ရေခြားခြေခြား ခရီးသွား ...
ကျွန်မတို့ ငယ်ငယ်တုန်းက နိုင်ငံခြားသွားတဲ့သူဆိုတာ အင်မတန် ရှားတယ်။ ခုတော့ တော်တော်များများ နိုင်ငံခြားသွားနေကြပြီ။ လွန်ခဲ့တဲ့ ၇ နှစ် ခြင်္သေ့ကျွှန်းကို ကျောင်းတက်ဖို့လာတော့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ အတူတူကျောင်းတက်ခဲ့ အန်ယူအက်စ် National University of Singapore မှာလည်း အတူတူကျောင်းတက်ဖို့ အိအိနဲ့ လေယာဉ်တစီးတည်း လာခဲ့တယ်။ အဲဒီတုန်းက ကျွန်မတို့တွေ မသိလို့ ကျွန်မတို့နဲ့ ကျောင်းနေဖက်တွေ ဖြစ်လာမဲ့သူ တော်တော်များများ အဲဒီလေယာဉ်ပေါ်မှာ ပါလာတာ။ လေယာဉ်တစီးလုံးက မြန်မာတွေ၊ ၃ နာရီ လောက်ပဲကြာ၊ လေယာဉ်ပြောင်းဖို့လည်း မလိုတော့ နိုင်ငံခြားသွားတယ်သာဆိုတယ် ကိုယ့်အိမ်ကိုယ့်ယာ သွားရသလိုပါပဲလား။ မကာအို၊ ဟောင်ကောင်၊ အင်ဒိုနီးရှား ခရီးစဉ်တွေက ရုံးကလူတွေနဲ့ သွားတာဆိုတော့ စိတ်ပူတယ်ဆိုတာ ဂြိုလ်နဲ့လားလို့ မေးယူရမယ်။
လွန်ခဲ့တဲ့ ၄ နှစ် ယူအက်စ်ကို လာတဲ့ခရီးကမှ ကျွန်မရဲ့တကယ့်ရေခြားမြေခြားခရီးလို့ ဆိုရမယ်။ မိုင်သောင်းချီအဝေးကို လေယာဉ်သုံးဆင့်ပြောင်းပြီး ၁ ရက်ကျော်လောက် ခရီးနှင်တာ။ ခြင်္သေ့ကျွှန်းကနေ ၃ နာရီလောက်စီး ဟောင်ကောင်ရောက်တော့ Terminal ပြောင်းစရာမလိုဘဲ နယူးယောက်သွားမဲ့လေယာဉ်၊ ချီကာဂိုသွားမဲ့လေယာဉ်လို့ ခွဲထားတော့ ချီကာဂိုသွားမဲ့လေယာဉ်ဖက်မှာ သွားစီ။ Transit ၁ နာရီက လေယာဉ်ပေါ်ကဆင်း နောက်လေယာဉ်ပေါ် တက်တာနဲ့တင် ကုန်သွားတယ်။ ဟောင်ကောင်ကနေ ပစိဖိတ်သမုဒ္ဒရာဖြတ်ပြီး ချီကာဂိုကို ၁၅ နာရီ မရပ်မနား တောက်လျှောက်မောင်းမဲ့ လေယာဉ်ကြီးက သုံးယောက်ထိုင်ခုံ လေးတန်း နှစ်ထပ်ပါတဲ့ ဘိုးအင်း ၇၄၇ လေယာဉ်ကြီး။ ဘာအလိုရှိပါသလဲရှင်ဆိုပြီး လေယာဉ်မယ်လေး ရောက်လာပါတော့မှ တောသူမြို့တက် ခလုတ်တွေ လျှောက်နှိပ်ကြည့်ရင်း လူပုံလေးပါတဲ့ ခလုတ်ကို နှိပ်မိလို့ လေယာဉ်မယ် ရောက်လာမှန်း သိတော့တယ်။
ချီကာဂိုရောက်တော့ နေ့လည် အရှေ့ဖက်က လာခဲ့တာဆိုတော့ တရက်တည်း ရောက်သလိုပါပဲ။ လူဝင်မှုကြီးကြပ်ရေးဝင်၊ လက်ကေ့တွေ စကန်ဖတ်နေတုန်း နောက်ကတရုတ်ကြီးအိတ်က တီတီလို့ ထမြည်တော့ ကြီးကြပ်ရေးမှုးက အမဲသားတွေ သယ်လာလားလို့မေးတော့ ရင်တုန်ပန်းတုန် ဖြစ်သွားတယ်။ လက်ကေ့ထဲမှာ ငါးမြွှေထိုးခြောက်ကြော်၊ ဘာလာချောင်ကြော်၊ ပုဇွန်ခြောက်တွေကို စက္ကူတွေနဲ့ အထပ်ထပ်ပတ်ပြီး သယ်လာတာကိုး။ လက်ကေ့အိတ်တွေနဲ့T erminal ပြောင်းဖို့လုပ်နေတဲ့ ကျွန်မကို လေဆိပ်ဝန်ထမ်းလေးက လက်ကေ့တွေ ဒီမှာထားခဲ့ပါ သူတို့ပြောင်းပေးပါတယ်လို့ ဆိုလာတယ်။ စိတ်တထင့်ထင့်နဲ့ ထားခဲ့ပြီး ဟမ်းကမ်ရီဆွဲ ကောင်းကင်ရထားစီးပြီး Terminal ပြောင်း။ ကောင်းကင်ရထားက စင်္ကာပူချန်ဂီလေဆိပ်လိုပါပဲ။ စီးရမဲ့ ဂိတ်ပေါက်နားမှာ ၄ နာရီလောက် ငုတ်တုတ်ထိုင်စောင့်။ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်မြို့ကို သွားမဲ့လေယာဉ်က နှံပြည်စုတ်သာသာ။ ယူအက်စ်လူဝင်မှုကြီးကြပ်ရေး ဥပေဒေအရ ဖိနပ်၊ နာရီ၊ ခါးပတ်၊ ဖုန်း၊ ကွန်ပျူတာ၊ ပိုက်ဆံအိတ်တွေကို ဗန်းထဲထည့်ပြီး စကန်ဖတ်စစ်ပါတယ်။ စီဒါးရက်ပစ်ရောက်လို့ လက်ကေ့အိတ်တွေ တွေ့တော့မှပဲ စိတ်ဒုန်းဒုန်းချတာ့တယ်။
ကျွန်မရဲ့ကျောင်းသားရေးရာ တာဝန်ခံ မန်ရယ်နာဂါချီ လာကြိုပါတယ်။ အဆောင်သော့၊ အခန်းသော့ရပြီးလို့ နေရမဲ့အဆောင်ထဲ ဝင်လိုက်ရင်ပဲ တစ်ယောက်တည်းဆိုတဲ့အသိကြောင့် ဝမ်းနည်းမိတယ်။ I can do it လို့ အားတင်းပြီး ဝင်ခဲ့တာ မနေ့တနေ့ကလိုပါပဲလား။ ကျွန်မရဲ့ခရီးစဉ်က ဘာအထစ်အငေါ့မှ မရှိဘဲ အဆင်ပြေတာတောင် စိတ်ပူရတယ်။ အနောက်ဖက်ကနေ ပတ်လာတဲ့ ဆူနမ်တို့တွေ လက်ကေ့ပျောက်တာ နာမည်ကြီးတဲ့ အိန္ဒိယလေဆိပ်မှာ လက်ကေ့ပျောက်သလိုဖြစ်၊ ကာတာလေကြောင်းလိုင်းဆိုတော့ ဒိုဟာ၊ လန်ဒန်မှာ ၈ နာရီ Transit စောင့်၊ လန်ဒန်လေဆိပ်မှာ ရာဂျစ်ကို လူဝင်မူကြီးကြပ်ရေးကရစ်၊ နယူးယောက်၊ ဆီးဒါးရက်ပစ် သူတို့ခရီးက ပိုကြာတယ်။  နိုင်ငံခြားခရီးသွားဖူး၊ အင်္ဂလိပ်စကားပြောတတ်တဲ့သူတောင် စိတ်ပူရသေးတာ နိုင်ငံခြားခရီး မသွားဘူး၊ အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့ ကျွန်မမိဘတွေ ဘယ်လိုဘယ်ပုံနဲ့များ ရေခြားမြေခြား ခရီးသွားကြပါလိမ့်။
လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်မရဲ့ဘွဲ့နှင်းသဘင်တက်ဖို့ ခြင်္သေ့ကျွှန်းကို လာတဲ့ခရီးကတော့ ကျွန်မမိဘတွေရဲ့ ပထမဆုံးနိုင်ငံခြားခရီးပါ။ မောင်မောင်ပါတော့ White Card တွေ ဖြည့်တာတွေ စိတ်မပူရဘူး။ ကျွန်မက ကျောင်းပြီးလို့ အလုပ်ရှာနေချိန်ဆိုတော့ ညနေစောင်းဆို စင်္ကာပူတခွင် လျှောက်လည်ကြတယ်။ ရထားပေါ်မှာ နေသိပ်မကောင်းတဲ့ အမေ့ကို နေရာဖယ်ပေးကြရင် အမေက အဖေ့ကို ထိုင်ခိုင်းတတ်တယ်။ အမေက သိပ်ကျန်းမာတာ မညောင်းတတ်ဘူး။ အဖေက ညောင်းတတ်တယ် လမ်းမလျှောက်နိုင်ဘူး။ ငယ်ငယ်တုန်းကဆို ကျွန်မတို့ မောင်နှမတွေ အဖေ့ကို တယောက်တလှည့် နင်းပေးရတယ်။ မညောင်းတတ်တဲ့ ကျွန်မက အကြောတွေ မသိဘူး။ အဖေနဲ့တူလို့ ညောင်းတတ်တဲ့ မကြီးက အကြောတွေ သိတယ်။ မောင်မောင် နှိပ်ပေးရင် အတော်သက်သာတယ် ဆိုပေမဲ့ သူက တခါတလေမှ နှိပ်ပေးတတ်တယ်။
