သူ့ကို မြင်မြင်ချင်း ချစ်ခဲ့တာ မဟုတ်၊ သူငယ်ချင်းတွေလည်း မဟုတ်၊ သူစိမ်းတွေလည်း မဟုတ်ပြန်။ သူနဲ့ကျွန်မ တက္ကသိုလ်အတူတူ တက်ခဲ့ဖူးပေမဲ့ မေဂျာမတူ၊ အတန်းမတူ မျက်မှန်းတန်းမိတယ် ဆိုရုံလေး။ ကိုကို့သူငယ်ချင်းအိမ်မှာ ခဏနေဖို့ ပြောင်းလာသည့်အခါမှ သူနှင့် ပြန်ဆုံခဲ့သည်။ သူစိမ်းတွေကြားထဲ သိကျွှမ်းဖူးသူတွေ ပြန်တွေ့ရသည်မှာ ဝမ်းသာစရာ။ သူနှင့် ဆုံခဲ့ရသည်မှာ ခဏတာလေး ဆိုသော်ငြား ထိုနေ့ရက်များသည် သာယာပျော်ရွှင်စရာ အကောင်းဆုံး နွေဦးရက်များ ဖြစ်သည်။ ကျွန်မမှာ သူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ လက်ချိုးရေတွက်၍ ရသည်။ သူက ပေါင်းသင်းဆက်ဆံရေးကောင်း၊ မိတ်ဆွေသူငယ်ချင်း များလှသူ ဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်တွင် မေမေကိုယ်တိုင် ဟင်းချက်သင်တန်းပေးသော်လည်း အချက်အပြုတ် ဝါသနာမပါ၊ ချက်ပြုတ်ဖို့ အလွန်ပျင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေကို ဟင်းချက်ရင်းနဲ့ ကုန်ဆုံးရမှာလားဟု ဆင်ခြေပေးတတ်သည့် ကျွန်မက ဆိုင်ထမင်းဟင်းများကို မစားချင်သည့်အခါ မီးဖိုချောင်ဝင် ချက်ပြုတ်ရသည်။ အင်တာနက်တွင်ရှာ၊ ယူကျူကြည့်ကာ ဟင်းချက်သည့် ကျွှန်မကို မင်းကို ရတဲ့ကောင်ကတော့ အတော်ကံဆိုးတာပဲဟု နောက်ပြောင်တတ်သည်။ သူကတော့ ဟင်းချက်ကောင်းသူ ဖြစ်ပြီး တခါတရံ သူ့လက်ရာ ငါးကြော်နှင့် ဘီယာ၊ ဝိုင်ပါတီ ဆင်နွှဲကြသည်။ မေမေ ခရီးသွားသည့်အခါများတွင် ဖေဖေက ကိုယ်တိုင်ဈေးဝယ်ပြီး ချက်ပြုတ်ကျွှေးမွေးတတ်သည့် ယောကျာ်းလေးမို့ အိမ်မှုကိစ္စများကို မလုပ်ဟု သဘောမထားသည့် မိသားစုတွင် ကြီးပြင်လာသည့် ကျွန်မက မီးဖိုချောင်ဝင်သည့် ယောကျာ်းလေးများသည် ချစ်စရာကောင်းသည်ဟု မြင်သည်။
credit to Tata Harper skincare |
နွေဦးရာသီဖြစ်သည်မို့ပြတင်းပေါက်နားတွင် အိုးကလေးများနှင့် ပန်းပင်များ သူ စိုက်ပျိုးသည်။ ခရမ်းချဉ်သီး၊ ငရုတ်ပင်များသည် ဥယျာဉ်မှုး၏ ဂရုစိုက်မှုကြောင့် မပြတ်သီးပွင့်သည်။ အိမ်ရှေ့တွင် ပန်းရောင်ရှိသည့် အပွင့်များ အဆုပ်လိုက်ပွင့်သည့် အပင်ကြီးရှိသည်။ ခေါင်းရင်းတွင် ပန်းပွင့်ဖြူဖြူများ ဝေဝေဆာဆာ ပွင့်တတ်သော အမျိုးအမည်မသိသည့် အပင်ရှိသည်။ ၁၅ နှစ်သားကတည်းက ဂီတာတီးသင်ခဲ့သည့် သူက ဂီတာကို ကျွှမ်းကျွှမ်းကျင်ကျင် တီးတတ်သည်။ ကျွန်မတို့ ပွဲတောင်းလျှင်၊ သူငယ်ချင်းတွေ ဆုံကြလျှင်၊ တခါတလေ သူ စိတ်ကူးပေါက်လျှင် တီးပြတတ်သည်။ သူ့လက်ဖြင့် တီးခတ်လိုက်သည့် ဂီတာမှ ပျံ့လွင့်လာသည့် တေးသီချင်းသံများကို နားဆင်ရသည်မှာ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသည်။ သူ့ဆီမှာ ဂီတာတီးသင်သော်လည်း လက်ထိပ်နာကျင်မှုကို မခံနိုင်သည့်အတွက် ကီး ၂ ခုမှနေ မတက်တော့။
ဝိုင်းဘုတ်ပေါ်တွင် သူ့အချိန်စာရင်းကို ရေးထားတတ်သည်။ တနာရီလောက် တခုခု သင်ယူနေပါ ဆိုတာမျိုး။ ရှားရှားပါးပါး တခါတလေ စိတ်လိုလက်ရ သူ့အကြောင်း၊ သူ့ရည်းစားဟောင်းများ အကြောင်းကို ပြောပြတတ်သည်။ ကျွန်မက တောင်တက်၊ သစ်တောအုပ်ထဲ လမ်းလျှောက်ဖို့ နှစ်သက်သလောက် သူက ငါးမျှားခြင်းကို နှစ်သက်သည်။ ငါးမျှားတံကို မလှုပ်မယှက် ကိုင်ထားရမှာ ပျင်းစရာကြီးဟု ကျွန်မက ဝေဖန်လျှင် မင်း တောင်တက်တာလည်း ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲဟု ပြန်ပက်တတ်သည်။ မင်းလိုမျိုး တနေကုန် ရုပ်သံဇာတ်လမ်းတွေ မကြည့်နိုင်ပေါင် ပျင်းစရာကြီးဟု ကျွန်မက ခနဲ့လျှင် မင်းကြိုက်တဲ့ သီချင်းစာသားမပါ တီးလုံးသံသက်သက် သီချင်းတွေကမှ တကယ့်ပျင်းစရာဟု ပြန်ခနဲ့သည်။ ကျွန်မက ကိုရီးယားမင်းသားကေ ဖက်ရှင်ကျကျ ဝတ်စားထားသည့် ကောင်လေးသူများကို ငေးတတ်ပြီး သူက မျက်လုံးအိုင်လိုင်နာထူထူဆွဲထားသော ဘော်ဒီတောင့်တောင့် ခပ်ဖြောင့်ဖြောင့် ကောင်မလေးများကို ငေးတတ်သည်။ မင်း အိုင်းလိုင်နာထူထူ ဆွဲသင့်တယ်ဟုလည်း ကျွန်မဓာတ်ပုံကို ဝေဖန်တတ်သည်။
ဆံပင်ညှပ်ပြီးသောအခါ Before & After ဘယ်ဟာပိုလှသလဲဟု မေးလျှင် Before ဟု မလိမ်မညာ ဖြေတတ်သေးသည်။ တချို့က ဘယ်အချိန်မှာ စချစ်သွားသလဲ မသိဘူး၊ မမှတ်မိဘူးဟု ဆိုတတ်ကြသည်။ ကျွန်မကတော့ သူ့ကို စချစ်မိသွားသည့် အချိန်ကို ခုထက်ထိ မှတ်မိနေသေးသည်။ မှောင်မှောင်မည်းမည်း ခြောက်ခြားစရာ ထိတ်လန့်စရာကောင်းသော စုန်းပြတိုက်ကို သွားလည်စဉ်က ဖြစ်သည်။ သရဲကားကို မျက်လုံးမှိတ်ပြီး ကြည့်တတ်သော၊ ကြည့်ပြီးတိုင်း ညဖက် အိမ်သာမသွားရဲ၊ မီးဖွင့်ကာ အိပ်တတ်သော သတ္တိခဲ ကျွန်မက အနီးတွင်ရှိသော သူ့လက်ကို အမှတ်မထင် ဆုပ်ကိုင်လိုက်သည်။ ထိတ်လန့်တကြားမို့ ကျွန်မက မမှတ်မိသော်လည်း သူက ယောကျာ်လေးတန်မဲ့ နားရွက်တွေနီကာ အရှက်ပိုနေခဲ့သည်။ အဲဒီအကြောင်း သူငယ်ချင်းတွေ စကြတိုင်း ဒီရှပ်ပြာမလေးကြောင့်လို့ သူက ပြောရင် ကျွန်မတို့တွေ ရယ်မောကြဆဲ။
