ရေခြားမြေခြား ခရီးသွား - ၄

ဝေါထရိတ်စင်တာမှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်သားတွေကိုတွေ့တော့ အဖေက ဓာတ်ပုံအတူတွဲရိုက်ချင်တယ်ဆိုလို့ မေးကြည့်တော့ ရတယ်တဲ့။ မြန်မာပြည်မှာတော့ စစ်သားတွေ မုန်းကြပေမဲ့ စတိတ်မှာတော့ စစ်သားတွေကို လေးစားကြတယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင် လက်နှစ်ဖက်ကို ခပ်တန်းတန်း ဘေးချထား ဒါမှမဟုတ် ခပ်တင်းတင်းဆုပ်ပြီး စတိုင်ပေးတတ်တဲ့ အဖေဟာ ဒီနှစ်တော့ လက်နှစ်ချောင်းထောင်၊ ဒေါနယ်ထရန့်စတိုင်ဆိုပြီး လက်မနဲ့လက်ညှိုးကို ဝိုင်းပြတယ်။ မကြီးငယ်သူငယ်ချင်းအစ်မကြီးက အဲ့ဒါ သူ့သမီးကြီးနဲ့ စတိုင်တူတာနေမှာလို့ ဖေ့ဘွှတ်မှာ ကွန့်မန့်ပေးတော့ ရယ်လိုက်ရတာ။ လစ်ဘာတီရုပ်ထုဆီ လိုက်ပို့တော့ ဝိုင်းက ရောက်ဖူးပြီးသားကို ဘာလို့လိုက်ပို့တာလဲ ဈေးကြီးပါဘိနဲ့။ ရောက်ဖူးပြီးသားဆိုပေမဲ့လည်း နယူးယောက်ရောက်လို့မှ လစ်ဘာတီကိုမသွားရင် ရန်ကုန်ရောက်ပြီး ရွှေတိဂုံဘုရား မဖူးသလိုမျိုး ခံစားရလို့။ လစ်ဘာတီကျွှန်းကနေ မက်ဟန်တန်စကိုင်းလိုင်းကို ကြည့်နေတုန်း အဖေက သမီးရေ အဲဒီတိုက်အမြင့်ကြီးက ကုလားဆိုင်နားကတိုက်နဲ့တူတယ်နော်တဲ့။ ဟုတ်တယ် အဲဒါဂျာနယ်စကွဲကတိုက်။ အဖေက အဲ့ဒီလို မှတ်ညဏ်ကာင်းတယ်။ ဝေါထရိတ်စင်တာ၊ အင်ပါရာအဆောက်အဦးတွေကိုတော့ သေသေချာချာ မှတ်မိတယ်။ ပါဝါဘောထီက သန်း၄၀၀ဆု ဖြစ်နေပြီ ကံစမ်းကြမယ်ဆိုပြီး စတိုးဆိုင်ထဲဝင် စက်ကနေ ထီလက်မှတ်ဝယ်တာ အဖေ့ကိုပြတယ်။

