တစ်နှစ်တစ်ခါ ဆုံကြတယ်…

‌၂၀၂၁ အောက်တိုဘာ ၁၁ က Columbus day အစိုးရပိတ်ရက် ခရီးတွေထွက်ကြတဲ့အချိန် ဆိုပါတော့။ ကမ့်ပင်းခရီးလိုက်ဖို့ခေါ်ပေမဲ့ ချစ်အစ်မတွေနဲ့ ဆုံမှာဆိုတော့ မလိုက်ဖြစ်တော့ဘူး။ မနက် ၉ နာရီ အိမ်ကထွက် Penn Station ကို ၁၀ နာရီရောက် ၁၀:၁၅ နယူးဂျာစီ Trenton ဆီသွားတဲ့ ရထားစီးတယ်။ ခရီးသွားကြတဲ့အချိန်ဆိုတော့ လူတွေအပြည့်ပဲ ရထားမထွက်ခင် ၁၀ မိနစ်အလိုမှ ဘယ် track ဆိုတာ ဆိုင်းဘုတ်မှာပေါ်တယ်။ မိုးကဖွဲဖွဲလေးရွာနေတယ် သီချင်းလေးနားထောင်လိုက်၊ ဝထ္ထုလေးဖတ်လိုက်၊ ဖေ့ဘွတ်လေးကြည့်လိုက်။ ရှေ့ကကောင်မလေးက သူ့ရည်စားနဲ့ဘယ်လိုဖြစ်တယ်ဆိုတာ သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီးပြောတာ နားကြပ်တပ်ထားပေးမဲ့ အကုန်ကြားရတယ်။ နောက်ဆုံးကျတော့ ယောက်ျားပဲရှိရှိ၊ ရည်းစားပဲရှိရှိ ကိုယ့်ဘာသာ ရပ်တည်နိုင်တာ အကောင်းဆုံးပဲ။ အစ်မတွေနဲ့ မတွေ့တာ တစ်နှစ်ရှိပြီ တစ်နှစ်တစ်ခါ ဒီအချိန်ဆုံကြတယ်။ ကုလားဆိုင်မှာ စားစရာတွေသွားယူပြီး အိမ်မှာစားကြတယ်။ မနှစ်ကလည်း အဲ့ဒီကုလားဆိုင်ပဲ အတော်စားကောင်းတယ် ကုလားစာမကြိုက်တဲ့ ကိုယ်တောင်ကြိုက်တယ်။ Thanksgiving ခရီးထွက်ဖို့ စီစဉ်ကြတယ်။  မမိုးငွေ့ ကွန့်မန့်ဖတ်ရတော့မှပဲ အဲ့ဒီနေ့က မမိုးငွေ့နဲ့ ဗွီဒီယိုကောဖြစ်တာ သတိရသွားတယ်။ မမိုးငွေ့ရဲ့ အိန်ဂျယ်စီးရီးတွေက ဖတ်လို့တအားကောင်း လူကိုမမြင်ဖူးခင်က စာတွေဖတ်ပြီး ချစ်ခင်ရ၊ လူလုံးပြတော့ ခပ်ချောချောအမကြီး ချစ်စရာလေးဆိုပြီးချစ်ရ၊ ဗွီဒီယိုကောနဲ့ စကားပြောဖြစ်တော့ ပိုချစ်ခင်သွားရတာပါပဲ။ စာရေးသူနဲ့ စာဖတ်သူကြားက ချစ်ခင်မှုတွေက စာချစ်သူအချင်းချင်းပဲ နားလည်မယ်ထင်ပါရဲ့။ ညနေ ၃ နာရီခွဲ ရထားနဲ့ပြန်တယ်။ အလာတုန်းက ရထားတစီးထဲစီးတဲ့ တရုတ်မလေးလည်း အပြန်ရထားတူပြန်တယ်။ သူကတော့ ပေါ့ပါ့ပါးပါး ကျောပိုးအိတ်လေးနဲ့ ကိုယ်ကတော့ အသွားတုန်းက အိတ်ကြီးနှစ်အိတ် အပြန်အိတ်ကြီးတအိတ်။ အလာတုန်းက အမတွေအတွက် လက်ဆောင်တွေနဲ့ အပြန်ကျတော့ အမတွေဆီက မေတ္တာလက်ဆောင်တွေ စားစရာတွေနဲ့။ နေ့တိုင်းမတ်ဆေ့တွေပို့ပြီး အကြွားပြိုင်ကြတဲ့ မနိုင်စိန်သုံးယောက်… 

စန်းထွန်း 

အောက်တိုဘာ ၃၁၊ ၂၀၂၁။ 

ရော်ခါဖယ်လာ စတိတ်ပါ့ခ်သွားတောလား...

