ဂတ်စ်စတေရှင်းတွေမှာ ဝယ်လို့ရတယ်ဆိုပေမဲ့ ကျွန်မတို့ကြိုက်တဲ့ တံဆိပ်တွေ မရှိဘူး။ စကားပြောလိုက်၊ မုန့်စားလိုက်၊ ပြတင်းပေါက်က ရှုခင်းတွေ ငေးလိုက်၊ အိပ်ချင်လာရင် ငိုက်လိုက်နဲ့ ခရီးသွားရတာ ပင်ပန်းပေမဲ့ စိတ်အပန်းပြေတယ်။ မနက် ၈ နာရီခွဲ သတ်မှတ်ထားတဲ့အချိန် ခရီးသည်တွေ ကားပေါ်ရောက်နှင့်နေပြီ။ မိုးက တဖျောက်ဖျောက်နဲ့ မနေ့ကထက် အေးတယ်။ နယူးယောက်ပြည်နယ် ပလက်ဘာ့ခ်မြို့နဲ့ ဗာမွန်ပြည်နယ် ဘာလင်တန်မြို့ကို ချန်ပိန်ရေကန်ကြီးက ခြားထားပြီး မြောက်ဖက်ကနေဒါနိုင်ငံ ကွိဘတ်ပြည်နယ်ထဲ ပါဝင်ပါတယ်။ ၁၂၅ မိုင်ရှည်ပြီး ၁၃မိုင် ကျယ်ကာ ရေချိုကန်ကြီးဖြစ်လို့လူဦးရေ ၂ သိန်းခွဲကို ရေချိုတွေပေးဝေနေတဲ့ ရေကန်ကြီးပါ။ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ချန်ပိန်ရေကန်ကို ဖြတ်သန်းမယ့် တံတားမှန်သမျှကို ဆောက်ခွင့်မပြုပါဘူးတဲ့။ နယူးယောက်ပြည်နယ် ပလက်ဘာ့ခ်မြို့ကနေ တဖက်ကမ်း ဗာမွန်ပြည်နယ် ဘာလင်တန်မြို့ဆီ ကားတွေသယ်ဆောင်ပေးတဲ့ ဖယ်ရီ ၂၄ နာရီ ရှိပြီး ဖြတ်သန်းချိန် ၁၅ မိနစ်လောက်ပဲ ကြာပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက ပုသိမ်ကနေ ရန်ကုန်ကားစီးရင် စက္ကော့ကနေ ညောင်တုန်းထိ ဇက်နဲ့ကူးရတာ ၁ နာရီလောက် ကြာတယ်ထင်တယ်။ ဒေသခံတွေ လာရောင်းတဲ့ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ ငှက်ပျောသီးခြောက်ကျော် ဝယ်စားပြီး ဇက်သင်္ဘောနဲ့ ငဝန်မြစ်ကျယ်ကြီးကို ဖြတ်ရတယ်။ အဲဒီပြောင်းဖူးတွေက မြစ်လယ်ခေါင်ကျွှန်းက သောင်တွေမှာ စိုက်ထားတာကို ချိုးပြီးပြုတ်ထားတာမို့ လတ်ဆပ်တယ် (ဆေးသကြား ထည့်ရင်လည်း ထည့်ထားမှာပေါ့လေ)။ နောက် ဗိုလ်မြတ်ထွန်းတံတား ပြီးသွားတော့ ပုသိမ်၊ ရန်ကုန် လေးနာရီလောက်ပဲ မောင်းရတော့တယ်။ ခရီးကျုံ့ သွားမြန်သွားပေမဲ့ ဇက်သင်္ဘောနဲ့ ကူးရတာလောက် အေးအေးဆေးဆေး မရှိတော့ဘဲ တက်သုတ်နှင်ကြတော့တယ်။ ဒီလို ဇက်သဘောၤနဲ့ မကူးရတာ အနှစ်နှစ်ဆယ်လောက်တောင် ရှိပြီ။ ကားပေါ်ကဆင်းလို့ ဇက်သင်္ဘောတခွင် ဓာတ်ပုံရိုက်ကြတယ်။
ရေကန်ပြာပြာ၊ တောင်စဉ်တောင်တန်းတွေနဲ့ သာယာတယ်။ လေက အင်မတန် လက်ဆတ်သန့်ရှင်းတယ်။ မိုင်းဖန်ပြောဖူးတဲ့ Lake Champlain Monster ဆိုတာ တွေ့မလားလို့ ရှာကြည့်သေးတယ် မတွေ့ဘူး။ ၁၆၀၉ မှာ ပြင်သစ်လူမျိုး စွန့်စားရှာဖွေသူ Samuel de Champlain က ရေကန်ကို ရှာဖွေတွေ့ရှိခဲ့လို့ သူ့နာမည်ကို အစွဲပြုပြီး ချိန်ပိန်ရေကန်လို့ နာမည်ပေးထားတာပါတဲ့။ ချန်ပိန်ရေကန်ပြီးတော့ မိန်းပြည်နယ်ကို စူးစမ်းရှာဖွေရာမှာ အက်ကေဒီးယား အမျိုးသားဥယျာဉ်၊ ကက်ဒီလက်တောင်၊ မောက်ဒဲဆက်ကျွှန်းတွေကို တွေ့ရှိခဲ့ပါတယ်။ ဘာလင်တန်မြို့နားက ပန်းခြံမှာ ကားရပ်နားပြီး အရောင်ပြောင်းနေတဲ့သစ်ရွက်တွေနဲ့ ဓာတ်ပုံရိုက်ဖို့ နာရီဝက်အချိန်ပေးပါတယ်။ အစိမ်း၊ အဝါ၊ အနီ ရှိနေတဲ့ သစ်ပင်တွေနဲ့ ဓာတ်ပုံရိုက်လို့ကို မဝနိုင်ဘူး ရိုက်ပြီးရင်း ရိုက်ချင်နေတော့တာပဲ။ ဗာမွန်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းက မက်ပယ်သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတာမို့ဗာမွန်ပြည်နယ်ရဲ့ ဆောင်းဦးရာသီဟာ အင်မတန် လှတယ်လို့ နာမည်ကြီးပါတယ် နာမည်ကြီးလောက်ပါပေတယ်။
ချန်ပိန်ရေပြင်ကျယ်ကြီးထဲက ကားလမ်းမကို ဖြတ်သန်းတော့ တောင်စိမ်းညှို့ညှို့တွေ အရိပ်ထင်နေတဲ့ ဘေးတဖက်တချက်စီက ချန်ပိန်ရေပြင်ကျယ်ကို မြင်ရတော့ တက္ကသိုလ်တတိယနှစ် ကျောင်းခရီးစဉ်အဖြစ် ရှမ်းပြည်ဖက်ကို လေ့လားရေးခရီးထွက်တုန်းက လည်ပတ်ခဲ့တဲ့ အင်းလေးကန်ရှုခင်းကို အမှတ်ရမိတယ်။
ဘာလင်တန်မြို့ကနေ နာရီဝက်ဝေးတဲ့ ရှယ်ဗွန်းမြို့မှာရှိတဲ့ ဗာမွန်တက်ဒီဘီယာစက်ရုံကို သွားလည်မှာမို့ အဲဒီမှာ လာဆုံမလားလို့ မိုင်းကို လှမ်းမေးတော့ မတွေ့ရတာ ကြာပြီမို့လို့ တွေ့ချင်ပေမယ့် တနင်္ဂနွေနေ့တိုင်း သူ့ယောက္ခမ၊ အမျိုးသားနဲ့ ဘုရားကျောင်းတက်တာမို့ လာမတွေ့နိုင်တာကို ဆောရီးပါတဲ့။ မိုင်းဖန်နေတဲ့ ဘာလင်တန်မြို့ကို ရောက်ရဲ့သားနဲ့ မိုင်းဖန်ကို အသိမပေးရင် မကောင်းတာမို့ အသိပေးပေမယ့် လာတွေ့ဖို့ကိုတော့ မျှော်လင့်မထားခဲ့ဘူး။ တက်ဒီဝက်ဝံရုပ်လေးတွေဟာ ကလေးတွေ နှစ်သက်ကြတဲ့ အရုပ်ဆိုပေမဲ့ လူငယ်တွေလည်း နှစ်သက်ကြပါတယ်။
တက်ဒီဘီယာဆိုတာ အမေရိကန်သမ္မတ သီဟိုဒိုရုစဗဲ့ (Theodore Roosevelt) နာမည်အတိုကောက် တက်ဒီ (Teddy) ကို အစွဲပြုပြီး ပေးထားတာပါ။ ၁၉၀၂ နိုဝင်ဘာလ မစ္စစပီပြည်နယ်မှာ ဝက်ဝံပစ်ထွက်ကြတော့ တော်တော်များများက တောကောင် ပစ်ပြီးနေပြီ။ တောကောင်အမိသေးတဲ့ သမ္မတ တက်ဒီအတွက် အပါးတော်မြဲက အမေရိကန် ဝက်ဝံမည်းတစ်ကောင်ကို ခဲရခက်ဆစ် ရှာဖွေပြီး သစ်ပင်မှာချိတ် သမ္မတတက်ဒီကို အဲဒီနေရာကို ခေါ်ပြီး ဝက်ဝံကို ပစ်ခိုင်းပေမယ့် တက်ဒီက သူကိုယ်တိုင် မပစ်ခဲ့ဘူး။ ဒဏ်ရာတွေနဲ့ မချိမဆန့် ခံစားနေရတဲ့ ဝက်ဝံကို ပစ်သတ်ဖို့တော့ ညွှန်ကြားခဲ့တယ်။ အဲဒီဖြစ်ရပ်ဟာ ၁၉၀၂ နိုဝင်ဘာ ၁၆ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာ နိုင်ငံရေး ကာတွန်းကော်လံမှာ လူပြောအများဆုံး ကာတွန်း ဖြစ်လာခဲ့တယ်။ ကနဦး ကာတွန်းမှာတော့ ဝက်ဝံမည်းငယ် တကောင်ကို လူတယောက်က ကြိုးနဲ့ဆွဲလို့ တက်ဒီက လက်တဖက်က သေနတ်ကိုထောက် လက်တဖက်က ဟိုးထားဆိုတဲ့ပုံစံနဲ့။ နောက်တော့ ကာတွန်းဆရာဘယ်ရီမန်းက ဝက်ဝံအရွယ်အစားကို သေးလိုက်ပြီး ချစ်ဖို့ကောင်းတဲ့ ဝက်ဝံလေးတွေ ရေးဆွဲတယ်။
