အောင့်ကို ကိုယ်မတွေ့ရတာ တစ်နှစ်ကျော်ပြီ ကိုယ် တခြားမြို့မှာ အလုပ်ရလို့ ပြောင်းသွားတဲ့ အချိန်ကတည်းက ဆိုပါတော့။ တခါတလေ အောင်နဲ့ခပ်ဆင်ဆင်တူတဲ့ ကောင်လေးတွေကို တွေ့ရတဲ့အခါ အောင် ဘာတွေများ လုပ်နေပါလိမ့်လို့ သတိရမိသား။ အောင်များ ကိုယ့်ကို သတိရလေနေမလားလို့ ကိုယ် သိချင်မိသား။ ကိုယ် သိပါတယ် အောင်ဟာ အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ ကောင်လေးတစ်ယောက်ဆိုတာ။ အောင့်ကို ဂျီမေးလ်၊ ဖေ့ဘွတ်၊ အီစတာဂရမ်၊ တွတ်တာ၊ ဗိုင်ဘာမှာ တွေ့ရပေမဲ့ ကိုယ်တို့တွေ စကားစမြည် မပြောဖြစ်ဘူး။ အောင်နဲ့ကိုယ်ဟာ သူငယ်ချင်းတွေဆိုပေမဲ့ အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်းတွေတော့ မဟုတ်ခဲ့ဘူး။ အောင်နဲ့ကိုယ်ဟာ တတန်းတည်း အတူတူကျောင်းတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်း။ ဒါပေမဲ့ အောင်ဟာ ကိုယ်တို့သူငယ်ချင်း အုပ်စုထဲက မဟုတ်ဘူး။ ကျောင်းတုန်းက ကိုယ်က အောင့်ကို စိတ်မဝင်စားဘူး။ အောင်ကလည်း မိန်းကလေးတွေ စိတ်ဝင်စားလောက်အောင် ရုပ်ရည်ထူးထူးခြားခြား ချောမောမနေခဲ့ဘူး။ အောင်က အတန်းထဲမှာ စာတော်တဲ့ကျောင်းသားလည်း မဟုတ်၊ ကျောင်းမှာ ကျင်းပတဲ့အခမ်းအနားတွေမှာ တက်တက်ကြွကြွ ပါဝင်တာလည်းမရှိ၊ အားကစားလည်း မထူးချွှန်တဲ့ ဘာဆိုဘာမှ မထူးခြားလှတဲ့ သာမန်ယောကျ်ားလေးတစ်ယောက်။ ကျောင်းတုန်းက အောင် စိတ်ဝင်စားတဲ့ ကောင်မလေးရှိတယ်လို့ မကြားမိပါဘူး။ ကိုယ်တို့တွေကလည်း ရည်းစားထားဖို့ထက် စာအုပ်ကြားထဲ ခေါင်းစိုက်နေရတာတုန်း။
ကျောင်းပြီးလို့ အလုပ်အကိုင် ရှာဖွေကြတော့ အောင်အလုပ်ရတဲ့မြို့နဲ့ ကိုယ်အလုပ်ရတဲ့မြို့က တခြားစီ။ အဲဒီတုန်းက အလုပ်ထဲမှာ ကိုယ်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ အောင်က မောင်နှမတွေလို ခင်မင်ကြတယ်။ သူတို့ဆီကို ကိုယ်က တလတခါ သွားလည်တတ်တယ်။ တခါတလေတော့လည်း ရေစက်ဆိုတာ ဆန်းကြယ်သား။ ပြန်တွေ့ကြလိမ့်မယ်လို့ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားပေမဲ့ သူငယ်ချင်းအိမ်မှာနေပြီး ကိုယ်အလုပ်ရှာရဖို့ ဖန်လာတယ်။ အောင်ကလည်း မကြာခင်ကမှ အလုပ်ရှာဖို့ဆိုပြီး