လှုဒါန်းခြင်း အနုပညာ ...

မတော်တဆဖြစ်မှုနဲ့ သေဆုံးသွားတဲ့ လူငယ်လေးတစ်ယောက်က သူရဲ့ခန္ဓာကိုယ်ကို လှုဒါန်းခဲ့တယ်။ လှုဒါန်းသွားတဲ့သူရဲ့မိခင်နဲ့ လက်ခံရရှိပြီး အသက်ဆက်လက် ရှင်သန်နေသူတွေ တွေ့ဆုံတဲ့အကြောင်း သတင်းမှာ ကြည့်လိုက်ဖူးတယ်။ အလှုရှင်မိခင်က သူ့သားရဲ့ နှလုံးခုန်သံကို နားကြပ်လေးနဲ့ နားထောင်ကြည့်တာကို မြင်ရတဲ့အခါ ဘာကြောင့်မှန်းမသိ မျက်ရည်ဝဲမိတယ်။ သေဆုံးတဲ့အခါ ကိုယ့်ခန္ဓာကိုယ်က အသုံးမဝင်တဲ့ပြာ ဖြစ်သွားမဲ့အစား သူတပါးအသက်ကို ကယ်တင်နိုင်တာ  အင်မတန်အကျိုးများစေတာပဲ။ အဲဒီကတည်းက ဆုံးဖြတ်လိုက်တယ် ကိုယ်သေရင် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကိုလှုမယ်လို့။ ဒီလအစောပိုင်းမှာ နယူးယောက်ကားမောင်းလိုင်စင် သက်တမ်းသွားတိုးတော့ organ donar ခန္ဓာကိုယ်အစိတ်အပိုင်း လှုမလားဆိုတာ ဖြည့်ရတယ် လှုမယ်လို့ ဖြည့်လိုက်တယ်။ နယူးယောက်ပြည်နယ် donatelife က စာလာတယ်။ ဝက်ဆိုဒ်ကိုဝင်ပြီး အကောက်ဖွင့်ပါ အသက် ၁၈ နှစ်မပြည့်သေးရင် မိဘအုပ်ထိန်းသူတွေရဲ့ ခွင့်ပြုချက်လိုတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးရင်တော့ လှုတာကို မိဘတွေ ငြင်းခွင့်မရှိဘူး။ လှုဒါန်းတာကို အချိန်မရွေး ပယ်ဖျက်နိုင်ပါတယ်။ ညီမလေးရွှေအိမ်စည်မေ ဖေ့ဘွတ်မှာ ရေးထားတာလေးကို သဘောကျလို့ ပြုံးမိသေးတယ်။ သူများတွေ ကိုယ်ခန္ဓာအစိတ်အပိုင်း လှုဒါန်းတာတွေမြင်ရင် အားကျမိပါရဲ့။ ဒါပေမယ့် ကိုယ်သေရင် ခန္ဓာကိုယ်မှာ ကောင်းတာတွေမှ ကျန်ပါဦးမလားတဲ့။ အင်း ... ကောင်းတာတွေ မကျန်လို့သူတပါးအသက်ကို မကယ်တင်နိုင်ရင်တောင်မှ သုတေသနလုပ်ငန်းမှာသုံးဖို့တော့ ကျန်ပါသေးတယ်။

၂၀၀၆ သင်္ကြန် မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရကျောင်းမှာ တရားစခန်းဝင်တော့ ကိုယ့်အစ်မသူငယ်ချင်းတွေနဲ့ နေရတာက တပါးကျောင်းဆောင်။ နေရထိုင်ရတာ အဆင်ပြေလွန်းလို့ အလှုရှင်တွေကို သာဓုခေါ်မိတယ်။ အဲ့ဒီလိုတပါးကျောင်းဆောင်လေး လှုချင်စိတ်ပေါ်လာတယ်။ ကျောင်းအကြီးကြီးဆိုရင်တော့ မလှုနိုင် တပါးကျောင်းဆောင်လေးတော့ လှုနိုင်မယ်ထင်ပါရဲ့လို့ တွေးမိတာနေမှာ။ ကြီးကြီးမားမားဆိုလို့ ဓမ္မမိတ်ဆွေအစ်မကြီးတွေ တိုက်တွန်းလို့ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရ သိမ်ကျောင်းအတွက် ၂၀၁၂ မှာ ၁၀ သိန်းလှုဖူးတယ်။ ဗောဓိရိပ်ငြိမ်ဆရာတော်ကိုလည်း အင်မတန်ကြည်ညိုလေးစားပါတယ်။ ဆရာတော်ကို စတိတ်သွားတော့မယ်လို့လျှောက်တော့ အမေရိကားမှာ ခြေထောက်ဘီးတပ်ရလိမ့်မယ်လို့ မိန့်တယ်။ St. Jude ကလေးကင်ဆာဆေးရုံအတွက် တလ ၂၅ ၊ ဘုန်းကြီးကျောင်းသွားရင်၊ တရားစခန်းပွဲ ဆွမ်းအလှု၊ ကိုယ့်မွေးနေ့ အလှု ကြုံရင်ကြုံသလို ၂၀၊ ၅၀၊ ၁၀၀၊ ၂၀၀ ၊ ၃၀၀ လှုလေ့ရှိပါတယ်။ မြောက်ဦးဆရာတော်က ကယ်လီဖိုးနီးယားပြည်နယ် ဖရက်ဆိုမြို့လယ်ခေါင်က ဂျပန်ဘုန်းကြီးကျောင်းကို ဝယ်ပြီး ဓမ္မစင်တာအဖြစ် ဗုဒ္ဓဘာသာထွန်းကားလာအောင် ဆောင်ရွက်နေပါတယ်။ ကြုံတောင့်ကြုံခဲအခွင့်အရေးကြီးမှာ နည်းများမဆို ထည့်ဝင်လှုဒါန်းနိုင်ပါတယ်လို့ ဒေါက်တာမတင်မာထွန်းရဲ့ တိုက်တွန်း နိုးဆော်သံ မြင်တာနဲ့ လှုချင်နေပြီ။ ၂၀၀၊ ၃၀၀ လောက်ပဲ လှုမယ်လို့ စဉ်းစားရာကနေ သြော် ... ငါ့နှယ့်နော် ခရီးတခေါက်ထွက်တိုင်း ထောင်ကျော်ကုန်တာတော့ ဘာမှစဉ်းစားမနေဘူး မနှမြောဘူး။ အလုပ်ပင်ပင်ပန်းပန်း လုပ်ထားတာ အပန်းဖြေတယ်လို့တွေးတယ်။ တထောင်လှုဖို့ကိုတော့ တွန့်ဆုတ်နေလိုက်တာ တောင်တွေးမြောက်တွေး များသွားပြီလား လောက်ပါ့မလား ဖြစ်ပါ့မလား .... လားပေါင်းများစွာ။ သေရင်ကိုယ့်နောက် ဘာမှမပါဘူး ဒါနကုသိုလ်၊ ဝိပသနာကုသိုလ်တွေကသာ ကိုယ့်နောက်ပါမှာ။ လှုလိုက်စမ်းပါဟလို့ ကိုယ့်ကိုကိုယ် အားပေးရတယ်။


