်ဘေးနားမှာ ရောက်နေတယ်လို့ထင်နေမိသေးတယ်။ တခါတလေ အိမ်မက်ထဲထိတောင် ဝင်နှိပ်စက်သေးတယ်။

အောင် ချစ်သူရသွားရင်၊ အိမ်ထောင်ပြုသွားရင် ကိုယ်တော့ လူမသိသူမသိ အသည်းကွဲရဦးမယ်ထင်တယ်။ အောင် ဖွင့်ဟပြောလာမှာကို စောင့်စားရင်း အောင်နဲ့နောက်ထပ်တစ်ကြိမ် ဆုံတွေ့ခွင့်ကို စောင့်စားရင်း။ ရေစက်၊ ကံတရားကို ယုံကြည်တဲ့ကိုယ် ကိုယ်တို့နှစ်ယောက် ကံကိုပဲ ယုံကြည်ကိုးစားရလေမလား။ အောင်နဲ့ နီးစပ်ပါရစေလို့ ကိုယ်ဆုတောင်းနေမိတယ်။ ကိုယ့်ဆုတောင်းတွေ ပြည့်လာမလာတော့ ကိုယ်မသိသေးပါ။ နွေဦးဟာ ပန်းပွင့်မွှေးရနံ့တွေကို ဆောင်ကြဉ်းလာသလို အချစ်ဆိုတာလည်း အလွမ်းများကို ဆောင်ကြဉ်းခဲ့တယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွားခြင်းတွေ ရှိခဲ့မယ်ဆိုရင် မဆုံစည်းခဲ့ရင် အကောင်းသား။ ဆုံစည်းရလို့ ဝမ်းသာကြည်နူးရသလို ခွဲခါတဲ့အခါမှာလည်း နာကျင်ခံစားရတာကို ခံနိုင်ရည်ရှိဖို့လိုတယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာရခြင်း၊ လွမ်းဆွတ်နာကျင်ရခြင်းတွေ ရှိပေမဲ့ ကိုယ် အောင်နဲ့ နောက်ထပ်ဆုံစည်းချင်ပါသေးတယ်။

စန်းထွန်း
ဂျွှန် ၁၀၊ ၂၀၁၅။

06 June 2015

ဆုံစည်းခြင်း၏ အခြားဖက်...

မေ့ကို ကိုယ်မတွေ့ရတာ တစ်နှစ်ကျော်ပြီ မေ တခြားမြို့မှာ အလုပ်ရလို့ ပြောင်းသွားတဲ့ အချိန်ကတည်းက ဆိုပါတော့။ အီစတာဂရမ်မှာတင်တဲ့ မေ့ဓာတ်ပုံတွေကနေတဆင့် မေ့အလုပ်အသစ်၊ အိမ်အသစ်၊ မြို့အသစ်၊ သူငယ်ချင်းသစ်တွေအကြောင်း ကိုယ်သိခဲ့ရတယ်။ ကိုယ် သိပါတယ် မေဟာ အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့၊ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ။ ဂျီမေးလ်၊ ဖေ့ဘွတ်၊ အီစတာဂရမ်၊ တွတ်တာ၊ ဗိုင်ဘာမှာ မေ့ကို တွေ့ရပေမဲ့ ကိုယ်တို့တွေ စကားစမြည် မပြောဖြစ်ဘူး။ မေနဲ့ကိုယ်ဟာ သူငယ်ချင်းတွေဆိုပေမဲ့ အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်းတွေတော့ မဟုတ်ခဲ့ဘူး။ မေနဲ့ကိုယ်ဟာ တတန်းတည်း အတူတူကျောင်းတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်း။ ဒါပေမဲ့ မေဟာ ကိုယ်တို့သူငယ်ချင်းအုပ်စုထဲက မဟုတ်ဘူး။ ကျောင်းတုန်းက ကိုယ်က မေ့ကို စိတ်မဝင်စားဘူး။ မေကလည်း ယောက်ျားလေးတွေ စိတ်ဝင်စားလောက်အောင် ခန္ဓာကိုယ်ဘော်ဒီ တောင့်တောင့်မဟုတ်။ ဖက်ရှင်ကလည်း ဆက်ဆီဖြစ်ဖို့လား ဝေလာဝေး တခါလာလည်း တီရှပ်နဲ့ဘောင်းဘီ ပွပွယောင်းယောင်း။ မျက်နှာကလည်း မိတ်ကပ်အခြယ်အသကင်းလို့ လိုးရှင်းလိမ်းထားတဲ့ မျက်နှာပြောင်။ တခါတလေကျတော့ အိပ်ယာကနေ ဝုန်းကနဲထ ကမန်းတတမ်း ပြေးလာရလို့ လိုးရှင်းတောင် မလိမ်းနိုင်၊ ဆံပင်တောင် မဖြီးနိုင်တဲ့ တကယ့်ကို ဗြုတ်စဗျင်းတောင်းကလေး။ ကျောင်းတုန်းက မေ့ကို စိတ်ဝင်စားတဲ့ကောင်လို့ တကောင်မှ မတွေ့မိဘူး။ ကိုယ်တို့တွေကလည်း ရည်းစားထားဖို့ထက် စာအုပ်ကြားထဲ ခေါင်းစိုက်နေရတာကိုး။

ကျောင်းပြီးလို့ အလုပ်အကိုင်ရှာဖွေကြတော့ မေအလုပ်ရတဲ့မြို့နဲ့ ကိုယ်အလုပ်ရတဲ့မြို့က တခြားစီ။ အဲဒီတုန်းက ကိုယ့်မှာ အွန်လိုင်းရည်းစားရှိတယ်။ ကိုယ်သူငယ်ချင်းတွေနဲ့ မေက ညီအစ်မတွေလိုပဲ။ သူတို့ဆီကို မေက တလတခါ သွားလည်တတ်တယ်။ တခါတလေတော့လည်း ရေစက်ဆိုတာ ဆန်းကြယ်သား။ ပြန်တွေ့ကြလိမ့်မယ်လို့ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားပေမဲ့ ကိုယ့်သူငယ်ချင်းအိမ်ကို အလုပ်ရှာဖို့ မေရောက်လာခဲ့တယ်။ ကိုယ်ကလည်း မကြာခင်ကမှ အလုပ်ရှာဖို့ဆိုပြီး အဲဒီသူငယ်ချင်းအိမ်ကို ရောက်နေခဲ့တာ။ မေရောက်လာတော့လည်း ကိုယ်တို့သူငယ်ချင်းတွေ ကျောင်းတုန်းကလို တဝါးဝါး တဟားဟားနဲ့ ပျော်စရာကြီး။ မေက အချက်အပြုတ် မကျွှမ်းကျင်ဘူး။ သူ့ဘာသာချက်ပြီး သူ့ဘာသာ ကောင်းနေတာပဲ။ ကိုယ်က တခါတလေ မေ့လက်ရာကို မြည်းစမ်းပြီး ကောင်းပါတယ်ကွလို့ ချီးမွမ်းရင် မချိပြုံးလေး ပြုံးနေတတ်တယ်။ ချက်ဖို့ပြုတ်ဖို့ထက် စာဖတ်၊ တောင်တက်၊ ပြတိုက်သွား၊ သစ်တောအုပ်လေးထဲ လမ်းလျှောက်ဖို့ ပိုနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်။ တခါတလေ ကိုယ်လက်စွမ်းပြ ချက်ပြုတ်‌ကျွှေးတဲ့ ခေါက်ဆွဲကြော်ကို ကောင်းတယ်လို့ ချီးမွမ်းတော့ ကိုယ့်မှာပျော်လိုက်တာ။ ကိုယ့်လက်ရာတွေကို မင်းကို အမြဲတမ်း‌ကျွှေးချင်ပါတယ် ကောင်မလေးရေ။

မနက်စောစောထပြီး အိမ်ဘေးက ရေကန်လေးနား လမ်းလျှောက်တတ်တဲ့မေက နေမြင့်အောင် အိပ်တတ်တဲ့ ကိုယ်တို့တွေကို ငပျင်းလေးတွေတဲ့။ တခါတုန်းက ပန်းခြံမှာ ဘာဘီကျူးကင်တော့ မေ ပြောင်းဖူး၊ ဖရဲသီးကြိုက်တာ ကိုယ်သိသွားတယ်။ ကိုယ်တို့သူငယ်ချင်းတွေ ငါးမျှားကြတော့ မေက တောင်စောင်းလေးမှာထိုင်ပြီး ငေးမောနေတတ်တယ်။ ကောင်းကင်ပြာပြာမှာ တိမ်ဆိုင်လေးတွေက မျောလွင့်လို့ မေ့ဆံနွယ်လေးတွေကလည်း တလွင့်လွင့် မျောလွင့်နေတာများ ပန်းချီကားတချပ်ကို ကြည့်ရသလိုပဲ။ မေဟာ တခါတလေတော့လည်း အဲဒီလို လျှို့ဝှက်ပြီး သိရခက်တယ်။ ကိုယ့်သူငယ်ချင်းတွေက ကိုယ်နဲ့မေ့ကို သဘောတူပြီး စကြရင် မေက တုပ်တုပ်မှမလှုပ်။ ကိုယ်တို့ဆီမှာ နှစ်လလောက်နေပြီး ကိုယ်တို့မြို့နဲ့ မနီးမဝေးမှာ မေ အလုပ်ရတော့ ကိုယ့်မှာပျော်လိုက်တာ။ ကိုယ် မေ့ကို စိတ်ဝင်စားနေပြီလား။ တပတ်တခါ ကိုယ်တို့ဆီကို လာလည်ရင် ကိုယ့်အလွမ်းပြေတယ်။ ကိုယ်တို့ဆီကို မလာဘဲ ပြတိုက်တွေဆီ သွားလည်ပတ်နေရင်၊ တောင်သွားတက်နေရင် ကိုယ့်မှာ လွမ်းနေရတယ်။ ကိုယ် လွမ်းနေတာကို မေတစ်ယောက်ကတော့ သိမှသိပါလေစ။ မေ အလုပ်အဆင်မပြေတာတွေ ကြားရတော့ ကိုယ့်မှာ စိတ်ပူမိတယ်။ ဒီလိုနဲ့ပဲ မြိ ု့ကြီးမှာ အလုပ်ရလို့ ခရစ်စမတ်မှာ မေ ပြောင်းရွှေ့သွားခဲ့တယ်။ ကိုယ် စိတ်မကောင်းလိုက်တာ။ မေနဲ့တွေ့ရဖို့ဆိုတာ တကယ့်ကို မလွယ်တော့ဘူး။ ကိုယ့်အလွမ်းတွေလည်း တဖြည်းဖြည်း ပြယ်လွင့်သွားမလား။



မြို့အသစ်၊ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်တွေနဲ့ မေ အဆင်ပြေပါ့မလား။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်မှမရှိတဲ့ဒေသမှာ မေ ဘယ်လိုမျိုးများ ရုန်းကန်နေရပါလိမ့်။ အီစတာဂရမ်မှာ မေ ဓာတ်ပုံတွေတင်တာ မတွေ့တာ ကိုယ့်မှာ စိတ်ပူရသေးတယ်။ ကိုယ့်သူငယ်ချင်းမလေးကို ပြောပြတော့ သူက မေးပေးပါတယ် မေက ဘီးစီးနေလို့တဲ့ ရာသီဥတုအေးလို့ ဘယ်မှမထွက်ဖြစ် အလုပ်အသစ်ဆိုတော့ စိတ်ဖိစီးလို့ ပိတ်ရက်တွေဆိုရင် ဘယ်မှမသွားဘဲ အိမ်မှာဘဲ နားနေဖြစ်တယ်လို့။ ကိုယ်ထင်သားပဲ မေ တခုခုဖြစ်နေပါတယ်လို့။ မေ အဆင်ပြေဖို့ ဆုတောင်းရုံမှတပါး ကိုယ်ဘာမှ မတတ်နိုင်ခဲ့ပါ။ လေးလခန့်အကြာမှာ ကိုယ်တို့မြို့နဲ့ မနီးမဝေးမြို့မှာ အစည်းအဝေးတက်ဖို့ မေလာခဲ့ပေမဲ့ ကိုယ်က ခရီးသွားနေတော့ မေနဲ့ မတွေ့လိုက်ရဘူး။ ကိုယ် မေ့ကို တွေ့ချင်လိုက်တာ၊ မြင်ချင်လိုက်တာ။ ကိုယ် မေ့ကို ဘယ်အချိန်မှာ ချစ်မိသွားမှန်း မသိလိုက်ဘူး။ ကိုယ် သိလိုက်တဲ့အချိန်မှာ မေက ကိုယ့်နှလုံးသားထဲမှာ အတော်စိုးမိုးနေခဲ့ပြီ။ တကယ်တော့ မေဟာ ပင်ယံထက်က ပန်းတစ်ပွင့်။ တခါတလေ  ကိုယ်နဲ့ထိုက်တန်ပါရဲ့လားလို့ တွေးမိတယ်။ မေက ပညာ၊ ရုပ်ရည်၊ အလုပ်အကိုင်၊ အရည်အချင်း ဘာမှပြောစရာ မလိုတဲ့မိန်းကလေး။ ထက်လည်း တကယ်ထက်တယ် လုပ်ဖော်ကိုင်ဖက် အချင်းချင်းကတောင် ချီးမွမ်းရတယ်။ ချစ်စရာလည်းကောင်းတယ် လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိသားစု အကုန်လုံး မေ့ကိုချစ်ကြတယ်။

