ပေါ်တိုရီကိုသွား တောလား - ၎
မေ ၂၀ တနင်္ဂနွေနေ့  မနက် အိပ်ယာကနိုးတော့ တကိုယ်လုံး နာနေတယ်။ မနေ့ က ၁ နာရီခွဲလောက် ကာယက်လှေ လှော်ရတာကိုး။ မနက် ၇ နာရီ အိပ်ယာကနိုး ရေချိုးပြီးတော့ ဟိုတယ်ကနေ ၁၀ မိနစ်လောက်အဝေးမှာရှိတဲ့ ကမ်းခြေကို လမ်းလျှောက်သွားကြတယ်။ ကမ်းခြေကို ပြေးဝင်လာတဲ့ လှိုင်းဖွေးဖွေး ပင်လယ်ပြာပြာ ပင်လယ်ရနံ့ ။ ဟိုင်းကြီးကျွှန်း ကပ္ဗလီပင်လယ်ဖက်က မြင်ကွင်းမျိုး။ ဝိုင်းက လှိုင်းလေထန်တယ်လို့  ထင်နေလို့  ပင်လယ်မှာ လှိုင်းအမြဲရှိတယ် ဒါကပုံမှန်။ မုန်တိုင်းရှိရင် လှိုင်းကလူတရပ်ထက်မြှင့်တယ် သင်္ဘောတွေဆို ဒီလိုဒီလိုမြှင့်တက်သွားတာလို့  ရှင်းပြရတယ်။ မနက်စာဘူဖေး ဗိုက်ကားအောင် စားပြီးတော့ ဧည့်ကြိုကောင်တာမှာ စောင့်နေတယ်။ ၉  နာရီခွဲလာခေါ်မယ် ပြောပေမဲ့ ၉  နာရီ ၁၅ ကတည်းက ဖုန်းခေါ်တယ်။ ဒီတခါတော့ ဖုန်းကိုဆိုင်းလင့်မလုပ်ထားတော့ ဟိုတယ်ရှေ့ မှာရောက်နေပြီတဲ့။ တိုရိုတာကား ဘယ်သူတွေကို ဝင်ခေါ်ရဦးမလဲဆိုတော့ ကိုယ်တို့ နှစ်ယောက်ထဲတဲ့။ ဘယ်တွေရောက်ပြီးပြီလဲ မနေ့ က အယ်ယွန်းကေမုတ်သုံသစ်တောမှာ တောင်တက် ဘိုင်အိုလူမီနီစက်ပင်လယ်အော်ဖက် ကာယက်လှေလှော်တယ်။ ဒီနေ့ သွားမှာက မြို့ တော်ဆန်ဟွမ်ရဲ့  အနောက်ဖက်စူးစူး တနာခွဲလောက်မောင်းရတဲ့ San Sebastian မြို့ လေးက Gozalandia ရေတံခွန်ပါ။ တိုးရစ်တွေသိပ်မလာ ဒေသခံတွေသာလာလေ့ရှိတဲ့ ရေတံခွန်ပါ။ ပေါ်တိုရီကိုရဲ့ လမ်းတွေက ကောင်းမွန်ပြီး သန့် ရှင်းတယ် စနစ်ကျတယ်။ တောတောင်ရေမြေတွေကို စနစ်တကျထိန်းသိမ်းထားတယ်။ တိုးဂိုက်တန်ယာက နယူးယောက်မှာ ကြီးခဲ့တာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကမှ ပေါ်တိုရီကိုပြောင်းလာခဲ့တယ်။ နယူးယောက် Bronx မှာနေတုန်းက အိမ်လခ ၁၅၀၀ ကျော်ပေးရတယ်။ ဒီမှာ ၈၀၀ ကို အိမ်ခန်း ၂ ခန်း အကျယ်ကြီး သန့် ရှင်းတယ်။ ကားဆိုရင်လည်း အာမခံကဘယ်လောက်ပဲ ပေးရတယ် နယူးယောက်မှာဆိုဘယ်လောက်။ သမီးကြီးက ၁၃ နှစ် သားလေးက တစ်နှစ်ခွဲ  Single mom အမေဖြစ်သူက ကလေးထိန်းပေးတယ်။
နယူးယောက်ဘယ်မှာနေတာလဲ ဝိုင်းက မန်ဟက်တန်မှာ ကိုယ်က ကွင်းမှာ။ ဘယ်လိုသိကြတာလဲ တောင်တက်အဖွဲ့  meet up မှာတွေ့ တာ ကိုယ်တို့ သူငယ်ချင်းဖြစ်တာ ၅ နှစ်ကြော်ပြီ။
