ကျွန်မ၏ သစ်ပင် - ၂

ကျွန်မ ကြီးပြင်းခဲ့ရတဲ့အိမ်တွေက မြစ်ကမ်းဘေးမှာဆိုတော့ သစ်ပင်စိုက်ဖို့ မြေမရှိဘူး။ ဟိုင်းကြီးရွာသစ်အိမ်တုန်းကတော့ အဖေက ခြံပတ်ပတ်လည် သရက်ပင်တွေစိုက်တယ် ကျွန်မက ရေလောင်းဖို့ တာဝန်ယူရတယ်။ အမေက စံပြအိမ်ခေါင်းရင်းမှာ နှင်းဆီပင်၊ ဂမုန်းပင် စိုက်တယ်။ အဏ္ဏဝါခြံထဲမှာတော့ သရက်ပင်၊ အုန်းပင်၊ ဆီးပင်၊ သီဟိုဋ္ဌ်ပင်တွေ ရှိတယ်။ ရန်ကုန်အိမ်ရှေ့မှာတော့ မကြီးသူငယ်ချင်းမသန္တာ လက်ဆောင်ပေးတဲ့ ကန္တာရနှင်းဆီဆိုလား အနီပွင့်လေးတွေပွင့်တဲ့ ရေသိပ်မကြိုက်တဲ့အပင်နဲ့ အပင်အချို့ရှိတယ် (မမှတ်မိတော့ဘူး) ။ အဲဒီကန္တာရနှင်းဆီပင်က ဘယ်တော့မှ ကြီးမလာဘူး ဘွန်ဇိုင်းလို့ နာမည်ပြောင် ပေးထားတယ်။ စင်္ကာပူ Clementi အိမ်မှာတော့ နေရောင်ရလို့ ဒန့်စင်းလေဒီသစ်ခွပင်လေးက ပွင့်လိုက်တာ။ Boonlay အိမ်ရောက်တော့ နေရောင်မရလို့ သေသွားတယ်။ မေရီလန်းအိမ်ရှင်လူမည်းအန်တီက အိမ်မကပ်ပေမဲ့ ဧည့်ခန်းထဲက သူ့အပင်တွေကိုတော့ ဂရုစိုက်သား။ နယူးယောက်ဂျပန်အိမ်ဧည့်ခန်းမှာ အရွက်စိမ်းစိမ်း အပင် ၂ အိုးရှိတယ်။ အိမ်ရှင်တွေက ရေမလောင်းတော့ ကျွန်မက ရေလောင်းပေးတယ်။ အရွက်စိမ်းလေးတွေ ထွက်လာတော့ ဝမ်းသာလိုက်တာ။ ပီအေရုံး Newark ကနေ Exchange Place ကို ပြောင်းတော့ လူစီတာက သူလွှင့်ပစ်မဲ့ Golden Photos ပင်ကို ယူမလားမေးတော့ ဝမ်းသာအားရပေါ့။ အပြင်မှာဝယ်ရင် ၅ ကျပ်ကျော် ပေးရမယ် တပတ်တကြိမ် ရေလဲပေးရုံ နေရောင်သိပ်မရလဲ ရှင်သန်နိုင်တဲ့ အပင်ဆိုတော့ ကျွန်မနဲ့ကွက်တိပဲ။

အဲဒီအပင်လေးက ကြီးလာလို့ ဖန်အိုးအသစ်ဝယ်ထည့် ပီအေရုံးကို ရောက်လာတဲ့ တရုတ်မလေးမစ်ရှဲကို လက်ဆောင်ပေး၊ နယူးဂျာဆီအိမ်အပေါ်ထပ်က တရုတ်မလေးကက်သရင်းကို လက်ဆောင်ပေး၊ ခုရုံးသစ်မှာလည်းထား အမေရိကားရောက်ပြီးမှ ပထမဆုံးစိုက်တဲ့ ကျွန်မရဲ့သစ်ပင် ဆိုပါတော့။ အိမ်ထဲက လေတွေသန့်အောင် Air Purifier ဝယ်ဖို့ ရှာလိုက်တော့ အပင်တွေက Air Purifier ထက်တောင် သန့်စင်ပေးနိုင်တယ်။ NASA က အိမ်တိုင်းစိုက်သင့်တယ်လို့ အကြုံပြုထားတဲ့ အပင် ၈ မျိုးရှိတယ်။ Golden Photos ၊ Peace Lily ၊ English Ivy ၊ Snake Plant ၊ Aloe Vera ဂရုစိုက်ဖို့သိပ်မလိုဘူး။ တပတ်၊ ၂ ပတ်လောက် ရေမလောင်းဖြစ်လည်း သေမသွားဘူး။ Snake Plant ဆိုရင် ညဖက်အောက်ဆီဂျင်လွှတ်တော့ အိပ်ခန်းထဲမှာ ထားသင့်တယ် အိပ်ပျော်စေတယ်တဲ့။ Golden Photos က မြေကြီးနဲ့လည်း စိုက်လို့ရတယ် ရေထဲထည့်စိုက်လို့ရတယ်။ Aloe Vera ရှားစောင်းလက်ပတ်က ရေသိပ်လောင်းစရာ မလိုတဲ့အပြင် ဘယ်နေရာမှာမဆို ရှင်သန်နိုင်တယ်။ ပေါင်းတင်ဆေးအဖြစ် မျက်နှာကိုပွတ်တိုက်ပေး၊ sun burn နေလောင်ခဲ့ရင် ရှားစောင်းလက်ပတ် ပွတ်ပေးရတယ်တဲ့။ Peace Lily က ဘယ်နေရာမဆို ရှင်သန်နိုင်တယ်။ အဲ ရေငတ်ရင်တော့ အရွက်လေးတွေက ငိုက်နေတတ်တယ်။ ရေလောင်းလိုက်ရင် သိသိသာသာ ခေါင်းထောင်လာတတ်တယ်။ အပွင့်ဖြူဖြူကလေးတွေကလည်း ချစ်စရာကောင်းတယ်။

တနှစ်ကျော်ကြာမှ ပထမဆုံးပွင့်တဲ့ ယုဇနပန်းပွင့်
ရုံးစားပွဲပေါ်က လူစီတာပေးတဲ့ Golden Photos
ဧည့်ခန်းညာဖက်ပြတင်းပေါက်ပေါ်က Peace Lily နဲ့ Aloe Vera
ဧည့်ခန်းဘယ်ဖက်ပြတင်းပေါက်ပေါ်က ပိန်းပန်း
အိပ်ခန်းပြတင်းပေါက်ပေါ်က ဒုတိယမြောက် ပန်းပွင့်နေတဲ့ ယုဇပင်၊
နေအပြကောင်းလို့သေသွားတဲ့ စံပယ်၊ လူစီတာပေးတဲ့
Golden Photos
အိပ်ခန်းပြတင်းပေါက်ပေါ်က Snake plant၊ Zizz plant၊ Plam plant

