ပေါ်တိုရီကိုသွား တောလား - ၆

မိနစ် ၂၀ လောက်ကြာတော့ ဘတ်စ်ကားလာတယ် ဘတ်စ်ကား ၅၅ ဂိတ်ဆုံးက ဆန်ဟွမ်မြို့ဟောင်းပဲ။ ပထမဆုံးနေ့က ရောက်ဖူးပြီးသားဆိုတော့ မြေပုံကြည့်လိုက် လမ်းနာမည်တွေကြည့်လိုက် ခန့်မှန်းတွက်ချက်တာတွေ လုပ်စရာမလိုတော့ဘူး။ ဘတ်စ်ကားစီးအတူတူစီးတဲ့ တစ်ယောက်က princess ရုပ်ထုရှိတယ်ပြောလို့ ဝိုင်းက အဲ့ဒီကို သွားချင်တယ်။ ကိုယ်က ဂူဂယ်မတ်ကို ကြည့်ပြီး ဘယ်လိုသွားရမယ်ဆိုတာ သိတယ်။ သင်္ဘောအကြီးတွေတွေ့တယ် ကမ်းခြေတလျှောက် လျှော့ပင်းဆိုင် စားသောက်ဆိုင်တွေ အများကြီးပဲ။ မင်းသမီးရုပ်ထုဆီ သွားတဲ့လမ်းလေးက သာယာတယ်။ သစ်ပင်တွေအုံ့ဆိုင်းနေပြီး ထိုင်ခုံတွေလည်း အများကြီး။ အေးအေးလူလူ လမ်းလျှောက်နေတဲ့သူတွေ၊ စကားထိုင်ပြောနေတဲ့သူတွေ။ နေအပူရှိန်ပြင်းလွန်းလို့ ‌ချွှေးပြိုက်ပြိုက်ကျတယ်။ ဟော ... တွေ့ပါပြီ မင်းသမီးရုပ် ဝစ်လစ်စလစ်မို့လို့ ဝိုင်းက ဓာတ်ပုံမရိုက်ချင်ဘူး။ အိုး ... ဒါ သဘာဝပဲဟာ ကိုယ်ကတော့ ဘေးပတ်ပတ်လည် ဓာတ်ပုံပတ်ရိုက်။ ဝိုင်းက မင်းသမီးဘေးတစောင်းပုံနဲ့တော့ ရိုက်ချင်တယ်တဲ့။ တောင်ကုန်းအောက်ဖက် ပင်လယ်ကမ်းစပ် ဘေးတဖက်တချက် လမ်းလျှောက်လို့တော့ရတယ်။ ၁ မိုင်လောက် လျှောက်ရမယ် လမ်းကလျှောက်နိုင်တယ်။ ဒါပေမဲ့ တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်းက ပိုလှမှာ နေကလည်း အရမ်းပူတယ်။ ဘယ်အချိန်လမ်းလျှောက်ဖို့ အကောင်းဆုံးလဲသိလား ညနေဆည်းဆာချိန်ပဲ။ တောင်ပေါ်မှာ ခံတပ်ရှိတော့ ဖြတ်တက်လို့ရမဲ့လမ်းရှိလားလို့ ဝိုင်းက အစောင့်တယောက်ကို စပိန်လိုသွားမေးတယ်။ သံတံခါးပိတ်ထားပြီး အစောင့်ချထားတာ ဘယ်လိုမှဖြတ်ဖို့မဖြစ်နိုင်ဘူး။ ဂူဂယ်မတ်ကြည့်လိုက်တော့ လာလမ်းအတိုင်းလျှောက်ပြီး အပေါ်ဖက်ဘယ်ဖက်လျှောက်ရင် ခံတပ်ရောက်မယ်။ ဝိုင်းကိုလှမ်းခေါ် လက်ဟန်ခြေဟန်နဲ့ ရှေ့တည့်တည့်လျှောက် အပေါ်ဘယ်ဖက်တက်မဲ့ဟန် လုပ်ပြတော့ အစောင့်က ကိုယ့်ကိုလက်ညိုးထိုးပြီး လက်မထောင်ပြတယ် ကိုယ်လမ်းသိတယ်ပေါ့။ အိမ်လေးတွေက တောင်စောင်းလေးတွေမှာ ဆောက်ထားတယ်။

