Showing posts with label Events. Show all posts
Showing posts with label Events. Show all posts

21 October 2017

Womens 5K Classic

အောက်တိုဘာ ၇ ရက် စနေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် အဲလန်တောင်းမြို့ ၂၅ နှစ်မြောက် အမျိုးသမီး 5K (၃ မိုင်) အပြေး၊ လမ်းလျှောက်ပွဲ။ 5K ဝင်ပြေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အပြေးလေ့ကျင့်နေတာ တပတ် ၃ ရက်နှုန်းနဲ့ ၂ လ လေ့ကျင့်ပြီးတာနဲ့ 5K အတွက် ရယ်ဒီဖြစ်ပေမဲ့ အပြေးမှာမပါတော့ဘဲ လမ်းပဲလျှောက်ဖြစ်တော့တယ်။ မပြေးရလည်း ကိစ္စမရှိပါဘူး သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပါဝင်ဆင်နွှဲရတာ ပျော်စရာလည်းကောင်း registeration fee ကလည်း ရင်သားကင်ဆာ ရန်ပုံငွေအဖြစ် လှုဒါန်းမှာမို့ ကုသိုလ်လည်းရ။ မနက် ၈ နာရီစတယ်ဆိုပေမဲ့ စောနေသေးတော့ ဓာတ်ပုံရိုက်လို့ကောင်းမယ်ထင်တဲ့ နေရာမှန်သမျှ ပတ်ပြီးရိုက်။ ပန်းခြံလေးက အတော်သာယာတယ် တောင်ကုန်း၊ စမ်းချောင်း၊ သစ်ပင်တွေ စိမ်းညှို့ညှို့နဲ့ မြူတွေဝေ့ဆိုင်းနေတယ်။ 5K မစသေးဘူး 2K လောက် လျှောက်ပြီးလို့ ခြေထောက်ညောင်းချင်နေပြီ။ တဖြည်းဖြည်းနဲ့ လူတွေပြည့်လာတယ်။ သီချင်းတွေဆို၊ အလှုရှင်တွေကိုဖိတ်ခေါ် စကားပြောခိုင်း၊ ရင်သားကင်ဆာကို အနိုင်ယူနိုင်သူတယောက်က သူ့အတွေ့အကြုံတွေကို ပြောပြတယ်။ ကင်ဆာကို ရင်ဆိုင်ပြီး အနိုင်ယူဖို့ဆိုတာ အတော့်ကိုမလွယ်တဲ့အလုပ်။ စိတ်ရော ခန္ဓာကိုယ်ရော အတော့်ကို ခံနိုင်ရည်ရှိဖို့လိုသလို မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း ကူညီဖေးမဖို့လိုတယ်။

မနှစ်က ပြောပြတဲ့နှစ်ယောက်ဆိုရင် ယောကျာ်းက စွန့်သွားတာတဲ့။ တယောက်က ကောလိပ်ကျောင်းတက်နေတဲ့ သား၊ နောက်တယောက်က ခင်ပွန်းဖြစ်သူက ကူညီဖေးမတယ်တဲ့။ ကင်ဆာကို ရင်ဆိုင်အနိုင်ယူနိုင်တာ ၅ နှစ်အောက်၊ ၅ နှစ်အထက်၊ ၁၀ နှစ်၊ ၁၀ နှစ်အထက်၊ ၂၀ နှစ်ဆိုတဲ့ ဆိုင်းဘုတ်နောက်မှာ ကင်ဆာ Surviors တွေက ချီတက်လမ်းလျှောက်ချိန်မှာ ဘေးမှာရပ်နေတဲ့ အမျိုးသမီးတွေက လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။ အဲဒီအချိန်မှာ မျက်ရည်တောင်ဝဲတယ်။ ၂၀၁၂ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့မှာ ရင်သားကင်ဆာ လမ်းလျှောက်ပွဲ ရုံးကပါဝင်ဆင်နွှဲတော့ အိမ်ရှင်မိသားစုနဲ့ ပါဝင်လမ်းလျှောက်ခဲ့တယ်။ အဲဒီတုန်းက ဘာခံစားချက်မှ ရှိမနေဘူး အပျော်သက်သက် ပါဝင်ဆင်နွှဲတာ။ ခုတော့ ကိုယ်ချင်းစာတတ်ပြီ ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်တဲ့သူတွေကိုတွေ့ရင် အထိုင်အထ အကွေးအဆန့်မှာ ဘယ်လောက်များ နာကျင်နေလိုက်မလဲ။ နာကျင်ကိုက်ခဲ ပင်ပန်းဆင်းရဲလွန်းလို့ အသက်ရှင်သန်ရတာ ပင်ပန်းဆင်းရဲလိုက်တာ ခန္ဓာဝန်ဆိုတာ ဒါမျိုးကိုပြောတာ။ ကင်ဆာဆေးတွေက ပြင်းတော့ လူက နုံးချိနေပြီ အစားအသောက်ပျက် ဆံပင်တွေကျွှတ် ကတုန်ကယင် ရင်တွေပူ ဘယ်လိုမှနေလို့မကောင်း။ ပါဝင်ခ ၄၀ ပေးရပေမဲ့ လက်ဆောင်ရတဲ့ အင်္ကီျနဲ့တခြားပစ္စည်းတွေက ၄၀ ဖိုးလောက် ပြန်ရတယ်။