အိုင်အိုဝါမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းပုံ့ပုံ့ကိုလည်း လှုဖို့တိုက်တွန်းတော့ သူက လှုပြီးနေပြီ။ ဘယ်လိုလှုတာလည်းမေးတော့ PayPal  နဲ့ လှုတာတဲ့။ ပုံ့ပုံ့နဲ့ကိုယ် ပေးပယ်စမ်းသပ်တဲ့အကြောင်း ပြောပြရဦးမယ်။ ရန်ကုန်မှာ ဆယ်တန်းအောင်တဲ့ကိုယ်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တက်ရပြီး ပဲခူးမှာ ဆယ်တန်းအောင်တဲ့ပုံ့ပုံ့က တောင်ငူကွန်ပျူတာတက္ကသိုလ် တက်ရတယ်။ မာစတာရောက်တော့ နယ်ကျောင်းကလူတွေ ရန်ကုန်မှာ လာတက်ရတယ်။ မာစတာတက်တုန်းက သိပေမဲ့ ကိုယ့်အုပ်စုနဲ့ကိုယ်ဆိုတော့ မခင်ဘူး။ စင်္ကာပူအမျိုးသားတက္ကသိုလ်တက်တော့ ပုံ့ပုံ့ရဲ့ ချစ်သူငယ်ချင်း ဘနဲ့ကိုယ်က တတန်းတည်း၊ တအုပ်စုတည်း။ ကျောင်းပြီးလို့အလုပ်ရှာတဲ့အခါ ပရိုဂရမ်းမင်းအင်တာဗျူးတွေ ဖြေရရင်  စာတော်တဲ့ဘကိုအကူအညီ တောင်းရတယ်။ ပုံ့ပုံ့က ကိုယ့်ထက်တစ်နှစ်နောက်ကျပြီးမှ NUS ရောက်လာတယ်။ ပုံ့ပုံ့က ဘတို့အိမ်မှာနေတာဆိုတော့ ဘဆီသွားရင် တွေ့တာပေါ့။ စတိတ်ကို ကိုယ့်ထက်ငါးနှစ်နောက်ကျပြီးမှ ရောက်လာတယ်။ ကိုယ်တက်တဲ့ကျောင်းမှာ မေဂျာတော့ကွဲတယ်။ နင် ငါ့နောက်လိုက်နေတာလားလို့ နောက်ကြသေးတယ်။ ပုံ့ပုံ့ စတိတ်ရောက်နေမှန်း ဖေ့ဘွတ်ကနေ သိရတော့မှ ဆက်သွယ်ပြီး သိကျွှမ်းခင်မင်လာခဲ့ကြတယ်။ နောက်တော့ တရားဝါသနာပါတဲ့သူတွေဆိုတော့ တရားအကြောင်း၊ ဓမ္မအကြောင်းတွေ၊ ကျောင်းတုန်းကအကြောင်းတွေ ပြောကြဆိုကြ။ စိတ်တူဝါသနာတူတဲ့သူတွေမို့လို့ မကြာခင်မှာပဲ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ တပတ်တခါ ဖုန်းပြောကြရင် တနာရီက အနည်းဆုံး။ ကိုယ်က နယူးဂျာဆီဘုန်းကြီးကျောင်းသွားမယ်ဆိုရင် သူ့အတွက် ဘယ်လောက်လှုပေးပါလို့ မှာတယ်။ သူသုံးတဲ့ အိုင်အိုဝါဘဏ်က အွန်လိုင်းဘဏ်ကင်း မရဘူး။ ဒီတော့ ကိုယ့်ဆီ ငွေသားကို စာအိတ်ထဲထည့်ပို့တယ်။ တနေ့တော့ ကိုယ့်မှာ ပေးပယ်အကောင့်ရှိလားလို့ မေးတယ် ရှိတယ် ကျောင်းတက်တုန်းက စာအုပ်ဝယ်ဖို့ ပေးပယ်အကောင့် ဖွင့်ဖူးတယ်။

ဒါဆို ပေးပယ်ကနေလွဲမယ် လွဲခမပေးရဘူးပြောတယ်။ အရင်ဆုံး အနည်းဆုံးဖြစ်တဲ့ ငါးကျပ်လွဲမယ်။ သူ့ဆီကနေ ၄၅ ပြား ဖြတ်ပြီး ကိုယ့်ဆီကနေ ၄၅ ပြား ဖြတ်တယ်။ ဟင်... ငါးကျပ်လေးလွဲတာလေးကိုတောင် ဒီလိုဖြတ်နေရင် များများလွဲရင် ဘယ်လောက်တောင် ဖြတ်မလဲမသိဘူး။ ဘဏ်အကောင့်ကနေလွဲရင် မဖြတ်ဘူးတဲ့ ဘဏ်အကောင့်ကို ပေးပယ်က ငွေနည်းနည်းလေးလွဲကြည့်ပြီး ငွေသွင်းငွေထုတ် လုပ်ကြည့်မယ်။ နှစ်ရက်လောက်ဆို လွဲလို့ရပြီ ဒီလိုနဲ့ ပုံ့ပုံ့နဲ့ကိုယ် ပေးပယ်ကနေ ငွေလွဲငွေယူ လုပ်နေကြတာပေါ့။ ခရီးတခေါက်ထွက်ရင် ပိုက်ဆံထောင်ကျော် ကုန်မှာကိုတော့ မနှောမြောဘူး ခုတထောင်လှုမှာကို အင်တင်တင် ဖြစ်နေတယ်လို့ ပြောပြတော့ လှုချင်စိတ်ပေါက်တုန်း အမြန်လှုလိုက်။  ကြာလာရင် သဒ္ဓါစိတ် လျှော့သွားတတ်တယ်တဲ့။ သဒ္ဓါစိတ်ပေါက်တုန်း ချက်ချင်းလှုလိုက် နောက်မို့ဆို လှုဖြစ်တော့မှာမဟုတ်ဘူးတဲ့။ သူတိုက်တွန်းသလို ချက်ချင်းလွဲလိုက်တယ်။ များများလှုချင်ပေမဲ့ မလှုနိုင်တဲ့သူကို သဒ္ဓါစိတ်က အရေးအကြီးဆုံး ညောင်ပင်ကြီးလောက်လှုပေမဲ့ ညောင်စေ့လောက်ပဲရတယ်။ ညောင်စေ့လောက်လှုပေမဲ့ ညောင်ပင်လောက် ရတယ်လို့ အားပေးရတယ်။ သြော် ... စိတ် ... စိတ် ...  လှုဖို့ဆိုရင် လားပေါင်းများစွာ။

စန်းထွန်း
ဂျွှန် ၂၈၊ ၂၀၁၈။

ဆုံနေရက်နှင့် ဝေးလေခြင်း ...


