ဖီလင် ၃၉ …

 ၂၀၂၁ နိုဝင်ဘာ ၂၄ ကိုယ့်အသက် ၃၉ နှစ်ပြည့်ပြီ။ နှစ်တိုင်း မွေ့နေ့ကို သူငယ်ချင်းတယောက် တခါတလေ တယောက်မှ မရှိဘဲ ကျင်းပလေ့ရှိပေမဲ့ ဒီတခါတော့ လူများများ လေးယောက်နဲ့ ဆင်နွှဲရတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်ဖက်ကို ခရီးထွက်နေတာ အမတွေက surprise  မွေးနေ့ကျင်းပပေးတယ်။ တသက်နဲ့တကိုယ် ဒီတခါပဲ မွေးနေ့ဖယောင်းတိုင် မှုတ်ဖူးသေးတယ်။ တူတော်မောင်က မွေးနေ့ကဒ်ဆွဲပေးတယ် ကိုယ့်အိုင်ဒီယာနဲ့ ကိုယ် ဆွဲတာလားမေးကြည့်တော့ ဂူဂယ်ရှာကနေ အိုင်ဒီယာယူတယ်တဲ့။ ဂူဂယ်ကောင်းကောင်း သုံးတတ်တယ်။ ယူကျူ့ကနေ ရှဲဆိုတာလေးနှိပ်လိုက်လို့ တခွန်းသင်ပေးလိုက်တာနဲ့ သူ့ဘာသာရှာဖွေပြီး မက်ဆင်ဂျာဆီ ရှယ်တတ်တယ်။ နည်းနည်းလေးပြတာနဲ့ များများတတ်တယ်။ ခုတော့ မွေးနေ့ဆို မွေးနေ့ကဒ်ဆွဲပေး ဟတ်ပီးဘတ်ဒေးသီချင်း ဆိုပေးရမှန်း သိနေပြီ။ ခရီးတွေသွားနေ‌‌ပေမဲ့ ကောင်းကောင်းမပျော်ပါဘူး ဘွန်းဝယ်ဖို့ မူးနောက်အောင်ဖတ်။ PDF စခန်းတွေ ဝင်စီးခံရရင် စိတ်မကောင်း ရင်တွေနာ။ အာဏာသိမ်းပြီးစက ဘလော့ဂါအန်တီတယောက် စစ်ကောင်စီအကြောင်း ဘာမှမပြော ဘုရားပဲရှိခိုးနေလို့ unfriend လုပ်လိုက်တယ်။ အသိအစ်မဆီက ကြားရတာက အဲ့ဒီအန်တီက စစ်တပ်အသိုင်းအဝိုင်းက စစ်တပ်ထောက်ခံသူဆိုတော့ ကိုယ်ထင်တာမှန်နေတာပေါ့။ ရှင်းရှင်းပဲ စစ်အုပ်စုကို ထောက်ခံတဲ့သူတွေ၊ ကြားနေဆိုသူတွေနဲ့ အသိမဖြစ်ချင်ဘူး။ မွေးနေ့မှာတောင်းတဲ့ဆု၊ နေ့တိုင်းတောင်းနေတဲ့ဆုကတော့ စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက် အမေစုဦးဆောင်တဲ့ နိုင်ငံတော်သစ်။