အုန်းပင်၊ Zizzi ပင်၊ ပိန်းပန်းတွေကလည်း လေသန့်စင်ပေးတယ်။ Home Depot ၊ IKEA ၊ ဖလပ်ရှင်းသွားရင် အပင်လေးတွေ ဝယ်လာပြီး ပြတင်းပေါက်ဘောင်ပေါ်မှာ စိုက်ထားတာ စိုက်ဖို့နေရာကို မရှိတော့ဘူး။ တချို့အပင်တွေက နေကြိုက်တယ်၊ ရေကြိုက်တယ်ဆိုတာ ပန်းအိုးမှာစိုက်ထားတဲ့ စာရွက်လေးတွေကတဆင့် သိရတယ်။ အပင်တွေမှာလည်း ကြိုက်တာမကြိုက်တာရှိတယ်။ သူတို့မကြိုက်တဲ့နေရာဆိုရင် အရွက်သစ်တွေ ထွက်မလာဘူး ညှိုးသွားတယ်။ အိပ်ခန်းထဲကနေ ဧည့်ခန်းညာဖက် ပြတင်းပေါက်ကိုပြောင်း နှစ်ပတ်လောက်ထားလို့မှ ကြိုက်တဲ့ပုံမပေါက်ရင် ဧည့်ခန်းဘယ်ဖက်ပြောင်းနဲ့ ရှိတဲ့ပြတင်းပေါက် ၄ ပေါက်ကို လှည့်ပတ်ထားကြည့်တယ်။ အပင်တွေကို သတိထားကြည့်ရင် အရွက်နုလေးတွေ ထွက်လာတာ၊ ညှိုးသွားတာကိုကြည့်ပြီး အပင်အဲ့ဒီနေရာကို ကြိုက်မကြိုက်ဆိုတာ သိနိုင်ပါတယ်။ အပင်အများစုက ရေလောင်းများသွားလို့၊ ရေမလောင်းလို့ သေသွားတာများတယ်။ English Ivy ပင်ဆိုရင် ဆောင်းတွင်းမှာ ပြတင်းပေါက်ဖွင့်ထားမိလို့ လေအေးမိပြီး တဝက် frozen ဖြစ်သွားပေမဲ့ ကျန်တဝက်က ဆောင်းတွင်းတတွင်းလုံး ရှင်ခဲ့တာ နွေရာသီကျမှ ရေလောင်းများသွားလို့ ရေမွန်းပြီး သေသွားလို့ ရင်ထုမနာတွေဖြစ်။ ယုဇပန်းက မနှစ်ကနယူးဂျာဆီဘုန်းကြီးကျောင်း နိဗ္ဗာန်ဈေးပွဲတော်မှာ ဝယ်ခဲ့တာ။ လက်တဆုပ်စာ အပင်လေးကနေ ပွင့်လိုက်တာ မွှေးကြိုင်နေတာပဲ။ မကြာခင် အပွင့်တွေ အကုန်ကြွှေကျပြီး အိုးသစ်လဲလိုက်ပေမဲ့ ဒီအတိုင်းကဒီအတိုင်း ကြီးမလာ။

ဒီနှစ်အဖေတို့ လာလည်တော့ အိုးအသေးကနေ အိုးအကြီးပြောင်းသင့်တဲ့ အပင်တွေပြောင်း နေပြရေလောင်းလုပ်တော့ အရွှက်သစ်တွေ ထွက်လာတယ်။ ပိတ်ရက်ဆိုရင် အပင်တွေကို နေပြပေးရတယ် ပြီးရင် ရေနည်းနည်းလောင်းပေးရတယ် သမီးရဲ့လို့ မှာကြားသွားတယ်။ အဖေ့စကားနားထောင်ပြီး ပိတ်ရက်ဆိုရင် အပင်တွေကို နေပြပေးတယ်။ အဖေတို့ပြန်ပြီး နှစ်လအကြာ ဝယ်လာတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့  ယုဇနပင်ကနေ ပထမဆုံးပန်းပွင့်တော့ ပျော်လိုက်တာ။ မွှေးတာများ ကြိုင်နေတာပဲ ခုနောက်ထပ် နှစ်ဖူးပွင့်နေပြီ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွှတ်မှာ ကြွှားဦးမယ်။ သည်းခံကြပါခင်ဗျာ ဒါလေးပဲ ကြွှားစရာရှိလို့ပါ) ။ အဲ စံပယ်ပင်ကတော့ နေအပြကောင်းလို့ သေသွှားပြီ။ အပတ်တိုင်း ဘုရားပန်းကပ်ရင် ပိုက်ဆံကုန်တယ်ဆိုပြီး သစ်ခွအိုးလိုက်ကပ်တာ ခြောက်လလောက်ခံတယ်။ သစ်ခွက နေတိုက်ရိုက်ကျတာ မကြိုက်ဘူး ရေတင်နေတာကို မကြိုက်ဘူး။ တပတ်တခါ ၅ မိနစ်လောက် ရေစိမ်ပေးရတယ် ပြီးရင် သစ်ခွဆေး ဖြန်းပေးတယ်။ သစ်ခွတွေက ဘီယာကြိုက်တယ် ဘီယာတဘူးဆိုရင် အပင်ကတဝက် သူကတဝက်ဆိုတဲ့ အကိုတယောက်ရဲ့ ဖေ့ဘွှတ်ပို့စ်ကိုတွေ့တော့ ရယ်လိုက်ရတာ။ မသက်ဝေကလည်း ပြောပါတယ် သစ်ခွတွေ ဘီယာကြိုက်တယ်ဆိုတာ ကိုယ်တွေ့ပါတဲ့။ ခုထိတော့ သစ်ခွတွေကို ဘီယာမတိုက်သေးဘူး။ သစ်ခွတပင်က အရွက်တစ်ရွက် ထွက်လာတယ်၊ တခြားတပင်ကလည်း အဖူးလေးတွေ ထွက်လာတော့ ပျော်လိုက်တာ။ အရွက်တွေကြွှေ အမြစ်တွေပုပ်ပြီး သေမဲ့ဟန်ပြင်လာတော့လည်း စိတ်မကောင်းဘူး။ သေတဲ့အပင်ကသေ ရှင်တဲ့အပင်ကရှင် ပွင့်တဲ့အပင်ကပွင့်လို့ ရွှက်နုကလေးတွေ တဝေဝေ စိမ်းလန်းရှင်သန်နေတဲ့ သစ်ပင်လေးတွေကို မြင်ရတာ ကြည်နူးစရာ စိတ်ချမ်းသာစရာ ကောင်းလှပါဘိ။