အဲဒီတုန်းက အဖေက ဘောင်းဘီဝတ်တယ်။ အမေက ထမီပဲဝတ်တယ် အင်ဒိုနီးရှား ဒါးကြီးပါတိတ်ဆိုတော့ မလေးလိုလို ဘာလိုလိုနဲ့။ အမေ၊ မကြီးနဲ့ မောင်မောင် မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူကို သွားလည်ကြတယ်။ ကျောင်းသားဗီဇာက ခြင်္သေ့ကျွှန်းကို ပြန်ဝင်ရင် ဗီဇာပြန်လျှောက်ရမို့ ကျွန်မနဲ့ နေသိပ်မကောင်းတဲ့ အမေက ကျန်ခဲ့တယ်။ ၂ ပတ်လောက်ပဲနေပြီး ပျင်းလို့တဲ့ ပြန်ကြရော။ ကျွန်မမိဘတွေ နှစ်တိုင်း Medical checkup ကျန်းမာရေးဆေးစစ်ရင် ဘာရောဂါမှ မရှိဘူး။ ကိုလက်စထရောတော့ များနေတယ်တဲ့ ဘာတွေရှောင်ရမယ် ကိုလက်စထရောကျဆေးတွေ စားရတယ်။ ၂၀၁၂ မှာတော့ အဖေ အတော်လေး မကျန်းမမာ ဖြစ်တယ် နှလုံးသွေးကြောကျဉ်းတာ။ အောင့်တယ်ဆိုလို့ ချက်ချင်း အနီးအနားက အာရှတော်ဝင်ဆေးရုံကိုတက်။ နှလုံးသွေးကြောကျဉ်းတာမို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလွှဲ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း ခုတင်နေရာမရှိ အတော်ဒုက္ခရောက်တယ်။
လူနာအချင်းချင်း သတင်းတွေ ဖလှယ်ကြရင်း ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံက ကောင်းတယ်၊ ဈေးသက်သာတယ်၊ မြန်မာတွေမှ အများကြီး၊ ရန်ကုန်မှာလည်း အေးဂျင့်ရှိတယ်၊ အကုန်လုပ်ပေးတယ်တဲ့။ နှလုံးသွေးကြောချဲ့ပေးနိုင်တဲ့ ဆေးရုံတွေက မြန်မာပြည်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ပန်းလှိုင်ဆေးရုံ နှစ်ရုံကပဲ လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကတော့ ဈေးသက်သာတယ် ဒါပေမဲ့ ခွဲစိတ်ဖို့ ၃ လလောက် စောင့်ရမယ်တဲ့။ ၃ လ အတွင်း လူနာက ခံပါ့မလား တနေ့ရွှေ တနေ့ငွေ ဖြစ်နေတာ။ ပန်းလှိုင်ဆေးရုံကတော့ ချက်ချက်ခွဲပေးတယ် စရိတ်အတော်ကြီးတယ်။ တနေ့လေး သွားစစ်တာတောင် ပိုက်ဆံအတော်ကုန်သွားတယ်။ ဒါနဲ့ပဲ ဘန်ကောက်မှာ ခွဲစိတ်ဖို့ ရွေးလိုက်တယ်။ မောင်မောင်လည်းပါ၊ မကြီးတို့စုံတွဲကလည်း တနာရီနောက်ကျပြီး သုဝဏ္ဏဘူမိလေဆိပ်ကိုရောက်လာပြန်တော့ အခက်အခဲ မရှိဘူး။
ဆေးရုံကနားက မိုတယ်မှာနေတာ မိုတယ်တခုလုံး မြန်မာတွေချည်းပဲ ဆေးလာကုကြတာတဲ့။ မြန်မာစကားပြန် ငှားလို့ရတယ်။ ဘန်ကောက်က လမ်းဘေးစာဆိုပေမဲ့ သန့်ရှင်းသက်သာ စားကောင်းလွန်းလို့ မကြီးတို့တွေ ဘန်ကောက်စာမှ ဘန်ကောက်စာ ဖြစ်သွားတယ်။ နှလုံးသွေးကြောက ဆိုးဆိုးရွားရွား ပိတ်နေလို့ ၄ ချောင်းထည့်ရမယ်တဲ့ ဆရာဝန်က သေသေချာချာ ရှင်းပြတယ်။ ဆေးရုံဝန်ထမ်း၊ သူနာပြု၊ ဒေါက်တာတွေက အော်ငေါက်မနေဘဲ ဂရုတစိုက် ရှိကြတယ် ဝန်ဆောင်မူ အတော်ကောင်းတယ်လို့ ဆိုပါတယ်။ ခွဲစိတ်ခန်းဝင်တော့ ပုံမှန်ဆို ၂ နာရီလောက်ပဲ ကြာတတ်တဲ့ ခွဲစိတ်မူက ၄ နာရီလောက်ကြာတော့ စိတ်ပူရပြန်ရော။ ခွဲစိတ်မှုအောင်မြင်တယ် နှလုံးက ဆိုးဆိုးရွားရွား ပိတ်နေလို့အတော်ခက်ခက်ခဲခဲ ခွဲစိတ်လိုက်ရတယ်။ သူ့တသက်မှာ အခက်ခဲဆုံး ခွဲစိတ်မှုပါတဲ့။
