ကျွန်မ ကြီးပြင်းခဲ့ရတဲ့အိမ်တွေက မြစ်ကမ်းဘေးမှာဆိုတော့ သစ်ပင်စိုက်ဖို့ မြေမရှိဘူး။ ဟိုင်းကြီးရွာသစ်အိမ်တုန်းကတော့ အဖေက ခြံပတ်ပတ်လည် သရက်ပင်တွေစိုက်တယ် ကျွန်မက ရေလောင်းဖို့ တာဝန်ယူရတယ်။ အမေက စံပြအိမ်ခေါင်းရင်းမှာ နှင်းဆီပင်၊ ဂမုန်းပင် စိုက်တယ်။ အဏ္ဏဝါခြံထဲမှာတော့ သရက်ပင်၊ အုန်းပင်၊ ဆီးပင်၊ သီဟိုဋ္ဌ်ပင်တွေ ရှိတယ်။ ရန်ကုန်အိမ်ရှေ့မှာတော့ မကြီးသူငယ်ချင်းမသန္တာ လက်ဆောင်ပေးတဲ့ ကန္တာရနှင်းဆီဆိုလား အနီပွင့်လေးတွေပွင့်တဲ့ ရေသိပ်မကြိုက်တဲ့အပင်နဲ့ အပင်အချို့ရှိတယ် (မမှတ်မိတော့ဘူး) ။ အဲဒီကန္တာရနှင်းဆီပင်က ဘယ်တော့မှ ကြီးမလာဘူး ဘွန်ဇိုင်းလို့ နာမည်ပြောင် ပေးထားတယ်။ စင်္ကာပူ Clementi အိမ်မှာတော့ နေရောင်ရလို့ ဒန့်စင်းလေဒီသစ်ခွပင်လေးက ပွင့်လိုက်တာ။ Boonlay အိမ်ရောက်တော့ နေရောင်မရလို့ သေသွားတယ်။ မေရီလန်းအိမ်ရှင်လူမည်းအန်တီက အိမ်မကပ်ပေမဲ့ ဧည့်ခန်းထဲက သူ့အပင်တွေကိုတော့ ဂရုစိုက်သား။ နယူးယောက်ဂျပန်အိမ်ဧည့်ခန်းမှာ အရွက်စိမ်းစိမ်း အပင် ၂ အိုးရှိတယ်။ အိမ်ရှင်တွေက ရေမလောင်းတော့ ကျွန်မက ရေလောင်းပေးတယ်။ အရွက်စိမ်းလေးတွေ ထွက်လာတော့ ဝမ်းသာလိုက်တာ။ ပီအေရုံး Newark ကနေ Exchange Place ကို ပြောင်းတော့ လူစီတာက သူလွှင့်ပစ်မဲ့ Golden Photos ပင်ကို ယူမလားမေးတော့ ဝမ်းသာအားရပေါ့။ အပြင်မှာဝယ်ရင် ၅ ကျပ်ကျော် ပေးရမယ် တပတ်တကြိမ် ရေလဲပေးရုံ နေရောင်သိပ်မရလဲ ရှင်သန်နိုင်တဲ့ အပင်ဆိုတော့ ကျွန်မနဲ့ကွက်တိပဲ။
အဲဒီအပင်လေးက ကြီးလာလို့ ဖန်အိုးအသစ်ဝယ်ထည့် ပီအေရုံးကို ရောက်လာတဲ့ တရုတ်မလေးမစ်ရှဲကို လက်ဆောင်ပေး၊ နယူးဂျာဆီအိမ်အပေါ်ထပ်က တရုတ်မလေးကက်သရင်းကို လက်ဆောင်ပေး၊ ခုရုံးသစ်မှာလည်းထား အမေရိကားရောက်ပြီးမှ ပထမဆုံးစိုက်တဲ့ ကျွန်မရဲ့သစ်ပင် ဆိုပါတော့။ အိမ်ထဲက လေတွေသန့်အောင် Air Purifier ဝယ်ဖို့ ရှာလိုက်တော့ အပင်တွေက Air Purifier ထက်တောင် သန့်စင်ပေးနိုင်တယ်။ NASA က အိမ်တိုင်းစိုက်သင့်တယ်လို့ အကြုံပြုထားတဲ့ အပင် ၈ မျိုးရှိတယ်။ Golden Photos ၊ Peace Lily ၊ English Ivy ၊ Snake Plant ၊ Aloe Vera ဂရုစိုက်ဖို့သိပ်မလိုဘူး။ တပတ်၊ ၂ ပတ်လောက် ရေမလောင်းဖြစ်လည်း သေမသွားဘူး။ Snake Plant ဆိုရင် ညဖက်အောက်ဆီဂျင်လွှတ်တော့ အိပ်ခန်းထဲမှာ ထားသင့်တယ် အိပ်ပျော်စေတယ်တဲ့။ Golden Photos က မြေကြီးနဲ့လည်း စိုက်လို့ရတယ် ရေထဲထည့်စိုက်လို့ရတယ်။ Aloe Vera ရှားစောင်းလက်ပတ်က ရေသိပ်လောင်းစရာ မလိုတဲ့အပြင် ဘယ်နေရာမှာမဆို ရှင်သန်နိုင်တယ်။ ပေါင်းတင်ဆေးအဖြစ် မျက်နှာကိုပွတ်တိုက်ပေး၊ sun burn နေလောင်ခဲ့ရင် ရှားစောင်းလက်ပတ် ပွတ်ပေးရတယ်တဲ့။ Peace Lily က ဘယ်နေရာမဆို ရှင်သန်နိုင်တယ်။ အဲ ရေငတ်ရင်တော့ အရွက်လေးတွေက ငိုက်နေတတ်တယ်။ ရေလောင်းလိုက်ရင် သိသိသာသာ ခေါင်းထောင်လာတတ်တယ်။ အပွင့်ဖြူဖြူကလေးတွေကလည်း ချစ်စရာကောင်းတယ်။
 |
တနှစ်ကျော်ကြာမှ ပထမဆုံးပွင့်တဲ့ ယုဇနပန်းပွင့် |
 |
ရုံးစားပွဲပေါ်က လူစီတာပေးတဲ့ Golden Photos |
 |
ဧည့်ခန်းညာဖက်ပြတင်းပေါက်ပေါ်က Peace Lily နဲ့ Aloe Vera |
 |
ဧည့်ခန်းဘယ်ဖက်ပြတင်းပေါက်ပေါ်က ပိန်းပန်း |
 |
အိပ်ခန်းပြတင်းပေါက်ပေါ်က ဒုတိယမြောက် ပန်းပွင့်နေတဲ့ ယုဇပင်၊
နေအပြကောင်းလို့သေသွားတဲ့ စံပယ်၊ လူစီတာပေးတဲ့
Golden Photos |
 |
အိပ်ခန်းပြတင်းပေါက်ပေါ်က Snake plant၊ Zizz plant၊ Plam plant |
အုန်းပင်၊ Zizzi ပင်၊ ပိန်းပန်းတွေကလည်း လေသန့်စင်ပေးတယ်။ Home Depot ၊ IKEA ၊ ဖလပ်ရှင်းသွားရင် အပင်လေးတွေ ဝယ်လာပြီး ပြတင်းပေါက်ဘောင်ပေါ်မှာ စိုက်ထားတာ စိုက်ဖို့နေရာကို မရှိတော့ဘူး။ တချို့အပင်တွေက နေကြိုက်တယ်၊ ရေကြိုက်တယ်ဆိုတာ ပန်းအိုးမှာစိုက်ထားတဲ့ စာရွက်လေးတွေကတဆင့် သိရတယ်။ အပင်တွေမှာလည်း ကြိုက်တာမကြိုက်တာရှိတယ်။ သူတို့မကြိုက်တဲ့နေရာဆိုရင် အရွက်သစ်တွေ ထွက်မလာဘူး ညှိုးသွားတယ်။ အိပ်ခန်းထဲကနေ ဧည့်ခန်းညာဖက် ပြတင်းပေါက်ကိုပြောင်း နှစ်ပတ်လောက်ထားလို့မှ ကြိုက်တဲ့ပုံမပေါက်ရင် ဧည့်ခန်းဘယ်ဖက်ပြောင်းနဲ့ ရှိတဲ့ပြတင်းပေါက် ၄ ပေါက်ကို လှည့်ပတ်ထားကြည့်တယ်။ အပင်တွေကို သတိထားကြည့်ရင် အရွက်နုလေးတွေ ထွက်လာတာ၊ ညှိုးသွားတာကိုကြည့်ပြီး အပင်အဲ့ဒီနေရာကို ကြိုက်မကြိုက်ဆိုတာ သိနိုင်ပါတယ်။ အပင်အများစုက ရေလောင်းများသွားလို့၊ ရေမလောင်းလို့ သေသွားတာများတယ်။ English Ivy ပင်ဆိုရင် ဆောင်းတွင်းမှာ ပြတင်းပေါက်ဖွင့်ထားမိလို့ လေအေးမိပြီး တဝက် frozen ဖြစ်သွားပေမဲ့ ကျန်တဝက်က ဆောင်းတွင်းတတွင်းလုံး ရှင်ခဲ့တာ နွေရာသီကျမှ ရေလောင်းများသွားလို့ ရေမွန်းပြီး သေသွားလို့ ရင်ထုမနာတွေဖြစ်။ ယုဇပန်းက မနှစ်ကနယူးဂျာဆီဘုန်းကြီးကျောင်း နိဗ္ဗာန်ဈေးပွဲတော်မှာ ဝယ်ခဲ့တာ။ လက်တဆုပ်စာ အပင်လေးကနေ ပွင့်လိုက်တာ မွှေးကြိုင်နေတာပဲ။ မကြာခင် အပွင့်တွေ အကုန်ကြွှေကျပြီး အိုးသစ်လဲလိုက်ပေမဲ့ ဒီအတိုင်းကဒီအတိုင်း ကြီးမလာ။
ဒီနှစ်အဖေတို့ လာလည်တော့ အိုးအသေးကနေ အိုးအကြီးပြောင်းသင့်တဲ့ အပင်တွေပြောင်း နေပြရေလောင်းလုပ်တော့ အရွှက်သစ်တွေ ထွက်လာတယ်။ ပိတ်ရက်ဆိုရင် အပင်တွေကို နေပြပေးရတယ် ပြီးရင် ရေနည်းနည်းလောင်းပေးရတယ် သမီးရဲ့လို့ မှာကြားသွားတယ်။ အဖေ့စကားနားထောင်ပြီး ပိတ်ရက်ဆိုရင် အပင်တွေကို နေပြပေးတယ်။ အဖေတို့ပြန်ပြီး နှစ်လအကြာ ဝယ်လာတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ယုဇနပင်ကနေ ပထမဆုံးပန်းပွင့်တော့ ပျော်လိုက်တာ။ မွှေးတာများ ကြိုင်နေတာပဲ ခုနောက်ထပ် နှစ်ဖူးပွင့်နေပြီ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွှတ်မှာ ကြွှားဦးမယ်။ သည်းခံကြပါခင်ဗျာ ဒါလေးပဲ ကြွှားစရာရှိလို့ပါ) ။ အဲ စံပယ်ပင်ကတော့ နေအပြကောင်းလို့ သေသွှားပြီ။ အပတ်တိုင်း ဘုရားပန်းကပ်ရင် ပိုက်ဆံကုန်တယ်ဆိုပြီး သစ်ခွအိုးလိုက်ကပ်တာ ခြောက်လလောက်ခံတယ်။ သစ်ခွက