စန်းထွန်း
စက်တင်ဘာ ၃၀၊ ၂၀၁၇။

ရေးခဲ့ပြီးတာက
ကျွှန်မ၏ သစ်ပင်

ဘုရားစင်ပေါ်က သစ်ခွပင်တွေ
Aloe Vera
Peace Lily
အပင်တဝက် ရေခဲရိုက်သွားတာတောင် တဆောင်းတွင်းလုံးရှင်ပြီး နွှေရာသီကျမှ
ရေလောင်းများသွားလို့ ရေမွန်းသေရတဲ့ ရင်ထုမနာဖြစ်ရတဲ့ English Ivy
အပင်သေးသေးကနေ အဖေ အိုးသစ်လဲပေးသွားလို့ ကြီးလာလိုက်တဲ့ ပိန်းပန်း
နေမပြမှီ စံပယ်ပင် အဲဒီနေပြပြီး သေသွှားတော့တာပဲ
Zizz plant
အုန်းပင်
ယုဇနပင်

ဖတ်ပြီးတဲ့ စာအုပ်တွေ - ၁

ကိုရီးယားရုပ်ရှင်တွေ ကြည့်တာလျှော့မယ်၊ ဖေ့ဘုတ်သုံးတာတွေ လျှော့မယ်၊ စာများများဖတ်မယ်ဆိုတဲ့ ရည်ရွှယ်ချက် ဒီနှစ်တော့ အတော်အသင့် အောင်မြင်တယ်လို့ ဆိုရမယ်။ ကိုယ်ဖတ်ပြီးတဲ့ စာအုပ်တွေအကြောင်း မျှဝေချင်ပါတယ်။ ဖေ့ဘွှတ်မှာ မိတ်ဆွှေဖြစ်တဲ့ စင်္ကာပူမှာနေတဲ့ စီနီယာအမကြီးက သူစိတ်ဓာတ်ကျတိုင်း အဲဒီစာအုပ်ကိုဖတ်တယ်။ ဖတ်ပြီးတိုင်းလည်း စိတ်ဓာတ်ခွှန်အားတွေရတယ်လို့ ညွှန်းထားတော့ စာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တယ်။ ဘာဆက်ဖြစ်မလဲလို့ သိချင်လာပြီး အစကနေ အဆုံးအထိ လက်ကမချချင်လောက်အောင် ကောင်းတဲ့စာအုပ်။ ဒါကြောင့်လည်း နံပါတ်ဝမ်း နယူးယောက်တိုင်း ဘတ်စ်ဆဲလားစာအုပ် ဖြစ်တာကိုး။ ဇာတ်လမ်းတည်နေရာက အမေရိကန်နိုင်ငံတောင်ပိုင်း မစ်စစ်စပီပြည်နယ် ဂျက်ဆင်မြို့ အချိန်ကာလ လူဖြူလူမည်းခွဲခြားမှု ပပျောက်ရေး၊ တန်းတူအခွှင့်အရေးရရေး တိုက်ပွှဲဝင်နေချိန်၊ ၁၉၆၃ သြဂုတ် ၂၈ မာတင်လူသာကင်း ကမ္ဘာကျော် I have a dream မိန့်ခွှန်းမပြောမှီ တစ်နှစ်အလို။ ကောလိပ်ကျောင်းဆင်း မစ်စကီတာ သတင်းစာရဲ့ Good Housekeeping ကော်လံရဲ့ တာဝန်ခံအယ်ဒီတာ၊ စာဖတ်သူတွေ မေးမြန်းလာတဲ့ မီးဖိုချောင်ထဲက ပြသနာတွေကို လူမည်းအိမ်စေကိုမေးပြီး ရေးသားသူ။

နယူးယောက်တိုင်းမှာ အလုပ်တောင်းတော့ မန်နေဂျာက လူမည်းအိမ်စေတွေကို အင်တာဗျူးပြီး သူတို့ရဲ့အတွေ့အကြုံ၊ ခံစားမှုတွေကို စာအုပ်ရေးပါလားလို့ အကြံပေးတော့ စာအုပ်ရေးချင်ပေမဲ့ လူမည်းအိမ်စေတွေက ယုံကြည်မှာမဟုတ်သလို ဘယ်တော့မှပြောမှာမဟုတ်။ လူဖြူကလေးတွေကို သွှေးသားရင်းလို ချစ်ပေမဲ့ အိမ်သာအတူသုံးခွှင့်မရှိ၊ ယူနီဖောင်း ဝတ်ထားမှ မင်္ဂလာဆောင်တက်ခွှင့်၊ ထမင်းအတူစားခွှင့်ရှိတဲ့ လူဖြ ူလူမည်းခွှဲခြားမှုတွေ။ ၁၉၆၃ မာတင်လူသာကင်းရဲ့ ဝါရှင်တန်ချီတက်ပွဲမတိုင်ခင် စာအုပ်ထုတ်ဖို့ဆိုရင် ၃ လလောက်ပဲ ရှိတော့တာမို့ အချိန်ကလည်း မရှိတော့သလို  မစ်နီနဲ့ အယ်ဘီလီယမ်တို့လို မစ်စကီတာကို ယုံကြည်ပြီး အင်တာဗျူးခံတဲ့ လူမည်းအစေခံက နည်းနည်းလေးဆိုတော့ စာအုပ်ထုတ်ဖြစ်ပါ့မလားလို့ စိတ်တထင့်ထင့် ဖြစ်နေချိန် မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်လာတော့ ... ဖတ်လို့တကယ်ကောင်းတဲ့ စာအုပ်လေး။ စာအုပ်ဖတ်ပြီးတော့မှ သိတယ် ဗွီဒီယိုရှိမှန်း ဗွီဒီယိုနာမည်ကလည်း စာအုပ်နာမည်အတိုင်း The Help အယ်မာစတုန်းက မစ်စကီတာအဖြစ် သရုပ်ဆောင်ထားတယ်။ ဗွီဒီယိုမကြည့်ရသေးဘူး ဝထ္ထုကတော့ ဗွီဒီယိုထက် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။


