ဆုံစည်းခြင်း၏ အခြားဖက်...

မေ့ကို ကိုယ်မတွေ့ရတာ တစ်နှစ်ကျော်ပြီ မေ တခြားမြို့မှာ အလုပ်ရလို့ ပြောင်းသွားတဲ့ အချိန်ကတည်းက ဆိုပါတော့။ အီစတာဂရမ်မှာတင်တဲ့ မေ့ဓာတ်ပုံတွေကနေတဆင့် မေ့အလုပ်အသစ်၊ အိမ်အသစ်၊ မြို့အသစ်၊ သူငယ်ချင်းသစ်တွေအကြောင်း ကိုယ်သိခဲ့ရတယ်။ ကိုယ် သိပါတယ် မေဟာ အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့၊ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ။ ဂျီမေးလ်၊ ဖေ့ဘွတ်၊ အီစတာဂရမ်၊ တွတ်တာ၊ ဗိုင်ဘာမှာ မေ့ကို တွေ့ရပေမဲ့ ကိုယ်တို့တွေ စကားစမြည် မပြောဖြစ်ဘူး။ မေနဲ့ကိုယ်ဟာ သူငယ်ချင်းတွေဆိုပေမဲ့ အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်းတွေတော့ မဟုတ်ခဲ့ဘူး။ မေနဲ့ကိုယ်ဟာ တတန်းတည်း အတူတူကျောင်းတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်း။ ဒါပေမဲ့ မေဟာ ကိုယ်တို့သူငယ်ချင်းအုပ်စုထဲက မဟုတ်ဘူး။ ကျောင်းတုန်းက ကိုယ်က မေ့ကို စိတ်မဝင်စားဘူး။ မေကလည်း ယောက်ျားလေးတွေ စိတ်ဝင်စားလောက်အောင် ခန္ဓာကိုယ်ဘော်ဒီ တောင့်တောင့်မဟုတ်။ ဖက်ရှင်ကလည်း ဆက်ဆီဖြစ်ဖို့လား ဝေလာဝေး တခါလာလည်း တီရှပ်နဲ့ဘောင်းဘီ ပွပွယောင်းယောင်း။ မျက်နှာကလည်း မိတ်ကပ်အခြယ်အသကင်းလို့ လိုးရှင်းလိမ်းထားတဲ့ မျက်နှာပြောင်။ တခါတလေကျတော့ အိပ်ယာကနေ ဝုန်းကနဲထ ကမန်းတတမ်း ပြေးလာရလို့ လိုးရှင်းတောင် မလိမ်းနိုင်၊ ဆံပင်တောင် မဖြီးနိုင်တဲ့ တကယ့်ကို ဗြုတ်စဗျင်းတောင်းကလေး။ ကျောင်းတုန်းက မေ့ကို စိတ်ဝင်စားတဲ့ကောင်လို့ တကောင်မှ မတွေ့မိဘူး။ ကိုယ်တို့တွေကလည်း ရည်းစားထားဖို့ထက် စာအုပ်ကြားထဲ ခေါင်းစိုက်နေရတာကိုး။

ကျောင်းပြီးလို့ အလုပ်အကိုင်ရှာဖွေကြတော့ မေအလုပ်ရတဲ့မြို့နဲ့ ကိုယ်အလုပ်ရတဲ့မြို့က တခြားစီ။ အဲဒီတုန်းက ကိုယ့်မှာ အွန်လိုင်းရည်းစားရှိတယ်။ ကိုယ်သူငယ်ချင်းတွေနဲ့ မေက ညီအစ်မတွေလိုပဲ။ သူတို့ဆီကို မေက တလတခါ သွားလည်တတ်တယ်။ တခါတလေတော့လည်း ရေစက်ဆိုတာ ဆန်းကြယ်သား။ ပြန်တွေ့ကြလိမ့်မယ်လို့ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားပေမဲ့ ကိုယ့်သူငယ်ချင်းအိမ်ကို အလုပ်ရှာဖို့ မေရောက်လာခဲ့တယ်။ ကိုယ်ကလည်း မကြာခင်ကမှ အလုပ်ရှာဖို့ဆိုပြီး အဲဒီသူငယ်ချင်းအိမ်ကို ရောက်နေခဲ့တာ။ မေရောက်လာတော့လည်း ကိုယ်တို့သူငယ်ချင်းတွေ ကျောင်းတုန်းကလို တဝါးဝါး တဟားဟားနဲ့ ပျော်စရာကြီး။ မေက အချက်အပြုတ် မကျွှမ်းကျင်ဘူး။ သူ့ဘာသာချက်ပြီး သူ့ဘာသာ ကောင်းနေတာပဲ။ ကိုယ်က တခါတလေ မေ့လက်ရာကို မြည်းစမ်းပြီး ကောင်းပါတယ်ကွလို့ ချီးမွမ်းရင် မချိပြုံးလေး ပြုံးနေတတ်တယ်။ ချက်ဖို့ပြုတ်ဖို့ထက် စာဖတ်၊ တောင်တက်၊ ပြတိုက်သွား၊ သစ်တောအုပ်လေးထဲ လမ်းလျှောက်ဖို့ ပိုနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်။ တခါတလေ ကိုယ်လက်စွမ်းပြ ချက်ပြုတ်‌ကျွှေးတဲ့ ခေါက်ဆွဲကြော်ကို ကောင်းတယ်လို့ ချီးမွမ်းတော့ ကိုယ့်မှာပျော်လိုက်တာ။ ကိုယ့်လက်ရာတွေကို မင်းကို အမြဲတမ်း‌ကျွှေးချင်ပါတယ် ကောင်မလေးရေ။