အဲဒီကတည်းက သူ့ကို စတင်သတိထားမိလာသည်။ သူသည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော၊ မိန်းကလေးကြားတွင် ပေါ်ပြူလာဖြစ်သော လူတယောက်ဖြစ်သည်။ သူ့အကြောင်း သိလာလေ နှစ်သက်လာလေ ဖြစ်သည်။ တခါတလေ ချစ်ခြင်းမေတ္တာများဖြင့် တောက်ပသော မျက်ဝန်းညိုများကြောင့် သူများ ကျွန်မကို စိတ်ဝင်စားသလားဟု တွေးထင်မိသည်။ သို့သော် သူ ဘယ်တော့မှ ကျွန်မကို ဖုန်းမခေါ်၊ မက်ဆေ့မပို့၊ အွန်လိုင်းတွင် တွေ့သော်လည်း စကားမပြော။ သူ ဘေးနားရှိနေချိန်မှာတွင် သက်တောင့်သက်သာဖြစ်မူ၊ စိတ်လုံခြုံမှုများကို ခံစားရသော်လည်း ရင်တွေ တဒိတ်ဒိတ်မခုန်။ ဒီလိုနှင့် ကျွန်မ အချစ်တွေ မရေမရော မသေမချာ ဖြစ်နေချိန် သူ တခြားမြို့သို့ ပြောင်းရွှေ့သွားသည်။ အနီးလို့ မဆိုနိုင်သော်လည်း အဝေးတော့ မဟုတ်ခဲ့။ မြို့အသစ်မှာ အဆင်ပြေလား အလ္လာဘသလ္လာဘ ဆိုဖြစ်သည်မှလွဲ၍ စကားမပြောဖြစ်။
ကျွန်မတို့အကြောင်းကို သိသော ကျွန်မသူငယ်ချင်းက သူ ကိုယ့်ကို မချစ်၊ ရင်,တဒိတ်ဒိတ် မခုန်သောကြောင့် ကျွန်မကလည်း သူ့ကို တကယ်မချစ် စိတ်ပဲဝင်စားတာဟု ဆိုသည်။ နှလုံးသားတွင် အချစ်ဖြစ်တည်လာချိန်တွင် ဦးနှောက်တွင် ဓာတ်တမျိုး ထုတ်လုပ်သည်ဟု ဆိုသည်။ ကျွန်မ ကြည့်ဖူးသော ရုပ်ရှင်တွင် မင်းသမီးဒေါက်တာမကို မျက်စိမှတ်ခိုင်းကာ သူ ချစ်နေတဲ့သူ အကြောင်း စဉ်းစားခိုင်းပြီး ဦးနှောက်ကို စီတီစကန် ရိုက်သောအခါ စီတီစကန်တွင် ထိုအချစ်ဓာတ် ပေါ်နေသည်ဟု ဆိုသည်။ ကျွန်မ သူ့ကို တကယ်ချစ်မချစ် ကျွန်မ ခေါင်းကို စီတီစကန်များ ရိုက်ရလေမလား။ သူ ကျွန်မကို ချစ်သလား၊ မချစ်သလေားတော့ ကျွန်မ မသိပါ။ ကျွန်မကတော့ သူခွဲခွာသွားပြီး ကတည်းက သူ့ကို သတိရနေခဲ့သည်။ တခါတလေ သူ့ကို တွေ့ချင်မိသည်။ တခါတလေ သတိရသော်လည်း အမြဲလိုလိုတော့ မဟုတ်ခဲ့။ သူများ ကျွန်မကို သတိရနေမလားဟု တွေးမိသည်။
သူ့ အကြောင်း ကျွန်မ များများစားစား မသိပါ။ သူ နေကာမျက်မှန် ကြိ ုက်သည်။ ဘယ်ဖက်လက်ခလယ်တွင် ငွေမောင်းကွင်းလက်စွပ် ဝတ်သည်။ လည်ပင်းတွင် ကြိုးအနီဆွဲကြိုး ဝတ်သည်။ အပြင်သွားလျှင် နာရီအမြဲပတ်သည်။ လည်ပင်း နေလောင်သည်ဟုဆိုကာ အင်္ကျီကော်လာ ထောင်ကာ ရှိုးထုတ်သည်။ ပိန်ချင်၍ ပိန်ဆေးသောက်သော်လည်း သူ့ ခန္ဓာကိုယ်က ပြည့်ရုံလေး ပိန်ဆေးသောက်ဖို့ မလိုဟု ကိုယ်က ထင်သည်။ ကျွန်မ မကြားဖူးတဲ့ It's about you သီချင်းက သူ အနှစ်သက်ဆုံး သီချင်း။ အစားအသောက်မရွေး အကုန်စားတာကတော့ ကျွန်မနှင့်တူသည်။ အလုပ်ပင်ပန်းလျှင် ခေါင်းကိုက်တတ်သည်။ ဘယ်အရာမဆို သင်လွယ်တတ်လွယ် အကောင်းဆုံးဖြစ်အောင် လုပ်တဲ့သူ။ သူ့အစ်ကိုထက် ချောတယ် မိန်းကလေးတွေကြားထဲမှာ ပေါ်ပြူလာဖြစ်တယ်လို့ သူ့ဘာသာ သတ်မှတ်ထားတဲ့သူ။ ကျွန်မက မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ မျက်နှာသွယ်သွယ်လေးမှ ချောတယ်ထင်ပေမဲ့ သူကတော့ ဆန့်ကျင်ဖက် မျက်နှာပြည့်ပြည့်၊ မျက်ခုံးပါးလျလျ။
ကောင်းကင်ပြာပြာထက်ဆီတွင် မျောလွင့်နေသော တိမ်ဆိုင်ဖြူဖြူများကို မြင်ရသည့်အခါ ကျွှန်မ စိတ်တွေဟာလည်း သူ့ဆီသို့ လွင့်မျောသွားတတ်သည်။ ဒီအချိန် သူ ဘာတွေလုပ်နေမလဲ။ သူ သိပ်ကြိုက်တဲ့ ရုပ်သံဇာတ်လမ်းတွဲ၊ ဘောလုံးပွဲ ကြည့်နေမလား၊ သတင်း နားထောင်နေမလား၊ ဂီတာ တီးကွက်အသစ်တွေ လေ့ကျင့်နေမလား၊ စက်ဘီးစီးပြီး ကယ်လိုရီတော့ဖြင့် ဘယ်လောက်လောင်ကျွှမ်းသွားပြီလို့ ကျေနပ်သွားကာ လောင်ကျွှမ်းသွားတဲ့ ကယ်လိုရီထက် ပိုစားနေမလား။ နွေဦးကာလ၏ နေရောင်ခြည်လို နူးညံ့နွေးထွေးသည့် သူ့မျက်ဝန်းညိုညိုများကို လွမ်းမိသည်။ နွေဦးပန်းများလို ချိုမြသော ပါးချိုင့်ပေါ်အောင် ပြုံးပြတတ်သည့် သူ့အပြုံးများကို သတိရမိသည်။ ရာသီတွေပြောင်းကာ မတွေ့မမြင်ရသည်မှာ ကြာသော်လည်း သူ့ပုံရိပ်က ကျွန်မ စိတ်ထဲဝယ် ပြတ်ပြတ်သားသား စွဲထင်နေသည်။ နွေဦးနှင့်တူသည့်သူကို ချစ်မိသွားသောကြောင့် သူ့အကြောင်း တွေးမိတိုင်း နွေဦးရာသီကဲသို့ နွေးထွေးလှပသွားသည်။ နွေဦးရောက်ဖို့ စောင့်စားရသလို သူ နှင့် တွေ့ရဖို့လည်း စောင့်စားရပေဦးမည်။ ကျွန်မအတွက်တော့ အချစ်က နွေဦးလို။
စန်းထွန်း
သြဂုတ် ၁၅၊ ၂၀၁၄။
4 comments:
အချစ်ကနွေဦးလို...း)
U can write short story very well, too. I love ur articles and now I like ur short story. Lovely!!
စံပယ်ချို said...
စန်းထွန်းရဲ အချစ်အကြောင်းလေးက နွေဦးလိုပဲ နွေးနွေးထွေးထွေးရှိလှတယ် ပုံလှလှတွေခံစားရင်း
ဂျက်ကိုယ်တိုင်လဲ နွေဦးကို ချစ်တတ်လာတယ်
August 16, 2014 at 7:03 AM
Cameron said...
အချစ်ကနွေဦးလို...း)
August 20, 2014 at 12:35 AM
Post a Comment