ပြီးတော့ မေက သူ့လောက် မတော်တဲ့ ယောကျ်ားလေး၊ မကြိုးစားတဲ့သူကို လုံးဝအထင်မကြီးဘူး။ ဆေးလိပ်သောက်တဲ့ယောကျာ်း၊ အိမ်မှုကိစ္စကူမလုပ်တဲ့ယောက်ျား၊ တက်တူးထိုးထားတဲ့ယောကျာ်းကို မနှစ်မြို့ဘူး။ ကိုယ်ကသာ စိတ်လှုပ်ရှားနေရတာ မေက ကိုယ့်ကို နည်းနည်းကလေးမှ စိတ်ဝင်စားတဲ့ပုံ မရဘူး။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတင်ရင် ကိုယ့်မှာ မေ ရည်းစားများရသွားပြီလား၊ ကိုယ်များနောက်ကျသွားပြီလားလို့ စိတ်ပူမိတယ်။ မေ့အခန်းဖော်ရဲ့ခွေးတွေဖြစ်တဲ့ ဂျီဂျီ၊ ကီကီနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေတွေ့ရရင် မေချစ်တာကို ခံရတဲ့ ဒီကောင်တွေကို မနာလိုဖြစ်မိတယ်။ လွန်ခဲ့တဲ့တလလောက်က မေ ကိုယ်တို့မြို့ မှာ အစည်းအဝေးလာတက်တော့ မေနဲ့ကိုယ် ဆုံဖြစ်တယ်။ တခြားသူငယ်ချင်းတွေက ခရီးသွားနေကြတော့ ကိုယ်တို့နှစ်ယောက်တည်း ပထမဆုံးတွေ့ဖြစ်တဲ့အချိန် ဆိုပါတော့။ မေ ရထားပေါ်က ဆင်းလာမဲ့အချိန်ကို စောင့်စားရင်း မေ့ကိုတွေ့ရင် ဘယ်လိုနေမလဲ၊ မေ ဘယ်လိုများ ပြောင်းလဲနေပြီလဲလို့ တွေးနေမိတယ်။ ကိုယ်က မေ့ကို အရင်ဆုံး မြင်တွေ့ချင်တဲ့သူဖြစ်ချင်ပေမဲ့ တကယ်တမ်းမှာတော့ မေကကိုယ့်ကို အရင်ဆုံး မြင်တဲ့သူ ဖြစ်နေတယ်။ ကိုယ် စိတ်ထဲမှာ တယောက်ယောက်က ကိုယ့်ကိုကြည့်နေပါတယ်လို့ ခံစားရလို့ မော့ကြည့်လိုက်တဲ့အချိန်မှာ မေက ကိုယ့်ကားဘေးနား ရောက်နေပြီ။ မေက အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲဘူး။ တွေ့တော့လည်း စကားတွေ ပြောလိုက်တာ ကိုယ်တို့တစ်နှစ်ကျော်လောက် အဆက်အသွယ် မရှိဘူးဆိုတာ မယုံနိုင်စရာဘဲ။

ကိုယ် ပိန်သွားတယ်၊ ကြည့်ကောင်းလာတယ်လို့ ပြောတယ်။ ကိုယ် ဝိတ်မနေတာ တစ်လ၊ နှစ်လလောက် ရှိပြီ။ ကိုယ်ရည်စစ်သွားတော့ ဘာအဝတ်အစားဝတ်ဝတ် လိုက်ဖက်တယ် ဆက်လုပ်လို့ ချီးမွမ်းနေတယ်။ မေ့ ချီးမွမ်းစကား ကြားလိုက်ရတာနဲ့တင် ကိုယ်ဝိတ်တွေ ဆက်မဖို့ အားတွေရှိသွားတယ်။ မေ ကြိုက်မယ်ထင်တဲ့ စီချွှမ်၊ ဂျပန်၊ ကိုရီးယားဆိုင်တွေကို ရွေးချယ်ခိုင်တော့ မေက စီခွျှမ်ဆိုင်ကို ရွေးတယ်။ မေ အစပ်စားနိုင်ပါ့မလားလို့မေးတော့ မစပ်တာတွေ ရွေးစားမှာပေါ့တဲ့။ သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ သွားခဲ့ဖူးတဲ့ခရီးတွေအကြောင်းနဲ့စကားတွေ အများကြီး ပြောဖြစ်တယ်။ မေ့မျက်နှာလေး မြင်ရတာ ကြည်နူးလိုက်တာ ဒီလိုသာ အမြဲတမ်းတွေ့ရဆိုမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အစည်းအဝေးကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာလေးကို မြင်ရတော့ ကိုယ့်မှာ သနားလိုက်တာ။ အရင်လိုပါပဲ မေ့အပြုံးတွေက ချစ်စရာကောင်းနေဆဲ၊ မေ့မျက်ဝန်းညိုညိုတွေက တောက်ပဆဲ၊ အမူအယာ အပြုအမူတွေက တည်ငြိမ်အေးဆေးဆဲ။ မေ့ကို ကိုယ် မြတ်နိုးလိုက်တာ။ ဟင်းတွေအများကြီးမှာပေမဲ့ မေက ဟုတ်တိပတ်တိ မစားဘူး တို့ကနန်း ဆိတ်ကနန်း စားတော့ ကိုယ် အားမရလိုက်တာ။ ကိုယ်က မေ့ကို အများကြီး စားစေချင်တာ။ မေက မနက်စာကို အဝစားလာလို့ မစားနိုင်တာလို့ ပြောတယ်။ ကိုယ် သိပါတယ် မေက အစားအသောက် သိပ်မက်တဲ့သူ မဟုတ်ဘူး။ တခါတလေ ချက်ပြုတ်ရမှာပျင်းလို့ ကော်ဖီ၊ မုန့် စားတတ်တဲ့သူ။ မေက နေ့လည်စာစားပြီးရင် အနုပညာပြခန်းတစ်ခုကို သွားလည်ဖို့ စိတ်ကူးထားတာ ကိုယ်က ကိုယ်တို့အိမ်အနီးက မေ သွားလမ်းလျှောက်တတ်တဲ့ ပန်းခြံလေးကို ခေါ်သွားတယ်။ မေ လေ့လာနေတဲ့ ဓာတ်ပုံပညာ၊ ကင်မရာတွေအကြောင်း ပြောဖြစ်တယ်။ အနားယူတဲ့ ဘိုတဲလေးရောက်တော့ မေက တံတားဘောင်မှာ ခြေတွဲလွဲချထိုင်ပြီး ကိုယ့်ကိုခေါ်တယ်။




ဆန်းကရင်မလိမ်းလာတဲ့ကိုယ်က ဘိုတဲမှာပဲ ထိုင်နေတော့ မေက ရယ်လိုက်တာ။ မေက အဲဒီလို အလှအပကို သိပ်ဂရုမစိုက်တဲ့ ပေတေတေလေး။ မေ ကိုယ်ဘေးနား လာထိုင်တော့ စိတ်ထဲမှာ ပြီးပြည့်စုံသွားသလိုပဲ။ မေ့မျက်ဝန်းထဲမှာ ကိုယ်လိုချင်တဲ့ သံယောဇဉ်အငွေ့အယောင်တွေ တွေ့ရမလားလို့ ရှာဖွေကြည့်တော့ မေ့မျက်ဝန်းတွေထဲမှာ ဘာအရိပ်အယောင် အငွေ့အသက်မှ ရှိမနေခဲ့ဘူး။ မေ့ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးလား ကိုယ့်ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား။ ကိုယ့်ကိုရတဲ့ မိန်းကလေးဟာ အတော်ကံကောင်းတဲ့သူပဲလို့ မေက ပြောတော့ မေးလိုက်ချင်တာ အဲဒီလို ကံကောင်းတဲ့မိန်းကလေး မေမဖြစ်ချင်ဘူးလားလို့။ ပညာ၊ အလုပ်အကိုင် ပြည့်စုံနေပြီဖြစ်ဖို့ ကြင်ယာရှာဖို့ မေ့မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေက တိုက်တွန်းကြတယ်ဆိုတဲ့အကြောင်း ကြားရတော့ ကိုယ့်မှာ သူတို့တွေကို စိတ်တိုလိုက်တာ။ မေ့ဘာသာ အေးအေးဆေးဆေး နေတဲ့ဟာကို သူတို့တွေက အပူရှာခိုင်းနေတယ်။ မေက သူလက်ထပ်ချင်တဲ့ ယောက်ျားလေး မတွေ့သေးအကြောင်း၊ အသက်ကြီးလာလို့ ရင်မခုန်တော့တဲ့အကြောင်းတွေ ပြောပြတော့ ကိုယ့်မှာ ဝမ်းသာရသေးတယ်။ မေ ကိုယ့်ကို ရင်မခုန်ဘူးလားလို့ မေးချင်လိုက်တာ။ ဘယ်လိုယောကျာ်းမျိုးကမှ မေ့ရင်ကို ခုန်စေမှာလဲလို့ ကိုယ်သိချင်လိုက်တာ။ စမ်းချောင်းလေးကိုဖြတ်တော့ ကိုယ် ကမ်းလင့်တဲ့လက်ကို မေ ဆုပ်ကိုင်လိုက်တော့ ကိုယ့်မှာ ဝမ်းသာလိုက်တာ။ ဒီလိုမျိုးလေး မေ့လက်ကို အမြဲတမ်းဆုပ်ကိုင်ရရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေတုန်း မေက ကိုယ့်လက်ကို ဖြ ုတ်လိုက်တယ်။ မေ့ပြီး ကိုယ်လက်ကို ဆုပ်ကိုင်ထားရင် ဘယ်လောက်ကောင်းမလဲနော်။ မေ့ကို ဘူတာရုံကို ပြန်ပို့ဖို့အချိန်ရောက်တော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ မေ မပြန်ဘဲ ကိုယ့်အနားမှာပဲ အမြဲတမ်းနေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲနော်။ ဘူတာရုံမှာ နှုတ်ဆက်လမ်းခွဲတော့ မေက ပွေ့ဖက်နှုတ်ဆက်ခွင့်တောင်းတယ်။

မေရယ် ကိုယ့်ကို ဒီလိုလေး နှစ်မိနစ်လောက် ပွေ့ဖက်ထားပါလို့ ပြောချင်လိုက်တာ။ ဘူတာရုံကို လမ်းလျှောက်သွားတဲ့ မေ့ကိုမြင်ရတော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ ရင်ထဲမှာ တခုခုလှစ်ဟာသွားသလိုပဲ။ ဟုတ်ပါတယ် ကိုယ့်နှလုံးသားတွေက မေနဲ့အတူ ပါသွားခဲ့ပြီ။ မေရေ ရောက်ရင်မတ်ဆေ့ပို့လိုက်ပါဆိုတော့ ညဉ့်နက်သန်းခေါင်မှ ရောက်မှာ ရောက်ရင် မတ်ဆေ့ ပို့လိုက်ပါ့မယ်တဲ့။ ကိုယ်ကတော့ မေ ရထားပေါ် တက်သွားတဲ့အထိ ငေးကြည့်နေခဲ့ပေမဲ့ မေကတော့ ကိုယ့်ကို တချက်ကလေးမှ လှည့်မကြည့်ခဲ့ဘူး။ မေရယ် နေနိုင်လိုက်တာ။ ဘိုင်ဘာကနေ ပိတ်ရက်တွေမှာ ဘာလုပ်မှာလဲလို့ မေက မေးတတ်တယ်။ ကိုယ်လား ဘာမှထူးထူးခြားခြား မလုပ်ဖြစ်ဘူး။ ဒီခရစ်စမတ်တော့ မေတို့မြိ ု့ကို သွားလည်ပြီး မေ့ကိုတွေ့ဖို့ ကြိ ုးစားဦးမယ်။ ကိုယ့်အချစ်တွေကို မေ့ကို ဖွင့်ဟဖို့ ကိုယ် သတ္တိမရှိဘူး။ မေ့ကို ဆုံးရှုံးသွားမှာလည်း စိုးရိမ်မိတယ်။ ကိုယ့်အချစ်တွေကို မေ့ကိုဖွင့်ဟလို့ မေက ငြင်းပယ်ခဲ့ရင် ကိုယ်တကယ် ဝမ်းနည်းမိမှာ။ ဒီအတိုင်း ပဝါတကမ်း၊ လက်တကမ်း သူငယ်ချင်းအဖြစ်နေတာကမှ အကောင်း ဖွင့်ဟလိုက်မှ သူငယ်ချင်းအဖြစ်ကိုတောင် ဆုံးရှုံးသွားမှာ စိုးရိမ်မိတယ်။ ကိုယ် မေ့ကို ဘယ်လိုဖွင့်ပြောရမှာပါလိမ့်။ မေ ကိုယ့်ကို ပြန်ချစ်ပါ့မလား။ ကိုယ့်မှာ မေလက်ခံနိုင်လောက်တဲ့ အရည်အချင်းရှိပါ့မလား။ ဒီလိုနဲ့ပဲ တွေဝေရင်း၊ ငေးမောရင်း သူငယ်ချင်းအဆင့်ကနေ ဘာမှထူးခြားမလာခဲ့။ တခါတလေတော့လည်း ဒီအချိန် မေ ဘာတွေလုပ်နေမလဲလို့ တွေးမိသား။ ရထားပေါ်မှာ၊ အလုပ်ထဲမှာ၊ ပိတ်ရက်တွေဆို ဘယ်သူတွေနဲ့ ဘယ်ကိုသွားနေပါလိမ့်။ တခါတလေတော့လည်း မေက ကိုယ့်ဘေးနားမှာ ရောက်နေတယ်လို့ ထင်နေမိသေးတယ်။ တခါတလေ အိမ်မက်ထဲထိအောင် ဝင်နှိပ်စက်သေးတယ်။

မေ ချစ်သူရသွားရင်၊ အိမ်ထောင်ပြုသွားရင် ကိုယ်တော့ လူမသိသူမသိ အသည်းကွဲရဦးမယ်ထင်တယ်။ ဖွင့်ဟပြောဖို့ သတ္တိလည်းမရှိ။ နောက်တခါ မေနဲ့ဆုံရင် မေ့ကို ကိုယ်မြတ်နိုးနေတာ ကြာပြီလို့ ဖွင့်ဟပြောဖြစ်လေမလား။ မေနဲ့ကိုယ် ဘယ်သောအခါများမှ ပြန်တွေ့ရမှာပါလိမ့်။ ရေစက်၊ ကံတရားကို ယုံကြည်တဲ့ကိုယ် ကိုယ်တို့နှစ်ယောက်ကံကိုပဲ ယုံကြည်ကိုးစားရလေမလား။ မေနဲ့နီးစပ်ပါရစေလို့ ကိုယ် ဆုတောင်းနေမိတယ်။ ကိုယ့်ဆုတောင်းတွေ ပြည့်လာမလာတော့ ကိုယ် မသိသေးပါ။ နွေဦးဟာ ပန်းပွင့်မွှေးရနံ့တွေကို ဆောင်ကြဉ်းလာသလို အချစ်ဆိုတာလည်း အလွမ်းများကို ဆောင်ကြဉ်းခဲ့တယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာခြင်းတွေ ရှိခဲ့မယ်ဆိုရင် မဆုံစည်းခဲ့ရင် အကောင်းသား။ ဆုံစည်းရလို့ ဝမ်းသာကြည်နူးရသလို ခွဲခွာတဲ့အခါမှာလည်း နာကျင်ခံစားရတာကို ခံနိုင်ရည်ရှိဖို့လိုတယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာရခြင်း၊ လွမ်းဆွတ်နာကျင်ရခြင်းတွေ ရှိပေမဲ့ ကိုယ် မေနဲ့ နောက်ထပ် ဆုံစည်းချင်ပါသေးတယ်။

စန်းထွန်း
ဂျွှန် ၆၊ ၂၀၁၅။

16 May 2015

ကြောင်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်...