အဖေ ဒီအပေါက်ထဲကို ၂ ကျပ်ထည့် ငွေထည့်ရမဲ့ပုံ ပြထားတယ်တွေ့လား။ အဲဒါတွေက ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ တန်၊ ၂၀ တန်တွေပဲ လက်ခံတယ်လို့ ရေးထားတာ။ ပိုက်ဆံထည့်ပြီးရင် ထီလက်မှတ်တွေ အများကြီးထဲမှ ၂ ကျပ်တန် ပါဝါဘောထီ၊ ၁ ကျပ်တန် မက်ဂါမီလီယမ်ထီ ခလုတ်ကိုနှိပ်၊ ကျလာတဲ့ ထီလက်မှတ်ကိုသိမ်းထား။ ထီဖွင့်တဲ့နေ့ကျရင် ဒီဘာကုတ်ရီဒါစက်အောက်မှာ လက်မှတ်ကိုလာဖတ်၊ ကောင်တာကလူတွေကို စစ်ခိုင်းလို့ရတယ်။ အဖေနဲ့အမေက အထူးအဆန်း သဘောတွေကျလို့။ ထီပေါက်ရင် သမီးအတွက် အိမ်ဝယ်ပေးခဲ့မယ်လို့ စိတ်ကူးယဉ်ကြပေမဲ့လည်း ကိုယ်က ဘာဆိုဘာမှ အလကားမရ လွယ်လွယ်ကူကူ သက်သက်သာသာနဲ့ရမဲ့ ကံမပါ။ ဘယ်အရာမဆို ခက်ခက်ခဲခဲ ကြိုးစားအားထုတ် ပင်ပန်းဆင်းရဲခံပြီးမှရမဲ့ ဇာတာပါလာတော့လည်း သန်းဆုကံခေတာပေါ့။ အမေက စတိတ်ကို သိပ်သဘောကျတယ်။ လူသွားလမ်း၊ ပန်းခြံ၊ မသန်းမစွမ်းတွေ အမြင့်ကိုတက်ဖို့ တွန်းလမ်း၊ အိမ်သာ၊ အမှိုက်ပုံး၊ နေရာတကာ သန့်သန့်ရှင်းရှင်း စိမ်းစိမ်းစိုစို၊ စနစ်တကျနဲ့ လူတွေသွားရလားရ လွယ်ကူအောင် စီစဉ်ပေးထားတယ်။ အသီးအရွက်တွေဆိုရင်လည်း ချိုနေတာပဲ အစိမ်းစားစား၊ ပြ ုတ်စားကြော်စား အရသာရှိမှရှိ။ မကြီးက အမေ လေဆိပ်မှာ ရေဘူးဝယ်မသောက်နဲ့ ဈေးကြီးတယ် ရေဘူးဆောင်သွား။ လူဝင်မှုကြီးကြပ်ရေးမဖြတ်ခင် ရေအကုန်သောက် ပြီးရင် အိမ်သာရှေ့က ရေဖြည့်ကန်မှာရေဖြည့်။

ပေမှီဒေါက်မှီ ငါးပေဆယ်လက်မ
အမေက သမီးတွေပြောရင် အတိအကျလိုက်နာတယ်။ ခရီးသွားတယ်ဆိုရင် အမေက ရေဖြည့်တဲ့တာဝန်ယူတယ်။ အိမ်နားက Red Bull ဘောလုံးကွင်းမှာ ဘောလုံးပွဲသွားကြည့်တော့ ရေဘူးယူခွင့်မပြုဘူး။ တချို့တွေက ရေဘူးအဖုံးဖွင့်ပြီး အဖုံးကိုလွင့်ပစ်ရင် ဝင်လို့ရပေမဲ့ ကိုယ့်ရေဘူးကျတော့ အဖုံးလွှင့်ပစ်တာလည်း လက်မခံဘူး။ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့မှ ဝင်ခွင့်ပြုတယ်။ ရေဘူးကို နှမြောလိုက်တာ ရေဘူးလေးက ချစ်စရာလေး အိုင်ကီရာကဝယ်ထားတာ။ ဘာလို့ကိုယ့်ရေဘူးကို လက်မခံရတာလဲဆိုတာ စဉ်းစားကြတော့ အဖေက ရေဘူးကမာတော့ ကွင်းထဲကိုပစ်မှာ စိုးရိမ်လို့နဲ့တူတယ်တဲ့။ ဘောလုံးကွင်းထဲမှာ ရေဆာလာလို့ ရေဘူးဝယ်သောက်တာ ၅ ကျပ်တောင် ပေးရတယ်။ ရေဘူးအဖုံးကိုဖွင့်ပြီး သူတို့ယူထားလိုက်ပြီးမှ ပေးတယ်။ နောက်တခေါက်သွားတော့ နပ်သွားပြီ ရေဘူးခွံပါးပါးလေး ဝယ်သွားတယ်။ ယောကျ်ားလိုင်း၊ မိန်းမလိုင်း တန်းစီရတော့ အဖေ့လက်ထဲကရေဘူးကို လက်ညှိုးထိုးပြီး နိုး ... နိုး....တဲ့။ အဖေက ရေဘူးအဖုံးဖွင့်တဲ့ ပုံသဏ္ဍန်လုပ်ပြီး လက်ကိုဖြန့်ပြ သဘောက ရေဘူးအဖုံးကို ဖွင့်ထားတယ်လေဆိုတဲ့သဘော။ အိုကေ...အိုကေ ဆိုပြီး ဝင်ခိုင်းလိုက်သတဲ့ အဖေက ဟိုတပတ်က မသိလို့ခံရပြီးပြီ ဒီတပတ်တော့ ဘယ်ရမလဲ။ အဖေ ရေဘူးအဖုံးကို လွှင့်ပစ်လိုက်တာလား ဘယ်ကသာ အင်္ကီျအိတ်ထဲထည့်ထားတာ သူတို့လည်တာလောက်တော့ အပျော့။ ရယ်လိုက်ရတာ အဖေက အဲဒီလိုလူလည်ပါဆို။