ဝိုင်းက Minimalism အိုင်ဒီယာကို သဘောကျတယ် ပစ္စည်းတွေ အများကြီးရှိမဲ့အစား ကွှာလတီကောင်းကောင်း အရေအတွက် နည်းနည်းလေးနဲ့ နေနိုင်အောင် ကြိုးစားနေတယ်လို့ပြောတော့ ဘာလဲ ဘရန်းလက်ကိုင်အိတ်တွေ နောက်ထပ်မဝယ်တော့ဘူးပေါ့  ဟုတ်လားလို့နောက်တော့ ရယ်နေလေရဲ့။ ကိုယ်က Minimalism လည်းမဟုတ် Materialist လည်းမဟုတ် နာရီ၊ မျက်မှန်ကျတော့ တစ်ခုတည်းရှိပေမဲ့ အင်္ကီျ၊ ဘောင်းဘီ၊ ဖိနပ်၊ အိတ်ကျတော့ အများသား။ ခုခေတ်က Sale တွေကလည်းများ တန်လို့ ဒီဇိုင်းကြိုက်လို့ ခရီးသွှားရင်ဝတ်ဖို့ နွှေရာသီဝတ်ဖို့ ဆောင်းရာသီဝတ်ဖို့ လက်ဆောင်ပေးဖို့နဲ့ ဝယ်ရင်းဝယ်ရင်း ပစ္စည်းတွေက မနည်းမနော။ ကိုယ်က ထမင်းချက်ဖို့သာပျင်းသာ အဖေတူသမီးဆိုတော့ အိမ်ရှင်းတာ ဝါသနာပါတယ်။ အိမ်ရှုပ်နေရင် မနေတတ်ဘူး ပစ္စည်းတွေ စနစ်တကျစီ သန့်ရှင်းတောက်ပြောင်သွှားလို့ ကျေနပ်သွှားတဲ့ ခံစားမှုမျိုးက ဘာနဲ့မှမတူဘူး။ ခုခေတ်က ပစ္စည်းတွေများတော့ ဘယ်လိုပဲ သိမ်းဆည်းရေးလုပ်လုပ် ပစ္စည်းတွေက များမြဲများဆဲ။ ဟိုနားကနေ ဒီနားပြောင်းလိုက် ဒီနားကနေ ဟိုနားရွှေ့လိုက်ဆိုတော့ တကယ်ရှင်းလင်းတာမှ မဟုတ်တာကိုး။ အိမ်ကြီးကြီးတွေမှာ ပြသနာမရှိပေမဲ့ နယူးယောက်လို နေရာကျဉ်းတဲ့နေရာမှာတော့ ထားစရာနေရာက ပြသနာ။ ဈေးချလို့ တန်တယ်ဆိုရင်တောင် ထားစရာနေရာမရှိလို့ မဝယ်ရဲဘူး။ ဂျပန်ပြည်မှာ ကမ္ဘာကျော် သိမ်းဆည်းရှင်းလင်းရေး ဂုရုတစ်ယောက် ရှိပါတယ်။ Marie Kondo ရဲ့the life-changing magic of tiding up စာအုပ်က ကမ္ဘာကျော်ပါတယ်။

စာကြည့်တိုက်ကနေ ငှားဖတ်တာ စာအုပ်လေးက ပါးပါးလေး။ ကိုယ်ကလည်း tiding up ကို နှစ်သက်သူမို့လို့လားတော့မသိ ဖတ်လို့တအားကောင်းတယ်။ နောက်အသစ်ထွက်တဲ့ Spark Joy စာအုပ်ကို ပိုကြိ ုက်တယ်။ Kon Marie နည်းအရဆိုရင် ၃ နှစ်အထက်ကလေးတွေတောင် tiding up လုပ်လို့ရပါတယ်။ အမြဲမလုပ်နိုင်ရင်တောင် တစ်နှစ်တစ်ခါလောက်တော့ လုပ်ကြည့်ပါ ပစ္စည်းတွေကို သိမ်းဆည်းရှင်းလင်းပေးတာတင် မဟုတ်ဘူး အတွှေးအခေါ်ကိုပါ ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ Kon Marie နည်းအရ အဝတ်အစား၊ အိမ်သုံး၊ sentimental things ဆိုပြီးခွဲခြားထားပါတယ်။ အဝတ်အစားတွေ ရှင်းတော့မယ်ဆိုရင် အဝတ်အစားတွေအားလုံး တနေရာမှာစုံပုံ Spark Joy ဖြစ်တဲ့ အဝတ်အစားတွေက သပ်သပ်၊ မဖြစ်တာကသပ်သပ်။ Spark Joy ဖြစ်မဖြစ် ဘယ်လိုသိနိုင်လဲဆိုတော့ အဝတ်အစားကို ထိလိုက်ကိုင်လိုက်တာနဲ့ ပျော်ရွှင်မှုကို ခံစားရတယ်။ တခါတလေတော့လည်း Spark Joy ဖြစ်သလိုလို မဖြစ်သလိုလို Good Bye ထဲလည်း မထည့်နိုင် နောင်တချိန် ဝတ်မယ်ဆိုပြီး တုံချိတုံချိနဲ့ မပြတ်မသား ဖြစ်တတ်ပါတယ်။ Spark Joy ဖြစ်တဲ့အရာတွေနဲ့ ဝန်းရံထားတဲ့ ပတ်ဝန်းကျင်ဟာ ချစ်ခင်စရာကောင်းနေပါလိမ့်မယ်။ Good Bye လုပ်မဲ့အရာတွေကိုလည်း ကျေးဇူးတင်ပါတယ် မင်းကြောင့် တချိန်က ပျော်ရွှင်ခဲ့ရပါတယ် လှပခဲ့ရပါတယ်ဆိုပြီး နှုတ်ဆက်သင့်ပါတယ်တဲ့။ အိမ်သိမ်းဆည်းရေး စာအုပ်ဆိုပေမဲ့ ပျင်းစရာမကောင်းဘဲ Kon Marie နည်းက ဘာတွေလဲ ဘာလို့ကမ္ဘာကျော်တာလဲဆိုတာ ဖတ်ပြီးရင် သိသွှားပါလိမ့်မယ်။