မိုးဖွဲဖွဲလေးရွာနေတဲ့အချိန် ထီးမဆောင်းဘဲ မိုးရေထဲလမ်းလျှောက်နေတုန်း မျက်မှန်ပေါ် မိုးရေစက်တွေ တွဲခိုလာတော့ ရှင်းရှင်းလင်းလင်း မမြင်ရတော့လို့ မျက်မှန်ကို အင်္ကီျမှာချိတ်ပြီးလမ်းလျှောက်။ မျက်မှန်မတပ်လို့ အဝေးကိုခပ်ဝါးဝါးပဲ မြင်ရတဲ့အပြင် မတွေ့တာလည်း သုံးနှစ်ကျော်ပြီဆိုတော့ ကိုယ်ကသူ့ကိုမမှတ်မိ။ ပေါင် ၂၀ ဝလာတဲ့ကိုယ့်ကို သူကလည်း မှတ်မိပုံမရ။ သူကတော့ အရင်အတုန်း ဘာမှမပြောင်းလဲ နုပျိုရှင်းသန့်နေဆဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အွန်လိုင်းကနေ စာမေးပွဲအကြောင်းတွေ ပြောခဲ့ဖူးပေမဲ့ ခုတော့လည်း ဘယ်တုန်းကမှ မသိကျွှမ်း စကားမပြောဖူးတဲ့သူတွေလို။ သြော် ဒီလိုလား အပြုံးတွေ၊ နှုတ်ဆက်ချင်တာတွေ ရုတ်သိမ်းပြီး မကြည့်မမြင်လေဟန် ဟန်ဆောင်ခဲ့ရတယ်။ ပွဲတော်ထဲက မုန့်ဆိုင်တွေနားမှာ လေးခေါက်လောက် ကိုယ်တွေ့ဆုံတွေ့ခဲ့သော်ငြား မသိမမြင်ဖူးသလို။ ကိုယ့်မိတ်ဆွေတွေကို လာနှုတ်ဆက်ပေမဲ့ မနီးမဝေးမှာ ရပ်နေတဲ့ကိုယ့်ကို ပြုံးပြဖော်၊ နှုတ်ဆက်ဖော်တောင် မရတဲ့သူတယောက်ဖြစ်နေတာကို အံ့သြမိပါရဲ့။ ဟမ် .... မင်းတို့ အွန်လိုင်းမှာ စားမေးပွဲအကြောင်း စကားပြောဖူးတယ်ဆို။ အဲ့ဒီတုန်းက ဘယ်လိုနေလဲ ... ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပါပဲ။ တချို့က အဲ့ဒီလို အွန်လိုင်းမှာ ဖော်ရွေပေမဲ့ အပြင်မှာမဖော်ရွေဘူး။ မင်းဆို အွန်လိုင်းမှာ စကားပြောတာ ခပ်ပြတ်ပြတ် စကားပြောမကောင်းဘူး အပြင်မှာ ပိုခင်ဖို့ကောင်းတယ်။ သူက နှုတ်မဆက်ပေမဲ့ အသက်ပိုကြီးတဲ့ မင်းက နှုတ်ဆက်ဖို့ကောင်းတယ်။ အိုး ... သူက နှုတ်မဆက်တာကို ကိုယ်ကနှုတ်ဆက်ရမှာလား။ ဒါနဲ့ပဲ မကြည့်မမြင်ဟန် ဆောင်ခဲ့တယ်ပေါ့လေ။ ဆယ်ကျော်သက် ကလေးတွေကျနေတာပဲ  ပြုံးပြနှုတ်ဆက်ရမှာကို ဝန်လေးနေလိုက်ကြတာ။ မိတ်ဆွေတစ်ယောက်တိုးအောင် လုပ်ခဲ့တာမဟုတ်ဘူး။ ပြုံးပြနှုတ်မဆက်တတ်တဲ့သူနဲ့ အသိမိတ်ဆွေ မဖြစ်ချင်ပါဘူး။ သြော် ... အသိမိတ်ဆွေတော့ မဖြစ်ချင်ဘူး ချစ်သူတော့ ဖြစ်ချင်တယ်ပေါ့လေ။ None but the brave deserve the fair မိန်းမချောဟာ ရဲစွမ်းသတ္တိရှိသူ လူစွမ်းကောင်းနဲ့ပဲ ထိုက်တန်တယ်တဲ့။ အေး ... သူက လူစွမ်းကောင်း မဟုတ်သလို ကိုယ်က မိန်းမချောမဟုတ်ဘူး။ ကိုယ်တော့ မင်းတို့နှစ်ယောက်ကို နားမလည်နိုင်တော့ဘူး။

ရင်မခုန်တော့တဲ့ မင်းရဲ့တစိမ်းတွေလို အကြည့်မျိုးနဲ့ .... ခဏလေးတွေ့တောင် ကိုယ်ကျေနပ်မယ် ... တကယ်ဆိုရင် လိုအပ်ချက် ကွက်လပ်တွေ သိပ်များနေလို့ မင်းကို စောင့်နေခွင့်ပေးပါ ...
ဒီကမ္ဘာမှာ နင်မရှိတဲ့ နေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့ မင်းကို လွမ်းနေခွင့်ပေးပါ ...
နေညိုရင် ငိုတတ်တဲ့စိတ်တွေ ရင်မှာအသားမကျနိုင်လို့ အနားကို မင်းပြန်လာပေးပါ ...

သေချာပါတယ် သူ ကိုယ့်ကို မချစ်ဘူး သူ ကိုယ့်ကို ဘယ်တော့မှ ... ။ ဆုံစည်းဖို့ ရေစက်မရှိဟန်တူသော ကိုယ်တို့နှစ်ယောက် ဆုံနေရက်နှင့် ဝေးလေခြင်း ...။

စန်းထွန်း
ဂွျှန် ၂၄၊ ၂၀၁၈။


ပေါ်တိုရီကိုသွား တောလား - ၆

မိနစ် ၂၀ လောက်ကြာတော့ ဘတ်စ်ကားလာတယ် ဘတ်စ်ကား ၅၅ ဂိတ်ဆုံးက ဆန်ဟွမ်မြို့ဟောင်းပဲ။ ပထမဆုံးနေ့က ရောက်ဖူးပြီးသားဆိုတော့ မြေပုံကြည့်လိုက် လမ်းနာမည်တွေကြည့်လိုက် ခန့်မှန်းတွက်ချက်တာတွေ လုပ်စရာမလိုတော့ဘူး။ ဘတ်စ်ကားစီးအတူတူစီးတဲ့ တစ်ယောက်က princess ရုပ်ထုရှိတယ်ပြောလို့ ဝိုင်းက အဲ့ဒီကို သွားချင်တယ်။ ကိုယ်က ဂူဂယ်မတ်ကို ကြည့်ပြီး ဘယ်လိုသွားရမယ်ဆိုတာ သိတယ်။ သင်္ဘောအကြီးတွေတွေ့တယ် ကမ်းခြေတလျှောက် လျှော့ပင်းဆိုင် စားသောက်ဆိုင်တွေ အများကြီးပဲ။ မင်းသမီးရုပ်ထုဆီ သွားတဲ့လမ်းလေးက သာယာတယ်။ သစ်ပင်တွေအုံ့ဆိုင်းနေပြီး ထိုင်ခုံတွေလည်း အများကြီး။ အေးအေးလူလူ လမ်းလျှောက်နေတဲ့သူတွေ၊ စကားထိုင်ပြောနေတဲ့သူတွေ။ နေအပူရှိန်ပြင်းလွန်းလို့ ‌ချွှေးပြိုက်ပြိုက်ကျတယ်။ ဟော ... တွေ့ပါပြီ မင်းသမီးရုပ် ဝစ်လစ်စလစ်မို့လို့ ဝိုင်းက ဓာတ်ပုံမရိုက်ချင်ဘူး။ အိုး ... ဒါ သဘာဝပဲဟာ ကိုယ်ကတော့ ဘေးပတ်ပတ်လည် ဓာတ်ပုံပတ်ရိုက်။ ဝိုင်းက မင်းသမီးဘေးတစောင်းပုံနဲ့တော့ ရိုက်ချင်တယ်တဲ့။ တောင်ကုန်းအောက်ဖက် ပင်လယ်ကမ်းစပ် ဘေးတဖက်တချက် လမ်းလျှောက်လို့တော့ရတယ်။ ၁ မိုင်လောက် လျှောက်ရမယ် လမ်းကလျှောက်နိုင်တယ်။ ဒါပေမဲ့ တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်းက ပိုလှမှာ နေကလည်း အရမ်းပူတယ်။ ဘယ်အချိန်လမ်းလျှောက်ဖို့ အကောင်းဆုံးလဲသိလား ညနေဆည်းဆာချိန်ပဲ။ တောင်ပေါ်မှာ ခံတပ်ရှိတော့ ဖြတ်တက်လို့ရမဲ့လမ်းရှိလားလို့ ဝိုင်းက အစောင့်တယောက်ကို စပိန်လိုသွားမေးတယ်။ သံတံခါးပိတ်ထားပြီး အစောင့်ချထားတာ ဘယ်လိုမှဖြတ်ဖို့မဖြစ်နိုင်ဘူး။ ဂူဂယ်မတ်ကြည့်လိုက်တော့ လာလမ်းအတိုင်းလျှောက်ပြီး အပေါ်ဖက်ဘယ်ဖက်လျှောက်ရင် ခံတပ်ရောက်မယ်။ ဝိုင်းကိုလှမ်းခေါ် လက်ဟန်ခြေဟန်နဲ့ ရှေ့တည့်တည့်လျှောက် အပေါ်ဘယ်ဖက်တက်မဲ့ဟန် လုပ်ပြတော့ အစောင့်က ကိုယ့်ကိုလက်ညိုးထိုးပြီး လက်မထောင်ပြတယ် ကိုယ်လမ်းသိတယ်ပေါ့။ အိမ်လေးတွေက တောင်စောင်းလေးတွေမှာ ဆောက်ထားတယ်။

