ဂျီစီ ခရီးကြမ်း - ၁

၂၀၀၅၊ ၂၀၀၆ မှာ ကျောင်းနေဖက်သူငယ်ချင်း တော်တော်များများ စင်္ကာပူမှာ ကျောင်းသွားတက်ကြတယ်။ အဲဒီတုန်းက တုပ်တုပ်မှမလှုပ်တဲ့ကိုယ်ဟာ မကြီး စင်္ကာပူရောက်တော့မှ ကိုယ့်သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းပြီး မကြီးက ကျောင်းတွေလျှောက်ခိုင်းတယ်။ ကိုယ်တို့ကျောင်းကလူတွေ တက်ကြတာက စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) မှာဆို Institue of System Science (ISS) က Graduate Dip in System Analysis (GDip SA)၊ အင်ဂျင်နီယာကျောင်းက Mater of Softwar Engineering ၊ နန့်ယန်းစက်မူတက္ကသိုလ် (NTU) မှာဆို Wee Kim Wee School of Communitcation and Information ကျောင်းက မာစတာတွေ။ Wee Kim Wee School ကျောင်းက မာစတာတွေကို လျှောက်တယ်။ ဒီကျောင်းကို ဘာလို့တက်ချင်ရတာလဲ၊ ဒီဘာသာရပ်ကို ဘာလို့ရွေးချယ်တာလဲ၊ ကိုယ့်အကြောင်း၊ ကိုယ့်ရည်မှန်းချက်အကြောင်း အက်ဆေး ၂ ပုဒ် ရေးရတယ်။ နောက်တခုက သတ်မှတ်ထားတဲ့အချိန်ရောက်မှ အီးမေးလ်ပို့ပြီး ၁ နာရီအတွင်း အက်ဆေးရေးခိုင်းတာ။ အတော်ခက်ပြီး အတင်းကိုဖျစ်ညှစ်  ကြိုးစားပမ်းစား ရေးခဲ့ရတယ်။ ၂၀၀၇ အောက်တိုဘာမှာထင်တယ် MCC ခန်းမထဲ မြန်မာပြည်မှာ နောက်ဆုံးကျင်းပတဲ့ GDipSA ဝင်ခွင့်စာမေးပွဲ ဝင်ဖြေတယ်။ သင်္ချာ၊ အင်္ဂလိပ်စာ၊ problem solving skills တွေ မေးတယ် Calculator မသုံးရဘူး။ မကြီး ACCA စာမေးပွဲဖြေရင် MCC ခန်းမဆောင်မှာ ဖြေနေကျဆိုတော့ အဲယားကွန်း အရမ်းအေးတယ်လို့ကြားဖူးတယ်။

ကိုယ့်မှာတော့ MCC ခန်းမဆောင်ထဲမှာ ‌ချွှေးပြိုက်ပြိုက်ကျအောင် ဖြေခဲ့ရတယ်။ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်အင်္ဂလိပ်စာ ကောင်းတယ်လို့ ပြောကြတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ ၂ နှစ်လောက် စောင့်နေရတဲ့အချိန် လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျာင်း သွားတက်တယ်။ ဒါကလည်း မကြီး တိုက်တွန်းလို့ပါ။ ကိုယ့်ဘာသာဆို ဘာမှလုပ်ဖြစ်မယ်မထင်။ မောင်မောင့်ကိုလည်း သင်တန်းတွေ လိုက်အပ်ပေး တက်ခိုင်းပေမဲ့ တရက်သာသွားတက်ပြီး နောက်သွားမတက်တော့ဘူး။ ကိုယ်က သင်တန်းခပေးပြီး သွားမတက်ရင် နှမြောစရာကြီးဆိုပြီး အပ်တဲ့သင်တန်းတွေကို မပျက်မကွက်တက်တယ်။ တက္ကသိုလ်ကျောင်းတွေပိတ်ရင် တိုဖယ်ဦးသိန်းဝင်း၊ ဘဝသစ်ဦးအောင်ကျော်၊ မြေနီကုန်းက ဆရာနယ်ဆင် အင်္ဂလိပ်စာသင်တန်းကျောင်းတွေ တက်တယ်။ အဲဒီလိုတွေ တက်ခဲ့လို့လည်း နိုင်ငံခြားမှာ ကျောင်းတက်ဖို့ပြင်ဆင်တော့ အင်္ဂလိပ်စာအတွက် ဘယ်အခက်အခဲမှ မရှိခဲ့ဘူး။ ဖူးဘရိုက်ပညာတော်သင်ဆု ဝင်လျှောက်ပါလားသမီး ဗွီအိုအေရေဒီယိုသတင်းမှာ ကြားလိုက်တယ်လို့ အမေကပြောလို့ ဝင်လျှောက်တယ်။ တိုဖယ်အမှတ်မရှိတဲ့သူတွေ အမေရိကန်သံရုံးမှာ စာမေးပွဲဝင်ဖြေ အမှတ်မှီရင် ဝင်လျှောက်လို့ရတယ်ဆိုတော့ ဝင်ဖြေတာ အမှတ်နည်းနည်းလိုသွားတယ်။ NTU မာစတာ ငြင်းပယ်ခံရပြီး NUS က GDipSA ဝင်ခွင့်အတွက် ဖုန်းနဲ့အင်တာဗျူးတယ်။