Happy Thanksgiving!
စန်းထွန်း
နိုဝင်ဘာ ၂၇၊ ၂၀၂၁။

Empire State Trail - 2

 အောက်တိုဘာ ၂၄ တနင်္ဂနွေနေ့ ဟိုအရင်အပတ်ကလိုပဲ ဂရမ်းစင်ထရမ်ကနေ မနက် ၉ နာရီ ၁၀ မိနစ်ထွက်တဲ့ ရထားစီးပြီး ဘရူစတာကို မနက် ၁၀ နာရီ မိနစ် ၄၀ မှာ ရောက်ပါတယ်။ ရထား တနာရီခွဲ စီးရတယ်။ ဟိုအရင်ပတ်ကလို လမ်းမမှားတော့ဘူး မိန်းလမ်းမ မီးပွိုင့်ကနေ Carmel Ave ဘယ်ဖက်ကိုကွေ့ လူနေခြေအိမ်ကိုဖြတ်တော့ လမ်းတွေကအများကြီး ဂူဂယ်မတ်ကိုကြည့် လမ်းနာမည်တွေကြည့် ရထားသံလမ်းဘေးနားက အင်ပါယာစတိတ်ထရေးဆိုင်းဘုတ်ကို မြင်တော့မှ စိတ်အေးတယ်။ နေရောင်ခြည်က လင်းလက်တောက်ပနေပြီး အင်မတန်သာယာတယ်။ စက်ဘီးစီးတဲ့သူ၊ လမ်းလျှောက်တဲ့သူနေနဲ့ Maybrook Trail လောက် လူမများဘူး။ Middle Branch Reservior က အကြီးကြီးပဲ ဒီဒေသမှာ Reservior တော်တော်များတယ်။ ငါးမျှားနေတဲ့သူ၊ ပစ်ကနစ်ထွက်တဲ့သူတွေနဲ့။ ဒီအပတ် သစ်ရွက်တွေ ပိုဝါလာလို့ ပိုလှတယ်။ ဒီတခါလည်း ရွေးတာမှန်သွားပြီ အိုး ဘယ်တုန်းက မှားလို့တုန်း always right choice ဆိုပြီး ရယ်ရသေးတယ်။ အဲ့ဒီလို ကိုယ့်ကိုကိုယ် ကြံဖန်ချီးကျူး။ ကလေးတွေကို ယုံကြည်မှုမြင့်တက်အောင် ဘယ်လိုလုပ်ရမလဲ ဆောင်းပါးတွေ့တော့ တူတော်မောင်အတွက် ဖတ်စရာမလိုဘူးလို့ မကြီးနဲ့ပြောပြီး ရယ်ကြတယ်။ တူတော်မောင်က confidence ယုံကြည်မှုရှိလွန်းလို့ ခက်နေတယ်။ ကိုယ်တို့ရဲ့အိုင်ဖုန်း 7 Plus ဖုန်းအစုတ်လေးမှာတောင် တော်တော်လှတာ အိုင်ဖုန်း ၁၃၊ ကင်မရာအကောင်းစားနဲ့ ရိုက်လိုက်ရရင်တော့လား။ ကိုယ့် Canon လည်း မထုတ်တာ နှစ်နှစ်ကျော်ပြီ။ ဟိုက်ကင်းသွားရင် ကင်မရာအလေးသယ်ဖို့ မပြောနဲ့ ကိုယ့်ဘာသာတောင် အနိုင်နိုင်။ နှစ်နာရီ လမ်းလျှောက်ပြီးရင် ပါလာတဲ့ သစ်သီး၊ roasted japanese beans တွေ စားကြတယ်။ ဝိုင်းက အဲ့ဒီပဲ တော်တော်ကြိုက်တယ် မက်ဟက်တန်မစ်တောင်း သူ့အိမ်နားကဆိုင်တွေမှာ မရှိဘူး။ ကိုရီးယားတောင်းက H Mart မှာ သွားရှာတာ ဝါဆာပီပါတာပဲရှိလို့တဲ့။ ကိုယ့်အိမ်နားက တရုတ်ဆိုင်မှာရှိတော့ ကိုယ်ကအမြဲဝယ်တယ်။ ဒီတခေါက်တော့ တရုတ်စုံတွဲတတွဲ၊ အမည်းစုံတွဲတတွဲတွေ့လို့ ပထမဆုံးအကြိမ်တွေ့တာပဲ ပြောကြသေးတယ်။ ဟိုက်ကင်းထွက်ရင် အဖြူတွေ့တာများတယ် အာရှနဲ့အမည်း မတွေ့သလောက်ပဲ။ အလာစကာမှာလည်း အဖြူတွေချည်းပဲ၊ တောင်အမေရိက ဘိုလီးဘီးယားမှာ လူဖြူတိုးရစ်တွေချည်းပဲ။ Putnam Trail က ၉ မိုင်ရှည်တယ်။ တောင်ကုန်းလေးမှာ အနားယူနေတုန်း စက်ဘီး၃စီး ဖြတ်သွားတယ်။ စက်ဘီးတစီးက တာယာလေလျော့နေလို့ တယောက်ကပါလာတဲ့ လေထိုးတံနဲ့ ထိုးပေးတယ်။ လမ်းတလျှောက်မှာ လေထိုးလို့ရတဲ့ နေရာလေးတွေရှိတယ်။ တာယာအခြေအနေဆိုးတယ်ထင်တယ် ဘရူစတာဖက် ပြန်သွားတယ်။ မသွားခင် ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းတယ်။ Lake Gleneida နားရောက်ပြီး လှည့်ပြန်တယ်။ အပြန်လမ်းက မြန်နေသလိုပဲ။ ၃ နာရီ ၁၅ ရထားမိအောင် အမြန်လမ်းလျှောက် မီးပွိုင့်မှာမစောင့်ရအောင် လူကူးမျဥ◌်းကြားကကူး ၃ မိနစ်ဆိုတာလည်း စကားပြောတယ်။ ရထားမထွက်ခင် ၃ မိနစ်အလိုမှာရောက်လို့ we made it. we did it ။  အဲဒီရထားမမှီရင် နောက်ထပ်တနာရီစောင့်ရမှာ။ ရထားပေါ်မှာ ဝိုင်းဆီကဓာတ်ပုံတွေ AirDrop နဲ့ယူ၊ လှတဲ့ပုံလေးတွေရွေးပြီး အိပ်လာလိုက်တာ ဂရမ်းစင်ထရယ်ရောက်မှနိုးတယ်။ အိမ်ကို နောက်ထပ်တနာရီ ထပ်စီးရတယ်။