ပါဝင်ခငွေ၊ အလှုငွေ အားလုံးကို ရင်သားကင်ဆာ သုတေသနအတွက် လှုဒါန်းမှာမို့ တကယ်လိုအပ်တဲ့နေရာမှာ လှုဒါန်းတာမို့ တကယ်သဘောကျတယ်။ ရင်သားကင်ဆာ လမ်းလျှောက်ပွဲမှာ အာရှသားနည်းတယ်။ အဲဒီလိုပွဲမျိုး၊ အားကစားဆိုရင် အာရှသား နည်းတယ်။ အစားအသောက်ပွဲ၊ လျှော့ပင်းဆိုရင်တော့ အာရှသားတွေကြီးပဲ။ အိုင်ကီရာက တနှစ်မှာတရက် စက်တင်ဘာလမှာထင်တယ် Crawfish အနီရောင်ပုဇွန်လုံးရောင်းတယ်။ ဈေးသက်သက်သာသာနဲ့ ကြိုက်သလောက် စားလို့ရတယ်။ တရုတ်တွေကြီးပဲ အိုင်ကီရာကဆော့စ်က မကောင်းလို့ တရုတ်တွေက ကိုယ့်ဆော့စ်ကိုယ်ယူလာသတဲ့ တရုတ်မယန်း ပြောပြတာ။ အမေရိကန်နိုင်ငံတော် သီချင်းဆိုတဲ့အချိန် အားလုံးကငြိမ်သက်ပြီး တချို့က ဘယ်ဖက်ရင်ဘတ်ပေါ် လက်တင်ပြီး နိုင်ငံတော်သီချင်းကို တိုးတိုးလေးလိုက်ဆို။ လှောင်အိမ်ကနေ လွှတ်ပေးလိုက်တဲ့ ငြိမ်းချမ်းရေးသင်္ကေတ ချိုးငှက်ကလေးတွေ ကောင်းကင်ကို တဖျပ်ဖျပ် ပျံတက်သွားကြတယ်။ ပြေးတဲ့သူတွေက တလမ်း၊ လမ်းလျှောက်တဲ့သူတွေက တလမ်း။ လမ်းလျှောက်တဲ့လမ်းမှာ ၃ မိုင်ကို ၄၅ မိနစ် လမ်းလျှောက်မဲ့သူတွေက ၄၅ မိနစ် ဆိုင်းဘုတ်နောက်မှာစီ၊ ၁ နာရီအောက်၊ ကိုယ်တို့ကတော့ ၁ နာရီအထက် ဆိုင်းဘုတ်နောက်မှာ စီကြတယ်။ လူတန်းကြီးက အရှည်ကြီး တတောင်ကိုတက် တတောင်ကိုဆင်း။ ဘေးမှာ ဘော်လန်တီယာ လုပ်အားပေးတွေက လက်ခုပ်တီးပြီး အားပေးကြတယ်။ ၁ မိုင်လျှောက်ပြီးတော့ နည်းနည်းမောလာပြီ ရေခွှက်လေးတွေကမ်းတော့ တော်တော်များများ သောက်ကြတယ်။