အပေါ်ကို ဟိုက်နေအောင် တက်ရတယ်။ အပေါ်ရောက်တော့ နားမဲ့နေရာလေးတွေ့တယ် ထိုင်ခုံပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းက အင်မတန်လှတယ်။ အိမ်လေးတွေက ရှေးဟောင်းအိမ်လေးတွေ စနစ်တကျ ထိန်းသိမ်းထားပုံပေါ်တယ်။ ပန်းခြံတခုမှာ ခိုတွေအများကြီးပဲ ခုစာ‌ကျွှေးလို့ရတယ်  ၁ ကျပ်။ ခရစ်ယာန်ဘုရားကျောင်းထဲ ဝင်လည်တယ်။ ရိုမန်ကက်သလစ်ဘုရားကျောင်း စတိတ်မှာမြင်ဖူးနေကျ ဘုရားကျောင်းတွေနဲ့ မတူဘူး။ လူ ၅ ယောက်အဖွဲ့တိုးကို တိုးဂိုက်တယောက်က ရှင်းပြနေတယ်။ ရှေ့ကိုနည်းနည်းလျှောက်တော့ ခံတပ်သေးသေးလေး တွေ့တယ်။ အောက်ကိုငုံ့ကြည့်လိုက်တော့ မင်းသမီးရုပ်ထုနားကနေစတဲ့ ပင်လယ်ကမ်းစပ်ဘေးက လူသွားလမ်းလေးကို တွေ့ရတယ်။ ဆန်ဟွမ်မြို့ဟောင်းမှာ လမ်းဘေးကြောင်တွေ အများကြီးပဲ။ ကြောင်တွေကလည်း အကြီးကြီးတွေ ပတ်ဝန်းကျင်က အစာ‌ကျွှေးမွေးတယ်ထင်တယ်။ အေးဆေးပဲ လူကိုမကြောက်ဘူး  အိန္ဒြေရရ သွားလာနေတယ်။ ကြောင်လေးတွေ၊ ခွေးလေးတွေမြင်တိုင်း နတ်ဆုနဲ့မိုချီကို သတိရတယ်။ ကိုယ့်ကိုများ သတိရနေကြမလား နတ်ဆုကတော့ မှတ်မိမှာသေချာတယ် မိုချီကတော့ ... ။ လမ်းမကြီးဖက်ဆင်းလိုက်တာနဲ့ ဟိုးအဝေးက ခံတပ်ကြီးကို မြင်ရတယ်။ မြက်ခင်းက စိမ်းနေတာပဲ စွန်လွှတ်တဲ့သူ၊ ဆော့ကစားတဲ့သူ၊ ထိုင်နေတဲ့သူ၊ စကားပြောတဲ့သူ။ အဲ့ဒါ သုသာန်တဲ့ သုသာန်ဆိုမသွားဘူး ဝိုင်းက သုသာန်ကို အမင်္ဂလာလို့ ယူဆတယ်။ ဘာသာမဲ့လို့ပြောပေမဲ့ ရှေးဘဝနောက်ဘဝ ရှိတယ်ဆိုတာယုံကြည်တယ်။ ကိုယ်သေရင် ကိုယ်ခန္ဓာအစိတ်အပိုင်း  အကုန်လုံးလှုမှာ ဝိုင်းက နိုးတဲ့။ တောင်အောက်ခြေကို ဆင်းပြီးမှမဟုတ်ဘူးဆိုပြီးပြန်တက် တောင်ပေါ်ပြန်ရောက်တော့ မှားနေတယ်ဆိုပြီး တောင်အောက်ပြန်ဆင်း။ ပထဝီအနေအထားကျွှမ်းတယ်ဆိုတဲ့ကိုယ် ဂူဂယ်မတ်နဲ့ အခက်ကြုံနေတာ။ မှားတဲ့အခါလည်း မှားပေမပေါ့။ အောက်ခြေက ခံတပ်ကိုသွားတော့ ယူနီဖောင်းတယောက် စောင့်နေတယ်။