ကျွှန်တော့်နာမည် မိုချီပါ...

ကျွန်တော့်နာမည် မိုချီပါ အသက်က နှစ်နှစ်ရှိပါပြီ။ မိုချီဆိုတာ ဂျပန်ပြည်က နာမည်ကြီး rice cake ပါတဲ့။ မိုချီလို့ နာမည်ပေးခြင်း ခံရတာ မထူးဆန်းဘူးဗျ ကျွန်တော့်သခင်မက ဂျပန်မကိုး။ ကျွန်တော်သခင်က အမေရိကန် ဒါပေမဲ့ ကျွန်တော့်ကို ရှိတယ်လို့တောင် ဂရုမစိုက်ဘူး။ သူက ဟိုနတ်စုဆိုတဲ့ ခွေးမကိုပဲ ဝိုင်းချစ်ကြတာ။ နတ်စုဆိုတာ ဂျပန်လို နွေလို့ အဓိပ္ဗာယ်ရပါသတဲ့။ နတ်စုက ချီဘာမျိုး အသက်က ငါးနှစ်လောက်ရှိပြီ။ အတော်ဖားတဲ့ကောင် သခင်တွေ ပြန်လာရင် တကိုယ်လုံးခါ အသံမျိုးစုံအော်ဟစ် အရုပ်ကိုကိုက်ပြီး ကြိုတတ်တယ်။  တခါတလေများဆိုရင် ချိတ်တောင်တက်တယ်။ ကျွန်တော်က နတ်စုလို လုံးဝမဖားတတ်ဘူး သခင်တွေ ပြန်လာရင် ငြိမ်ငြိမ်လေးပဲ သွားကြိုတတ်တယ်။ ကျွန်တော့်သခင်နဲ့ သခင်မက အေးအေးဆေးဆေးပဲ။ သခင်မက ကျွန်တော့်ကို တခါတလေ ချီတယ် ပွေ့တယ်။ အဲ... ပြသနာက တဖက်ခန်းမှာနေတဲ့ ပုလင်းဖင်မှန်ကြောင်မ။ သူက ကျွန်တော့်တို့ကို အစာ‌ကျွှေးတယ် ရေတိုက်တယ် ကျွန်တော်နဲ့ဆော့တယ်။ သူ ပြန်လာလို့ သွားကြိုတဲ့အခါ ကျွန်တော်က တခါတလေ ညောင်လို့ နှုတ်ဆက်တယ်။ အဲဒါကို သူက what ဘာညောင်တာလဲ... တော်ကြာမှ ကျွှေးမယ်လို့ ပြောတတ်တယ်။ ကြည့် ... ကျွန်တော်တို့ကြောင်တွေက ညောင်လို့ပဲ အော်တတ်တဲ့ဟာကို သူက နားမလည်ဘဲနဲ့ စွတ်ပြောနေတယ်။

တခါတလေ ဗိုက်ဆာလို့ သူ့ဆီမှာ တညောင်ညောင်နဲ့ အစာသွားတောင်းရင် မိုချီ နင်ဟာ ငါတွေ့ဖူးတဲ့ကြောင်တွေထဲမှာ အညောင်ဆုံးပဲ။ နင့်လောက်ညောင်တဲ့ကြောင် မတွေ့ဖူးဘူးတဲ့။ ကျွန်တော့်မှာ ဂုဏ်ပဲယူရတော့မလို။ နားညည်းမခံနိုင်လို့တဲ့ ထကျွှေးတယ် ပြီးတော့ ပြောလိုက်သေးတယ် တချိန်လုံးဆာ တချိန်လုံးစားနေတာပဲ ဆာဆာနိုင်လွန်းတယ် စားစားနိုင်လွန်းတယ်တဲ့။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စားနိုင်တာ သူ့ပါးစပ်ငှားစားတာ ကျနေတာပဲ တကတဲမှပဲ။ သူ့အခန်းတံခါးကို သွားခြစ်ရင် သူ စိတ်ကောင်းဝင်နေတဲ့အချိန်ဆို မိုချီ လာ..လာဆိုပြီး ခေါ်တတ်တယ်။ စိတ်ကောင်းမဝင်တဲ့အချိန်ဆိုရင် နောက်နောင် ငါ့ဆီကို ဘယ်တော့မှ မလာနဲ့လို့ အော်ဟစ်နှင်ထုတ်တတ်တယ်။ ကျွန်တော်က ပွတ်တီးပွတ်သပ်လုပ်တာ မကြိုက်ဘူး။ သူက လာလာပွေ့ချီတတ်တယ်။ ကျွန်တော်ကလည်း လာပွေ့ရင် အော်တော့တာပဲ။ သူ ကျွန်တော်နဲ့ ရင်းနှီးအောင် အတော်လေး ကြိုးစားလိုက်ရတယ်။ လက်မှာလည်း ကုတ်ရာဗရပွနဲ့။ ကျွန်တော်ကလည်း ကျွန်တော် သူပွတ်သပ်ပေးနေရင်တာကို လက်နဲ့သွားသွားစတယ်။ သူစိတ်တိုတဲ့အခါ ကြောင်သားစွတ်ပြုတ် လုပ်စားပစ်လိုက်မယ်၊ ကြောင်ဘာဘီကျူ လုပ်စားပစ်လိုက်မယ် ဘာမှတ်လဲလို့ ခြိမ်းခြောက်တတ်သေးတယ်။ တခါတလေ သူစိတ်တိုရင် တောက်ခေါက်တတ်တယ်။ သူ တောက်ခေါက်တာကို ကျွန်တော် သိပ်ကြောက်တာပဲ။ တခါတလေ ကျွန်တော်က ဂါးလို့ပါးစပ်ဖြဲပြ အမြီးထောင်ပြရင် သူကလည်း ဂါးကနဲအော် လက်နဲ့ကုတ်ခြစ်တော့မယ့်ပုံ လုပ်တတ်တယ်။

တခါတလေကျတော့လည်း ကျွန်တော်အော်သလို အသံမျိုးစုံနဲ့ လိုက်အော်တတ်တယ် အတော်နောက်တဲ့သူ။ ကျွန်တော် မျက်စိမှိတ်ပြရင် သူကလည်း ပြန်မှိတ်ပြတယ်။ မိုချီ နင် တော်တော်ဆိုးတဲ့ကြောင်လို့ ချီးမွမ်းတတ်သေးတယ်။ သူ ထမင်းစားရင် ကျွန်တော်နဲ့နတ်စုက သွားသွားမျှော်တတ်တယ်။ နတ်စုဆိုတဲ့ကောင်က အစုံစားတဲ့သတ္တဝါ သူ ဘာကျွှေးကျွှေး စားတယ် နည်းနည်းလေးမှ စတန်းတပ် အဆင့်မရှိဘူး။ ကျွန်တော်က အမေရိကန်မှာမွေး အမေရိကန်မှာကြီးတဲ့ အမေရိကန်ကြောင်စစ်စ်။ ကြောင်စာနဲ့ ကန်ဗူးထဲက တူနာကိုပဲ စားတယ်။ တခါတလေ နတ်စုအစာကို သွားစားရင် သဘောကောင်းတဲ့ နတ်စုက အေးအေးဆေးဆေးပဲ။ သူက နတ်စု နင့်အစာတွေကို မိုချီ ဝင်တီးနေတယ်၊ ကိုက်ထည့်လိုက်ပါလားလို့ လှော်ပေးတတ်တယ်။ အဲဒီအခါ နတ်စုက ဘေးနားလာရပ်ပြီး သူ့အစာတွေကို မစားဖို့ တားတတ်တယ်။ ကျွန်တော်က နတ်စုကို ခေါင်းသွားသွားဝှေ့တတ်တယ်။ နတ်စုကို လက်သည်းနဲ့ သွားကုတ်ရင် ကိန်ကိန်လို့ အော်ဟစ်ပြီး သူ့အခန်းထဲကို သွားတိုင်ပါလေရော။ အတော်အတိုင်အတောထူတဲ့ကောင် သူ့ခန္ဓာကိုယ်မှ အားမနာ ပိစိကွေးကျွန်တော့်ကို မနိုင်တာနဲ့သခင့်ဆီက အကူအညီတောင်းရတယ်။ ဟိုက မိုချီ နင် နတ်စုကို လုပ်တယ်ဟုတ်လား အေးလေ နတ်စု သနားပါတယ်ဆိုပြီး ချော့တတ်တယ်။ နတ်စုဆော့တဲ့ အရုပ်ကို ကျွန်တော် သွားကိုက်ရင် နတ်စုက သူ့ဟာဆိုပြီး ဝင်လုတတ်တယ်။ အဲဒီနတ်စုဆိုတဲ့ အကောင်ဟာ ဝဖီးနေတာများ တခါတုန်းက ဆိုဖာပေါ် ခုန်တတ်တာ ဘိုင်းခနဲ  ပစ်လဲကျတယ် အတော်အီစိမ့်သွားမှာပဲ။




ညနေရုံးဆင်းလို့ အိမ်ရောက်ရင် သူက ကျွန်တော့်ကို ပွေ့ချီတတ်တယ်။ အဲဒါကို နတ်စုက လက်နဲ့ကုတ်ပြီး ကျွန်တော့်ကို မချီဖို့တားတယ် အတော်မနာလိုတိုရှည်တဲ့ကောင်။ ကျွန်တော့်ကို ပွတ်သပ်ပေးနေရင်လည်း သူ့လက်နဲ့ ကုတ်ခြစ်ပြီး မပွတ်သပ်ပေးဖို့ အော်ဟစ်တတ်သေးတယ်။ နတ်စုဆိုတဲ့ အကောင်က မိုးခြိမ်းတာကို သေမလောက်ကြောက်တာ။ မိုးခြိမ်းရင် သူ့မှာ နေစရာမရှိတော့ဘူး ကုတင်အောက် ဝင်ပြေးရတာနဲ့။ အစတုန်းက သူက နတ်စု ကုတင်ပေါ် တက်အိပ်တာ လက်ခံသေးတယ်။ နောက်တော့ နတ်စုက သေးတစိုစို ဖြစ်နေတာနဲ့ ကုတင်ပေါ် လုံးဝအတက် မခံတော့ဘူး။ သခင်တွေက မှန်မှန်ခွေးမကျောင်းနိုင်တော့ နတ်စုလည်း ထိန်းထားတဲ့ကြားက သေးတစိုစိုဖြစ်တယ်။ တခါတလေ သူ့မွေ့ယာပေါ်မှာ သေးထွက်တတ်တယ်။ ကျွန်တော့မွေ့ယာအုပ်ဆောင်းလည်း နတ်စုသေးပေါက်လို့ ပစ်လိုက်ရတယ်။ ကျွန်တော်က သူ့မွေ့ယာပေါ်မှာ အခန့်သား အိပ်နေရင် ကုတင်အောက်မှာ အိပ်နေတဲ့ နတ်စုက မနာလိုသိပ်ဖြစ်တာ။ နတ်စုက ကုတင်ပေါ်တက်ချင်ပါတယ်လို့ အမူအယာနဲ့ တောင်းပန်တတ်ပေမဲ့ သူက ဘယ်တော့မှ လက်မခံဘူး။ တခါတလေ နတ်စုက ရှူးအရမ်းပေါက်ချင်ရင် သူ့ကို အမူအယာနဲ့ တောင်းတတ်တယ်။ ဒါပေမဲ့ သူက ဘယ်တော့မှ ခွေးမကျောင်းဘူး။ သူ့မှာလည်း အရိုးအဆစ်တွေနာလို့ ကုတင်ပေါ်မှာ အိပ်နေရတာ ခပ်များများ။

