credit to tiffany.com |
အသက်ငါးဆယ်ကျော်နေပြီဖြစ်သော ဆူပါဗိုက်ဆာ၏ လက်ကောက်ဝတ်တွင် အနက်ရောင်ကြိုးပေါ် ရွှေရောင်လုံးလေးများပါသည့် ဟမ်းချိန်းကို မြင်လိုက်ရသည့်အချိန် သြော် ဟမ်းချိန်းကြိုက်တဲ့သူတွေက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကြိုက်တာပါပဲလားဟု တွေးမိသည်။ ထိုကဲ့သို့ဟမ်းချိန်း ကြိုက်သည့်သူတစ်ယောက်ကို တွေ့ရသောအခါ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ခန့်ဆီက ငွေရောင်ဟမ်းချိန်းလေးကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် ကောင်လေးတစ်ယောက်ကို ဖျပ်ခနဲ သတိရမိသည်။ သူနှင့်ကိုယ် အထက်တန်းကျောင်း၊ တက္ကသိုလ်တွင် တွေ့ခဲ့ခြင်း မဟုတ်ဘဲ အထက်တန်းအောင်ပြီး၍ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေချိန် အင်္ဂလိပ်စာသင်တန်းတက်သည့်အချိန်တွင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ပညာရေးဖက် အာရုံလျော့သွားမှာစိုးလို့ ဆယ်တန်းမအောင်ခင် ရည်းစားမထားရဟု ဆုံးမသည့် မိဘ၊ ဆရာများ၏ ဆုံးမစကားကြောင့်ပဲလား၊ ကိုယ်တိုင်ကပဲ အဆင့်မကျချင်လို့ပဲလား၊ ကိုယ့်ရင်ကို ခုန်စေတဲ့သူ မတွေ့ခဲ့တာလားတော့ မသိ ဆယ်တန်းအထိ ကိုယ်ရင်ခုန်ရမယ့်သူ မရှိခဲ့။ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းရချိန်များကို အချည်းနှီး မဖြစ်ရလေအောင် သွားတက်သော အင်္ဂလိပ်စာသင်တန်းတွင် ကိုယ့်ရင်ကို ပထမဆုံး လှုပ်ခတ်သွားစေသောသူနှင့် ဆုံစည်းခဲ့သည်။ ကိုယ်တို့မိန်းကလေး ၁၀ ယောက်ကျော်အုပ်စုက စာသင်ခန်း၏ ဘယ်ဖက်နံရံနှင့်ကပ်လျက် ထိုင်ခုံများတွင် ထိုင်တတ်ကြသည်။ မနက် ၉ နာရီခွဲ သင်တန်းချိန်ကို လာတက်ကြပြီး ၁၁ နာရီ အတန်းပြီးလျှင် ပါလာသော ထမင်းချိုင့်များဖြင့် နေ့လည်စာ စားသောက်ကြပြီး ၁၁ နာရီခွဲ စာဖတ်တန်းချိန်တွင် ထမင်းလုံးစီကာ ငိုက်တတ်ကြသည်။ မနက်ကနေ ညနေစောင်းအထိ စကားပြောတန်း၊ စာဖတ်တန်း၊ ဘာသာပြန်တန်း၊ စာရေးတန်းများ တက်ရောက်ကြသော်လည်း စာမကြိုးစားကြ။
သင်တန်းပြီးလျှင် လှည်းတန်းဈေး၊ အင်းလျားကန်သို့ လမ်းလျှောက်ကြသည်။ တခါတရံ အတန်းလစ်ကြလျှင် ကိုယ်တို့ထိုင်တတ်သော စာသင်ခန်း၏ဘယ်ဖက်ခြမ်းသည် ရှင်းလင်းနေ၍ ကိုယ်တို့အတန်းလစ်ကြသည်မှာ သိသာလှသည်။ အထက်တန်းကျောင်းအထိ ကျောင်းပြောင်းရလွန်းသဖြင့် သူငယ်ချင်းမယ်မယ်ရရ မရှိသောကိုယ် ထိုအင်္ဂလိပ်စာသင်တန်းမှ သူငယ်ချင်းများကို ခင်တွယ်လှသည်။ အုပ်စုထဲမှ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဇင်ယော်တောင်ပံမျက်ခုံး၊ မျက်ဝန်းညိုညို၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးနှင့် အတော်ချောမောလှပပြီး