 ၂၀၂၁ စက်တင်ဘာ ၂၅ စနေနေ့ မနက် ၈ နာရီ ဘရွတ်ကလင်းကနေ ထွက်လာတဲ့ကားက ကွင်းစုရပ်က ကိုယ်တို့ကိုဝင်ခေါ်။ ၈ နာရီခွဲမှာ မက်ဟန်တန်က ဝိုင်းကိုဝင်ခေါ်။ ဝိုင်းပါတော့ အချိန်တိကျမှဖြစ်မယ်လေ။ မနက်စာအဖြစ် မုန့်ဖက်ထုပ်စား တနာရီလောက်မောင်းပြီးတော့ နယူးယောက်အက်ပ်စတိတ် upstate ဖက်က Rockefeller State Park Reserve  ကိုရောက်တယ်။ ထူးထူးဆန်းဆန်း ဝိုင်းနဲ့ကိုယ် ကားမူးတယ် ကားပါကင်မှာ ကားတွေအပြည့်။ ဝိုင်းရဲ့လုပ်ဖော်ကိုင်ဖက်တယောက်ပြောလို့ ဒီပန်းခြံသိတာ။ ကိုယ်တို့သဘောအတိုင်းဆို AllTrails Map ထဲကအတိုင်း ၆ မိုင် လျှောက်ချင်တာ။ တယောက်က သူ့အစီအစဥ◌်ဆွဲထားတဲ့အတိုင်း ၃ မိုင်လျှောက် နေ့လည်စာစား ပြီးရင်ရေကန်မှာ ၃ မိုင်လျှောက်မယ်ဆိုတော့လည်း အိုကေပေါ့။ ညီမလေးနဲ့မောင်လေး နှစ်ယောက်က ဓာတ်ပုံရိုက်တတ်တယ် အိုင်ဒီယာကောင်းတယ်။ သာမန်နေရာကိုတောင် ထူးခြားသွားအောင် ရိုက်တတ်တယ်။ သစ်ပင်တွေ အုပ်ဆိုင်နေပြီး လေကသန့်ရှင်းလတ်ဆပ် သာယာတယ်။ ဝိုင်းနဲ့ကိုယ်က အမူအကျင့်အတော်တူသလို အဲ့ဒီနှစ်ယောက်လည်း အမူအကျင့် အတော်တူတယ်။ နေ့လည်စာ ခေါက်ဆွဲကြော်၊ လိမ္မော်သီးစားပြီး မုန့်လက်ဆောင်း သောက်မလို့ ဗူးတဗူးထဲ ဖြစ်နေလို့  ရေသန့်ဗူးကို ဖောက်ရမလား ခွက်တွေကို ဘယ်လိုလုပ်ရမလဲ စီစဥ◌်နေလို့ ဟေ့ ငါတို့နှစ်ယောက်က ညီအစ်မတွေ တခွက်ထဲသောက်မှာ ဘာမှမဖြစ်ဘူး။ ဝိုင်းနဲ့ကိုယ်က အတော်ကိစ္စရှင်းတယ် ဘာမဆိုစားနိုင်တယ် ဇီဇာမကြောင်။ ဆူနမ်ဆိုမရဘူး သူ့ပန်းကန်ကို ဘယ်သူ့မှထိလို့မရဘူး။ ရေကန်ဆီ ကားမောင်းသွားကြပြီး ရေလှောင်ကန်ဆီ လမ်းလျှောက်ကြတယ်။ ငါးမျှားနေတဲ့သူက ရင်ဘတ်မှာ GoPro ကင်မရာလွယ် နောက်ဖက်မှာလည်း ဖုန်းကို tripod နဲ့ ချိန်ထားတယ်။ youtuber ထင်တယ်တဲ့ ဘယ်သူတွေကများ ဒီလောက်ပျင်းဖို့ကောင်းတဲ့ ငါးမျှားတာကို ယူကျူကနေ ကြည့်မှာပါလိမ့်။ သူ့ပရိတ်သတ်နဲ့သူတော့ ဟုတ်နေတာပဲ။ ငါးတကောင်မိလို့ ဝိုင်းကိုခေါ်ပြတော့ ရှက်ရယ်,ရယ်ပြီး အဲ့ဒါ သူ့ငါးမျှားအစာတဲ့။ ခုမှ youtuber လုပ်တာတဲ့ မနက် ၈ နာရီလောက်လာပြီ ညနေ ၂ နာရီလောက်ဆို ပြန်ပြီ။ မနက်ဖြန် မိသားစုနဲ့ တောင်တက်မယ်တဲ့။ တောင်တက်ဖို့ ဘယ်နေရာကို recommend ပေးချင်လဲဆိုတော့ Breakneck Ridge တဲ့။ သိတယ် Cold Springs နားမှာပဲ ခက်တယ်လို့ ပြောကြလို့ မသွားဘူး။ အပြန်မှာ ပန်းခြံသေးသေးလေးတခုဆီဝင်ပြီး လမ်းလျှောက်တယ်။ ကလေးတွေနဲ့အပြိုင် ဒန်းစီးတယ်။ သင်္ချိုင်းတခုထဲဖြတ်တော့ အတော်လှတာပဲ။ Terrytown မြို့ ဟက်ဆန်မြစ်ဘေးနားက trail အတိုင်းလမ်းလျှောက်တယ်။ ဇင်ယော်အကြီးကြီးတွေ၊ ဆောက်လက်စတိုက်ခန်းတွေ အများကြီးပဲ။ ဟက်ဆန်မြစ်ကို ဖြတ်ကျော်ဖောက်လုပ်ထားတဲ့တံထားက Governor Mario M Cumo တံထားတဲ့။ နယူးယောက်ပြည်နယ် မြို့တော်ဝန်ဟောင်း အမ်းဒရူးကူမိုရဲ့ အဖေကို ဂုဏ်ပြုမှည့်ခေါ်ထားတာ။ အဲ့ဒီနေ့က ၈ မိုင်လမ်းလျှောက်ဖြစ်တယ်။