ဆယ်တန်းအောင်ပြီးချိန် လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်း သွှားတက်တော့ ဆရာကြီးက  စာအုပ်သိပ်ကောင်းတာပဲလို့ ချီးကျူးချင်ရင် This novel is very good. လို့ မပြောရဘူးတဲ့ I am so moved to read this book. လို့ ပြောရတယ်တဲ့။ I am so moved လို့ ပြောချင်တဲ့စာအုပ်ကတော့ ရှေ့အပတ်ကမှ ဖတ်ပြီးသွှားတဲ့ Kite Runner စာအုပ်ပါ။ စက်တင်ဘာ ၄ လေဘာဒေးပိတ်ရက်မှာ ဗာဂျီးနီးယားပြည်နယ်က ဆူနမ်နဲ့ရာမားဆီ သွှားလည်တော့ မတွေ့တာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့ ဆူနမ်၊ ရာမားနဲ့ စကားတွေအများကြီး ပြောဖြစ်တယ်။ ဆူနမ်က သူကြိုက်တဲ့ အဆိုတော် နယူးယောက်မှာ ဖျော်ဖြေပွဲရှိလို့၊ Lion King ဘရော့ဝေးရှိုး လာကြည့်ပေမဲ့ မနက်သွှားညပြန် ကိုယ်ကကြိုပို့လုပ် ဘယ်တော့မှ အေးအေးဆေးဆေးမရှိ အချိန်လု အမြဲသုတ်သုတ် ပြေးလွှားနေတော့ စကားကောင်းကောင်း ပြောချိန်မရှိ။ ဆူနမ်က ကိုယ်ဖတ်နေတဲ့ The Great Gatsby စာအုပ်ကို ဖတ်ချင်နေတာတဲ့။ ဆူနမ်က သူဖတ်တဲ့စာအုပ်တွေအကြောင်း၊ ကိုယ်ကလည်း ကိုယ်ကြိုက်တဲ့စာအုပ်တွေအကြောင်းပြော။ ဆူနမ်ညွှန်တဲ့ စာအုပ်တွေက Kite Runner ၊ Gone Girl ၊ Tell me your dreams ။ ဂင်္ဂါဖတ်နေတဲ့ စာအုပ်က ပူလစ်ဇာဆုရတဲ့ The Good Earth ။ အဲဒီစာအုပ်ကို ဘရွှက်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းရှေ့မှာရောင်းတဲ့ စာအုပ်ဆိုင်မှာ တွေ့ဖူးတယ်။ ပူလစ်ဇာဆုရစာအုပ်ဆိုတော့ ဖတ်ချင်တာ ဈေးကြီးလို့ မဝယ်ဖြစ်ဘူး။ ခု ပြန်တွှေ့တော့ ဓာတ်ပုံရိုက် စာကြည့်တိုက်ကနေ ငှားထားပြီးပြီ မဖတ်ရသေးဘူး။

Kite Runner ဇာတ်လမ်းကို ဆူနမ်က မပြောပြဘူး သူငယ်ချင်း၊ ညီအစ်ကိုသံယောဇဉ်အကြောင်း ဖတ်ကြည့်ပါတဲ့။ အာဖကန်နစ်စစ္စတန်နိုင်ငံ ကဘူးမြို့က လူကုံတန် တစ်ဦးတည်းသား အက်ဘာ အိမ်စေသား ဟက်ဆန်နဲ့က ညီအစ်ကိုလို ခင်ကြတယ်။ အက်ဘာက ဟက်ဆန်ကို သစ္စာဖောက်၊ ရုရှတွေဝင်ရောက်လို့ ပါကစ္စတန်ကိုပြေး၊ အဲဒီကနေ ဆန်ဖရန်စစ္စကိုမှာ ဒုက္ခသည်အဖြစ် ရုန်းကန်၊ အက်ဘာ့အဖေ့ အချစ်ဆုံးသူငယ်ချင်းက မသေခင်လာတွေ့ပါဆိုလို့ပါ ကစ္စတန်မှာသွှားတွေ့တဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေနဲ့အမလေး ဖတ်လို့ကောင်းလိုက်တာများ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။ နယူးယောက်တိုင်း ဘတ်ဆဲလာနံပါတ်ဝမ်း နှစ်နှစ်ဆက်တိုက် ကော်ပီ ၇ သန်းရောင်းရတဲ့စာအုပ်။ ဆရာဝန်စာရေးဆရာ Khaled Hosseisni ရဲ့ Kite Runner ကို ဖတ်ပြီးတော့ နောက်ထပ်စာအုပ်တွေဖြစ်တဲ့ A thousand splendid suns နဲ့ And the mountains echoed စာအုပ်ကို ဖတ်မလို့ စာကြည့်တိုက်မှာ Hold လုပ်ပြီး စောင့်နေတယ်။ အိမ်နားကပန်းခြံမှာ လမ်းသွှားလျှောက်ဖို့ လာခေါ်တတ်တဲ့ တရုတ်မလေး ကက်သရင်းက အိမ်ပြောင်းသွှားတာ နှစ်လလောက်ရှိပြီ။ အမှတ်မထင် City Hall ရှေ့မှာဆုံလို့စကားတွေပြောကြရင်း Kite Runner စာအုပ် ဖတ်လို့ကောင်းလိုက်တာလို့ပြောတော့ အာဖကန်နစ္စတန်အကြောင်းမလား သူက A thousand splendid suns ကို ပိုကြိ ုက်တယ်တဲ့။ Kite Runner ထက် ပိုကောင်းမလား ဖတ်ကြည့်မှပဲ သိတော့မယ်။ စာအုပ်တွေ အများကြီး ဖတ်နိုင်ကြပါစေ။

စန်းထွန်း
စက်တင်ဘာ ၂၃၊ ၂၀၁၇။
နေ့လည်ထမင်းစားပြီးချိန် လမ်းမလျှောက်တော့ဘဲ ရုံးနားက ခုံတန်းလျားမှာ
ထိုင်ဖတ်တဲ့စာအုပ်၊  ၃ ခါ ငိုရတဲ့စာအုပ်၊ စိတ်ထဲစွဲကျန်နေတဲ့စာအုပ်၊ အင်မတန်ကောင်းတဲ့စာအုပ်
စာကြည့်တိုက်က ငှားထားတဲ့ စာအုပ်တွေ၊ Gut & Psychology Syndrome
စာအုပ်ကတော့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်းညွှန်လို့
စာကြည့်တိုက်မှာ မရှိတော့ ဝယ်လိုက်တယ်
ဖတ်ချင်ရင် ငှားမယ်
Photo credit - Google

ကြည့်မဝ ...



တူတော်မောင်က ကိုယ့်ဖေ့ဘွှတ်ပရိုဖိုင် တင်ထားတဲ့ နေကာမျက်မှန်နဲ့ဓာတ်ပုံကို သဘောကျတယ်ဆိုလို့ ကြီးတော်စန်းထွန်းတယောက် သဘောတွေကျလို့ ဖေ့ဘွှတ်ပရိုဖိုင်ဓာတ်ပုံကို မပြောင်းတော့ဘူး။ နောက်ဆို နေကာမျက်မှန်မချွှတ်တော့ဘဲ နေကာမျက်မှန်ကြီး တကားကားနဲ့တွေ့ပါလိမ့်မယ်။ တူတော်မောင် သဘောကျတဲ့ ကိုယ့်ဓာတ်ပုံ။



မကြီးနဲ့ ဘရွှတ်ကလင်းတံတားကို ဖြတ်ကျော်လမ်းလျှောက်ပြီး မန်ဟက်တန်စကိုင်းလိုင်းကို မြင်ရတဲ့ ဘရွှတ်ကလင်း တံတားအောက် ပန်းခြံကနေ ရိုက်ထားတဲ့ပုံ။ နေကာမျက်မှန်ကြီး တကားကားနဲ့ ဂိုက်ပေးကြမ်းနိုင်ကြပါစေ :) ။

စန်းထွန်း
စက်တင်ဘာ ၁၆၊ ၂၀၁၇။

၁ ပေါင် ...