ယုန်ဖြူလေးလို ကြောက်လန့်တတ်သော ဝတ်ရည်ကို တကျောင်းလုံးမှ ကောင်လေးများ ဝိုင်းပိုးကြသည်။ အသားညိုညို၊ ဆံပင်တိုတို၊ မျက်ခုံးနက်နက်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံတိုတို၊ နှုတ်ခမ်းပြည့်ပြည့်၊ နှုတ်ခမ်းမွှေးရေးရေး၊ နာသံသီးလေးနှင့် ခင်မင်ဖော်ရွေသော ရွှေစင့်ကို ပိုးပန်းသူများလည်း မနည်း။ ပေါ်ပြူလာဖြစ်သော သူငယ်ချင်းနှစ်ယောက်ကြားတွင် သာမာန်ရုပ်ရည်နှင့် ခပ်တည်တည်နေတတ်သော ကိုယ်က မျက်နှာချင်းဆိုင်ဖက်ခြမ်းမှ မျက်ဝန်းညိုများကို သတိထားမိသွားသည်။
တကျောင်းလုံးက ဝိုင်းပိုးကြသော ကိုယ့်သူငယ်ချင်းနှစ်ယောက်ကို ကြည့်တာလား၊ ကိုယ့်ကို ကြည့်တာလားဟု မခွဲခြားတတ်။ ထိုသူငယ်ချင်းနှစ်ယောက်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်း၊ ကိုယ့်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်းပြီး သူငယ်ချင်းများက မသိမသာ စောင့်ကြည့်ကြသောအခါမှ ကိုယ့်ကိုကြည့်မှန်း သိသွားကြသည်။ စာသင်ချိန်အတွင်း လှမ်းလှမ်းကြည့်တတ်သော မျက်လုံးညိုများကြောင့် ကိုယ့်ရင်တွေ ခုန်ဖူးသည်။ ကိုယ်ချစ်သောသူတစ်ယောက်ရှိသော သင်တန်းကျောင်းဆီသွားသို့ ခြေလှမ်းများက တက်ကြွနေခဲ့ဖူးသည်။ အင်္ဂလိပ်စကားပြောသွက်စေဖို့၊ မရှင်းလင်း သည်များကို ရှင်းပြနိုင်ဖို့၊ မသိသည့်စကားလုံးများကို မေးမြန်းနိုင်ဖို့ စကားပြောတန်းတွင် စီနီယာများက ဂျူနီယာများကို စာမေးလေ့ရှိရာ စီနီယာဖြစ်နေပြီဖြစ်သော ကိုယ့်ကို သူ့ဆီ စာသွားမေးဖို့သူငယ်ချင်းများက မြှောက်ပင့်ပေးကြသော်လည်း သတ္တိမရှိသလို တခြားတဖက်ခြမ်းဖို့ ဝေးသည်နှင့် သူ့ဆီ စာသွားမမေးခဲ့။
ဖြိုးအစ်ကို သူငယ်ချင်းနှင့် သူ တတွဲတွဲ ဖြစ်နေရာ ဖြိုးက နာမည်စုံစမ်းပေးရမလားဟု မေးလာသောအခါ ဟင့်အင်းဟု ငြင်းပယ်ခဲ့သည်။ ကိုယ့်စကား အတိအကျ နားထောင်သော ဖြိုးက တကယ်ပင် မစုံစမ်းပေးခဲ့။ သင်တန်းကျောင်းတွင် ကိုယ်တို့စိတ်ဝင်စားသောသူများကို နာမည်ပြောင်ထားရာ ရွှေစင် စိတ်ဝင်စားသည့် အသားညိုညို၊ ရုပ်ရည်ချောမောပြီး ပဲများသည့်သူကို ပဲဘဝင်၊ ခိုင်မေ စိတ်ဝင်စားသည့် စီနီယာအစ်ကိုကြီးကို အအဂျာ (အဲဒီတုန်းက ခေတ်စားနေသော ဂျပန်ကားတွင် အစ်ကိုအကြီးဆုံးကို အဂျာဟု ခေါ်သည်)၊ ကိုယ် စိတ်ဝင်စားသည့်သူ့ကို နာမည်မသိသောကြောင့် အနောနိမတ် အတိုကောက် အနောဟု နာမည်ပေးထားကြသည်။ ကိုယ့်ရှေ့နားက တိုင်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သော နူးညံ့သွယ်လျမနေသော လက်တစုံထက်ဆီမှ အနည်းငယ် အရောင်မှိန်နေသော ဟမ်းချိန်းတစ်စုံ။ ထိုဟမ်းချိန်းထက်ဆီမှ မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို ကိုယ့်သူငယ်ချင်းများက သာမန်ရုပ်ရည်ဟု သတ်မှတ်ကြသော်လည်း ခန့်ညားသည်ဟု ကိုယ်ယူဆသော မျက်နှာကို ကိုယ် ငေးကြည့်နေခဲ့ဖူးသည်။