သွားလို့ရပါ့မလား ဟ သွားလို့မရမှတော့ အစောင့်က သွားလို့မရဘူးလို့ ပြောမှာပေါ့။ ခံတပ်က ဓာတ်ပုံရိုက်ချင်စရာလို့ မြက်ခင်းတွေနဲ့ စိမ်းနေတဲ့ တောင်ကုန်းပေါ်ပြန်တက်။ လေတဝူးဝူးတိုက်နေလို့ လွင့်ပါသွားမလား စိုးရိမ်ရတယ်။ အဲ့ဒီတောင်ကုန်းပေါ်ကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။ ခံတပ်ဆီရောက်တော့ ညနေ ၆ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တယ်။ ခံတပ်က ညနေ ၆ နာရီအထိပဲ ဖွင့်တယ်။ ဒီတော့လည်း ခံတပ်ရှေ့မှာပဲ ဓာတ်ပုံရိုက်ခဲ့တာပေါ့။ ဝိုင်းက သူ ဓာတ်ပုံရိုက်တာတော်ပြီတဲ့ ကိုယ်ကမတော်နိုင်သေးဘူး။ ပထမဆုံးနေ့က ရောက်ခဲ့တဲ့ခံတပ်ကို မိနစ်၂၀ လောက်လျှောက်ရတယ်။ နေဝင်ဆည်းဆာချိန်နဲ့ ဓာတ်ပုံရိုက်။ ဘားတွေရှိတဲ့လမ်း၊ ဆန်ဖရန်စစ္စကိုလမ်းတွေလျှောက်။ ဗိုက်ဆာရင် ပေါ်တိုရီကန်အစားအစာ ဝင်စားမယ်လို့ တွေးထားတာ။ ဗိုက်ကလုံးဝမဆာဘူး နေ့လည် ၃ နာရီလောက်ကမှ နေ့လည်စာစားထားတာကိုး။ ဝိုင်းရေ ကိုယ်တို့တော့ ဆန်ဟွမ်မြို့ဟောင်းရဲ့ နေရာတိုင်းကို ခြေချခဲ့တယ်လို့ ပြောရမယ်။ ရေဆာနေလို့ ဆိုင်တဆိုင်ထဲ ဝင်ပြီးတော့ ရေသန့်ဘယ်လောက်လဲလို့မေးတော့ ၁ ကျပ်ခွဲ။ ၂ ဘူးဝယ်မလို့ လုပ်နေတုန်း ဝိုင်းက ပထမဆုံးနေ့က တွန်းလှည်းမှာ ၁ ကျပ်ပဲပေးရတယ်လို့ သတိပေးတော့မှ အေး ဟုတ်သားပဲ။ ရေဘူးမဝယ်တော့ဘူး ပြောလိုက်တော့မလို့ ဝိုင်းက အားနာစရာကြီး ၂ ဘူးမဝယ်နဲ့ တဘူးပဲဝယ်လိုက်။ ခြေတိုနေအောင် လမ်းလျှောက်ရ နေကလည်း  အင်မတန်ပူတာမို့ ရေဘူးတဘူးကုန်အောင် သောက်တယ်။ ဘတ်စ်ကားဂိတ်ဆီ သွားနေတုန်း ရှေ့မလှမ်းမကမ်းမှာ ဟမ်းကယ်ရီအိတ်ဆွဲ ကြောင်တကောင်ကို ပခုံးပေါ်တင်ပြီး တယောက်တည်းအော်ဟစ် ပြောဆိုနေတဲ့ အသက် ၂၅ နှစ်အရွယ် ပိန်ပိန်ရှည်ရှည် ကောင်လေးတယောက်ကိုတွေ့တော့ ကိုယ်ကမှတ်မိတယ်။ ပထမဆုံးနေ့ ဆန်ဟွမ်မြို့ဟောင်းကအပြန် ည ၈ နာရီခွဲ ဘတ်စ်ကားပေါ်ကနေ ဘာမှမမြင်ရတော့ ခေါင်းပတ်ချာလည်ယမ်း ကားမှန်ပေါက်ထွက်မတတ် အပြင်ဖက်ကို ကြည့်နေကြတဲ့ကိုယ်တို့ကို တံတားကျော်ရင် ကွန်နာဒို (ဟိုတယ်တွေရှိတဲ့ရပ်ကွက်) ပဲလို့ ပြောသွားတာ အဲ့ဒီကောင်လေးပဲ။

ဟေ ဟုတ်လား အဲ့ဒါဆို ဆက်မသွားနဲ့ဦး ရပ်နေရအောင် သူနဲ့တော်တော်ဝေးသွားတော့မှ သွားရအောင်။ ဝိုင်းက မမှတ်မိဘူး ကိုယ်က အဲ့ဒီလို နေရာဒေသအမှတ်အသား၊ လူတွေကို အင်မတန်မှတ်မိတယ်။ စာကိုများ အဲ့ဒီလိုမှတ်မိလို့ကတော့ အေပလပ်တွေရမှာ။ အမှတ်အသားကောင်းတာ အဖေနဲ့တူတာနေမှာ အိမ်မှာ ပစ္စည်းတခုခုရှာမတွေ့ရင် အဖေ့ကိုသာမေးလိုက် ဘယ်ပစ္စည်းက ဘယ်နေရာမှာဆိုတာ တန်းသိတယ်။ မကြီးလည်း ဆယ်ကျော်သက်အရွယ်တုန်းက သူငယ်ချင်းအိမ်ကို အလည်သွားရင်း ခဏလေးတွေ့ခဲ့တဲ့ အစ်မတစ်ယောက်ကို အနှစ် ၂၀ အကြာ တီဗွီဖန်သားပြင်မှာ သတင်းကြေငြာတဲ့သူအဖြစ် ပြန်တွေ့တော့ ချက်ချင်းမှတ်မိတယ်။ ည ၇ နာရီခွဲ သိပ်မမှောင်သေးတော့ ပထမနေ့တုန်းကလို ခေါင်းပတ်ချာလည်ယမ်းနေအောင် ကြည့်စရာမလိုဘူး။ ဟိုတယ်နားရောက်တာနဲ့ မှတ်မိတယ်။ မေ ၂၂ အင်္ဂါနေ့မနက် ၇ နာရီလောက်နိုး ရေချိုး ဧည့်ကြိုကောင်တာက အမျိုးသမီးကို ဒီနားမှာ သွားလည်ပတ်စရာ ဘာများရှိလဲလို့ မေးကြည့်တော့ သက်တမ်းကြာရှည်ပြီဖြစ်တဲ့ ဘုရားကျောင်းလေးရှိတယ်။ ပြုပြင်ထိန်းသိမ်းနေလို့ ပိတ်ထားတာ ခုတော့ပြန်ဖွင့်ပြီ အင်မတန်သာယာတယ်ပြောတာနဲ့ သွားလည်ကြတယ်။ ဘုရားကျောင်းက တံခါးပိတ်ထားတော့ ဝင်မလည်တော့ဘူး။ ပန်းခြံတခုတွေ့လို့ သွားမယ်ဆိုပြီးသွားလိုက်တာ ၁၀ မိနစ်လောက်ကြာတဲ့အထိ ပန်းခြံမတွေ့သေးလို့ ဂူဂယ်မတ်ကိုကြည့်လိုက်တော့မှ ပြောင်းပြန်ကြီးသွားနေတာကိုး။ ပင်လယ်ဖက်ကိုသွားပြီး ပင်လယ်ကမ်းစပ်ကနေ ဟိုတယ်ဆီလမ်းလျှောက်သွားကြတယ်။ တချို့နေရာမှာ ကျောင်ဆောင်မတ်မတ် ခဲရခဲဆစ်သွားရမဲ့ပုံဆိုတော့ လမ်းမဖက်ပြန်ကွေ့တက် ပြီးမှပင်လယ်ဖက်ပြန်ဆင်း။ ပင်လယ်ကမ်းခြေဆီ ဝင်ရောက်ပြေးဝင်လာတဲ့ လှိုင်းဖွေးဖွေးလေးတွေ၊ ပင်လယ်ပြာပြာ အင်မတန်လှတယ်။ ဘောင်းဘီရှည်ကို ဒူးအထိ ဆွဲတင်လိုက်ပြီး ခြေဗလာနဲ့ သဲသောင်ပြင်ပေါ် လျှောက်သွားနေမိတော့တယ်။တိုးတိုးလေး ညည်းဆိုနေမိတာက ...