မိသားစုရှိလား မရှိဘူး အင်း နယူးယောက်မှာ ဒိတ်လုပ်ရတာမလွယ်ဘူး။ ဝိုင်းအခန်းဖော်တရုတ်မဆို ဒိတ်တင်းဆိုဒ်အများကြီးမှာတင်ပြီး ဒိတ်လုပ်လာတာကြာပြီ ခုထိမတွေ့ သေးဘူး။ အပျိုကြီးလုပ်မှာလား အပျိုကြီးလုပ်မယ်လို့ လည်း မဟုတ်ပါဘူး။ ကိုယ်သဘောကျနှစ်သက်ပြီး ကောင်းမွန်တဲ့ယောကျာ်း၊ လက်ထပ်ချင်တဲ့ယောကျာ်းတွေ့ ရင်တော့ လက်ထပ်ပါလိမ့်မယ်။ အင်း ယောက်ျားကောင်းက ရှာပါဘိနဲ့  တန်ယာ့အိမ်ထောင်ရေး ကံမကောင်းဘူး။ ဖခင်တာဝန်မကျေတဲ့ ယောက်ျားကိုယူမဲ့အစား အပျိုကြီးလုပ်တာပဲကောင်းတယ်။ ဒီနေ့ သွားမဲ့ ရေတံခွန်က ခက်ခက်ခဲခဲ သွားရမှာလား အဆင်း ၁၀ မိနစ် အတက် ၁၅ မိနစ်ပဲ။ မနေ့ က အယ်ယွန်းကေမုတ်သုံသစ်တောမှာ တောင်တက်တာ လေးဖက်ထောက်တက်ရတယ်။ တချို့ နေရာတွေဆို တိုးဂိုက်က လက်ကမ်းကူညီ ခြေထောက်ဘယ်လိုထားရမယ်လို့  ပြောပြရတယ်။ ပြောတော့ family friendly တဲ့ ဘယ်ကသာ ယောကျာ်းလေးတွေတောင် ကုတ်ကပ်တက်ရတာ။ အိုင်အိုလွန်မစ်နစ်ဆက်ပင်လယ်အော်မှာ ကာယက်လှေလှော်တာကတော့ ရေအရောင်တောက်တာကို နည်းနည်းပဲမြင်ရတယ်။ ဒါပေမဲ့ ကာယက်လှေလှော်တာ ပျော်ဖို့ ကောင်းတယ် တိုးဂိုက်တွေက သဘောအရမ်းကောင်းပြီး ကူညီတယ်။ တိုးရစ်တွေက အယ်ယွန်းကေမုတ်သုံသစ်တောကိုပဲ သွားကြတယ် တန်ယာက ဒေသခံတွေသွားတဲ့နေရာကို ပို့ ပေးချင်တာ။ ပေါ်တိုရီကိုရဲ့  မပျက်စီးတဲ့သဘာဝအလှတွေကို တိုးရစ်တွေကို ပြချင်တာ။ ဒီနေရာကို အသိမိတ်ဆွေတစ်ယောက်ပြောလို့ သိတာ။ ကားလမ်းလေးက ကျဉ်းကျဉ်းလေး ကွေ့ ကွေ့ ကောက်ကောက် တောင်ကုန်းတွေဆိုတော့ ဝိုင်းကအိပ်ငိုက်လိုက်၊ ကိုယ်ကအိပ်ငိုက်လိုက်။
ဒီနေရာကို သူဋ္ဌေးတယောက်ပိုင်ပေမဲ့ အများလာနိုင်ဖို့  ဖွင့်ပေးတာ။ လမ်းလည်း ခင်းပေးတယ် ဟိုတယ်ဆောက်ဖို့  လုပ်နေတယ် ရုံးပိတ်ရက်ဆို လူတအားစည်တယ်။ တန်ယာပြောတဲ့အတိုင်း အဆင်း ၁၀ အတက် ၁၅ မိနစ်ပဲ။ ရေတံခွန်က ကြည်စိမ်းနေတယ် တချို့ က ဒိုက်ဗင်ထိုး တချို့ ကရေကူး ကလေးတွေက ဘူးဗောင်းလေးတွေနဲ့  ရေကူးကြတယ်။ တန်ယာက ပုဝါခင်းပြီး နေဆာလှုံတယ်။
