Showing posts with label Tag Posts. Show all posts
Showing posts with label Tag Posts. Show all posts

31 December 2014

2014 Review

နေရာတိုင်းမှာ ဟတ်ပီးနယူးယီးယားလို့ နှုတ်ဆက်သံတွေ ကြားနေရတော့ ဘလော့မိတ်ဆွေတွေကိုလည်း ဟတ်ပီးနယူးယီးယားလို့ နှုတ်ဆက်ရင်း၊ အသူ တဂ်ထားတဲ့ ၂၀၁၄ ရီဗျူးတဂ်ပို့စ်လေး ရေးဖြစ်သွားပါတယ်။၂၀၁၄ ကို ရီဗျူးကြည့်လိုက်ရင် ကျေနပ်စရာကောင်းတဲ့နှစ်လို့ ဆိုရမယ်။

အလုပ်အကိုင်
မနှစ်က ဒီဇင်ဘာမှာ နယူးယောက်ကို ပြောင်းလာတာဆိုတော့ ခုကုမ္ဗဏီမှာ လုပ်တာ တစ်နှစ်ရှိပြီ။ အခက်အခဲတွေ များလွန်းလို့ အရည်အချင်းတွေ တိုးတက်လာတဲ့ အလုပ်ဆိုတော့ ပင်ပန်းပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးတယ်။ ကျွန်မ လုပ်ဖူးသမျှ အလုပ်တွေမှာ ခုကုမ္ဗဏီအလုပ်က ချဲလန့်အဖြစ်ဆုံး၊ စိတ်ဖိစီးမှု အများဆုံး၊ အပင်ပန်းဆုံး။ Consultant ဆိုတော့ ကလိုင်းရင့်ရုံးတွေမှာ သွားလုပ်ရတယ်။ ပတ်ဝန်းကျင်အသစ်၊ နည်းပညာအသစ်၊ work flow အသစ်တွေ လေ့လာရတယ်။ ကလိုင်းရင့် ကွန်းထရပ်ကုန်သွားလို့ ရုံးချုပ်ကို ပြန်ရောက်ရင် ပရောဂျက် ၂၊ ၃ ခုကို တပြိုင်တည်း လုပ်ရတယ်။ သူဋ္ဌေးမက အော်ရင် တခြားသူတွေက ဘာမှပြန်မပြောပေမဲ့ ပြန်အော်ဟစ်တဲ့ ကျွန်မကို အလွယ်တကူ အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်နိုင်၊ တခြားဈေးပေါတဲ့ တရုတ်လုပ်သားတွေ ငှားနိုင်ပေမဲ့ တစ်နှစ်ပြည့်တဲ့အခါ လစာတိုးပေးပြီး ကျွန်မ အလုပ်ကြိုးစားတာကို အသိအမှတ်ပြုတော့ ကျေနပ်မိတယ်။

အလုပ်နဲ့ ပတ်သက်လို့ ပြောရဦးမယ် ကျွန်မက အလုပ် ကံကောင်းတတ်တယ်။ စင်္ကာပူအလုပ်တုန်းကလည်း လစာလည်းမဆိုး၊ စိတ်ဖိစီးမှုလည်း သိပ်မရှိ၊ နှစ်တိုင်းလစာတိုး၊ ဘောနပ်လည်းပေး၊ နိုင်ငံခြားခရီးတွေလည်း သွားရတော့ ကျွန်မသူငယ်ချင်းတွေဆိုတာ အဲဒီကုမ္ဗဏီမှာ အလုပ်ရချင်ကြတယ်။ အလုပ်အကိုင် ပြောင်းလွန်းကြတဲ့ စင်္ကာပူမှာ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေ ခုထိ အဲဒီကုမ္ဗဏီမှာ လုပ်နေကြတုန်း။ ကန်တက်ကီအလုပ်ဆိုရင်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ကုမ္ဗဏီ၊ အားလုံးက Thermal ၊ Pipe ၊ Structural ၊ Chemical ၊ Mechanical အင်ဂျင်နီယာတွေ၊ အသက်၊ မိန်းမ၊ ယောကျာ်း၊ အသားအရောင် ခွဲခြားမှု မရှိတဲ့ အမေရိကန်မှာ ကိုယ်တော်ရင် တော်သလို ကိုယ့်အရည်အချင်းကို အသိအမှတ်ပြ ုတော့ စင်္ကာပူမှာထက် အမေရိကန်မှာ အလုပ်လုပ်ရတာကို ပိုကြိုက်တယ်။ ဝါရှင်တန်ဒီစီ အလုပ်ကတော့ အေးအေးဆေးဆေးပဲ ဘာမှ စိတ်ဖိစီးမှုကို မရှိတာ။ ကယ်ပီတယ် Capitol နဲ့ ဘေးချင်းကပ်လျက် ရုံးနေရာလေးကို သိပ်သဘောကျတာ။ ဝါရှင်တန်ဒီစီအလုပ်ကြောင့် နေရှင်နယ်မောလ်တလျှောက်က ပြတိုက်တွေ ပြဲပြဲစင်ခဲ့တာပေါ့။


ကျန်းမာရေး
ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်တယ်လို့ ဆိုရတယ်။ နယူးယောက်ရောက်မှ ပိုကျန်းမာတယ် လမ်းလျှောက်ရလွန်းလို့။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်၊ ဘူတာတွေမှာ ရထားပြောင်းဖို့ လျှောက်ရတာက ငါးမိနစ်၊ ဘူတာကနေ ရုံးကို ငါးမိနစ်၊ တနေ့ကို နာရီဝက်မက လမ်းလျှောက်ရတယ်။ ၂၀၁၃ ဂျူလှိုင် ၄ နယူးယောက်ကို လာလည်တုန်းက ဟ...နယူးယောက်သားတွေက လမ်းလျှောက်တာလား၊ ပြေးနေတာလားလို့ တွေးတာ ခုတော့ ကိုယ်တိုင် ပြေးနေတယ်။ ပိတ်ရက်တွေဆို လမ်းလျှောက်အဖွဲ့တွေနဲ့ ၄ မိုင်ကနေ ၆ မိုင်အထိ လမ်းလျှောက်၊ တောင် ၈ မိုင်တက်၊ နယူးယောက်မြို့ထဲမှာ ဆိုရင်လည်း တဘူတာ၊ နှစ်ဘူတာလောက်ဆို ရထားမစီးဘဲ လမ်းလျှောက်တော့ နယူးယောက်မှာ လမ်းအတော် လျှောက်ဖြစ်တယ်။ နယူးယောက်မှာ နှေးတိနှေးကွေး လမ်းလျှောက်နေတဲ့သူတွေ ဆိုကြည့်လိုက် အဲဒါ အသက်ကြီးတဲ့သူ၊ ဖုန်းပြောနေတဲ့သူ၊ နယူးယောက်သားမဟုတ်သူတွေ။ နယ်တွေမှာက ဟိုနားနဲ့ ဒီနားတောင် ကားမောင်းပြီး ကားပေါ်က မဆင်းရတော့ တခြားပြည်နယ်ကသူတွေ နယူးယောက်တက်လာရင် လမ်းမလျှောက်နိုင်ကြဘူး။

တနေ့ကို ဆယ်ငါးမိနစ် လေ့ကျင့်ခန်း၊ ပိတ်ရက်တွေဆိုလည်း လမ်းသွားလျှောက်နေလို့ အရမ်းစားပေမဲ့ ဝိတ်တက်မလာဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က လက်ဆစ်တွေ ရောင်ပါတယ်။ လေးဖက်နာ၊ ဂေါက်၊ ယူရစ်အက်ဆစ် များနေတာလို့ တွေးကြတယ်။ အမဲသားလို အနီရောင်များတဲ့အစာ၊ ပင်လယ်စာ၊ မြေကြီးထဲက ထွက်တဲ့ဟာ ဟင်..မြေကြီးထဲက အားလုံးထွက်တာပဲဟာ.. မြေကြီးထဲက တိုက်ရိုက်ထွက်တဲ့ မှို၊ မျှစ်၊ အာလူး၊ မုန်လာဥတွေ ရှောင်ရမယ်။ အဲဒီအသီးတွေတော့ ရှောင်နိုင်ပေမဲ့ ပင်လယ်စာတော့ မရှောင်နိုင်ဘူးရယ်။ ဒီတော့ လက်ဆစ်တွေ ရောင်လိုက်၊ သက်သာလိုက်နဲ့ သွေးသွားစစ်ရဦးမယ်။ သွေးစစ်တဲ့အဖြေရမှာ ဘာတွေ များနေလည်း သိရမယ်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ မစားတော့ဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ ပိုစားဖြစ်တယ်။

ပညာရေး
၄ နှစ် ကြာပြီးတဲ့ အခါမှာတော့ မာစတာဘွဲ့ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါပြီ။ သူများတွေက ၂ နှစ်ခွဲ ၊ ၃ နှစ်လောက်ပဲ ကြာတဲ့ဘွဲ့ကို ကျွန်မက အလုပ်ဗီဇာ အဆင်မပြေသေးလို့ Specialization Course ယူ သုံးဘာသာ ထပ်ယူပြီး တစ်နှစ်ထပ်တိုးတယ်။ စင်္ကာပူကျောင်းတုန်းကတော့ ကမ္ဘာ့အဆင့် ၂၄ ရှိတဲ့ စင်္ကာပူတက္ကသိုလ် ကျောင်းထွက်ကွလို့ ဟစ်ကြွေးပေမဲ့ ယူအက်စ်ကျောင်းကတော့ နာမည်ကြီးကျောင်း မဟုတ်ပါဘူး။ နေ့တိုင်းညဉ့်နက်တဲ့အထိ အဆိုင်းမင့်၊ ပရောဂျက်တွေ လုပ်၊ နောက်နေ့အတွက် စာဖတ်၊ ကမ္ဘာပေါ်မှာ အဆိုးဆုံး အစားအသောက်၊ ရာသီဥတုက အေး၊ ဗမာဆိုလို့ တစ်ယောက်တည်းနဲ့ ယူအက်စ်ကျောင်းမှာ တစ်နှစ်ကျောင်းတက်ခဲ့ရတဲ့အချိန်တွေဟာ အင်မတန် ခက်ခဲပင်ပန်းပါတယ်။ သူငယ်ချင်းတွေဆီ သွားပြီး အင်တန်းရှစ်အတွက် အလုပ်ရှာ၊ အလုပ်ရတဲ့မြို့၊ ရုံး၊ ပတ်ဝန်းကျင်အသစ်မှာ နေသားကျဖို့၊ အလုပ်သစ်မှာ အဆင်ပြေဖို့၊ အပတ်တိုင်း အဆိုင်းမင့်၊ တလတခါ စာမေးပွဲ၊ ၃လတခါ ရီပို့တင်ရ၊ အလုပ်ပိလို့ စာမကြည့်နိုင်၊ စာမကြည့်နိုင်လို့ စိတ်ဖိစီးနဲ့ အလုပ်အချိန်ပြည့်လုပ်ပြီး အဝေးသင်တက်ရတာ အင်မတန် ပင်ပန်းတယ်။ ဒါတောင် ကျွန်မက လူလွတ်မို့ ။ စူပါမိန်းမတွေလို့ ကျွန်မ လေးစားအားကျရတဲ့ အစ်မတွေဆို ကလေးတဖက်၊ အချိန်ပြည့်အလုပ်တဖက်၊ စာမေးပွဲတွေကိုလည်း အောင်အောင် ဖြေလိုက်သေးတယ်။ ကျွန်မ သူတို့လောက် မလုပ်နိုင်ဘူး။

ကျွန်မက မိုင်းဖန်လို ဘာသာရပ်တွေအားလုံး အေရတဲ့ ကျောင်းသားမဟုတ်ဘူး။ တချို့ဘာသာရပ်တွေက အေ၊ တချို့က ဘီ၊ တချို့က စီပလပ်၊ ဘာသာနှစ်ခုဆို NC Not Credit ရတာ ရှိသေးတယ်။ ဘာသာရပ်အားလုံးမှာ GPA 3.0 ၊ 36 credits နဲ့ ညီမျှတဲ့ ကွန်ပျူတာဆိုင်းရင့် ဘာသာရပ် ၉  ခု၊ 500 level courses တွေဖြစ်တဲ့ Advanced Software Developement  (ASD) Advanced Programming Language (APL) ၊ Web Application Architecture (WAA) လို ခက်တဲ့ဘာသာတွေ၊ မယူမနေရ Algorithms ဘာသာရပ်တွေမှာ ဘီရပါမှ ဘွဲ့ရမှာပါ။ ASD ဘာသာကို ကျောင်းအုပ်ကြီး ဒေါက်တာဂပ်သရီသင်ရင် အကျများတယ် ၇၅ ရာခိုင်နှုန်းကျတာ။ ဒီလို ခက်ခက်ခဲခဲ ကြိုးစားရလို့ ကျောင်းကို မကြိုက်ပေမဲ့ လည်း အဲဒီမာစတာဘွဲ့ကို ကျွန်မ ဂုဏ်ယူပါတယ်။


မိတ်ဆွေ
မိတ်ဆွေအပေါင်းအသင်းကောင်းတွေရှိတာ ကျွန်မ ကံကောင်းတယ်။ ကျွန်မ သူငယ်ချင်းအားလုံး ကျွန်မကို ချစ်ကြတယ်။ နောက်ကျောဓားနဲ့ထိုးတဲ့ သူငယ်ချင်းမျိုး မတွေ့ခဲ့ဘူး။ မကြီးသူငယ်ချင်း၊ အဲဒီသူငယ်ချင်းရဲ့ အစ်မ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကပါ ကျွန်မကို ချစ်ခင်ကူညီစောင့်ရှောက်တယ်။ ဘီအေစီမှာ လုပ်အားပေးရင်း သိခဲ့တဲ့ ဒါရိုက်တာ မမင်းမင်း၊ ကန်တက်ကီအိမ်ရှင် အမေရိကန်မ မန်ဒီ၊ မေရီလန်းက မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ သိခဲ့တဲ့ မမီးမီး၊ မမီးမီး သူငယ်ချင်း မဝိုင်း၊ ဝါရှင်တန်ဒီစီရုံးက ကလဲရား၊ နယူးယောက်က ကျွန်မမွေးစားအမေ မဂင်ကြူတို့ မိသားစု၊ ဘလော့ဂါ မမီးငယ်၊ ဘလော့ပရိတ်သတ် ပင်ဆယ်ဗေးနီးယားက မခိုင်၊ မခိုင် သူငယ်ချင်း ကွန်ပျူတာတက္ကသိုလ်စီနီယာ မဆာဖီးယား၊ နယူးယောက်ရုံးက ပတ်ထရီချာ၊ မကြီးသူငယ်ချင်း မကေသွယ် သူငယ်ချင်း မနန်းစံ၊ မကြီးသူငယ်ချင်း မနီနီအောင်အစ်မ မမီမီအောင်၊ အလှုတွေ ဖိတ်တတ်တဲ့ ကွန်ပျူတာတက္ကသိုလ်က ကိုထွန်းထွန်းဝင်း၊ ကျွန်မနဲ့ သိကျွှမ်းတဲ့သူတွေတိုင်း ကျွန်မကို ကူညီစောင့်ရှောက်ကြတာချည်းပဲ။

ဝါသနာ
ဘာသာစကားတစ်ခု၊ အတီးအမှုတ်တစ်ခု၊ အားကစားတစ်ခု တတ်မြောက်ချင်တာ ကျွန်မရဲ့ dream ပါ။ တရုတ်စာကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ တစ်နှစ်သင်ဖူးလို့ နည်းနည်းသိတယ်။ ဂျပန်စာ တလသင်ဖူးလို့ နည်းနည်းလေး သိတယ်။ ကိုရီးယားကားတွေကြည့်လို  အိုပါး အညာဟတ်ဆိုင်ရော် တတ်တယ်။ ဂီတာတီးသင်မယ်ဆိုပြီး ဂီတာဝယ်၊ ယူကျူ့ကနေ လက်ကွက် သုံးခုသိ၊ ဟတ်ပီးဘတ်ဒေးသီချင်းကို ဒန်ဒန်လို့ တီးတတ်၊ ဆောင်းတွင်းမှာ ဂီတာ အပြတ်သင်မယ်လို့ ကြုံးဝါးပေမဲ့  ပင်ပန်းလို့၊ မအားလို့ ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ ဂီတာတီး မသင်ဖြစ်တော့တာ ခုဆို ဂီတာက ကုတင်ခြေရင်းမှာ အခန်းအလှဆင်ပစ္စည်း ဖြစ်နေတော့တယ်။ အားကစားကတော့ သိတဲ့အတိုင်း လမ်းလျှောက်၊ တောင်တက်တာလောက်ပဲ။ မေရီလန်းအိမ်နားက မတ်သရူးဟတ်ဆန်ထရေးလမ်း၊ ဆူနမ်တို့အိမ်နားက ရေကန်နားမှာ jogging ပြေးရတာ ကြိုက်ပေမဲ့ နယူးယောက် ပြောင်းလာပြီးကတည်းက မ jogging တော့တာ။ biking ထွက်ချင်ပေမဲ့ စက်ဘီးတင်သွားမဲ့ ကားမရှိ။ ဒီလိုနဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖြစ်ဘူး။

ဗီယက်နမ်တက္ကသိုလ်မှာ ကတည်းက နိုင်ငံခြားဘာသာစကားတစ်ခု မသင်မနေရဆိုတော့ တက္ကသိုလ်တက်တဲ့ လေးနှစ်တာမှာ ပြင်သစ်စကား သင်ခဲ့တော့ ဝိုင်းက ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ အီတလီမှာနေတုန်း စပိန်စကားကို နှစ်နှစ်သင်ခဲ့ပြီး ခုလည်း စပိန်စကား သင်နေတဲ့ ဝိုင်းက စပိန်စကား အခြေခံ ပြောတတ်တယ်။ ဝိုင်းက အားကစားရုံမှာ ညနေတိုင်း zomba ၊ ballet ၊ abdomian ၊ yoga ကလပ်တွေ သွားတက်တယ်။ စန္ဒရားကို နှုတ်စ်ကြည့်ပြီး သီချင်းငါးပုဒ်လောက် တီးတတ်ပါသတဲ့။ ဝိုင်းက ကျွန်မ လုပ်ချင်တာတွေ အကုန်လုပ်တယ်။ မသိရင်လည်း မသိဘူး၊ သိရင်လည်း သိတယ်၊ နည်းနည်းလေး သိတယ်ဆိုတာ မကောင်းဘူး ၊ half baked ဆိုတာ စားလို့မကောင်းဘူးဆိုပြီး ဝိုင်းက ကျွန်မကို တရုတ်စာ ဆက်သင်ဖို့ အားပေးနေပါတယ်။ သိလား ဦးနှောက်ဆိုတာ သင်ယူနေမှ ကောင်းတာကွ ဦးနှောက်ဆိုတာ သင်ယူဖို့။ ဘာမှ မသင်ရင် အယ်ဇိုင်းမားရောဂါ  ဖြစ်လိမ့်မယ်။ Canon 7D ကင်မရာကို အော်တိုနဲ့သာ ရိုက်တတ်လို့ ကင်မရာကို ဘယ်လိုအသုံးချရမယ်ဆိုတာ လေ့လာနေပါတယ်။ ISO ၊  shutter speed ၊ aperture တွေနဲ့ ဖိုတိုဂရပ်ဖီကလည်း စိတ်ဝင်စားစရာကောင်းသား။ ရထားစီးတဲ့ အချိန်တွေဆို ကင်ဒယ်နဲ့ စာဖတ်ဖြစ်ပါတယ်။ ကင်ဒယ်နဲ့ ဖတ်ရတာ စာအုပ်ကိုင်ပြီး ဖတ်ရသလိုပဲ။ အသက်ကြီးလာလို့လား မသိဘူး ဆူဆူညံညံတွေထက် relaxation တီးလုံးတွေ ပိုကြိုက်လာတယ်။


၂၀၁၄ မှာ ခရီးတွေ ပိုသွားဖြစ်ပါတယ်။ အင်္ကျီ၊ ဖက်ရှင်၊ အစားအသောက်တွေမှာ ပိုက်ဆံသိပ်မသုံးတော့ဘဲ  ခရီးသွားတာမှာ ပိုက်ဆံပိုသုံးဖြစ်တယ်။ မနှစ်က အိုမားတို့အိမ်မှာ ဟော့ပေါ့စားပြီး နယူးရီးယားကို ကြိုဆိုပေမဲ့ ဒီနှစ်တော့ အိုမားတို့က မြန်မာပြည်ပြန်တော့ နယူးရီးယားမှာ သွားစားရမဲ့အိမ်မရှိ။ တိုင်းစကွဲကောင့်ဒေါင်း သွားရအောင်လို့ ဝိုင်းကပြောတော့ အင်းပေါ့။ ရာသီဥတုအေးလို့ ဝိုင်းရေ မသွားတော့ဘူးဆိုတော့ ဝိုင်းက သူ့ဘာသာ တစ်ယောက်တည်း သွားမယ်တဲ့။ ည ၁၁ လောက် တိုင်းစကွဲယားနားသွားပြီး ကောင့်ဒေါင်းသွားအော်မလို့တဲ့။ တိုင်းစကွဲနယူးရီးယားကောင့်ဒေါင်းက နာမည်ကြီးတယ် လူတစ်သန်းလောက် တက်ရောက်ကြတာ။ နေရာကောင်းဆို နေ့လည်ကတည်းက သွားရတာ။ ဒီလောက်အေးတဲ့ ရာသီဥတုကြီးမှာ ၆ နာရီလောက် မတ်တပ်ရပ်နေရမှာ ပြန်ထွက်ဖို့လည်း မလွယ်။ လူတွေပြည့်သွားရင် ရဲတွေက ပိတ်လိုက်ပြီး လုံးဝဖြတ်ခွင့် မပေးတော့တာ။ ဟတ်ပီးနယူးရီးယား အော်ရဖို့ အဲဒီလောက် ဒုက္ခမခံနိုင်ပါဘူးနော်။ အမှတ်တရဖြစ်တဲ့ နယူးရီးယား ကောင့်ဒေါင်းကတော့ ၂၀၀၈ စင်္ကာပူက West Coast ကမ်းခြေမှာ ဝယ်လာတဲ့ ကြက်ကြော်စား၊ punch သောက်၊ ဘေးက ဆိုကြတီးကြတဲ့ သီချင်းကို နားထောင်၊ tent လည်းမရှိ ခင်းထားတဲ့ တာလာပတ်ပေါ်မှာ ပုဝါ၊ စောင်ပါးလေးခြံလို့ New Year Eve ဖြစ်လို့ နေ့တဝက်ရုံးဆင်းပြီး ကတည်းကနေ ညနေစောင်း ကမ်းခြေကို မလာခင်လေးအထိ လျော့ပင်းထွက်ကြတဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက် အိပ်ပျော်သွားလိုက်ကြတာ ဘေးကနေ မအိပ်ဘဲ ထိုင်စောင့်တဲ့ မခိုင်က မနက် ၅ နာရီလောက်မှာ နှိုးတော့မှ နှိုးတော့တယ်။

နယူးရီးယားနေ့မှာ နယူးရီးယားဟိုက်ကင်းနဲ့ နယူးရီးယားကို ဟိုက်ကင်းစွာနဲ့ ကြိုဆိုပါ့မယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်မင်္ဂလာလေး ဖြစ်ပါစေ။

Happy New Year !