ညဖက်ရောက်ရင် သူ့အခန်းတံခါးကို ကျွန်တော်က ကုတ်ခြစ်ပြီး ဖွင့်ခိုင်းတတ်တယ်။ သူ သဘောကောင်းရင် လာဖွင့်ပေးတတ်ပြီး သဘောမကောင်းရင် လာမဖွင့်ပေးဘူး။ ကျွန်တော်ကလည်း သူ့ခြေရင်းမှာ အိပ်ရတာကို သဘောကျတယ် နွေးတာကိုး။ ကျွန်တော်ကလည်း လေးပေါင်လောက်ရှိတော့ သူ့ခြေထောက်နာလာတယ်နဲ့ တူပါရဲ့ ကျွန်တော့်ကို ကန်ထုတ်တတ်တယ်။ ကျွန်တော်ကလည်း ပြန်တက်ပြီး အိပ်တာပဲ။ တခါတလေ သူ့ခြေထောက်ကြီးနဲ့ ကျွန်တော့်ကို ဖိထားလို့ မနည်းခါချရတယ်။ သူ့အခန်းနားမှာ ငှက်ကလေးတွေ လာတတ်တယ်။ အဲဒါကို ကျွန်တော်က စောင့်ဖမ်းချင်တာ။ မိုချီ မှီ...မှီ လို့ခေါ်ရင် ကျွန်တော်က ညောင်ဆိုပြီး ပြေးလာတတ်တာကို သူ သိပ်သဘောကျတယ်။ ကျွန်တော်ကလည်း ကျွန်တော် သိပ်စကားများတဲ့ကြောင်။ ပွတ်သပ်ပေးဖို့တောင်းရင် ညောင့်လို့ အသံပြတ်နဲ့ တောင်းဆိုတယ်တယ်။ ဗိုက်ဆာရင် အသံဗြဲကြီးနဲ့ ညောင်ညောင်လို့ သူ နားမခံသာအောင် အော်မယ်။ တခါတလေ ညောင်...ညောင် လို့ စကားတွေ ပြောတယ်။ သူ့လက်မောင်းနား တိုးခွေ့ရတာကို ကျွန်တော် သိပ်ကြိုက်တာ။ သူက တခါတလေ ကျွန်တော့် နှုတ်ခမ်းမွှေး၊ အမြီးတွေကို ဆောင့်ဆွဲပြီး စတတ်တယ်။ တခါတလေ ကျွန်တော့်ကို ပွေ့ချီပြီး နတ်စု မနာလိုဖြစ်အောင် လုပ်တတ်တယ်။ နတ်စုနဲ့သူ ကလူ၏သို့ မြူ၏သို့ ဆော့ကစားနေရင် ကျွန်တော်လည်း ဆော့ချင်တာပေါ့။ ကျွန်တော်က ဟိုပြေးဒီပြေးလုပ်ရင် မိုချီတစ်ကောင် ဘာဖြစ်နေပါလိမ့်တဲ့။ ကျွန်တော့်ကို ဆိုးတယ်လို့သာပြောတယ် သူကလည်း ခပ်ဆိုးဆိုး။

ကျွန်တော့်ဗိုက်က အဆီတွေကို လာလာကိုင်တတ်တယ်။ ကျွန်တော်ကလည်း အဲဒီလိုကိုင်တာကို နည်းနည်းမှမကြိုက်။ ကျွန်တော် စိတ်တိုရင် ဂါးဆိုပြီး အစွယ်ဖြဲပြ အမြီးထောင်ပြတတ်တယ်။ သူကလည်း ဂါးဆိုပြီးအော် လက်သည်းနဲ့ကုတ်ခြစ်တော့မလို လုပ်ပြတယ်။ သူက ကျွန်တော် ဆော်ထားတာကို မှတ်ထားတယ်။ တခါတလေ ကျွန်တော် ညောင်ညောင်လို့ အစာတောင်းရင် မျက်ခွက်ကို ပိတ်ကန်တတ်တယ်။ ကျွန်တော့်ဖင်ကိုလည်း ပိတ်ကန်တတ်သေးတယ်။ တခါတလေ ကျွန်တော့်ဂုတ်ကို ညှပ်ကိုင်တတ်တယ်။ အဲဒီအခါဆို ကျွန်တော်က ဘာမှလုပ်လို့မရတော့ဘူး။ သူ ချီမယ်ဆိုရင် ကျွန်တော်က သခင့်အခန်းထဲ ဝင်ပြေးတတ်တယ်။ အဲဒါဆို သူက မလိုက်ရှာတော့ဘူး။ ခဏနေရင် ကျွန်တော်ကပဲ သူ့အခန်းတံခါး တွန်းဖွင့်ပြီ သူ့ဆီ သွားရတာပါပဲ။ သူ ပြန်လာတဲ့အခါ ကျွန်တော်က တံခါးဝကနေစောင့်ပြီး တံခါးဖွင့်လိုက်တာနဲ့ အပြင်ကိုထွက်ရင် မိုချီ လာ..လာ လို့ခေါ်တယ်။ ကျွန်တော်က မလာရင် တံခါးပိတ်ပစ်လိုက်တယ်။ ကျွန်တော့်မှာ ကြောက်ကြောက်နဲ့ တံခါးဝကို စောင့်နေရတယ်။ ခဏနေတော့မှ သူက ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ သူ အပြင်ထွက်ရင် ကျွန်တော်လည်း လိုက်ချင်တာပေါ့ တညောင်ညောင်နဲ့ ပူဆာဖူးတယ်။ အယ်မလေး ဒင်းက ခေါ်ဖို့နေနေသာသာ အတော်ရှုပ်တဲ့ကြောင်ဆိုပြီး ခြေထောက်နဲ့ ကန်ထုတ်တယ်။ သူက ကန်တယ်ဆိုပေမဲ့ ဖွဖွလေး ကန်တာပါ။ နတ်စုကိုတော့ good girl တဲ့ ကျွန်တော့်ကိုတော့ bad boy တဲ့။ ကျွန်တော့်ကို လူဆိုးလေးလို့ နာမည်ပေးတာကို ကျွန်တော်က ခပ်ကြိုက်ကြိုက်ပဲ ကျွန်တော်ကလည်း ဆိုးတာကိုး။ ကျွန်တော့်ကို များများလေးဆိုးပြီး နည်းနည်းလေး ချစ်ဖို့ကောင်းတယ်တဲ့။ သူကလည်း ထူးမခြားနားပဲ။ ကျွန်တော်တို့လား ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ပျော်စရာကြီးဗျ။

စန်းထွန်း
မေ ၁၆၊ ၂၀၁၅။

14 November 2014

အမည်မသိချစ်သူ...

credit to tiffany.com

အသက်ငါးဆယ်ကျော်နေပြီဖြစ်သော ဆူပါဗိုက်ဆာ၏ လက်ကောက်ဝတ်တွင် အနက်ရောင်ကြိုးပေါ် ရွှေရောင်လုံးလေးများပါသည့် ဟမ်းချိန်းကို မြင်လိုက်ရသည့်အချိန် သြော် ဟမ်းချိန်းကြိုက်တဲ့သူတွေက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကြိုက်တာပါပဲလားဟု တွေးမိသည်။ ထိုကဲ့သို့ဟမ်းချိန်း ကြိုက်သည့်သူတစ်ယောက်ကို တွေ့ရသောအခါ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ခန့်ဆီက ငွေရောင်ဟမ်းချိန်းလေးကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် ကောင်လေးတစ်ယောက်ကို ဖျပ်ခနဲ သတိရမိသည်။ သူနှင့်ကိုယ် အထက်တန်းကျောင်း၊ တက္ကသိုလ်တွင် တွေ့ခဲ့ခြင်း မဟုတ်ဘဲ အထက်တန်းအောင်ပြီး၍ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေချိန် အင်္ဂလိပ်စာသင်တန်းတက်သည့်အချိန်တွင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ပညာရေးဖက် အာရုံလျော့သွားမှာစိုးလို့ ဆယ်တန်းမအောင်ခင် ရည်းစားမထားရဟု ဆုံးမသည့် မိဘ၊ ဆရာများ၏ ဆုံးမစကားကြောင့်ပဲလား၊ ကိုယ်တိုင်ကပဲ အဆင့်မကျချင်လို့ပဲလား၊ ကိုယ့်ရင်ကို ခုန်စေတဲ့သူ မတွေ့ခဲ့တာလားတော့ မသိ ဆယ်တန်းအထိ ကိုယ်ရင်ခုန်ရမယ့်သူ မရှိခဲ့။ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းရချိန်များကို အချည်းနှီး မဖြစ်ရလေအောင် သွားတက်သော အင်္ဂလိပ်စာသင်တန်းတွင် ကိုယ့်ရင်ကို ပထမဆုံး လှုပ်ခတ်သွားစေသောသူနှင့် ဆုံစည်းခဲ့သည်။ ကိုယ်တို့မိန်းကလေး ၁၀ ယောက်ကျော်အုပ်စုက စာသင်ခန်း၏ ဘယ်ဖက်နံရံနှင့်ကပ်လျက် ထိုင်ခုံများတွင် ထိုင်တတ်ကြသည်။ မနက် ၉  နာရီခွဲ သင်တန်းချိန်ကို လာတက်ကြပြီး ၁၁ နာရီ အတန်းပြီးလျှင် ပါလာသော ထမင်းချိုင့်များဖြင့် နေ့လည်စာ စားသောက်ကြပြီး ၁၁ နာရီခွဲ စာဖတ်တန်းချိန်တွင် ထမင်းလုံးစီကာ ငိုက်တတ်ကြသည်။ မနက်ကနေ ညနေစောင်းအထိ စကားပြောတန်း၊ စာဖတ်တန်း၊ ဘာသာပြန်တန်း၊ စာရေးတန်းများ တက်ရောက်ကြသော်လည်း စာမကြိုးစားကြ။

သင်တန်းပြီးလျှင် လှည်းတန်းဈေး၊ အင်းလျားကန်သို့ လမ်းလျှောက်ကြသည်။ တခါတရံ အတန်းလစ်ကြလျှင် ကိုယ်တို့ထိုင်တတ်သော စာသင်ခန်း၏ဘယ်ဖက်ခြမ်းသည် ရှင်းလင်းနေ၍ ကိုယ်တို့အတန်းလစ်ကြသည်မှာ သိသာလှသည်။ အထက်တန်းကျောင်းအထိ ကျောင်းပြောင်းရလွန်းသဖြင့် သူငယ်ချင်းမယ်မယ်ရရ မရှိသောကိုယ် ထိုအင်္ဂလိပ်စာသင်တန်းမှ သူငယ်ချင်းများကို ခင်တွယ်လှသည်။ အုပ်စုထဲမှ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဇင်ယော်တောင်ပံမျက်ခုံး၊ မျက်ဝန်းညိုညို၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးနှင့် အတော်ချောမောလှပပြီး ယုန်ဖြူလေးလို ကြောက်လန့်တတ်သော ဝတ်ရည်ကို တကျောင်းလုံးမှ ကောင်လေးများ ဝိုင်းပိုးကြသည်။ အသားညိုညို၊ ဆံပင်တိုတို၊ မျက်ခုံးနက်နက်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံတိုတို၊ နှုတ်ခမ်းပြည့်ပြည့်၊ နှုတ်ခမ်းမွှေးရေးရေး၊ နာသံသီးလေးနှင့် ခင်မင်ဖော်ရွေသော ရွှေစင့်ကို ပိုးပန်းသူများလည်း မနည်း။ ပေါ်ပြူလာဖြစ်သော သူငယ်ချင်းနှစ်ယောက်ကြားတွင် သာမာန်ရုပ်ရည်နှင့် ခပ်တည်တည်နေတတ်သော ကိုယ်က မျက်နှာချင်းဆိုင်ဖက်ခြမ်းမှ မျက်ဝန်းညိုများကို သတိထားမိသွားသည်။


တကျောင်းလုံးက ဝိုင်းပိုးကြသော ကိုယ့်သူငယ်ချင်းနှစ်ယောက်ကို ကြည့်တာလား၊ ကိုယ့်ကို ကြည့်တာလားဟု မခွဲခြားတတ်။ ထိုသူငယ်ချင်းနှစ်ယောက်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်း၊ ကိုယ့်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်းပြီး သူငယ်ချင်းများက မသိမသာ စောင့်ကြည့်ကြသောအခါမှ ကိုယ့်ကိုကြည့်မှန်း သိသွားကြသည်။ စာသင်ချိန်အတွင်း လှမ်းလှမ်းကြည့်တတ်သော မျက်လုံးညိုများကြောင့် ကိုယ့်ရင်တွေ ခုန်ဖူးသည်။ ကိုယ်ချစ်သောသူတစ်ယောက်ရှိသော သင်တန်းကျောင်းဆီသွားသို့ ခြေလှမ်းများက တက်ကြွနေခဲ့ဖူးသည်။ အင်္ဂလိပ်စကားပြောသွက်စေဖို့၊ မရှင်းလင်း သည်များကို ရှင်းပြနိုင်ဖို့၊ မသိသည့်စကားလုံးများကို မေးမြန်းနိုင်ဖို့ စကားပြောတန်းတွင် စီနီယာများက ဂျူနီယာများကို စာမေးလေ့ရှိရာ စီနီယာဖြစ်နေပြီဖြစ်သော ကိုယ့်ကို သူ့ဆီ စာသွားမေးဖို့သူငယ်ချင်းများက မြှောက်ပင့်ပေးကြသော်လည်း သတ္တိမရှိသလို  တခြားတဖက်ခြမ်းဖို့ ဝေးသည်နှင့် သူ့ဆီ စာသွားမမေးခဲ့။