တခြားသူငယ်ချင်းတွေကတော့ နည်းပညာမေးခွန်းတွေ အမေးခံရပြီး ကိုယ့်ကျတော့ အလာဘသလာဘ ပြောသလောက်ပဲ။ အစ်မရှိတယ်ဆိုတော့ အကုန်လုံး အစ်မစီစဉ်ပေးမှာပေါ့ ဟုတ်တယ်မလားတဲ့။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတိုက်ပြီးချိန် ကျောင်းဝင်ခွင့်ရတော့ ကိုယ်က သိပ်မသွားချင်ဘူး။ နာဂစ်မုန်တိုင်းကြောင့် ပိုင်ဆိုင်တာတွေ အကုန်ဆုံးရှုံး မိဘတွေတောင် ကံကောင်းလို့အသက်ရှင်တာဆိုတော့လေ။ အမေက ပိုက်ဆံအတွက် ဘာမှစိတ်မပူနဲ့သမီး အမေ ဖြစ်အောင်စီစဉ်ပေးမယ်တဲ့။ အဖေက အင်တင်တင် သူက သူ့သမီးကို ကျူတာဆရာမဖြစ်စေချင်တာကိုး။ ကိုယ့်ကို မာစတာတက်ပြီး ဆရာမလုပ်စေချင်တာ နယ်မှာတာဝန်ကျရင် အမေကချက်ပြုတ်ပေး သူကအလည်လာ သမီးက တက္ကသိုလ်ဆရာမဆိုပြီး ဂုဏ်ယူချင်တာ။ သမီးဖြစ်သူကလည်း ဆရာမလုံးဝမလုပ် မာစတာဝင်ခွင့်ရတော့ ဆရာမ မလုပ်ခိုင်းဘူးဆိုမှ မာစတာတက်မယ်လို့ပြောတော့ ဆရာမ မလုပ်ခိုင်းပါဘူး မာစတာသာတက်ပါ ပိုက်ဆံဘယ်လောက်ကုန်ကုန် ပေးပါ့မယ်တဲ့။ စင်္ကာပူဖက်ကကိစ္စတွေကို မကြီး စီစဉ်နေမှာဆိုတော့ ဘာမှပူစရာမလို အထုပ်ဆွဲသွားရုံ။ ၂၀၀၈ သြဂုတ် ၁ ကျောင်းစတက်တဲ့နေ့ ဆရာမမယ်ဂန်က ခုက recession စီးပွားပျက်ကပ်ဆိုက်နေချိန်။ DBS ဘဏ်မှာ အလုပ်သမား ၉၀၀ ဖြုတ်တဲ့အထဲမှာ အများစုက အိုင်တီသမားတွေ။ အရည်အချင်းတွေ ဖြည့်ထားကြ အားလုံးတွန်းတိုက် ကျော်ဖြတ်ရမယ် အရည်အချင်းရှိတဲ့သူသာ ကျန်ရစ်မယ် Survival of the fittest ။ ၁ နှစ် ဒစ်ပလိုမာသင်တန်းပေမဲ့ တကယ်ပင်ပန်းတယ်။

Fall foliage hiking at Bear Mountain, New York State. October 21, 2017, Saturday.