စန်းထွန်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၄။

20 November 2014

အောက်တိုဘာ ဖေးဘရိတ်...

Japanese Garden at Brooklyn Botanic Garden
Brooklyn Botanic Garden

အောက်တိုဘာလမှာ ဖေးဘရိတ်ဖြစ်တဲ့ အရာတွေကို ဝတ်ဆင်ပြီး အောက်တိုဘာလမှာ မဟုတ်ဘဲ နိုဝင်ဘာလရဲ့ ဒုတိယပတ် လွန်ခဲ့တဲ့ စနေနေ့ကမှ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးပါ။ ဦးထုပ်တွေကို နှစ်သက်သူတစ်ယောက်အတွက် ဒီနှစ်ဆောင်းတွင်းမှာ ဖေးဘရိတ်ဖြစ်နေတဲ့ ဦးထုပ်လေးက မကြာသေးခင်ကမှ ဝယ်လိုက်တဲ့ Wool Beret နံပြားဦးထုပ်လေးပါ။ ဆောင်းတွင်းဆို ကုတ်အင်္ကျီကလည်း အနက်၊ ဘောင်းဘီကလည်း အနက်၊ ဖိနပ်ကလည်း အနက်၊ လက်အိတ်နဲ့ မာဖလာကလည်း အနက် တကိုယ်လုံး နက်နေတာများ မျက်နှာလေး ကွက်လင်းနေလို့သာ တော်တော့တယ်။ ဒါကြောင့် နောက်များ ဦးထုပ်၊ မာဖလာဝယ်မယ်ဆိုရင် အရောင်တောက်တောက် ဝယ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဦးထုပ်မှာ ထွင်းထားတဲ့စာလုံးက နာမည် အတိုကောက်လားလို့ မေးကြတယ်။ အမှန်က Ralph Lauren အတိုကောက် RL လို့ ရေးထားတာပါ။

JCrew ၊  Tiffany တို့ရဲ့ တချို့ပစ္စည်းတွေက နာမည်အတိုကောက် ထွင်းပေးလို့ရပြီး ထွင်းခ ပေးရတယ်။  Ralph Lauren တံဆိပ် ဦးထုပ်ဆိုရင် Women ဆိုဒ်ကကြီးနေလို့ Children Girl 7 - 16 အတွက် ထုတ်တဲ့ဆိုဒ်နဲ့မှ တော်တယ်။ အနီရောင်ရဲရဲ၊ ဦးထုပ်ဒီဇိုင်းလေးက ချစ်စရာကောင်းသလို နွေးလည်းနွေးတော့ ဆောင်းတွင်းမှာ ဖေးဘရိတ် ဖြစ်နေတဲ့ ဦးထုပ်ဆိုပါတော့။ လွန်ခဲ့တဲ့ နှစ်ပတ်က ဘရွတ်ကလင်းဘော်တနစ်ကယ်ဂါးဒင်းကို ဓာတ်ပုံသွားရိုက်တာ အဲဒီနေ့က မိုးတွေရွာ၊ ရာသီဥတုချမ်းလို့တုန်နေတာနဲ့ ၁ နာရီမှာ စတင်တဲ့ ဘော်တနစ်ဂါးဒင်းတိုးကိုတောင် မစောင့်နိုင်တော့ဘဲ ပြန်ခဲ့တော့တယ်။ ဝိုင်းက ကိုယ့်လောက် ချမ်းပုံမရဘူး။ ကိုယ် ချမ်းနေတာတွေ့တော့ အနွေးထည်အကြောင်း၊ အင်္ကျီအကြောင်းပြောကြရင်း Cashmere ကက်ရှ်မီးယားအကြောင်း ရောက်သွားတယ်။ ကက်ရှ်မီးယားသိုးဆီကနေ ထုတ်လုပ်ထားတဲ့ ကက်ရှ်မီးယားအဝတ်အထည်တွေက ဈေးကြီးသလို အင်မတန်နွေးတယ်။ ရာမားဝတ်ထားတဲ့ ကက်ရှ်မီးယားက ဈေးကြီးတယ်လို့ ဆူနမ် ပြောဖူးတယ်။

ဟုတ်တယ် ဈေးချတာတောင် ၂၀၀ အောက် မလျော့ဘူး ။ ကက်ရှ်မီးယားဝတ်ထားရင် Layer တွေ အများကြီး ဝတ်စရာ မလိုဘူး။ မင်း ဝတ်ထားတာ ဘာတုန်း wool သိုးမွှေးလေ နွှေးတယ်။ ဒါပေမဲ့ ကက်ရှ်မီးယားလောက် မနွေးဘူး။ ဒါနဲ့ ချက်ချင်းပဲ ဈေးချနေတဲ့အထဲက Turtleneck လို့ ခေါ်ကြတဲ့ လည်ထောင်ကက်ရှ်မီးယား တစ်ထည်ဝယ်တယ်။ ကိုယ် ဝယ်ဖူးသမျှထဲမှာ အဲဒီအင်္ကျီ ဈေးအကြီးဆုံးပဲ။ ဆုပ်လိုက်ရင် လက်တဆုပ်သာသာ လက်နဲ့ပဲလျှော်ရပြီး ချိတ်နဲ့မလှန်းရ ။  နည်းနည်းဂရုစိုက်ရပေမဲ့ တော်တော်နွေးတယ်။ ခုလိုအေးတဲ့ရာသီ ပိတ်ရက်တွေမှာ လမ်းလျှောက်ထွက်ရင်၊ တောင်သွားတက်ရင် ကက်ရှ်မီးယားပေါ်မှာ သိုးမွှေးတစ်ထည် ဝတ်လိုက်ရုံနဲ့ လုံလောက်တယ်။ ဆောင်းရာသီဆို လည်ထောင်အင်္ကျီလေးတွေကို သဘောကျတယ် မာဖလာ ပတ်စရာမလိုတော့လို့။ အပေါ်က နက်ပြာရောင် သိုးမွှေးအနွေးထည်က Classic Duffle Coat လေးပါ။

Brooklyn Botanic Garden
Indian caves at Inwood Hill Park. Red Indians inhabited there. Samuel L Jackson took the movie there as if homeless man stayed in the cave.

အစတုန်းကတော့ လည်ပင်းစိနေတယ်လေး၊ အိတ်က ကြီးတယ်လေးနဲ့ နောက်တော့လည်း ကြိုက်လို့ မချွှတ်တော့ဘူး။ Hood လို့ခေါ်ကြတဲ့ ခေါင်းစွပ်ပါလို့ နားရွက်အေးလာရင် ခေါင်းစွပ် စွပ်လိုက်ရုံပဲ။ ခေါင်းစွပ်က ဖြုတ်တပ်လို့ရတဲ့ အရှင်ဆို ပိုမိုက်မယ်။ ကြယ်သီးချိတ်တဲ့ ကြိုးကွင်းတွေက အမြင်ဆန်းတယ်။ အိတ်အကြီးကြီးက ဖုန်း၊ ကဒ်၊ နှုတ်ခမ်းဆီ၊ ဟမ်းခရင်၊ တစ်ရှုး တိုလိုမိုလီ အကုန်ဆံ့တယ်။ ဒီလိုချမ်းအေးတဲ့ရာသီမှာ လက်အိတ် မဆောင်ဘဲ အပြင်ထွက်လို့ မရဘူး။ ကိုယ် သဘောကျတဲ့ လက်အိတ်လေးက လက်ချောင်းထိပ်နေရာလေးတွေကို လွတ်ထားတာမို့ကင်မရာနှိပ်ဖို့ပြုဖို့ အဆင်ပြေတယ်။ ချမ်းလာရင် အဖုံးစွပ်လေးထဲ လက်ချောင်းတွေကို ထည့်လိုက်ရုံပဲ။ ဝိုင်းကတော့ လက်အိတ်ကို ချွှတ်ရင်လည်း အကုန်ချွှတ် လက်မှာ ဘာမှရှိမနေတဲ့ ရိုးရိုးလက်အိတ်ကိုပဲ နှစ်သက်ပါသတဲ့။Swiss Gear ၊ Samsonite  တို့နဲ့ယှဉ်ရင် ပေါ့ပါးတဲ့ ဂျာမန် deuter တံဆိပ် Nomi ကျောပိုးအိတ် အစိမ်းရောင်လေးက ရုံးတက်ရင်ပဲဖြစ်ဖြစ်၊ တောင်သွားတက်ရင်ပဲဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်ရင်ဖြစ်ဖြစ် ကိုယ့်ကျောထက်မှာ အမြဲပိုးထားတဲ့ အိတ်ကလေးပါ။

ဒီလိုချမ်းအေးတဲ့ရာသီမှာ ရေနွေးပူပူလေးတစ်ခွက် မှုတ်သောက်ရလောက် နွေးထွေးစေတာ မရှိဘူး။ အဖုံးဖွင့်စရာ မလိုဘဲ အဖုံးကို ဖိလိုက်တာနဲ့ ရေနွေးတွေ ထွက်ကျလာပြီး သောက်ပြီးရင် ခွက်ကို ဗူးပေါ်မှာ ပြန်ဖုံးလို့ရတဲ့ နာရီအတော်ကြာအောင် နွေးနေတဲ့ IKEA Steel vaccum flask ဓာတ်ဘူးလေးက ကိုယ့် ဖေးဘရိတ်။ ဘောင်းဘီက ကိုယ့်ဖေးဘရိတ် Levis ဂျင်းနက်ပြာ ။ ကုတ်အင်္ကျီက အနက်၊ ဘောင်းဘီအနက်၊ ဖိနပ်ကအနက်၊ အားလုံးနက်နေလို့ အရောင်လေးထည့်ရအောင်ဆိုပြီး ဆောင်းတွင်းဆိုဝတ်ဖို့ အနီ၊ အပြာ ဘောင်းဘီတွေ ဝယ်ထားတယ်။ ဝိုင်းက ကုတ်အင်္ကျီအနက်၊ ဘောင်းဘီအနက်မှာ အရောင်အဖြစ် မာဖလာရောင်စုံပတ်တယ်။ ဟိုးအရင်အပတ်က ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းကို သွားတုန်းက ချမ်းလို့တုန်စေတဲ့ တရားခံက ခြေအိတ်နဲ့ ဖိနပ်။ ခြေကျင်းဝတ်သာသာ ခြေအိတ်ရယ်၊ အပြေးလေးကျင့်တဲ့ဖိနပ်က အေးစိမ့်လာတာကို မတားဆီးနိုင်ဘူး။ ခြေသလုံးတဝက်ထိရောက်တဲ့ ခြေအိတ်၊ လည်ရှည်မြင်းစီးဘွတ်ဖိနပ် Riding Boot စီးထားလို့ကတော့ အတော်လေး နွေးထွေးစေတယ်။ ဦးထုပ်၊ ဖိနပ်၊ ကက်ရှမီးယား လည်ထောင်အင်္ကျီ အနက်ရောင်က Ralph Lauren ဖြစ်ပြီး သိုးမွှေးလည်ထောင်အင်္ကျီ၊ သိုးမွှေးကုတ်၊ လက်အိတ်က JCrew ပါ။

Natural Organics အလှပြင်ပစ္စည်းတွေ ခေတ်စားလာလို့ သုံးကြည့်တာ အကြိုက်တွေ့နေတဲ့အရာတွေက l'occitane က ခေါင်းလျှော်ရည်၊ ဘော်ဒီလိုးရှင်းနဲ့ ဒီဗိုင်းကရင်မ်ပါ။ ကောင်းကင်အုံ့မှိုင်းလို့ မိုးလေး တဖြောက်ဖြောက် မစဲတဲ့နေ့တွေဆိုရင် Shabu Shabu လို့ခေါ်ကြတဲ့ ဟော့ပေါ့စားရတာ ကြိုက်တယ်။နှုတ်ဆက်ပွဲ၊ မွေးနေ့၊ ခရီးကပြန်လာရင် ဝင်စားဖြစ်ပေမဲ့ တစ်ယောက်တည်းတော့ သွားမစားဖြစ်ဘူး။

Mini's Shabu Shabu at Flushings

တေလာဆွစ် သီချင်းလေးတွေ ကြိုက်ပေမဲ့ အခုအသစ်ထွက်တဲ့ 1989 သီချင်းတွေ နားမထောင်ရသေးဘူး။ ခုတလော နားထောင်ဖြစ်နေတာက ဆွီတိရဲ့ အချစ်ဆိုတာ အမည်ရတဲ့ သီချင်းလေးပါ။


ရထားစီးချိန်တွေမှာ ဖတ်ဖြစ်နေတာကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ဝထ္ထုတိုစာအုပ်လေးပါ။ ကင်နွန် 7D ကင်မရာကသာ ပရောက်ဖက်ရှင်နယ် ကိုယ်က အလွယ်ဆုံး အော်တိုဖိုးကပ်စ်နဲ့ပဲ ရိုက်တတ်တယ်။ ကင်မရာမှာ Function တွေ ပါပေမဲ့ ဘယ်လိုသုံးရမှန်း မသိဘူးရယ်။ ခရစ်စမတ်မီးရောင်စုံနဲ့ ဓာတ်ပုံရိုက်ဖို့ အားခဲနေတဲ့ ဝိုင်းက သင်ပါဟလို့ တိုက်တွန်းနေတဲ့အပြင် ကိုယ်ကိုတိုင်ကလည်း ဘယ်လိုရိုက်ရမလဲဆိုတာ သိချင်နေတာနဲ့ User Manual  တွေဖတ်၊ ဗီဒီယိုတွေကြည့်၊ tutorials တွေဖတ်ပြီး လေ့လာနေတယ်။ ခရစ်စမတ်ဓာတ်ပုံတွေ ကောင်းကောင်းထွက်လာဖို့ မျှော်လင့်ရတာပဲ။

အောက်တိုဘာလရဲ့ ဖေးဘရိတ်အဖြစ်ဆုံးက Fall Foliage ရောင်စုံလှပနေတဲ့ သစ်ပင်တွေပါ။ အိုင်အိုဝါ၊ ကန်တက်ကီ၊ မေရီလန်းပြည်နယ်တွေထက် နယူးယောက်ရဲ့ ဆောင်းဦးရာသီက ပိုလှတယ်။ ရာသီဥတုက ၀ ၊ မိုင်းနပ်စ် ၂ လောက် အေးပေမဲ့လည်း ကက်ရှ်မီးယား၊ သိုးမွှေးအင်္ကျီတွေ အထပ်ထပ်ဝတ်၊ လည်ရှည်ဘွတ်ဖိနပ်၊ လက်အိတ်၊ ဦးထုပ် အအေးဒဏ်ကာကွယ်မဲ့  ဝတ်စုံအပြည့်နဲ့ ပိတ်ရက်တွေဆို နယူးယောက်တခွင်က ဆောင်းဦးအလှကို ခံစားကြတယ်။ ဂျော့ဝါရှင်တန်တံတားကို ဖြတ်ကျော်လို့ နယူးဂျာဆီပြည်နယ် ပါလာဆိုဒ်ပန်းခြံဆီ  ဝိုင်လင်းအဖွဲ့နဲ့ ၇.၃၇ မိုင် ဟိုက်ကင်းသွားတယ်။ အဖွဲ့နဲ့ဆို ဓာတ်ပုံကောင်းကောင်း ရိုက်ဖို့အချိန်မရှိဘူး။ နောက်တပတ်ကျတော့ ဝိုင်းနဲ့ ကိုယ့်ဘာသာ ချီတက်ကြတယ်။ ကိုယ်တို့က Phtography Hiking လို့ ခေါ်ကြတယ်။ တကွေ့လောက် လျှောက်လိုက် ဓာတ်ပုံရိုက်လိုက်ကြနဲ့ မနက် ၁၀ နာရီကတည်း ဖိုတိုကရပ်ဖီဟိုက်ကင်းတာ ညနေလေးနာရီခွဲမှာ ၈.၅ မိုင်ပဲ ခရီးပေါက်တယ် ။

ဘရွှတ်ကလင်း ဘော်တနစ်ကယ် ဂါးဒင်းက စနေနေ့ မနက် ၁၀ နာရီကနေ ၁၂ ထိ ဝင်ကြေးအခမဲ့။ နယူးယောက်နေတဲ့ အသိမိတ်ဆွေတစ်ယောက်က ပိတ်ရက်တွေဆို ဘာမှလုပ်စရာမရှိဘူး၊ သူငယ်ချင်း မရှိဘူးလို့ ညည်းဖူးတယ်။ ကိုယ် နယူးယောက်ရောက်တော့ ဘယ်ကသာ လုပ်စရာတွေ မရှိပါ့မလဲ လုပ်စရာတွေများ များလွန်းလို့။ နယူးယောက်မှာမွေး နယူးယောက်မှာကြီး အဘိုးကြီးအရွယ်ဖြစ်နေတဲ့သူက ခုထက်ထိ နယူးယောက်ကို စူးစမ်းရှာဖွေလို့ မကုန်သေးဘူး so much things to explore လို့ ဆိုကြတယ်။ သူငယ်ချင်းမရှိလည်း meet up အဖွဲ့တွေရှိတယ်။ စူးစမ်းချင်တဲ့စိတ်၊ တက်ကြွတဲ့စိတ် ရှိဖို့သာ လိုတာ။ ဝါရှင်တန်ဒီစီမှာတုန်းက ရှန်နယ်ဒိုးဝါးတောင် သွားတက်တာ ဆူနမ်တို့နဲ့ မဟုတ်ဘူး meet up အဖွဲ့နဲ့။ ဘောလိဝုရုပ်ရှင်ပိုကြိုက်တဲ့ ဆူနမ်တို့က ပြတိုက်တွေကို စိတ်မဝင်စားတော့ နေရှင်နယ်မောလ် တဝိုက်က ပြတိုက်တွေကို ကိုယ့်ဘာသာ တစ်ယောက်တည်း သွားတယ်။ ပိတ်ရက်တွေဆို ဘူတာကားပါကင်တွေက ဖရီး။ ဒီစီမြို့ထဲ ရထားစီး ပြတိုက်တွေရဲ့ အထပ်တိုင်း အခန်းတိုင်းကို ဝင်တယ်။

Brooklyn Botanic Garden
Brooklyn Botanic Garden

အိုင်အိုဝါနဲ့ ကန်တက်ကီမှာ လုပ်စရာတွေ မရှိဘူးဆိုတာ မှန်ပါတယ်။ ဒီစီနဲ့ နယူးယောက်လို မြို့ကြီးတွေမှာတော့ လုပ်စရာမရှိဘူးဆိုတာ မမှန်ဘူး လုပ်ချင်စိတ်မရှိလို့သာ။ နယူးယောက်သားတွေ နယူးယောက်ကနေ မခွာနိုင်ကြတာ ဘာကြောင့်လည်းဆိုတာ သဘောပေါက်လာပြီ။ meet up လမ်းလျှောက်အဖွဲ့မှာ ဝိုင်းနဲ့ အသိဖြစ်၊ ဝါသနာတူ၊ စရိုက်တူလို့ ခရီးတွေ အတူတူသွား ပိတ်ရက်တွေဆို meet up အဖွဲ့နဲ့ လမ်းလျှောက်၊ ဟိုက်ကင်းသွားနဲ့ ဝိုင်းလို စိတ်တူကိုယ်တူ  ဝါသနာတူ သူငယ်ချင်းရတာ တကယ်စိတ်ချမ်းသာတယ်။ ဆူနမ်တို့နဲ့ကျတော့ ဝါသနာမတူ၊ သူတို့အချင်းချင်း သူတို့ဘာသာစကားနဲ့ပဲ ပြောကြတော့ သူတို့အနားရှိနေရင် လုံခြုံစိတ်ချနွေးထွေးတယ်လို့ ခံစားရပေမဲ့ အထီးကျန်တယ်။ ဝိုင်းနဲ့ကျတော့ သူကလည်း အီတလီကနေ နယူးယောက်ကို ပြောင်းလာတာ သုံးလလောက်ပဲရှိသေးပြီး သူငယ်ချင်းမရှိ။ ကိုယ်ကလည်း လွန်ခဲ့တဲ့ ၆ လလောက်ကမှ နယူးယောက်ကို ပြောင်းလာတာ သူငယ်ချင်းမရှိ။ လမ်းလျှောက်၊ တောင်တက်၊ ခရီးတွေ အများကြီး သွားချင်တဲ့ ကိုယ်တို့နှစ်ယောက် အစားအသောက်လည်း အကြိုက်တူကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အောက်တိုဘာမှာ ဖေးဘရိတ်အဖြစ်ဆုံးက သစ်ရွှက်ရောင်စုံလေးတွေပါပဲ။ နယူးယောက်တစ်ခွင် ခြေဆန့်ကာ ရိုက်ခဲ့တဲ့ ဆောင်းဦးအလှ ဓာတ်ပုံလေးတွေကို တင်လိုက်ပါတယ်။ အောက်တိုဘာ ဖေးဘရိတ်ကို နိုဝင်ဘာမှ ရေးဖြစ်တာ ဆောရီးနော် မြတ်ကြည်လေး။