https://empiretrail.ny.gov/new-york-city-poughkeepsie/mahopac-brewster

Happy Hiking!
စန်းထွန်း
နိုဝင်ဘာ ၂၁၊ ၂၀၂၁။

နွေဦးတော်လှန်ရေး - ၁၅

 ၂၀၂၁ အောက်တိုဘာ ၂၃ စနေနေ့ နေ့လည် ၂ နာရီကနေ ၄ နာရီ ဂရမ်းစင်ထရယ်ဘူတာရုံနားမှာ တိုတယ်၊ ရှန်ဖရွန်ကုမ္ပဏီကနေ စစ်ကောင်စီကိုပေးနေတဲ့ သွေးစွန်းငွေတွေ ရပ်တန့်ဖို့ကမ်းပိန်းဆန္ဒပြပွဲရှိတယ်။ အမှန်က အောက်တိုဘာလကုန်ရက်မှ တကမ္ဘာလုံးဆန္ဒပြပွဲလုပ်ကြမှာ။ နယူးယောက်မှာက အောက်တိုဘာလကုန်ရက် ဈေးရောင်းပွဲတော်ရှိတော့ တပတ်စောလုပ်တယ်။ ရာသီဥတု အေးလာပြီ အနက်ရောင်ဝတ်လာခိုင်းလို့ အနက်ရောင်အနွေးထည်ရှာ အပြင်မှာနှစ်နာရီလောက် မတ်တပ်ရပ်နေရမှာဆိုတော့ နွေးအောင် သိုးမွှေးတွေဝတ်ရတယ်။ ဘောင်းဘီကလည်း သိုးမွှေး အောက်ကတထပ် lining ပါတဲ့ဟာမှ၊ ခြေအိတ်ကလည်း သိုးမွှေး။ ကိုယ်က သူများထက်ချမ်းတတ်လို့ သိုးမွှေး၊ ကက်ရှ်မီးယား အထပ်ထပ်ဝတ်မှ အဆင်ပြေတယ်။ သူများတွေဆို သားရေ၊ ဂျင်းဂျက်ကက်လေးနဲ့ အားကျပါ့။ မက်ဆီကန်လေးအီလန်ကိုတွေ့တယ် သူကအစောကြီးရောက်နေလေ့ရှိပြီး ဒုတိယတန်းကနေ ဆန္ဒပြလေ့ရှိတယ်။ စာရွက်ငါးရွက်ကို လက်မှတ်ထိုးရတယ် အီလန်နဲ့ကိုယ် ဆိုင်းဘုတ်ကိုင်ရတယ်။ ဒီနေ့ဘာအတွက် ဆန္ဒပြမှာလဲသိလားမေးတော့ သိတယ်တဲ့။ နင် ဖေ့ဘွတ်လည်းမသုံးဘဲ ဆန္ဒပြပွဲရှိတာ ဘယ်လိုသိလဲမေးတော့ သူသူ့ငယ်ချင်းက ပို့ပေးတယ်တဲ့။ သူ့ညာဖက်လက်ကောက်ဝတ်မှာ အနီရောင်စည်းထားလို့ နင်ဘယ်ကရတာလဲမေးတော့ ဟိုကောင်တာမှာသွားတောင်းတဲ့။ အင်္ဂလိပ်လိုကြွေးကြော်တဲ့အခါ တက်တက်ကြွကြွ အော်ဟစ်ပြီး မြန်မာလိုကြွေးကြော်တဲ့အခါ လက်သုံးချောင်းထောင်နေတာပဲ။ Burma Act က အောက်လွှတ်တော်မှာ အတည်ပြုပြီး အထက်လွှတ်တော်မှာ အတည်ပြုဖို့များတယ်။ အဲ့ဒီ Burma Act က အချက်တွေအများကြီးမှာ မြန်မာပြည်သူတွေအတွက် သန်း ၂၀၀ ကို NGO တွေကနေ ထောက်ပံ့မှာ။ သန်း ၂၀၀ ဆိုတာ ခဏလေးနဲ့ကုန်သွားမှာ အရေးကြီးတဲ့ NUG ကို အသိအမှတ်ပြုဖို့အချက်ကျတော့ မပါလို့ အဲ့ဒီအချက်ကို ထည့်ပေးဖို့ နယူးယောက်ကခေါင်းဆောင်တွေ တောင်းဆိုနေတယ်။ ကန်တက်ကီပြည်နယ်က အမတ်မစ်မက်ကော်နစ်က အမေစုနဲ့မြန်မာပြည်ကို အတော်သံယောဇဉ်ရှိတယ် ရှေးဘဝကရေစက်ထင်ပါရဲ့။ ကန်ကပ်ကီဆိုတာနဲ့ လူဝီဗီလ်မြို့လေးကို လွမ်းမိတယ်။ နိုင်ငံသားမဟုတ်လည်း အခွန်ထမ်းပြည်သူတယောက်အနေနဲ့ လွှတ်တော်အမတ်၊ representative တွေကို ဖုန်းခေါ်ပြီး Burma Act ကို ပြင်ဖို့ တိုက်တွန်းတယ်။ ရာသီဥတုအေး မတ်တပ်နှစ်နာရီ ရပ်ရတဲ့ဒုက္ခက စစ်ပြေးဒုက္ခသည်၊ PDF လေးတွေရဲ့ဒုက္ခနဲ့ ယှဉ်လိုက်ရင် မြူမှုန်လောက်တောင် မရှိဘူး။ အီလန်ကိုတော့ ချီးကျူးမိတယ် တိုင်းပြည်အတွက် တတပ်တအား ပါဝင်ပေးတဲ့သူတိုင်းကို လေးစားမိတယ်။ 