ဘောလုံးကွင်းမှာ ပထမပိုင်းပွဲပြီးချိန် အနားပေးတော့ ကိုသက်ထွေးအဖေက အိမ်သာသွားတယ်။ တော့တင်ဟမ်စပါးနဲ့ ရိုးမားကို ကွင်းလုံးပြည့် ဒင်းကြမ်းပြည့် အားပေးကြတာ အဖေမှန်းတာ လူ ၄ ထောင်လောက် ဆံ့မယ်ဆိုပဲ။ ဒီလောက်လူများနေပေမဲ့လည်း နေရာမမှတ်မိလို့ လမ်းပျောက်နေမှာ စိတ်မပူရဘူး။ သူ့အမှတ်အသားနဲ့သူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာတာပဲ။ အဖေတို့ပြန်တော့ လေယာဉ်က ညသန်းခေါင် ရန်ကုန်ကို ဆိုက်ရောက်တယ်။ မောင်မောင်က အဝေးကိုရောက်နေလို့ သူ့သူငယ်ချင်းကို သွားကြိုဖို့ အကူအညီတောင်းမလို့ဟာ ကားရောင်းလိုက်ပြီဆိုတော့ မတောင်းတော့ဘူး။ အဖေက ရတယ် တက္ကစီငှားသွားမယ်ဆိုတော့ မကြီးက စိတ်ပူတယ်။ ညဉ့်နက်သန်းခေါင်ဆိုတော့ လုယက်တာတွေရှိတယ်လို့ ကြားတယ်တဲ့။ အဖေ မကြီးက စိတ်ပူနေတာ လုယက်တာတွေ ဖြစ်မှာစိုးလို့ဆိုတော့ အဖေ ကားနံပါတ်ကို ဓာတ်ပုံရိုက်ထားတယ်။ ဖုန်းပြောသလိုဘာလိုလိုနဲ့ မသိမသာလေး ဒရိုင်ဘာမသိအောင် ရိုက်ထားတယ်တဲ့။ အဖေက အဲဒီလို ဖြတ်ထိုးညဏ်ကောင်းတယ်။ မနက်စောစော ဖုန်းမယူဘဲ အမေ လမ်းလျှောက်ထွက်သွားလို့ စိတ်ပူလိုက်တာ။ ကိုယ့်ဖုန်းနံပါတ်လည်း အလွတ်မရ၊ အိမ်နံပါတ်လည်းမသိဆိုတော့ လမ်းပျောက်နေမှ ဒုက္ခ။ ရဲကို အကူအညီတောင်းဖို့၊ ရထားစီးတဲ့အခါ ကိုယ်က ပလက်ဖောင်းမှာကျန်နေ အဖေတို့က ရထားထဲပါသွားခဲ့ရင် နောက်ဘူတာမှာဆင်း၊ အဲဒီနေရာမှပဲရပ်နေလို့ မှာထားတယ်။