စန်းထွန်း
အောက်တိုဘာ ၂၇၊ ၂၀၂၁။

 https://parks.ny.gov/PARKS/59

ကြွားခြင်းအနုပညာ ….

တူတော်မောင်ဟာ ကိုယ့်အဖေနဲ့ အတော်တူတယ် ညဏ်ထက်တယ်၊ ပါးနပ်တယ်၊ တိကျတယ်၊ သူသိသူတတ် ဆရာကြီး၊ သူသိတာဆိုရင်လည်း သိပ်ပြောပြချင်တာ။ ပုံဆွဲတော်တာကတော့ သူ့ကြီးတော်ကြီး မကြီးနဲ့သွားတူတယ်။ ဘုရားပုံတွေဆွဲတာများတယ် တူလည်းတော်တော်တူတယ်။ သီတဂူဆရာတော်ကိုလည်း သိပ်ကြည်ညိုတယ်။ တီဗွီမှာ တရားလာရင် ကိုယ်တွေဆို တီဗွီပိတ်အိပ် သူကတော့ တကူးတကကို နားထောင်လိုက်ရွတ်တယ်။ ယိုးဒယားကို သွားလည်ချင်တာ ကိုယ်နာမည်မမှတ်မိတဲ့ ဘုရားကို ဖူးချင်လို့တဲ့။ အရင်ဘဝက ဘုန်းကြီးများလား မသိဘူး။ ဘိုဘိုကာတွန်းဆွဲတာ တူတယ် မျက်လုံးလေးက ကြောက်တဲ့ပုံပေါက်တယ်တဲ့။ ဘယ်လိုဘုရားပုံက ဆွဲရခက်လည်းမေးတော့ အပေါ်ကနေစီးရိုက်တဲ့ပုံတွေဆွဲရင် ခက်တယ်တဲ့။ အောက်ကပင့်ရိုက် ငြမ်းဆင်းထားတဲ့ပုံတွေက လွယ်တယ်တဲ့။ ကြီးတော်တွေကလည်း ပေါက်ပေါက်ရှာရှာ မေးတတ်တယ် သူကလည်း သေသေချာချာ တိတိကျကျ ဖြေတတ်တယ်။ သူ့အိမ်က ကြီးတော်သူငယ်ချင်းက ပန်းချီလာသင်ပေးတယ်။ အွန်လိုင်းပန်းချီသင်တန်းအပ်မလို့ဟာကို သူအကုန်သိပြီးသား တတ်ပြီးသား သင်တန်းတက်ဆရာမလိုဘူးတဲ့။ ပုံဆွဲတော်လို့ drawing hero award မတ်လမှာ ရတယ်။ ဇွန်လမှာ Best Student of the Month ၊ စက်တင်ဘာမှာ Excellent Creative Thinker Award ရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက တောင်းနေတဲ့ mini force အရုပ်ကို Best Student သုံးခါရရင် ဝယ်ပေးမယ် ပြောထားတယ်။ အရုပ်က တရာကျော်ဆိုတော့ အဘွားတွေက ဈေးကြီးတယ် မဝယ်ပေးနဲ့တဲ့။ ကိုယ်တွေကတော့ ဈေးကြီးပေးမဲ့ သူကြိုးစားတာနဲ့ ထိုက်တန်အောင် လိုချင်တာကို ဝယ်ပေးလို့ ဆုံးဖြတ်ထားတယ်။ တရာတန်ပဲ ပေးနိုင်မယ်လို့။ ဆု ၃ ခါရပြီး ဝယ်ပေးပါလို့ တောင်းနေလို့ အဲ့ဒီဆုတွေက best student မဟုတ်ဘူး best student နောက်ထပ် ၂ ခါရအောင်ကြိုးစား ရရင်ချက်ချင်းဝယ်ပေးမယ်။ တရုတ်ကဟာမလိုချင်ဘူး ကိုရီးယားကတဲ့ ကိုဗစ်ဖြစ်နေလို့ မှာလို့ရပါ့မလား ကိုရီးယားလိုပြောရမှာပေါ့နော်နဲ့ အမလေး မေးခွန်းကများ ပစိပစပ်များ အတော်စိတ်ရှည်စွာနဲ့ ရှင်းပြရတယ်။ ကိုယ်ငယ်ငယ်တုန်းက ဘာလိုချင်မှန်း မသိဘူး အမေဝယ်ပေးတာ ဝတ်လိုက်တာပဲ ဆယ်ကျော်သက်အရွယ်ရောက်တော့မှ ကိုယ်လိုချင်တာ ကိုယ်သိတယ်။ အခု တူတော်မောင်က အသက် ၆ နှစ်ကတည်းက သူဘာလိုချင်မှန်း သေသေချာချာသိတယ်။ တနေ့တာအစီအစဉ်တွေ မေးကြည့်ရင် ဘယ်အချိန် ဘာလုပ်မှာ တနေကုန် အချိန်ဇယားအပြည့်။ ကိုယ်တွေ သူ့အရွယ်တုန်းက ထမင်းစားဖို့ ကျူရှင်သွားဖို့ စာကြည့်ဖို့ အမေခေါ်မှ ပြေးလုပ်တယ်။ အမေဇွန်သူဌေး အာကာသယာဉ်စီးတဲ့အကြောင်း ဖွင့်ပြတော့ သိတယ်တဲ့ ကာတွန်းကားတွေမှာ ပါတယ်တဲ့။ ကိုယ်တွေက အသက် ၁၀ နှစ်လောက်မှ တီဗွီစမြင်ဖူးတယ်။ အဲဒီတုန်းက တရွာလုံးမှာမှ တီဗွီ၂လုံးလောက်ပဲရှိတော့ ရှိတဲ့အိမ်မှာသွားကြည့်ရတယ်။ ညနေ ၆ နာရီကနေ ၈ နာရီအထိလောက်ပဲ လွှင့်တယ်တင်တယ်။ မီးစက်နှိုးတဲ့အချိန် ၆ နာရီခွဲ ကလေးတွေတအုပ်ကြီး တီဗွီကြည့်ကြတာပဲ မှတ်မိတော့တယ်။ ခုခတ်ကလေးတွေကတော့ အင်တာနက်ကနေ အကုန်သိ။ ကိုယ်တွေက အသက် ၂၅ လောက်မှ ဂူဂယ်မှာ ရှာတတ်တာ သူတို့က အသက် ၆ နှစ်နဲ့ ဂူဂယိရှာတာ ကျွှမ်းနေပြီ။ ကိုးရီးယားမှာ တိုက်ပြိုကျတယ်လို့ သူပြောလို့ ဂူဂယ်မှာရှာတာ မတွေ့ဘူး။ သူ့ကိုမေးကြည့်ပြီး ဘယ်လိုရိုက်ထည့် ဘယ်လိုရှာရတာ မေးကြည့်တော့မှ တွေ့တယ်။ သူ့ကို ဆရာတင်နေရတယ် ဆြာကြီး။  Starter အတန်း နောက်ဆုံးစာမေးပွဲ ဖြေနိုင်လား အမှတ်ပြည့်ရမှာလားမေးတော့ နည်းနည်းလျော့မယ်တဲ့။ သူထင်တဲ့အတိုင်း listening နဲ့ speaking မှာ ၂ မှတ်စီလျော့တယ်။ လျော့မှာပေါ့ သူများပြောတာ နားမထောင်ဘူး သူပြောချင်တာပဲ ဇွတ်ပြောနေတာ။ သူနဲ့စကားပြောရင် သူပြောတာကများများ ကိုယ်ကနားထောင်ရတာကများများ ကိုယ်ပြောချင်တာကို သူစကားပြောရပ်တဲ့အချိန်မှာ မနည်းဝင်လုပြောရတယ်။ တော်တော်စကားပြောနိုင်တဲ့ကလေး စကားများ ကြီးတော်နှစ်ယောက်ကို တနာရီကျော် ထိန်းထားနိုင်တယ်။ စကားများတာတော့ ကိုယ်နဲ့တူတယ် ကိုယ်စကားများလွန်းလို့ ကိုယ့်အဘိုးက  နာရီဝက်လောက် စကားမပြောရင် ပိုက်ဆံပေးမယ်ဆိုတာကို ပိုက်မဆံယူဘူး ကိုယ်က စကားပဲများမယ်တဲ့။ သူ့ကို ချော့ပြောရတယ် မာမာတင်းတင်း ပြောလို့မရဘူး။ ကြည့် listening နဲ့ speaking မှာသာ အမှတ်ပြည့်ရရင် best student ရနိုင်တယ် အဲ့ဒါဆို best student တခါပဲရဖို့ လိုတော့တယ်။ သားလိုချင်တဲ့အရုပ်ရဖို့ မြန်မြန်နီးစပ်တာပေါ့ နောက် listening နဲ့ speaking မှာ သေသေချာချာ နားထောင်နော်လို့ ပြောရတယ်။ ဆုတွေကို delivery နဲ့ ပို့လာတဲ့အခါ ဗွီဒီယိုကောခေါ်ပြီး ကြီးတော်ကို ကြွားတယ်။ ကြီးတော်က ဖေ့ဘွတ်ပေါ်တင်ပြီး အားလုံးသိအောင် မောင်းထုပြီး ကြွားတယ်။ ဖေ့ဘွတ်ပေါ်ကြွားရတာ အားမရလို့ ဘလော့မှာလာပြီး ကြွားတယ်။ လိုက်လည်းလိုက်တဲ့ တူဝရီး ကြွားစိန်တွေ။