အရေးတော်ပုံ အောင်ကိုအောင်ရမည် !!!
စန်းထွန်း
နိုဝင်ဘာ ၁၄၊ ၂၀၂၁။

Photo credit - Wayne Chin


Empire State Trail - 1

အောက်တိုဘာ ၁၇ တနင်္ဂနွေနေ့ အမ်ပါယာစတိတ်ထရေးမှာ ဟိုက်ကင်းထွက်မယ်လို့ စီစဉ်ထားတယ်။ ပုံမှန်ဆို စနေနေ့ဟိုက်ကင်းထွက် တနင်္ဂနွေနေ့ အနားယူ။ ဒီတပတ်က စနေနေ့မိုးရွာမယ်ဆိုလို့ တနင်္ဂနွေနေ့သွားဖို့ စီစဉ်ထားတာ စနေနေ့က မိုးမရွာဘဲ နေခြစ်ခြစ်တောက်ပူ။ ခန့်မှန်းချက်မှားတာ နှစ်ခါကြုံပြီးပြီ နောက်ဆိုရင် သောကြာနေ့ ရာသီဥတုပြန်ကြည့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အစီအစဉ်ပြောင်းရမယ်။ အမ်ပါယာစတိတ်ထရေးလမ်းကို သိရတာက ဝိုင်းလုပ်ဖော်ကိုင်ဖက်ဆီက။ ဘရူစတာဘူမှာဆင်း ၁၀ မိနစ်လောက်လမ်းလျှောက် ဘယ်ကွေ့ညာကွေ့ ရှင်းရှင်းလေးတဲ့။ ဂူဂယ်မှာရှာလိုက်တော့ ခုမှအသစ်ဖွင့်လိုက်မိုတာတဲ့ မိုင် ၇၅၀ ရှည်တယ် နယူးယောက်ကနေ ဟက်ဆန်မြစ်လွင်ပြင်ကို ဖြတ်ကျော်ပြီး Erie Canal ကိုဖြတ်ကာ အနောက်ဖက် နိုင်အာဂရာရေတံခွန်နားက ဘာဖဲလိုးမြို့အထိ ၊ မြောက်ဖက်ဆိုရင် ချန်ပိန်ရေကန်၊ Adirondacks ဒေသကို ဖြတ်ကျော်ပြီး ကနေဒါနယ်စပ်အထိ လမ်းပေါက်တယ်။ ၂၀၁၇ ကနေ စတာ ၂၀၂၁ မှ ပြီးတယ်။ နယူးယောက် ဂရမ်းစင်ထရယ်ဘူတာကနေ မနက် ၈ နာရီ ၂၀ SouthEast bound line ရထားကိုစီး ၂ နာရီအဝေးက Brewster မှာဆင်း။ ထရေးလမ်းဘယ်မှာမှန်းမသိလို့ စက်ဘီးအုပ်စု တိုးဂိုက်ကိုမေးကြည့်တော့ နောက်ဆယ်မိနစ်စောင့်ပါတဲ့။ မစောင့်နိုင်တော့လို့ ဝိုင်းလုပ်ဖော်ကိုင်ဖက် ညွှန်လိုက်တဲ့အတိုင်း ဘယ်ကွေ့ပြီး လမ်းလျှောက်လာတာ မြေပုံမှာကြည့်ထားတုန်းက မြောက်ဖက်စူးစူးပါ ဂူဂယ်မတ်မှာ အရှေ့ဖက်ကိုသွားနေတယ်လို့ ပြနေတယ်။ နေဦးဆိုပြီး မတ်ကိုပြန်ကြည့် ဂူဂယ်မတ်ကိုကြည့် ဝိုင်း လမ်းမှားနေတယ်။ ကိုယ်က မြေပုံကျွှမ်းတော့ ကို့ယ့်ကိုဦးဆောင်ခိုင်းတယ်။ စောနက စက်ဘီးသမားတွေ သွားတဲ့နေရာပဲ မီးပွိုင့်ကနေ ထရေးလမ်းနှစ်ခုရှိတယ် အရှေ့နဲ့အနောက် ဘယ်ထရေးကိုသွားမလဲ။ ကိုယ်ကောင်းမယ်ထင်တာရွေးတဲ့ မင်းလုပ်ဖော်ကိုင်ဖက်ညွန်လိုက်တာ ညာဖက်ထရေးလမ်း အဲ့ဒီဖက်ကိုအရင်သွားကြည့်ရအောင်။ နောက်အပတ်ကျမှ နောက်ထရေးလမ်းကိုသွားမယ်။ ဂူဂယ်မတ်မှာ မရှင်းလင်းလို့ အတော်ရှာယူလိုက်ရတယ်။ အင်ပါယာစတိတ်ဆိုင်းဘုတ်ကြီးကို မြင်တော့မှ စိတ်အေးသွားတယ်။ Maybrook Trailway ၉ မိုင်ရှည်တယ်။ ကိုယ်တို့က ဝိုင်းလုပ်ဖော်ကိုင်ဖက်လို Ice