လက်နှစ်ချောင်း ထောင်တတ်နေပြီ
အပြင်သွားရင် ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာပါတဲ့စာရွက်လေးကို အမြဲဆောင်ခိုင်းတယ်။ အဖေတို့ ပထမအကြိမ်လာတုန်းက သုံးပါးကျောင်းဆရာတော်ကို သွားဖူးတော့ ဆရာတော်က စတိတ်ရောက်ခါစ ဘုန်းကြီးတပါး မနက်လမ်းလျှောက်ထွက်သွားတာ လျှောက်ရင်းလျှောက်ရင်း ကျောင်းကိုရှာမတွေ့ လမ်းပျောက်သွားတာ ၂ ရက်လောက်ကြာတယ်။ လမ်းတွေက မန္တလေးလို လေးထောင့်ကွက်တွေနဲ့ ဆောက်ထားတယ်လို့ ထင်နေတာ။ အပင်တွေကို ရေလောင်းနေတဲ့အမေရိကန်တယောက်က သူ့မိန်းမယိုးဒယားမကို ယိုးဒယားဘုန်းကြီးတစ်ပါး အိမ်ရှေ့ရောက်နေတယ်လို့ သတင်းပေး။ ယိုးဒယားမကမေးမြန်း မြန်မာသံရုံးကိုဆက်သွယ် ကျောင်းထိုင်ဆရာတော် ရောက်လာတော့မှ အဲဒီကိုယ်တော်လည်း မေ့လဲသွားတယ်။ အဲဒီလို ကြားထားတော့ စိတ်ပူတာပေါ့ အမေ အိမ်ပြန်ရောက်လာပြီဆိုတဲ့ မက်ဆေ့ရမှပဲ စိတ်အေးသွားတယ်။ သမီး ဒီနားကနေ လေယာဉ်ပျံတွေ ငါးမိနစ်တစင်း တက်လိုက်ဆင်းလိုက်။ ဆယ်မိနစ်လောက်အဝေးမှာ အင်တာနေရှင်နယ်လေဆိပ်ရှိတယ်။ အင်တာနက်ကနေ လေယာဉ်တွေ ဘယ်လောက်များတယ်ဆိုတာ ပြလိုက်တယ်။ ကားတင် traffic ရှိတာမဟုတ်ဘူး ကောင်းကင်မှာလည်း traffic ရှိတယ်။ ဒါကြောင့် လေယာဉ်က လေဆိပ်ရောက်နေတာတောင် ချက်ခြင်းမဆင်းရသေးဘူး ၁၅ မိနစ်လောက် ကောင်းကင်မှာဝဲပြီး ဆင်းဖို့စောင့်နေရတာကိုး။

အဖေတို့စီးလာတဲ့လေယာဉ် ဘယ်ရောက်နေပြီ ဘယ်လမ်းကြောင်းနဲ့သွားတယ်ဆိုတာ အကုန်ကြည့်လို့ရတယ်။ ဟုတ်လား စိတ်ဝင်စားစရာပဲ။ အဖေတို့စီးလာတဲ့ လေယာဉ်က တနာရီ ဘယ်နှမိုင်နှုန်း မောင်းလဲသိလား။ အဲဒါတော့ မသိဘူး နယူးယောက်ကနေ လော့အိန်ဂျလစ်ကို မိုင် ၃၀၀၀၊ ၆ နာရီစီးရတာ မှတ်မိလား။ ၂၀၁၅ တုန်းက ကယ်လီဖိုးနီးယားဖက်ကို ၇ ရက် ခရီးထွက်တုန်းကလေ။ မှတ်မိတယ် အဲဒါဆို ၁ နာရီ မိုင် ၅၀၀ နဲ့ မောင်းတာပေါ့။ ဘိုးအင်းလေယာဉ်ကတော့ ပိုမြန်လိမ့်မယ်ထင်တယ်။ မကြီးကိုပြောပြတော့ အယ်မလေး သားအဖနှစ်ယောက် ခေါင်းချင်းဆိုင်နေလိုက်ကြတာ အဲဒီဆိုဒ်မှာ ဘယ်လေယာဉ်က ဘယ်လမ်းကြောင်းကနေ ဘယ်နှမိုင်နှုန်းနဲ့သွားတယ်ဆိုတာ အကုန်ရေးထားတယ်။ အဖေ ဘာတွေနှိပ်လိုက်လဲတော့မသိဘူး အိုင်ပတ်က ဘယ်လိုမှဝင်လို့မရတော့ဘူး။ ဝေါထရိတ်စင်တာက ပန်းသီးဆိုင်ကိုသွားတော့ ကာစတာမာဆားဗစ်ခေါ်ပါတဲ့။ ကွန်ပျူတာနဲ့ အိုင်ပတ်ကို ချိတ်ဆက်၊ ကိုယ့်ကွန်ပျူတာထဲ remote login နဲ့ဝင်ပြီး iOS အသစ် ဒေါင်းလုပ်ချ၊ account ဝင်ခိုင်းတာ password မှားနေလို့ ဘယ်လိုမှ ဝင်လို့မရဘူး။ ၁ နာရီကြာတယ် နောက်နေ့လည်း နာရီဝက်လောက်ကြာအောင် လုပ်ပြီးတော့ စင်္ကာပူကနေဝယ်တာဆိုတော့ စင်္ကာပူကို ပြန်ပို့ပါတဲ့။