ဘာလို့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့  ဆုံးဖြတ်တာလဲလို့ မေးတော့ ကိုယ်တို့ တယောက်ကိုတယောက် ကြည့်လိုက်ကြပြီး ဘာလို့ ပါလိမ့်လို့  ပြန်မေးကြတယ်။ ဝိုင်းက နိုင်ငံခြားမှာ ပညာရေးကောင်းတယ် မာစတာတက်ဖို့  နိုင်ငံခြားထွက်ကြတယ်။ ဝိုင်း မိဘတွေက ဝန်ထမ်းတွေ ကျောင်းစရိတ်မတတ်နိုင်ဘူး စကော်လားရှစ်ရလို့  တက်တာ။ ကိုယ်က စကော်လားရှစ်မရဘူး ကျောင်းစရိတ်မိဘတွေပေးတာ။ ဒါဆိုမင်းတို့  ကျောင်းကိုတောက်လျှောက် မရပ်မနားဘဲ တက်ခဲ့တာပေါ့ ဟုတ်တယ်။ တန်ယာက မေဂျာတွေပြောင်း နားလိုက်တက်လိုက် ဝိတ်တာလုပ်ရင်း ကျောင်းတက်ခဲ့တာ။ နောက်တော့ ဘွဲ့ မရလို့ မဖြစ်ဘူးဆိုပြီး အသနားခံစာတင် ကျောင်းထွက်လိုက်တက်လိုက် ရမှတ်ကလည်းမကောင်းတော့ တော်တော်ကြိုးစားရတယ်။ လာကွာရီရားကျောင်းမှာ တိုးရစ်ဇင်သင်တန်းတက် ညဖက်ဝိတ်တာလုပ် နေ့ ဖက်ကျောင်းတက် ကလေးကတဖက်။ တခါတလေဆို ကျောင်းသွားဖို့  ရထားခတောင်မရှိဘူး။ သူ့ အမေက နေ့ ဖက်အလုပ်လုပ် ညဖက်ကလေးထိန်းပေး။ ကျောင်းမှာ ပရောဂျက်လုပ်ရတော့ နယူးယောက်မှာ လူသိပ်မသိတဲ့နေရာ ၃နေရာကိုရွေးပြီး တိုးရစ်တွေလာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ပရောဂျက်။ ပရောဂျက်ပြီးတော့ ပရော်ဖက်ဆာက ဒီပရောဂျက်ကို စီးပွားရေဖြစ်အောင် လုပ်မဲ့သူရှိလားလို့  မေးရာကနေ   သူ့ တိုးကုမ္ဗဏီကို ထောင်လိုက်တာတဲ့။ တန်ယာဟာ တကယ့်ကို စိတ်ပိုင်းဖြတ်ပြီး ဖြစ်အောင်ကြိုးစားခဲ့ရလို့  ချီးကျူးပါတယ်။ သူ့ သမီးကလည်း တန်ယာကို သိပ်ဂုဏ်ယူတယ်တဲ့။ မိဘကောင်းနဲ့ ဆုံလို့   ကိုယ့်ဘဝခရီးက အခက်အခဲမရှိ ဘဝလမ်းဖြောင့်ဖြူးခဲ့ပါတယ်။ တန်ယာလိုမျိုး ဘဝအခြေအနေမျိုးမှာဆို ဘယ်လိုနေမလဲမသိ။ ကမ်းခြေက ရေပိုပြာတယ် လူလည်းပိုစည်တယ် ကမ်းခြေတလျှောက် သီချင်းသံတွေပျံ့ လွင့်၊ ဘာဘီကျူးကင်၊ ရေကူးရေဆော့။ ပိတ်ရက်တွေဆို ပေါ်တိုရီကန်တွေဟာ ကမ်းခြေ၊ ရေတံခွန်၊ ပန်းခြံတွေမှာ မိသားစု၊ မိတ်ဆွေတွေနဲ့  စားသောက်စကားပြော အပန်းဖြေလေ့ရှိတယ်။ ဗိုက်ကဆာနေပြီ ဒီနေ့ လည်း ပင်လယ်စာထမင်းဝါ Paella မှာလိုက်တယ်။ တန်ယာက ပင်လယ်စာအလာဂျီရှိလို့  ပင်လယ်စာမစားဘူး ကြက်သားနဲ့ ကြက်သွန်ဟင်းမှာတယ်။ ပီညာကိုကာ အုန်းသီးနာနတ်သီးဖျော်ရည် သောက်လို့ ကောင်းတယ်။ ထမင်းဝါပွဲကကြီးလို့  ၂ ယောက်စားလို့ ရတယ် နည်းနည်းငန်တယ် ပထမဆုံးနေ့  ပေါ်တူဂီဆိုင်က ၉၀တန် ထမင်းဝါက ပိုကောင်းတယ်။