စန်းထွန်း
အောက်တိုဘာ ၁၆၊ ၂၀၂၁။

ညက်မှန်ကြီးနဲ့ ဆြာကြီး
Hulk ရုပ်နဲ့ လိုချင်တယ်ဆိုလို့ မကြီးပို့ပေးတဲ့ မွေးနေ့ကိတ်
သူလိုချင်တဲ့ အရုပ်တွေတဲ့ ဂူဂယ်မှာ ကောင်းကောင်းရှာတတ်တယ်… ကိုယ်တောင် ဘယ်လိုရှာရလဲလို့ ပြန်မေးပြီးသင်နေရတယ်

Untermyer သွားတောလား…

 ၂၀၂၁ စက်တင်ဘာ ၁၉ တနင်္ဂနွေနေ့ မနက် ၁၁ နာရီ နယူးယောက်ကနေ တနာရီလောက်ဝေးတဲ့ Upstate ဖက်က Untermyer ပန်းခြံမှာ ဓာတ်ပုံသွားရိုက်တယ်။ အဲ့ဒီပန်းခြံကို နှစ်ကြိမ်ရောက်ဖူးတယ်။ ပထမအကြိမ်တုန်းက ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ ဓာတ်ပုံရိုက်ဖို့ဝေးစွ မနည်းမှီအောင် ပြေးလိုက်ရတယ်။ ဒုတိယအကြိမ် ကိုယ့်ဘာသာသွားတော့မှပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဒီတကြိမ်မှာတော့ ဂါဝန်လှလှလေးဝတ်ခဲ့ ဒေါက်ဖိနပ်သယ်ခဲ့လို့ မှာတာနဲ့ ဝတ်ခဲ့သယ်ခဲ့တယ်။ နေ့လည်စာစားဖို့ရှာတာ ကားပါကင်နေရာမရ၊ တရုတ်ဆိုင်ဆီသွားတော့ ဆိုင်ကိုမတွေ့ နောက်ဆုံးတော့ လွယ်ကူအဆင်ပြေတဲ့ မက်ဒေါနယ်ပဲ စားဖြစ်တယ်။ မက်ဒေါနယ်စားတိုင်း ကျောင်းတုန်းက ငတ်ခဲ့တာတွေ သတိရမိတယ်။ ပိုက်ဆံရှိတဲ့အခါ အိန္ဒိယဘူဖေး၊ တရုတ်ဘူဖေး ၂ ဘူးဝယ် ထမင်းချက်ပြီး  ကိုယ်တို့လေးယောက် မျှစားနိုင်ပေမဲ့ ပိုက်ဆံမရှိတဲ့အခါ မက်ဒေါနယ်ဆိုင်က ၂ ကျပ်တန် MacChicken ပဲ စားခဲ့ရတာကိုး။ Pizza Ranch ကြက်ကြော်ဘူဖေးဆိုင်ဖွင့်တော့ သွားစားကြတာ ကြက်ကြော်၈ တုံးစားတယ်။ ဝေသာလီပြည် ဘီလူးဝင်စီးသလား အောက်မေ့ရတယ်။ ကိုယ်က ၁၀ ပဲပေးပြီး ဆိုင်ဆီက ၃၀ ဖိုးလောက်စားတယ်။ တို့ကျောင်းသားတွေလက်ချက်နဲ့ ကြက်ကြော်ဆိုင် ပြုတ်လိမ့်မယ်လို့ ဟားကြဖူးတယ်။ ၂၀၁၃ မတ်လ ကျောင်းကိုပြန်သွားရတုန်းက Pizza Ranch ဆိုင်မှာ သွားစားသေးတယ် အရင်လိုမစားနိုင်တော့ဘူး။ ပန်းခြံက