အဲဒီသူငယ်ချင်းအိမ်ကို ရောက်နေခဲ့တာ။ ကိုယ်ရောက်လာတော့လည်း ကိုယ်တို့သူငယ်ချင်းတွေ ကျောင်းတုန်းကလို တဝါးဝါးတဟားဟားနဲ့ပျော်စရာကြီး။ အောင်က ဟင်းချက်ကောင်းမှန်း ကိုယ်သိလိုက်ရတယ်။ အောင်လည်း အရင်တုန်းက ဟင်းချက်တတ်မယ်လို့ ကိုယ့်ဘာသာ မသိဘူးတဲ့။ ကျောင်းမှာ ပစ်ကနစ်အတွက် ဟင်းချက်ကြတော့မှ အောင်ဟင်းချက်ကောင်းမှန်း သိသွားတာတဲ့။ အောင့်လက်ရာ အတော်ကောင်းတယ်။ အောင့်ကြော်တဲ့ ငါးကြော်ဆို ကိုယ်တို့တွေ အမြဲတမ်း ပွဲတောင်းရတယ်။ အောင်က တကယ့်ငပျင်းလေး နေမြင့်အောင် အိပ်တတ်တယ်။ တခါတုန်းက ပန်းခြံထဲမှာ ဘာဘီကျူးကင်တော့ အောင်ပဲ လုပ်ကိုင်သွားတာပဲ။ အောင်က ကိုယ်တို့သူငယ်ချင်းတွေကြားထဲ တကယ်အားကိုးရတဲ့ သူတစ်ယောက်။
အောင်က ငါးမျှားဝါသနာပါတယ် ကိုယ်ကတော့ ငါးမျှားတံကို ငြိမ်ငြိမ်လေးကိုင်ပြီး စောင့်ဆိုင်းရတာကို စိတ်မရှည်တာ။ အသက်ကြီးလာလို့ တောင်တွေမတက်နိုင်တဲ့အခါ ငါးထိုင်မျှားဖြစ်လေမလားတော့မသိ။ စိမ်းညှို့နေတဲ့ ကန်ရေပြင်၊ ဦးထုပ်ငိုက်ငိုက်လေးဆောင်းပြီး ငါးမျှားနေတဲ့ အောင့်ကိုမြင်ရတာများ ပန်းချီကားတစ်ချပ်ကို ကြည့်ရသလိုပဲ။ အောင်ဟာ တခါတလေတော့လည်း အဲဒီလို လျှို့ဝှက်ပြီး သိရခက်တယ်။ သူငယ်ချင်းတွေက အောင်နဲ့ကိုယ့်ကို သဘောတူပြီး စကြရင် အောင်က တုပ်တုပ်မှမလှုပ်။ သူငယ်ချင်းအိမ်မှာ နှစ်လလောက်နေပြီး အောင်တို့မြို့နဲ့ မနီးမဝေးမှာ အလုပ်ရတော့ ပျော်လိုက်တာ။ ကိုယ် အောင့်ကို စိတ်ဝင်စားနေပြီလား။ တပတ်တခါ အောင်တို့ဆီကို သွားလည်းရင် အလွမ်းပြေတယ်။ အောင်တို့ဆီကို မသွားဖြစ်တဲ့အခါ အောင့်ကို လွမ်းနေမိတယ်။ ကိုယ်လွမ်းနေတာကို အောင်တယောက်ကတော့ သိမှသိပါလေစ။ အလုပ်အသစ်ရလို့ ခရစ်စမတ်ချိန်မှာ တခြားမြို့ကို ကိုယ်ပြောင်းရွှေ့ရတော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ အောင်နဲ့တွေ့ရဖို့ဆိုတာ တကယ့်ကို မလွယ်တော့ဘူး။ ကိုယ့်အလွမ်းတွေလည်း တဖြည်းဖြည်း ပြယ်လွင့်သွားမလား။