အမျိုးသမီးတယောက် ချော်လဲကျတယ်နဲ့တူတယ် ဂေါက်ကွင်းတွေမှာ တွေ့ရတဲ့ ကားလေးနဲ့တင်သွားတယ်။ ၁ နာရီ ၈ မိနစ်မှာ ပန်းဝင်ပါတယ်။ ပန်းဝင်ခါနီး Finish Line မှာ ဘော်လန်တီယာ ကျောင်းသားလေးတွေက ဟိုက်ဖိုက်လုပ်၊ လက်တွေမြောက်ပြီး အမိုးမိုးပေး၊ ချီးယားစ်အော်ဟစ်ပြီး ကြိုဆိုကြတယ်။ ငှက်ပျောသီး၊ ရေဘူး၊ ချောက်ကလက်ကိတ်၊ ချောင်ဒါစွတ်ပြုတ်၊ သစ်တော်သီး ဗိုက်တင်းနေအောင် စားရတယ်။ အပြေးမှာ အသက် ၂၀ ကနေ ၃၀ ကြား ပထမရတဲ့သူက ဘယ်သူ မိနစ်ဘယ်လောက်၊ အသက် ၈၆ က မိနစ် ၄၀ နဲ့ပထမ။ ကိုယ် ၃ မိုင်ကို မိနစ် ၄၀ ပြေးတယ်ဆိုတော့ တရုတ်မယန်းက နင် ပြေးတာမှ ဟုတ်ရဲ့လား လမ်းများလျှောက်နေတာလားတဲ့။ အင်း ကိုယ် လမ်းလျှောက်နှုန်းနဲ့ ပြေးနေတယ် ထင်ပါရဲ့။ တရုတ်မယန်း တက္ကသိုလ်ဝင်ခွင့်ဖြေရတုန်းက အားကစားတခုပါတယ်။ မိန်းကလေးတွေ အပြေးပြိုင်ရတယ် ၁၅ မိနစ်အတွင်း ပန်းဝင်မှ အဲ့ဒီတက္ကသိုလ် ဝင်ခွင့်ရတယ်တဲ့။ မိန်းကလေး ၁၅၀ အကုန်လုံး ၁၅ မိနစ်အတွင်း ပန်းဝင်လို့ Qualified ဖြစ်ပြီး အကုန်ဝင်ခွင့်ရပါတယ်တဲ့။ ကိုယ်တို့ တက္ကသိုလ်ဝင်ခွင့်တုန်းကတော့ အပြေးမပြိုင်ရဘူး မိန်းကလေးတွေက ယောက်ျားလေးထက် ဝင်ခွင့်အမှတ်ပိုများရတယ်။ ခုတော့ တပတ် ၃ ရက် သွားမပြေးတော့ဘူး တပတ်မှာတခါ သွားပြေးတယ်။ ပြေးရင် ‌ချွှေးတွေထွက် လန်းဆန်းပေါ့ပါးသွားတာကို ကြိုက်တယ်။ 5K မှာ ဆုတံဆိပ်တော့ မရခဲ့ပေမဲ့ အတော်ပျော်ခဲ့တယ်။ နောင်နှစ်တွေမှာလည်း အခွင့်ကြုံခဲ့ရင် ပါဝင်ဆင်နွှဲချင်ပါသေးတယ်။ အခွင့်ကြုံရင် အဲဒီလိုပွဲတွေ ပါဝင်ဆင်နွှဲကြည့်ပါ တကယ်ပျော်စရာကောင်းတယ်။

စန်းထွန်း
အောက်တိုဘာ ၂၁၊ ၂၀၁၇။

31 August 2016

Happy Blog Day ...