စန်းထွန်း
နိုဝင်ဘာ ၂၀၊ ၂၀၁၄။

14 November 2014

အမည်မသိချစ်သူ...

credit to tiffany.com

အသက်ငါးဆယ်ကျော်နေပြီဖြစ်သော ဆူပါဗိုက်ဆာ၏ လက်ကောက်ဝတ်တွင် အနက်ရောင်ကြိုးပေါ် ရွှေရောင်လုံးလေးများပါသည့် ဟမ်းချိန်းကို မြင်လိုက်ရသည့်အချိန် သြော် ဟမ်းချိန်းကြိုက်တဲ့သူတွေက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကြိုက်တာပါပဲလားဟု တွေးမိသည်။ ထိုကဲ့သို့ဟမ်းချိန်း ကြိုက်သည့်သူတစ်ယောက်ကို တွေ့ရသောအခါ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ခန့်ဆီက ငွေရောင်ဟမ်းချိန်းလေးကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် ကောင်လေးတစ်ယောက်ကို ဖျပ်ခနဲ သတိရမိသည်။ သူနှင့်ကိုယ် အထက်တန်းကျောင်း၊ တက္ကသိုလ်တွင် တွေ့ခဲ့ခြင်း မဟုတ်ဘဲ အထက်တန်းအောင်ပြီး၍ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေချိန် အင်္ဂလိပ်စာသင်တန်းတက်သည့်အချိန်တွင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ပညာရေးဖက် အာရုံလျော့သွားမှာစိုးလို့ ဆယ်တန်းမအောင်ခင် ရည်းစားမထားရဟု ဆုံးမသည့် မိဘ၊ ဆရာများ၏ ဆုံးမစကားကြောင့်ပဲလား၊ ကိုယ်တိုင်ကပဲ အဆင့်မကျချင်လို့ပဲလား၊ ကိုယ့်ရင်ကို ခုန်စေတဲ့သူ မတွေ့ခဲ့တာလားတော့ မသိ ဆယ်တန်းအထိ ကိုယ်ရင်ခုန်ရမယ့်သူ မရှိခဲ့။ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းရချိန်များကို အချည်းနှီး မဖြစ်ရလေအောင် သွားတက်သော အင်္ဂလိပ်စာသင်တန်းတွင် ကိုယ့်ရင်ကို ပထမဆုံး လှုပ်ခတ်သွားစေသောသူနှင့် ဆုံစည်းခဲ့သည်။ ကိုယ်တို့မိန်းကလေး ၁၀ ယောက်ကျော်အုပ်စုက စာသင်ခန်း၏ ဘယ်ဖက်နံရံနှင့်ကပ်လျက် ထိုင်ခုံများတွင် ထိုင်တတ်ကြသည်။ မနက် ၉  နာရီခွဲ သင်တန်းချိန်ကို လာတက်ကြပြီး ၁၁ နာရီ အတန်းပြီးလျှင် ပါလာသော ထမင်းချိုင့်များဖြင့် နေ့လည်စာ စားသောက်ကြပြီး ၁၁ နာရီခွဲ စာဖတ်တန်းချိန်တွင် ထမင်းလုံးစီကာ ငိုက်တတ်ကြသည်။ မနက်ကနေ ညနေစောင်းအထိ စကားပြောတန်း၊ စာဖတ်တန်း၊ ဘာသာပြန်တန်း၊ စာရေးတန်းများ တက်ရောက်ကြသော်လည်း စာမကြိုးစားကြ။

သင်တန်းပြီးလျှင် လှည်းတန်းဈေး၊ အင်းလျားကန်သို့ လမ်းလျှောက်ကြသည်။ တခါတရံ အတန်းလစ်ကြလျှင် ကိုယ်တို့ထိုင်တတ်သော စာသင်ခန်း၏ဘယ်ဖက်ခြမ်းသည် ရှင်းလင်းနေ၍ ကိုယ်တို့အတန်းလစ်ကြသည်မှာ သိသာလှသည်။ အထက်တန်းကျောင်းအထိ ကျောင်းပြောင်းရလွန်းသဖြင့် သူငယ်ချင်းမယ်မယ်ရရ မရှိသောကိုယ် ထိုအင်္ဂလိပ်စာသင်တန်းမှ သူငယ်ချင်းများကို ခင်တွယ်လှသည်။ အုပ်စုထဲမှ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဇင်ယော်တောင်ပံမျက်ခုံး၊ မျက်ဝန်းညိုညို၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးနှင့် အတော်ချောမောလှပပြီး ယုန်ဖြူလေးလို ကြောက်လန့်တတ်သော ဝတ်ရည်ကို တကျောင်းလုံးမှ ကောင်လေးများ ဝိုင်းပိုးကြသည်။ အသားညိုညို၊ ဆံပင်တိုတို၊ မျက်ခုံးနက်နက်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံတိုတို၊ နှုတ်ခမ်းပြည့်ပြည့်၊ နှုတ်ခမ်းမွှေးရေးရေး၊ နာသံသီးလေးနှင့် ခင်မင်ဖော်ရွေသော ရွှေစင့်ကို ပိုးပန်းသူများလည်း မနည်း။ ပေါ်ပြူလာဖြစ်သော သူငယ်ချင်းနှစ်ယောက်ကြားတွင် သာမာန်ရုပ်ရည်နှင့် ခပ်တည်တည်နေတတ်သော ကိုယ်က မျက်နှာချင်းဆိုင်ဖက်ခြမ်းမှ မျက်ဝန်းညိုများကို သတိထားမိသွားသည်။


တကျောင်းလုံးက ဝိုင်းပိုးကြသော ကိုယ့်သူငယ်ချင်းနှစ်ယောက်ကို ကြည့်တာလား၊ ကိုယ့်ကို ကြည့်တာလားဟု မခွဲခြားတတ်။ ထိုသူငယ်ချင်းနှစ်ယောက်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်း၊ ကိုယ့်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်းပြီး သူငယ်ချင်းများက မသိမသာ စောင့်ကြည့်ကြသောအခါမှ ကိုယ့်ကိုကြည့်မှန်း သိသွားကြသည်။ စာသင်ချိန်အတွင်း လှမ်းလှမ်းကြည့်တတ်သော မျက်လုံးညိုများကြောင့် ကိုယ့်ရင်တွေ ခုန်ဖူးသည်။ ကိုယ်ချစ်သောသူတစ်ယောက်ရှိသော သင်တန်းကျောင်းဆီသွားသို့ ခြေလှမ်းများက တက်ကြွနေခဲ့ဖူးသည်။ အင်္ဂလိပ်စကားပြောသွက်စေဖို့၊ မရှင်းလင်း သည်များကို ရှင်းပြနိုင်ဖို့၊ မသိသည့်စကားလုံးများကို မေးမြန်းနိုင်ဖို့ စကားပြောတန်းတွင် စီနီယာများက ဂျူနီယာများကို စာမေးလေ့ရှိရာ စီနီယာဖြစ်နေပြီဖြစ်သော ကိုယ့်ကို သူ့ဆီ စာသွားမေးဖို့သူငယ်ချင်းများက မြှောက်ပင့်ပေးကြသော်လည်း သတ္တိမရှိသလို  တခြားတဖက်ခြမ်းဖို့ ဝေးသည်နှင့် သူ့ဆီ စာသွားမမေးခဲ့။

ဖြိုးအစ်ကို သူငယ်ချင်းနှင့် သူ တတွဲတွဲ ဖြစ်နေရာ ဖြိုးက နာမည်စုံစမ်းပေးရမလားဟု မေးလာသောအခါ ဟင့်အင်းဟု ငြင်းပယ်ခဲ့သည်။ ကိုယ့်စကား အတိအကျ နားထောင်သော ဖြိုးက တကယ်ပင် မစုံစမ်းပေးခဲ့။ သင်တန်းကျောင်းတွင် ကိုယ်တို့စိတ်ဝင်စားသောသူများကို နာမည်ပြောင်ထားရာ ရွှေစင် စိတ်ဝင်စားသည့် အသားညိုညို၊ ရုပ်ရည်ချောမောပြီး ပဲများသည့်သူကို ပဲဘဝင်၊ ခိုင်မေ စိတ်ဝင်စားသည့် စီနီယာအစ်ကိုကြီးကို အအဂျာ (အဲဒီတုန်းက ခေတ်စားနေသော ဂျပန်ကားတွင် အစ်ကိုအကြီးဆုံးကို အဂျာဟု ခေါ်သည်)၊ ကိုယ် စိတ်ဝင်စားသည့်သူ့ကို နာမည်မသိသောကြောင့် အနောနိမတ် အတိုကောက် အနောဟု နာမည်ပေးထားကြသည်။ ကိုယ့်ရှေ့နားက တိုင်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သော နူးညံ့သွယ်လျမနေသော လက်တစုံထက်ဆီမှ အနည်းငယ် အရောင်မှိန်နေသော ဟမ်းချိန်းတစ်စုံ။ ထိုဟမ်းချိန်းထက်ဆီမှ  မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို ကိုယ့်သူငယ်ချင်းများက သာမန်ရုပ်ရည်ဟု သတ်မှတ်ကြသော်လည်း ခန့်ညားသည်ဟု ကိုယ်ယူဆသော မျက်နှာကို ကိုယ် ငေးကြည့်နေခဲ့ဖူးသည်။

အကြည့်တွေဆုံ ရင်တွေခုန်ကာ ဖွင့်ဟလာနိုး မယ်မျှော်ကိုးသော်လည်း သူကတော့ ကိုယ့်နား ဘယ်သောအခါမှ ရောက်မလာခဲ့။ စကားပြောတန်း၏ နောက်ဆုံးနေ့တွင် အတန်းရှေ့ထွက်ကာ မိတ်ဆက်စကားပြောရသည်ကို ကိုယ်တို့ လှည့်ပတ်ပြေးနေခဲ့သည်မှာ ကြာပြီ။ သည်တခါတော့ ဝတ်ရည်က ဟေ့ မင်း အနော့ရှေ့မှာ ထွက်ပြောချင်တယ်ဆို ထွက်ပြောလေဟု မြှောက်ပေးသည်နှင့် မိုက်ကိုင်ကာ အတန်းရှေ့ထွက်ပြောတော့သည်။ ကျောင်းသား ၅၀ ကျော်ရှေ့တွင် စကားပြောရသည်ရော၊ အနော၏ မျက်ဝန်းညိုညိုများကို မြင်လိုက်ရသည်ရော ကိုယ် ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည်။ အနည်းဆုံးတော့ အနော ကိုယ့်နာမည်ကို သိသွားလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အတန်းရှေ့ထွက်ပြောခြင်း ဖြစ်သည်။ လန်ဒန်တက္ကသိုလ်တခုမှ လာဖွင့်သော သင်တန်းကျောင်း တက်သည်မို့ ထိုသင်တန်းကျောင်းသို့ ကိုယ် မရောက်ဖြစ်တော့။ တခါတရံ သင်တန်းဆင်းချိန် ထိုအင်္ဂလိပ်စာသင်ကျောင်းတွင် တက်နေဆဲဖြစ်သော သူငယ်ချင်းများဆီ ဝင်လည်ရင်း အနော သင်တန်းတက်နေတုန်းပဲလားဟု စုံစမ်းသောအခါ ကိုယ် ထွက်သွားပြီး မကြာခင် အနော်လည်း ထိုသင်တန်းကျောင်းမှ ထွက်သွားခဲ့သည်။


တက္ကသိုလ်များ ဖွင့်လှစ်၍ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ တက်ရောက်သောအခါ သူငယ်ချင်းအသစ်များ ရလာသော်လည်း ကိုယ်တို့သူငယ်ချင်းတွေ အဆက်အသွယ် မပြတ်ခဲ့။ သူငယ်ချင်းတွေ ဆုံကြတိုင်း ကိုယ်တို့စတင် ဆုံစည်းခဲ့ကြသော ထိုအင်္ဂလိပ်စာသင်တန်းကျောင်းသူဘဝကို ပြန်ပြောင်းအောက်မေ့ကြသည်။ ပဲဘဝင်၊ အအဂျာ၊ အနောတို့ ဘယ်တွေရောက်လို့ ဘာတွေ ဖြစ်နေကြပါလိမ့်ဟု ကိုယ်တို့ချစ်ခဲ့ဖူးသူများကို သတိရမိကြသည်။ သို့သော်လည်း သတိရခြင်းသည် ခဏတာမျှသာ ဖြစ်သည်။ တက္ကသိုလ်တွင် ကိုယ်တို့ချစ်သောသူများ တွေ့နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သုံးနှစ်ကျော်ခန့် ကြာပြီးသည့်နောက် နေ့လည်ဖက် မြို့ထဲကအပြန် လူရှင်းသော ဘတ်စ်ကားထက်တွင် ငွေရောင်ဟမ်းချိန်းလေးကို တွေ့လိုက်ရသည်။ အနောများလားဟု သေသေချာချာ ကြည့်လိုက်သောအခါ ဘုရားရေ တကယ်ပင် အနော ဖြစ်နေသည်။ ဘေးတိုက်မြင်ရသော မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ နှုတ်ခမ်းပါးလျလျသည် အရင်အတိုင်း မပြောင်းမလဲ။ ကျောပိုးအိတ် တဖက်ကို သိုင်းပြီး တဖက်ကို ချထားသည်မှာလည်း အရင်အတိုင်း၊ ရှပ်လက်တိုအင်္ကျီ၊ ပုဆိုးတိုတို၊ ကတ္တီပါခြေညှပ် ဝတ်ထားသည်မှာ အရင်အတိုင်း။

သို့သော် ညှိညက်သော အသားအရေသည် ပို၍ညှိုမောင်းကာ အနည်းငယ် ပိန်သွားသည်။ လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က မြင်တွေ့ခဲ့ရသည့် ဟမ်းချိန်းလေးကို စွဲစွဲမြဲမြဲ ဝတ်ဆင်နေတုန်း။ ဖြိုးကို ပြောပြသောအခါ ဖြိုးက မမှတ်မိ။ အရင်လို နှုတ်ခမ်းတွန့်ရုံ ပြုံးကာ မျက်ဝန်းညိုညိုများဖြင့် တချက်မျှ ဝေ့ကြည့်ရုံမျှဖြင့် ကိုယ့်နှလုံးသားက မှတ်မိပါလိမ့်မည်။ အနော ဟုတ်တယ် မဟုတ်ဘူးဟု ငြင်းနေကြသော ကိုယ့်တို့နှစ်ယောက်ကို ဘတ်စ်ကားပေါ်က ဆင်းသွားသည်အထိ သူ လှည့်မကြည့်ခဲ့။ ဖြိုးက အနောမဟုတ်ဟု အခိုင်အမာ ဆိုသော်လည်း ရင်ခုန်ခဲ့ဖူးသူတစ်ယောက်မို့ ကိုယ်ကတော့ အနောဟု အသေအချာ သိနေခဲ့သည်။ သူ ကိုယ့်ကို မမြင်ခဲ့တာလား၊ မြင်ရက်နှင့် မမှတ်မိတာလားဆိုတာ ကိုယ်တို့ မခွဲခြားနိုင်ခဲ့။ ဟမ်းချိန်းဝတ်ထားသည့် ကောင်လေးများကိုမြင်တိုင်း ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို၊ အရပ်သိပ်မမြင့်သော ကောင်လေးတစ်ယောက်ကို တခါတရံ ဖျပ်ခနဲ သတိရမိတတ်သည်။

ဆယ်ကျော်သက်အရွယ်တုန်းက လက်တွင် ဟမ်းချိန်းများဖြင့် ရှုပ်ရှပ်ခက်နေသည့်ကိုယ် ခုတော့ ရှုပ်သည်ဆိုကာ ဘာဆိုဘာမှ မဝတ်တော့။ သူရော အရင်လို ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်နေတုန်းလား၊ မျက်ဝန်းညိုညိုဆီက ကိုယ်စွဲလမ်းဖူးသည့် နွေးထွေးသည့်အကြည့်များက အရင်လို နွေးထွေးနေတုန်းလား၊ အရင်လို ခေါင်းလေးငဲ့ကာ နှုတ်ခမ်းတွန့်ရုံ  ပြုံးနေတုန်းပဲလား၊ ကိုယ်တို့ ပေးထားတဲ့ အနောဆိုတဲ့ နာမည်လေးကို သူ နှစ်သက်လေမလား။ သုံးနှစ်ကြာပြီးသည့်နောက် ပြန်တွေ့သည့်အခါတုန်းက မမှတ်မိသည့်ကိုယ် ဆယ့်ငါးနှစ် ကြာပြီးသည့်နောက် ပြန်တွေ့လျှင်လည်း မှတ်မိမည်မထင်ပါ။ ရင်ခုန်ဖူးခဲ့သူတစ်ယောက်မို  အသေအချာ မှတ်မိနေသည်ဟုလည်း အခိုင်အမာ မဆိုနိုင်တော့ပါ။ ကိုယ်ရင်ခုန်ခဲ့ဖူးသည့်သူများထဲတွင် သူသည် ဟမ်းချိန်းဝတ်ဆင်ထားသည့်သူတစ်ယောက် ဖြစ်ပြီး အမည်မသိခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။

စန်းထွန်း
နိုဝင်ဘာ ၁၄၊ ၂၀၁၄။

(ဆယ်ကျော်သက်အရွယ် ရင်ခုန်သံကို ရေးဖို့စိတ်ကူးထားတာ ကြာပါပြီ။ ပစ်ပစ် တဂ်လာမှပဲ ရေးဖြစ်တော့တယ်။ ဓာတ်ပုံတွေကတော့ ဟိုအရင်အပတ်က ဟတ်ဆန်မြစ်ဘေး မက်ဟန်တန်နဲ့ ဘေးချင်းယှဉ်ကပ်လျက်က နယူးဂျာဆီပြည်နယ်ဖက်ခြမ်း Palasides Interstate Park ပါလာဆိုဒ်ပန်းခြံကို ဟိုက်ကင်း ၈.၃ မိုင် တောင်သွားတက်တုန်းက ရိုက်လာတဲ့ Fall Foliage ဓာတ်ပုံတွေပါ။ နောက်မှ အဲဒီဓာတ်ပုံတွေ တင်ပါဦးမယ်။ )

26 March 2014

ကြောက်တတ်သူများ...