ဖြိုးအစ်ကို သူငယ်ချင်းနှင့် သူ တတွဲတွဲ ဖြစ်နေရာ ဖြိုးက နာမည်စုံစမ်းပေးရမလားဟု မေးလာသောအခါ ဟင့်အင်းဟု ငြင်းပယ်ခဲ့သည်။ ကိုယ့်စကား အတိအကျ နားထောင်သော ဖြိုးက တကယ်ပင် မစုံစမ်းပေးခဲ့။ သင်တန်းကျောင်းတွင် ကိုယ်တို့စိတ်ဝင်စားသောသူများကို နာမည်ပြောင်ထားရာ ရွှေစင် စိတ်ဝင်စားသည့် အသားညိုညို၊ ရုပ်ရည်ချောမောပြီး ပဲများသည့်သူကို ပဲဘဝင်၊ ခိုင်မေ စိတ်ဝင်စားသည့် စီနီယာအစ်ကိုကြီးကို အအဂျာ (အဲဒီတုန်းက ခေတ်စားနေသော ဂျပန်ကားတွင် အစ်ကိုအကြီးဆုံးကို အဂျာဟု ခေါ်သည်)၊ ကိုယ် စိတ်ဝင်စားသည့်သူ့ကို နာမည်မသိသောကြောင့် အနောနိမတ် အတိုကောက် အနောဟု နာမည်ပေးထားကြသည်။ ကိုယ့်ရှေ့နားက တိုင်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သော နူးညံ့သွယ်လျမနေသော လက်တစုံထက်ဆီမှ အနည်းငယ် အရောင်မှိန်နေသော ဟမ်းချိန်းတစ်စုံ။ ထိုဟမ်းချိန်းထက်ဆီမှ  မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို ကိုယ့်သူငယ်ချင်းများက သာမန်ရုပ်ရည်ဟု သတ်မှတ်ကြသော်လည်း ခန့်ညားသည်ဟု ကိုယ်ယူဆသော မျက်နှာကို ကိုယ် ငေးကြည့်နေခဲ့ဖူးသည်။

အကြည့်တွေဆုံ ရင်တွေခုန်ကာ ဖွင့်ဟလာနိုး မယ်မျှော်ကိုးသော်လည်း သူကတော့ ကိုယ့်နား ဘယ်သောအခါမှ ရောက်မလာခဲ့။ စကားပြောတန်း၏ နောက်ဆုံးနေ့တွင် အတန်းရှေ့ထွက်ကာ မိတ်ဆက်စကားပြောရသည်ကို ကိုယ်တို့ လှည့်ပတ်ပြေးနေခဲ့သည်မှာ ကြာပြီ။ သည်တခါတော့ ဝတ်ရည်က ဟေ့ မင်း အနော့ရှေ့မှာ ထွက်ပြောချင်တယ်ဆို ထွက်ပြောလေဟု မြှောက်ပေးသည်နှင့် မိုက်ကိုင်ကာ အတန်းရှေ့ထွက်ပြောတော့သည်။ ကျောင်းသား ၅၀ ကျော်ရှေ့တွင် စကားပြောရသည်ရော၊ အနော၏ မျက်ဝန်းညိုညိုများကို မြင်လိုက်ရသည်ရော ကိုယ် ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည်။ အနည်းဆုံးတော့ အနော ကိုယ့်နာမည်ကို သိသွားလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အတန်းရှေ့ထွက်ပြောခြင်း ဖြစ်သည်။ လန်ဒန်တက္ကသိုလ်တခုမှ လာဖွင့်သော သင်တန်းကျောင်း တက်သည်မို့ ထိုသင်တန်းကျောင်းသို့ ကိုယ် မရောက်ဖြစ်တော့။ တခါတရံ သင်တန်းဆင်းချိန် ထိုအင်္ဂလိပ်စာသင်ကျောင်းတွင် တက်နေဆဲဖြစ်သော သူငယ်ချင်းများဆီ ဝင်လည်ရင်း အနော သင်တန်းတက်နေတုန်းပဲလားဟု စုံစမ်းသောအခါ ကိုယ် ထွက်သွားပြီး မကြာခင် အနော်လည်း ထိုသင်တန်းကျောင်းမှ ထွက်သွားခဲ့သည်။


တက္ကသိုလ်များ ဖွင့်လှစ်၍ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ တက်ရောက်သောအခါ သူငယ်ချင်းအသစ်များ ရလာသော်လည်း ကိုယ်တို့သူငယ်ချင်းတွေ အဆက်အသွယ် မပြတ်ခဲ့။ သူငယ်ချင်းတွေ ဆုံကြတိုင်း ကိုယ်တို့စတင် ဆုံစည်းခဲ့ကြသော ထိုအင်္ဂလိပ်စာသင်တန်းကျောင်းသူဘဝကို ပြန်ပြောင်းအောက်မေ့ကြသည်။ ပဲဘဝင်၊ အအဂျာ၊ အနောတို့ ဘယ်တွေရောက်လို့ ဘာတွေ ဖြစ်နေကြပါလိမ့်ဟု ကိုယ်တို့ချစ်ခဲ့ဖူးသူများကို သတိရမိကြသည်။ သို့သော်လည်း သတိရခြင်းသည် ခဏတာမျှသာ ဖြစ်သည်။ တက္ကသိုလ်တွင် ကိုယ်တို့ချစ်သောသူများ တွေ့နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သုံးနှစ်ကျော်ခန့် ကြာပြီးသည့်နောက် နေ့လည်ဖက် မြို့ထဲကအပြန် လူရှင်းသော ဘတ်စ်ကားထက်တွင် ငွေရောင်ဟမ်းချိန်းလေးကို တွေ့လိုက်ရသည်။ အနောများလားဟု သေသေချာချာ ကြည့်လိုက်သောအခါ ဘုရားရေ တကယ်ပင် အနော ဖြစ်နေသည်။ ဘေးတိုက်မြင်ရသော မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ နှုတ်ခမ်းပါးလျလျသည် အရင်အတိုင်း မပြောင်းမလဲ။ ကျောပိုးအိတ် တဖက်ကို သိုင်းပြီး တဖက်ကို ချထားသည်မှာလည်း အရင်အတိုင်း၊ ရှပ်လက်တိုအင်္ကျီ၊ ပုဆိုးတိုတို၊ ကတ္တီပါခြေညှပ် ဝတ်ထားသည်မှာ အရင်အတိုင်း။

သို့သော် ညှိညက်သော အသားအရေသည် ပို၍ညှိုမောင်းကာ အနည်းငယ် ပိန်သွားသည်။ လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က မြင်တွေ့ခဲ့ရသည့် ဟမ်းချိန်းလေးကို စွဲစွဲမြဲမြဲ ဝတ်ဆင်နေတုန်း။ ဖြိုးကို ပြောပြသောအခါ ဖြိုးက မမှတ်မိ။ အရင်လို နှုတ်ခမ်းတွန့်ရုံ ပြုံးကာ မျက်ဝန်းညိုညိုများဖြင့် တချက်မျှ ဝေ့ကြည့်ရုံမျှဖြင့် ကိုယ့်နှလုံးသားက မှတ်မိပါလိမ့်မည်။ အနော ဟုတ်တယ် မဟုတ်ဘူးဟု ငြင်းနေကြသော ကိုယ့်တို့နှစ်ယောက်ကို ဘတ်စ်ကားပေါ်က ဆင်းသွားသည်အထိ သူ လှည့်မကြည့်ခဲ့။ ဖြိုးက အနောမဟုတ်ဟု အခိုင်အမာ ဆိုသော်လည်း ရင်ခုန်ခဲ့ဖူးသူတစ်ယောက်မို့ ကိုယ်ကတော့ အနောဟု အသေအချာ သိနေခဲ့သည်။ သူ ကိုယ့်ကို မမြင်ခဲ့တာလား၊ မြင်ရက်နှင့် မမှတ်မိတာလားဆိုတာ ကိုယ်တို့ မခွဲခြားနိုင်ခဲ့။ ဟမ်းချိန်းဝတ်ထားသည့် ကောင်လေးများကိုမြင်တိုင်း ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို၊ အရပ်သိပ်မမြင့်သော ကောင်လေးတစ်ယောက်ကို တခါတရံ ဖျပ်ခနဲ သတိရမိတတ်သည်။

ဆယ်ကျော်သက်အရွယ်တုန်းက လက်တွင် ဟမ်းချိန်းများဖြင့် ရှုပ်ရှပ်ခက်နေသည့်ကိုယ် ခုတော့ ရှုပ်သည်ဆိုကာ ဘာဆိုဘာမှ မဝတ်တော့။ သူရော အရင်လို ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်နေတုန်းလား၊ မျက်ဝန်းညိုညိုဆီက ကိုယ်စွဲလမ်းဖူးသည့် နွေးထွေးသည့်အကြည့်များက အရင်လို နွေးထွေးနေတုန်းလား၊ အရင်လို ခေါင်းလေးငဲ့ကာ နှုတ်ခမ်းတွန့်ရုံ  ပြုံးနေတုန်းပဲလား၊ ကိုယ်တို့ ပေးထားတဲ့ အနောဆိုတဲ့ နာမည်လေးကို သူ နှစ်သက်လေမလား။ သုံးနှစ်ကြာပြီးသည့်နောက် ပြန်တွေ့သည့်အခါတုန်းက မမှတ်မိသည့်ကိုယ် ဆယ့်ငါးနှစ် ကြာပြီးသည့်နောက် ပြန်တွေ့လျှင်လည်း မှတ်မိမည်မထင်ပါ။ ရင်ခုန်ဖူးခဲ့သူတစ်ယောက်မို  အသေအချာ မှတ်မိနေသည်ဟုလည်း အခိုင်အမာ မဆိုနိုင်တော့ပါ။ ကိုယ်ရင်ခုန်ခဲ့ဖူးသည့်သူများထဲတွင် သူသည် ဟမ်းချိန်းဝတ်ဆင်ထားသည့်သူတစ်ယောက် ဖြစ်ပြီး အမည်မသိခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။

စန်းထွန်း
နိုဝင်ဘာ ၁၄၊ ၂၀၁၄။

(ဆယ်ကျော်သက်အရွယ် ရင်ခုန်သံကို ရေးဖို့စိတ်ကူးထားတာ ကြာပါပြီ။ ပစ်ပစ် တဂ်လာမှပဲ ရေးဖြစ်တော့တယ်။ ဓာတ်ပုံတွေကတော့ ဟိုအရင်အပတ်က ဟတ်ဆန်မြစ်ဘေး မက်ဟန်တန်နဲ့ ဘေးချင်းယှဉ်ကပ်လျက်က နယူးဂျာဆီပြည်နယ်ဖက်ခြမ်း Palasides Interstate Park ပါလာဆိုဒ်ပန်းခြံကို ဟိုက်ကင်း ၈.၃ မိုင် တောင်သွားတက်တုန်းက ရိုက်လာတဲ့ Fall Foliage ဓာတ်ပုံတွေပါ။ နောက်မှ အဲဒီဓာတ်ပုံတွေ တင်ပါဦးမယ်။ )

21 August 2014

အပျိုကြီးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်...

အသက် ၂၇ နှစ် ရှိပြီး လက်ဆုပ်လက်ကိုင် မပြနိုင်သေးသူတွေကို အပျိုကြီး၊ လူပျိုကြီးလို့ သတ်မှတ်ရင် ကိုယ်ကတော့ အပျိုကြီးထက် ဟိုင်းနေတဲ့ အပျိုဟိုင်းကြီးလို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်က ၂၇ နှစ်ကိုမှ ဆယ်စုနှစ်ရဲ့တဝက် ထပ်ပေါင်းရမှာမို့လို့။ ကိုယ်တို့ ငယ်ငယ်တုန်းက ဆယ်တန်းမအောင်သေးခင် ရည်းစားထားရင် အပြစ်တစ်ခု လုပ်သလို။ မိဘတွေ၊ ဆရာမတွေကလည်း ဆယ်တန်းမအောင်သေးဘဲ ရည်းစားမထားနဲ့၊ တက္ကသိုလ်ရောက်မှ ထားလို့ ဆုံးမကြတယ်။ ပညာရှာချိန်မှာ ကြင်ယာရှာရင် ပညာရေးဖက် အာရုံစိုက်တာ နည်းသွားမှာစိုးလို့ တားမြစ်ကြတာ ထင်ပါရဲ့။  ခုခေတ် ကလေးတွေကို အဲဒီလို ဆုံးမလို့ရမယ် မထင်။ မူလတန်း၊ အလယ်တန်းလောက်ကတည်းက ရည်းစားရနေပြီ။

တက္ကသိုလ်ရောက်တော့ ကိုယ့်ကို စိတ်ဝင်စားတဲ့သူတွေ၊ ကိုယ်က စိတ်ဝင်စားတဲ့သူတွေ ရှိသားနဲ့ ဘာလို့ ရည်းစားတယောက် ဖြစ်ဖြစ်မြောက်မြောက် မထားခဲ့ပါလိမ့်လို့ တွေးမိတယ်။ အချစ်ဆိုတာလည်း ထူးဆန်းသား အားလုံးထဲမှာမှ သူ့တယောက်တည်းကို ရင်ခုန်မိတာ။ တခါတလေ နှစ်ယောက်၊ သုံးယောက်လောက်ကို တပြိုင်နက်တည်း ရင်ခုန်တာမျိုးလည်း ရှိသေးတယ်။ သူငယ်ချင်းတွေထဲမှာလည်း ရည်းစားရတဲ့သူရ၊ ရင်ခုန်တဲ့သူ ရှိတဲ့သူ၊ ရင်မခုန်တဲ့သူ၊ လွမ်းကြဆွေးကြ၊ ရင်ခုန်ကြနဲ့ပေါ့။ ဒုတိယနှစ်မှာ ပုဂံ၊ ပုပ္ဗား ကျောင်းလေ့လာရေးခရီးစဉ်က ပြန်လာတော့ ဒေတာဘေ့စ် database သင်တဲ့ ဒေါ်မြင့်သီတာထွန်းကို တီချယ်ရေ ခရီးလည်း ထွက်ပြီးပြီ၊ ပုပ္ဗားတောင်မကြီးလည်း တက်ပြီးပြီ မစွံသေးပါလားလို့ ညည်းတော့ တီချယ်က ပထမနှစ်နဲ့ မစွံရင် ဒုတိယနှစ် ခရီးထွက်၊ မစွံသေးရင် နောက်နှစ် တောင်တက်၊ ညည်းတို့က တခါတည်း ခရီးလည်းထွက်၊ တောင်လည်း တက်တာကိုးအေ့။