twin sisters :)
ပိုက်ဆံမရှိရင် အသက်မဆက်နိုင်ပါလား။ အဖေ နည်းနည်းနေကောင်းတော့ ဘန်ကောက်မြဘုရားကို သွားလည်ကြတယ်။ နှလုံးက အသစ်လို ဖြစ်သွားတော့ ဂရုစိုက်ရတယ် အလေးအပင် မ,မရဘူး။ တစ်နှစ်တစ်ခါ ပြန်စစ်ရတယ်။ ၂၀၁၃ ပြန်စစ်ရမဲ့အချိန်ရောက်တော့ မောင်မောင်က စာမေးပွဲရှိလို့ လိုက်လို့မရဘူး။ ပထမ တခေါက်လည်း ရောက်ဖူးထားတော့ မောင်မောင်မပါလည်း သူတို့ဘာသာ သွားတတ်ပါတယ်ဆိုပြီး နှစ်ယောက်တည်းသွားဖို့ စီစဉ်လို့ စိတ်ပူတတ်တဲ့ မကြီးက ဘန်ကောက်ကိုလိုက်ဖို့ အားခြင်းစီစဉ်ရတယ်။ မကြီးက စိတ်ပူလို့ Wheel cheer service ယူခိုင်းတယ်။ ဝှီးချဲဆားဗစ်ပေးမဲ့သူနဲ့ ဘယ်လိုဆုံသလဲမေးတော့ သူ့နာမည်ရေးထားတဲ့ ဆိုင်းဘုတ်တွေ့တော့ ဒါ သူ့ကို လာကြိုနေတာလို့ သိတာတဲ့။ ဝှီးချဲသမားကို သူ့ပတ်စ်ပို့စ် ထုတ်ပြတယ်။ အဖေက အလယ်တန်းအထိ တက်ဖူးတော့ အင်္ဂလိပ်လို သိတယ်။ အင်္ဂလိပ်ချ်ပရီးမီးယားလိခ်က အသင်းတွေ၊ ဘောလုံးသမားနာမည်တွေဆို အင်္ဂလိပ်လို ဖတ်တတ်တယ် :) ။ လမ်းလျှောက်နိုင်တဲ့ အဖေက ဝှီးချဲပေါ်က ဆင်းပြီး လမ်းလျှောက်မယ်လုပ်တော့ ဝှီးချဲသမားက မဆင်းခိုင်းဘူးတဲ့။
ဝှီးချဲနဲ့ဆိုတော့ လူဝင်မူကြီးကြပ်ရေးမှာ တန်းစီစရာမလိုဘူး။ လူဝင်မှုကြီးကြပ်ရေး ကောင်တာဖြတ်ပြီး ဆေးရုံကောင်တာကို သွားမယ်လုပ်ရော အဖေက လုံးဝအသွားမခံဘူး။ မကြီးက လူဝင်မှုကြီးကြပ်ရေးကောင်တာကို မဖြတ်နဲ့ အဲဒီနားမှာ စောင့်နေလို့ မှာထားတာကိုး။ အဖေက နာရီကို ထိုးပြပြီး နာရီဝက်လောက် စောင့်ရမယ်၊ လက်မနဲ့ လက်ညှိုးကို ဝိုင်းပြပြီး ပိုက်ဆံပေးမယ်လို့ အမူအယာပြတယ်။ ဆေးရုံကောင်တာကို လိုက်ပို့ဖို့ကို အတင်းငြင်းနေလို့ ဝှီးချဲသမားခမျာ စကားပြောလို့လည်း နားမလည်၊ လိုက်ပို့ဖို့လည်းမရတော့ ဒေါဖောင်းနေတာများ ကွိ..ကွ..အား ဆိုပြီး ခုန်ဆွခုန်ဆွ ဖြစ်နေတာတဲ့။ နောက်တော့ ဝှီးချဲသမားနဲ့သိတဲ့ ရှမ်းလူမျိုးတယောက်က စကားပြန်လုပ်ပေးတော့မှ စင်္ကာပူကနေ လာမဲ့ သူ့သမီးကို နာရီဝက်လောက် စောင့်ရဦးမယ်၊ တဖ်စ်ပေးပါမယ်လို့ ဘာသာပြန်ပေးတော့မှ ဝှီးချဲသမားခမျာ စိတ်အေးသွားတယ်။ လက်ကေ့အိတ်တွေ သွားယူပေး၊ နောက်တော့ မကြီးတို့ရောက်လာတယ်။
တွေ့လား အိုင်ပက်ကို လက်က မချတော့တာ ... :)