အပေါ်ကို ဟိုက်နေအောင် တက်ရတယ်။ အပေါ်ရောက်တော့ နားမဲ့နေရာလေးတွေ့တယ် ထိုင်ခုံပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းက အင်မတန်လှတယ်။ အိမ်လေးတွေက ရှေးဟောင်းအိမ်လေးတွေ စနစ်တကျ ထိန်းသိမ်းထားပုံပေါ်တယ်။ ပန်းခြံတခုမှာ ခိုတွေအများကြီးပဲ ခုစာ‌ကျွှေးလို့ရတယ်  ၁ ကျပ်။ ခရစ်ယာန်ဘုရားကျောင်းထဲ ဝင်လည်တယ်။ ရိုမန်ကက်သလစ်ဘုရားကျောင်း စတိတ်မှာမြင်ဖူးနေကျ ဘုရားကျောင်းတွေနဲ့ မတူဘူး။ လူ ၅ ယောက်အဖွဲ့တိုးကို တိုးဂိုက်တယောက်က ရှင်းပြနေတယ်။ ရှေ့ကိုနည်းနည်းလျှောက်တော့ ခံတပ်သေးသေးလေး တွေ့တယ်။ အောက်ကိုငုံ့ကြည့်လိုက်တော့ မင်းသမီးရုပ်ထုနားကနေစတဲ့ ပင်လယ်ကမ်းစပ်ဘေးက လူသွားလမ်းလေးကို တွေ့ရတယ်။ ဆန်ဟွမ်မြို့ဟောင်းမှာ လမ်းဘေးကြောင်တွေ အများကြီးပဲ။ ကြောင်တွေကလည်း အကြီးကြီးတွေ ပတ်ဝန်းကျင်က အစာ‌ကျွှေးမွေးတယ်ထင်တယ်။ အေးဆေးပဲ လူကိုမကြောက်ဘူး  အိန္ဒြေရရ သွားလာနေတယ်။ ကြောင်လေးတွေ၊ ခွေးလေးတွေမြင်တိုင်း နတ်ဆုနဲ့မိုချီကို သတိရတယ်။ ကိုယ့်ကိုများ သတိရနေကြမလား နတ်ဆုကတော့ မှတ်မိမှာသေချာတယ် မိုချီကတော့ ... ။ လမ်းမကြီးဖက်ဆင်းလိုက်တာနဲ့ ဟိုးအဝေးက ခံတပ်ကြီးကို မြင်ရတယ်။ မြက်ခင်းက စိမ်းနေတာပဲ စွန်လွှတ်တဲ့သူ၊ ဆော့ကစားတဲ့သူ၊ ထိုင်နေတဲ့သူ၊ စကားပြောတဲ့သူ။ အဲ့ဒါ သုသာန်တဲ့ သုသာန်ဆိုမသွားဘူး ဝိုင်းက သုသာန်ကို အမင်္ဂလာလို့ ယူဆတယ်။ ဘာသာမဲ့လို့ပြောပေမဲ့ ရှေးဘဝနောက်ဘဝ ရှိတယ်ဆိုတာယုံကြည်တယ်။ ကိုယ်သေရင် ကိုယ်ခန္ဓာအစိတ်အပိုင်း  အကုန်လုံးလှုမှာ ဝိုင်းက နိုးတဲ့။ တောင်အောက်ခြေကို ဆင်းပြီးမှမဟုတ်ဘူးဆိုပြီးပြန်တက် တောင်ပေါ်ပြန်ရောက်တော့ မှားနေတယ်ဆိုပြီး တောင်အောက်ပြန်ဆင်း။ ပထဝီအနေအထားကျွှမ်းတယ်ဆိုတဲ့ကိုယ် ဂူဂယ်မတ်နဲ့ အခက်ကြုံနေတာ။ မှားတဲ့အခါလည်း မှားပေမပေါ့။ အောက်ခြေက ခံတပ်ကိုသွားတော့ ယူနီဖောင်းတယောက် စောင့်နေတယ်။


သွားလို့ရပါ့မလား ဟ သွားလို့မရမှတော့ အစောင့်က သွားလို့မရဘူးလို့ ပြောမှာပေါ့။ ခံတပ်က ဓာတ်ပုံရိုက်ချင်စရာလို့ မြက်ခင်းတွေနဲ့ စိမ်းနေတဲ့ တောင်ကုန်းပေါ်ပြန်တက်။ လေတဝူးဝူးတိုက်နေလို့ လွင့်ပါသွားမလား စိုးရိမ်ရတယ်။ အဲ့ဒီတောင်ကုန်းပေါ်ကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။ ခံတပ်ဆီရောက်တော့ ညနေ ၆ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တယ်။ ခံတပ်က ညနေ ၆ နာရီအထိပဲ ဖွင့်တယ်။ ဒီတော့လည်း ခံတပ်ရှေ့မှာပဲ ဓာတ်ပုံရိုက်ခဲ့တာပေါ့။ ဝိုင်းက သူ ဓာတ်ပုံရိုက်တာတော်ပြီတဲ့ ကိုယ်ကမတော်နိုင်သေးဘူး။ ပထမဆုံးနေ့က ရောက်ခဲ့တဲ့ခံတပ်ကို မိနစ်၂၀ လောက်လျှောက်ရတယ်။ နေဝင်ဆည်းဆာချိန်နဲ့ ဓာတ်ပုံရိုက်။ ဘားတွေရှိတဲ့လမ်း၊ ဆန်ဖရန်စစ္စကိုလမ်းတွေလျှောက်။ ဗိုက်ဆာရင် ပေါ်တိုရီကန်အစားအစာ ဝင်စားမယ်လို့ တွေးထားတာ။ ဗိုက်ကလုံးဝမဆာဘူး နေ့လည် ၃ နာရီလောက်ကမှ နေ့လည်စာစားထားတာကိုး။ ဝိုင်းရေ ကိုယ်တို့တော့ ဆန်ဟွမ်မြို့ဟောင်းရဲ့ နေရာတိုင်းကို ခြေချခဲ့တယ်လို့ ပြောရမယ်။ ရေဆာနေလို့ ဆိုင်တဆိုင်ထဲ ဝင်ပြီးတော့ ရေသန့်ဘယ်လောက်လဲလို့မေးတော့ ၁ ကျပ်ခွဲ။ ၂ ဘူးဝယ်မလို့ လုပ်နေတုန်း ဝိုင်းက ပထမဆုံးနေ့က တွန်းလှည်းမှာ ၁ ကျပ်ပဲပေးရတယ်လို့ သတိပေးတော့မှ အေး ဟုတ်သားပဲ။ ရေဘူးမဝယ်တော့ဘူး ပြောလိုက်တော့မလို့ ဝိုင်းက အားနာစရာကြီး ၂ ဘူးမဝယ်နဲ့ တဘူးပဲဝယ်လိုက်။ ခြေတိုနေအောင် လမ်းလျှောက်ရ နေကလည်း  အင်မတန်ပူတာမို့ ရေဘူးတဘူးကုန်အောင် သောက်တယ်။ ဘတ်စ်ကားဂိတ်ဆီ သွားနေတုန်း ရှေ့မလှမ်းမကမ်းမှာ ဟမ်းကယ်ရီအိတ်ဆွဲ ကြောင်တကောင်ကို ပခုံးပေါ်တင်ပြီး တယောက်တည်းအော်ဟစ် ပြောဆိုနေတဲ့ အသက် ၂၅ နှစ်အရွယ် ပိန်ပိန်ရှည်ရှည် ကောင်လေးတယောက်ကိုတွေ့တော့ ကိုယ်ကမှတ်မိတယ်။ ပထမဆုံးနေ့ ဆန်ဟွမ်မြို့ဟောင်းကအပြန် ည ၈ နာရီခွဲ ဘတ်စ်ကားပေါ်ကနေ ဘာမှမမြင်ရတော့ ခေါင်းပတ်ချာလည်ယမ်း ကားမှန်ပေါက်ထွက်မတတ် အပြင်ဖက်ကို ကြည့်နေကြတဲ့ကိုယ်တို့ကို တံတားကျော်ရင် ကွန်နာဒို (ဟိုတယ်တွေရှိတဲ့ရပ်ကွက်) ပဲလို့ ပြောသွားတာ အဲ့ဒီကောင်လေးပဲ။