အကြည့်တွေဆုံ ရင်တွေခုန်ကာ ဖွင့်ဟလာနိုး မယ်မျှော်ကိုးသော်လည်း သူကတော့ ကိုယ့်နား ဘယ်သောအခါမှ ရောက်မလာခဲ့။ စကားပြောတန်း၏ နောက်ဆုံးနေ့တွင် အတန်းရှေ့ထွက်ကာ မိတ်ဆက်စကားပြောရသည်ကို ကိုယ်တို့ လှည့်ပတ်ပြေးနေခဲ့သည်မှာ ကြာပြီ။ သည်တခါတော့ ဝတ်ရည်က ဟေ့ မင်း အနော့ရှေ့မှာ ထွက်ပြောချင်တယ်ဆို ထွက်ပြောလေဟု မြှောက်ပေးသည်နှင့် မိုက်ကိုင်ကာ အတန်းရှေ့ထွက်ပြောတော့သည်။ ကျောင်းသား ၅၀ ကျော်ရှေ့တွင် စကားပြောရသည်ရော၊ အနော၏ မျက်ဝန်းညိုညိုများကို မြင်လိုက်ရသည်ရော ကိုယ် ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည်။ အနည်းဆုံးတော့ အနော ကိုယ့်နာမည်ကို သိသွားလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အတန်းရှေ့ထွက်ပြောခြင်း ဖြစ်သည်။ လန်ဒန်တက္ကသိုလ်တခုမှ လာဖွင့်သော သင်တန်းကျောင်း တက်သည်မို့ ထိုသင်တန်းကျောင်းသို့ ကိုယ် မရောက်ဖြစ်တော့။ တခါတရံ သင်တန်းဆင်းချိန် ထိုအင်္ဂလိပ်စာသင်ကျောင်းတွင် တက်နေဆဲဖြစ်သော သူငယ်ချင်းများဆီ ဝင်လည်ရင်း အနော သင်တန်းတက်နေတုန်းပဲလားဟု စုံစမ်းသောအခါ ကိုယ် ထွက်သွားပြီး မကြာခင် အနော်လည်း ထိုသင်တန်းကျောင်းမှ ထွက်သွားခဲ့သည်။
တက္ကသိုလ်များ ဖွင့်လှစ်၍ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ တက်ရောက်သောအခါ သူငယ်ချင်းအသစ်များ ရလာသော်လည်း ကိုယ်တို့သူငယ်ချင်းတွေ အဆက်အသွယ် မပြတ်ခဲ့။ သူငယ်ချင်းတွေ ဆုံကြတိုင်း ကိုယ်တို့စတင် ဆုံစည်းခဲ့ကြသော ထိုအင်္ဂလိပ်စာသင်တန်းကျောင်းသူဘဝကို ပြန်ပြောင်းအောက်မေ့ကြသည်။ ပဲဘဝင်၊ အအဂျာ၊ အနောတို့ ဘယ်တွေရောက်လို့ ဘာတွေ ဖြစ်နေကြပါလိမ့်ဟု ကိုယ်တို့ချစ်ခဲ့ဖူးသူများကို သတိရမိကြသည်။ သို့သော်လည်း သတိရခြင်းသည် ခဏတာမျှသာ ဖြစ်သည်။ တက္ကသိုလ်တွင် ကိုယ်တို့ချစ်သောသူများ တွေ့နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သုံးနှစ်ကျော်ခန့် ကြာပြီးသည့်နောက် နေ့လည်ဖက် မြို့ထဲကအပြန် လူရှင်းသော ဘတ်စ်ကားထက်တွင် ငွေရောင်ဟမ်းချိန်းလေးကို တွေ့လိုက်ရသည်။ အနောများလားဟု သေသေချာချာ ကြည့်လိုက်သောအခါ ဘုရားရေ တကယ်ပင် အနော ဖြစ်နေသည်။ ဘေးတိုက်မြင်ရသော မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ နှုတ်ခမ်းပါးလျလျသည် အရင်အတိုင်း မပြောင်းမလဲ။ ကျောပိုးအိတ် တဖက်ကို သိုင်းပြီး တဖက်ကို ချထားသည်မှာလည်း အရင်အတိုင်း၊ ရှပ်လက်တိုအင်္ကျီ၊ ပုဆိုးတိုတို၊ ကတ္တီပါခြေညှပ် ဝတ်ထားသည်မှာ အရင်အတိုင်း။
