ဆုံနေရက်နှင့် ဝေးလေခြင်း ...


မိုးဖွဲဖွဲလေးရွာနေတဲ့အချိန် ထီးမဆောင်းဘဲ မိုးရေထဲလမ်းလျှောက်နေတုန်း မျက်မှန်ပေါ် မိုးရေစက်တွေ တွဲခိုလာတော့ ရှင်းရှင်းလင်းလင်း မမြင်ရတော့လို့ မျက်မှန်ကို အင်္ကီျမှာချိတ်ပြီးလမ်းလျှောက်။ မျက်မှန်မတပ်လို့ အဝေးကိုခပ်ဝါးဝါးပဲ မြင်ရတဲ့အပြင် မတွေ့တာလည်း သုံးနှစ်ကျော်ပြီဆိုတော့ ကိုယ်ကသူ့ကိုမမှတ်မိ။ ပေါင် ၂၀ ဝလာတဲ့ကိုယ့်ကို သူကလည်း မှတ်မိပုံမရ။ သူကတော့ အရင်အတုန်း ဘာမှမပြောင်းလဲ နုပျိုရှင်းသန့်နေဆဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အွန်လိုင်းကနေ စာမေးပွဲအကြောင်းတွေ ပြောခဲ့ဖူးပေမဲ့ ခုတော့လည်း ဘယ်တုန်းကမှ မသိကျွှမ်း စကားမပြောဖူးတဲ့သူတွေလို။ သြော် ဒီလိုလား အပြုံးတွေ၊ နှုတ်ဆက်ချင်တာတွေ ရုတ်သိမ်းပြီး မကြည့်မမြင်လေဟန် ဟန်ဆောင်ခဲ့ရတယ်။ ပွဲတော်ထဲက မုန့်ဆိုင်တွေနားမှာ လေးခေါက်လောက် ကိုယ်တွေ့ဆုံတွေ့ခဲ့သော်ငြား မသိမမြင်ဖူးသလို။ ကိုယ့်မိတ်ဆွေတွေကို လာနှုတ်ဆက်ပေမဲ့ မနီးမဝေးမှာ ရပ်နေတဲ့ကိုယ့်ကို ပြုံးပြဖော်၊ နှုတ်ဆက်ဖော်တောင် မရတဲ့သူတယောက်ဖြစ်နေတာကို အံ့သြမိပါရဲ့။ ဟမ် .... မင်းတို့ အွန်လိုင်းမှာ စားမေးပွဲအကြောင်း စကားပြောဖူးတယ်ဆို။ အဲ့ဒီတုန်းက ဘယ်လိုနေလဲ ... ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပါပဲ။ တချို့က အဲ့ဒီလို အွန်လိုင်းမှာ ဖော်ရွေပေမဲ့ အပြင်မှာမဖော်ရွေဘူး။ မင်းဆို အွန်လိုင်းမှာ စကားပြောတာ ခပ်ပြတ်ပြတ် စကားပြောမကောင်းဘူး အပြင်မှာ ပိုခင်ဖို့ကောင်းတယ်။ သူက နှုတ်မဆက်ပေမဲ့ အသက်ပိုကြီးတဲ့ မင်းက နှုတ်ဆက်ဖို့ကောင်းတယ်။ အိုး ... သူက နှုတ်မဆက်တာကို ကိုယ်ကနှုတ်ဆက်ရမှာလား။ ဒါနဲ့ပဲ မကြည့်မမြင်ဟန် ဆောင်ခဲ့တယ်ပေါ့လေ။ ဆယ်ကျော်သက် ကလေးတွေကျနေတာပဲ  ပြုံးပြနှုတ်ဆက်ရမှာကို ဝန်လေးနေလိုက်ကြတာ။ မိတ်ဆွေတစ်ယောက်တိုးအောင် လုပ်ခဲ့တာမဟုတ်ဘူး။ ပြုံးပြနှုတ်မဆက်တတ်တဲ့သူနဲ့ အသိမိတ်ဆွေ မဖြစ်ချင်ပါဘူး။ သြော် ... အသိမိတ်ဆွေတော့ မဖြစ်ချင်ဘူး ချစ်သူတော့ ဖြစ်ချင်တယ်ပေါ့လေ။ None but the brave deserve the fair မိန်းမချောဟာ ရဲစွမ်းသတ္တိရှိသူ လူစွမ်းကောင်းနဲ့ပဲ ထိုက်တန်တယ်တဲ့။ အေး ... သူက လူစွမ်းကောင်း မဟုတ်သလို ကိုယ်က မိန်းမချောမဟုတ်ဘူး။ ကိုယ်တော့ မင်းတို့နှစ်ယောက်ကို နားမလည်နိုင်တော့ဘူး။

ရင်မခုန်တော့တဲ့ မင်းရဲ့တစိမ်းတွေလို အကြည့်မျိုးနဲ့ .... ခဏလေးတွေ့တောင် ကိုယ်ကျေနပ်မယ် ... တကယ်ဆိုရင် လိုအပ်ချက် ကွက်လပ်တွေ သိပ်များနေလို့ မင်းကို စောင့်နေခွင့်ပေးပါ ...
ဒီကမ္ဘာမှာ နင်မရှိတဲ့ နေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့ မင်းကို လွမ်းနေခွင့်ပေးပါ ...
နေညိုရင် ငိုတတ်တဲ့စိတ်တွေ ရင်မှာအသားမကျနိုင်လို့ အနားကို မင်းပြန်လာပေးပါ ...

သေချာပါတယ် သူ ကိုယ့်ကို မချစ်ဘူး သူ ကိုယ့်ကို ဘယ်တော့မှ ... ။ ဆုံစည်းဖို့ ရေစက်မရှိဟန်တူသော ကိုယ်တို့နှစ်ယောက် ဆုံနေရက်နှင့် ဝေးလေခြင်း ...။

စန်းထွန်း
ဂွျှန် ၂၄၊ ၂၀၁၈။


2 comments:

Anonymous said...


ပျော်ရွှင်ပါစေ
ဆုမြတ်

San San Htun said...

Anonymous said...
ရှေးအတိတ်ကံမပါရင် ပခုံးချင်းလျှပ်တိုက်သွားရင်တောင် ရင်းနှီးခွင့်မကြုံဘူးတဲ့ ။ ရေစက်တွေရှိရင် ခင်မင်ရင်းနှီးခွင့်တွေရှိလာဦးမှာပါ ။ ရေစက်တွေပိုရှိတဲ့အခါကျရင် ချစ်သူတွေဖြစ်လာဦးမှာ ။ ဆုံနေလျက်နဲ့ လွမ်းနေရတာက ရေစက်နည်းလို့လား အချိန်မတန်သေးလို့လား အချိန်ကပဲ စကားပြောသွားမယ်ထင်တယ် ။

ပျော်ရွှင်ပါစေ
ဆုမြတ်
June 25, 2018 at 3:54 AM