ကျဉ်းတယ် ကားပါကင်နေရာရလို့ တော်သေးတယ်။ ဓာတ်ပုံရိုက်ပေးတဲ့သူတွေက တော်တော်စိတ်ရှည်ရှည်နဲ့ ပိုလှအောင်ရိုက်ပေးတယ်။ မျက်နှာမှာ ဘာမှမလိမ်းလာလို့ အရောင်မထွက်တာ နှုတ်ခမ်းနီဆိုးပါလားလို့ ဓာတ်ပုံဆရာတွေအကြံပေးလို့ ဆိုးလိုက်တော့မှ နည်းနည်းကြည့်ပျော်ရှုပျော် ဖြစ်သွားတယ်။ ဗိုက်ချပ် ခါးမတ် လက်ကိုတောင့်တောင့်ကြီး မထားနဲ့ နွဲ့နွဲ့လေးနေ။ မျက်လုံးက ဘဲကြည့်သလိုကြည့်နဲ့ ဓာတ်ပုံဆရာတွေ ညွှန်ကြားပေးသလိုလိုက်လုပ်။ အိန္ဒိယမင်္ဂလာဆောင်ရှိလို့ နေရာပိတ် ပန်းခြံလည်းတပတ်ပတ်ပြီးပြီဆိုတော့ အနီးအနားက ဟတ်ဆင်မြစ်ဘေးမှာ နေဝင်ဆည်းဆာကြည့်ဖို့သွားတာ တနာရီလောက် စောင့်ရမှာမို့ ဖလပ်ရှင်းက ပင်လယ်ကမ်းစပ်မှာ နေဝင်တာကြည့်။ ကိုရီးယားအကင်ဆိုင်မှာ သွားစားကြတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မစားတာ အတော်ကြာပြီ။ အမြဲဘောင်းဘီနဲ့ tom boy လေးက ဂါဝန်လှလှလေး ဝတ်ထားတော့ အမြင်ဆန်းပြီး အားလုံးကလှတယ်လို့ ပြောကြတယ်။ ဂါဝန်က မကြီးပေးခဲ့တာ Zara နေကာမျက်မှန်ကတော့ အကြိုက်ဆုံးဖြစ်နေတဲ့ Gentle Monster Her 01 ပါ။ ကိုယ်မတ်တပ်ရပ်နေတဲ့ပုံက လွန်ခဲ့တဲ့အနှစ် ၂၀ တက္ကသိုလ်တက်တုန်းက အတိုင်းပဲ ဘာမှမပြောင်းဘူးတဲ့။ သူငယ်ချင်းအရင်းကြီးက ဓာတ်ပုံတွေနဲ့ အသေအချာပြတော့မှပဲ သတိထားမိတယ်။ ဘာဖြစ်လို့ ဘယ်ဖက်ကိုပဲ စောင်းရပ်နေတာလဲမသိဘူး။ နောက်တခါ ညည်းလို ခါးကြီးထောက်ပြီး မာန်ပါပါနဲ့ရပ်ဦးမှလို့ပြောတော့ သူငယ်ချင်းက ဟင်း‌နော် ငါ့ဖက်လှည့်လာပြီတဲ့။ ဘာဖြစ်လို့အဲ့ဒီဖက်ကို စောင်းနေရတာလဲလို့ ရှာဖွေလိုက်တော့ ကိုယ့်မျက်နှာက အဲ့ဒီဖက်ကနေရိုက်လို့ရှိရင် ပိုလှလို့ပါ။ အရင်အလုပ်တုန်းက ဘော်ဒါကြီးကက်သရင်းက Yorker မှာ ကြီးပြင်းခဲ့လို့ ဓာတ်ပုံမြင်လိုက်တာနဲ့ untermyer မှန်း တန်းသိတယ်။