ကိုယ်ဟာ ဝလည်းမဝ ပိန်လည်းမပိန်တဲ့သူ။ စာမေးပွှဲတွေ နီးလာရင် သူများတွေက အအိပ်ပျက် အစားပျက်လို့ ပိန်ကြပေမဲ့ ကိုယ်ကတော့ အိပ်ရေးပျက်လို့ မျက်တွှင်းဟောက်ပက် ဖြစ်တာကလွှဲရင် လုံးဝကိုမပိန်တာ။ အအိပ်ပျက်ပေမဲ့ အစားအသောက်မှ မပျက်တာကိုး။ ဂုဏ်ထူးတန်းနှစ်မှာ အူအတက်ယောင်တော့ ဆရာဝန်က ခွှဲမလား ဆေးသောက်မလားမေးတော့ ဆေးသောက်ဖို့ ရွေးလိုက်တယ်။ အရည်ကြီးပဲ ၁၀ ရက်လောက် သောက်ရတော့ သိသိသာသာ ပိန်ကျသွှားတယ်။ ပိန်ညောင်ညောင်လေး ဖြစ်သွှားတဲ့ကိုယ့်ကို မြင်ရတဲ့အခါ သူငယ်ချင်းတွေက စိတ်မကောင်း ဖြစ်ကြတယ်။ တသက်နဲ့တကိုယ် အဲဒီတခါပဲ ပိန်ဖူးတယ်။ စင်္ကာပူရောက်တော့ အစ်မတွေက ဗိုက်ပူနေတယ် ဝိတ်ချဖို့ပြောတော့ ဗိုက်ပူတာကို လက်ခံပေမဲ့ အရမ်းဝနေတာမှ မဟုတ်တာ ဝိတ်ချဖို့ မလိုဘူးထင်လို့ လုံးဝဝိတ်မချဘူး။ ငယ်ငယ်တုန်းက ကျောင်းရဲ့ အားကစားအသင်းမှာ ပါတယ် ထုပ်ဆီးထိုး၊ အာလူးကောက်၊ အပြေး ပြိုင်လို့ရသမျှ အကုန်ဝင်ပြိုင်တယ်။ ပုသိမ်၊ ရန်ကုန်ရောက်တော့ အားကစားကို လုံးဝမလုပ်ဖြစ်တော့တာ စင်္ကာပူရောက်မှ ပြန်လုပ်ဖြစ်တယ် ဆိုပါတော့။ စင်္ကာပူကျောင်း တက်နေတုန်းကတော့ အားကစားမလုပ်ဖြစ်ဘူး လုပ်ဖို့အချိန်လည်းမရှိဘူး။ ကျောင်းကနေ ည ၁၁ ခွှဲ နောက်ဆုံးဘတ်စ်ကား၊ နောက်ဆုံးရထားနဲ့အိမ်ပြန် ပိတ်ရက်တွေမှာလည်း ကျောင်းမှာ ပရောဂျက်တွေ လုပ်ရတော့ တကယ်ဘီးစီးတယ်။ ကျောင်းပြီးလို့ အလုပ်ရှာ အလုပ်ဝင်ပြီးတော့မှ အားကစားလုပ်ဖြစ်တယ်။ တပတ် ၂  ခါလောက် အိမ်နားက Trail ၊ ဘောလုံးကွှင်းမှာ သွှားပြေးတယ်။ ပြေးရတာ ပင်ပန်းပေမဲ့ ရေချိုးပြီးချိန်မှာ ပေါ့ပါးလတ်ဆပ်သွှားတာကို သဘောကျတာကိုး။

စတိတ်ရောက်တော့ ကျောင်းက အစားအသောက်တွေကို မစားနိုင်တာနဲ့ လေးပေါင်လောက် ကျသွှားတယ်။ တီချယ်ဆို ဆယ်ပေါင်ကျတာတဲ့။ တီချယ်ဆိုတာ တက္ကသိုလ် တတိယနှစ်တုန်းက ကိုယ်တို့ကို OS (Operating System) သင်တဲ့၊ ဒေါင်းတင်မောင်းတင် OS အဝင် ဒေါကြီးမောကြီး OS အပြီးလို့ ချစ်စနိုးကဗျာစပ်ခဲ့ကြတဲ့၊ ခပ်ချောချောတီချယ်က ယူအက်စ်ကျောင်းမှာ ပထမဆုံးမြန်မာကျောင်းသူ ကိုယ်က တတိယမြောက်မြန်မာကျောင်းသူ။ ကန်တက်ကီပြည်နယ်မှာ အင်တန်းရှစ်ဆင်းတော့ အချိန်ပြည့်အလုပ် ပိတ်ရက်မှာ အဆိုင်းမင့် တလခွှဲတခါ စာမေးပွှဲဆိုတော့ ဘာအားကစားမှ မလုပ်ဖြစ်ဘူး။ ကန်တက်ကီ အိမ်ရှင်တွေကတော့ ပြေးစက်မှာ ပြေးကြတယ်။ ကိုယ့်ကိုလည်း သူတို့စက်မှာ ပြေးခွှင့်ပြုတယ် ကိုယ်လား လှုပ်ကိုမလှုပ်ချင်တာ။ မေရီလန်းပြည်နယ်ရောက်တော့ အိမ်နားက မက်သရူးဟက်ဆန် Trail လမ်းက သာယာလွန်းတော့ သွှားပြေးတယ် လမ်းလျှောက်တယ်။ နယူးယောက်ရောက်တော့ အိမ်နားမှာ Trail မရှိတာနဲ့ မပြေးဖြစ်ဘူး။ Gym တွေရှိပေမဲ့ ကိုယ်က Trail မှာ ပြေးရတာကို သဘောကျတာကိုး။ ဒါပေမဲ့ တလ ၂ ခါ လောက်တော့ တောင်တက်ဖြစ်တယ်။ နယူးဂျာဆီပြည်နယ်ကိုရောက်တော့ တောင်တွေ တက်ဖြစ်နေပေမဲ့လည်း မပြေးဖြစ်ဘူး။ အပေါ်ထပ်က တရုတ်မလေးက ပန်းခြံမှာ လမ်းသွှားလျှောက်ရအောင် အဖေါ်လိုက်ခဲ့ပါလား ခေါ်လို့ အိမ်ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရတဲ့ ပန်းခြံလေးကို သိသွှားတယ်။ အဖေ၊ အမေ လာလည်တော့ ညနေတိုင်း အဲဒီပန်းခြံမှာ လမ်းလျှောက်ဖြစ်တယ်။ Prednisone ဆေးမြင့်လိုက်လို့ ၁၀ ပေါင် ဝိတ်တက်သွှားတယ်။ အမေချက်တဲ့ ဟင်းတွေကလည်း အရမ်းစားကောင်းတော့ အသားကုန်တီး။ ဝိတ်ချဖို့ဆိုတာ မဖြစ်နိုင်။

အဲဒီလေ့ကျင့်ခန်းသာလုပ် တကိုယ်လုံး ဝိတ်ကျတယ်တဲ့
credit to - model Thandar Haling Facebook

ဆိုဒ်ဇီးရိုးဘောင်းဘီတွေ မတော်တော့လို့ ဆိုဒ် ၂ ဖြစ်သွှားပြီ၊ ဗိုက်တွေပူ ပေါင်တွေကြီးလာတော့ ဝိတ်ချဖို့လိုပြီဆိုတာ လက်ခံသွှားတယ်။ ချစ်အစ်မကြီးက 5K ပြေးရအောင်ဆိုတော့ ပြေးမယ်ပေါ့ ပြေးကြည့်တော့မှ ၁ မိုင်ပြေးဖို့တောင် အနိုင်နိုင်။ 5K ပြေးဖို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ဖတ်ကြည့်တော့မှ ဖိနပ်က အရေးကြီးတယ်ဆိုလို့ အပြေးအတွှက် သီးသန့်ရောင်းတဲ့ဆိုင်ကနေ အပြေးဖိနပ်၊ ဘရာ၊ ခြေအိတ်၊ ဖုန်းကိုလက်မောင်းမှာ ပတ်တဲ့ဟာတွေဝယ်။ ၁ မိုင်ကနေ ၂ မိုင်၊ ၃ မိုင် ပြေးနိုင်လာပေမဲ့ ပစ်လဲချင်လောက်အောင် ဟတ်ဟတ်ထိုး မောတယ်။ မမောမပန်း ကြာကြာပြေးနိုင်တဲ့ နည်းတွေကို ရှာဖွေဖတ်ကြည့်တော့ ပြေးတဲ့ပုံစံ၊ အသက်ရှူတာက အရေးကြီးတယ်။ အဲဒီအတိုင်း လိုက်လုပ်ကြည့်တာ သိပ်မမောတော့ဘူး ဒါပေမဲ့ ၁ မိုင်ပြေးပြီးရင် ၂ မိနစ်လောက် နားနေရတုန်း။ ၃ မိုင်ကို မနားဘဲ တောက်လျှောက်ပြေးနိုင်ဖို့ကို ကျင့်နေတုန်း တောက်လျှောက်ပြေးနိုင်လာရင် ပြေးတဲ့အမြန်နှုန်းမြင့်ရမှာ step by step ပေါ့။ ခုတော့ ၃ မိုင်ကို မိနစ် ၅၀ လောက် ပြေးရတယ် တပတ် ၃၊ ၄ ခါ ပြေးတယ်။ MapMyRun Apps မှာ ဘယ်နှစ်မိုင်ကို ဘယ်လောက်နှုန်းနဲ့ ပြေးတယ် ကြာချိန်ဘယ်လောက် ဘယ်လောက်ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတာတွေက Motivate ဖြစ်စေတယ်။ လုပက်စ်ကြောင့် အနာရွှတ်တွေရှိနေတဲ့ အဆုတ်ဟာ အများကြီးကောင်းလာတယ်။ အဆုတ်ဆရာဝန်က ပြေးတာကောင်းတယ် မောတော့ အသက်ပိုရှု အဆုတ်က အောက်ဆီဂျင်ပိုရတယ်တဲ့။ ပြေးတော့ ပင်ပန်းပြီး အိပ်ပျော်တယ်။ တနေ့ ၃ မိုင် တပတ် ၄ ခါဆိုတော့ တပတ် ၁၂ မိုင် တလ ၄၈ မိုင် အနည်းဆုံးတလ မိုင် ၄၀ လောက် ပြေးဖြစ်တယ်။

ညဖက်ကို အစားအသောက် နည်းနည်းလျှော့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်းညွှန်တဲ့ အရွက်ပြုတ်ရည်သောက်။ အိမ်ကနေ ဘူတာရုံကို ၁၀ မိနစ်၊ ဘူတာရုံကနေ ရုံးကို ၁၀ မိနစ်၊ တနေ့ မိနစ် ၄၀ အနည်းဆုံးလမ်းလျှောက်ရတယ်။ နေ့လည်ထမင်းစားပြီးရင် Wall Street ၊ Trinity Church ဖက် မိနစ် ၂၀ လောက် လမ်းလျှောက်တယ်။ ပြောမနာဆိုမနာ သူငယ်ချင်းက ဓာတ်ပုံထဲမှာ နင့်ဗိုက်ပူနေတယ်ပြောလို့ မနက်တိုင်း လေ့ကျင့်ခန်းလုပ်တော့ ဗိုက်ပူတာ နည်းနည်းလျှော့သွှားတယ်။ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်းကလည်း ပြောပါတယ် အဲဒီလေ့ကျင့်ခန်းသာလုပ် တကိုယ်လုံး ဝိတ်ကျတယ်တဲ့။ လုပ်ကြည့်တော့ လွှယ်တယ်ထင်ရပေမဲ့ တကိုယ်လုံးနာတယ် ခုတော့ ၃ ခါပဲလုပ်နိုင်သေးတယ် များများလုပ်လေ ကောင်းလေ။ ၂ လကြာပြီးတဲ့အခါမှ ၁ ပေါင်ကျတယ် ဒါတောင် မနက်ဖက်တိုင်းတာမို့လို့ ညဖက်မတိုင်းရဲဘူး။ သူများတွေများ ကြက်ဥပြုတ်၊ အသီးအရွှက် diet တွေနဲ့ တပတ်မှာ ၁၀၊ ၁၅ ပေါင်ကျတာတွေ မြင်ရတော့ တကယ်အားကျမိတယ်။ ကိုယ်ကတော့ ဝိတ်ကျဖို့ အင်မတန်ခက်တဲ့သူ  မှန်းထားတဲ့ ၁၀ ပေါင်ကျဖို့ဆိုရင် ၂ နှစ်လောက် အချိန်ယူရမလားမသိ။ ဘာပဲဖြစ်ဖြစ် ၁ ပေါင်ကျတာကိုက ဝမ်းသာစရာပါပဲလေ။