နယ်အိမ်တွေမှာ အိမ်သာတွေက အိမ်ရဲ့ ခပ်လှမ်းလှမ်းမှာ  ရှိတော့ ညဖက်ဆို မကြီးက အိမ်သာ တစ်ယောက်တည်း မသွားရဲဘူး။ ရုပ်ရှင်ကြည့်ရင် ကြောက်လန့်စရာအခန်းတွေဆို မောင်မောင်က မျက်နှာကို အုပ်ထားလေ့ရှိတယ်။ ကျွန်မတို့မောင်နှမတွေကြားထဲမှာ ကျွန်မက သတ္တိကောင်းသူလို့ ဆိုရမလား။ အိမ်သာ တစ်ယောက်တည်း သွားရဲ၊ မျက်နှာမအုပ်ဘဲ သရဲရုပ်ရှင် ကြည့်ရဲလို့လေ။

ကျွန်မတို့ ငယ်ငယ်တုန်းက ခုလို တီဗွီ အိမ်တိုင်းမရှိ။ တရွာလုံးမှာမှ ၁ လုံး၊ ၂ လုံး လောက်ပဲ ရှိတာ။ တယောက်တလှည့် ပုံပြောတမ်း ဆော့ကြရင် ဘုရားတောင်၊ အပျိုကြီး ဘုရားနားက ဥစ္စာစောင့်ပုံပြင်တွေ၊ ညဖက်ဆို ထွက်တတ်တဲ့ ချီးစားစုန်းတွေအကြောင်း ကိုယ်တိုင်မြင်ဖူးတာလဲမဟုတ် ကြားဖူးနားဝတွေနဲ့ ချဲ့ထွင်ပြောကြပေမဲ့ ကြောက်သားလား။ သရဲပုံပြင် နားထောင်တဲ့နေ့တွေဆို အိမ်သာ တစ်ယောက်တည်း မသွားရဲတော့ဘူး။ နည်းနည်းကြီးလာတော့ သံဗုဒ္ဓေဂါထာ၊ ပရိတ်ကြီး ၁၁ သုတ်ရွတ်ရင် သရဲတွေ အနားမကပ်နိုင်ဘူးဆိုတာ ယုံကြည်လာတော့မှ မကြောက်တော့တာ။

အဖေ၊ အမေ ရန်ကုန်မှာ မရှိရင် မကြီးက အိပ်ယာဝင်ခါးနီးတိုင်း တံခါး၊ ပြတင်းပေါက်တွေ ပိတ်မပိတ် သေချာစစ်၊ အနားမှာလည်း ဓာတ်မီး၊ သော့၊ ဖယောင်းတိုင်၊ မီးခြစ်ဆောင်ပြီး အိပ်တယ်။ အဲဒီတုန်းက မကြီးကို ပူတတ်ရန်ကောလို့။ မကြီးလည်း နိုင်ငံခြားသွားရော ကျွန်မလည်း မကြီးလို ဖြစ်သွားတယ်။ ကျွန်မတို့ အိမ်နောက်ဖက် စက်ရုံနားမှာ အိမ်လေးတလုံး ရှိတယ်။ တနေ့တော့ တိုက်ပတ်ပတ်လည်မှာ လူတွေအုံနေလို့ စပ်စုကြည့်တော့မှ အိမ်ပိုင်ရှင်အရှုးက အိမ်ငှားယောက်ျားကို ဓားနဲ့ခုတ်ပြီး သတ်လိုက်လို့တဲ့။ အရှုးက ဓားကိုင်ပြီး အိမ်ထက်ကနေ မဆင်းလို့ ရဲမှုးကိုယ်တိုင် လာဖမ်းရတယ်။ အိမ်ငှားလင်မယား နောက်နေ့ဆို မောင်လမြိုင်ကို ပြောင်းတော့မှာတဲ့။

အစိမ်းသေပဲ သေလို့လား ညနေ နေဝင်ချိန်ဆို သွေးညှီနံ့ရသလို ခံစားရ၊ တစ္ဆေခြောက်တယ်လို့ သတင်းတွေထွက်လို့ အဲဒီအချိန်တုန်းက ညဖက်ဆို အပြင်ထွက်ဖို့ တွန့်တယ်။ မကြီးကတော့ ရဲတင်းတွေ၊ ဓားတွေ ကိုင်ထားတဲ့သူတွေက ကြောက်တတ်တဲ့။ ခြင်္သေ့ကျွှန်းမှာတုန်းက အမ်အာတီပေါ်မှာ နံဘေးက ထိုင်ခုံလွတ်သွားတော့ လူတယောက် အသည်းအသန် ပြေးလာပြီး လာထိုင်တယ်။ ပြီးတော့ လူတွေကို စကားတွေ အော်ပြောနေတာ ဘေးမှာထိုင်နေတဲ့ ကျွန်မက ထသွားရမှာအခက် ထိုင်နေတာလည်း အရှုးက ဘေးနားမှာ။ ကြောက်လိုက်တာများဆို အသက်တောင် ရှုရဲ့လား၊ လှုပ်တောင် လှုပ်ရဲ့လား မသိ။ အင်တန်းအတူဆင်းတဲ့ သူငယ်ချင်းကို ပြောပြတော့ ဘာဆိုဘာမှ မကြောက်တတ်သူလို့ ထင်ထားတာ ခုတော့ ကျွန်မ ကြောက်တာလည်း ရှိပါသေးလားတဲ့။


တစ္ဆေပွဲတော်လဆို တစ္ဆေတွေ ထွက်တယ်ဆိုလို့ အဲဒီလဆို ညဖက်သိပ်မထွက်၊ မှောင်တဲ့နေရာတွေဆို ရှောင်တယ်။ တစ္ဆေတွေက အလင်းကြောက်တယ်ဆိုလို့။ ကျွန်မတို့ သူငယ်ချင်းတွေက ည ၁၁ နာရီခွဲ နောက်ဆုံးကားစီးပြီး ကျောင်းကနေ ပြန်ပေမဲ့ စာအရမ်းကြိုးစားတဲ့ တရုတ်တစ်ယောက်က ည ၁၂ နာရီကျော် စာကြည့်ပြီးတော့မှ အိမ်ပြန်တယ်။ သူ့အိမ်က ကျောင်းနဲ့နီးလို့ လမ်းလျှောက်ပြန်တယ်။ အင်္ကျီဖြူ ဝတ်ထားတဲ့ လူတယောက် သူ့နောက်က လိုက်တယ်ထင်လို့ နောက်ဆို စောစောပြန်တော့တယ်။

စာသင်ချိန်ပြီးရင် အုပ်စုလိုက်ပေးထားတဲ့ အခန်းတွေမှာ စာစုလုပ်၊ ပရောဂျက်တွေ လုပ်ကြတယ်။ အဲဒီနေ့က ကျွန်မတို့အုပ်စုအခန်း မအားလို့ ဘေးခန်းမှာ ပရောဂျက် လုပ်ကြတယ်။ ညနေ ထမင်းသွားစားကြတော့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်း။ ပရောဂျက်မပြီးသေးလို့ ကွန်ပျူတာထဲ ခေါင်းစိုက်နေတာ ကွန်ပျူတာ နှိပ်သံလိုလို ကြားမိတော့ လှည့်ကြည့်တယ်။ ကျောင်းက အခန်းတွေက နီးတော့ တခြားအခန်းက ဖြစ်မှာပါလေ။ နောက်တော့မှ အုပ်စုထဲက ညီမငယ်လေးက ဟင်...အစ်မ တစ်ယောက်တည်းလား ဒီအခန်းက မိုက်ကယ်နေသွားတဲ့အခန်း နာမည်ကြီးဆိုတော့မှ ကြောက်သွားတာ  နောက်ဆို အဲဒီအခန်းကို တစ်ယောက်တည်း မသွားတော့ဘူး။

မာလာမုန်တိုင်း တိုက်တုန်းက ကျွန်မက နယ်မှာ။ ပင်လယ်လှိုင်းလုံးတွေ ရိုက်ခတ်သံ၊ လေတွေ တရွှီးရွှီးတိုက်၊ ဒီရေ အိမ်ပေါ်ကို  ၁ ပေလောက် တက်တယ်။ အိမ်ပေါ်ကို ဒီရေတက်တာ တခါမှ မမြင်ဘူးတော့ ကြောက်သွားမိတယ်။ ကိုကြီးရွှေဘက ည ၁၁ ဒီရေကျမယ်လို့ ပြောလို့ ခုံပေါ်ကနေ ဒီရေကျတာ ထိုင်စောင့်နေတာ ဒီရေ ခြေကျင်းဝတ်လောက်ရှိရော အမေက သမီးရေ နုန်းတွေကို ဒီရေနဲ့ ဆေးချရမယ်။ ဒီအချိန်က ဆေးချဖို့ အချိန်ကောင်းဆိုလို့ အုန်းတံမြက်စည်းနဲ့ ဒီရေရေ နင် သယ်လာတဲ့နှုန်းတွေကို နင့်ဘာသာသယ်သွား အင်းဟယ်..အင်းဟယ်ဆိုပြီး ဆေးချရတယ်။ မာလာမုန်တိုင်းက ကျွန်မတို့ဖက်ကို အဖျားပဲခတ်တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းက နိုင်ငံခြားတက္ကသိုလ်လျှောက်ဖို့ ပြင်ဆင်နေရလို့ ဘီးစီးနေချိန်ပေါ့။ ညမထွက်ရအမိန့်အောက်မှာ ကင်းလှည့်နေတဲ့ စစ်ကားသံတွေ၊ အပြစ်မဲ့စွာ သွေးမြေကျသူတွေရဲ့အရိုးတွန်သံတွေ၊ သန်းခေါင်ယံချိန်မှာ ရှည်ရှည်ဆွဲဆွဲ အူလိုက်တဲ့ ခွေးအူသံတွေ။ ညည့်နက်ရင်ဖြင့် ဘယ်ကျောင်းကို ဝင်စီးပြန်ပြီ၊ ဘုန်းကြီးကျောင်းကို ကင်းစောင့်ကြတဲ့ ရက်ကွက်သားတွေရဲ့ အချက်ပေးသံတွေ။ ဆန္ဒပြသူ၊ ရပ်ကြည့်သူ ဘာသောငြားသော မခွဲခြားဘဲ ကားပေါ် ဆွဲတင်တဲ့သတင်း၊ စစ်ကြောရေးရုံးမှာ စစ်မေးနှိပ်စက်တဲ့ သတင်းတွေ ကြားရတော့ ဘယ်အချိန်၊ ဘယ်အခါ ကိုယ့်ကိုများ လာဆွဲမလား စိတ်တထင့်ထင့် စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်၊ မုန်းတီးရွံရှာစိတ်၊ လုံခြုံမှုကင်းမဲ့တဲ့စိတ်တွေနဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့ အနိဋ္ဌာရုံတွေကို ကြောက်လန့်နေခဲ့ဖူးတယ်။


နာဂစ်တိုက်မဲ့နေ့တုန်းက နာဂစ်တိုက်မယ်မှန်းတောင် မသိဘူး။ အဲဒီတုန်းက ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံဖို့ တီဗွီမှာ တချိန်လုံး လွင့်နေတာကိုး။ မုန်တိုင်းဝင်မဲ့နေ့က ရုံးတွေ၊ ကျောင်းတွေ စောစောပိတ်လို့ တီဗွီဖန်သားပြင်အောက်ကနေ မုန်တိုင်းဝင်မဲ့ သတင်းပေးစာတမ်းတွေ့လို့ အဖေ့ဆီ လှမ်းဖုန်းဆက်တော့ မုန်တိုင်းက တိုက်နှင့်နေပြီ။ ရန်ကုန်ကို မုန်တိုင်းဝင်တဲ့အချိန်က ညဖက်။ တိုက်ပြိုသွားမလားလို့တောင် ထင်မိတယ်။ မနက်မိုးလင်းတော့ အိမ်ခေါင်မိုးသွပ်တွေ ၊ သစ်ပင်တွေ ပြိုလဲလို့ ရန်ကုန်တမြို့လုံး အမှိုက်ပုံဖြစ်နေပြီ။ လှိုင်မြစ်ရေတိုးလို့ မြေညီထပ်က ပစ္စည်းတွေကို အပေါ်တင်၊ ရေကျချိန်မှာ နှုန်းတွေရှင်း။

နိုင်ငံခြားရေဒီယို အသံလွှင့်ကနေ ဟိုင်းကြီးကျွှန်းမှာ လူ ၁၅၀ ယောက်လောက် သေတယ်လို့ သတင်းကြားတော့ ငေါက်ကနဲ ကောက်ထိုင်တော့ပဲ။ ဘုရား..ဘုရား အဖေ၊ အမေ မတော်တဆ တိမ်းပါးသွားခဲ့ရင် ဘယ်လိုလုပ်ရပါ့။ ကြားရတဲ့ သတင်းတွေက တစက်မှ စိတ်ချမ်းသာစရာမရှိ။ ပုသိမ်ကတော့ နာဂစ်ဒဏ်က လွတ်တယ်။ ရန်ကုန်က ဟိုင်းကြီးအဆက်အနွှယ်တွေ ရောက်လာကြပြီ။ ရှပ်ပြေး(အမြန်ရေယာဉ်)တစ်စီး တက်လာတော့ ပင်လယ်ဖက်က သတင်းတွေမေးဖို့ ပုသိမ်ကမ်းနားမှာ လူတွေမှ ကမ်းလုံးညွှတ်နေတာပဲ။ ရန်ကုန်မှာ နေတာကြတော့ နယ်ကသူတွေကို သိပ်မသိ။ ဟဲ့ ကောင်မလေး နင့်အမေ သင်္ဘောနဲ့ ပါလာတယ် ဦးတဆုတ်အိမ်ကို သွားတယ် အဲဒီကနေ သွားစောင့်ဆိုတဲ့ အသံကြားလို့ သွားစောင့်နေတော့ ဆိုက်ကားနဲ့ အမေ ရောက်လာတယ်။ အမေက ကျွန်မကိုမြင်တော့ ငိုတယ် ကျွန်မတို့ကို သေပြီထင်နေတာတဲ့။ ကျွန်မတို့ကလည်း အမေတို့ အသက်မှ ရှင်သေးရဲ့လားလို့။

သင်္ဘောဆိပ်မှာ လာစောင့်နေတဲ့ မုန်တိုင်းဒဏ်ကြောင့် စိတ်ထောင်းကိုယ်ကြေ ဆယ်နှစ်စာလောက် အိုစာသွားတဲ့ အဖေ့ကိုမြင်တော့ စိတ်မကောင်းလိုက်တာ။ ရသာကိတ်မုန့်ကျွှေးတော့ ဒီလိုမုန့်လေး မစားရတာ ၃၊ ၄ ရက် ရှိပြီ။ အိမ်အပေါ်ထပ်မှာ ဆန်အိတ်တွေရှိပေမဲ့ အိမ်ခေါင်မိုးသွပ်က အချပ်လိုက်တင်မက ခေါင်မိုးက ထုတ်တန်းကျားတန်းတွေပါ ကျွှတ်ထွက်သွားတာ။ လေဘယ်လောက်ပြင်းလဲလို့။ လေတိုက်တဲ့ဖက်ကို မျက်နှာမူလို့ မရဘူးတဲ့။ အိမ်တော်တော်များများ ပြိုတယ်။ တော်တော်တောင့်တဲ့ အိမ်ကသာ ယိုင်ရုံလေးယိုင်တာ။ အိမ်ရှေ့ကနေ မြစ်ထဲထိ ထိုးထားတဲ့ တံတား၊ ဆောင်ပုံလို့ခေါ်ကြတဲ့ ပစ္စည်းအတိုအထွာထားတဲ့ အိမ်ကလေးဆို ငုတ်တိုင်တောင် မတွေ့တော့ဘူး အစပျောက်သွားတာ။ မုန်တိုင်းက ကျွန်မတို့နယ်ဖက်မှာ နေ့လည်းပိုင်းတိုက်လို့ လူအသေအပျောက် နည်းတာ။

လပွတ္တာ၊ ဘိုကလေး၊ ပြင်စလူဖက်မှာက ညဖက်တိုက်တာ။ အိမ်တွေက ဓနိမိုး၊တိုင်ကနော်ကနဲ့တွေနဲ့ ဆောက်ထားတဲ့အိမ်တွေဆိုတော့ လေတချက်လောက် ဝှေ့တာနဲ့ အကုန်ပြားပြီ။ မုန်တိုင်းဒီလောက် ပြင်းမယ်လို့ ဘယ်သူမှ မထင်ထားခဲ့တာပါ။ သတိပေးနှိုးဆော်ချက်တွေ၊ မုန်တိုင်းကို ကြိ ုတင်ပြင်ဖို့ လုပ်ဆောင်ချက်တွေ ပျက်ကွက်ခဲ့လို့ ဒီလောက်လူအသေအပျောက်များတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။ ပုသိမ်ကားပေါ်မှာ ကောင်မလေးတစ်ယောက် မျက်လုံးတွေ မို့အစ် နီရဲနေတော့ ကြင်နာတတ်တဲ့ အစ်မတစ်ယောက်က မေးတော့ သူ့မိဘ၊ မောင်ဘွား၊ အမျိုးတွေ အကုန်သေသွားတယ်။ သူတောင် ရန်ကုန်မှာနေလို့ အသက်ရှင်တာလို့ ပြန်ဖြေသံကြားရတော့ စိတ်မကောင်းလိုက်တာ။

Telsa's interior. credit to Google

အဲဒီကတည်းကစလို့ မုန်တိုင်းဆို သေးသေး၊ ကြီးကြီး အကုန်ကြောက်တယ်။ ယူအက်စ်ရောက်တော့ ကျွန်မနေတဲ့ အိုင်အိုဝါ၊ အင်ဒီယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီ အနောက်အလယ်ပိုင်းဒေသ  ပြည်နယ်တွေက လေဆင်နှာမောင်း ပေါတယ်။ တိုင်ဖွန်း၊ ဆိုင်ကလုန်းတွေက မုန်တိုင်းလမ်းကြောင်းကို သိနိုင်ပေမဲ့  ဘယ်အချိန်တိုက်ခတ်မလဲလည်း မသိ၊ တိုက်ခတ်မဲ့လမ်းကြောင်းလည်း မသိ၊ တိုက်ခတ်တဲ့လမ်းကြောင်းတလျှောက် အကုန်ခြေဖျက်သွားတဲ့ လေဆင်နှာမောင်း ဆိုတာကြီးကိုလည်း ကြောက်တယ်။ ကျောင်းမှာတုန်းက သူငယ်ချင်းများနေ့အထိမ်းအမှတ် ဝိုင်သောက်ပြီး အိပ်ပျော်နေတာ ဆူနမ် လာနှိုးတော့မှ တော်နေဒိုးဖြတ်နေမှန်း သိတော့တယ်။ အဆောင်မှာ လျှပ်စီး မီးတွေဖြတ်၊ အင်တာနက်တွေ ဒေါင်းလို့ အင်မာဂျန်ဆီမီး ထွန်းထားတယ်။

အာအေ အဆောင်မှုးတွေက အဆောင်သူတွေကို အချိန်မှီ နှိုးဆော်ဖို့ နှိုးကြားတက်ကြွနေတယ်။ မိုးခြိမ်းသံတွေ တဂျိမ်းဂျိမ်း၊ လျှပ်စီးတွေ တလက်လက်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ကျောပိုးအိတ်ထဲထည့်၊ နွေးနွေးထွေးထွေးဝတ်၊ မုန့်၊ ရေဗူး၊ စောင်ထည့်၊ ဂျာကင်ဝတ်။ တယောက်တည်းထက်စာရင် စုနေတယက အကြောက်နည်းနည်း ပြေတာမို့ ဆူနမ် ငါကြောက်လို့ နင့်အခန်းမှာ လာအိပ်လို့ ရမလားဟင်မေးတော့ ဆူနမ်က သူ့ကုတင်ကို မေးငေါ့ပြတယ်။ လား..လား မိုင်းနဲ့ ရာမား ငသွက်နှစ်ကောင် ဆူနမ့်ခုတင်ပေါ် ဦးနှင့်နေပြီ။ လေဆင်နှာမောင်းတိုက်ရင် မြေအောက်ထပ်က လုံခြုံစိတ်ချရပေမဲ့ မြေအောက်ထပ် မရှိရင် ရေချိုးခန်း၊ အိမ်သာတို့လို ပြတင်းပေါက်တွေ မရှိတဲ့ အခန်းမှာ နေရတယ်။ ဘုရားရှိခိုးကျောင်းက လေဆင်နှာမောင်း သတိပေးချက် ဆိုင်ရင်းသံကြားရင် အသင့်ပြင်ပေတော့ပဲ။

၂၀၀၅ ခရစ်စမတ်နောက်နေ့ မနက်ဖက်စောစော ငလျင်လှုပ်ချိန်မှာ ကျွှန်မက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း။ ရေတိုင်ကီကနေ ရေတွေ ဗောင်ဗင်ခတ်တော့ အအိပ်ဆတ်တဲ့ မကြီးက ငလျင်လှုပ်တာ အိပ်ပြင်ထွက်ရမယ်တဲ့။ အိပ်ချင်မူးတူး မထချင်ထချင် မျက်လုံးပွတ်လို့အိမ်ပြင်ရောက်ရော တတိုက်လုံးက လူတွေက လမ်းပေါ်မှာ ရောက်နှင့်နေပြီ။ အဲဒီတုန်းက တိုက်ပြိုလို့ သေသွားရင်တောင် ငလျင်လှုပ်လို့ သေသွားမှန်း သိမယ် မထင်ဘူး။  ဂျပန် ဆူနာမီ သတင်းတွေ မြင်ရတော့ ဆူနာမီကိုလည်း ကြောက်တာပဲ။ ဟောင်ကောင် - ချီကာဂို ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်နေပြီဆိုတာ ဘုတ်မှာတွေ့တော့ အင်း စက်တခုခုချို့ယွင်းလို့ လေယာဉ်ပျက်ကျရင်တော့  အသက်ရှင်ကိန်း မြင်မယ်မထင်။ ငါတော့ ဂန့်မှာ အသေအချာပဲလို့ တွေးကြောက်တဲ့အခါ သံဗုဒ္ဓေ ရွတ်တယ်။

ဝင်ခွင့်စာမေးပွဲကျတုန်းက ငါတော့ ပြည်တော်ပြန်ရပြီ အဖေ့ပိုက်ဆံတွေ ဆုံးရချည်ရဲ့ တွေးကြောက်တယ်။ ပန်းဝတ်မှုန် အလာဂျီဖြစ်လို့ တကိုယ်လုံး ကုတ်ဖဲ့နေတုန်းက ငါတော့ သေတော့မှာပဲလို့ တွေးကြောက်တယ်။ စာမေးပွဲခန်းထဲဝင်ရင် မဖြေနိုင်မှာ၊ ကျမှာ တွေးကြောက်တယ်။ အမှတ်စာရင်း ထွက်ပြီဆိုရင် ရင်တွေ တဒိတ်ဒိတ်ခုန်တယ်။ မီးပွိုင့်၊ ဆိုင်းဘုတ်၊ ဂျီပီအက်စ်၊ ဘေးဘီဝဲယာ သေချာကြည့်။ အချက်မပြမဘဲ ဖတ်ခနဲ ရှေ့ကို ဝင်လာတဲ့ကားတွေကြောင့် သူ့အမှားက ကိုယ့်အမှား ဖြစ်မှာစိုးလို့ ကားမောင်းရတာ အာရုံစိုက်ရတယ်။ ဝုန်းကနဲ မြောက်တက်သွားတော့ ဘာဖြစ်မှန်း မသိလိုက်ဘူး။ နောက်ကနေ ဝင်ကျုံးခံရတာ။