ကျောင်းပြီးလို့ မစွံသေးပေမဲ့ အလုပ်ထဲမှာ ဖူးစာရှင် တွေ့နိုင်တာပဲလေ အားမငယ်ပါဘူး။ ဒီလိုနဲ့ ခြင်္သေ့ကျွှန်းက အန်ယူအက်စ်မှာ ကျောင်းတက်ဖို့ ဖန်လာချိန်မှာ အသက်က အပျိုကြီးအရွယ် ရောက်နေပြီ။ မိသားစုသိုက်မြုံရဲ့ အဝေးမှာ အထီးကျန်ကြလို့ နိုင်ငံခြားရောက်ပြီး မကြာခင် တော်တော်များများ ရည်းစားရကြတယ်။ တချို့ကြတော့လည်း အင်တာနက်ကနေ ရည်းစားရကြတယ်။ အသက်ကလည်း ၃၀ နားနီးနေပြီမို့ ဆယ်ကျော်သက်လို ရင်တွေတဒိတ်ဒိတ်မခုန် အမြဲတမ်း တတွဲတွဲနေတဲ့ အစ်မလည်း ရှိနေတော့ ရည်စားမရှိပြန်ဘူး။ တချို့ကြတော့လည်း မြန်လိုက်တာ ဟောတယောက် ဟောတယောက်။ ကိုယ်တွေကြတော့လည်း တစ်ယောက်ထားဖို့တောင် ခက်လိုက်တာ။


ဒီလိုနဲ့ စတိတ်ကို ကျောင်းတက်ဖို့ ရောက်လာတော့ ပိုဆိုး။ ယဉ်ကျေးမှု၊ ရာသီဥတု၊ အစားအသောက်၊ ဘာသာစကားတွေနဲ့ အသားကျဖို့၊ စာမေးပွဲတွေ မှန်မှန်အောင်ဖို့ ပင်ပန်းလွန်းတဲ့ ကျောင်းသားဘဝ နေ့ရက်တွေ၊ ကားမောင်းလိုင်စင်ရဖို့ ကြိုးစားရတာတွေနဲ့ ရောက်စနှစ်တွေဟာ တကယ့်ကို ပင်ပန်းလွန်းတော့ အချစ်ဆိုတာ အစွမ်းကုန်ပွင့်အာမဲ့ အချိန်မရောက်ခင် ပူပြင်းတဲ့နေရောင်ကြောင့် ညှိုးခြောက်သွားတဲ့ ပန်းကလေး တပွင့်လိုပဲ။ ကျောင်းပြီးလို့အလုပ်ရပြန်တော့ မြို့အသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ နေသားတကျဖြစ်ဖို့၊ အပတ်တိုင်း အဆိုင်းမင့်တွေ အချိန်မှီတင်နိုင်ဖို့၊ တလခွဲတခါ ဖြေရတဲ့ စာမေးပွဲမှာ ဘီ ( ၇၅ ၊ ၈၀ မှတ်) ရဖို့၊ အလုပ်က ဖိစီးလို့ စာမကြည့်နိုင်၊ စာမရတော့ စာမေးပွဲအတွက် စိတ်ညစ်နဲ့ ပတ်ချာလည် လိုက်နေတာပဲ။ အစတုန်းကတော့ စာမေးပွဲကိုတောင် ရင်ခုန်သေးတယ်။ ခုတော့ လေးနှစ်လောက် စာမေးပွဲတွေ၊ အဆိုင်းမင့်တွေနဲ့ နပန်းလုံးနေရတော့  ကျောင်းသားပါး ဝသွားတယ်နဲ့ တူပါရဲ့ ရင်ကိုမခုန်တော့ဘူး။ ဘီမရလို့ စာမေးပွဲ ကျရင် နောက်ထပ် ထပ်တက်မယ် အဲ ကျောင်းစရိတ်တော့ ပိုထောင်းသွားတယ်။

ရောက်ခါစနှစ်တွေနဲ့စာရင် နည်းနည်းနေသားကျပြီလို့ ထင်မိတယ်။ ဒါတောင် အလုပ်ဗီဇာအတွက် စိတ်ထင့်နေရတုန်း၊ ဆုတောင်းနေရတုန်း။ ရည်းစားထားတော့မယ်လို့ တွေးလိုက်တော့ အရွယ်တော် တစိတ်ဟိုင်းနေပြီ။ ကိုယ့်ဘော်ဒါ သက်တူရွယ်တူ ကောင်လေးတွေက ပြောကြတယ် သူတို့က ၁၆ နှစ်နဲ့ ၂၅ နှစ်ကြားပဲ စိတ်ဝင်စားတာ မင်းတို့က အဘွားကြီး ဖြစ်နေပြီတဲ့။ ကိုယ်ကလည်း သူတို့အရွယ်ကို စိတ်မကူးပါဘူး အဘိုးကြီးတွေ။ ကိုယ့်မေမေ၊ ဖေဖေက ရည်းစားထားဖို့လည်း မပြောဘူး၊ အိမ်ထောင်ပြုဖို့လည်း မပြောဘူး။ ပေးလည်း မပေးစားဘူး။ ကိုယ်ကြိုက်ရင် ယူတဲ့။ ကိုယ့်မိသားစုက ဘာမှမပြောပေမဲ့ ရည်းစားထားဖို့ တိုက်တွန်းနေကြတာက ကိုယ့်အစ်မ သူငယ်ချင်းတွေ။ ခရီးသွားလို့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ဓာတ်ပုံရိုက်ရင် ဟဲ့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ မရိုက်နဲ့ ကောင်လေးတွေနဲ့ရိုက်တဲ့။ သူတို့က ကိုယ့်ကို ကောင်းစေချင်လို့ ပြောမှန်းသိပါတယ်။ ဒါပေမဲ့ ရည်းစားဆိုတာများ လျှောပင်းမောလ်မှာ ဈေးဝယ်သလို လိုချင်တာ ပက်ခနဲ ကောက်ဝယ်လို့ ရတယ်များ ထင်သလား မသိဘူး။ ဈေးဝယ်တာတောင် သင့်တင့်တဲ့ဈေး၊ တကယ်လိုအပ်တဲ့အရာ ဟုတ်မဟုတ် အတော်စဉ်းစားရသေးတာလား။

ကိုယ့်သူငယ်ချင်း တော်တော်များများ အိမ်ထောင်ကျလို့ ကလေးတွေတောင် အတော်ကြီးနေကြပြီ။ ရည်းစားရှိပြီ အိမ်ထောင်မကျသေးတဲ့သူ၊ ရည်းစားမရှိသေးတဲ့ အပျိုကြီး လူပျိုကြီးတွေလည်း ရှိတယ်။ ရည်းစားမရှိ၊ အိမ်ထောင်မကျသေးတာဘဲ တခုခု ချို့ယွင်းနေသလို။ အပျိုကြီး လူပျိုကြီးလို့ နောက်သလို ပြောင်သလိုနဲ့ စကြတယ်။ အအိုကြီးလို့ ပြန်နောက်ရမလားလို့ တွေးမိတယ်။ စတိတ်ကိုရောက်တော့ ကိုယ်တို့ ပထမဆုံး တက်ရတဲ့ သင်ခန်းစာက အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာ။ အသက်၊ အိမ်ထောင်ရေး၊ လစာ မေးတာ ရိုင်းတယ်လို့ အမေရိကန်တွေက ယူဆပါတယ်။ အရှေ့နဲ့ အနောက် တကယ်ကွာတယ်။ အာရှမှာတော့ တွေ့တာနဲ့ အသက်၊ အိမ်ထောင်ရေး မေးကြတော့တာပဲ။ အသက်ကို သိရမှ အသက်အရွယ်အလိုက် ခေါ်ဝေါ်ရမှာ၊ ကလေးတွေအကြောင်း၊ မိသားစုတွေအကြောင်း ပြောဆိုကြမှာကိုး။ အသက်ကြီးကြီးငယ်ငယ် နာမည်ကိုခေါ်ဝေါ်ပြောဆိုကြ၊ အပျိုကြီး၊ လူပျိုကြီးလို့ မခေါ်ကြတဲ့ အနောက်ဓလေ့ကို ကြိုက်တယ်။ အပျိုကြီးမို့ အပျိုကြီးလို့ ခေါ်တာကို နားခါးတယ် ထင်ပါရဲ့။


ခြင်္သေ့ကျွှန်းက အလုပ်မှာ နေ့လည်ထမင်းအတူတူ သွားစားလေ့ရှိတဲ့ ကိုယ်တို့အုပ်စုကို ဒါရိုက်တာမက အာဆီယံအုပ်စုလို့ နာမည်ပြောင် ပေးထားတယ်။ ကိုယ်တို့အုပ်စုထဲမှာ ဟိုင်နန်ကွျှန်းက တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား။ အုပ်စုထဲမှာ အိမ်ထောင်ရှင်တွေ များတယ် လူလွတ်ဆိုလို့ ကိုယ်နဲ့ မလေးရှားမ ထိန်ထိန်က ရည်းစားလည်းမရှိ။ ကိုယ်နဲ့တက္ကသိုလ် အတူတူတက်ဖူးတဲ့ ကောင်လေးက မလေးရှားမလေးကို စတယ်  မြန်မာပြည်မှာ အပျိုကြီး၊ လူပျိုကြီးတွေသေရင် ဖက်ဖို့ လူသေခေါင်းမှာ ငှက်ပျောတုံး ထည့်ပေးတယ်တဲ့။ ဟင် သေမှတော့ ဖက်ဖို့ ငှက်ပျောတုံး ဘာလို့ထည့်ပေးရတာလဲ မသိ။ သူသာ လူပျိုကြီးဆိုရင် ဒီစကား ဟတောင်ဟမှာ မဟုတ်ဘူး။ ရည်းစားမရှိတဲ့သူတွေ ဘာလို့ရည်းစားမထားတာလဲ၊ အိမ်ထောင်မပြုတာလဲလို့ မမေးသင့်ဘူး၊ ရည်းစားရှိပေမဲ့ လက်မထပ်သေးတဲ့သူတွေကို ဘယ်တော့လက်ထပ်မှာလဲလို့ မမေးသင့်ဘူးလို့ ကိုယ့်အစ်မက သွန်သင်ထားတယ်။

ကိုယ့်အဖေက ပြောဖူးတယ် တချို့ယောကျ်ားလေးတွေက ကျောရရုံသာကြံတာ သားမှတ်မှတ် မယားမှတ်မှတ် မပေါင်းချင်ကြဘူးတဲ့။ အဖေ့စကား အတော်မှန်တယ်။ ကိုယ့်မိဘတွေခေတ်တုန်းက ဖခင်တစ်ယောက်ရှာတာ တအိမ်လုံး စားလောက်တယ်။ ကိုယ်တို့ခေတ်လည်းရောက်ရော တမိသားစုလုံး အလုပ်ထွက်လုပ်တာတောင် ဒုံးပျံကုန်ဈေးနှုန်းကို လိုက်လို့မမှီတော့ဘူး။ အိမ်ထောင်ရှင်မ အချိန်ပြည့် လုပ်သူတွေရဲ့ ပြုစုစောင့်ရှောက်မှုမျိုးကို အလုပ်လုပ်တဲ့ အမျိုးသမီးတွေဆီကနေ တောင်းဆိုတဲ့ ယောကျာ်းဟာ အတော်မိုက်မဲတဲ့သူပဲ။ အလုပ်က ပြန်လာတာချင်း အတူတူတောင် မိန်းမက မီးဖိုချောင်ထဲ ချက်ပြုတ်၊ ယောကျ်ားက ဧည့်ခန်းမှာ တီဗွီထိုင်ကြည့်။ ယောက်ျားလေးဆိုတာ အိမ်အလုပ်လုပ်ဖို့မလို သူနဲ့လုံးဝမသက်ဆိုင်ဘူးလို့ တွေးတဲ့ယောကျာ်းကိုရတဲ့ မိန်းမဟာ အတော်ပင်ပန်းရှာတာပဲ။

ယောကျာ်းလေးတွေကလည်း သူတို့ရှာတာ သူတို့မလောက်လို့ မိန်းမယူဖို့ မတတ်နိုင်။ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးတွေ ကြတော့လည်း စဉ်းစားလွန်းလို့ အိမ်ထောင်မပြုချင်။ အိမ်ထောင်ကျတာလည်း ကံနဲ့ဆိုင်မယ် ထင်ပါတယ်။ အိမ်ထောင်ကျဖို့ ကံပါလာရင် အပျိုကြီးလုပ်မယ်လို့ ကြွေးကြော်တာတောင် ကျပါလိမ့်မယ်။ ကိုယ်ကတော့ အပျိုကြီးပဲလုပ်မယ်၊ အိမ်ထောင်ပြုမယ်လို့လည်း မကြွေးကြော်ဘူး။ အိမ်ထောင်ရေးဆိုတာလည်း အပြောကျယ်သလောက် နက်ရှိုင်းသား။ လူနှစ်ယောက် ပေါင်းစပ်တာမဟုတ်ဘဲ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်ရတာမို့ နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ရတာမျိုးမလား။