မြို့အသစ်၊ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်တွေနဲ့ ကိုယ် အဆင်ပြေပါ့မလား။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်မှမရှိတဲ့ဒေသမှာ ကိုယ်ဘယ်လိုများ ရုန်းကန်နေပါလိမ့်လို့ အောင် စိတ်မပူဘူးလားလို့ ကိုယ်သိချင်မိတယ်။ အဆင်ပြေလားလို့ မေးလာတော့ ကိုယ့်မှာ ဝမ်းသာရသေးတယ်။ အောင်ရယ် စိတ်မပူပါနဲ့ ကိုယ်က အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ မိန်းကလေးဆိုတာ အောင်ယုံကြည်တယ်မလား။ အီစတာဂရမ်မှာ ကိုယ်ဓာတ်ပုံတွေ မတင်ဖြစ်တော့ ကိုယ်သူငယ်ချင်းတွေက ဘာမှဖြစ်နေသလဲလို့ စိတ်ပူပြီးမေးလာတယ်။ အောင်ကတော့ နေနိုင်လိုက်ပါဘိ တခွန်းမှမေးဖော် မရဘူး။ လေးလခန့်အကြာမှာ အောင်တို့မြို့နဲ့ မနီးမဝေးမြို့မှာ အစည်းအဝေးတက်ဖို့ ကိုယ်လာခဲ့ပေမဲ့ အောင်က ခရီးသွားနေတော့ အောင်နဲ့ မတွေ့လိုက်ရဘူး။ ကိုယ် အောင့်ကို တွေ့ချင်လိုက်တာ၊ မြင်ချင်လိုက်တာ။ ကိုယ် အောင့်ကို ဘယ်အချိန်မှာ ချစ်မိသွားမှန်း မသိလိုက်ဘူး။ ကိုယ်သိလိုက်တဲ့အချိန်မှာ အောင်က ကိုယ့်နှလုံးသားထဲမှာ အတော်စိုးမိုးနေခဲ့ပြီ။ တကယ်တော့ အောင်နဲ့ကိုယ်က ခြားနားလွန်းတယ်။ ကိုယ်က ခေတ်မှီပွင့်လင်းတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး အောင်ကတော့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာကို သိပ်အရေးပေးတဲ့ မိသားစုမှာ ကြီးပြင်းခဲ့တယ်။ အောင် လက်ထပ်မဲ့မိန်းကလေးဟာ သူ့မိဘတွေက သဘောကျနှစ်သက်တဲ့သူဖြစ်ဖို့ အရေးကြီးတယ်။ အောင်ဟာ နှလုံးသားထက် ဦးနှောက်နဲ့ရွေးချယ်မဲ့သူတစ်ယောက်။
ပြီးတော့ အောင်က ထက်မြက်တဲ့မိန်းကလေးကို လက်မတွဲချင်ဘူး။ အားကိုးခံချင်တဲ့ ယောကျာ်းသားမို့ သူ့လောက်မထက်မြက်တဲ့ မိန်းကလေးကိုပဲ လက်ထပ်ချင်ပါသတဲ့။ ကိုယ်ကသာ စိတ်လှုပ်ရှားနေရတာ အောင်က ကိုယ့်ကို နည်းနည်းကလေးမှ စိတ်ဝင်စားတဲ့ပုံ မရဘူး။ အောင် မိန်းကလေးသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတင်ရင် ကိုယ့်မှာ အောင် ရည်းစားများ ရသွားပြီလား၊ ကိုယ်များနောက်ကျသွားပြီလားလို့ စိတ်ပူမိတယ်။ အောင် အရင်လို ဂစ်တာတွေ တီးနေတုန်းလား။ လွန်ခဲ့တဲ့တစ်လလောက်က ကိုယ် အောင်တို့မြို့မှာ အစည်းအဝေး သွားတက်တော့ အောင်နဲ့ဆုံဖြစ်တယ်။ တခြားသူငယ်ချင်းတွေက ခရီးသွားနေကြတော့ ကိုယ်တို့နှစ်ယောက်တည်း ပထမဆုံးတွေ့ဖြစ်တဲ့ အချိန်ဆိုပါတော့။ အောင်နဲ့တွေ့ရင် ဘယ်လိုနေမလဲ၊ အောင် ဘယ်လိုများ ပြောင်းလဲနေမိပြီလဲလို့ တွေးနေမိတယ်။ ကားပါကင်မှာ ရပ်ထားတဲ့ ကားအများကြီးထဲမှာ အောင့်ကားကို ချက်ချင်းတွေ့လိုက်တယ်။ ကိုယ့်နှလုံးသားက အောင်ရှိတဲ့နေရာကို တန်းသိတယ်နဲ့ တူပါရဲ့။ အောင်က အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲဘူး။ တွေ့တော့လည်း စကားတွေ ပြောလိုက်တာ ကိုယ်တို့တစ်နှစ်ကျော်လောက် အဆက်အသွယ် မရှိဘူးဆိုတာ မယုံနိုင်စရာဘဲ။
အောင် ပိန်သွားတယ်၊ ကြည့်ကောင်းလာတယ် ဝိတ်မနေတာ နှစ်လလောက် ရှိပြီတဲ့။ ကိုယ်ရည်စစ်သွားတော့ ဘာအဝတ်အစားဝတ်ဝတ် လိုက်ဖက်တယ်။ အရင်တုန်းက အောင်က ပြည့်ပြည်တစ်တစ်လေး အဲဒါကိုပဲ အောင်က ပိန်ချင်နေတာ ပိန်ဆေးသောက်ရတာနဲ့။ ခုတော့ တကယ်ပိန်သွားပြီ အောင် စိတ်ဝင်စားနေတဲ့ မိန်းကလေး ရှိနေပြီလား။ အောင် လှချင်နေတာ ဘာကြောင့်များပါလိမ့်။ နေ့လည်စာအတွက် စားသောက်ဆိုင်လေးခုလောက် အောင်ရွေးထားတာကို ကိုယ်က ထပ်ရွေးခြယ်ရတယ်။ သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ သွားခဲ့ဖူးတဲ့ခရီးတွေအကြောင်းနဲ့ စကားတွေ အများကြီး ပြောဖြစ်တယ်။ အောင့်မျက်နှာလေး မြင်ရတာ ကြည်နူးလိုက်တာ ဒီလိုသာ အမြဲတမ်းတွေ့ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အရင်လိုပါပဲ အောင့်အပြုံးတွေက ချစ်စရာကောင်းနေဆဲ၊ အောင့်မျက်ဝန်းညိုညိုတွေက တောက်ပဆဲ၊ အမူအယာ အပြုအမူတွေ တည်ငြိမ်အေးဆေးဆဲ။ အောင့်ကို ကိုယ် မြတ်နိုးလိုက်တာ။ ကိုယ်က နေ့လည်စာစားပြီးရင် အနုပညာပြခန်းတစ်ခုကို သွားလည်ဖို့ စိတ်ကူးထားတာ အောင်က အောင်တို့အိမ်အနီးက ကိုယ်သွားလမ်းလျှောက်တတ်တဲ့ ပန်းခြံလေးကို ခေါ်သွားတယ်။ အောင် လေ့လာနေတဲ့ ဓာတ်ပုံပညာ၊ ကင်မရာတွေအကြောင်း ပြောဖြစ်တယ်။ အနားယူတဲ့ ဘိုတဲလေးရောက်တော့ တံတားဘောင်မှာ ခြေတွဲလွဲချထိုင်ပြီး အောင့်ကိုခေါ်တယ်။