စန်းထွန်း
စက်တင်ဘာ ၁၀၊ ၂၀၁၇။

နီးနေရက်နှင့် ဝေးနေခြင်း - ၃

Central Park ထဲ ကြာပန်း
အောင်သွှယ်တော် ညီမလေးဆုက ဖေ့ဘွှတ်မှာ အပ်လိုက်ပါလားအစ်မ မိတ်ဆွှေတစ်ယောက် တိုးတာပေါ့တဲ့။ ဘုရားရေ ... မင်းက နီးနီးလေးအကြောင်း ဘလော့ကနေ ကြေငြာမောင်းထုနေတာလား။ အေးလေ အဲဒီတော့ ဘာဖြစ်တုန်း ဒါမျိုးဆိုတာ တိုးတိုးတိတ်တိတ် လူမသိအောင် ကြိတ်လုပ်ရမှာ ဘယ်နှယ့် ညည်းအလှည့်ကျမှ တလောကလုံးသိအောင် ဘလော့ကနေ ကြေငြာမောင်းခတ်ရတယ်လို့အေ ကြားမကြားဖူးပေါင်။ အေး ခုကြားဖူးပြီ မဟုတ်လား ခေတ်ကာလသားသမီးများ သိပ်ခက်ပါ့အေ ဒါနဲ့ နီးနီးလေးက ရိပ်မိရောလား။ ဟ ဘယ်လိုလုပ် ရိပ်မိမှာလဲ နာမည်မှတပ်မရေးတာ သူ့ကို ကြိုက်နေမှန်းတောင် သိမယ်မထင်ဘူး။ ဟာ ဒုက္ခပါပဲ တော်ကြာ နီးနီးလေးက မင်း တခြားတစ်ယောက်ကို သဘောကျတယ်ထင်ပြီး ဖွှင့်ဟမလာတော့မှ ဒုက္ခ။ အဲဒါဆို အသားဖြူဖြူ ဆံပင်နက်နက် မျက်ခုံးထူထူနဲ့ကောင်လေးလို့ သဲလွှန်စပေးလိုက်ရမလား။ ဟေ အသားဖြူဆံပင်နက် မျက်ခုံးထူတဲ့ ယောက်ျားလေးတွေမှ အများကြီး ဘယ်လိုလုပ် သိမလဲ။ အဲဒါဆို ကိုယ့်ထက် အသက်နည်းနည်းငယ် ကိုယ့်ထက်အရပ်နည်းနည်းရှည် ကိုယ့်ထက်အသားနည်းနည်းဖြူ ကိုယ့်လို နိုင်ငံခြားမှာကျောင်းတက် ကိုယ့်လို .... တော်ပါတော့ အဲဒီကိုယ့်လိုဆိုတာတွေ။ အဲဒါဆို ဟိုအတင်းအဖျင်း စာစောင်တွေထဲကလို နာမည် ၃ လုံးအမည်တွင်တဲ့ သောကြာနံနဲ့စပြီး အင်္ဂါနံနဲ့ဆုံးတဲ့ ကောင်လေးလို့ hint ပေးရမလား။ နေပါဦး မေးပါရစေဦး ညည်းကို ကြိုက်တယ်ဆိုတာကရော သေချာလို့လား ဂေးများလား။ ဟဲ့ ဂေးဖြစ်မှတော့ ကိုယ့်ကိုကြိုက်မလားကွ ကောင်လေးကို ကြိုက်မှာပေါ့။ သိဘူးလေ ကျောင်းတုန်းက မင်းကိုကြိုက်နေတယ်လို့ ထင်တဲ့ကောင်လေး မိန်းမယူသွှားကတည်းက ညည်းထင်တယ်ဆိုတာတွေကို လုံးဝမယုံတော့တာ  တိန် ။

ကိုယ် ထင်တာတင် မဟုတ်ဘူးနော် အစ်မတစ်ယောက်က သူ ကိုယ့်ကိုသဘောကျနေတဲ့ပုံပဲလို့ ပြောတာကရော။ ဟ အဲဒီအစ်မက ညည်းကို ယောကျာ်းအရမ်းပေးစားချင်လို့ လှော်ပေးတာ နေမှာပေါ့။ မြံမြုံစိစိ လုပ်မနေနဲ့ ကြိုက်တယ်ဆိုလည်း အဆက်အသွှယ်လုပ် အုံ့ပုန်းလုပ်မနေနဲ့ သူ့မှာချစ်သူရှိနေလား ကိုယ့်လိုအုံ့ပုန်းလား အနည်းဆုံးတော့ အသိမိတ်ဆွေတစ်ယောက် ရတာပေါ့လို့ အောင်သွှယ်တော်ဆုက တိုက်တွှန်းတာနဲ့ ကိုယ်ကစအပ်လိုက်လို့ ဖေ့ဘွှတ်မှာ မိတ်ဆွှေတွေ ဖြစ်သွှားကြပေမဲ့ နှစ်ယောက်စလုံးက ဖေ့ဘွှတ်မှာ active မဖြစ် ပေါင်းသင်းဆက်ဆံရေး မကောင်းတဲ့သူတွေဆိုတော့ ဟိုင်းလို့တောင် မပြောကြဘူး။ ဟင် ဘာမှလည်း ဆက်သွှယ်မလာဘူး ဟ ကိုယ်တို့က အာရှသားတွေ စကားတွေပြောကြည့်မယ် ခင်မင်မယ် နောက်မှတစ်ဆင့် တက်မှာပေါ့ step by step လေ။ ကိုယ်က ညစာစားဖို့များ ဒိတ်လုပ်မလားလို့ ဟောတော့ ဒီတခါတော့ သိပ်ကိုအမေရိကန် ဆန်ချင်နေပါလား။ သူ့ page ကို ကြည့်ပြီး  စုံစမ်းထောက်လှမ်းရေး လုပ်ရသလောက်ကတော့ ရည်းစားရှိပုံမရဘူး အဲ long distance relationship ရှိနေရင်တော့ မသိဘူး။ Gym သွှားတယ် တက်တူးမထိုးထားဘူး ကိုယ် တကယ်သဘောကျတယ်ကွှ အောင်မလေး အဲဒါ ရောဂါ ရောဂါ။ အလုပ်အကြောင်း စာမေးပွှဲတွှေအကြောင်း မေးမြန်းရင်း အီးမေးလ်လိပ်စာကို သိလိုက်ရပေမဲ့ ဘာမှဖြစ်မလာမှာကို သိနေတော့လည်း .... တကယ်တော့ နီးနီးလေးဆိုတာ ကိုယ့်အတွှက်တော့ ဖြေရခက်တဲ့ ပဟေဋ္ဌိပုစ္ဆာ။ လာချင်ရင် အနီးကလေးပေမဲ့ မလာချင်သူတစ်ယောက် ဖြစ်နေတော့လည်း ကိုယ်တို့နှစ်ယောက်သား နီးနေရက်နဲ့ ဝေးနေဆဲ...။

စန်းထွန်း
စက်တင်ဘာ ၁၊ ၂၀၁၇။