သားသမီးတွေနဲ့ အားကျလောက်တဲ့ မိသားစုဘဝ၊ သူ့ကိုမှ မရရင် သေပါတော့မယ်ဆိုပြီး အရက်သောက်၊ မယားကို နှိပ်စက်တဲ့သူ၊ မိသားစုမှာ အဆင်မပြေလို့ လာတောင်းတဲ့သူကို ယူပြီးတော့ ဘဝအေးချမ်းနေတဲ့သူ၊  ယောက်ျားကောင်းကောင်းရလို့ ဘဝပြောင်းသွားသူ၊ လက်ထပ်ပြီး ၆ လမှာ ယောက်ျားသေသွားလို့ မုဆိုးမဖြစ်တဲ့သူ၊ ချစ်လွန်းလှချည်ရဲ့လို့ ခိုးပြေးပြီးမှ မိဘမောင်ဖွားတွေကြောင့် ရန်တဂျိမ်းဂျိမ်းဖြစ် ကွဲကြပြဲကြသူ ဘဝတွေ ဘဝတွေ။ တချို့ကောင်လေးတွေက အပျိုကြီးတွေကြောင့် လူ့သားအရင်းအမြစ်တွေ လျော့နည်းတယ်လို ့ အပြစ်ပြောချင်သေးတယ်။ အပျိုကြီးတွေ အိမ်ထောင်ပြ ုချင်လာအောင် မစွမ်းဆောင်နိုင်တဲ့ လူပျိုကြီးတွေမှာလည်း တာဝန်ရှိတယ်နော့။ အိမ်ထောင်ပြ ုတာ၊ ကလေးမွေးတာ၊ သစ်ပင်စိုက်တာ၊ ခရီးသွားတာ၊ ချက်ပြ ုတ်တာ၊ တီဗွီကြည့်တာ၊ သီချင်းနားထောင်တာ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာဖို့ အဓိကပါ။ အိမ်ထောင်ပြ ုပြီး စိတ်မချမ်းသာတာထက်စာရင် အိမ်ထောင်မပြ ုဘဲနဲ့ စိတ်ချမ်းသာနေတာက ပိုမကောင်းဘူးလား။ မူးယစ်သောက်စား မိသားစုတာဝန် မကြေတဲ့သူထက် လူပျိုကြီး၊ အပျိုကြီးနဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းရှာနေတဲ့ သူတွေက ပိုမကောင်းဘူးလား။

လူဆိုတာမျိုးက အပေါင်းအသင်း မင်တတ်တာမျိုးလား။ ဘာစားစား၊ ဘာသွားသွား၊ ဘာလုပ်လုပ် အဖော်အပေါင်းအသင်းနဲ့မှ လုပ်ချင်တာ။ ဒါပေမဲ့ အရာရာ စိတ်တူကိုယ်တူဖြစ်ဖို့ဆိုသာ ခက်သား။ အဖေက အင်္ဂလိပ်ပရီးမီးယား ဘောလုံးပွဲတွေကို အမြဲကြည့်ပေမဲ့ ကိုယ်တို့ကတော့ ပွဲကြီးပွဲကောင်း၊ ဗိုလ်လုပွဲလောက်မှ ကြည့်ချင်တာ။ မောင်မောင် ရေချိုးခန်းဝင်တာနဲ့ သူဖွင့်ထားတဲ့ ဆူညံပေါက်ကွဲ အော်ဟစ်နေတဲ့ ရော့ခ်အပြင်းစား သီချင်းတွေပိတ်ပြီး ကိုယ်ကြိ ုက်တဲ့ သီချင်းတွေ ဖွင့်လို့ မောင်နှမနှစ်ယောက် ကက်ဆက်လုကြတယ်။ စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေတောင် သူ့အကြိ ုက်၊ ကိုယ့်အကြိ ုက်ဆိုတာ ရှိသေးတာ့ တချို့ကိစ္စတွေမှာ(တောင်တက်တာ၊ ပြတိုက်၊ ပန်းချီပြပွဲ သွားတာ) တယောက်တည်း လုပ်ရတာရှိတယ်။ တယောက်တည်း လုပ်ရလို့ ပိုကောင်းတာမျိုးလည်း ရှိတယ်။ လမ်းမလျှောက်နိုင်တဲ့ သူငယ်ချင်းတွေနဲ့ဆို ပြတိုက်ကို နှံ့ချင်မှနှံ့မယ်။ ကိုယ့်တယောက်တည်း ဆိုရင်တော့ ပြတိုက်ရဲ့ ချောင်ချိုချောင်ကြား မကျန်အောင်ကို ပတ်တယ်။ ကိုယ့်ကို အပျိုကြီးလို့ ခေါ်ရင် ခွဲခြားဆက်ဆံတာ discrimination လုပ်တာလို့ တွေးပေမဲ့ ကိုယ် လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို စိတ်ကြိ ုက်လုပ်နိုင်တဲ့ အပျိုကြီးဘဝကို ကြိ ုက်တယ်။

အိမ်ထောင်ကျသွားရင် မိသားစုကို အချိန်ပေးရတော့မှာမို့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတယ်။ အရင်တုန်းက မွေးနေ့တွေဆို ဘယ်ဟာဝယ်ပေးပါလို့ ပူဆာတတ်တဲ့ မောင်မောင် အိမ်ထောင်ကျသွားတော့ အရင်တုန်းကလို မပူဆာတော့ဘူး။ ကိုယ့်ကိုတောင် ဆုံးမနေသေးတယ် ခရီးတွေ သိပ်မသွားနဲ့ ပိုက်ဆံစု၊ နေထိုင်မကောင်းရင်၊ အခက်အခဲကြံ ုရင် နိုင်ငံခြား တစ်ယောက်တည်း နေရတာ မလွယ်ဘူးတဲ့။ ဒီလိုမှန်းသိရင် မိန်းမ စောစောယူခိုင်းပါတယ်။ ကိုယ့်သူငယ်ချင်းရဲ့ ကိုကြီးက အိမ်ကိုထောက်ပံ့ပေးတယ်။  ဝင်ငွေကောင်းတဲ့ သားဆိုတော့ မိန်းမယူသွားတော့ မိသားစုဝင်တွေက နှမြောကြတယ်။ မောင်မောင် မိန်းမရတော့ ဒင်းကို ထိန်းကျောင်းမဲ့သူရှိပြီ ငါ့လက်လွှတ် ဗြွှတ်ဆိုပြီး ကိုယ်တို့တွေ ဝမ်းသာကြတယ် နှမြောဖို့ဝေးရော။ ကိုယ်သာ အိမ်ထောင်ရှင်၊ မိသားစု၊ ကလေးတာဝန်တွေနဲ့ဆိုရင် ခုလို ဘလော့ရေးနိုင်၊ အပတ်တိုင်း နယူးယောက်တခွင် ၅၊ ၇ မိုင် လမ်းလျှောက်၊ ပိတ်ရက်တွေမှာ ခရီးတွေ သွားဖြစ်မယ် မထင်ဘူး။

ဒီပို့စ်ကို ရေးနေတုန်းမှပဲ ရာဟူးသတင်းမှာ ဖတ်နေတာက   9 reasons to celebrate if you are single ဆိုတဲ့ ပို့စ်လေးပါ။

1.You have a better body.
2.You’re more likely to achieve great things in your career.
3.You do less housework.
4.You can do what you want with your money — including keep it.
5.You’re better rested and smarter than your married counterparts.
6.You’re less depressed.
7.You have better friendship.
8.Your solo travel tales are enviable.
9.You know yourself — and what you want out of a relationship.

ကိုယ်သာ married ဆိုရင် ဘော်ဒီလည်း ခုလိုစလင်းနေမယ် မထင်။ အိမ်ထောင့်တာဝန်မရှိတော့ ရုံးကို စောစောလာ၊ ည ၈၊ ၉  နာရီအထိ အလုပ်လုပ်တော့ ဘယ်အလုပ်ရှင်က မကြိုက်ဘဲ နေပါ့မလဲ။ လျှော်မဲ့အဝတ်တွေကို အဝတ်တောင်းထဲ မထည့်၊ ညစ်ပတ်ပေဖွတဲ့ မောင်မောင့်ကို ပြောဖို့မလိုတာ အတော်လေး စိတ်ချမ်းသာတယ်။ ကိုယ့်ရှာသမျှ ကိုယ့်စိတ်ကြိုက် သုံးခွင့်ရှိတယ်။ ခင်တွယ်စရာ သူငယ်ချင်းပဲ ရှိတော့ သူငယ်ချင်းတွေ အချင်းချင်း တွယ်တာကြတယ်။ ဖီလာဒဲဖီးယားနဲ့ မိန်းပြည်နယ်ကို သွားခဲ့တဲ့ တကိုယ်တော်ခရီးကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုတွေ တိုးလာတော့ အမှန်ပဲ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ဆို ညှိုနိုင်းစေ့စပ်ရတော့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတယ်။ ခုတော့ ကိုယ် ဘာတွေကြိုက်လဲ၊ မကြိုက်ဘူးလဲ၊ ကိုယ့်စိတ်ကူးယဉ်အိမ်မက်၊ ရည်မှန်းချက်တွေကို အကောင်အထည် ပိုဖော်ဖြစ်တယ်။ ကဲ အပျိုကြီးဖြစ်တာ မကောင်းဘူးလို့ ဘယ်သူပြောမလဲ။

မှတ်ချက်း အပျိုကြီး၊ လူပျိုကြီးများသာ ဖတ်ရန်။

စန်းထွန်း
သြဂုတ် ၂၁၊ ၂၀၁၄။

15 August 2014

အချစ်က နွေဦးလို...

အချစ်ဆိုသည်မှာ ချိုမြိန်တယ်၊ ခါးသီးတယ်၊ လွမ်းဆွတ်ကြေကွဲရတယ်၊ ကြည်နူးရတယ်ဖြင့် သူငယ်ချင်းများက အဓိပ္ဗာယ် ဖွင့်ဆိုကြသည်။ ကျွန်မကတော့ အချစ်ဆိုတာ နွေဦးနှင့်တူသည်ဟု ဆိုချင်မိသည်။ သူ့မျက်ဝန်းများက နွေဦးတွင် လင်းလက်တောက်ပသည့် နေရောင်ခြည်လို နွေးထွေးသည်။ သူ့အပြုံးက နွေဦးတွင် ပွင့်ဖူးသည့် ပန်းကလေးများလို လှပသည်။ သူ တီးခတ်သည့် ဂီတာသံက နွေဦးတွင် သီကျူးသည့် ငှက်ကလေးများ၏ တေးသံသာလို သာယာလှသည်။ နွေဦးနှင့်တူသည့်  သူ့ကို နွေဦးကာလ၏ တစ်ခုသော နေ့ရက်တွင်ပင် ဆုံတွေ့ခဲ့သည်။

သူ့ကို မြင်မြင်ချင်း ချစ်ခဲ့တာ မဟုတ်၊ သူငယ်ချင်းတွေလည်း မဟုတ်၊ သူစိမ်းတွေလည်း မဟုတ်ပြန်။ သူနဲ့ကျွန်မ တက္ကသိုလ်အတူတူ တက်ခဲ့ဖူးပေမဲ့ မေဂျာမတူ၊ အတန်းမတူ မျက်မှန်းတန်းမိတယ် ဆိုရုံလေး။ ကိုကို့သူငယ်ချင်းအိမ်မှာ ခဏနေဖို့ ပြောင်းလာသည့်အခါမှ သူနှင့် ပြန်ဆုံခဲ့သည်။ သူစိမ်းတွေကြားထဲ သိကျွှမ်းဖူးသူတွေ ပြန်တွေ့ရသည်မှာ ဝမ်းသာစရာ။ သူနှင့် ဆုံခဲ့ရသည်မှာ ခဏတာလေး ဆိုသော်ငြား  ထိုနေ့ရက်များသည် သာယာပျော်ရွှင်စရာ အကောင်းဆုံး နွေဦးရက်များ ဖြစ်သည်။ ကျွန်မမှာ သူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ လက်ချိုးရေတွက်၍ ရသည်။ သူက ပေါင်းသင်းဆက်ဆံရေးကောင်း၊ မိတ်ဆွေသူငယ်ချင်း များလှသူ ဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်တွင် မေမေကိုယ်တိုင် ဟင်းချက်သင်တန်းပေးသော်လည်း အချက်အပြုတ် ဝါသနာမပါ၊ ချက်ပြုတ်ဖို့ အလွန်ပျင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေကို ဟင်းချက်ရင်းနဲ့ ကုန်ဆုံးရမှာလားဟု ဆင်ခြေပေးတတ်သည့် ကျွန်မက ဆိုင်ထမင်းဟင်းများကို မစားချင်သည့်အခါ မီးဖိုချောင်ဝင် ချက်ပြုတ်ရသည်။ အင်တာနက်တွင်ရှာ၊ ယူကျူကြည့်ကာ ဟင်းချက်သည့် ကျွှန်မကို မင်းကို ရတဲ့ကောင်ကတော့ အတော်ကံဆိုးတာပဲဟု နောက်ပြောင်တတ်သည်။ သူကတော့ ဟင်းချက်ကောင်းသူ ဖြစ်ပြီး တခါတရံ သူ့လက်ရာ ငါးကြော်နှင့် ဘီယာ၊ ဝိုင်ပါတီ ဆင်နွှဲကြသည်။ မေမေ ခရီးသွားသည့်အခါများတွင် ဖေဖေက ကိုယ်တိုင်ဈေးဝယ်ပြီး ချက်ပြုတ်ကျွှေးမွေးတတ်သည့် ယောကျာ်းလေးမို့ အိမ်မှုကိစ္စများကို မလုပ်ဟု သဘောမထားသည့် မိသားစုတွင် ကြီးပြင်လာသည့်  ကျွန်မက  မီးဖိုချောင်ဝင်သည့် ယောကျာ်းလေးများသည် ချစ်စရာကောင်းသည်ဟု မြင်သည်။