Telsa. credit to Google

ကန်တက်ကီကနေ မေရီလန်းအထိ မိုင် ၆၀၀ ခရီးကို ကားဖွတ်ချက်ဖွတ်ချက်လေးမောင်းပြီး တစ်ယောက်တည်း ခရီးနှင်လာတုန်းက အနောက်ဗာဂျီးနီးယားပြည်နယ်က တောင်တွေဆီမှာ မြူတွေဆိုင်း၊ နှင်းတွေကျ၊ ကားကြောပြတ်တဲ့နေရာမှာ လီဗာဖိနင်းပေမဲ့ မိုင် ၄၀ ကနေ မတက်တဲ့အခါ ကြောက်သွားဖူးတယ်။ ဆီဖြည့်ဖို့ ဂျီပီအက်စ် ညွှန်တဲ့အတိုင်း ဓာတ်ဆီဆိုင်သွားတော့ ဓာတ်ဆီဆိုင် မတွေ့ဘဲ ကားတွေလုံးဝမဖြတ်တဲ့ တောလမ်းဆိုတော့ ကြောက်မိသွားတယ်။ ဟိုင်းဝေးလမ်းပေါ်က ဥတည်ဗဟို သွားလာနေတဲ့ ကားတွေ မြင်တော့မှ စိတ်အေးသွားတယ်။ နောက်နောင် ဟိုင်းဝေး တစ်ယောက်တည်း ဘယ်တော့မှ မမောင်းတော့ပါလို့ ဆုံးဖြတ်ထားပေမဲ့ လျှပ်စစ်သုံး Telsa ကားနဲ့ နိုင်ငံဖြတ်ကျော် ခရီးနှင်တယ်ဆိုတဲ့ သတင်းဖတ်ရတော့ အားကျမိပြန်ရော။

လေးအော့ဖ်မှာ၊ ပြည်နယ်အသစ်၊ မြို့အသစ်၊ အလုပ်အသစ်တွေ ပြောင်းရမှာ တွေးကြောက်ပေမဲ့ အဲဒီလို ပြောင်းရလွန်းတော့ လာထား နင်လားဟဲ့ လောကဓံ ကြောက်တော့ဘူး ပြေးတွေ့ပလိုက်တယ်။နေမကောင်း ဖြစ်မှာကိုတော့ ကြောက်မိတယ်။ စာမေးပွဲကျမှာ ကြောက်ပေမဲ့လည်း စာမေးပွဲတွေ ခဏခဏ ဖြေရ၊ အမှတ်နည်းသွားလိုက်၊ ကပ်အောင်ရုံပဲအောင်၊ အမှတ်များများနဲ့အောင်လိုက်နဲ့ ပတ်ချာလည် လိုက်နေတာ ခုတော့ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားတယ်။ ထွက်လာတဲ့အဖြေကိုလည်း လက်ခံနိုင်လို့ စာမေးပွဲပါး ဝသွားပြီ ဆိုပါ။

ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ) ရဲ့ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် စာအုပ်ဖတ်ပြီး နောက်ဘဝ ဘယ်ဆီဘယ်ဝယ် ရောက်မယ်မှန်းမသိ တွေးကြောက်မိတယ်။ အဖေ၊ အမေ သေသွားမှာ တွေးကြောက်လို့ ငိုတယ်ဆိုတဲ့ အသိအစ်ကိုကြီး တစ်ယောက်အဖြစ်ကို မကြီးက သူလည်း အဲဒီလို တွေးကြောက်တယ်တဲ့။ ကျွန်မကတော့ နာဂစ်တိုက်တုန်းက တစ်ခါပဲ တွေးပူမိတယ်။ အကြီးဆုံးတွေကသာ အဲလိုလို ကြံဖန်တွေးပူတတ်တယ်နဲ့ တူပါရဲ့။ ညီမလေး နှင်းနဲ့မာယာက သိကြောက်နဲ့မသိကြောက် ဘယ်အရာကို ပိုကြောက်သလဲလို့ မေးခွန်းလေး မေးပြီး တဂ်လာတာ ကျွန်မကတော့ ကျွန်မ ကြောက်တာတွေကိုပဲ ရေးလိုက်တယ်။ တဂျီးမင်းပို့စ် ဖတ်ရတော့ သိကြောက်က ပိုကြောက်စရာ ကောင်းသား။ သိကြောက်ရော၊ မသိကြောက်ရော အားလုံးကြောက်တဲ့  ကြောက်တတ်သူ တစ်ယောက်ဖြစ်ပါကြောင်း။

စန်းထွန်း
မတ် ၂၆၊ ၂၀၁၄။

05 September 2013

Happy Belated Blog Day ! (Tag Post)



ဘလော့ဒေးဆိုတာ သတိရပေမယ့် လေဘာဒေးပိတ်ရက်မှာ ခရီးထွက်နေတာနဲ့ မနေ့က ဘလော့ဆီ ပြန်ရောက်တော့မှ စီနီယာဘလော့ဂါ ကိုရန်အောင် တဂ်ပို့စ်အတွက် ဘလော့ဂါမောင်နှမတွေ အသီးသီး ဟတ်ပီးဘလော့ဒေးထားတာ တွေ့တယ်။ ဘလော့ဒေးဆိုတာ ဘလော့ဂါတွေအတွက် အမှတ်တရ နေ့ပဲမလား။

ဘလော့ဆိုတာ ဘာကြီးတုန်း...
မြန်မာပြည်မှာတုန်းက အင်တာနက်ဆိုတာ မကြီးနဲ့ ဂျီတော့ဖို့၊ အီးမေးလ်ပို့ဖို့လောက်သာ သုံးဖြစ်တာ။ ဘလော့ဆိုတာကြီး စပြီးသိတာက ၂၀၀၉  ဖေဖေါ်ဝါရီ အင်တန်းဆင်းတယ့်အချိန်။ နေ့လည်ဖက် ထမင်းစားပြီးချိန်ဆို ကျွန်မက ဝိညာဉ်သစ် စာအုပ်စင်၊ ဘားမီးကလပ်စစ်ဆိုဒ်က ဝထ္ထုတွေ ဒေါင်းပြီးဖတ်တယ်။ အေးပိုက နိုင်းနိုင်းစနေ၊ မမ ဘလော့တွေ ဖတ်တယ်။ စာအရှည်ကြီး ဖတ်ရတာ မကြိုက်တယ့် အေးပိုနဲ့ ဘလော့က ပို့စ်တိုတိုတွေက သူနဲ့အကိုက်။ သူပြတယ့် ခြေလှမ်းပေါင်း ငါးထောင်ဆိုတယ့် ပို့စ်ထဲကအတိုင်း အိအိနဲ့ကျွန်မ Kent Ridge Park ၊ Telok Blangah Hill Park ၊ Hort Park ၊ Mount Faber Park ပန်းခြံလေးခုကို ၄ နာရီကြာ ဖြတ်ကျော်လမ်းလျှောက်ခဲ့ဖူးတယ်။

ဘလော့ ဖွင့်ခြင်း...
ဂျီမေးလ်အကောင့်ရှိရုံနဲ့ ဘလော့တခုပိုင်ဆိုင်နိုင်ချိန်မှာ မကာအိုခရီးအကြောင်း ရေးချင်တာနဲ့ ဘလော့ပြုလုပ်နည်း ပီဒီအပ်ဖိုင်ဒေါင်းပြီး ၂၀၁၀ မေလ ဒုတိယပတ်ရဲ့ တခုသောနေ့မှာ (ရက်အတိအကျ မမှတ်မိ) ဘလော့စဆောက်ဖြစ်တယ်။ ကျွန်မရဲ့ ဒိုင်ယာရီဖြစ်တာမို့ နာမည်ကိုလည်း စန်းထွန်းရဲ့ ဒိုင်ယာရီလို့ပဲ ပေးခဲ့တာပါ။ အဲဒီတုန်းက မြန်မာစာဖောင့် မရိုက်တတ်သေးတော့ ဘားကလစ်ချ်မှာ မြန်းကလစ်ချ်လိုရိုက် တဖက်မှာ ပေါ်လာတယ့် မြန်မာစာဖောင့်ကို ကော်ပီကူးပြီး ပို့စ်ထဲထည့်။ ဒါ‌‌ေကြာင့် အစောပိုင်း ပို့စ်တွေမှာ စာလုံးပေါင်းတွေ မှားနေတတ်တယ်။ ၂၀၁၀ မေ ၁၆ မကာအိုခရီး ပို့စ်နှစ်ပုဒ် ရေးပြီးတော့ ဇက်ညောင်း၊ လက်ညောင်း အတော့်ကို ဖားသွားလို့ ဘလော့ကို စိတ်ကုန်သွားတာ တနှစ်ခန့်အကြာ ၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကို ရောက်တယ့်အချိန်မှာမှ တကယ်စရေးဖြစ်တယ် ။

ဘလော့ဂါ ဖြစ်လာခြင်း...
မြန်မာဆိုလို့ တယောက်တည်းရှိတယ့် အရပ်မှာ အစားအသောက် မကောင်း၊ ရာသီဥတုအေး ၊  အမကျန် အဲလေ အထီးကျန် ၊ ပင်ပန်းဆင်းရဲလွန်းတယ့် ကျောင်းသားဘဝရဲ ့ ခံစားချက်တွေကို ဘလော့မှာ ဒိုင်ယာရီလို ရေးဖြစ်တယ်။ ကြုံတွေ့ရတယ့် ဘဝအမောလေးတွေ၊ နည်းနည်းလေးတော့ လွဲနေတာလေးတွေ၊ သူငယ်ချင်းညီအစ်မတွေဖြစ်တယ့် ဆူနမ်၊ မိုင်းဖန်၊ ရာမားတို့နဲ့ ပျော်စရာလေးတွေ၊ စာသင်ခန်းထဲက အင်တာနေရှင်နယ် ဗရုတ်သုတ်ခ ကျောင်းသားတွေ၊ သွားခဲ့ဖူးတယ့် ခရီးတွေ၊ ရင်ဘတ်ထဲက ဖီလင်တွေ ရေးရင်း မတော်တဆ ဘလော့ဂါ ဖြစ်လာခဲ့တယ် ဆိုပါတော့။

ကျွန်မနှင့် ဇော်ဂျီဖောင့် ...
၂၀၁၁ မေလမှာ ဘော်လန်တီယာလုပ်နေတယ့် အန်ဂျီအိုအဖွဲ့ မန်းနေဂျင်းဒါရိုက်တာ အစ်မက ဘာသာပြန်ခပေးမယ် ဘာသာပြန်ပေးပါလား ဆိုလာလို့ ပိုက်ဆံရချင်ဇောနဲ့ ဇော်ဂျီလက်ကွက် ကျင့်လိုက်တာ ၂ ရက်တောင် မကြာဘူး တဂျောင်းဂျောင်း ရိုက်တတ်သွားတယ်။ ဘာသာမပြန်လိုက်ရပေမယ့် ဇော်ဂျီလက်ကွက် တတ်သွားတယ့်အမြတ်အဖြစ် ဘလော့မှာ ပိုစ့်တွေ တဂျောင်းဂျောင်း တင်တော့တာပဲ။ သူများဆိုဒ်တွေ သွားလည် ကွန့်မန့်ချန် ( မားကဒ်တင်းဆင်း) ၊ Template လေးတွေ၊ စီဘောက်ထည့်နည်းတွေ ရှာဖွေထည့်။ ကိုညီလင်းသစ်ဆီက ကလစ်လိုက်ရင် Next Page မှာ ဖွင့်နည်း သိလိုက်ရတယ်။ မြန်မာစာဖောင့် သွင်းမထားတယ့် ဘရောက်ဇာမှာ မြန်မာစာမြင်ရအောင် အီးအိုတီထည့်နည်းဆိုတာ ခုထိမစမ်းရသေးဘူး။ ဘလော့ဂါဖြစ်ပြီးမှ ထူးခြားတာက မြင်မြင်သမျှ ဓာတ်ပုံရိုက်တယ် ဘလော့ပေါ်တင်ဖို့ း) ။


ဘလော့ ဆိုသည်မှာ...
ဘလော့ဂါတွေရဲ့ စိတ်ပါဝင်စားမှုအပါ် မူတည်ပြီး ပို့စ်တွေက ဟင်းချက်နည်းတွေအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ သွားခဲ့ဖူးတယ့် ခရီးတွေအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ လုပ်ငန်းခွင်ထဲက အဆီအငေါ် မတည့်တယ့်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ မိသားစုအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်းတွေနဲ့ ဗရုတ်သုတ်ခကြတယ့်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ လျှော့ပင်းထွက်ခဲ့တယ့်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ နည်းပညာအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ ကဗျာတပုဒ် ဖြစ်ချင်ဖြစ်မယ်၊ သရဲအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ စာအုပ်၊ ရုပ်ရှင်၊ သီချင်း ရီဗျူး ဖြစ်ချင်ဖြစ်မယ်၊ စိတ်ကူးယဉ် ဖန်တီးချက်တွေ ဖြစ်ချင်ဖြစ်မယ်။ ပို့စ်တခု ရေးဖို့အတွက် ခံစားချက်၊ အချိန် အတိုင်းအတာ တခုအထိတော့ ပေးဆပ်ရပါတာပဲ။ ပိုက်ဆံမရပေမယ့်လည်း ဗိုက်တာမင်အားဆေး ကွန့်မန့်လေးတွေက ဘလော့ဂါတွေကို အားသစ်လောင်းပေးတယ်။ ဘလော့ဆိုတာ ကျွန်မတို့ ရင်ဘတ်ပင်လယ်ထဲက ခံစားချက်လှိုင်းလေးတွေကို လွတ်လွတ်လပ်လပ် ပေါက်ကွဲလို့ရပေမယ့် ကိုယ်ရေးတယ့်စာကို ကိုယ်တာဝန်ယူရမယ်ဆိုတယ့် ကမ်းခြေလေးနဲ့ လှလှပပ အနားသတ်ပေးထားတယ်။

ဘလော့ဂါ မောင်နှမတွေ...
အစ်မလည်း ဒီလိုခံစားဖူးလို့ ကိုယ်ချင်းစာပါတယ် ဆိုတယ့် မမမေ၊ သွားနိုင်တုန်း သွားထား စန်းထွန်းရေ ရိုက်သာရိုက်၊ တင်သာတင်၊ အားပေးဖို့က ကိုယ့်တာဝန် ဆိုတယ့် မမအိုင်အိုရာ၊ ရပ်ကွက်ထဲမှာတော့ဗျာ စီးရီးတွေ ရေးဖို့ အားပေးတတ်၊ စာလုံးပေါင်းမှားနေရင် ပြင်ပေးတတ်တယ့် ဆြာဟန်၊ ဘလော့ကောင်းလေးပဲ ညီဆိုပြီး လူမသိ သူမသိ ကျွန်မဘလော့လေးကို ဆက်လက်ရပ်တည်ဖို့ အားအင်တွေ ပေးခဲ့တယ့် ကိုညိမ်းနိုင်၊ ကျွန်မဘလော့ကို ပထမဆုံး လင့်ခ်ချိတ်ပေးတယ့် ကြောင်မျိုး၊ ကျွန်မ ဘလော့စရေးခါစမှာ လာလာအားပေးတတ်တယ့် ဘလော့ပိတ်လိုက်ပြီဖြစ်တယ့် မရို ့စ်၊ သူ  သားမွေးရင် ကျွန်မနဲ့ ပေးစားမယ်လို့ ကတိပေးထားတယ့် ယောက္ခမကြီး ဘေဘီတေ့စတာ၊ ခံယူချက်ခြင်းတူတယ့် မချော၊ စာကြည့်တိုက်ချစ်သူ ပို့စ်လေးကို စာမျက်နှာထက် အက္ခရာတင်ပေးတယ့် အစ်မမြသွေးနီ၊ စုတ်ရော၊ လာဘ်ပါ ဝင်ဖို့ ဆုတောင်းပေးတတ်တယ့် မမယ်သံ၊ လာလာချောင်းပြီး လာလာအော်တတ်တယ့် မမီးငယ်၊ ကျွန်မဖုန်း ဝေါပေပါ သစ်တောအုပ်လေးက ငါးမျှားခြင်း ပို့စ်ထဲက ဒုတိယမြောက် ဓာတ်ပုံလေးနော်လို့ သေသေချာချာ မှတ်မိနေတယ့် ကိုညီလင်းသစ်။ ဒီလိုမျိုး ဘလော့ရေးဖော်ရေးဖက် မောင်နှမတွေ ( သူတို့အားလုံးနဲ့ ကျွန်မ စကားမပြောဖူးသလို အွန်လိုင်းမှာလည်း မဆုံဖူးဘူး တချို့ဆို ရုပ်တောင် မမြင်ဖူးဘူး) ၊ စာလာဖတ်သူတွေ ချန်သွားတယ့် ကွန့်မန့်တွေက ဘလော့ကို ကျွန်မ စွဲစေတယ့် အရာတွေပါ ။

ဖေ့ဘွတ် vs ဘလော့...
ဖေ့ဘွတ်က ဓာတ်ပုံတွေ ရှယ်လို့ကောင်းတယ်၊ တဂ်လို့ကောင်းတယ်၊ စတေးတပ်တွေနဲ့ ဖီလင်ကို ဖော်ပြလို့ကောင်းတယ်၊ ဘယ်နေရာမှာ ဘာလုပ်နေတာ ချက်ကင်းလို့ ကောင်းတယ်၊ ဖိဘက်ခ် မြန်တယ်။ ကျွန်မအတွက်တော့ ဖေ့ဘွတ်က လှိုင်းတဝုန်းဝုန်း ရိုက်ခတ်နေတယ့် ပင်လယ်လို စွဲမက်ဖို့ကောင်းတယ်။ ဘလော့က ငြင်ငြင်သာသာလေး စီးဆင်းနေတယ့် မြစ်တစင်းလို အေးချမ်းတည်ငြိမ်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ကူးလူးဆက်နွှယ်ဖို့ ဖေ့ဘွတ်ကို သုံးနေမှာဖြစ်သလို ကျွန်မရဲ့ စိတ်ဝိညာဉ် နားခိုဖို့အတွက်လည်း အချိန်ရရင် ရသလို၊ ရေးချင်စိတ်တွေ ရှိနေခဲ့ရင် ဘလော့မှာ ဆက်ရေးဖြစ်နေဦးမှာပါ။

ထုံးစံအစဉ်အလာအရ ဘလော့အသစ် ငါးခုကို မိတ်ဆက်ပေးရမှာပါ။ ကျွန်မက ဘလော့သိပ်မလည်ဖြစ်တော့ ကျွန်မသိတယ့် ဘလော့တွေကိုပဲ ညွှန်းဆိုပေးပါရစေ။

၁.မမီးငယ်
၂.မမအိုင်အိုရာ
၃.ပစ်ပစ်
၄.ကျူတီ
၅.မလေးမြတ်

ဘလော့ဂါ မောင်နှမတွေ၊ ရောက်ရှိကြောင်း အသံပေးခဲ့သူတွေ၊ ခြေရာမချန်ဘဲ တိတ်တိတ်လေးလာ တိတ်တိတ်လေး ပြန်ထွက်သွားကြတယ့် စာလာဖတ်သူတွေ...
ဟတ်ပီး ဘီလိတ်တက် ဘလော့ဒေး  ပါဗျို ့...

ဘလော့ဂါတွေလည်း စာတွေ အများကြီး ရေးနိုင်ပါစေ...
စာဖတ်သူတွေလည်း စာတွေ အများကြီး ဖတ်နိုင်ပါစေ...

စန်းထွန်း
စက်တင်ဘာ ၅ ၊ ၂၀၁၃။
Photos are from Google.

30 August 2013

အိတ်မှောက်သွန်ဖြိုး နှစ်ဆယ့်ကိုး...(တဂ်ပို့စ်)

အစကတော့ လေဘာဒေးပိတ်ရက်ပြီးမှ အိတ်မှောက်မလို့ စိတ်ကူးထားတာ။ မမယ်သံ ပြောသလို "မင်းတို့အိတ်တွေ လေထဲမှောက်လိုက်ကြ" ဆိုပြီး ဘလော့ဂါမောင်နှမတွေ တက်ညီလက်ညီ အိတ်တွေ မှောက်ချနေတာ ဖတ်ရတော့၊ Camping ထွက်ဖို့ အိတ်ရှင်းရမှာနဲ့ မထူးပါဘူးလေ တခါတည်း မှောက်လိုက်မယ်ဆိုပြီး မှောက်ချပစ်လိုက်တော့....