credit to Google |
အဲဒီကာတွန်းတွေ ဖတ်နေရင်း အိုင်ဒီယာရတဲ့ မောရစ်မစ်ချ်တွန်းက ဝက်ဝံရုပ် ဖန်တီးပြီး ဆိုင်ပြတင်းပေါက်မှာ တက်ဒီရဲ့ ဝက်ဝံ ( Teddy's Bear) လို့ ဆိုင်းဘုတ်ဆွဲလိုက်တယ်။ သမ္မတတက်ဒီဆီ ဝက်ဝံရုပ်ကို လက်ဆောင်ပို့ပေးပြီး တက်ဒီနာမည် သုံးခွင့်တောင်းတာကို ခွင့်ပြုလိုက်တာကစလို့ ခုချိန်ထိ တက်ဒီဘီယာအရုပ်လေးတွေဟာ ကလေးတွေရဲ့ အသည်းစွဲ ဖြစ်နေတာပဲလို့ ဂိုက်က ရှင်းပြတယ်။ တက်ဒီဝက်ဝံစက်ရုံဆိုတော့ ဘာမှဓာတ်ပုံရိုက်စရာ ရှိမှာမဟုတ်ဘူးလို့ ထင်ထားတာ တက်တက်စင်အောင် လွဲတယ်။ စက်ရုံဆိုပေမဲ့ ဆေးရောင်စုံခြယ်ထားတာ လှလို့ ဓာတ်ပုံတောင် ရိုက်ယူရတယ်။ ထိုင်ခုံလေးတွေကလည်း ဆေးရောင်စုံ၊ မျက်နှာထည့်ပြီး ဓာတ်ပုံရိုက်ဖို့ ဝက်ဝံရုပ်လေးတွေ ၊ ဆေးရောင်စုံ ကုလားထိုင်လေးတွေ။ ကျွန်မ ရိုက်ပြီးလို့ ဝိုင်းက ထိုင်မယ်ပြင်နေတုန်း တရုတ်မကြီးတစ်ယောက်က အတင်းဝင်ထိုင်ပြီး သူ့ယောက်ျားကို ဓာတ်ပုံရိုက်ခိုင်းတော့ ဘယ်လိုဟာပါလိမ့် သူများရိုက်နေတာကို အတင်းဝင်ရိုက်တယ်ဆိုပြီး အမြင်မကြည်ဘူး။ ထိုင်ရာမထ ဘာတွေပြောနေမှန်းမသိ သူ့ယောက်ျားက လက်လာဆွဲပြီး ထခိုင်းတော့မှ မထနိုင်လို့ လာကူထပေးရတာကို သဘောပေါက်သွားတဲ့ ကျွန်မတို့တွေမှာ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြတော့တာပဲ။
အဘွားကြီးက ရှက်ရှက်နဲ့ တရုတ်လို ပြောသွားသေးတယ် ငါ မထနိုင်လို့အေ့လို့ ပြောတာနေမှာ။ ဝက်ဝံရုပ်တွေနဲ့ လှည့်ပတ်ဓာတ်ပုံရိုက်ရင်း ဈေးနှုန်းသိရအောင် ကဒ်ပြားကို ကြည့်လိုက်တော့ လား...လား...ပိစိကွေးလေးတောင် ၇၀ အောင်မလေး ဈေးကြီးလှချည်လား။ ဈေးသင့်ရင် တက်ဒီဘီယာတစ်ကောင်လောက် ဝယ်မယ်လို့ စိတ်ကူးထားတာ ခုတော့ ဈေးကြီးလို့ မဝယ်တော့ပါဘူး ဓာတ်ပုံပဲ ရိုက်တော့မယ်။ တက်ဒီဘီယာတွေ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လိုက်ပြတဲ့တိုးက လွန့်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်က စနှင့်နေတာဆိုတော့ အပြင်မှာ ဓာတ်ပုံတွေ အရိုက်ကောင်းနေတာနဲ့ မမှီလိုက်တော့ဘူး။ နေ့လည်တိုးက နေ့လည် ၁ နာရီမှဆိုတော့ မမှီတော့ဘူး။ တက်ဒီဘီယာတွေ တသက်ဝရမ်ဒီပေးတော့ ပျက်ရင်ပြန်ပို့လိုက် အသစ်တစ်ခု ထပ်ပို့ပေးတယ်ဆိုတော့ ဈေးကြီးပေမဲ့ တန်ပါတယ်တဲ့။ ကားပေါ်က ကလေးနှစ်ယောက်၊ ကျွန်မတို့နဲ့ ထိုင်ခုံနေရာမှားကြတဲ့ တရုတ်မလေးယောက် ဝယ်ကြတာကို အားကျတဲ့အကြည့်နဲ့ ငေးကြတယ်။