လှိုင်းတွေလည်း ပြေးဆော့နေဆဲ ... ဘယ်သောင်ပြင် ဘယ်ကမ်းပါးဆီကိုရွယ် ...
နားခိုစရာ သူရှာလို့ရယ် ... အပြေးလေး လှမ်းကြတယ် ...
ဟိုဒီမှာကွယ် သောင်ခုံပြင်ဝယ် ... ဝင်ကာကွယ် ခိုနားရဖို့ရွယ်...
ကိုယ့်ရဲ့အသည်းနှလုံးကြားဆီမယ် ... မေတ္တာရေလှိုင်း သူ့အပေါ်ဝယ်...
ရိုက်ခတ်လို့ သူ့အပါးသွားမယ် ... ရင်မှာအစဉ် ခိုနားရဖို့ရွယ် ...
အခုတော့လည်း သူ့အသည်းပြင်မယ် .. ရင်နာစရာ အမုန်းစကားတွေရယ် ...
နားခိုစရာ နေရာလည်းမလွယ် ... ရေလှိုင်းလေးရဲ့ အဖြစ်ရယ်...
ဟိုဒီမှာကွယ် သောင်ခုံပြင်ဝယ် ... ရင်နာဖွယ် ငိုလွမ်းကြရတယ် ...


မနက် ၉  နာရီခွဲလောက် ဟိုတယ်ရောက်တော့ လက်ကေ့အိတ်ယူ မနက်စာစား ချက်ကောက်လုပ် uber ကားနဲ့ လေဆိပ်ကို မိနစ် ၂၀ လောက်ပဲ မောင်းရတယ်။ လေယာဉ်က နေ့လည် ၁ နာရီ ဝိုင်းက ခရီးခဏခဏထွက်ရတဲ့သူဆိုတော့ frequent traveler သူ လေယာဉ်လတ်မှတ်ဝယ်ရင် ဇုန်ကောင်းကောင်းရတယ်။ Delta လေကြောင်းလိုင်းက ပရီမီယမ်၊ ဂိုးစတားခရီးသည်တွေ အရင်ခေါ်တယ်။ ပြီးမှ ဇုန် ၁၊ ၂ ၊ ၃ ကိုယ်ဝယ်ရင် ဇုန် ၃ ရတယ် ဝိုင်းဝယ်ရင် ဇုန် ၁ ရတယ်။ ပတ်စ်ပို့၊ အိုင်ဒီထုတ်စရာမလိုဘူး လေယာဉ်က ရေ ၊ snack ၊ ကွတ်ကီးကျွှေးတယ်။ ၄ နာရီစီးရမဲ့ခရီးကို ၃ နာရီခွဲလောက်နဲ့ရောက်တယ် နယူးယောက် ဂျွှန်အက်ဖ်ကနေဒီလေဆိပ် ဆင်းခါနီး လေထန်နေပြီး လေယာဉ်ခါယမ်းနေလို့ ဘုရားတလိုက်သေးတယ်။ နယူးယောက်မှာတော့ မိုးတွေအုံ့မှိုင်းပြီး မိုးရွာမဲ့ပုံ။ ပေါ်တိုရီကိုသွား တောလား ပြီးပါပြီ။ ဂျူလှိုင်နဲ့ စက်တင်ဘာမှာ ခရီးသွားဖို့ ရှိပါတယ်။ သွားဖြစ်ရင် တောလားတွေ ရေးပါဦးမယ်။

Happy Traveling !
စန်းထွန်း
ဂျွှန် ၁၈၊ ၂၀၁၈။

2 comments:

Anonymous said...


San San Htun said...

Anonymous said...
ခရီးတွေ အများကြီးသွားနိုင်ပါစေ.. ပိုစ့်လေးတွေ စောင့်မျှော်လျှက်ပါ
June 20, 2018 at 9:40 PM