အိမ်နားက အမေ့မိတ်ဆွေတွေနဲ့ ကမ္ဘောဒီးယားကို သွားလည်တဲ့ ခရီးကတော့ မိသားစုဝင်တွေ မပါဘဲ အမေ့ရဲ့တစ်ကိုယ်တော် ခရီးစဉ်ပါ။ ရန်ကုန်က တိုးအဖွဲ့နဲ့ သွားတာမို့ ဘာအခက်အခဲမှ မရှိပါဘူး။ ကမ္ဘောဒီယားက မြန်မာနဲ့တူတယ်လို့ သူ့ကမ္ဘောဒီးယား ခရီးစဉ်အကြောင်း မရောက်ဘူးတဲ့ ကျွန်မတို့ကို ပြောပြတတ်တယ်။ ၂၀၁၄ အတွက် နှလုံးဆေးစစ်ဖို့ အချိန်ရောက်လာတော့ ဘန်ကောက်အစား စင်္ကာပူရွေးလိုက်တယ်။ အားချင်းစီစဉ်တာမို့ အခန်းတွေ လိုက်ရှာဖို့ အချိန်မရှိ။ အိမ်ရှင်က လက်ခံလို့ မကြီးတို့အခန်းမှာပဲ နေခိုင်းတယ်။ တခြားနေရာမှာဆိုရင် သွားရလာရနဲ့ အချိန်ကုန်တယ်။ ဒီတခေါက်လည်း မောင်မောင် မပါဘဲ လာကြတာပါ။ လေယာဉ်မယ်ကို အကူအညီတောင်းပြီး White Card ဖြည့်ခိုင်းပေမဲ့ တယ်လီဖုန်းနံပါတ် မဖြည့်ထားတော့ လူဝင်မှုကြီးကြပ်ရေးက ခေါ်စစ်တယ်တဲ့။ ဖုန်းလို့ပြောတော့ မကြီး ဖုန်းနံပါတ်ပါတဲ့ စာရွက်လေး ပြလိုက်တော့ လူဝင်မှုကြီးကြပ်ရေးက မကြီးကို ဖုန်းခေါ်တယ်။ ဖုန်းနံပါတ်သာ မပြနိုင်ရင် လူဝင်ကြီးကြပ်ရေးမှာ တညအိပ်ရမလား၊ လေဆိပ်ကနေ ပြန်လွှတ်မလားမသိ။
ရင်သားကင်ဆာလမ်းလျှောက်ပွဲကို သွားကြတော့ ကန်တက်ကီ အိမ်ရှင်မက သူ့သား Lucas ကို မိဘတွေရဲ့ ဖုန်းနံပါတ်၊ မိဘတွေ ဘာအရောင်ဝတ်ထားလဲလို့ မေးသလို မကြီးလည်း အပြင်သွားခါနီးတိုင်း အဖေနဲ့ အမေ့ကို သူ့ဖုန်းနံပါတ် မေးတယ်။ အဖေနဲ့ အမေ မကြီး ဖုန်းနံပါတ်ကို အလွတ်ကျက်ရသလို မကြီးဖုန်းနံပါတ်၊ အိမ်လိပ်စာ ရေးထားတဲ့စာရွက် ဆောင်ရတယ်။  မြို့ထဲကို ရထားစီးမလာတတ်တော့ ညနေရုံးဆင်းရင် လျှောက်သွားလို့ မရဘူး။ ကျွန်မ ရှိတုန်းက ညနေတိုင်း လျှောက်လည်ကြတာကို သတိရကြတယ်တဲ့။ အဲဒီတုန်းက ကျောင်းပြီးလို့ အလုပ်ရှာနေချိန်ဆိုတော့ အားတာပေါ့။ အလုပ်ရှိနေရင် လျှောက်လည်ဖြစ်မယ် မထင်။ ကျွန်မတို့က ညဏ်သိပ်မကောင်းဘူးလို့ထင်တဲ့ အမေက လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက အဲဒီနေရာမှာ ဘာတွေရှိတယ်ဆိုတာ မှတ်မိလို့ ကျွန်မတို့တွေ အံ့အားသင့်ရသေးတယ်။
ကျွန်မတို့တွေ ညဏ်ကောင်းကြတာ အဖေနဲ့တူတာလို့ ပြောကြတယ်။ ၁၈ နှစ် အရွယ်တုန်းက ခဏလေး တွေ့လိုက်ဖူးတဲ့ လူတယောက်ကို အနှစ် ၂၀ ကျော် အကြာ သတင်းထောက်အဖြစ်နဲ့ တီဗွီမှာတွေ့တော့ မကြီးက မှတ်မိနေတယ်။ Meet up လမ်းလျှောက်အဖွဲ့သားတွေနဲ့ ပြန်ဆုံရင် ဘယ်တုန်းက ဘယ်နေရာကို သွားတုန်းက တွေ့ခဲ့တာလေလို့ ကျွန်မ ပြောပြနိုင်တာကို အပတ်တိုင်း လမ်းလျှောက်ဖြစ်နေတဲ့ အမေရိကန်ပြည်ပေါက် ဘင်္ဂလားဒေ့ချ်သူလေး ဖာရီယာ ပြောတော့မှပဲ သတိထားမိတယ် ။ ဆူနမ်တို့က ကျွန်မကို မီနီဂူဂယ်လို့ နာမည်ပြောင် ပေးထားဖူးတယ်။ အဖေနဲ့အမေ ည ၆ နာရီ မထိုးခင် ဆာ,ဆာ မဆာဆာ ညနေစာ စားတယ်။ ၆ နာရီကျော်ရင် အိမ်သားတွေ အသီးသီးတွေ ပြန်လာကြပြီး ချက်ကြပြုတ်ကြ စားသောက်ကြဆိုတော့ မီးဖိုချောင်မှာ ဝင်မရှုပ်ချင်လို့။