နေတိုက်ရိုက်ကျတာ မကြိုက်ဘူး ရေတင်နေတာကို မကြိုက်ဘူး။ တပတ်တခါ ၅ မိနစ်လောက် ရေစိမ်ပေးရတယ် ပြီးရင် သစ်ခွဆေး ဖြန်းပေးတယ်။ သစ်ခွတွေက ဘီယာကြိုက်တယ် ဘီယာတဘူးဆိုရင် အပင်ကတဝက် သူကတဝက်ဆိုတဲ့ အကိုတယောက်ရဲ့ ဖေ့ဘွှတ်ပို့စ်ကိုတွေ့တော့ ရယ်လိုက်ရတာ။ မသက်ဝေကလည်း ပြောပါတယ် သစ်ခွတွေ ဘီယာကြိုက်တယ်ဆိုတာ ကိုယ်တွေ့ပါတဲ့။ ခုထိတော့ သစ်ခွတွေကို ဘီယာမတိုက်သေးဘူး။ သစ်ခွတပင်က အရွက်တစ်ရွက် ထွက်လာတယ်၊ တခြားတပင်ကလည်း အဖူးလေးတွေ ထွက်လာတော့ ပျော်လိုက်တာ။ အရွက်တွေကြွှေ အမြစ်တွေပုပ်ပြီး သေမဲ့ဟန်ပြင်လာတော့လည်း စိတ်မကောင်းဘူး။ သေတဲ့အပင်ကသေ ရှင်တဲ့အပင်ကရှင် ပွင့်တဲ့အပင်ကပွင့်လို့ ရွှက်နုကလေးတွေ တဝေဝေ စိမ်းလန်းရှင်သန်နေတဲ့ သစ်ပင်လေးတွေကို မြင်ရတာ ကြည်နူးစရာ စိတ်ချမ်းသာစရာ ကောင်းလှပါဘိ။
စန်းထွန်း
စက်တင်ဘာ ၃၀၊ ၂၀၁၇။
ရေးခဲ့ပြီးတာက
ကျွှန်မ၏ သစ်ပင်
 |
ဘုရားစင်ပေါ်က သစ်ခွပင်တွေ |
 |
Aloe Vera |
 |
Peace Lily |
 |
အပင်တဝက် ရေခဲရိုက်သွားတာတောင် တဆောင်းတွင်းလုံးရှင်ပြီး နွှေရာသီကျမှ
ရေလောင်းများသွားလို့ ရေမွန်းသေရတဲ့ ရင်ထုမနာဖြစ်ရတဲ့ English Ivy |
 |
အပင်သေးသေးကနေ အဖေ အိုးသစ်လဲပေးသွားလို့ ကြီးလာလိုက်တဲ့ ပိန်းပန်း |
 |
နေမပြမှီ စံပယ်ပင် အဲဒီနေပြပြီး သေသွှားတော့တာပဲ |
 |
Zizz plant |
 |
အုန်းပင် |
 |
ယုဇနပင် |
3 comments:
ဆုမြတ်
ဆုမြတ်မိုး said...
အပင်စိုက်တာ တကယ်ပျော်ဖို့ကောင်းမယ်ထင်တယ်နော် ။ ညီမတော့ တစ်ခါမှမစိုက်ဖူးသေးဘူး ။ အိမ်က အမေတော့ တော်တော်ဝါသနာပါတယ် ။စစ်တွေက သူ့ခြံလေးထဲမှာ ပန်းပေါင်းစုံရှိတယ်.. အိမ်ပြောင်းတော့ သူ့အပင်လေးတွေအကြောင်းပြောမဆုံးဘဲ...။ စာတွေမျှော်နေတယ်နော်..
ဆုမြတ်
September 30, 2017 at 11:23 PM
San San Htun said...
စိုက်ကြည့် ညီမဆုမြတ် ရွှက်နုသစ်ကလေးတွေ ထွက်လာရင်ကို ပျော်နေတာ ... း)
October 3, 2017 at 8:53 PM
Post a Comment