credit to Tata Harper skincare

နွေဦးရာသီဖြစ်သည်မို့ပြတင်းပေါက်နားတွင် အိုးကလေးများနှင့် ပန်းပင်များ သူ စိုက်ပျိုးသည်။ ခရမ်းချဉ်သီး၊ ငရုတ်ပင်များသည် ဥယျာဉ်မှုး၏ ဂရုစိုက်မှုကြောင့် မပြတ်သီးပွင့်သည်။ အိမ်ရှေ့တွင် ပန်းရောင်ရှိသည့် အပွင့်များ အဆုပ်လိုက်ပွင့်သည့် အပင်ကြီးရှိသည်။ ခေါင်းရင်းတွင် ပန်းပွင့်ဖြူဖြူများ ဝေဝေဆာဆာ ပွင့်တတ်သော အမျိုးအမည်မသိသည့် အပင်ရှိသည်။ ၁၅ နှစ်သားကတည်းက ဂီတာတီးသင်ခဲ့သည့် သူက ဂီတာကို ကျွှမ်းကျွှမ်းကျင်ကျင် တီးတတ်သည်။ ကျွန်မတို့ ပွဲတောင်းလျှင်၊ သူငယ်ချင်းတွေ ဆုံကြလျှင်၊ တခါတလေ သူ စိတ်ကူးပေါက်လျှင် တီးပြတတ်သည်။ သူ့လက်ဖြင့် တီးခတ်လိုက်သည့် ဂီတာမှ ပျံ့လွင့်လာသည့် တေးသီချင်းသံများကို နားဆင်ရသည်မှာ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသည်။ သူ့ဆီမှာ ဂီတာတီးသင်သော်လည်း လက်ထိပ်နာကျင်မှုကို မခံနိုင်သည့်အတွက် ကီး ၂ ခုမှနေ မတက်တော့။

ဝိုင်းဘုတ်ပေါ်တွင် သူ့အချိန်စာရင်းကို ရေးထားတတ်သည်။ တနာရီလောက် တခုခု သင်ယူနေပါ ဆိုတာမျိုး။ ရှားရှားပါးပါး တခါတလေ စိတ်လိုလက်ရ သူ့အကြောင်း၊ သူ့ရည်းစားဟောင်းများ အကြောင်းကို ပြောပြတတ်သည်။ ကျွန်မက တောင်တက်၊ သစ်တောအုပ်ထဲ လမ်းလျှောက်ဖို့ နှစ်သက်သလောက် သူက ငါးမျှားခြင်းကို နှစ်သက်သည်။ ငါးမျှားတံကို မလှုပ်မယှက် ကိုင်ထားရမှာ ပျင်းစရာကြီးဟု ကျွန်မက ဝေဖန်လျှင် မင်း တောင်တက်တာလည်း ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲဟု ပြန်ပက်တတ်သည်။ မင်းလိုမျိုး တနေကုန် ရုပ်သံဇာတ်လမ်းတွေ မကြည့်နိုင်ပေါင် ပျင်းစရာကြီးဟု ကျွန်မက ခနဲ့လျှင် မင်းကြိုက်တဲ့ သီချင်းစာသားမပါ တီးလုံးသံသက်သက် သီချင်းတွေကမှ တကယ့်ပျင်းစရာဟု ပြန်ခနဲ့သည်။ ကျွန်မက ကိုရီးယားမင်းသားကေ ဖက်ရှင်ကျကျ  ဝတ်စားထားသည့် ကောင်လေးသူများကို ငေးတတ်ပြီး သူက မျက်လုံးအိုင်လိုင်နာထူထူဆွဲထားသော ဘော်ဒီတောင့်တောင့် ခပ်ဖြောင့်ဖြောင့် ကောင်မလေးများကို ငေးတတ်သည်။ မင်း အိုင်းလိုင်နာထူထူ ဆွဲသင့်တယ်ဟုလည်း ကျွန်မဓာတ်ပုံကို ဝေဖန်တတ်သည်။

ဆံပင်ညှပ်ပြီးသောအခါ  Before & After ဘယ်ဟာပိုလှသလဲဟု မေးလျှင် Before ဟု မလိမ်မညာ ဖြေတတ်သေးသည်။ တချို့က ဘယ်အချိန်မှာ စချစ်သွားသလဲ မသိဘူး၊ မမှတ်မိဘူးဟု ဆိုတတ်ကြသည်။ ကျွန်မကတော့ သူ့ကို စချစ်မိသွားသည့် အချိန်ကို ခုထက်ထိ မှတ်မိနေသေးသည်။ မှောင်မှောင်မည်းမည်း ခြောက်ခြားစရာ ထိတ်လန့်စရာကောင်းသော စုန်းပြတိုက်ကို သွားလည်စဉ်က ဖြစ်သည်။ သရဲကားကို မျက်လုံးမှိတ်ပြီး ကြည့်တတ်သော၊ ကြည့်ပြီးတိုင်း ညဖက် အိမ်သာမသွားရဲ၊ မီးဖွင့်ကာ အိပ်တတ်သော သတ္တိခဲ ကျွန်မက အနီးတွင်ရှိသော သူ့လက်ကို အမှတ်မထင် ဆုပ်ကိုင်လိုက်သည်။ ထိတ်လန့်တကြားမို့ ကျွန်မက မမှတ်မိသော်လည်း သူက ယောကျာ်လေးတန်မဲ့ နားရွက်တွေနီကာ အရှက်ပိုနေခဲ့သည်။ အဲဒီအကြောင်း သူငယ်ချင်းတွေ စကြတိုင်း ဒီရှပ်ပြာမလေးကြောင့်လို့ သူက ပြောရင် ကျွန်မတို့တွေ ရယ်မောကြဆဲ။


အဲဒီကတည်းက သူ့ကို စတင်သတိထားမိလာသည်။ သူသည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော၊ မိန်းကလေးကြားတွင် ပေါ်ပြူလာဖြစ်သော လူတယောက်ဖြစ်သည်။ သူ့အကြောင်း သိလာလေ နှစ်သက်လာလေ ဖြစ်သည်။ တခါတလေ ချစ်ခြင်းမေတ္တာများဖြင့် တောက်ပသော မျက်ဝန်းညိုများကြောင့် သူများ ကျွန်မကို စိတ်ဝင်စားသလားဟု တွေးထင်မိသည်။ သို့သော် သူ ဘယ်တော့မှ ကျွန်မကို ဖုန်းမခေါ်၊ မက်ဆေ့မပို့၊ အွန်လိုင်းတွင် တွေ့သော်လည်း စကားမပြော။ သူ ဘေးနားရှိနေချိန်မှာတွင် သက်တောင့်သက်သာဖြစ်မူ၊ စိတ်လုံခြုံမှုများကို ခံစားရသော်လည်း ရင်တွေ တဒိတ်ဒိတ်မခုန်။ ဒီလိုနှင့် ကျွန်မ အချစ်တွေ မရေမရော မသေမချာ ဖြစ်နေချိန် သူ တခြားမြို့သို့ ပြောင်းရွှေ့သွားသည်။ အနီးလို့ မဆိုနိုင်သော်လည်း အဝေးတော့ မဟုတ်ခဲ့။ မြို့အသစ်မှာ အဆင်ပြေလား အလ္လာဘသလ္လာဘ ဆိုဖြစ်သည်မှလွဲ၍ စကားမပြောဖြစ်။

ကျွန်မတို့အကြောင်းကို သိသော ကျွန်မသူငယ်ချင်းက သူ ကိုယ့်ကို မချစ်၊ ရင်,တဒိတ်ဒိတ် မခုန်သောကြောင့် ကျွန်မကလည်း သူ့ကို တကယ်မချစ် စိတ်ပဲဝင်စားတာဟု ဆိုသည်။ နှလုံးသားတွင် အချစ်ဖြစ်တည်လာချိန်တွင် ဦးနှောက်တွင် ဓာတ်တမျိုး ထုတ်လုပ်သည်ဟု ဆိုသည်။ ကျွန်မ ကြည့်ဖူးသော ရုပ်ရှင်တွင်  မင်းသမီးဒေါက်တာမကို မျက်စိမှတ်ခိုင်းကာ သူ ချစ်နေတဲ့သူ အကြောင်း စဉ်းစားခိုင်းပြီး ဦးနှောက်ကို စီတီစကန် ရိုက်သောအခါ စီတီစကန်တွင် ထိုအချစ်ဓာတ် ပေါ်နေသည်ဟု ဆိုသည်။ ကျွန်မ သူ့ကို တကယ်ချစ်မချစ် ကျွန်မ ခေါင်းကို စီတီစကန်များ ရိုက်ရလေမလား။ သူ ကျွန်မကို ချစ်သလား၊ မချစ်သလေားတော့ ကျွန်မ မသိပါ။ ကျွန်မကတော့ သူခွဲခွာသွားပြီး ကတည်းက သူ့ကို သတိရနေခဲ့သည်။ တခါတလေ သူ့ကို တွေ့ချင်မိသည်။ တခါတလေ သတိရသော်လည်း အမြဲလိုလိုတော့ မဟုတ်ခဲ့။ သူများ ကျွန်မကို သတိရနေမလားဟု တွေးမိသည်။

သူ့ အကြောင်း ကျွန်မ များများစားစား မသိပါ။ သူ နေကာမျက်မှန် ကြိ ုက်သည်။ ဘယ်ဖက်လက်ခလယ်တွင် ငွေမောင်းကွင်းလက်စွပ် ဝတ်သည်။ လည်ပင်းတွင် ကြိုးအနီဆွဲကြိုး ဝတ်သည်။ အပြင်သွားလျှင် နာရီအမြဲပတ်သည်။ လည်ပင်း နေလောင်သည်ဟုဆိုကာ အင်္ကျီကော်လာ ထောင်ကာ ရှိုးထုတ်သည်။ ပိန်ချင်၍ ပိန်ဆေးသောက်သော်လည်း သူ့ ခန္ဓာကိုယ်က ပြည့်ရုံလေး ပိန်ဆေးသောက်ဖို့ မလိုဟု ကိုယ်က ထင်သည်။ ကျွန်မ မကြားဖူးတဲ့ It's about you သီချင်းက သူ အနှစ်သက်ဆုံး သီချင်း။ အစားအသောက်မရွေး အကုန်စားတာကတော့ ကျွန်မနှင့်တူသည်။ အလုပ်ပင်ပန်းလျှင် ခေါင်းကိုက်တတ်သည်။ ဘယ်အရာမဆို သင်လွယ်တတ်လွယ် အကောင်းဆုံးဖြစ်အောင် လုပ်တဲ့သူ။ သူ့အစ်ကိုထက် ချောတယ် မိန်းကလေးတွေကြားထဲမှာ ပေါ်ပြူလာဖြစ်တယ်လို့ သူ့ဘာသာ သတ်မှတ်ထားတဲ့သူ။ ကျွန်မက မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ မျက်နှာသွယ်သွယ်လေးမှ ချောတယ်ထင်ပေမဲ့ သူကတော့ ဆန့်ကျင်ဖက် မျက်နှာပြည့်ပြည့်၊ မျက်ခုံးပါးလျလျ။


ကောင်းကင်ပြာပြာထက်ဆီတွင် မျောလွင့်နေသော တိမ်ဆိုင်ဖြူဖြူများကို မြင်ရသည့်အခါ ကျွှန်မ စိတ်တွေဟာလည်း သူ့ဆီသို့ လွင့်မျောသွားတတ်သည်။ ဒီအချိန် သူ ဘာတွေလုပ်နေမလဲ။ သူ သိပ်ကြိုက်တဲ့ ရုပ်သံဇာတ်လမ်းတွဲ၊ ဘောလုံးပွဲ ကြည့်နေမလား၊  သတင်း နားထောင်နေမလား၊ ဂီတာ တီးကွက်အသစ်တွေ လေ့ကျင့်နေမလား၊ စက်ဘီးစီးပြီး ကယ်လိုရီတော့ဖြင့် ဘယ်လောက်လောင်ကျွှမ်းသွားပြီလို့ ကျေနပ်သွားကာ လောင်ကျွှမ်းသွားတဲ့ ကယ်လိုရီထက် ပိုစားနေမလား။ နွေဦးကာလ၏ နေရောင်ခြည်လို နူးညံ့နွေးထွေးသည့် သူ့မျက်ဝန်းညိုညိုများကို လွမ်းမိသည်။ နွေဦးပန်းများလို ချိုမြသော ပါးချိုင့်ပေါ်အောင် ပြုံးပြတတ်သည့် သူ့အပြုံးများကို သတိရမိသည်။ ရာသီတွေပြောင်းကာ မတွေ့မမြင်ရသည်မှာ ကြာသော်လည်း သူ့ပုံရိပ်က ကျွန်မ စိတ်ထဲဝယ် ပြတ်ပြတ်သားသား စွဲထင်နေသည်။ နွေဦးနှင့်တူသည့်သူကို ချစ်မိသွားသောကြောင့်  သူ့အကြောင်း တွေးမိတိုင်း နွေဦးရာသီကဲသို့ နွေးထွေးလှပသွားသည်။ နွေဦးရောက်ဖို့ စောင့်စားရသလို သူ နှင့် တွေ့ရဖို့လည်း စောင့်စားရပေဦးမည်။ ကျွန်မအတွက်တော့ အချစ်က နွေဦးလို။

စန်းထွန်း
သြဂုတ် ၁၅၊ ၂၀၁၄။