နှလုံးစစ်ဆေးချက်က ပုံမှန်အလုပ်ပါတယ် ကောင်းပါတယ်တဲ့။ ဒါပေမဲ့ နှလုံးထဲကို ထည့်ထားတဲ့ ပိုက်တွေက ကုမ္မဏီမတူဘူး။ အန္တာရာယ်တော့ မရှိပေမဲ့ စင်္ကာပူမှာဆို အဲဒီလို ထည့်ခွင့်မပြုဘူးတဲ့။ ဆရာဝန်က မှာထားလို့ ဟိုဟာမစား ဒီဟာမစား အစားရှောင်တဲ့ အဖေနဲ့ အမေကို ဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ ဟောပြောချက်ကို ယူကျူကနေ နားထောင်ခိုင်းတော့ သဘောကျပြီး အာဟာရဖြစ်တာမှန်သမျှ အကုန်စားတော့တယ်။ သားသမီးစကားကို လက်ခံနားထောင်တဲ့ မိဘတွေကြောင့် စိတ်ချမ်းမြေ့ရတယ်။ သူသိသူတတ် ကိုဖိုးသိ ဘုဂလန့်ဘိုးဘိုးလို မိဘမျိုးသာဆိုရင်  ရန်တကျက်ကျက်နဲ့ ကျွန်မတို့တွေ စိတ်ညစ်ရမှာ။ နေ့တိုင်း ၁၀ ၊ ၁၅ မိနစ်လောက် အပြေးလေ့ကျင့်၊ လမ်းလျှောက်၊ အာဟာရပြည့်တာတွေစား၊ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းတော့ အဖေနဲ့အမေ ကျန်းမာလာတယ်။
မြန်မာပြည်မှာက အမှိုက်တွေနဲ့ ညစ်ပတ်၊ ရေမြောင်းတွေပိတ်လို့ မိုးနည်းနည်းရွာရင် ရေတွေကြီး၊ အသီးအရွက်တွေမှာ ပိုးသတ်ဆေးတွေ အများကြီး၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားအုန်းဆီ၊ ဆိုးဆေးတွေနဲ့ ဆိုတော့ ဘယ်လိုလုပ် ကျန်းမာပါ့မလဲ။ မကြီး ရုံးသွားပြီဆိုရင် အဖေနဲ့ ကျွန်မ စကိုက်နဲ့ စကားပြောကြတယ်။ မြန်မာပြည်မှာလည်း ဒီလိုမျိုးဆို ဘယ်လောက်ကောင်းလိမ့်မလဲနော်။ ဖုန်းခမကုန် မိသားစုနဲ့ စကားပြောရတော့ အထီးကျန်တာလည်းပျောက် မိဘတွေကလည်း သားသမီးတွေနဲ့ စကားပြောရလို့ စိတ်ချမ်းသာ။ စကိုက်ကနေ ကျွန်မ ပို့ပေးတဲ့လင့်ခ်တွေကနေ Elven ၊ ဧရာဝတီ၊ ကမ္ဘာ့ဖလားသတင်းတွေ ဖတ်တတ်အောင် သင်ပေးရတယ်။ အစကတော့ ပျက်မှာစိုးလို့၊ ခေတ်ပေါ်ပစ္စည်းတွေ မသုံးတတ်လို့နဲ့ သုံးလည်းသုံးတတ်ရော လက်ကမချတော့ဘူး။ ဓာတ်ပုံရိုက်လို့ရတယ်၊ ဗွီဒီယိုဖုန်းပြောလို့ရတယ်၊ စာဖတ်လို့ရတယ်၊ သတင်းကြည့်လို့ရတယ်နဲ့ အိုင်ပတ် ကြိုက်သွားတယ်။
ရန်ကုန်မှာ အင်တာနက်ဆိုင်ကို သွားရ၊ စကိုက်မကောင်းရင် အင်တာနက်ဖုန်းနဲ့ခေါ်တော့ တမိနစ်ကို ၁၅၀ ပေးရတယ် ၁၀ မိနစ်လောက် ပြောရင်ပဲ ၁ ထောင်၊ ၂ ထောင် ကုန်နေပြီ။ မောင်မောင့်ဖုန်းက အင်တာနက်ရပေမဲ့ အဖေက သူ့သမီးတွေနဲ့စကားပြောချင်ရင် မောင်မောင်က မအားတဲ့အခါ အင်တာနက်မကောင်းဘူးလို့ ညာတတ်တယ်။ ဒါနဲ့ပဲ အင်တာနက်ရတဲ့ အိုင်ဖုန်းဝယ်မယ် ဖြစ်ပါလေရော သမီးတွေနဲ့ စကားပြောဖို့တဲ့။ စင်္ကာပူကို ပထမဆုံးအကြိမ်လာတုန်းက ဘောင်းဘီဝတ်တဲ့ အဖေက ခုတခေါက်တော့ နေသိပ်မကောင်းတာနဲ့ ပုဆိုးပဲ ဝတ်ပါတယ်။ Sentosa  ကို သွားလည်တဲ့နေ့က  ညောင်းလို့ သစ်ပင်ခြေရင်းမှာ လဲပြီး အညောင်းဖြေ ပုဆိုးဝတ်ထားတဲ့ အဖေ့ကို မသိမသာနဲ့ ဓာတ်ပုံတွေ ရိုက်သွားကြလို့ ရှက်လို့နဲ့ တူပါရဲ့ ဘောင်းဘီဝတ်မယ် ဖြစ်ရော။ အဖေ ဘောင်းဘီဝတ်မယ်ဆိုရော အမေကပါ ဘောင်းဘီဝတ်မယ်တဲ့။ မကြီး ခေါင်းစားသွားတယ် သူတို့ဆိုဒ်ကို ဘယ်မှာ ဝယ်ရပါ့။
my favorite photo
ယောကျ်ားလေးနဲ့ မိန်းကလေး ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူတော့ ဘောင်းဘီဒီဇိုင်းလည်း မတူ။ ဆူနမ်ဆို သူ့နိုင်ငံမှာတုန်းက သူ့ဆိုဒ် မိန်းကလေးတန်းမှာ ရှာမရလို့ ယောကျာ်းလေးတန်းမှာ သွားရှာရတယ်။  ယူအက်စ်ရောက်တော့ လျှော့ပင်းထွက်ရင် သူ့မှာ ရွေးစရာတွေ တပုံတပင်။ ဆူနမ်က အရပ် ၅ ပေ ၈ လက်မ ပေါင်  ၂၀၀ ယူအက်စ်ဆိုဒ်ကိုး။ ကျွန်မနဲ့ ရာမားက XXS ၊ ၀၀ ဆိုဒ်တွေနဲ့ တော်ပေမဲ့ ခြေတံလက်တံတိုတော့ Petie ဆိုဒ်ကို ရှာဝယ်ရတယ်။ ကျွန်မ ခန္ဓာကိုယ် တဝက်လောက်ပဲ မိုင်းဖန်ဆို ဒစ်စကောင့်တွေချလို့ ဝယ်လိုက်မဟဲ့ဆိုပြီး ဘောင်းဘီတွေယူပြီး Fitting Room ထဲ ဝင်သွားတာ ပြန်ထွက်လာတော့ ခေါင်းယမ်းပြတယ် တထည်မှ မတော်ဘူး။ အမေ့ကို အဖေ့ဘောင်းဘီ ဝင်ခိုင်းကြည့်လိုက် တော်လိမ့်မယ်။ သူတို့မှာ shape  ဆိုတာ မရှိတော့ဘူး။ အားလုံးက ဝလုံးဆိုဒ်တွေကိုး။
အင်ဒိုနီးရှားကနေ ဝယ်လာတဲ့ ဘောင်းဘီလေးကို အမေက ကြိုက်လို့တဲ့။ ဘောင်းဘီမှ ဘောင်းဘီ ဖြစ်သွားတယ်။ ဘောင်းဘီဝတ်ထားရင် ကျွှတ်ကျမှာ မပူရတော့ဘူး ခဏခဏလည်း ဝတ်စရာ မလိုတော့ဘူး။ မြန်မာပြည်ရောက်ရင်လည်း အိမ်အလုပ်တွေ လုပ်ရင် ဘောင်းဘီဝတ်လုပ်မယ်။ အပြင်သွားရင်တော့ ထမီဝတ်မယ်လို့ ဆိုပါတယ်။ အမေက နေမကောင်းဖြစ်ကတည်းက ဆံပင်အရှည်မထားတော့ဘဲ အတိုပဲ ထားတော့တယ်။ ငယ်တုန်း အရှည်ထား ကြီးလာရင် အတိုထားတာကို သဘောကျတယ်။ ရေခြားမြေခြား ခရီးတွေထဲမှာ ဒုတိယအကြိမ် ဘန်ကောက်ကို အဖေနဲ့အဖေ နှစ်ယောက်တည်း သွားတဲ့ခရီးကတော့ ကျွန်မတို့မိသားစုကြားထဲမှာ အတော်ပြောစမှတ်တွင်တဲ့ ခရီးလေးပါပဲ။ ဝှီးချဲသမားရဲ့ အကြောင်းတွေ ပြန်ပြောကြတိုင်း ကျွန်မတို့တွေ ရယ်မောကြဆဲ။ အကယ်၍များ နှောင်နှစ်မှာ ကျွန်မဘွဲ့နှင်းသဘင်တက်ဖို့ အဖေနဲ့အမေ လာခဲ့ကြရင် ဘယ်လိုဘယ်ပုံမျိုးနဲ့ လာကြပါမလိမ့်။ အဲဒီအခါကျရင် ရေခြားမြေခြား ခရီးသွား - ၂ အနေနဲ့ ရေးဖြစ်လေမလားဘဲ။
စန်းထွန်း
ဂျူလှိုင် ၁၀၊ ၂၀၁၄။
4 comments:
Anonymous said...