အိတ်ကြီးထဲက အိတ်ငယ်လေးတွေ ထွက်လာတယ်။

ကျောပိုးအိတ်
စတိတ်ကို မရောက်ခင်အထိ ဘေးလွယ်အိတ်၊ စလွယ်သိုင်းအိတ်တွေပဲ လွယ်ခဲ့ပြီး ( ခြင်္သေ့ကျွှန်းမှာ တောင်တက်တယ့် အချိန်ကလွဲလို့) ကျောပိုးအိတ် မလွယ်ခဲ့ဘူး။ ကျောပိုးအိတ်ကို လေဒီမဆန်ဘူးလို့ထင်တယ့် ဖက်ရှင်မိုက်တယ့် မကြီးဝယ်ပေးတယ့် အိတ်တွေလွယ်ပြီး ဖက်ရှင်မိုက်ခဲ့တယ် ဆိုပါတော့ း) ။ စတိတ်ရောက်တော့ ပြောင်းပြန်။ ဘေးလွယ်အိတ်၊ စလွယ်သိုင်းအိတ်တွေ ရှိပေမယ့် ကျောပိုးအိတ်ပဲ လွယ်ဖြစ်တော့တယ်။ ဒီ Swiss Gear ကျောပိုးအိတ်က ဆူနမ်နဲ့ရာမား မွေးနေ့လက်ဆောင် ပေးထားတာ။

ထမင်းဗူးအိတ်
ချိုလွန်း၊ ငန်လွန်းတယ့် အမေရိကန်စာတွေ မစားနိုင်လို့ ထမင်းဗူး သယ်တယ်။ ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ ပေါင်မုန့်၊ ကွတ်ကီးတို့ကို မနက်စာအတွက် သယ်သလို သစ်သီးမစားရရင် မနေနိုင်တာမို့ အသီးတွေ သယ်တယ်။ မိုက်ခရိုဝေ့ခံ ပလပ်စတစ်ဗူးထက် ဖန်၊ ကြွေတို့ကို ပိုကြိုက်လို့ ထမင်းဗူးက Pyrex တံဆိပ် ဖန်ခွက် နည်းနည်းလေးတယ်။ မနက်ဆို စားစရာတွေနဲ့ နင့်နေလို့ လက်ကဆွဲပေမယ့် ညနေစာင်းဆို အတော်ပေါ့သွားလို့ ကျောပိုးအိတ်ထဲ ရောက်သွားတယ်။


မောက်ကပ်ဘေ့စ် အဲလေ မိတ်ကပ်ဘောက်အိတ်
နှုတ်ခမ်းခြောက်ရင် ဆိုးဖို့ Clinique နှုတ်ခမ်းဆိုးဆေးတောင့်၊ ဘောပင်တချောင်း၊ ခဲတံတချောင်း၊ မျက်မှန်သုတ်တယ့် အဝတ်၊ ရထားစီးချိန်နဲ့ရုံးမှာ သီချင်းနားထောင်ဖို့နားကြပ်၊ စိတ်ရှုပ်လာရင် နဖူးပေါ်ဝဲနေတယ့် ဆံပင်တွေကို ဖယ်ရှားပစ်ဖို့ ဘဲဆံညှပ်၊ Jogging ပြေးရင် ပိုနီတေးစည်းဖို့ J.Crew ကလစ်ခုံးတခု ( သယ်ဖို့ မလိုဘူး...ထုတ်ပစ်ဦးမှ ) ၊ မျက်စိညောင်းရင် ခပ်ဖို့ မျက်စဉ်းဆေး၊ နေ့လည်စာ ထွက်စားရင် ယူသွားတယ့် ပိုက်ဆံအိတ် အသေး တခု။ ဆူနမ်တို့ဆီ သွားရင်၊ ခရီးထွက်ရင်တော့ အဲဒီအိတ်က မိတ်ကပ်ဘောက်အိတ် ဖြစ်သွားတယ်။


ပိုက်ဆံအိတ် အသေး
ကျွန်မကို အသေသတ်ချင်ရင် အဲဒီအိတ်သာ ဖျောက်ပစ်လိုက် (အစ်မ မြသွေးနီ လေသံ း)  ။ အဲဒီအိတ်ထဲမှာ ကားမောင်းလိုင်စင်၊ ဒက်ဘစ်ကဒ်  ၊ ခရစ်ဒစ်ကဒ် နှစ်ခု (တချို့ဆိုင်တွေက ဒစ်ကာဗာ ခရက်ဒစ်ကဒ်ကို လက်မခံလို့ တခြား ခရက်ဒစ်ကဒ်ကိုပါ အပိုဆောင်ထားရ) ၊ ငွေသားအချို့ ( တချို့ဆိုင်တွေက လက်ငင်းငွေသားပဲ လက်ခံတယ် ၊  ချေ့စ်ဘဏ်က ကန်တက်ကီမှာ အေတီအမ် ပေါသလောက် မေရီလန်းနဲ့ ဝါရှင်တန်ဒီစီမှာ အေတီအမ် မရှိဘူး...ငွေထုတ်ချင်ရင် စာတိုက်မှာ တခုခုဝယ်ရင်း ကက်ရှ်ဘက် ထုတ်၊ ဒါမှမဟုတ် ဆူနမ်တို့ကို ထုတ်ခိုင်း ၊ ပြီးမှ သူတို့ကို ချက်ရေးပေး၊ ကားတိုးခံရလို့ ဒဏ်ကြေးပေးဖို့ အေတီအမ်မှာ ငွေသွားထုတ်တာ အေတီအမ်ဘဏ်က ထုတ်ခနဲ့ ချေ့စ်ဘဏ်က သူ့အေတီအမ်မှာ မဟုတ်လို့ ထုတ်ခ နှစ်ခုပေါင်း ငွေ ၃၀ ထုတ်တာကို ၅ ကျပ် ပေးရပြီးကတည်းက လက်ငင်းငွေသား အပိုဆောင်တယ် ) ။


သော့အိတ်
ကားသော့ ( H Mart မန်ဘာကဒ်အသေးနဲ့ ကားပြင်ဆိုင် မန်ဘာကဒ်အသေး ချိတ်ထားတယ်) ၊ အိမ်သော့ ( အိမ်ရှေ့တံခါးသော့၊ အခန်းသော့၊ အိမ်နောက်ဖေးသော့ ) ၊ ရထားကဒ်၊ ရုံးဓာတ်လှေကားကဒ်၊ ဝန်ထမ်းကဒ်။ ဒီအိတ်လေးကတော့ ကျောပိုးအိတ်ရဲ့ အပြင်ဖက်ဆုံး အိတ်ဖက်ထဲမှာ ထားတယ်။ တခါတုန်းက အခန်းသော့ ပိတ်ပြီး အိမ်ရှေ့တံခါးမကြီး ပိတ်တော့မလို့ လုပ်ခါမှ အိမ်သော့ အခန်းထဲမှာ ကျန်ခဲ့မှန်း သိတယ်။ အိမ်ရှေ့တံခါးနဲ့ အိမ်နောက်ဖေးတံခါးသော့က အိမ်ရှင်ဆီမှာ ရှိပေမယ့် အခန်းသော့က အော်ရင်ဂျင်နယ်။ သူ့မှာလည်း အပိုမရှိဘူး။ သော့ဖျက်တယ့် လူကို ခေါ်ရမယ် ထင်တယ်။ ဆူနမ်တို့ အိမ်သော့ အထဲမှာ ကျန်ခဲ့လို့ တိုက်ခန်းကြီးကြပ်ရေးမှုးက သူ့မှာရှိတယ့် သော့နဲ့ လာဖွင့်ပေးတာလေးကို ၃၅ ကျပ် ပေးရတယ်။ သော့ဖျက်ရမယ် ဆိုရင်....

နေ့လည်ဖက် အိမ်သော့ကို မိတ်ကပ်ဘောက်အိတ်ထဲမှာ ပြန်တွေ့လို့ ပျော်လိုက်တာ။ နောက်ဆို သော့တွေကို သော့အိတ်ထဲမှာပဲ ထား၊ အခန်းသော့ ပါမပါ သော့အိတ်ကို အရင်စစ်ပြီးမှ အခန်းလော့ချ။ ရုံးက ဘာဘရာက သော့အိတ်လေးကို လှလို့တယ့်။ အဲဒါ မြန်မာပြည်ကကွ...(ဘာလို့ကွမှန်း ကွကို မသိ.. ) ။ မကြီး မြန်မာပြည် ပြန်တော့ အဲဒီအိတ်မျိုး ထပ်မှာသေးတယ်။ ဟမ်းမိတ်၊ ဆီးကွင့်တွေ၊ ဘော်ကြယ်တွေ၊ ရွှေခြည်ထိုးတွေနဲ့ လှပေမယ့် ကွာလတီကတော့ သိပ်မကောင်းဘူး။ မြန်မာပြည်မှာတုန်းက နိုင်ငံခြားဖြစ်တွေ သုံးချင်ပြီး နိုင်ငံခြားရောက်တော့ မြန်မာပြည်ဖြစ်တွေ သုံးချင်တယ် း) ။


ပိုက်ဆံအိတ် အကြီး
ဒီပိုက်ဆံအိတ်က မကြီး မွေးနေ့လက်ဆောင် ပေးထားတယ့် Bonia အိတ်။ ငါးနှစ်လောက် ကြာပြီပေမယ့် အခုထိ  မဟောင်းသေးဘူး။  ပတ်စပို့သက်တမ်းတိုးဖို့ ရိုက်ထားတယ့် ဓာတ်ပုံ ၂ ပုံ (ဘာလို့ ပိုက်ဆံအိတ်မှာ သိမ်းထားမှန်းမသိ..) ၊ ကျောင်းသားကဒ်၊ အိုင်အိုဝါဘဏ်ကဒ် ( အဲဒီဘဏ်ကဒ်ကို ကျောင်းလခသွင်းဖို့လောက်ပဲ သုံးတယ်) ၊ အဲဒီဘဏ်ရဲ့ ပင်နံပါတ် ရေးထားတယ့် စာရွက် ၊ AAA Road Assistance ကဒ်  ၊ ကျန်းမာရေး အာမခံကဒ် ၊ ကားအာမခံကဒ်၊ ငွေသားအချို့၊ အကြွေစေ့ အတော်များများ ( စင်္ကာပူ ပြား ၅၀ စေ့ကို မလွှင့်ပစ်ရက်လို့ အလေးခံပြီး သိမ်းထားလေရဲ ့) ၊ Body Shop မန်ဘာကဒ်၊  Kroger မန်ဘာကဒ် ( H Mart လို အသား၊ အသီးအရွက် ရောင်းတယ့်ဆိုင် ကန်တက်ကီမှာပဲ ရှိတယ် ) ၊ ကိုရီးယားဆိုင် H Mart မန်ဘာကဒ် (ကားသော့မှာ H Mart ကဒ်အသေး ချိတ်ထားတာမို့ ကဒ်အကြီးနဲ့ မေရီလန်းမှာ မရှိတယ့် Kroger ကဒ်တွေကို ထုတ်ပစ်ဦးမှ ) ၊ ဘောက်ချာစာရွက်အချို့ ( ကင်မရာအတွက် မန်မိုရီကဒ် ဝယ်ထားတာ ဆိုဒ်မတော်ရင် ဝယ်ပြီး ၁၅ အတွင်း ဘောက်ချာပြပြီး ပြန်လဲဖို့ သိမ်းထားတယ့် Best Buy က ဘောက်ချာစာရွက်။ မကြီးဆီ ပစ္စည်းပို့တုန်းက စာတိုက်က ပေးတယ့် ဘောက်ချာစာရွက်တွေမှာ ထရက်ကင်းနံပါတ်၊ အာမခံနံပါတ်တွေပါလို့ ပစ္စည်းမရောက်မချင်း သိမ်းထားတယ်။ ရောက်ပြီဆိုမှ လွှင့်ပစ်ရန် )


စာအုပ်
စာမေးပွဲ နီးပြီဆိုတော့ ရုံးမှာ အားတယ့်အချိန်တွေ၊ ရထားစီးတယ့် အချိန်တွေမှာ ဖတ်ဖို့ စာအုပ်နဲ့ နှုတ်စ်ထုတ်ဖို့ ဗလာစာအုပ်။ စာမေးပွဲ ဝေးတယ့်အချိန်တွေဆို အိုင်ပတ်မီနီ ဒါမှမဟုတ် စာအုပ်သေးသေးတအုပ် သယ်တယ်။ ရထားစီးချိန်၊ နေ့လည်စာ ထမင်းစားချိန်တွေမှာ ဖတ်ဖို့။


ဖုန်း
စတိတ်မှာနေပြီး စမတ်ဖုန်းလည်း မရှိ၊ အိုင်ပတ်လည်း မရှိ၊ ငါ့ဟာတွေ ပို့ပေးရမလားလို့ မြန်မာပြည်က မောင်မောင်က ကျွန်မကို ဟားတယ်။ ကန်တက်ကီမှာတုန်းက အိမ်ရှေ့၊ ရုံးရှေ့အထိ ကားမောင်းလို့ရတော့ အိုင်ပတ်နဲ့ စာဖတ်ချိန်လည်း မရှိ၊  အိမ်ရောက်တာနဲ့ ကွန်ပျူတာဖွင့်တာဆိုတော့ စမတ်ဖုန်းလည်း မလို။ မေရီလန်းရောက်တော့ ရထားစီးချိန်တွေမှာ စာဖတ်ဖို့ အိုင်ပတ်၊ သွားလာနေတုန်း လမ်းပျောက်သွားခဲ့ရင် ရှာဖွေဖို့ စမတ်ဖုန်း လိုလာတယ်။

ကျွန်မရဲ့ ပထမဆုံးဖုန်းက ဆမ်ဆောင်း ခေါက်ဖုန်း။ ဒုတိယဖုန်းက Emporio Armani အတွက် ဆမ်ဆောင်းက ထုတ်တယ့် မီးရောင်စုံလင်းတယ့် ဖုန်း။ ဆမ်ဆောင်းဖုန်းတွေပဲ သုံးခဲ့တော့ Brand Loyalty ဖြစ်အောင် ဆမ်ဆောင်းဂယ်လာဆီ  ဝယ်မလား စိတ်ကူးပေမယ့် သူငယ်ချင်းတွေ၊ မကြီးနဲ့ မောင်မောင်က အိုင်ဖုန်းသုံးကြတာမို့ အိုင်ဖုန်းဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရုံးက ဗီယက်နမ် သက်ငုယင်က
အိုင်ဖုန်းဖိုက်လား.. ငါ့ဖိုးကို ဖိုက်နဲ့ လဲချင်နေတာ...
သုံးလတကြိမ်လောက် အသစ်ပေါ်နေတာ.. လိတ်တက်စ် ပေါ်သမျှ ကိုင်ချင်နေတာ...ခရေဇီပဲ...
ရှေ့လကျရင် အိုင်ဖုန်း အသစ်ထွက်မယ် ကြားတယ်..ဖိုက်နဲ့ မလဲနဲ ့ဦး...တလထပ်စောင့်လိုက်..အိုင်ဖုန်းဆစ်နဲ့ လဲ..

ဖုန်းအသစ်ရသည့် ကျွန်မ မျောက်အုန်းသီးရမည့်ပမာ မြင်မြင်သမျှရိုက်ပြီး  ဖေ့ဘွတ်ပေါ်မှာ တဂျိမ်းဂျိမ်း တင်တယ်...မျက်စိနောက်ပေစွ...း)


ထီး
ဒီနေ့မိုးရွာမယ်ဆိုလို့ ထီးဆောင်တယ်။ ပြုံးမြတ် မွေးနေ့လက်ဆောင် ပေးထားတယ့် အပြာရောင်မှာ အဖြူရောင် ဘောလုံးအစက်လေးတွေပါတယ့် ESPRIT ထီး။ ကျွန်မ ဆောင်းဖူးသမျှ ထီးတွေထဲမှာ ဒီထီးလေးက အလှဆုံး။



လိုအပ်တာတွေပဲ ပါပေမယ့် ကျွန်မ အိတ်ကလည်း အစ်မသက်ဝေအိတ်လို သုံးကီလိုလောက် လေးနေမလား။ စာအုပ်၊ ထီး မပါတယ့်နေ့ဆို အိတ်က ပေါ့နေလို့ ငါ ဘာများမေ့ကျန်နေပါလိမ့်လို့ တွေးမိတယ်။ သေးသေး၊ ကြီးကြီး  အိတ်ဆိုတာ လိုအပ်တာတွေ သယ်ယူသွားဖို့ပဲ မလား။

"ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။"

အစ်မမြသွေးနီ နမိတ်ဖတ်ထားသလို နောက်ရှင်းလာမယ့် အိတ်လေးတွေကို စောင့်စားရင်း

စန်းထွန်း
သြဂုတ် ၃၀ ၊ ၂၀၁၃။

26 December 2012

Sayōnara 2012 (Tag)



2012 White House Xmas card by Iowa Artist
Features Bo ( President Obama's dog) and No Christmas Tree
credit to www.whitehouse.gov



အရှုပ်တွေလုပ်ရင်း ဘလော့နဲ့ကင်းကွာနေတာ တစ်လကျော်နေပါပြီ။ နှစ်သစ်ဆုတောင်းပို့စ်လေး ရေးဖို့ကြံစည်နေတုန်း ပစ်ပစ်က သတိတရ တဂ်လာတော့ အတော်ဖြစ်သွားတယ်။ တစ်နှစ်ဆိုတာလည်း ခဏလေး..အချိန်ကုန်တာ မြန်လိုက်တာ။ ၂၀၁၂ မှာ သူငယ်ချင်းတွေ၊ ဆရာတွေရဲ့ ချစ်ခင်ရင်းနှီးမှုတွေ၊ ကူညီစောင့်ရှောက်မှုတွေနဲ့ လုံခြုံနွေးထွေးတယ့် မြို့ငယ်လေးကနေ ခွဲခွာခဲ့ဖူးတယ်။ သူစိမ်းသက်သက် မြို့လေးနဲ့ ရင်းနှီးကျွှမ်းဝင်အောင် ကြိုးစားရင်း နေရာအသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ နေသားကျကာ အဲဒီမြို့လေးကို နှစ်သက်နေပြန်တယ်။

အင်ဂျင်နီယာတွေ သုံးတယ့် VBA ဆိုတယ့် Excel Programming ၊ HRSG ( Heat Recovery Steam Generator) ရဲ့ Steam ၊ Drum ၊ Valve ၊ Pipe ဆိုတယ့် အသုံးအနှုန်းတွေနဲ့ လုပ်ငန်းသဘောကို နားလည်အောင် ကြိုးစားရင်း ကွန်ပျူတာပရိုဂရမ်မာ၊ ဆော့ဝဲလ်အင်ဂျင်နီယာမဟုတ်တယ့် Thermal  ၊Structural အင်ဂျင်နီယာတွေ ရေးချင်သလို ရေးထားတယ့် ဆော့ဝဲလ်တွေရဲ့အမှား (bug) တွေကို သပွတ်အူ ဖြေရသလို ရှင်းရတာ စိတ်ညစ်ဖို့လည်းကောင်း၊ ဖြေရှင်းနိုင်ရင် ပါးစပ်နားရွက် ချိတ်နေပြန်ရော။ အဲဒီအကြောင်း အမှောင်ခွင်းကြသူများ ဆိုတယ့် ပို့စ်လေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။
credit to http://www.huffingtonpost.com

ဒီနိုင်ငံရဲ့ လေယူလေသိမ်း၊ ဓလေ့ထုံးစံတွေကို သင်ယူလေ့လာနေရဆဲ။ တော်နေဒိုးသတိပေးချက် Live ကို ကြည့်ရင် ကောင်တီဆိုတယ့် အသံ အမြဲကြားရပါတယ်။ လေးလပတ် ကုမ္ပဏီအစည်းအဝေးမှာ စီအီးအို Steve က ဘယောင်းကောင်တီလို့ ပြောသွားတာ ကြားရပြန်တော့ စီနီယာ ဝီလီယမ်ဂရင်းကို မေးရပြန်တယ်။ ကန်တက်ကီ ပြည်နယ်မှာ  ကောင်တီတွေ အများကြီးရှိပြီး လူဝီဗီလ်မြို့က ဂျက်ဖာဆန်ကောင်တီ ( County ) မှာ ပါဝင်ပါသတယ့်။ ကောင်တီဆိုတာ မြို့နယ်နဲ့ ဆင်တယ်။ ၁၀၀ ဒေါ်လာဆိုရင်  100 bucks လို့ ပြောပါတယ်။ ခုတော့ စန်းထွန်းတယောက် Ok lah ၊  Never mind lah ၊ Faster lah ၊  Don't play play ၊ အားရို ၊ Can or Can not ၊ What lao ၊ အလားမ စလုံးလေသံကနေ Oh My Gosh ၊  How are you doing today ၊ How are you ၊ I appreciate your help ၊ Appreciated ၊ Oh yeah ၊ It sounds good ၊ Have a great day ၊ Have a good night လို့ နှုတ်ဆက်တတ်နေပါပြီ။

ချိုလွန်း၊ ငန်လွန်းတယ့် အမေရိကန်စာတွေကို မစားနိုင်လို့ ချက်ပြုတ်ရင်း အရင်ကထက် အချက်အပြုတ် နည်းနည်း တိုးတက်လာတယ်။ ကန်တက်ရဲ့ ကားကို ပွတ်မိသွားတာ လျော်ကြေးတော်တော်ပေးလိုက်ရလို့  အရင်ကထက် ကားမောင်းတာ သတိထားလာတယ်။ ဂျူလိုင်လမှာ ဘော့စတွန် (မက်ဆာချူးဆက်ပြည်နယ်) ၊  စက်တင်ဘာလမှာ အမေစု ကြိုဆိုဖို့ ဖို့ဝိန်း (အင်ဒီယားနားပြည်နယ်)၊ တလတခေါက် စင်စင်နာတီ (အိုဟိုင်းရိုးပြည်နယ်) နဲ့ ဒီနှစ်အတွင်း ခရီးတွေ ထွက်ဖြစ်ပါတယ်။ အပတ်စဉ် တင်ရတယ့် အဆိုင်းမန့်တွေရယ်၊ တစ်လခွဲ တစ်ကြိမ် ဖြေရတယ့် စာမေးပွဲတွေမှာ အောင်တာလည်း ရှိသလို ကျတာတွေလည်း ရှိရဲ့။ နောက်ဘာသာတွေမှာ အမှတ်ကောင်းအောင်လုပ်မယ်လို့ ကြုံးဝါးပေမယ့်လည်း ဒုံးရင်းက ဒုံးရင်း ပတ်ချာလည် လိုက်နေတာပါပဲ။