မနက် ၉  နာရီကနေ ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကား၊ နောက်ဆုံးရထားစီးပြီး အိမ်ပြန်။ အိမ်မှာ အိပ်ရုံပဲအိပ် စနေ၊ တနင်္ဂနွေလည်း ကျောင်းမှာ ပရောဂျက်တွေလုပ်။ အဲဒီကျောင်းတက်တော့မှ Team work ၊ Presentation ၊ Project Management ၊ Internview ဆိုတာတွေ တကယ်နားလည်တော့တယ်။ ၆ လပြီးတော့ ၆ လ အင်တန်းရှစ်ဆင်း allowence money စရတယ်။ အင်တန်းရှစ်မှာ ဘာတွေလုပ်ရတယ်ဆိုတဲ့ ပရောဂျက်တင် ၁ နှစ်ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ရယ်ဒီ။ NUS က ကမ္ဘာ့အဆင့် ၂၀ ကျော်ရှိတဲ့တက္ကသိုလ် တကယ်ကောင်းတဲ့ကျောင်း။ NUS ကျောင်းထွက် ဖြစ်ရတာကို ဂုဏ်အယူဆုံးပဲ။ အင်တန်းရှစ်ဆင်းတဲ့အချိန်မှာ 711 မှာ အချိန်ပိုင်းလုပ်တယ်။ အမေကမှာတယ် စကားကို ဆင်ဆင်ခြင်ခြင်ပြောသမီးတဲ့။ မဟုတ်မခံ ဆတ်ဆတ်ကြဲ အားမနာတတ် အမြင်ကတ်ရင် နှပ်တတ်တဲ့ ကိုယ့်အကြောင်းကိုသိလို့ ဆုံးမရှာတယ်။ 711 မှာ စီနီယာတွေ ပညာပြတာတွေကို အံကြိတ်သည်းခံ မျက်ရည်ကျပေမဲ့လည်း တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်လုပ်တော့ မန်နေဂျာက သဘောကျတယ်။ ကျောင်းသားဗီဇာကုန်တော့ အချိန်ပိုင်းလုပ်ခွင့် မရှိတော့ဘူး။ ကျောင်းပြီးတာနဲ့ အလုပ်ရဖို့ ရှာဖွေရပြီ။ ဘယ်သူကတော့ ဘယ်မှာအလုပ်ရသွားပြီလို့ကြားရင် စိတ်တွေပူ ဘယ်တော့များ အလုပ်ရပါ့မလဲ။ ကိုယ်တို့ကျောင်းက တော်တော်များများ ၁ လခွဲ ၂ လအတွင်း အလုပ်ရကြတယ်။ ကျောင်းသားဗီဇာကုန်သွားပြီး အလုပ်မရသေးရင်လည်း စိတ်ပူစရာမလိုဘူး။ EPEC long term pass တစ်နှစ်ထပ်လျှောက်ပြီး အေးအေးဆေးဆေး အလုပ်ရှာလို့ရတယ်။

ကျောင်းကြွေးတွေရှိတော့ အလုပ်ရမှ ဆပ်နိုင်မှာဆိုတော့ stay အတွက် အဆင်ပြေအောင် လုပ်ပေးထားတာ။ ကျောင်းတောင်မပြီးသေးဘူး ပီအာအော်ဖာလက်တာ ရနေပြီ။ အလုပ်ရတာနဲ့ Perminant Residence (PR) offer letter ကိုင်ပြီး ပီအာတန်းလျှောက်ရတယ်။ ၂၀၀၇ လောက်အထိ လူတိုင်းနီးပါး ပီအာရတယ် ကိုယ်လျှောက်တဲ့နှစ်မှာတော့ ပီအာတွေ ကြပ်နေပြီ။ ကိုယ်တို့နှစ်က တော်တော်များများ ပီအာအငြင်းခံရတယ်။ ကိုယ်လည်း ပီအာအငြင်းခံရပြီး Employment Pass EP ရတယ်။ တချို့တွေကတော့ Work Permit နဲ့ တရားဝင်အလုပ်လုပ်။ တချို့ကျတော့လည်း visit visa နဲ့လာ တလအတွင်း အလုပ်မရရင် မလေးရှားဖက်ကို ခဏထွက် ပြန်ဝင်ရင် တလထပ်ရ၊ နောက်ထပ် တလထပ်တိုး စုစုပေါင်းရတဲ့ ၃ လအတွင်း အလုပ်ရှာ။ အလုပ်ရရင် ကုမ္ဗဏီက Spass ၊ EP လျှောက်ပေး။ စင်္ကာပူက နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လည်ပတ်ရတဲ့ တိုင်းပြည်ဆိုတော့ stay အတွက် နည်းနည်းလွယ်သလားလို့။ အလုပ်ဗီဇာ cancel လုပ်ပြီးရင် တလနေခွင့် ရှိပါတယ်။ စင်္ကာပူမှာ overstay ဖြစ်ရင် ပြစ်ဒဏ်ပေးတဲ့ ကြိမ်ဒဏ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ စင်္ကာပူရုံးက အတော်ပျော်ဖို့ကောင်းတယ် အိုင်တီဋ္ဌာနက အာဆီယံလို့ တင်စားရတယ်။ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တွေပါတော့လေ။ ကိုယ်တို့ lunch group လေးက အတော်ပျော်ဖို့ကောင်းတယ်။ ကိုယ်က အစကတည်းက စဉ်းစားပြီးသား စင်္ကာပူမှာ ၃ နှစ်နေမယ် NUS က Master of Softwar Eningeering တက်။ ဒါမှမဟုတ် သြစတြေးလျမှာ မာစတာတက်၊ ဒါမှမဟုတ် သြဇီပီအာလျှောက်ပြီး သြဇီပြောင်းမယ်လို့ စိတ်ကူးထားတာ။ မှန်းထားတဲ့ ၃ နှစ်မပြည့်သေးဘဲ ၂ နှစ်ခွဲနဲ့ စတိတ်ကို ထွက်လာခဲ့တယ်။