သို့သော် ညှိညက်သော အသားအရေသည် ပို၍ညှိုမောင်းကာ အနည်းငယ် ပိန်သွားသည်။ လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က မြင်တွေ့ခဲ့ရသည့် ဟမ်းချိန်းလေးကို စွဲစွဲမြဲမြဲ ဝတ်ဆင်နေတုန်း။ ဖြိုးကို ပြောပြသောအခါ ဖြိုးက မမှတ်မိ။ အရင်လို နှုတ်ခမ်းတွန့်ရုံ ပြုံးကာ မျက်ဝန်းညိုညိုများဖြင့် တချက်မျှ ဝေ့ကြည့်ရုံမျှဖြင့် ကိုယ့်နှလုံးသားက မှတ်မိပါလိမ့်မည်။ အနော ဟုတ်တယ် မဟုတ်ဘူးဟု ငြင်းနေကြသော ကိုယ့်တို့နှစ်ယောက်ကို ဘတ်စ်ကားပေါ်က ဆင်းသွားသည်အထိ သူ လှည့်မကြည့်ခဲ့။ ဖြိုးက အနောမဟုတ်ဟု အခိုင်အမာ ဆိုသော်လည်း ရင်ခုန်ခဲ့ဖူးသူတစ်ယောက်မို့ ကိုယ်ကတော့ အနောဟု အသေအချာ သိနေခဲ့သည်။ သူ ကိုယ့်ကို မမြင်ခဲ့တာလား၊ မြင်ရက်နှင့် မမှတ်မိတာလားဆိုတာ ကိုယ်တို့ မခွဲခြားနိုင်ခဲ့။ ဟမ်းချိန်းဝတ်ထားသည့် ကောင်လေးများကိုမြင်တိုင်း ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို၊ အရပ်သိပ်မမြင့်သော ကောင်လေးတစ်ယောက်ကို တခါတရံ ဖျပ်ခနဲ သတိရမိတတ်သည်။
ဆယ်ကျော်သက်အရွယ်တုန်းက လက်တွင် ဟမ်းချိန်းများဖြင့် ရှုပ်ရှပ်ခက်နေသည့်ကိုယ် ခုတော့ ရှုပ်သည်ဆိုကာ ဘာဆိုဘာမှ မဝတ်တော့။ သူရော အရင်လို ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်နေတုန်းလား၊ မျက်ဝန်းညိုညိုဆီက ကိုယ်စွဲလမ်းဖူးသည့် နွေးထွေးသည့်အကြည့်များက အရင်လို နွေးထွေးနေတုန်းလား၊ အရင်လို ခေါင်းလေးငဲ့ကာ နှုတ်ခမ်းတွန့်ရုံ ပြုံးနေတုန်းပဲလား၊ ကိုယ်တို့ ပေးထားတဲ့ အနောဆိုတဲ့ နာမည်လေးကို သူ နှစ်သက်လေမလား။ သုံးနှစ်ကြာပြီးသည့်နောက် ပြန်တွေ့သည့်အခါတုန်းက မမှတ်မိသည့်ကိုယ် ဆယ့်ငါးနှစ် ကြာပြီးသည့်နောက် ပြန်တွေ့လျှင်လည်း မှတ်မိမည်မထင်ပါ။ ရင်ခုန်ဖူးခဲ့သူတစ်ယောက်မို အသေအချာ မှတ်မိနေသည်ဟုလည်း အခိုင်အမာ မဆိုနိုင်တော့ပါ။ ကိုယ်ရင်ခုန်ခဲ့ဖူးသည့်သူများထဲတွင် သူသည် ဟမ်းချိန်းဝတ်ဆင်ထားသည့်သူတစ်ယောက် ဖြစ်ပြီး အမည်မသိခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။
စန်းထွန်း
နိုဝင်ဘာ ၁၄၊ ၂၀၁၄။
(ဆယ်ကျော်သက်အရွယ် ရင်ခုန်သံကို ရေးဖို့စိတ်ကူးထားတာ ကြာပါပြီ။ ပစ်ပစ် တဂ်လာမှပဲ ရေးဖြစ်တော့တယ်။ ဓာတ်ပုံတွေကတော့ ဟိုအရင်အပတ်က ဟတ်ဆန်မြစ်ဘေး မက်ဟန်တန်နဲ့ ဘေးချင်းယှဉ်ကပ်လျက်က နယူးဂျာဆီပြည်နယ်ဖက်ခြမ်း Palasides Interstate Park ပါလာဆိုဒ်ပန်းခြံကို ဟိုက်ကင်း ၈.၃ မိုင် တောင်သွားတက်တုန်းက ရိုက်လာတဲ့ Fall Foliage ဓာတ်ပုံတွေပါ။ နောက်မှ အဲဒီဓာတ်ပုံတွေ တင်ပါဦးမယ်။ )
6 comments:
အထွန်းရေ
သတိရတတ်တာ မျိုးပေါ့..
ရှိနေတတ်တာ..
မမအိုင်အိုရာ
Aunty Tint said...
စန်းစန်းရဲ့ ပွင့်ပွင့်လင်းလင်း ရင်ခုန်သံလေးတွေဖတ်သွားပြီ....
အသက်အရွယ်ပေါ်မူတည်ပြီး ဆင်ယင်မှုလေးတွေ ပြောင်းလဲတတ်တဲ့သဘောရှိပေမယ့်လဲ တစ်ဦးနဲ့တစ်ဦးတော့ ကွာခြားမှုလေးတွေရှိတာပေါ့နော်။
ပို့စ်မှာတင်သတဲ့ပုံလေးတွေကို အမြဲသဘောကျတယ်။ ထပ်တင်လာမယ့် ပုံလေးတွေလဲမျှော်နေမယ်...
November 15, 2014 at 9:57 AM
blackroze said...
အထွန်းရေ
ဆယ်ကျော်သက်ဘဝက အဲလိုအဖြစ်လေးတွေ အရမ်းများတယ်နော်
ပစ်လည်းအဲလိုဇာတ်လမ်းတွေ ကြုံဖူးတယ်..
အထွန်းရဲ့ အနောကိုလည်း မျက်စိထဲပုံဖော်ကြည့်သွားတယ်
((( ဟမ်းချိန်းဝတ်ထားသည့် ကောင်လေးများကိုမြင်တိုင်း
ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့်
မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို၊
အရပ်သိပ်မမြင့်သော ကောင်လေးတစ်ယောက်ကို
တခါတရံ ဖျပ်ခနဲ သတိရမိတတ်သည်။ )))
အမှတ်တရ ဆိုတာအဲတာပါဘဲ အထွန်းရယ်..
ဆက်ရန်ဇာတ်လမ်း မရှိနိုင်တော့ဘူးဆိုတာ
သေချာသိနေပေမဲ့ တခါတရံ ဖြတ်ခနဲ ဖြတ်ခနဲ
သတိရတတ်တာ မျိုးပေါ့..
အဲလိုအမှတ်တရ တွေက ဝင်သက် ထွက်သက် ဆုံးတဲ့အထိတိုင်
ရှိနေတတ်တာ..
November 15, 2014 at 1:04 PM
Anonymous said...
ဘဝတကွေ့မှာဘဝရထားကြီးပေါ်ပြန်များပေါ်လာမလားသသိနိုင်။ း)
မမအိုင်အိုရာ
November 15, 2014 at 1:32 PM
Anonymous said...
လုပ်ပြန်ပြီ။ မသိနိုင်လို့..ရေးတာပါစန်းထွန်းရေ။
စာလုံးပေါင်းသတိမထားလိုက်မိလို့။ ဆောဒီးနော်။
November 15, 2014 at 1:34 PM
Thu said...
ငါ့မကြီးအကြောင်းကမိုက်တယ်။အသူတို့လဲကျောင်းတုန်းကအဲ့လိုနာမည်တွေပေးဖူးတယ်။ကိုယ့်လဲသူများတွေကအဲ့လိုပေးမလားမသိဘူးနော် :P
ရန်ကုန်ပြန်ရင် ပြန်ဆုံချင်ဆုံမှာနော်.ဖူးစာကတစ်ပတ်လည်နေလို့နေမှာ :P :P (ချစ်လို့စတာနော် ဟီး )
November 16, 2014 at 11:13 PM
Post a Comment