ကျွန်မတို့ထိုင်ခုံရှေ့က အတွဲကတော့ အတော်လက်လန်တယ်။ ခရီးတွေ သွားသမျှထဲမှာ ဒီလောက်ဆိုးရွားတဲ့လူ မတွေ့ဖူးသေးဘူး။ ဒါ ဘာလဲလို့ မေးလို့ ကျွန်မတို့နှစ်ယောက် ခေါင်းထောင်ကြည့် တိုးဂိုက်က ဖယ်ပေးတော့ ဝင်ထိုင် ပြီးတော့ ထိုင်ခုံကို အဆုံးထိ လှဲချလို့ ဝိုင်းနဲ့ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မဲ့ရွဲ့ကြတယ်။ သိပ်မကြာပါဘူး တပြွှတ်ပြွတ် နမ်းနေကြလို့ သူတို့ကိုကျော်ပြီး မစ္စတာဘင်း ကြည့်နေတဲ့ ကျွန်မက သူတို့လွတ်လွတ်လပ်လပ် ရှိပါစေတော့ဆိုပြီး ပြတင်းပေါက်ကနေ ရှုခင်းကို လှမ်းကြည့်ရတယ်။ အိမ်သာအတွက်၊ နေ့လည်စာအတွက် စားသောက်ဆိုင်၊ ဂတ်စ်စတေရှင်တွေမှာ နားရင်လည်း တချိန်လုံးဖက်လို့။ ကားပေါ်မှာ သူတို့ထက် အပုံကြီးငယ်တဲ့စုံတွဲတွေ ပါပေမဲ့ သူတို့လောက် မကဲကြဘူးရယ်။ ကျွန်မတို ခန့်မှန်းတာ သူတို့အသက် ၄၀ ကျော်ပြီ။ ထိုင်ခုံကို နောက်ကို လှန်ချပြီးထိုင်တော့ ကျွန်မတို့မှာ အထွက်အပြု အင်မတန်ခက်တယ်။ သူ့ဒူးခေါင်းကို လမ်းဖက် ထောင်ထားတော့ သူ့ဒူးကို ရှောင်ဆင်းရတယ်။
ကျွန်မနဲ့ ဝိုင်း အဲဒီလူ မသိတတ် ရိုင်းစိုင်းတဲ့အကြောင်း ပွစိပွစိ ဝေဖန်တော့တာပဲ။ uneducated ၊ no manners ၊ nasty လို့ ဆဲရေးကြတယ်။ ကျွန်မရဲ့ ခေါင်းအုံးပျောက်သွားလို့ ခုံအောက်တွေ ရှာတာ မတွေ့ဘူး။ ပျောက်တာတော့ မဖြစ်နိုင်ဘူး တယောက်ယောက်က အပေါ်ထပ်ကို တင်ထားပေးတာ ဖြစ်လိမ့်မယ်။ လူတွေအားလုံးဆင်းတော့မှ ရှာကြည့်တော့ လား..လား.. အဲဒီလူရဲ့ အမျိုးသမီးခြေထောက်ရင်းမှာ။ ကျွန်မတို့တွေမှာ အံအားသင့်လို့ ခြေထောက်နားမှာ ရောက်နေတဲ့ ခေါင်းအုံးကို မမြင်ဘူးလား။ မြင်ရင် အနီးအနားကလူတွေကို မေးကြည့်ပြီး ပြန်ပေးရတာ လူယဉ်ကျေးတွေ လုပ်ရမဲ့အလုပ်ဆိုတာ မသိဘူးလား။ အယ်မလေး အသွင်တူလို့ အိမ်သူဖြစ်နေတာပေါ့။ ဝိုင်းက ဘယ်နိုင်ငံကလဲလို့ သိချင်လို့တဲ့။ သူတို့အမူအကျင့်ကြောင့် သူတို့နိုင်ငံကို အထင်သေးနေပြီ။ စပိန်စကား သင်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ ဝိုင်းက သူတို့ စပိန်စကားပြောနေတာ လက်တင်အမေရိကနိုင်ငံတွေက ဖြစ်လိမ့်မယ်တဲ့။ ခေါင်းအုံးပြုတ်ကျတာနဲ့နောက်က ကောင်မလေးက ချက်ချင်းကောက်ပေးတယ်။ လူယဉ်ကျေးတွေနဲ့ လူလိုမသိတတ်သူတွေနဲ့ ကွာပါ့ ကွာပါ့။