ဒေါနယ်ထရန့် စတိုင်ပါတဲ့
နောက်တော့ မကြီးကို password နောက်တခုမေးပြီး ဝင်တော့ရတယ်။ ပန်းသီးက Security ကောင်းလိုက်ပုံများ။ အဲဒီလို ခက်ခက်ခဲခဲ လုပ်နေရတာကိုမြင်တော့ အမေက အဖေ့ကို ဆူတယ် ကလိဦးလေ ခုတော့ဖြစ်ပြီမလား ကိုယ်လုပ်လို့ဖြစ်တာဆိုတော့ ငြိမ်နေတယ် သူများလုပ်ရင် ပြောမဆုံးဖြစ်ဦးမယ် အဲဒီလိုပျက်မှာစိုးလို့ ဘာမှမလုပ်တာလို့ အမေကဆူတော့ အဖေက မျက်နှာငယ်လေးနဲ့ငြိမ်နေတယ်။ ဆေးကဒ်ကုန်ပြီး ကဒ်အသစ်ဖောက်တာမဟုတ်ဘူး ဟိုအကဒ်မှာနည်းနည်း ဒီအကဒ်မှာနည်းနည်း ဒီမှာကြည့် ငါမှာ တကဒ်ကုန်မှ တကဒ်ဖောက်တာ ခရီးသွားမယ်ဆိုရင် ဒီကဒ်လေး ၂ ကပ် ယူသွားရုံပဲ။ ဘယ်လောက်ပြောပြော ဘယ်တော့မှ နားမထောင်ဘူး စည်းကမ်းမရှိဘူး သူ့သမီးတွေပြောမှ နားထောင်တယ် သမီးပြော။ အမေ အဖေပြောတာမှန်တယ် အဲ့လိုဖြစ်ရမှာပေါ့ မဟုတ်ဘူးလားဆိုတော့ ရှက်ရယ်ရယ်နေလေရဲ့။ ဒီတခေါက်တော့ လူအများနဲ့မျှနေရတာ မဟုတ်တော့ အနေမကြုံ့့၊ မြို့လေးကလည်း အေးအေးဆေးဆေး သာသာယာယာ ခြေခင်းလက်ခင်းသာ၊ တပတ် ၂ ခါလောက် ညနေရုံးဆင်းရင် ဝေါထရိတ်စင်တာကိုလာ ပြီးရင် မက်ဟန်တန်တခွင် လျှောက်လည်။ အဖေနဲ့အမေတော့ ပျော်ရွှင်မှုတွေ၊ အမှတ်တရတွေ တပွေ့တပိုက်နဲ့ ပြန်သွားကြလေရဲ့။

စန်းထွန်း
အောက်တိုဘာ ၁၄၊ ၂၀၁၇။


2 comments:

AMK said...

အစ်မ အဖေနဲ့  အမေ အမေ၇ိကလာလည်တဲ့ ခ၇ီးလေးတွေ ဖတ်၇တာ သဘောကျပါတယ်

San San Htun said...

AMK said...
အစ်မ အဖေနဲ့ အမေ အမေရိကလာလည်တဲ့ ခရီးလေးတွေ ဖတ်၇တာ သဘောကျပါတယ်
October 15, 2017 at 10:21 PM