ဟေ ဟုတ်လား အဲ့ဒါဆို ဆက်မသွားနဲ့ဦး ရပ်နေရအောင် သူနဲ့တော်တော်ဝေးသွားတော့မှ သွားရအောင်။ ဝိုင်းက မမှတ်မိဘူး ကိုယ်က အဲ့ဒီလို နေရာဒေသအမှတ်အသား၊ လူတွေကို အင်မတန်မှတ်မိတယ်။ စာကိုများ အဲ့ဒီလိုမှတ်မိလို့ကတော့ အေပလပ်တွေရမှာ။ အမှတ်အသားကောင်းတာ အဖေနဲ့တူတာနေမှာ အိမ်မှာ ပစ္စည်းတခုခုရှာမတွေ့ရင် အဖေ့ကိုသာမေးလိုက် ဘယ်ပစ္စည်းက ဘယ်နေရာမှာဆိုတာ တန်းသိတယ်။ မကြီးလည်း ဆယ်ကျော်သက်အရွယ်တုန်းက သူငယ်ချင်းအိမ်ကို အလည်သွားရင်း ခဏလေးတွေ့ခဲ့တဲ့ အစ်မတစ်ယောက်ကို အနှစ် ၂၀ အကြာ တီဗွီဖန်သားပြင်မှာ သတင်းကြေငြာတဲ့သူအဖြစ် ပြန်တွေ့တော့ ချက်ချင်းမှတ်မိတယ်။ ည ၇ နာရီခွဲ သိပ်မမှောင်သေးတော့ ပထမနေ့တုန်းကလို ခေါင်းပတ်ချာလည်ယမ်းနေအောင် ကြည့်စရာမလိုဘူး။ ဟိုတယ်နားရောက်တာနဲ့ မှတ်မိတယ်။ မေ ၂၂ အင်္ဂါနေ့မနက် ၇ နာရီလောက်နိုး ရေချိုး ဧည့်ကြိုကောင်တာက အမျိုးသမီးကို ဒီနားမှာ သွားလည်ပတ်စရာ ဘာများရှိလဲလို့ မေးကြည့်တော့ သက်တမ်းကြာရှည်ပြီဖြစ်တဲ့ ဘုရားကျောင်းလေးရှိတယ်။ ပြုပြင်ထိန်းသိမ်းနေလို့ ပိတ်ထားတာ ခုတော့ပြန်ဖွင့်ပြီ အင်မတန်သာယာတယ်ပြောတာနဲ့ သွားလည်ကြတယ်။ ဘုရားကျောင်းက တံခါးပိတ်ထားတော့ ဝင်မလည်တော့ဘူး။ ပန်းခြံတခုတွေ့လို့ သွားမယ်ဆိုပြီးသွားလိုက်တာ ၁၀ မိနစ်လောက်ကြာတဲ့အထိ ပန်းခြံမတွေ့သေးလို့ ဂူဂယ်မတ်ကိုကြည့်လိုက်တော့မှ ပြောင်းပြန်ကြီးသွားနေတာကိုး။ ပင်လယ်ဖက်ကိုသွားပြီး ပင်လယ်ကမ်းစပ်ကနေ ဟိုတယ်ဆီလမ်းလျှောက်သွားကြတယ်။ တချို့နေရာမှာ ကျောင်ဆောင်မတ်မတ် ခဲရခဲဆစ်သွားရမဲ့ပုံဆိုတော့ လမ်းမဖက်ပြန်ကွေ့တက် ပြီးမှပင်လယ်ဖက်ပြန်ဆင်း။ ပင်လယ်ကမ်းခြေဆီ ဝင်ရောက်ပြေးဝင်လာတဲ့ လှိုင်းဖွေးဖွေးလေးတွေ၊ ပင်လယ်ပြာပြာ အင်မတန်လှတယ်။ ဘောင်းဘီရှည်ကို ဒူးအထိ ဆွဲတင်လိုက်ပြီး ခြေဗလာနဲ့ သဲသောင်ပြင်ပေါ် လျှောက်သွားနေမိတော့တယ်။တိုးတိုးလေး ညည်းဆိုနေမိတာက ...

လှိုင်းတွေလည်း ပြေးဆော့နေဆဲ ... ဘယ်သောင်ပြင် ဘယ်ကမ်းပါးဆီကိုရွယ် ...
နားခိုစရာ သူရှာလို့ရယ် ... အပြေးလေး လှမ်းကြတယ် ...
ဟိုဒီမှာကွယ် သောင်ခုံပြင်ဝယ် ... ဝင်ကာကွယ် ခိုနားရဖို့ရွယ်...
ကိုယ့်ရဲ့အသည်းနှလုံးကြားဆီမယ် ... မေတ္တာရေလှိုင်း သူ့အပေါ်ဝယ်...
ရိုက်ခတ်လို့ သူ့အပါးသွားမယ် ... ရင်မှာအစဉ် ခိုနားရဖို့ရွယ် ...
အခုတော့လည်း သူ့အသည်းပြင်မယ် .. ရင်နာစရာ အမုန်းစကားတွေရယ် ...
နားခိုစရာ နေရာလည်းမလွယ် ... ရေလှိုင်းလေးရဲ့ အဖြစ်ရယ်...
ဟိုဒီမှာကွယ် သောင်ခုံပြင်ဝယ် ... ရင်နာဖွယ် ငိုလွမ်းကြရတယ် ...


မနက် ၉  နာရီခွဲလောက် ဟိုတယ်ရောက်တော့ လက်ကေ့အိတ်ယူ မနက်စာစား ချက်ကောက်လုပ် uber ကားနဲ့ လေဆိပ်ကို မိနစ် ၂၀ လောက်ပဲ မောင်းရတယ်။ လေယာဉ်က နေ့လည် ၁ နာရီ ဝိုင်းက ခရီးခဏခဏထွက်ရတဲ့သူဆိုတော့ frequent traveler သူ လေယာဉ်လတ်မှတ်ဝယ်ရင် ဇုန်ကောင်းကောင်းရတယ်။ Delta လေကြောင်းလိုင်းက ပရီမီယမ်၊ ဂိုးစတားခရီးသည်တွေ အရင်ခေါ်တယ်။ ပြီးမှ ဇုန် ၁၊ ၂ ၊ ၃ ကိုယ်ဝယ်ရင် ဇုန် ၃ ရတယ် ဝိုင်းဝယ်ရင် ဇုန် ၁ ရတယ်။ ပတ်စ်ပို့၊ အိုင်ဒီထုတ်စရာမလိုဘူး လေယာဉ်က ရေ ၊ snack ၊ ကွတ်ကီးကျွှေးတယ်။ ၄ နာရီစီးရမဲ့ခရီးကို ၃ နာရီခွဲလောက်နဲ့ရောက်တယ် နယူးယောက် ဂျွှန်အက်ဖ်ကနေဒီလေဆိပ် ဆင်းခါနီး လေထန်နေပြီး လေယာဉ်ခါယမ်းနေလို့ ဘုရားတလိုက်သေးတယ်။ နယူးယောက်မှာတော့ မိုးတွေအုံ့မှိုင်းပြီး မိုးရွာမဲ့ပုံ။ ပေါ်တိုရီကိုသွား တောလား ပြီးပါပြီ။ ဂျူလှိုင်နဲ့ စက်တင်ဘာမှာ ခရီးသွားဖို့ ရှိပါတယ်။ သွားဖြစ်ရင် တောလားတွေ ရေးပါဦးမယ်။