မမအိုင်အိုရာ
Aunty Tint said...
မီးမီးငယျ said...
အ​ဖေ့ကိုဘဲမြင်​မိတယ်
အားကျသ​ဘောကျတယ်
San San Htun said...
Anonymous said...
ကိုယ့်ရဲ့ပထမဆုံးပြည်ပခရီးက ထိုင်း။
တစ်ယောက်တည်းဌာနကလွှတ်လို့သွားတာ။
အဲတုန်းကမိန်းခလေးတစ်ယောက်တည်းပြည်ပခရီးမလွှတ်သလောက်ဘဲ။ ၁၉၉၂ လောက်ကပေါ့။
ထိုင်းအဲဝေးကလေယာဉ်မယ်လေးတွေမောင်လေးတွေကကိုယ့်ကိုထိုင်းလိုဘဲလာလာပြောကြတယ်။ ထိုင်းမှတ်လို့တဲ့။
ထိုင်းလေဆိပ်ဆင်းခါနီးလင်းထိန်နေတဲ့ဘန်ကောက်ကိုအပေါ်ကမြင်ရတော့ရင်သပ်ရှုမော။
စိတ်လှုပ်ရှားလိုက်ရတာ။
နောက်တော့ မလေး (နှစ်ယောက်)။ နောက်တော့ အမေရိကားတစ်ယောက်တည်း။ အဲဒီအမေရိကားခရီးစဉ်သွားပြီးကတည်းကလည်သွားလိုက်တာ။ ဘယ်မှမကြောက်တော့ဘူး။ အဲနောက်..ဂျပန်၊ မလေး၊ ဟောင်ကောင်၊ တရုတ် ။ အားလုံးတစ်ယောက်တည်းပဲ ။ တရုတ်ကသူငယ်ချင်းတွေပါတယ်။။ ဟောင်ကောင်တရုတ်ပြီးတာနဲ့အမေရိကားကိုတစ်ယောက်တည်းပဲထပ်ထွက်လာတာ။ အဦးဆုံးထိုင်းခရီးစဉ်နဲ့ယူအက်စ် ခရီးစဉ်လောက်စိတ်လှုပ်ရှားရတာမျိုးမရှိတော့ဘူး။
စန်းထွန်းအမေဘောင်းဘီသဘောကျသွားတာသဘောကျမိတယ်။ ခုဆိုသူလည်းခရီးသွားချင်နေတော့မှာ။ း)
မမအိုင်အိုရာ
August 10, 2014 at 1:14 PM
Aunty Tint said...
ဖတ်လို့ကောင်းတယ် စန်းစန်းရေ... ယူအက်စ်လူဝင်မှုကြီးကြပ်ရေး ဥပေဒေက ဖိနပ်၊ နာရီ၊ ခါးပတ်တွေပါ စစ်တာလား အခုမှသိတယ် ...
စန်းစန်းရဲ့ ဖေဖေ လက်မနဲ့ လက်ညှိုးကို ဝိုင်းပြပြီး ပိုက်ဆံပေးမယ်လို့ အမူအယာပြတာကို ဖတ်ရတော့ ပြုံးစိစိဖြစ်သွားတယ် ..မစိုးရိမ်ပါနဲ့တော့ ဒီလောက်ဖတ်ရတာနဲ့တင် စန်းစန်းမိဘတွေရဲ့ အရည်အချင်းကိုသဘောပေါက်ပြီ နောက်နှစ်စန်းစန်းရဲ့ ဘွဲ့နှင်းသဘင်တက်ဖို့ လမ်းခရီးချောမွေ့စွာနဲ့ ရောက်လာပါလိမ့်မယ်.. စန်းစန်းမေမေက ညောင်းညာတတ်တဲ့ ဖေဖေ့ကို နေရာပေးတယ်ဆိုတာမျိုး ဖတ်ရတာ ကြည်နူးတယ်.. ဒီခေတ်ဒီကာလ ငွေမရှိလို့ကတော့ ခေတ်နဲ့အပြိုင် ထူးဆန်းထွေလာ ရောဂါတွေ ကုနိုင်ဘို့ ဝေလာဝေး သေမင်းနဲ့စစ်ခင်းဘို့သာရှိတာပေါ့ကွယ်။ ဒီနေ့တော့ စန်းစန်းရဲ့ ဘလော့ထဲ လျှောက်မွှေလိုက်အုံးမယ် ...
August 12, 2014 at 7:34 AM
မီးမီးငယ် said...
စန်းထွန်းဖေဖေကချစ်စရာလေးကိုယ်တော့အဖေ
ချစ်တဲ့သူဆိုတော့အဖေအရွယ်တွေတွေ့ရင်
အဖေ့ကိုဘဲမြင်မိတယ်
ပျော်စရာကောင်းတဲ့မိသားစုဘဲ
အားကျသဘောကျတယ်
August 25, 2014 at 3:07 PM