နေ့လည် ၁၁ နာရီမှာ တောင်ဘာလင်တန်မြို့ မက်ဒေါနယ်ဆီမှာ နေ့လည်စာ ဝင်စားကြတော့ ဗိုက်မဆာတဲ့ ဝိုင်းနဲ့ကျွန်မက အနီးအနားတဝိုက် ဓာတ်ပုံရိုက်ထွက်ကြတယ်။ မက်ပယ်ပင်မဟုတ်ပေမဲ့လည်း သစ်ပင်တွေ အကုန်လုံး ဝါနေတော့ လှနေတာပါပဲ။ အနီရောင်အသီးပင်ဆန်းဆန်းတွေပါ မကျန်စေရ အားလုံး ဓာတ်ပုံရိုက်တယ်။ ချိန်းထားတဲ့ ၁၁ နာရီ ၁၀ မိနစ် မှာ တိုးဂိုက်ကအစ ဆိုင်ကနေ မထသေးတော့ ဝိုင်းက ၁၁ နာရီ ၁၀ မိနစ်ဆိုလို့ ပြန်လာတာလို့ မျက်နှာတိမျက်နှာထားနဲ့ တိုးဂိုက်ကို အပြစ်တင်တယ်။ တိုးဂိုးက ၁၁ နာရီ မိနစ် ၂၀ လို့ ပြန်ချိန်းလိုက်တယ်။ ဝိုင်းက အချိန်နဲ့ ပတ်သက်ရင် ဘယ်တော့မှ သည်းမခံဘူး။ တောင်ဖက်ကို ၁ နာရီလောက် ဆက်မောင်းရင် ခရီးစဉ် နောက်ဆုံးဖြစ်တဲ့ နယူးအင်္ဂလန်မက်ပယ်ပြတိုက်ကို ဝင်လည်ပါတယ်။ သုံးမြှောင့်ချွှန်း မက်ပယ်ရွက်က ကနေဒါနိုင်ငံအလံမှာ တွေ့မြင်ဖူးမှာပါ။
မက်ပယ်ပင်ကနေ သကြား၊ သကာရည် ထုတ်လို့ရတယ်ဆိုတာ အဲဒီပြတိုက် ရောက်မှပဲ သိရတော့တယ်။ မက်ပယ်ပင်ကို သံစူးနဲ့ထိုး ကျလာတဲ့အရည်ကို ပုံးနဲ့ခံပြီး ထင်းနဲ့ သကြား၊ သကာရည် ထုတ်လုပ်လာတာ နှစ်ပေါင်းရာချီ နေပါပြီ။ ဂရိတ်အေ၊ ဘီ၊ စီ၊ ဒီ နာမည်ပေးထားတဲ့ သကာရည်တွေကို မြည်းစမ်းခဲ့သေးတယ် အင်မတန် ချိုတယ်။ တယောက်တည်း ခရီးထွက်လာပုံရတဲ့ ကောင်မလေးကို မိတ်ဆက်တော့ ဂျာမန်မလေး နယူးယောက်မှာ ကျောင်းလာတက်နေတာ။ တတ်နိုင်သမျှ ရေမြေဒေသသစ်ဆီ ခရီးထွက်နိုင်ဖို့ အားခဲထားပါသတဲ့။ လတ်တလောမှာ ကမ္ဘာ့ဖလားဗိုလ်စွဲထားတဲ့ ဂျာမနီအသင်းက ကလိုဆေး၊ မိုက်ကယ်ဘောလက်၊ အသင်းခေါင်းဆောင် ဖိလစ်လမ်း၊ အနားယူသွားတဲ့ ဂိုးသမား ( နာမည်မေ့နေတယ်) ၊ ဂျာမန်ချယ်ဆယ်လာ အိန်ဂျယ်လာမာကဲ၊ ဂျာမန်ဘီယာ အကြောင်းတွေ ပြောကြသေးတယ်။ တောင်ဖက်စူးစူး ၂၄၀ မိုင်၊ ၅ နာရီလောက် မောင်းရင် နယူးယောက်ကို ည ၇ နာရီလောက် ဝင်မှာပါ။
ကားလမ်းဘေး တဖက်တချက်စီက သာယာလှပတဲ့ ဂရင်းတောင်စဉ်တောင်တန်းထက်က အနီ၊ အဝါ သစ်ပင်ရောင်စုံ၊ တသွင်သွင် စီးဆင်းနေတဲ့ မြစ်ချောင်းလေးတွေနဲ့ သာယာအေးချမ်းတဲ့ ဗာမွန်ပြည်နယ်ရဲ့ ဆောင်းဦးရာသီဟာ အင်မတန် လှပပါပေတယ်။ အဲ ဆောင်းတွင်းတော့ အအေးကြမ်းတယ်။ ကျွန်မတို့တွေလည်း ငိုက်တဲ့အခါငိုက်၊ ဗိုက်စာရင် ပါလာတဲ့ မုန့်ကလေးတွေစား၊ စကားလေးပြောလိုက်။ ည ၇ နာရီ ဖလပ်ရှင်းကို ဝင်တော့ မနက်စာကို ဘီစကွတ်တွေနဲ့သာ ပြီးခဲ့တာမို့ ဗိုက်ဆာနေတဲ့ဝိုင်းက မီနီရှာဘူးရှာဘူး (ဟော့ပေါ့) သွားစားရအောင်တဲ့။ ဗိုက်ထဲ တကျူတ်ကျူတ်မြည်နေတဲ့ ကျွန်မက ဂရိတ်လို့ အော်တော့တာပဲ။ ဟောင်ကောင်စူပါမားကက်မှာ ဈေးဝင်ဝယ်၊ ဟော့ပေါ့တီး၊ ၇ ရထားစီး ဟင်းရောင်းတဲ့အိမ်မှာ မှာထားတဲ့ဟင်းတွေသွားယူ အိမ်ပြန်ရောက်တော့ ဆယ်နာရီခွဲနေပြီ။ ဟင်းရောင်းတဲ့အိမ်က ကျွန်မ လာမယူဘူးထင်လို့ ရေခဲသေတ္တာထဲတောင် ထည့်ထားနေပြီ။