အလုပ်ရှာရင်း အလုပ်ရှာဖွေရေးဆိုဒ်မှာ တင်ထားတဲ့ အမေရိကန်ကျောင်းက အင်တန်းရှစ်ကြေငြာမှာ resume  ပစ်တင်မိရာက စလိုက်တဲ့ဇာတ်လမ်းဟာ programming test ၃ ပုဒ်မေး B ရတော့ Transcripts တွေပို့ Financial Statments တွေပို့ မန်နေဂျာက ထောက်ခံစာရေးပေး။ ဖုန်းနဲ့အင်တာဗျူးဖြေ ကျောင်းသားဗီဇာဝင်ဖို့ I20 form ပို့ပေး အမေရိကန်သံရုံးဝင် ဗီဇာတခါတည်းနဲ့ရတော့ အစ်မတွေ၊ သူငယ်ချင်းတွေက ဝမ်းသာအားရဖြစ်ပေမဲ့ ကိုယ်က အင်တင်တင်။ ဘယ်သူမှလည်းမရှိဘူး အဝေးကြီးဆိုတော့လေ။ သူငယ်ချင်းအရင်းခေါက်ခေါက်က နင့်မှာ ပိုက်ဆံကိစ္စလည်း မပူရဘူး ထောက်ပံ့မဲ့ အဖေနဲ့အစ်မရှိတယ်၊ ရည်းစားလည်း မရှိဘူး၊ ငါသာ နင့်နေရာမှာဆို သွားကြည့်လိုက်မယ်။ ကျောင်းပြီးလို့ မပျော်တော့လည်း စင်္ကာပူကို ပြန်လာပေါ့ ယူအက်စ်အတွေ့အကြုံရတာပေါ့တဲ့။ သူပြောတာ မှန်နေတာနဲ့ပဲ စတိတ်ကို လာခဲ့တာ ၆ နှစ်ရှိပြီ။ စတိတ်မှာ ကျောင်းသားဗီဇာ F1 ၊ အလုပ်ဗီဇာ H1B ၊ ဂရင်းကဒ် GC ရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံရသလဲ၊ ဘာတွေ ဖြစ်လာသလဲဆိုတာတွေကို နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
အောက်တိုဘာ ၂၈၊ ၂၀၁၇။

2 comments:

Lorem Ipsum said...


San San Htun said...

ဆုမြတ်မိုး said...
အမ စန်းထွန်းရယ်....ဘဝမှတ်တိုင်အသစ် အတွက် ဝမ်းလည်းသာတယ် အားလည်းကျတယ်.. ဂုဏ်လည်းယူတယ် အမရယ်..။ ဘဝဆိုတာ ဒီလိုတစ်ဆင့်ချင်းသွားပြီး လိုချင်တဲ့ပန်းတိုင်ကို ရောက်လာတဲ့အခါ ပျော်စရာလည်းကောင်းတယ် အနှစ်သာရလည်းပြည့်ဝတယ် ။ စိတ်ဓာတ်တွေကျတိုင်း အမပိုစ့်တွေလာလာဖတ်ဖြစ်တယ် ။ ပြောရရင် အလွတ်ရလုနီးပါးပဲ ။ အမစန်းထွန်းကို အားကျလို့လေ တနေ့ကျရင် ကိုယ့်ဘဝအကြောင်းအရာတွေကိုလည်း ဆီးရီးအလိုက်ရေးမယ်လို့စဉ်းစားထားသေးတယ် ။ အားလုံးအဆင်ပြေချောချောမွေ့မွေ့ရှိပါစေ အမရယ်..။ ပိုစ့်တွေလည်းမျှော်နေတယ်နော် ။
October 29, 2017 at 10:31 PM