ရုံးပိတ်ရက်ဆို အမေနဲ့မကြီးကို နယူးယောက်တခွင် လိုက်ပို့နေလို့ ၊ မိသားစုအတူတူ ဆုံချိန်လေးမို့ အချိန်ပေးချင်လို့နဲ့ ဘလော့မှာ စာမရေးဖြစ်တာ အတော်ကြာပြီ။ အမေ ရန်ကုန်ပြန်သွားတာ ၂ ပတ်ကျော်ပြီ အားတဲ့အချိန်တွေ ရှိလာပေမဲ့ စာမရေးတာကြာသွားလို့လားမသိဘူး စာရေးရမှာကို ပျင်းနေတယ်။ ရေးချင်တဲ့စိတ်မရှိ ရေးရမဲ့အကြောင်းအရာမရှိ ဒီလိုနဲ့စာတွေမရေးဖြစ်။ ဖေ့ဘွတ်မှာ ဘလော့ဂါတွေရဲ့ ဘလော့ဒေးအမှတ်တရ စကားလေးတွေ မြင်တော့မှ ဒီနေ့ဘလော့ဒေးမှန်း သိတော့တယ်။ဘလော့ဒေးအစဉ်အလာအရဆို ဘလော့အသစ်တွေကို မိတ်ဆက်ပေးရမှာ။ ဘလော့အသစ် မိတ်ဆက်ပေးဖို့နေနေသာသာ ကိုယ့်ဘလော့ကိုယ်တောင် တလတခါ ဖုန်ခါဖို့ အနိုင်နိုင်ဆိုတော့။ သူများဘလော့ကိုလည်း သွားမလည်ဖြစ် ကိုယ့်ဘလော့ကိုတောင် မနည်းကုတ်ကပ် တက်နေရတယ်။ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာရေတံခွန် သွားတဲ့အကြောင်း၊ ကိုယ့်လုပက်စ်အခြေအနေ၊ မျိုးရိုးထဲကဆိုးပေ အသစ်တွေအကြောင်း ရေးစရာတွေတော့ရှိသား။ ဘလော့မရေးဖြစ်ပေမဲ့ စာအုပ်တွေတော့ ဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တဲ့စာအုပ်တွေက Cheryl Strayed ရဲ့ Wild From lost to found on The Pacific Crest Trail အမေရိကန်မှာ ပေါ်ပြူလာဖြစ်တဲ့စာအုပ် Reese Witherspoon ဗီဒီယိုရိုက်ကတည်းက ကြည့်နေချင်တာ ခုထိမကြည့်ဖြစ်သေးဘူး။ စာကြည့်တိုက်မှာ ဒီဗွီဒီငှားလို့ရပေမဲ့ ကိုယ့်ပန်းသီးကွန်ပျူတာမှာ စီဒီရွမ်ဒရိုက်မပါတော့ မငှားဖြစ်ဘူး။ တောင်တက်တဲ့အကြောင်းမို့လို့လားမသိဘူး အဲဒီစာအုပ်လေးက စိတ်ဝင်စားဖို့ကောင်းသား။ အဲဒီလိုတောင်တက်ချင်တာ ဒါပေမဲ့ မိုင်၁၀၀၀တော့ မတက်နိုင်ဘူး။ Lee Kuan Yew ရဲ့ From Third World to First ကတော့ စာကြည့်တိုက်မှာ မရှိတာနဲ့ အမေဇွန်က ဝယ်လိုက်တယ်။ အသိအစ်မရဲ့ စာအုပ်စင်မှာ တွေ့လိုက်လို့ ငှားဖတ်မလား စိတ်ကူးသေးတယ်။ နောက်တော့ ဝယ်သိမ်းသင့်တဲ့စာအုပ်၊ ဈေးလည်းသက်သာတာနဲ့ ဝယ်လိုက်တယ်။ အရင်တုန်းကတော့ အသက်ကြီးလာရင် လွှတ်တော်အမတ်၊ ဝန်ကြီးလုပ်ဖို့ စိတ်ကူးသေးတယ်။ အဲဒီစာအုပ် ဖတ်ပြီးတော့ နိုင်ငံကို ဦးဆောင်ဖို့၊ သမ္မတလုပ်ဖို့ အရည်အချင်း လုံးဝမရှိမှန်း အသေအချာ သိသွားတယ်။ အဲဒီစာအုပ် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ Anthony Doerr ရဲ့ All the light we cannot see ပေါ်ပြူလာဖြ စ်တဲ့စာအုပ် စာကြည့်တိုက်မှာ hold လုပ်ပြီးစောင့်နေတဲ့သူ ၂၅၀ လောက်ရှိတယ်။ စာကြောင်းအတိုလေးတွေနဲ့ စကားပြေ အရေးအသား ပြေပြစ်ပြီး စကားလုံးတွေ ရွေးချယ်တာလည်း သိပ်ကောင်းတယ်။ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ နိုင်ငံရေး၊ သတင်းတွေ စိတ်ဝင်စားတဲ့သူမို့လား မသိဘူး Hilary Clinton ရဲ့ Hard Choices က အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ မကြီးကတော့ Walter Isaacson ရဲ့ Steve Jobs ဖတ်နေတယ်။ ခုနောက်ဆုံး ဖတ်ပြီးသွားတာကတော့ ဘလော့ဂါတွေရဲ့ ပို့စ်တွေကို စုစည်းထုတ်ဝေထားတဲ့ စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီစာမျက်နှာများ စာအုပ်။ ကိုယ့်ကို အဲဒီလိုစာအုပ်ထုတ်စေချင်တဲ့ မခိုင် လက်ဆောင်ပေးတာ။ ခုဖတ်ချင်နေတာက Eben Alexander ရဲ့ Proof of Heaven: A Neurosurgeon's Journey Into the Afterlife ။ ခန္ဓာကိုယ်က မကိုက်ခဲတော့ ဂစ်တာတီး ပြန်သင်မယ်၊ ခရီးသွားမယ်၊ ဓာတ်ပုံရိုက်မယ်၊ တောင်တက်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ တရားထိုင်မယ်၊ လှလှပပနေမယ်၊ တရုတ်စာပြန်သင်မယ်၊ စာဖတ်မယ်၊ စာတွေရေးမယ်ဆိုတဲ့ စိတ်ကူးတွေ။ အင်း ... စိတ်ထဲမှာတော့ ကူးနေတုန်း။