အစ်မတစ်ယောက် သတင်းပေးလို့ ကြသပတေးနေ့ဟင်းမှာ တနင်္ဂနွေနေ့ ဟင်းတွေသွားယူပြီး အဲဒီအိမ်ဆိုင်ရဲ့ ဖောက်သည်ဖြစ်နေတာ တလလောက်ရှိပြီ။ ဟင်းတွေက အိမ်ချက်လိုမျိုး စားကောင်းတယ်။ မက်ဟန်တန်ရုံးမှာ လုပ်တုန်းက ဟင်းတွေ ချက်ဖြစ်သေးတယ်။ အခုက နယူးဂျာဆီပြည်နယ် နူဝေါ့မြို့က Newark ကလိုင်းရင့် ပို့အသော်ရတီအော့ဖ် နယူးယောက်၊ နယူးဂျာဆီရုံး Port Authority of New York & New Jersey ကို အလုပ်ဆင်းရတာ။ အိမ်ကနေ ၇ ရထားစီးပြီး နှစ်ဘူတာမှာဆင်း အောက်ထပ်က အမြန်ရထား F ရထားစီး မြို့လယ်ခေါင် 34 st Hearlad မှာဆင်း (၄၅ မိနစ်) ။ နယူးဂျာစီဆီ ပြေးဆွဲတဲ့ Path ရထားစီး Journal Square မှာဆင်း (အဲဒီရထားက မက်ဟန်တန်အောက်ဖက် WTC (World Trade Center ကို သွားတာ) တဖက်ခြမ်း ပလက်ဖောင်းကူးပြီး WTC ကနေ Newark ဆီသွားတဲ့ ရထားစီးပြီး ဂိတ်ဆုံးမှာဆင်း ( ၄၅ မိနစ်) ။ အိမ်ကနေ ရုံးအထိ ရထား ၄ ဆင့် ပြောင်း ၁ နာရီခွဲ စီးရတာမို့ တနေ့ကို ရထားပေါ်မှာ အသွားအပြန် ၃ နာရီကျော်။ မနက် ၇ နာရီခွဲက ထွက်သွားလိုက်တာ ည ၇ နာရီကျော်မှ ပြန်ရောက်တယ်။
ပင်ပန်းလို့ ဟင်းမချက်နိုင်ဘူး။ ရုံးနဲ့နီးနီးနားနား ပြောင်းရအောင်လည်း ကွန်းထရပ်က ၇ လ ထပ်တိုးဖို့တော့ ရှိပါရဲ့ ။ ဒီကလိုင်းရင့်နဲ့ ကွန်းထရပ်ပြီးသွားရင် ဘယ်ကလိုင်းရင့်ရုံး ရောက်မယ်မှန်းမသိ။ ရှေ့တပတ်က ဖွင့်လိုက်တဲ့ ဝေါထရိတ်စင်တာကို ပြောင်းရမယ်ဆိုလို့ ဝမ်းသာနေတာ။ ကျွန်မတို့ရဲ့ အင်ဂျင်နီယာဋ္ဌာန အက်စတီမိတ်တင်းအုပ်စု Estimating က ဝေါထရိတ်စင်တာ မျက်နှာချင်းဆိုင် နယူးဂျာဆီဖက်ခြမ်းက 2 Montgomery မောင့်ဂိုမာရီမှာရှိတဲ့ ပီအေရုံးချုပ်ကို ပြောင်းရမှာတဲ့။ ဝေါထရိတ်စင်တာပြောင်းချင်တဲ့ ကျွန်မက မောင့်ဂိုမာရီကျပြီး မောင့်ဂိုမာရီကျချင်တဲ့ ပတ်ထရီရှာက ဝေါထရိတ်စင်တာကျတယ်။ ၉၁၁ တုန်းက ပြိ ုကျသွားတဲ့ ဝေါထရိတ်စင်တာကို ၁၃ နှစ်ကြာ အချိန်ယူတည်ဆောက်ပြီးမှ ခုတပတ်ကမှ ဖွင့်လှစ်လိုက်တာပါ။ ပိုမိုခိုင်ခံ့အောင် သေသေချာချာ ဆောက်လုပ်ထားပြီး လုံခြုံရေး အင်မတန် တင်းကျပ်ပါတယ်။ အိုင်ဒီကဒ်တွေမှာ မိုင်ခရိုချစ်တွေပါဝင်ပြီး သတ်မှတ်ထားတဲ့အထပ်၊ အခန်းကိုပဲ ဝင်ရောက်ခွင့် ရှိပါတယ်။ လော်ဘီခန်းက ကြီးကျယ်ခမ်းနားပြီး မက်ဟန်တန်အောက်၊ စတေတန်းအိုင်လန် (Staten Island) ၊ နယူးဂျာဆီကို အပေါ်စီးကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။