စန်းထွန်း
အောက်တိုဘာ ၁၁၊ ၂၀၂၁။

နွေဦးတော်လှန်ရေး - ၁၄

 ၂၀၂၁ စက်တင်ဘာ ၁၈ စနေနေ့ နေ့လည် ၁၁ ကနေ ၄ နာရီအထိ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကွင်းရပ်ကွက် စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှား ရှမ်းတိုင်းရင်းသား ဈေးရောင်းပွဲတော်ရှိတယ်။ ကိုယ့်ကိုညီမအရင်းလို ကူညီစောင့်ရှောက်တဲ့အမက ဗော်လန်တီယာလုပ်ဖို့ခေါ်တာနဲ့ လုပ်ဖြစ်သွားတယ်။ မနက် ၉ နာရီ ဘုရားကျောင်းရောက်တော့ ဈေးရောင်းမဲ့သူတွေက ရောက်နှင့်နေပြီ။ ဗော်လန်တီယာတွေက မရောက်သေး၊ ဘုရားကျောင်းတံခါး မဖွင့်သေးဘူး။ ပစ္စည်းတွေကူချပေးရင်း မေးကြည့်တော့ မေရီလန်းပြည်နယ် ဘာတီမိုးမြို့က မနက် ၂ နာရီကတည်းက လာကြတာတဲ့။ ရှမ်းရိုးရာဝတ်စုံတွေ ဝတ်ထားကြတယ်။ ခုံခင်းတွေကူခင်းပေး၊ ဗော်လန်တီယာတွေ ရောက်လာတော့ ဆိုင်နံပါတ်၊ နာမည်ဆိုင်းဘုတ်တွေကပ်။ အမရောက်လာတော့ ငါးပေါင်းကို ဗူးထဲထည့်ပေး၊ မျှစ်သုပ်ကို အရသာမြည်းပေး၊ အချဉ်ပေါ့နေလို့ ကိုယ့်ယူလာတဲ့ သံပုရာသီးညှစ်ထည့်၊ အမရဲ့သူငယ်ချင်းသားအမိ ကူဖို့ရောက်လာတော့ အရသာမြည်းခိုင်း၊ မျှစ်သုပ်ကို ဗူးထဲထည့်တဲ့အခါ ကိုယ်တို့က ကြက်သွန်ကြော်၊ နှမ်း၊ ရှောက်ရွက်ဖြူး။ ကိုယ်က မျှစ်သုပ်ရောင်း၊ ဗော်လန်တီယာအမက ငါးပေါင်း၊ နောက်တဖွဲ့က မတ်စ်၊ ပိုက်ဆံအိတ် ကူရောင်းပေးတယ်။ အမက အခမ်းအနားမှုးလုပ်တော့ ရောင်းဖို့မအားဘူး။ လက်မလည်အောင် ရောင်းရတာ ၁၂ ခွဲနဲ့ အကုန်,ကုန်တယ်။ အဲ့ဒီတော့မှ ဗိုက်ဆာလာလို့ အမတယောက်ဆိုင်က ဝယ်ထားတဲ့ ကောက်ညှင်း အုန်းနို့ဒူးရင်းသီးဆမ်း စားဖြစ်တယ်။ ရှမ်းအစားအစား စားရခဲတယ်ဆိုပြီးဝယ်တာ ပါသမျှပိုက်ဆံကုန်။ ရှမ်းရိုးရာ အိုးစည်ဗုံမောင်း၊ ကိန္နရာက၊ ဓားသိုင်း၊ တိုးနယားအကနဲ့ ဖျော်ဖြေတယ်။ ရှမ်းကလေးမလေး ၂ ယောက် သီချင်းဆိုပြီး ကကြတယ်။ ကလေးမလေးတယောက် အတော်ဆိုတတ်တယ် အမူအယာကလည်း တတ်လိုက်တာ။ ကိုယ်တောင် သူ့ဆီက သင်ရမယ် ဆုတွေအများကြီး ချကြတယ်။ ဆန္ဒပြပွဲတိုင်း တွေ့တဲ့သူတွေ၊ အပေါင်းအသင်း မိတ်ဆွေတွေ လာကြတယ်။ မက်ဆီကန်လေး အီလန်တောင် လာတယ်။ ဘိုကလေးတယောက်က မျှစ်သုပ်ကောင်းလို့ ၂ ခါလာဝယ်တယ်။ ဗော်လန်တီယာခေါင်းဆောင် အသိညီမလေးလည်း ၂ ခါလာဝယ်တယ်။ မြန်မာအက္ခရာစာလုံး တီရှပ်အနက်ဝတ်ထားတဲ့ ဘိုမကို နင့်တီရှပ်လေး ကြိုက်တယ်လို့ပြောတာ မြန်မာပြည်ရောက်တာ ၄ ခေါက်ရှိပြီတဲ့။ သူဝတ်တော့မှပဲ မြန်မာအက္ခရာတီရှပ်လေး လိုချင်သွားတယ်။ ဇူလှိုင် Vipassana Meditation Center မှာ မြန်မာတွေကို ဦးစားပေးတဲ့ တရားစခန်းဝင်တုန်းက သိခဲ့တဲ့အမတွေက နောက်ဖက်ခုံမှာ ရောင်းနေလို့ စကားတွေပြောကြ။ အဲ့ဒီအမတွေက ကိုယ့်လိုပဲ ဆန်ဒပြပွဲတိုင်း ဈေးရောင်းပွဲတိုင်းပါတယ်။ တော်လှန်းရေးအတွက် လူတိုင်းကိုယ်စီ တတ်နိုင်သမျှလုပ်ကြတာ ဝိုင်းက မြန်မာလူမျိုးတွေ ချီးကျူးလေးစားဖို့ကောင်းတယ်လို့  ဗီယက်နမ်သတင်းမှာ ပါတယ်တဲ့။ ဦးဂိုအင်ကာတရားစခန်းအကြောင်း ပို့စ်ရေးမယ်လို့ တွေးနေတာ ခုထိမရေးဖြစ်သေးဘူး။ ၃ နာရီ အကုန်သိမ်းပြီးတာနဲ့ အိမ်ပြန် အိမ်ရောက်တော့မှ နေ့လည်စာနဲ့ ညစာပေါင်းစား ရေချိုးပြီးတာနဲ့ အိပ်လိုက်တာ ည ၈ နာရီမှနိုးတယ်။ ‌ဈေးရောင်းရငွေ တသောင်းရှစ်ထောင် ရတယ် ရှမ်းနဲ့ကယားပြည်နယ်က စစ်ဘေးရှောင်၊ PDF ကိုလှုမယ်လို့ ကြားတယ်။


အရေးတော်ပုံ အောင်ရမည်!!!
စန်းထွန်း
အောက်တိုဘာ ၃ ၊ ၂၀၂၁။