Happy Traveling !
စန်းထွန်း
ဂျွှန် ၁၈၊ ၂၀၁၈။

ပေါ်တိုရီကိုသွား တောလား - ၅

မေ ၂၁ တနင်္လာနေ့ မနက် ၆ နာရီလောက်နိုးတော့ ရေချိုး ဟိုတယ်ကနေ ၅ မိနစ်လမ်းလျှောက်ရင် ရောက်တဲ့ကမ်းခြေဆီသွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ပေါ်တိုရီကိုဟာ ရာသီဥတု အပြောင်းအလဲမြန်တယ်။ နေခြစ်ခြစ်တောက် ပူနေရာကနေ  ချက်ခြင်းမိုးတိမ်တွေ ရောက်လာပြီး မိုးရွာချ ပြီးတော့ နေပူနေပြန်ရော။ ဟိုတယ်က‌ကျွှေးတဲ့ မနက်စာကို ဗိုက်ကားအောင်စား။ မနက် ၉  နာရီခွဲ လာခေါ်မယ်ဆိုပေမဲ့ ၉ နာရီ ၁၅ ကတည်းက တိုးဂိုက်က လာခေါ်နေပြီ။ မာစီးဒီးဗန်ကား ကိုယ်တို့ ၂ ယောက်ပဲတဲ့ ရှေ့ကထိုင်ခုံမှာ ရေသန့်ဗူး၊ မုန့်တွေထားပေးတယ်။ တိုးဂိုက်က ပေါ်တိုရီကိုသမိုင်းကြောင်းကို ရှင်းပြတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀၀ က ခရစ်တိုဖာကိုလံဘတ် နယ်မြေသစ်တွေ ရှာဖွေရင်း ဒီကျွှန်းကိုတွေ့ခဲ့တာ။ ဒေသခံတိုင်းရင်းသားတွေကို ကိုးကွယ်တဲ့ဘာသာ အတင်းပြောင်းခိုင်းတာတွေ ရှိခဲ့တယ်။ ပေါ်တိုရီကိုမှာ အမည်း၊ ဒေသခံတိုင်းရင်းသား၊ ဥရောပသားတွေ နေထိုင်ကြခဲ့ပါတယ်။ ခုတော့ လူမျိုးပေါင်းစုံရောနေပြီ။ ရေကြောင်းဆက်သွယ်ရေး အချက်အချာနေရာမှာ တည်ရှိလို့ တောင်အမေရိက၊ မက္ကဆီကိုမှာတွေ့တဲ့ ရွှေတွေကို စပိန်ကိုတင်ပို့။ မီးလောင်ပျက်စီး ဘာမှမကျန်တော့တဲ့အခါ ပြင်သစ်က အမေရိကန်ကို ပေးလိုက်တာတဲ့။ ပေါ်တိုရီကိုဟာ အမေရိကန်ပိုင်နက် ဒါပေမဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိဘူး။ မြို့တော်ဝန်က အာဏာရှိတယ်လို့ ပြောတယ်။ အမေရိကန်စနစ်အတိုင်း ဖယ်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရကို အခွန်ပေးရတယ်။ အထက်တန်းအထိ ပညာရေးကအလကား၊ လစာထဲက Social Security ပင်စင်၊ Medicare ကျန်းမာရေးအာမခံ ဖြတ်တယ်။ ကာရီဘီယံနိုင်ငံမို့ ရိုမန်ကက်သလစ်ဘာသာဝင် များတယ်။ တိုးဂိုက်အဘိုးက လူမည်း မျက်လုံးအပြာ၊ အဘွားက တိုင်းရင်းသူ။ ကာရီဘီယံရုပ်ပေါက်ပေမဲ့ လူမျိုးစုံနေလို့ ဘာရုပ်ပေါက်နေမှန်းတောင် မသိတော့ဘူးလို့ပြောလို့ ရယ်လိုက်ရတာ။ ဒီနေ့သွားမဲ့ ဂူ ၂ ခုက အလယ်ပိုင်းမှာ ရှိတယ်။ ကျွှန်းတပတ် ၈ နာရီလောက် မောင်းရမယ် တနေရာနဲ့ တနေရာ ရာသီဥတု မတူဘူး။ အယ်ယွန်းကေမုတ်သုံသစ်တောမှာတောင် တနေရာက မိုးလုံးဝမရွာဘူး။ ကျွှန်းရဲ့တောင်ဖက်ပိုင်းဟာ မိုးသိပ်မရွာဘူး ခြောက်သွေ့တယ်။

အရင်တုန်းက တိုးတွေအရမ်းများတာ တပတ် ၆ ရက် အလုပ်လုပ်ရတယ်။ ခုတော့ တပတ်မှာ ၂ ရက်ပဲရတယ် ဒါကိုတောင် ယက်စ်ဆိုပြီး လက်ခမောင်းခတ် ထခုန်နေတာတဲ့။ မနှစ်က မာရီယာမုန်တိုင်းဝင်ပြီး ၆ လအကြာမှ တိုးတွေပြန်ဝင်လာတာ။ မာရီယာမုန်တိုင်း တိုက်ပြီးလို့ တလကျော်ကြာတဲ့အထိ လျှပ်စစ်မီးမရသေးဘူး။ ခုတောင် တောင်ဖက်ပိုင်းမှာ မီးမရသေးဘူး။ လျှပ်စစ်ကုမ္ဗဏီက စွန့်ပစ်သွားတာ ရှေ့နှစ်မှ မီးရမယ်တဲ့။  အိမ်ခေါင်မိုးမှာ တာလပတ်အပြာရောင်တွေ့ရင် အိမ်မမိုးနိုင်သေးတာတဲ့။  ၂၀၀၈ မေလတုန်းက မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်တဲ့အချိန်ကို သတိရမိတယ်။ လျှပ်စစ်မရှိ၊ သစ်ပင်တွေ ပြိုလဲ၊ ဟိုင်းကြီးမှာလည်း ပစ္စည်းတွေအကုန်ဆုံးရှုံး မိဘတွေ ကံကောင်းလို့ အသက်မသေတာ။ မုန်တိုင်းဒဏ်ကို ခံစားဖူးတာမို့ ကိုယ်ချင်းစာပါတယ်။ ဂူဆီကို ၁ နာရီခွဲလောက် မောင်းရတယ်။ Caeva Ventana ပြတင်းပေါက်ဂူ စောရောက်နေလို့ နည်းနည်းစောင့်လိုက်ရတယ်။ ထိခိုက်မှုဖြစ်ရင် ကိုယ့်တာဝန်သာဖြစ်ပါတယ်ဆိုတာ လက်မှတ်ထိုးရတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာသုံးတဲ့ ဦးထုပ်ဆောင်းရတယ်။ ခေါင်းငုံ့လိုက်ရင် ဦးထုပ်အောက်ကိုမကျရအောင် အတိုးအလျှော့လုပ်ရတယ်။  ၂ ယောက်ကို လက်နှိပ်ဓာတ်မီးတခု ပေးတယ်။ ကိုယ်တို့တိုးဂိုက်မှာ လက်နှိပ်ဓာတ်မီးသေးသေးလေး ပါတယ်။ မောရင် သူ့ကျောပိုးအိတ်ထဲမှာ ရေဗူး ၂ ဘူးရှိတယ် ဗိုက်ဆာရင်စားဖို့ မုန့်ရှိတယ်။ ပစ္စည်းတွေလေးရင် သူ့ကိုပေးပါ ကူသယ်ပေးမယ်တဲ့။ တကယ့်ကို သနားကြင်နာကူညီတတ်တဲ့ တိုးဂိုက်ကြီး။ ဂူတိုးဂိုက်က ဘယ်ကလာတာလဲမေးတော့ ဗီယက်နမ်ကိုတော့ သိတယ် မြန်မာကိုမသိဘူး။ အများစုက စတိတ်ကလာကြတာ။ ဂူအသွားလမ်းက အပင်တွေအကြောင်း ရှင်းပြတယ် ကော်ဖီပင်၊ ဂျင်းပင်၊ နာမည်ဘယ်လိုခေါ်လဲ မမှတ်မိတော့ဘူး အမြစ်ကိုသုတ်စားလို့ရတဲ့အပင်။ ခြေထောက်ကို သေသေချာချာ ကုတ်ယူပြီး ဆင်းရတက်ရတယ်။ ဟိုတုန်းကလူတွေ ရေးဆွဲသွားတဲ့ ပန်းချီတွေ့ရတယ်။  ဂူထဲမှာ ဘယ်အပင်မှ မရှင်သန်ပါဘူး။ ကျေးငှက်တွေက အစေ့အနှံတွေကို ဂူထဲသယ်ဆောင်လာလို့ ရှင်သန်တဲ့အပင်တွေရှိတယ်။ ဒါပေမဲ့ နေအလင်းရောင်မရလို့ အစိမ်းရောင်မရှိဘဲ ဖြ ူဖျော့နေတယ်။