ရုံးခန်းတွင်း ပန်းအိုးတွေ ထားခွင့်မပေးသလို သောကြာနေ့မှာ ဂျင်းမဝတ်ရပါတဲ့။ ညည်းက ဝေါထရိတ်စင်တာမှာ လုပ်ချင်တယ်လေး ဘာလေးနဲ့အကြမ်းဖက်သမားတွေက အဲဒီဝေါထရိတ်စင်တာကိုပဲ တားဂက်ထားနေတာအေ့ ဝေါထရိတ်စင်တာမှာ လုပ်ရတာ သေမင်းကို ဖင်ခုထိုင်ထားရသလိုပဲ ညည်းကျတဲ့ မောင့်ဂိုမာရီကနေ မြင်ရတဲ့ အောက်မက်ဟန်တန်ဗျုးကမှ အင်မတန်လှတာ။ နေ့လည်ထမင်းစားချိန်ပြီးရင် ကမ်းနားတလျှောက်မှာ လမ်းလျှောက်ဖို့ အင်မတန်ကောင်းတယ် ညည်းနဲ့ကျုပ် နေရာချင်းသာလဲလိုက်ချင်တယ်။ မောင့်ဂိုမာရီရုံးပြောင်းရင်တော့ ရထားသုံးဆင့် တနာရီသာသာလောက်ပဲ စီးရတော့မယ်။ ရထားတွေပြောင်းရင် မြေအောက်ထဲမှာဆို တော်သေးတယ် ဂျာနယ်စကွဲယားလိုမျိုး မြေပေါ်မှာပြောင်းပြီး နောက်ရထားစောင့်ချိန်တွေဆို တော်တော်အေးတယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်တယောက်ကတော့ မြို့လယ်ခေါင်ကနေ NJ Transit အမြန်ရထား နှစ်ဘူတာစီးပြီး ရုံးတက်တယ်။
ကျွန်မ ၄၅ မိနစ် ရထားနှစ်ဆင့် ပြောင်းစီးတဲ့ ခရီးကို သူက ရထားနှစ်ဘူတာပဲ စီးတယ်။ ဈေးကလည်း အတော်ကွာတယ်။ သူ့ရထားက တနေ့ ၁၀ ကျွန်မရထားက ၅ ကျပ်။ စီနီယာနီပေါအစ်ကိုကြီး ဖေ့ဘွတ်မှာ ရှယ်တဲ့စာသားလေးကို သတိရမိတယ်။ သူ့အဖေ လက်ထက်တုန်းက ရူပီး ၅ ကျပ် သက်သာဖို့ မိနစ် ၂၀ လမ်းလျှောက်တယ်။ သူ့သားလက်ထက်ကျတော့ မိနစ် ၂၀ သက်သာဖို့ ရူပီး ၅ ကျပ်ပေးပြီး တက္ကစီစီးတယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်ကလည်း ဘာထူးလဲ မိနစ်သုံးဆယ် သက်သာဖို့ ၅ ကျပ် အကုန်ခံတယ်။ ပီအေရုံးမှာ လုပ်ရတာ အတော်ကောင်းတယ် လုပ်ဖော်ကိုင်ဖက်တွေက အကုန်ပရော်ဖက်ရှင်နယ် ပီသတယ်။ အလုပ်လုပ်ရတာ မပင်ပန်းဘဲ သွားရလာရတာ ပင်ပန်းတယ်။ အလုပ်ပင်ပန်းတာကို ခရီးလေးထွက်ပြီး အပန်းဖြေမှပေါ့နော် ဟား ဟား ကိုယ့်ဖက်ကိုယ်ယက်တဲ့ လိပ်မျိုး။
နိုဝင်ဘာ ၂၇ ကြသပတေးနေ့က ကျေးဇူးတော်နေ့၊ ဘလက်ဖရိုင်းဒေး Black Friday သောကြာနေ့၊ စနေ၊ တနင်္ဂနွေ ပိတ်ရက် ၄ ရက်ရတာမို့ ခရီးသွားကြတဲ့ ရာသီဆိုပါတော့။ ဘလက်ဖရိုင်းဒေးနေ့မှာ ဈေးဝယ်ကြတာ သတင်းမှာ မြင်ဖူးကြမယ်ထင်တယ်။ ဒစ်စကောင့်တွေ အကြီးအကျယ်ချလို့ ကြသပတေးနေ့ကတည်းက တန်းစီ၊ ပစ္စည်းလုရင်း ရန်ဖြစ်ကြတာတွေနဲ့ တကယ့်ကို ဘလက်ဖရိုင်းဒေးပါပဲ။ ဝိုင်းတို့ယူအန်ရုံးက ဘလက်ဖရိုင်းဒေး မပိတ်လို့ စနေ၊ တနင်္ဂနွေပိတ်ရက် ၂ ရက်ပဲ ခရီးသွားဖြစ်ပါလိမ့်မယ်။ ဘယ်ကိုသွားမလဲဆိုတာတော့ မရွေးချယ်ရသေးပါဘူး။ သွားဖြစ်ခဲ့ရင် တောလားတွေ ရေးတင်ပါဦးမယ်။ ဆောရီး ဒီတစ်ခေါက်တော့ ကျွန်မဓာတ်ပုံတွေ သိပ်များသွားတယ် နောက်တောလားတွေကျရင် ကိုယ့်ပုံထက် ရှုခင်းပုံတွေ များများရိုက်အောင် ကြိုးစားရမယ်။
စန်းထွန်း
နိုဝင်ဘာ ၈ ၊ ၂၀၁၄။
5 comments:
စန်းထွန်းလေး..