ဆန်းကရင်မလိမ်းလာတဲ့အောင်က ဘိုတဲမှာပဲထိုင်နေတော့ ကိုယ့်မှာရယ်လိုက်ရတာ။ ကိုယ် အောင့်ဘေးနားသွားထိုင်တော့ စိတ်ထဲမှာပြီးပြည့်စုံသွားသလိုပဲ။ အောင်သာ အနားမှာရှိရင် ကိုယ့်စိတ်တွေ လုံခြုံစိတ်ချနွေးထွေးတယ်လို့ ခံစားမိတယ်။ အောင့်မျက်ဝန်းထဲမှာ ကိုယ်လိုချင်တဲ့ သံယောဇဉ် အငွေ့အယောင်တွေ တွေ့ရမလားလို့ ရှာဖွေကြည့်တော့ အောင့်မျက်ဝန်းထဲမှာ ဘာအငွေ့အသက် အရိပ်အယောင်မှ ရှိမနေခဲ့ဘူး။ အောင် ကိုယ့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးလား ကိုယ့်ကို နည်းနည်းကလေးမှ စိတ်မဝင်စားဘူးလား။ ပညာ၊ အလုပ်အကိုင် ပြည့်စုံနေပြီဖြစ်လို့ ကြင်ယာရှာဖို့ အောင့်မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေက တိုက်တွန်းကြတယ် ဆိုတဲ့အကြောင်း ကြားရတော့ ကိုယ့်မှာ သူတို့တွေကို စိတ်တိုလိုက်တာ။ အောင့်ဘာသာ အေးအေးဆေးဆေး နေတဲ့ဟာကို သူတို့တွေက အပူရှာခိုင်းနေတယ်။ အောင်က သူလက်ထပ်ချင်တဲ့ မိန်းကလေး မတွေ့သေးတဲ့အကြောင်း၊ အသက်ကြီးလာလို့ ရင်မခုန်တော့တဲ့အကြောင်း ကိုယ့်မှာ ဝမ်းသားရသေးတယ်။ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အောင်တစ်ယောက် ဘယ်တော့များမှ လက်ထပ်ဖို့ အဆင်သင့်ဖြစ်မှာပါလိမ့်။ အောင် ကိုယ့်ကို ရင်မခုန်ဘူးလားလို့ မေးချင်လိုက်တာ။ ဘယ်လိုမိန်းကလေးမျိုးကမှ အောင့်ရင်ကို ခုန်စေမှာလဲလို့ ကိုယ်သိချင်လိုက်တာ။ စမ်းချောင်းလေးကိုဖြတ်တော့ အောင် ကမ်းလင့်တဲ့လက်ကို ဆုပ်ကိုင်ခွင့်ရတော့ ကိုယ့်မှာ ဝမ်းသာလိုက်တာ။ ဒီလိုသာ အောင့်လက်ကို အမြဲတမ်းဆုပ်ကိုင်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲနော်။ ကိုယ့်ကို ဘူတာရုံပြန်ပို့ဖို့အချိန်ရောက်တော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ ကိုယ်မပြန်ဘဲ အောင့်အနားမှာပဲ အမြဲတမ်းနေခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဘူတာရုံမှာ နှုတ်ဆက်လမ်းခွဲတော့ ကိုယ်က နှုတ်ဆက်ပွေ့ဖက်ခွင့်တောင်းတယ်။
အောင့်ကို ဒီလိုလေး နှစ်မိနစ်လောက် ပွေ့ဖက်ထားချင်လိုက်တာ။ အောင်နဲ့ဝေးရာကို သွားရတာ ရင်ထဲမှာ တစ်ခုခုလှစ်ဟာသွားသလိုပဲ။ သေချာပါတယ် ကိုယ့်နှလုံးသားတွေ အောင်နဲ့အတူ ပါသွားခဲ့ပြီ။ ရောက်တဲ့အကြောင်း မတ်ဆေ့ပို့နော်လို့ အောင်ပြောလာတော့ ဆက်ဆက်ပို့ပါ့မယ်အောင်ရဲ့။ အောင့်ကို ချန်ရစ်ထားခဲ့ရတာ ဝမ်းနည်းလိုက်တာ အောင့်ကို လှည့်မကြည့်နဲ့။ အောင့်မျက်နှာကို မြင်ရတဲ့အခါ ကိုယ်ခွဲခွာဖို့ အင်အားတွေမရှိဘဲ နေလိမ့်မယ်။ ဘိုင်ဘာကနေ ပိတ်ရက်တွေမှာ ဘာတွေလုပ်မှာလဲလို့ အောင့်ကိုမေးရင် ဘာမှထူးထူးခြားခြား မလုပ်ပါဘူးတဲ့။ ဒီခရစ်စမတ်မှာ အောင့်ကို တွေ့ချင်မိသား။ အောင် ဘာလို့များ မေတ္တာမကမ်းလင့်လာပါလိမ့်။ အောင့်မှာ တခြားမိန်းကလေး ရှိနေပြီလား။ ကိုယ့်ကို မချစ်လို့လား။ ယောကျ်ားလေးဆိုတာ သူတကယ်ချစ်ရင် ကိုယ့်အနားကို မရောက်ရောက်အောင် လာမှမဟုတ်ဘူးလား။ ဒီလိုသာ ပဝါတစ်ကမ်း၊ လက်တစ်ကမ်း သူငယ်ချင်းအဖြစ် နေတော့မှာလား။ ကိုယ့်အချစ်တွေကို နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ သော့ခတ်သိမ်းလိုက်ရတော့မှာလား။ တခါတလေတော့လည်း ဒီအချိန် အောင် ဘာတွေလုပ်နေမလဲလို့ တွေးမိသား။ ကားပေါ်မှာ၊ အလုပ်ထဲမှာ၊ ပိတ်ရက်တွေဆို ဘယ်သူတွေနဲ့ ဘယ်ကိုသွားနေပါလိမ့်။ တခါတလေတော့လည်း အောင်က ကိုယ့်ဘေးနားမှာ ရောက်နေတယ်လို့ထင်နေမိသေးတယ်။ တခါတလေ အိမ်မက်ထဲထိတောင် ဝင်နှိပ်စက်သေးတယ်။
အောင် ချစ်သူရသွားရင်၊ အိမ်ထောင်ပြုသွားရင် ကိုယ်တော့ လူမသိသူမသိ အသည်းကွဲရဦးမယ်ထင်တယ်။ အောင် ဖွင့်ဟပြောလာမှာကို စောင့်စားရင်း အောင်နဲ့နောက်ထပ်တစ်ကြိမ် ဆုံတွေ့ခွင့်ကို စောင့်စားရင်း။ ရေစက်၊ ကံတရားကို ယုံကြည်တဲ့ကိုယ် ကိုယ်တို့နှစ်ယောက် ကံကိုပဲ ယုံကြည်ကိုးစားရလေမလား။ အောင်နဲ့ နီးစပ်ပါရစေလို့ ကိုယ်ဆုတောင်းနေမိတယ်။ ကိုယ့်ဆုတောင်းတွေ ပြည့်လာမလာတော့ ကိုယ်မသိသေးပါ။ နွေဦးဟာ ပန်းပွင့်မွှေးရနံ့တွေကို ဆောင်ကြဉ်းလာသလို အချစ်ဆိုတာလည်း အလွမ်းများကို ဆောင်ကြဉ်းခဲ့တယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွားခြင်းတွေ ရှိခဲ့မယ်ဆိုရင် မဆုံစည်းခဲ့ရင် အကောင်းသား။ ဆုံစည်းရလို့ ဝမ်းသာကြည်နူးရသလို ခွဲခါတဲ့အခါမှာလည်း နာကျင်ခံစားရတာကို ခံနိုင်ရည်ရှိဖို့လိုတယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာရခြင်း၊ လွမ်းဆွတ်နာကျင်ရခြင်းတွေ ရှိပေမဲ့ ကိုယ် အောင်နဲ့ နောက်ထပ်ဆုံစည်းချင်ပါသေးတယ်။
စန်းထွန်း
ဂျွှန် ၁၀၊ ၂၀၁၅။
2 comments:
I am a big fan of your blog. May your wishes come true very soon...
me, too.
i like your writing.
Post a Comment