ဂူအပေါက်ဝကနေ ဟိုးအဝေးက တောင်စဉ်တောင်တန်း၊ ကျောက်ဆောင်၊ ချောင်းလေးဘေးမှာ တည်ရှိနေတဲ့ ရွာလေး၊ ရစ်ခွေစီးဆင်းနေတဲ့ချောင်း။ ရှုခင်းက အင်မတန်လှတယ် ဓာတ်ပုံတွေ့ဖူးပေမဲ့ ကိုယ်တိုင်မျက်စိနဲ့ တက်အပ်မြင်ရတဲ့မြင်ကွင်းက ရပ်သပ်ရှုမောဖွယ်ရာပဲ။ အဲဒီလိုသာယာအေးချမ်းလှပတဲ့ နေရာလေးတွေတွေ့ရင် အငြိမ်းစားယူပြီးရင် အဲ့ဒီလိုနေရာမှာနေမယ်လို့ တွေးမိတယ်။ အဲ့ဒီအချိန်အထိ အသက်ရှည်ပါ့မလားလို့ တွေးမိပြီးပြုံးမိတယ်။ တိုးဂိုက်က ကျောက်ဆောင်မှာ ခရစ်တော်ပုံပေါ်နေတာကိုပြပြီး ကိုယ်တို့ကို ဓာတ်ပုံရိုက်ပေးတယ်။ အပြန်လမ်းမှာလည်း တွေ့တဲ့ငှက်တွေအကြောင်း ရှင်းပြတယ်။ အင်ဒီယန်းဂူကို ၁ နာရီလောက် မောင်းရတယ်။ အရင်သမ္မတဟောင်းက လဘ်စားသွားတာ အကြွေး ၇၀ ဘီလီယံတောင်ရှိတယ်။ ဒါတောင် ၄ နှစ်ပဲမို့လို့ ၁၀ နှစ်ဆိုရင်တော့လား အာ့ယာယား။ ဝန်ကြီးအကုန်နီးပါး ထောင်ထဲရောက်တာ။ သူ့သားက ခုမြို့တော်ဝန်ဖြစ်နေတယ် ခုသူတို့ကို အကုန်လွတ်ပေးပြီး အစိုးရထဲမှာ လုပ်ခိုင်းတယ်။ ပေါ်တိုရီကန်တွေဟာ ပထမဆုံးပဲ ပေါ်တိုရီကိုမှာ ဘယ်မှာမှမရှိတဲ့ငှက်တွေ့တယ်။ ပေါ်တိုရီကိုမှာ တခုခုဖြစ်ရင် ယူအက်စ်အစိုးရက ကူညီပေးရတာကို ဖီမာခေါ်တယ်။ ယူအက်စ်အစိုးရက ချပေးလိုက်တဲ့ပိုက်ဆံတွေကို တကယ်သုံးရဲ့လားလို့ လာစစ်ရတယ် ဂုဏ်ယူစရာပထမဆုံးပဲ အာ့ယာယား။ အင်ဒီယန်းဂူက ကျောက်ဆောင်ထဲကို ဝင်ရတာမဟုတ်ဘူး။ ပင်လယ်ကမ်းစပ်က ကျောက်တောင်တွေဆီကို သွားရတယ်။ ပြတင်းပေါက်ဂူမှာ ဆုံခဲ့တဲ့သူတွေကို ပြန်တွေ့ရတယ်။ ပင်လယ်ကမ်းစပ်ကို ကျောက်တောင်တွေပေါ်ရောက်တော့ လေတဟူးဟူး တိုက်နေတယ်။ ပင်လယ်ကြီးက ပြာလဲ့နေလိုက်တာ ကျောင်ဆောင်တွေကို တဝုန်းဝုန်းရိုက်ခတ်နေတဲ့ ဒီလှိုင်းသံ ကြားရတယ်။ အရင်တုန်းက ဟိုးအောက်ထဲဆင်းဖို့ လှေကားရှိတယ်။ ခုတော့ အန္တရာယ်ရှိလို့ ဖြုတ်ထားတယ်။ တချို့လူတွေက အဲ့ဒီကျောက်ဆောင်ကြားကနေ ကုတ်ကပ်တွယ်ကပ်ပြီး အောက်ကိုဆင်းကြတယ်။