နိုဝင်ဘာလအကုန်မှာ နှလုံးသွေးကြောကျဉ်းလို့ အဖေ ရန်ကုန်ဆေးရုံကြီး တက်ရပါတယ်။ လူနာအတွက်တောင် အိပ်စရာမရှိလို့ ခုံတွေကို ဆက်ပြီး အိပ်ရပါတယ်။ နှလုံးသွေးကြောကျဉ်းတာ စစ်တယ့်စက်က ရန်ကုန်ဆေးရုံကြီးရယ်၊ ပန်းလှိုင်ဆေးရုံမှာပဲ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ဖို့ ဆိုရင် တလလောက် စောင့်ရမှာရယ်၊ လူနာအတွက် ခုတင်တောင် မရှိတယ့် ရန်ကုန်ဆေးရုံကြီးကို စိတ်ကုန်၊ တနေ့သွားပြတာ တစ်သိန်းကုန်တယ့် ဈေးကြီးတယ့် ပန်းလှိုင်ဆေးရုံကြီးထက် သက်သာတယ့် ဘန်ကောက်မှာ သွားခွဲပါတယ်။

credit to www.huffingtonpost.com

မြန်မာတွေ တော်တော်များများ ဆေးလာကုကြပါတယ်။ ပုံမှန်ဆို နှစ်နာရီကြာပေမယ့် သွေးကြောလေးချောင်းက ဆိုးဆိုးဝါးဝါး ပိတ်နေလို့ လေးနာရီကြာအောင် ခက်ခက်ခဲခဲ ခွဲစိတ်အောင်မြင်ခဲ့ပါတယ်။ ဆေးရုံက ဝန်ဆောင်မှုက ကောင်းပေမယ့် ဘီလ်တွေကို သေသေချာချာ စစ်ဖို့လိုပါတယ်။ စင်္ကာပူက မကြီးတို့စုံတွဲလည်း လာရောက်တာမို့ စန်းထွန်းကလွဲရင်  မိသားစုတွေ့ဆုံပွဲလေးပေါ့။ တညီတညွှတ်တည်း ပြောကြတာက ဘန်ကောက်က အစားအသောက်တွေ သိပ်ကောင်းဆိုပဲ။

၂၀၁၂ မှာ အချစ်ရေးက လွဲရင် အလုပ်၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစု၊ သူငယ်ချင်း သင့်တင့်တယ့် နှစ်လေးပါပဲ။  ခရစ်စမတ်နဲ့နှစ်သစ်ကူးမှာ ဆူနမ်၊ ရာမားရှိရာ ဝါရှင်တန်ဒီစီမှာ ရှိနေပါမယ်။ ပို့စ်အတွက် နာမည်စဉ်းစားတာ ဂွတ်ဘိုင် ၂၀၁၂  ကို ကိုညီလင်းသစ်က အရင်ဦးသွားတယ်။ ၂၀၀၁ ဂျပန်စာ တစ်လသင်တန်း တက်တုန်းက ပြန်မတွေ့ဖြစ်တော့ရင် ဆာယိုနာရလို့နှုတ်ဆက်ကြတယ်လို့ သင်ခဲ့ဖူးပါတယ်။ ကုန်ဆုံးသွားတယ့် နှစ်ဟောင်းကို ဆာယိုနာရ ၂၀၁၂ လို့ နှုတ်ဆက်ပြီး  မျှော်လင့်ခြင်းတွေ၊ ရည်မှန်းချက်တွေနဲ့  နှစ်သစ်ကို ကြိ ုဆိုလိုက်ရအောင်။

ဘလော့ကို အမြဲလာရောက်သူတွေ၊ ရံဖန်ရံခါမှ လာရောက်သူတွေ၊ သူငယ်ချင်းတွေကို မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း

ဆာယိုနာရ ၂၀၁၂

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၂။

26 August 2012

My Treasure (Tag)



သမီးစံက သတိတရ တဂ်လာတော့ ဒီပို့စ်လေး ဖြစ်လာပါတယ်။ နွေလရဲ့ ဘလော့ ပျောက်ဆုံးတော့မလို ဖြစ်ရာက ဒီပို့စ်လေး စတင်ဖြစ်ပေါ်လာတယ်လို့ သမီးစံ၊ ကန်ဒီခိုင်တို့ဆီက သတင်းရရှိပါတယ်။ မေးထားတဲ့ မေးခွန်းလေးတွေကတော့..

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?

၂၀၁၀ မေလရဲ့ တခုသော နေ့တရက်မှာ စပြီး ဖြစ်တည်ပါတယ်။ တခုသော နေ့တရက်လို့ ဆိုရတဲ့အကြောင်းက ဘယ်နေ့ဘယ်ရက်ဆိုတာ အတိအကျ မမှတ်တော့လို့ပါ။  မေလ ၁၆ရက်နေ့မှာ ပထမဆုံးပို့စ် တင်တာကို ဘလော့စပေါ့က မှတ်တမ်းတင်ထားပါတယ်။ သေချာတာကတော့ မေ၁၆ ထက်စောပြီး ဘလော့ တည်ဆောက်ခဲ့တယ်ဆိုတာပါပဲ။

ဘယ်လိုတည်ဆောက်လည်းဆိုတော့ ဂူဂယ်မှာ How to make blogspot လို့ ရိုက်ထည့်လိုက်တယ်။ အဲဒီမှာ ဘလော့တည်ဆောက်နည်း ရှင်းပြထားတဲ့ PDF တခုက တော်တော်ကောင်းတယ်။ အဲဒီအတိုင်း တည်ဆောက်လိုက်ပါတယ်။ စစချင်းဆိုတော့ အခက်အခဲတွေ ရှိတာပေါ့။ ဘလော့တွေဆီ သွားလည်ရင်း စီဘောက်၊ လာလည်သူတွေ၊ လာလည်တဲ့နေရာပြတာတွေ ထည့်ရမှန်း သိလာတယ်။ ဘယ်လိုထည့်ရမှန်း ဂူဂယ်ကနေ ရှာပါတယ်။

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

ရည်ရွယ်ချက်ကတော့ ကြီးမားပါပေတယ်။ ဗဟုသုတတွေ ရှယ်ဖို့မဟုတ်။ ကိုယ်ခရီးသွားခဲ့အကြောင်းတွေ မှတ်တမ်းတင်ထားဖို့ ရည်ရွယ်တယ်။ ကိုယ့်ရဲ့ဒိုင်ယာရီမို့လို့ ဘလော့နာမည်ကိုတောင် ဒိုင်ယာရီလို့ ပေးခဲ့တာပါ။ တွေးချင်တာတွေး ရေးချင်တာရေးမှာမို့လို့ Profile မှာတောင်" တွေးချင်တာတွေး၍ ရေးချင်တာရေးသည်။ ဝေဖန်လေကန်နိုင်ပါသည်။"လို့ ရေးထားသေးတယ်။ Profile ဖတ်ရတာနဲ့တင် ပိတ်ကန်ချင်စရာ ကောင်းလှပါဘိ။

ဘလော့ဆိုတာကြီးကို  ၂၀၀၉ ဖေဖေါ်ဝါရီလောက်မှာ အင်တန်းအတူတူဆင်းတဲ့ အေးပိုဆီက သိရတာပါ။ နေ့လည်စာပြီးရင် သူက နိုင်းနိုင်စနေ၊ မမ ဘလော့တွေ ဖတ်တယ်။ အဲဒီတုန်းက Kent Ridge Park ကနေ Mount Faber Park အထိ ပန်းခြံလေးခုကို ဖြတ်ကျော်ခရီးနှင်တဲ့အကြောင်းရေးထားတဲ့ ခြေလှမ်းပေါင်းငါးသောင်းဆိုတဲ့ပို့စ်ကို ဖတ်ပြီး အိအိနဲ့ဖလမ်းဖလမ်းထလိုက်သေးတယ်။

မြန်မာစာလည်း မရိုက်တတ် Burglish နဲ့ရိုက်ရတာဆိုတော့ ပို့စ်တပုဒ်ရေးပြီးတိုင်း ပလန်လက်တယ်။ တကယ်ရေးဖြစ်တာက၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကို ရောက်လာတဲ့အချိန်။ မြန်မာဆိုလို့ တယောက်တည်း စကားပြောဖေါ်မရှိ။ ဒီတော့ သူငယ်ချင်းတယောက်ကို ရင်ဖွင့်သလို ဘလော့မှာ ရင်ဖွင့်ဖြစ်တယ်။ ကျောင့်ဖွင့်ချိန်စောင့်ရင်း မြန်မာစာဘာသာပြန်ပေးရင် ဘာသာပြန်ခပေးမယ်ဆိုလို့ မြန်မာစာရိုက်တတ်အောင် လေ့ကျင့်လိုက်တာ တပတ်တောင် မကြာဘူးဗျား။ ဒီတော့ ၂၀၁၁ တနှစ်လုံး ဇော်ဂျီဖောင့်နဲ့ တဖြောင်းဖြောင်းရိုက်ပြီး မျက်စိနောက်အောင် ပို့စ်တွေတင်နိုင်ခဲ့လေတယ်။

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ …
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?

ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲဆိုတော့ ရေးချင်တဲ့စိတ်လေးရယ်၊ ရေးချင်တဲ့အတွေးလေးရယ်၊ အချိန်ရယ် ရှိမယ်ဆိုရင်တော့ ရေးဖြစ်နေဦးမှာပါ။ ကိုယ်တိုင်ကိုယ်ကျ  ရေလောင်းပေါင်းသင် စိုက်ပျိုးခဲ့ရတဲ့ သစ်ပင်လေးလို၊ ငယ်ငယ်ကလေးတည်းက ကျွှေးမွှေးစောင့်ရှောက်လာခဲ့ရတဲ့ ခွေးလေးတစ်ကောင်လို ကိုယ်တိုင်အချိန်ပေးတည်ဆောက်ခဲ့ရတဲ့ ဘလော့လေးကို မြတ်နိုးတန်ဖိုးထားပါတယ်။ ကိုယ့်ရဲ့ဘေဘီလေး ဖြစ်သလို ဝမ်းနည်းအားငယ်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ အထင်သေးတဲ့မျက်ဝန်းတွေကို ကြံ့ကြံခံ့နေချိန်တွေ၊ နောက်ထပ်ဆိုတာ မရှိတော့အောင် ကြိုးစားရင်း မောလျနေချိန်တွေ ကိုယ်နဲ့အတူ မျှဝေခံစားပေးတယ်။ ဘလော့စာမျက်နှာတိုင်းဟာ ကိုယ့်ဘဝရဲ့ စာမျက်နှာတိုင်းပါပဲ။

(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?

မပျောက်ဆုံးဖူးဘူး။ ဘလော့က ဂျီမေးလ်အကောက်နဲ့ဖွင့်ရတာဆိုတော့ ဂျီမေးလ်နဲ့ ဆိုင်မယ် ထင်ပါတယ်။ တလတခါလောက် Backup လုပ်ပေမဲ့ External  HardDisk ထဲ မသိမ်းဖြစ်တာက အချိန်တိုင်း။

(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?

သေချာတာကတော့  Backup မလုပ်ထားမိလေခြင်းလို့ နောင်တကြီးစွာ ရနေမှာ သေချာတယ်။ နောက်တခါ ဒီလိုအဖြစ်မျိုး မဖြစ်စေရဘူးလို့ ကြံ ုးဝါးရင်းနဲ့ပေါ့။ Recover လုပ်လို့ရမဲ့ နည်းလမ်းရှိမယ်လို့ မျှော်လင့်ရင်း

မြတ်နိုးတန်ဖိုးထားရတဲ့ ဘလော့လေးတွေ ဘာအကြောင်းနဲ့မှ ပျောက်ဆုံးမသွားစေချင်မိဘူး။

မတဂ်ရသေးဘူးလို့ ထင်တဲ့ ဘလော့ဂါတွေကု တဂ်လိုက်ပါတယ်။ တဂ်ပြီးသား၊ ရေးပြီးသားဆိုရင်လည်း မမြင်ချင်ယောင် ဆောင်သွားပါနော်။ မရေးရသေးဘူးဆိုရင်လည်း အားရင် ရေးပေးပါဦးနော်။

မွန်မွန်ယိုကို
လွင်ပြင်လှိုင်းငယ်
ဂျက်
မမဝသုန်
မိုးငွေ့
မောင်မျိုး
ကျူတီ
မမီးငယ်
အိန်ဂျယ်လှိုင်
မမအိုင်အိုရာ

ဒီစာရင်းထဲ မပါလည်း ပို့စ်လာဖတ်တဲ့ မတဂ်ရသေးတဲ့ ဘလော့ဂါတွေကို တဂ်ပါတယ်နော်။

အခုလောလောဆယ် နားထောင်ဖြစ်တဲ့ သီချင်းလေးတွေကို အတူတူ နားဆင်သွားပါဦး။

ဖေ့ဘွတ်မှာ ရှယ်တဲ့ ဂျပန်သီချင်းကို ဂျပန်စကားပြော တလတက်ဖူးလို့ အိုဟိုင်းရိုးဂိုဆိုင်းမတ်၊ ခွန်နိချိဝ၊ ခွန်ဘန်းဝ၊ အာရီဂါတို ဂိုဆိုင်းမတ်၊ ဂိုမန်းနဲ့စိုက်၊ ဆာယိုနာရ၊ ဒိုးဆို၊ အိုဂျီးစံ၊ အိုကားစံ၊ အိုအိချိ သာသိတဲ့ စန်းထွန်းတယောက် နားမလည်ဘဲ နားထောင်နေပါတယ်။ သီချင်းလေးထဲက နွေရာသီကတော့ ပူနွေးတဲ့ နေရောင်ခြည်အောက်မှာ ပါတီပွဲတွေနွှဲပြီး အားလပ်ရပ်ကို ကုန်ဆုံးစေပေမဲ့ အပြင်က နွေရာသီကတော့  ၈၅၊ ၉၅ ဖာရင်ဟိုက် ၃၀၊ ၃၅  စဲစီးရပ် အပူချိန်။ ဒီသီချင်းလေးနဲ့ ကုန်ဆုံးတော့မဲ့ နွေရာသီကို နှုတ်ဆက်ပြီး သစ်ရွှက်တွေရောင်စုံခြယ်မဲ့  ဆောင်းဦးကို မျှော်နေမိတယ်။


တလောက ရေဒီယိုမှာ ဟစ်ဖြစ်နေတဲ့ သီချင်းလေးပါ။ Good Life လေး ပိုင်ဆိုင်ပါစေ။


ဒေါက်တာရန်နိုင်ရဲ့ အသစ်သီချင်းထဲက သက်ထား၊



YouTube မှာ မတင်သေးလို့ SoundCloud ကနေ နားဆင်ရအောင် ရှယ်လိုက်ပါတယ်။

ကြယ်ကြွေကောင်းကင်

 အိမ်မက်လှေ

 ကြယ်ကြွေညတိုင်း ဆုတောင်းမယ်

ပျော်ရွှင်သော နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေ။

စန်းထွန်း
သြဂုတ် ၂၆၊ ၂၀၁၂။

04 March 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ်ပို့စ်)



မဒိုးကန်အလင်းသစ်အိန်ဂျယ်လှိုင်သမီးစံတို့က သတိတရ တဂ်လာသောအခါ ဒီပို့စ်လေး ရေးဖြစ်ပါသည်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဟိုးအရင်တုန်းက ဖုန်းတွေထက် စာရင်တော့ တန်ဖိုးနည်းပါသည်။ သို့သော် အခြေခံလူတန်းစားတွေအတွက်တော့ တန်ဖိုးနည်းသည်ဟု မမြင်ပါ။  နိုင်ငံတကာတွင် ဒေါ်လာ ၂၀ကနေ ၄၀၊ ၅၀ဆို ဖုန်းတလုံး အလကားရပြီး မိနစ်ပလမ်၊ unlimited plan များ ရှိသည်။ ဒေါ်လာ ၂၀၀ (နှစ်သိန်းဝန်ကျင်) ဆိုသည်မှာ  နိုင်ငံတကာနဲ့ ယှဉ်လျှင် တော်တော် ဈေးများနေသေးသည်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ပြည်သူတွေကို အနှောင့်အယှက်မဖြစ်စေတဲ့ စတေကာကပ်ခြင်း၊ တီရှပ်များ ပြုလုပ်ပြီး တောင်းဆိုသင့်ပါသည်။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းသည် ပြည်သူများ၏ ဆန္ဒကို ထုတ်ဖော်ရာ ရောက်သည်။

၄ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ကြိုဆိုပါသည်။ အိမ်နီးနားချင်းနိုင်ငံများတွင် လူတိုင်းဖုန်းကိုင်နိုင်ချိန် ရွှေပြည်ကြီးတွင်လည်း လူတိုင်းဖုန်းကိုင်စေချင်ပါသည်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
ဖုန်းဆိုသည်မှာ ပြယုဂ်တခုမဟုတ်တော့ဘဲ လူတိုင်းအတွက် သတင်းဖလှယ်၊ နိုးစက်၊ သီချင်းနားထောင်၊ ဓာတ်ပုံရိုက်ဖြင့် စွယ်စုံသုံး နေ့စဉ်မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်သည်။ ၁၀တန်ဖုန်းကဒ်သည် တခြားနိုင်ငံများသို့ မိနစ်ပေါင်းများစွာ ခေါ်ဆို၍ရပေမည့် ရွှေပြည်ကြီးကို ခေါ်ဆိုလျှင်တော့ မိနစ်၂၀သာ ရသည်။ ဟယ်လို ကြားရလား ကြားရလား၊ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် ဖုန်းခမသွင်းသောကြောင့် ၎င်း၊ ဆက်သွယ်ရေး ဧရိယာပြင်ပ ရောက်ရှိနေခြင်းကြောင့်၎င်း ၅မိနစ်ခန့် ကုန်သွားတတ်သည်။

ရွှေပြည်ကြီးသို့ ဖုန်းခေါ်တိုင်း ခုနစ်သံချီ အော်ဟစ်ရ၊ စိတ်တိုဒေါသထွက်ရသည်။ ဟယ်လို ကြားရလား ကြားရလား အဆင့်မှ လိုင်းကောင်းအောင် ဆောင်ရွက်သင့်ပါသည်။ သည်ဆင်းကဒ်သည် သည်ဖုန်းအတွက် မဟုတ်ဘဲ ဖုန်းအားလုံးအတွက် ဖြစ်သင့်သည်။ အစိုးရနှင့် ပနာရသူများကိုသာ ချထားပေသော စနစ်မှသည် အပြိုင်အဆိုင် လုပ်ကိုင်ခွင့် ပေးသည့်သည်။ ကုမ္ပဏီများ ဈေးကွက်ယှဉ်ပြိုင်ပါမှ ပြည်သူများ ကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိနိုင်မည်။ အစိုးရမှ ထိန်းကျောင်းရုံသာ ပေးသင့်သည်။

အင်္ဂလိပ်စာသင်တန်းမှ ဆရာကြီးပြောပြသော စကားလေးကို သတိရမိသည်။ ဂျပန်ပြည် အနုမြူဗုံးဒဏ်ခံရပြီး ပြာပုံဘဝမှ တိုးတက်လာခဲ့သည်။ ဂျပန်သံအဖွဲ့ ဘိလပ်ပြည်သွားလည်သောအခါ ဘိလပ်ပြည်ဝန်ကြီးမှ ဘိလပ်ပြည်ကိုလည်း ဂျပန်ပြည်ကဲ့သို့ တိုးတက်ချင်သည် အကြံညဏ်များပေးပါဟု မေတ္တာရပ်ခံလာသည်။ ဂျပန်သံအဖွဲ့ ပေးသောအကြံညဏ်များမှာကား

တိုင်းပြည်ရေးရာတွေကို လွှတ်တော်ကနေပဲ ဆုံးဖြတ်တော့ တိုင်းပြည်တပြည်ကို လေ့လာချင်ရင် လွှတ်တော်ကို လေ့လာရပါတယ် ခင်ဗျ။ (သတိ - မြောက်ကိုရီးယား၊ ဆီးရီးယားနိုင်ငံ မပါဝင်ပါ ) ။ ဘိလပ်ပြည်က လွှတ်တော်ကို လေ့လာကြည့်တော့ နိပွန်လွှတ်တော်နဲ့ ကွာနေတာ သွားတွေ့တယ်ခင်ဗျ။ ဘိလပ်ပြည်လွှတ်တော်တွင် အများစုက ရှေ့နေဖြစ်သည်။ နိပွန်လွှတ်တော်တွင်တော့ အများစုက အင်ဂျင်နီယာဖြစ်သည်။ အင်ဂျင်နီယာများသည် ရှေ့နေကဲ့သို့ လေမများဘဲ တကယ်လုပ်သောသူဖြစ်ပါသည်။

စီအန်အန် သတင်းဌာနမှ ထုတ်လွှင့်သွားသော မြန်မာပြည်လွှတ်တော်အကြောင်း တစ်မိနစ်စာသတင်းတိုတွင် ဘိလပ်ပြည်မှ လေထွားသော ရှေ့နေလွှတ်တော်အမတ်၊ နိပွန်ပြည်မှ တကယ်အလုပ်လုပ်သော အင်ဂျင်နီယာလွှတ်တော်အမတ်များကဲ့သို့ ရွှေပြည်ကြီးမှ စက်တော်ခေါ်နေသော လွှတ်တော်အမတ်စိမ်းများကို မြင်ရသောအခါ၊ အာဆီယံတွင် တက္ကသိုလ်အများဆုံးရှိသည့်နိုင်ငံဟု လေလုံးထွားသည်ကို ကြားရသောအခါ၊ ကျောက်စိမ်း၊ ကျွန်းသစ်၊ ပိုလျှံ၍ နိုင်ငံခြားသို့တင်ပို့ရောင်းချရပါသည်ဆိုသော ဘဘာဝဓာတ်ငွေ့များနှင့် သဘာဝသယံဇာတ ပေါကြွယ်လှသော မြန်မာပြည် အကြွေးမီလျံများစွာရှိသည်ဟု ကြားသိရသောအခါ၊ စလုံးမှ tycoon တောင် မဝယ်နိုင်သော မန်ယူအသင်းကို မြန်မာပြည်ရှိ တယောက်သောသူမှ ဝယ်ယူမည် ဆိုသည်ကို Wikileaks မှတဆင့် သိရသောအခါ၊ double tax (အလုပ်လုပ်သောတိုင်းပြည်နှင့် မိခင်တိုင်းပြည် ၂နိုင်ငံ အခွန်ဆောင်ရခြင်း)ကို တခြားမည်သည့်လူမျိုးများမှ မစွမ်းဆောင်နိုင် မြန်မာလူမျိုးများသာလျှင် ပေးဆောင်နိုင်သည်ကို သိရသောအခါ ၊ ပြင်သစ်သတင်းဌာနမှ တင်ဆက်သွားသော ခမ်းနားပြီး လူတယောက်မှမရှိသော ဘိန်းပပျောက်မှုအထိမ်းအမှတ် အဆောက်အအုံကြီးနှင့် အာဖကန်နစ္စတန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယဘိန်းအများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်ဆိုကြောင်း သိရသောအခါ၊ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး  ဆင်းကဒ်သည် မြန်မာပြည်မှဖြစ်သည်ဟု ကြားသိရသောအခါ မြန်မာကွဟု ဂုဏ်ယူရဖူးသည်။

စန်းထွန်း
မတ် ၄၊ ၂၀၁၂။

10 February 2012

အမှတ်တရနေ့စွဲများ (တဂ်ပို့စ်) ...