တန်ယာက ဝန်ဆောင်မှုကောင်းလို့  တစ်ဖ်ပေးမလားတိုင်ပင်တော့ ၂၀ ပေးတာနည်းတယ် ပေးချင်ရင်လည်း ၁၀၊ ၁၅ ရာခိုင်နှုန်း အပြည့်ပေး။ ဒါမှမဟုတ် နေ့ လည်စားကျွှေးဆိုတော့ နေ့ လည်စာကျွှေးဖို့  ဆုံးဖြတ်လိုက်တယ်။ ဝက်ဆိုဒ်ထောင်တာ၊ trip advisor မှာ ရေးတာ၊ viator မှာကြေငြာတာ သူအကုန်လုပ်တာ။ viator မှာ ရီဗျူးမရှိဘူးလို့ ပြောတော့ trip advisor မှာ ရီဗျူးကောင်းကောင်းတွေရှိတယ် viator မှာ ရီဗျူးရေးပေးပါလို့  အကူအညီတောင်းတယ်။ အိုး ရေးပေးမှာပေါ့ စိတ်ချလို့ ပြောပြီး ခုထိမရေးရသေးဘူး။ ပေါ်တိုရီကို ဂျူလှိုင် သြဂုတ် စက်တင်ဘာက ဆိုင်ကလုန်းရာသီချိန် အဲ့ဒီအချိန်ဆို တိုးမရဘူး။ မာရီယာမုန်တိုင်းမတိုင်ခင်ကဆို တိုးတွေတအားကောင်းတယ်။ မုန်တိုင်းတိုက်ပြီးတာ ၈ လကျော်ပြီ တိုးတွေနည်းနည်းတော့ ဝင်လာပြီ အရင်လိုတော့ မကောင်းသေးဘူး။ တချို့ စီးပွားရေးသမားတွေက ဒီမှာတိုးကုမ္ဗဏီတွေလုပ်ပြီး ပိုက်ဆံတွေယူတယ်။ ဒေသခံတွေအတွက်တော့ ဘာမှမလုပ်ဘူး။ တန်ယာကတော့ ဒေသခံပိုက်ဆံရအောင် လုပ်ပေးတယ်။ အယ်ယွန်းကေမုတ်သုံသစ်တော တောင်တက်တိုးဂိုက်လည်း ပြောတယ် တချို့ တိုးရစ်တွေကို မြို့ တော်ဆန်ဟွမ်ကိုပဲလည် ဒေသအစားအစားတွေ မစားဘဲပြန်သွားတာ ရှိတယ်တဲ့။ ဝိုင်းက  သံတမန်ဗီဇာဆိုတော့ စတိတ်မှာနေဖို့  ဘာမှမလိုဘူး။ ကိုယ်က ကျောင်းသားကနေ အိတ်ခ်ျဝမ်းဘီ၊ ဂရင်းကဒ်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ်၊ ဘယ်လောက်ကုန်တယ်ဆိုတာ ပြောပြတော့ တန်ယာက အံ့သြသွားတယ်။ ဟိုးအဝေးက မိုးတိမ်တွေက ကိုယ်တို့ ဖက်ကို အလျင်အမြန်ရွေ့ လာနေလို့  တန်ယာက ပြန်ဖို့ ဆော်သြတယ်။ ကားပေါ်တက်ပြီး မကြာမှီ မိုးသည်းသည်းမဲမဲ ရွာတော့တာပဲ။ မြို့ တော်ဆန်ဟွမ်ရောက်တော့ နေခြစ်ခြစ်တောက်ပူ။ အဲ့ဒီလို ရာသီဥတု အပြောင်းအလဲမြန်တယ်။ ညနေ ၄ နာရီခွဲလောက်နဲ့  ဟိုတယ်ပြန်ရောက်တော့ ခဏနားပြီး ကွာတားစေ့တွေလဲဖို့  CVS ၊ Wallgreens မှာ နေလောင်ခံခရမ်၊ မုန့် သွားဝယ်တယ်။ ပြီးတော့ ပင်လယ်ကမ်းခြေကနေ ဘတ်စ်ကားဂိတ်အထိ လမ်းလျှောက်တယ်။ မြို့ တော်ဟောင်းဆန်ဟွမ်ဆီသွားဖို့  ဘတ်စ်ကားစောင့်တာ ညနေ ၇ နာရီခွဲအထိ တစီးမှမလာဘူး။ အွန်လိုင်းကနေလည်း ကြည့်လို့ မရ uber နဲ့ သွားရင် ၆ ကျပ်ပဲပေးရတယ်။ နောက်နေ့  နာရီဝက်စောင့်လို့ မှ ဘတ်စ်ကားမလာရင် uber ငှားသွားမယ်။ နောက်နေ့  Cueva Ventana နဲ့  Indian ဂူသွားတဲ့ အကြောင်းကတော့ နောက်ပို့ စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
ဇွန် ၁၀၊ ၂၀၁၈။
No comments: