Womens 5K Classic

အောက်တိုဘာ ၇ ရက် စနေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် အဲလန်တောင်းမြို့ ၂၅ နှစ်မြောက် အမျိုးသမီး 5K (၃ မိုင်) အပြေး၊ လမ်းလျှောက်ပွဲ။ 5K ဝင်ပြေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက အပြေးလေ့ကျင့်နေတာ တပတ် ၃ ရက်နှုန်းနဲ့ ၂ လ လေ့ကျင့်ပြီးတာနဲ့ 5K အတွက် ရယ်ဒီဖြစ်ပေမဲ့ အပြေးမှာမပါတော့ဘဲ လမ်းပဲလျှောက်ဖြစ်တော့တယ်။ မပြေးရလည်း ကိစ္စမရှိပါဘူး သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပါဝင်ဆင်နွှဲရတာ ပျော်စရာလည်းကောင်း registeration fee ကလည်း ရင်သားကင်ဆာ ရန်ပုံငွေအဖြစ် လှုဒါန်းမှာမို့ ကုသိုလ်လည်းရ။ မနက် ၈ နာရီစတယ်ဆိုပေမဲ့ စောနေသေးတော့ ဓာတ်ပုံရိုက်လို့ကောင်းမယ်ထင်တဲ့ နေရာမှန်သမျှ ပတ်ပြီးရိုက်။ ပန်းခြံလေးက အတော်သာယာတယ် တောင်ကုန်း၊ စမ်းချောင်း၊ သစ်ပင်တွေ စိမ်းညှို့ညှို့နဲ့ မြူတွေဝေ့ဆိုင်းနေတယ်။ 5K မစသေးဘူး 2K လောက် လျှောက်ပြီးလို့ ခြေထောက်ညောင်းချင်နေပြီ။ တဖြည်းဖြည်းနဲ့ လူတွေပြည့်လာတယ်။ သီချင်းတွေဆို၊ အလှုရှင်တွေကိုဖိတ်ခေါ် စကားပြောခိုင်း၊ ရင်သားကင်ဆာကို အနိုင်ယူနိုင်သူတယောက်က သူ့အတွေ့အကြုံတွေကို ပြောပြတယ်။ ကင်ဆာကို ရင်ဆိုင်ပြီး အနိုင်ယူဖို့ဆိုတာ အတော့်ကိုမလွယ်တဲ့အလုပ်။ စိတ်ရော ခန္ဓာကိုယ်ရော အတော့်ကို ခံနိုင်ရည်ရှိဖို့လိုသလို မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း ကူညီဖေးမဖို့လိုတယ်။

မနှစ်က ပြောပြတဲ့နှစ်ယောက်ဆိုရင် ယောကျာ်းက စွန့်သွားတာတဲ့။ တယောက်က ကောလိပ်ကျောင်းတက်နေတဲ့ သား၊ နောက်တယောက်က ခင်ပွန်းဖြစ်သူက ကူညီဖေးမတယ်တဲ့။ ကင်ဆာကို ရင်ဆိုင်အနိုင်ယူနိုင်တာ ၅ နှစ်အောက်၊ ၅ နှစ်အထက်၊ ၁၀ နှစ်၊ ၁၀ နှစ်အထက်၊ ၂၀ နှစ်ဆိုတဲ့ ဆိုင်းဘုတ်နောက်မှာ ကင်ဆာ Surviors တွေက ချီတက်လမ်းလျှောက်ချိန်မှာ ဘေးမှာရပ်နေတဲ့ အမျိုးသမီးတွေက လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။ အဲဒီအချိန်မှာ မျက်ရည်တောင်ဝဲတယ်။ ၂၀၁၂ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့မှာ ရင်သားကင်ဆာ လမ်းလျှောက်ပွဲ ရုံးကပါဝင်ဆင်နွှဲတော့ အိမ်ရှင်မိသားစုနဲ့ ပါဝင်လမ်းလျှောက်ခဲ့တယ်။ အဲဒီတုန်းက ဘာခံစားချက်မှ ရှိမနေဘူး အပျော်သက်သက် ပါဝင်ဆင်နွှဲတာ။ ခုတော့ ကိုယ်ချင်းစာတတ်ပြီ ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်တဲ့သူတွေကိုတွေ့ရင် အထိုင်အထ အကွေးအဆန့်မှာ ဘယ်လောက်များ နာကျင်နေလိုက်မလဲ။ နာကျင်ကိုက်ခဲ ပင်ပန်းဆင်းရဲလွန်းလို့ အသက်ရှင်သန်ရတာ ပင်ပန်းဆင်းရဲလိုက်တာ ခန္ဓာဝန်ဆိုတာ ဒါမျိုးကိုပြောတာ။ ကင်ဆာဆေးတွေက ပြင်းတော့ လူက နုံးချိနေပြီ အစားအသောက်ပျက် ဆံပင်တွေကျွှတ် ကတုန်ကယင် ရင်တွေပူ ဘယ်လိုမှနေလို့မကောင်း။ ပါဝင်ခ ၄၀ ပေးရပေမဲ့ လက်ဆောင်ရတဲ့ အင်္ကီျနဲ့တခြားပစ္စည်းတွေက ၄၀ ဖိုးလောက် ပြန်ရတယ်။


ပါဝင်ခငွေ၊ အလှုငွေ အားလုံးကို ရင်သားကင်ဆာ သုတေသနအတွက် လှုဒါန်းမှာမို့ တကယ်လိုအပ်တဲ့နေရာမှာ လှုဒါန်းတာမို့ တကယ်သဘောကျတယ်။ ရင်သားကင်ဆာ လမ်းလျှောက်ပွဲမှာ အာရှသားနည်းတယ်။ အဲဒီလိုပွဲမျိုး၊ အားကစားဆိုရင် အာရှသား နည်းတယ်။ အစားအသောက်ပွဲ၊ လျှော့ပင်းဆိုရင်တော့ အာရှသားတွေကြီးပဲ။ အိုင်ကီရာက တနှစ်မှာတရက် စက်တင်ဘာလမှာထင်တယ် Crawfish အနီရောင်ပုဇွန်လုံးရောင်းတယ်။ ဈေးသက်သက်သာသာနဲ့ ကြိုက်သလောက် စားလို့ရတယ်။ တရုတ်တွေကြီးပဲ အိုင်ကီရာကဆော့စ်က မကောင်းလို့ တရုတ်တွေက ကိုယ့်ဆော့စ်ကိုယ်ယူလာသတဲ့ တရုတ်မယန်း ပြောပြတာ။ အမေရိကန်နိုင်ငံတော် သီချင်းဆိုတဲ့အချိန် အားလုံးကငြိမ်သက်ပြီး တချို့က ဘယ်ဖက်ရင်ဘတ်ပေါ် လက်တင်ပြီး နိုင်ငံတော်သီချင်းကို တိုးတိုးလေးလိုက်ဆို။ လှောင်အိမ်ကနေ လွှတ်ပေးလိုက်တဲ့ ငြိမ်းချမ်းရေးသင်္ကေတ ချိုးငှက်ကလေးတွေ ကောင်းကင်ကို တဖျပ်ဖျပ် ပျံတက်သွားကြတယ်။ ပြေးတဲ့သူတွေက တလမ်း၊ လမ်းလျှောက်တဲ့သူတွေက တလမ်း။ လမ်းလျှောက်တဲ့လမ်းမှာ ၃ မိုင်ကို ၄၅ မိနစ် လမ်းလျှောက်မဲ့သူတွေက ၄၅ မိနစ် ဆိုင်းဘုတ်နောက်မှာစီ၊ ၁ နာရီအောက်၊ ကိုယ်တို့ကတော့ ၁ နာရီအထက် ဆိုင်းဘုတ်နောက်မှာ စီကြတယ်။ လူတန်းကြီးက အရှည်ကြီး တတောင်ကိုတက် တတောင်ကိုဆင်း။ ဘေးမှာ ဘော်လန်တီယာ လုပ်အားပေးတွေက လက်ခုပ်တီးပြီး အားပေးကြတယ်။ ၁ မိုင်လျှောက်ပြီးတော့ နည်းနည်းမောလာပြီ ရေခွှက်လေးတွေကမ်းတော့ တော်တော်များများ သောက်ကြတယ်။

အမျိုးသမီးတယောက် ချော်လဲကျတယ်နဲ့တူတယ် ဂေါက်ကွင်းတွေမှာ တွေ့ရတဲ့ ကားလေးနဲ့တင်သွားတယ်။ ၁ နာရီ ၈ မိနစ်မှာ ပန်းဝင်ပါတယ်။ ပန်းဝင်ခါနီး Finish Line မှာ ဘော်လန်တီယာ ကျောင်းသားလေးတွေက ဟိုက်ဖိုက်လုပ်၊ လက်တွေမြောက်ပြီး အမိုးမိုးပေး၊ ချီးယားစ်အော်ဟစ်ပြီး ကြိုဆိုကြတယ်။ ငှက်ပျောသီး၊ ရေဘူး၊ ချောက်ကလက်ကိတ်၊ ချောင်ဒါစွတ်ပြုတ်၊ သစ်တော်သီး ဗိုက်တင်းနေအောင် စားရတယ်။ အပြေးမှာ အသက် ၂၀ ကနေ ၃၀ ကြား ပထမရတဲ့သူက ဘယ်သူ မိနစ်ဘယ်လောက်၊ အသက် ၈၆ က မိနစ် ၄၀ နဲ့ပထမ။ ကိုယ် ၃ မိုင်ကို မိနစ် ၄၀ ပြေးတယ်ဆိုတော့ တရုတ်မယန်းက နင် ပြေးတာမှ ဟုတ်ရဲ့လား လမ်းများလျှောက်နေတာလားတဲ့။ အင်း ကိုယ် လမ်းလျှောက်နှုန်းနဲ့ ပြေးနေတယ် ထင်ပါရဲ့။ တရုတ်မယန်း တက္ကသိုလ်ဝင်ခွင့်ဖြေရတုန်းက အားကစားတခုပါတယ်။ မိန်းကလေးတွေ အပြေးပြိုင်ရတယ် ၁၅ မိနစ်အတွင်း ပန်းဝင်မှ အဲ့ဒီတက္ကသိုလ် ဝင်ခွင့်ရတယ်တဲ့။ မိန်းကလေး ၁၅၀ အကုန်လုံး ၁၅ မိနစ်အတွင်း ပန်းဝင်လို့ Qualified ဖြစ်ပြီး အကုန်ဝင်ခွင့်ရပါတယ်တဲ့။ ကိုယ်တို့ တက္ကသိုလ်ဝင်ခွင့်တုန်းကတော့ အပြေးမပြိုင်ရဘူး မိန်းကလေးတွေက ယောက်ျားလေးထက် ဝင်ခွင့်အမှတ်ပိုများရတယ်။ ခုတော့ တပတ် ၃ ရက် သွားမပြေးတော့ဘူး တပတ်မှာတခါ သွားပြေးတယ်။ ပြေးရင် ‌ချွှေးတွေထွက် လန်းဆန်းပေါ့ပါးသွားတာကို ကြိုက်တယ်။ 5K မှာ ဆုတံဆိပ်တော့ မရခဲ့ပေမဲ့ အတော်ပျော်ခဲ့တယ်။ နောင်နှစ်တွေမှာလည်း အခွင့်ကြုံခဲ့ရင် ပါဝင်ဆင်နွှဲချင်ပါသေးတယ်။ အခွင့်ကြုံရင် အဲဒီလိုပွဲတွေ ပါဝင်ဆင်နွှဲကြည့်ပါ တကယ်ပျော်စရာကောင်းတယ်။

စန်းထွန်း
အောက်တိုဘာ ၂၁၊ ၂၀၁၇။

1 comment:

Anonymous said...

San San !!
I love it !
Ma Khine