Happy Blog Day to All !

စန်းထွန်း
သြဂုတ် ၃၁၊ ၂၀၁၆။

13 October 2012

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ဆီသို့ ပန်းခရမ်းပြာ၏ အိမ်မက်များ...

အသိတယောက် အကူအညီတောင်းလို့ ဘလော့ကနေ ကြေငြာမောင်းခတ်လိုက်ပါတယ်။ ကိုယ်တိုင်ကတော့ အဲဒီနေ့မှာ ကုမ္ပဏီကိုယ်စားပြု The Rack Pack အသင်းကနေ  ရင်သားကင်ဆာတိုက်ဖျက်ရေး လမ်းလျှောက်ပွဲမှာ ချီတက်နေမှာမို့လို့ သွားရောက်အားပေးနိုင်မှာ မဟုတ်ပါဘူး။ အမ်..နယူးယောက်နဲ့ ကန်တက်ကီက သိပ်မဝေးပါဘူး။ မိုင်၈၀၀ ကား ၁၃နာရီခွဲပဲ မောင်းရတယ်..  း )  ။

မြန်မာအစားအသောက်လည်း စားရ ကိုယ်ကြိုက်တယ့် အဆိုတော်တွေရဲ့ သီချင်းလည်း နားထောင်ရ မြန်မာပြည် တကယ်လိုအပ်နေတယ့်နေရာတွေမှာ လှုဒါန်းမယ့် သိပ်ကောင်းတယ့် အစီအစဉ်လေးပါ။


နေ့ရက်။ ။ အောက်တိုဘာလ ၂၈ ရက်(တနင်္ဂနွေနေ့)၊ ၂၀၁၂ ခုနှစ်
အချိန် ။ ။ နံနက် ၁၁ နာရီမှ နေ့လည် ၁နာရီအထိ
ရန်ပုံငွေ ရိုးရာအစားအစာမျိုးစုံဈေးရောင်းပွဲ

နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီ အထိ
စာရေးဆရာမဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း - ရန်ကုန်)၊ တေးရေး ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ တေးရေး၊ တေးဆို ဆောင်းဦးလှိုင်တို့၏ ပြည်ပရောက်မိသားစုများနှင့်တွေ့ဆုံဆွေးနွေးဖျော်ဖြေပွဲ နှင့် နယူးယောက်မြို့ခံ Exit Band ၏တီးခတ်သီဆို ဖျော်ဖြေမှုအစီအစဉ်

နေရာ။ ။ Aviation Career & Technical Education High School
45-30 36th Street
Long Island City, NY 11101

ရန်ပုံငွေများကို ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိ လူမှုရေးလုပ်ငန်းများအတွက် နာရေးကူညီမှုအသင်း - ရန်ကုန် နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ကတဆင့်လှူဒါန်းသွားမှာဖြစ်ပါတယ်။

စန်းထွန်း

အောက်တိုဘာ ၁၃၊ ၂၀၁၂။