Pond အထိ ၄ မိုင်လောက်လျှောက်ပြီး လာလမ်းအတိုင်း ပြန်ရမှာ။ အင်မတန် သာယာတယ် တွေ့တဲ့လူတိုင်း ဖော်ရွေပျူငှာ နှုတ်ဆက်ကြတယ်။ နေ့လည် ၁၂ နာရီခွဲ Lake Tonetta ဘေးနားမှာ နေ့လည်စာစားကြတယ်။ ဝိုင်းက မနက်စာအဝတီးလာတယ် ကိုယ်က ကြက်ဥကြော် ကြက်ဥပြုတ်စားတယ်။ ခဏနားပြီး Ice Pond အထိ ၄ မိုင်ခွဲ ချီတက်ကြတယ်။ ရေကန်ထဲမှာ ငန်းနှစ်ကောင် ရေကူးနေတယ်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာ သိပ်လှတာပဲ။ ပြန်လာတော့ တော်တော်ပင်ပန်းနေပြီ ဝိုင်းက သူ့လုပ်ဖော်ကိုင်ဖက်က သက်လတ်ပိုင်းအရွယ် ခပ်ဖိုင့်ဖိုင့် သူတောင် Ice Pond ရောက်ရင် ငါကဘာလို့မရောက်ရမလဲနဲ့။ သူ့လုပ်ဖော်ကိုင်ဖက်ကို လျှော့တွက်မိတယ် ကိုယ်တွေတောင် ဒီလောက်ပင်ပန်းတာ သူ့လုပ်ဖော်ကိုင်ဖက်ကို ချီးမွမ်းတယ်တဲ့။ အပြန်ရေကန်နားမှာ နားနေတုန်း ဖြတ်သွားတဲ့ကောင်လေးတယောက်က ရထားလမ်းပေါ်မှာ ထိုင်နေတဲ့ကိုယ်တို့ကို ရထားကြည့်ဦးနော်လို့ စသွားတယ်။ ရထားသံလမ်းပေမဲ့ ရထားမဖြတ်တော့တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ မသိဘူး။ ရထားက ၃ နာရီ ၁၅ နောက်တနာရီကြာမှတစီးရှိတာဆိုတော့ မှီအောင်အသားကုန်ပြေးကြတာ ၃ မိနစ်အလို မှီရုံလေးဘူတာရုံရောက်တယ်။ အဲ့ဒီနေ့ကတော့ အိုင်ဖုန်းအသစ်လိုချင်သွားတယ် ကိုယ်တို့ဖုန်းက အိုင်ဖုန်း 7 Plus ဆိုတော့ ကင်မရာမကောင်းဘူး။ ကိုယ့်ဖုန်းက တော်တော်ဆိုးတာ မကြာခဏကျကွဲလို့ ဝါးတားတာ ဝိုင်းဖုန်းက ကိုယ့်ဖုန်းထက် ပိုကောင်းတယ်။ ကိုယ့် Canon 7D လည်း မသယ်နိုင်။ ဒီအချိန်မှာ ဖုန်းကောင်းကောင်း၊ ကင်မရာကောင်းကောင်းနဲ့ ရိုက်လိုက်ရရင် ဓာတ်ပုံတော်တော်လှမှာ။ အလာစကာသွားတုန်းက ဟန်က အိုင်ဖုန်း၁၀နဲ့ လေယာဉ်ပေါ်ကနေ Anchorage မြို့ကိုရိုက်တာ အင်မတန်လှတာပဲ။ ကင်မရာအကြီးနဲ့ ရိုက်ထားသလား ထင်ရတယ်။ ၂၀၁၉ ဆောင်းဦးရာသီချိန် ဝက်ဝံတောင်သွားတက်တုန်းက ကင်မရာအကြီးတွေနဲ့ရိုက်တော့ ဓာတ်ပုံလှလှလေးတွေရတယ်။ ခုတော့ ကင်မရာကြီး မသယ်နိုင်တော့ ဖုန်းကောင်းကောင်း၊ ဒါမှမဟုတ် ကင်မရာပေါ့ပေါ့ပါးပါးလေးပဲ လိုချင်မိတယ်။ အရင်တုန်းက ကင်မရာအကြီးကြီးကို အားကျတယ် လူအထင်ကြီးအောင်လို့။ ခုတော့ ပေါ့ပါ့ပါးပါး လွတ်လွတ်လပ်လပ် လူသက်သာဖို့ အရေးကြီးတယ် ဖြစ်ကုန်ပြီ။


Happy Hiking!
စန်းထွန်း
နိုဝင်ဘာ ၈၊ ၂၀၂၁။ 

https://empiretrail.ny.gov/new-york-city-poughkeepsie/brewster-pawling