အယ်မလေး အသည်းအေးလိုက်တာ ရင်တဖိုဖိုနဲ့ ကြောက်ဖို့ကောင်းတယ်။ အင်ဒီယန်းဂူတိုးဂိုက်က ဒီကျောက်ဆောင်မှာ တွေ့ရတဲ့စာတွေက ပီရူးကလူမျိုးစုတစုရဲ့ စာနဲ့တူတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက မိုင်ထောင်ချီဝေးတဲ့ တခြားတိုက်ကနေ ဒီကျွှန်းကို ဘယ်လိုရောက်လာကြတာလဲ ခုထိမသိသေးဘူး။ နောက်သွားရောက်တဲ့နေရာက အင်မတန်လှတယ် ကမ်းခြေအကွေ့ ၃ ခုမြင်ရတယ်။ Pirates of the Caribbean ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းအချို့ကို ဒီမှာရိုက်ခဲ့တာတဲ့။ ရှုခင်း အင်မတန်လှတယ် မော်တင်စွန်းဘုရားပွဲကိုသွားရင် မြင်ရတဲ့မြင်ကွင်းအတိုင်း။ အဆုံးမရှိ ကျယ်ပြန့်တဲ့ ပင်လယ်ပြာကြီး၊ ကျောက်ကမ်းပါးဆီမှာ တဝုန်းဝုန်းရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေ။ လေထန်လို့ ခဏပဲနေနိုင်တယ် ကျောက်ဆောင်တွေဆိုတော့ အဆင်းအတက် သတိထားရတယ်။ ကိုစကာရီကာကနေလာတဲ့ ပြတင်းပေါက်ဂူမှာလည်း ဆုံခဲ့တဲ့အန်တီကြီး ၂ ယောက်နောက် လိုက်နေတာ အပြန်လမ်းက ကားဆီမရောက်ဘဲ သစ်သားတန်းတွေနဲ့ ခြံစည်းရိုးခတ်ထားတဲ့ဖက် ရောက်သွားလို့ တိုးဂိုက်ကဆောရီးတဲ့။ ကိစ္စမရှိပါဘူး အန်တီကြီးတွေက သစ်သားတန်းအောက်ကနေ ငုံ့သွားကြတယ်။ ကိုယ်တို့ကတော့ ကွေ့ပတ်ပြီးလျှောက်ကြတယ်။ တိုးဂိုက်က ဂူတွေကို သဘောကျလားလို့မေးတော့ အိုး သဘောကျတာပေါ့ အရမ်းလှတယ်။ ဗိုက်ဆာနေပြီမို့လို့ တိုးဂိုက်က သူသိတဲ့ ပေါ်တိုရီကန်ဆိုင်ဆီမောင်းတာ ၄၅ မိနစ်။ ရောက်တော့ ဆိုင်မဖွင့်ဘူး နောက်တဆိုင် အဲ့ဒီဆိုင်လည်း မဖွင့်ဘူး။ နောက်တဆိုင်ဆီသွားတော့ လမ်းရေကျော်လို့ လမ်းပိတ်ထားတယ် ရဲကားစောင့်နေတယ်။ တခြားလမ်းကနေ ကွေ့ပတ်သွားပြီး ဆိုင်နားရောက်တော့ ဆိုင်မဖွင့်ဘူး။ ဟင် ဘယ်လိုဖြစ်တာပါလိမ့် ဘာလို့ဆိုင်တော်တော်များများ ပိတ်ပါလိမ့်။ နောက်ဆုံးဆိုင်တခုကတော့ဖွင့်တယ် ဝိုင်း ငါးဆားငန်ကို မုန့်နှစ်နဲ့ကြော်ထားတာ၊ ကိုယ်က အမဲသား၊ ငှက်ပျောသီး၊ မုန့်နှစ်နဲ့ကြော်ထားတာ စားတယ်။ ဗိုက်ဆာလွန်းလို့ ဓာတ်ပုံရိုက်ဖို့ သတိမရဘူး သတိရတဲ့အချိန် ကုန်ခါနီးနေပြီ။ ပင်ညာကိုကာ နာနတ်သီး အုန်းသီးဖျော်ရည်သောက်တယ်။ တိုးဂိုက်ကို နေ့လည်စာကွျှေးတယ်။ တိုးဂိုက်က တစ်ရှူးတွေယူပေးတယ်။

Caeva Ventana (Window) Cave

ကိုယ်စားနေတာကိုတွေ့တော့ သူအရမ်းကြိုက်တဲ့အစားအစာ သွေးတိုးဆီးချိုရှိလို့ သူ့မိန်းမက မစားရဘူးလို့ တားဖြစ်ထားတယ်။ အရမ်းစားချင်လာလို့သွားဝယ်ပြီး မိန်းမမသိအောင်စားမယ်လို့ပြောလို့ ရယ်လိုက်ရတာ။ အင်မတန်စားကောင်းတယ် ကိုယ်တို့ ပေါ်တိုရီကိုမှာ နေ့တိုင်း မနက်စာနဲ့ညစာ ပေါင်းစားရတယ်။ ဒီမုန့်ကြိုက်လား ကြိုက်တယ် ဝယ်သွားမလား မဝယ်တော့ဘူး။ တခြားဟာ ပြောင်းစားချင်လို့ မင်းတို့ဟိုတယ်နားမှာ ဆိုင်တဆိုင်ရှိတယ် အဲ့ဒီဆိုင်ကဟာတွေကောင်းတယ်။ ဆိုင်လိပ်စာနဲ့ အစားအသောက်တွေကို ကိုယ့်ဆီ မတ်ဆေ့ပို့ပေးတယ်။ အပြန်လမ်းမှာ CVS နဲ့ Wallgreens က လမ်းတဖက်တချက် မလှမ်းမကမ်းမှာရှိတယ်။ မနေ့က ကိုယ်တို့ CVS နဲ့ Wallgreens မှာ နေလောင်ခံခရမ်သွားဝယ်ပြီး အကြွေစေ့လဲတယ်။ အဲ့ဒီဆိုင် ၂ ခုလည်း မျက်နှာချင်းဆိုင်။ အဲ့ဒီဆိုင်ပိုင်ရှင်တွေက လင်မယား အဆက်ဟောင်းတွေ ပြိုင်နေကြတယ်ဆိုလား။ တိုးဂိုက်က သူငယ်ငယ်တုန်းက ထရပ်ခေါင်းကားလေးနဲ့ သူ့စက်ဘီး အပြိုင်နင်းကြတာ ဘေးကလူတွေက အော်ဟစ်အားပေး။ သူက နည်းနည်းလေးသာပြီး နိုင်လိုက်တယ်ဆိုပဲ။ ခုနေ အဲ့ဒီလိုမပြိုင်နိုင်တော့ဘူး။ အရင်တုန်းက အပြေး၊ ရေကူး၊ စက်ဘီးစီး ၃ ခုပါဝင်တဲ့အားကစားနည်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်ဆိုပဲ။ သူ့ဘော်ဒါတွေက စက်ဘီးစီး၊ ပြေးဖို့ ခေါ်နေကြတုန်း။ ကမ်းခြေစောင့်တပ်မှာ တာဝန်ထမ်းဆောင်တုန်းက အင်္ဂလိပ်စကားသိပ်မကျွှမ်းကျင်သေးလို့ ဆူဗာဗိုက်ဆာက အနိုင့်ကျင့်တယ်ဆိုပဲ။ သူက ရက်စ် ရက်စ် ရက်စ် တခုပဲပြောတတ်တာကိုးတဲ့။ စပိန်သံဝဲဝဲနဲ့ ရှင်းပြတာတွေကို အကုန်အစင် နားမလည်ပေမဲ့ ရက်စ်၊ ရိုက်၊ အဟား လုပ်ရတာပေါ့။ တစ်ဖ်သိပ်မပေးတတ်တဲ့ ကိုယ်တို့နှစ်ယောက် ဒီတခါတော့ တစ်ဖ်ပေးချင်စိတ်ပေါက်သွားလို့ ၃၀ တစ်ဖ်ပေးခဲ့တယ်။ ကာယက်တိုးကအပြန်မှာ ဟိုတယ်ရှေ့ ကွေ့ပတ်ပြီးဝင်ရခက်လို့ လမ်းထိပ်မှာပဲ ချပေးခဲ့သလို ဒီနေ့လည်း လမ်းထိပ်မှာပဲ ချပေးခဲ့တယ်။ တိုး ၃ ခုထဲမှာ ဒီတိုးဂိုက် အကောင်းဆုံးပဲ ဝန်ဆောင်မူတကယ်ကောင်းတယ်။ ဟိုတယ်ရောက်တော့ ခဏနားပြီး ဘတ်စ်ကားဂိတ်မှာ ဘတ်စ်ကားစောင့်တာ နာရီဝက်လောက်နဲ့တင် ဘတ်စ်ကားရောက်လာပြီး ဆန်ဟွမ်မြို့ဟောင်းဆီ ချီတက်ခဲ့ကြပါတယ်။ အဲ့ဒီအကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling
စန်းထွန်း
ဇွန် ၁၅၊ ၂၀၁၈။

Pirate of the Caribbean ရုပ်ရှင်ရိုက်တဲ့နေရာ Indian Cave
နှစ် ၅၀၀၀ ပြည့် အထိမ်းအမှတ် ခရစ်တိုဖာကိုလံဘတ်ရုပ်ထု
Pionono ငှက်ပျောသီးနဲ့ အမဲသား Photo credit Google
Alcapurria ငါးဆားနယ် ငှက်ပျောသီး Photo credit Google