ပထမဆုရတဲ့‌နေ့

"သူများသားသမီးတွေ သတင်းစာ ဖတ်တတ်နေပြီ။ မေ့သမီး ခုထိ မဖတ်တတ်သေးဘူး" လို့ မကြီးက မေ့ကို တိုင်ရင် စန်းထွန်းတယောက်ကတော့ တုပ်တုပ်မှမလှုပ်။ ကျူရှင်က ပြန်လာတာနဲ့ လွယ်အိတ်ကလေး ဘုတ်ကနဲပစ်ချ။ မောင်နှမနှစ်ယောက် ဆော့ဖို့ပြေးတော့တာပဲ။

ရွာအလှပျက်တယ်  ဖျက်လို့ ဗိုလ်ချုပ်တယောက်က   ညွှန်ကြားသွားတော့  ဆောက်လက်စ ပျဉ်းကတိုးနှစ်ထပ်အိမ်ကြီးခမျာ အပေါ်ထပ်ကြမ်းခင်းလေးတောင် မခင်းလိုက်ရရှာ။ ဟိုင်းကြီးရွာသစ်ဆိုတဲ့ လယ်ကွင်းထဲမှာ ရွာတည်တဲ့နေရာကို ပြောင်းရပါတယ်။ အဲဒီမှာ လေးတန်းတက်တော့ ၇ယောက်တည်းသာရှိသော အတန်းမှာ ပထမရတယ်။ အနူတောမှာ လူချောစန်းထွန်းကွ။

ပထမဆုဆိုတဲ့ အရသာကို သိသွားလို့ဟိုင်းကြီးကျောင်း၊ စံပြကျောင်းတွေမှာ ၇တန်းအထိ ဆုတွေရနေခဲ့ဖူးတယ်။ ပုသိမ်ထ၂လည်းရောက်တော့ ကိုယ့်ထက်တော်သူတွေ အများကြီးမို့ ပထမဆုမပြောနဲ့အဆင့်၂၀ အတွင်း ဝင်အောင်တောင် မနည်း။

သင်္ဘောမှားစီးတဲ့နေ့


မေ၊ မောင်မောင်နဲ့ ပုသိမ်ကအပြန် ဟိုင်းကြီးသင်္ဘောမရှိလို့ ပြင်ခရိုင်ဖက်ကနေ လှည့်ပြန်မယ်ဆိုပြီး သင်္ဘောပေါ်မှာ နေရာခင်း၊ ပစ္စည်းတွေချ။ သင်္ဘောထွက်ခါနီး စန်းထွန်းပေါက်စလေး သိရှိသွားတာက  ပြင်ခရိုင်ကို သွားမဲ့သင်္ဘောမဟုတ်ဘဲ လပွတ္တာကို သွားမဲ့သင်္ဘော။ သင်္ဘောတွေကလည်း ပုံစံရော၊ ဆေးရောင်ပါ အတူတူကိုး။  မေကြီးရေ သဘောၤက လပွတ္တာကို သွားမဲ့သင်္ဘော၊ ဘဘောၤခွာနေပြီ၊ မြန်မြန်ပြောင်းရအောင် ဆိုပြီး အထုပ်တွေယူ ဟိုဖက်သင်္ဘောကို ခုန်ကူး။ မေ၊ မောင်မောင် လာမြန်မြန်ဆိုတဲ့ အချိန် သင်္ဘောက ခွာနေပြီ
သင်္ဘောတစီးလုံးလည်း ကျွှတ်ကျွှတ်ညံ၊ စန်းထွန်းပေါက်စလေးက ကျွှတ်ကျွှတ်ညံအောင် အော်ငို။ ပုသိမ်ကနေ ငပုတောရောက်တဲ့အထိ ၂နာရီလုံးလုံး ငိုလိုက်၊ မောလာရင် အိပ်ပျော်သွားလိုက်၊ နိုးလာရင် ပြန်ငိုလိုက်နဲ့။ တော်တော် ဝမ်းနည်းပက်လက်ငိုခဲ့တာတော့ ခုထိမှတ်မိသေးတယ်။

ငပုတောကို သင်္ဘောကပ်တဲ့အချိန် အရင်ရောက်နှင့်နေတဲ့ မေ၊ မောင်မောင်နဲ့ စန်းထွန်းတို့ ပြန်ဆုံစည်းခန်းကတော့ ဘဘောၤ၂စီးလုံးက စိတ်ဝင်တစားရှိကြတာတော့ အသေအချာပါပဲ။ မေဆို စန်းထွန်းရေထဲပြုတ်ကျသွားတယ်လို့ ထင်တာတဲ့။ ပြင်ခရိုင်ရောက်တဲ့အထိ စန်းထွန်းကို မျက်စိအောက်က အပျောက်မခံဘဲ မေ မျက်ရည်တွေ ကျနေခဲ့တာကိုတော့ သေသေချာချာ မှတ်မိနေသေးတယ်။

စက်ဘီးရတဲ့နေ့


လေးတန်းနှစ်မှာ ရွာသစ်က တာဘောင်တွေမှာ ဖေ့စက်ဘီးအကြီးကြီးနဲ့ စက်ဘီးစီး သင်ပါတယ်။ စန်းထွန်း စွတ်နင်းသမျှ ဖေ နောက်ကနေ အသားကုန်ပြေးလိုက်၊ မြောင်းထဲကျသွားမှာစိုးလို့ လိုက်ထိန်း၊ ပါးစပ်ကနေလည်း မနားတမ်းသင်။ ခုပြန်တွေးကြည့်တော့ ဖေ တော်တော်ပင်ပန်းမှာပဲလို့ တွေးမိတယ်။ ဂိုက်ကို ထိန်းနိုင်ပေမဲ့  စက်ဘီးက လူထက် ကြီးနေတော့ စက်ဘီးမနိုင်ဘူးဖြစ်နေတယ်။

ဖေက ပထမဆုရလို့ ဘာလိုချင်လဲတဲ့။ လက်စွပ်ရယ်၊ စက်ဘီးရယ်လို့။ ဖေ ပုသိမ်ကနေ ပြန်လာတော့ အိမ်ရှေ့မှာ သမီးစက်ဘီးလေး ထောင်ထားတယ် ဆိုလို့ ပြေးကြည့်တယ်။ ဆိတ်ငါးကောင် မိန်းမစီး အနီရောင်ဘီးလေးမြင်တော့ ဝမ်းသာလို့ ထခုန်တာ ကြမ်းပြင်ကျိုးသွားတယ်။ အဲဒီနေ့တင်ပဲ စက်ဘီးစီးတတ်သွားတယ်။ ဖေ ကတိတည်ပါတယ်။ လက်စွပ်လည်း ပေးတယ်။

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့




တမှတ်သည် တဘဝ။ ဘဝကို အဆုံးအဖြတ်ပေးတဲ့ အောင်စာရင်းထွက်တာမို့ စိတ်လှုပ်ရှားခဲ့တဲ့နေ့ပါပဲ။ စာမေးပွဲဖြေပြီးကတည်း ဂုဏ်ထူး၂လုံးလို့ ပြောထားတာ မှန်မလား။ မှားမလား။ မနက်စောစော ၅နာရီလောက်ကတည်းက အောင်စာရင်းသွားကြည်ဖို့ မေနဲ့ မခင်ခင်လှိုင်က တက်ကြွနေကြတယ်။ တိုးမပေါက်တဲ့ လူအုပ်ကြားထဲ ခုံနံပါတ်ပြောပြီး သိရတာ ဂုဏ်ထူး၃ခု။ ထွက်မယ်မထင်တဲ့ မြန်မာစာ၊ သချာၤ၊ သိပ္ပံ။ ထင်တဲ့အတိုင်း ဝိဇ္ဖာတွဲက မထွက်ဘူး။ အိမ်ပြန်ရောက်လို့ တော်တော်ကြာမှ သူများပြောတာ မယုံဘူး၊ ကိုယ့်မျက်စိနဲ့တပ်အပ်မြင်ချင်တယ်ဆိုပြီး မေနဲ့ ထပ်ချီတက်ပြန်တယ်။

အဲဒီနှစ်က ဆေးမှတ်ကလည်းတော်တော်မြှင့်သွား၊ အင်ဂျင်နီယာကလည်း GTC ကနေ ကူးရမှာ၊ ဆေးဘက်ပညာသည်လည်း မတက်ချင်၊ စံပြအင်ဂျင်နီယာဆိုတာကြီးကိုလည်း မန္တလေးဖက်မှာ သွားမတက်ချင်၊ အီကိုက ကွန်ပျူတာထက်အမှတ်နည်းတော့ အဲဒီနှစ်က ဆေးပြုတ်တော်တော်များများ ကွန်ပျူတာရောက်တယ်။

တနိုင်ငံလုံး မေးခွန်းတခု စနစ်ကနေ တိုင်းနဲ့ပြည်နယ် တခုစီ မေးခွန်းတခုစီ စနစ်ပြောင်းလိုက်တယ်။ အဲဒီနှစ်က ပုသိမ်မေးခွန်းက ရန်ကုန်ထက်လွယ်တယ်လို့ ဆိုကြတယ်။ ၉တန်းအေခန်းတုန်းက သူငယ်ချင်းတော်တော်များများ ဆေးရောက်ကုန်တာက သက်သေထူပါတယ်။ စန်းထွန်း နင်သာ ဆယ်တန်းကို ပုသိမ်မှာတက်ခဲ့ရင် ဆေးရောက်ချင်ရောက်မှာတဲ့။ နို့မို့ စန်းထွန်းတယောက် နားကြပ်ကြီးတကားကားနဲ့ မြင်ယောင်သေး။ ခုတော့ ကွန်ပျူတာကြီး တကားကားနဲ့။

ကွန်ပျူတာတက္ကသိုလ် ပထမဆုံးနေ့



ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ) ဆိုတာသာ သိတယ်။ ဘယ်ဆီဘယ်ဝယ်မှန်းမသိ။ ညီအမနှစ်ယောက် မေးမြန်းပြီး မြို့ထဲကနေ တညင်းကုန်းအထိ ကားစီး၊ တညင်းကုန်းကနေ ကျောင်းဂိတ်အထိ ကားတဆင့်ပြောင်းစီး၊ ဂိတ်ကနေ ကျောင်းဝင်းနားအထိ ဗိုက်ပူချက်ပလက်ကားကြီး စောင့်စီး။

သစ်ပင်ဆိုလို့ သဘောၤပင်၊ ဆန်ပုပ်နံ့တွေနဲ့ မွှေးကြိုင်နေတဲ့ ရွှေအိုးအရက်ချက်စက်ရုံ၊ ဖူဂျီဆပ်ပြာစက်ရုံကြားက စက်ရုံကြီးကို ကျောင်းယောင်ဆောင်ထားတာ တွေ့လိုက်ရတဲ့သကာလ ရုပ်ရှင်တွေကြည့်ပြီး တက္ကသိုလ်ဆိုတာကြီးကို စိတ်ကူးယဉ်နေတဲ့ ကျောင်းသူလေးခမျာ စိတ်ကူးနဲ့ ကွာဟလေတော့ ကျောင်းသွားဖို့ကို တီကောင်ဆားပက်သလို။ ဒုတိယနှစ်ကျတော့ RollCall က ပထမနှစ်ကလို  မချောင်တော့လို့ ကျောင်းတက်ရာကနေ ကျောင်းပျော်ကြီး ဖြစ်သွားပြန်ရော။

ဘွဲ့ယူတဲ့နေ့


ပညာအမွေပဲ ပေးနိုင်တယ်ဆိုတဲ့ မိဘတွေ ပျော်တပြုံးပြုံးဖြစ်ချိန်မှာ စန်းထွန်းကတော့ ဘွဲ့ယူဖို့ ပြင်ဆင်ရတာ ပင်ပန်းလွန်းလို့ နောက်များဆို အဝေးရောက်ဘွဲ့ယူချင်မိသွားတယ်။

နာဂစ်မုန်တိုင်းတိုက်တဲ့နေ့



ရန်ကုန်မှာလည်း ကော့နေအောင် ခံရသလို ဟိုင်းကြီးကျွှန်းက မိဘနှစ်ပါးအတွက်လည်း  အသက်ရှင်သလား မသိရလို့ အထိတ်တလန့်လန့်။ စိတ်ကြိုက်မုန့်ထုပ်၊ ကျားပျံကိတ်မုန့်လေး ကျွှေးတော့  ရေစိုတဲ့ဆန်နဲ့ ချက်ထားတဲ့ ထမင်းဝါဝါကြီးရယ်၊ ငါးပိဖုတ်လေးနဲ့ စားနေရတာ သုံးရက်ရှိပြီ။ မုန့်လေးက စားလို့ကောင်းလိုက်တာ ဆိုပြီး တလုတ်စာပေးပဲဖြစ်ဖြစ် စားစေချင်တဲ့စိတ်နဲ့ သူ့တပည့်တွေကို  မျှဝေနေတဲ့ ဖေ့ကို တွေ့တော့ ရင်ထဲမကောင်းလိုက်တာ။ အသက်ရှိနေသေးရင် ပစ္စည်းဥစ္စာက ဘယ်အချိန်ချိန်ပြန်ရှာရှာ ရှာလို့ရတယ်လို့ သဘောပေါက်သွားချိန်၊ ကမ္ဘာပျက်သွားချိန်၊ ရက်စက်ယုတ်မာမှု၊ လူသားဆန်စွာ အသက်ရှင်သန်လိုမှုတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အချိန်ပေါ့။

စင်္ကာပူကို လာတဲ့နေ့



လေယာဉ်ဆိုတာ ပထမဆုံးစီးဖူးတဲ့နေ့။ မေကတော့ ပြောပါတယ် စန်းထွန်းမွေးပြီး ၆လသမီးမှာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်လာတော့ လေယာဉ်စီးဖူးတယ်ဆိုပဲ။ ပိစိကွေးဆိုတော့ ဘယ်မှတ်မိမှာတုန်း။ မကြီးကြိုက်တဲ့ သရက်သီးတွေ HandCarry အပြည့်သယ်ခဲ့တာတော့ မှတ်မှတ်ရရ။

စင်္ကာပူမှာဘွဲ့ယူတဲ့နေ့


မြန်မာပြည်မှာတုန်းကလို မဟုတ်ဘဲ ပျော်ပျော်ပါးပါး ဘွဲ့ယူတဲ့ နေ့လေးပါပဲ။ ကျောင်းသားတွေအားလုံး ဘွဲ့ဦးထုပ်ကို မြှောက်ပြီးဖမ်း၊ လက်ဝှေ့ရမ်းပြီး ဓာတ်ပုံရိုက်ခဲ့ရတာ ပျော်ဖို့အကောင်းသား။ မိသားစုစုံစုံညီညီရှိတာကြောင့်လဲ ပါမယ်ထင်ပါတယ်။

စတိတ်လာတဲ့နေ့

စင်္ကာပူကနေ ဟောင်ကောင်ရောက်တဲ့အထိ ၃နာရီလုံး ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေခဲ့ပါတယ်။ ဟောင်ကောင်ကနေ ချီကာဂိုလေယာဉ်ပြောင်းတော့ နံှပြည်စုတ်သာသာ လေယာဉ်တွေစီးဖူးတဲ့ စန်းထွန်းတယောက် ဘိုးအင်းနှစ်ထပ် လေယာဉ်အကြီးကြီးကို တွေ့တော့ ငိုတာတွေရပ်လို့ စူးစမ်းပါတော့တယ်။ ခပ်တည်တည်နဲ့ အပေါ်ထပ်ကို မှားတက်သယောင်နဲ့ စပ်စုလိုက်သေးတယ်။ ခုံတိုင်း ကွန်ပျူတာတွေနဲ့ ကျယ်ပါ့ ။

ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်နေတယ်လို့ ဖန်သားပြင်မှာတွေ့တော့ ဒီအချိန် လေယာဉ်ပျက်ကျရင် ငါတော့ ဂန့်ပြီလို့ တွေးကြောက်လိုက်သေးတယ်။ မီးသီးခလုတ်လေးနှိပ်လိုက်တော့ မီးလင်းလာတယ်။ နားကြပ်လေးက နားထောင်ဖို့။ ဟုတ်ပြီ လူပုံလေးက ဘာပါလိမ့်။ နှိပ်တယ် ဘာမှမထူးခြားဘူး။ ထပ်နှိပ်တယ်။ နောက်တော့မှ လေယာဉ်မယ်လေးက ဘာအလိုရှိပါသလဲရှင်တဲ့။

ဝမ်းနည်းကြေကွဲမှု၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ စူးစမ်းချင်မှုတွေနဲ့ ရင်မောနေရလို့ အမှတ်တရနေ့စွဲလေးပါပဲ။ ကျောင်းရောက်လို့ ခုတင်ပေါ် ပစ်လှဲမှပဲ စိတ်ဒုံးဒုံးချနိုင်တော့တယ်။

ကားမောင်းလိုင်စင်ရတဲ့နေ့

အခက်အခဲတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်တာတွေ၊ ခံပြင်းမှုတွေနဲ့အတူ ဆူနမ်တို့တွေက ၄ ကြိမ်မြောက်မှာ ရပေမဲ့ သူများထက် ပိုခက်ခဲလေ့ရှိတဲ့ စန်းထွန်းထုံးစံအတိုင်း ၆ကြိမ်မြောက်မှာတော့ ရရှိသွားပါတယ်။ ဒါတောင် တခြားပြည်နယ်တွေမှာ လိုင်စင်လျှောက်ဖို့ အရမ်းခက်လို့၊ အကြိမ်ကြိမ်ကြိုးစားနေလို့၊ သနားငဲ့ညှာသောအားဖြင့် မပေးချင်ပေးချင်နဲ့ ကျောင်းကမထွက်ခွာခင် ၂ရက်အလိုမှာမှ ရလိုက်တာပါ။

ချောကလက်တထုပ်ဝယ်ပြီး တွေ့သမျှသူငယ်ချင်းတွေကို ပေးကာ ဒီနေ့ ကားမောင်းလိုင်စင်ရလို့ ကွန်ကရက်လုပ်နေတာဆိုပြီး ပါးစပ်နားရွှက်ချိတ်လုမတတ် ပြုံးဖြီးဖြီးနဲ့ စန်းထွန်းတယောက် တရွက်ကွက်လုံးကြားအောင် မောင်းထုနေခဲ့ပါတယ်။

ကျောင်းကထွက်ခွာတဲ့နေ့


နေသားတကျရှိနေတဲ့နေရာကနေ  ထွက်ခွာသွားရမယ်ဆိုတော့ ဝမ်းနည်းမူတွေနဲ့အတူ ဆူနမ်၊ မိုင်းတို့ကို တွေ့ရမှာမို့ ပျော်ရွှင်မှုတွေရယ် လွန်ဆွဲနေတဲ့ အမှတ်တရနေ့စွဲလေးပါပဲ။

ကဲ သမံစီးရေ ရေးပြီးပြီနော်။ တို့မောင်လေးကို အပိုင်မစီးနဲ့တော့။
အကယ်၍များ စာလာဖတ်နေသူသည် ဝါသနာအရ ဘလော့တွင် စာရေးသားနေသူဖြစ်ပါက စာဖတ်သူအား တဂ်လိုက်ပါသည်။

(ကျောင်းမှ ထွက်ခွာသောနေ့ အမှတ်တရ ဒီပို့စ်လေးကို ရေးသားပါသည်)

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၂။