မသွားနိုင်သေးလို့ ...
ချစ်သောမမအိုင်အိုရာ
ဟင်းဟင်း..
အရမ်းလှလာတာ
စိုးရိမ်တယ်ကွယ်..
အဲဒါလာပြောတာ..အဟဲ..
ချစ်တဲ့ Ahthu
Anonymous said...
စန်းထွန်းလေး..
သစ်ပင်တွေလည်းလှစန်းထွန်းကလည်းလှ
တက်ဒီဘဲလေးကလည်းချစ်စရာ စန်းထွန်းကလည်းချစ်စရာ..
မမအိုင်အိုရာဖလန်းဖလန်းမထနိုင်တာကြာလှပြီမို့စန်းထွန်းကိုဘဲအားကျနေရတော့တာ။
ဒီအနီးအနားမှာ အဲလို အုပ်လိုက်ဝါနီစိမ်းမတွေ့ရလို့မချင့်မရဲဖြစ်နေတာ။
ဟိုဘက်ပြည်နယ်ဖက်သွားရင်တော့တွေ့မှာပါ။
မသွားနိုင်သေးလို့...
စန်းထွန်းတင်ပေးတာလေးတွေနဲ့ပဲကျေနပ်နေရတယ်ကွယ်။
ချစ်သောမမအိုင်အိုရာ
November 9, 2014 at 2:20 PM
မီးမီးငယ် said...
ဟင်းဟင်း..
အရမ်းလှလာတာ
စိုးရိမ်တယ်ကွယ်..
အပျိုကြီးစွန်တော့မယ်
နောက်ဆိုဒီလိုတယောက်ထဲသွားလည်လို့ရတော့ဘူး..
အဲဒါလာပြောတာ..အဟဲ..
ဓါတ်ပုံတွေလှ လူလည်းလှ..
November 9, 2014 at 10:49 PM
Aunty Tint said...
ဒီကနေ့ ဘလော့ရွာထဲလည်တာ ပို့စ်သစ်တစ်ပုဒ်မှ မတက်လာပေမယ့် စန်းစန်းပို့စ်တစ်ပုဒ်နဲ့ ကျေနပ်သွားပြီ ... ဗဟုသုတလဲရ ဓာတ်ပုံတွေလဲ အဝကြည့်ရ ...
တံတားတွေမဆောက်ခင်ကာလက ရန်ကုန်ကနေ ချောင်းသာသွားတဲ့အခါမျိုး ပြည်တော်ပြန်ဘုရား သွားဖူးတဲ့အခါမျိုးတွေမှာ မကြာခဏကူးရတဲ့ ဇက်တွေကို ပြန်တွေးသတိရမိတယ်။
November 9, 2014 at 11:03 PM
Thu said...
လိုင်းကောင်းတဲ့နေရာမို့ပုံတွေတင်ရတာ..တင်သာတင်ပါမကြီးရယ်..ဒါနဲ့စကားမစပ်မကြီးစန်းထွန်းလှလာတယ်နော် :P
ဓါတ်ပုံရိုက်တဲ့နေရာဝင်လုတဲ့တရုတ်မကြီးအကြောင်းဖတ်မိတော့ ဟိုနေ့ကဦးပိန်တံတားမှာနေရာလုခံရတာတောင်သတိရသွားတယ်။ဘယ်နေရာဖြစ်ဖြစ် လူတွေကတော့ပုံစံမျိုးစုံကိုတွေ့နေရတာပါပဲနော်။
ချစ်တဲ့ Ahthu
November 10, 2014 at 2:55 AM
Post a Comment