မနက်စောစောထပြီး အိမ်ဘေးက ရေကန်လေးနား လမ်းလျှောက်တတ်တဲ့မေက နေမြင့်အောင် အိပ်တတ်တဲ့ ကိုယ်တို့တွေကို ငပျင်းလေးတွေတဲ့။ တခါတုန်းက ပန်းခြံမှာ ဘာဘီကျူးကင်တော့ မေ ပြောင်းဖူး၊ ဖရဲသီးကြိုက်တာ ကိုယ်သိသွားတယ်။ ကိုယ်တို့သူငယ်ချင်းတွေ ငါးမျှားကြတော့ မေက တောင်စောင်းလေးမှာထိုင်ပြီး ငေးမောနေတတ်တယ်။ ကောင်းကင်ပြာပြာမှာ တိမ်ဆိုင်လေးတွေက မျောလွင့်လို့ မေ့ဆံနွယ်လေးတွေကလည်း တလွင့်လွင့် မျောလွင့်နေတာများ ပန်းချီကားတချပ်ကို ကြည့်ရသလိုပဲ။ မေဟာ တခါတလေတော့လည်း အဲဒီလို လျှို့ဝှက်ပြီး သိရခက်တယ်။ ကိုယ့်သူငယ်ချင်းတွေက ကိုယ်နဲ့မေ့ကို သဘောတူပြီး စကြရင် မေက တုပ်တုပ်မှမလှုပ်။ ကိုယ်တို့ဆီမှာ နှစ်လလောက်နေပြီး ကိုယ်တို့မြို့နဲ့ မနီးမဝေးမှာ မေ အလုပ်ရတော့ ကိုယ့်မှာပျော်လိုက်တာ။ ကိုယ် မေ့ကို စိတ်ဝင်စားနေပြီလား။ တပတ်တခါ ကိုယ်တို့ဆီကို လာလည်ရင် ကိုယ့်အလွမ်းပြေတယ်။ ကိုယ်တို့ဆီကို မလာဘဲ ပြတိုက်တွေဆီ သွားလည်ပတ်နေရင်၊ တောင်သွားတက်နေရင် ကိုယ့်မှာ လွမ်းနေရတယ်။ ကိုယ် လွမ်းနေတာကို မေတစ်ယောက်ကတော့ သိမှသိပါလေစ။ မေ အလုပ်အဆင်မပြေတာတွေ ကြားရတော့ ကိုယ့်မှာ စိတ်ပူမိတယ်။ ဒီလိုနဲ့ပဲ မြိ ု့ကြီးမှာ အလုပ်ရလို့ ခရစ်စမတ်မှာ မေ ပြောင်းရွှေ့သွားခဲ့တယ်။ ကိုယ် စိတ်မကောင်းလိုက်တာ။ မေနဲ့တွေ့ရဖို့ဆိုတာ တကယ့်ကို မလွယ်တော့ဘူး။ ကိုယ့်အလွမ်းတွေလည်း တဖြည်းဖြည်း ပြယ်လွင့်သွားမလား။



မြို့အသစ်၊ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်တွေနဲ့ မေ အဆင်ပြေပါ့မလား။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်မှမရှိတဲ့ဒေသမှာ မေ ဘယ်လိုမျိုးများ ရုန်းကန်နေရပါလိမ့်။ အီစတာဂရမ်မှာ မေ ဓာတ်ပုံတွေတင်တာ မတွေ့တာ ကိုယ့်မှာ စိတ်ပူရသေးတယ်။ ကိုယ့်သူငယ်ချင်းမလေးကို ပြောပြတော့ သူက မေးပေးပါတယ် မေက ဘီးစီးနေလို့တဲ့ ရာသီဥတုအေးလို့ ဘယ်မှမထွက်ဖြစ် အလုပ်အသစ်ဆိုတော့ စိတ်ဖိစီးလို့ ပိတ်ရက်တွေဆိုရင် ဘယ်မှမသွားဘဲ အိမ်မှာဘဲ နားနေဖြစ်တယ်လို့။ ကိုယ်ထင်သားပဲ မေ တခုခုဖြစ်နေပါတယ်လို့။ မေ အဆင်ပြေဖို့ ဆုတောင်းရုံမှတပါး ကိုယ်ဘာမှ မတတ်နိုင်ခဲ့ပါ။ လေးလခန့်အကြာမှာ ကိုယ်တို့မြို့နဲ့ မနီးမဝေးမြို့မှာ အစည်းအဝေးတက်ဖို့ မေလာခဲ့ပေမဲ့ ကိုယ်က ခရီးသွားနေတော့ မေနဲ့ မတွေ့လိုက်ရဘူး။ ကိုယ် မေ့ကို တွေ့ချင်လိုက်တာ၊ မြင်ချင်လိုက်တာ။ ကိုယ် မေ့ကို ဘယ်အချိန်မှာ ချစ်မိသွားမှန်း မသိလိုက်ဘူး။ ကိုယ် သိလိုက်တဲ့အချိန်မှာ မေက ကိုယ့်နှလုံးသားထဲမှာ အတော်စိုးမိုးနေခဲ့ပြီ။ တကယ်တော့ မေဟာ ပင်ယံထက်က ပန်းတစ်ပွင့်။ တခါတလေ  ကိုယ်နဲ့ထိုက်တန်ပါရဲ့လားလို့ တွေးမိတယ်။ မေက ပညာ၊ ရုပ်ရည်၊ အလုပ်အကိုင်၊ အရည်အချင်း ဘာမှပြောစရာ မလိုတဲ့မိန်းကလေး။ ထက်လည်း တကယ်ထက်တယ် လုပ်ဖော်ကိုင်ဖက် အချင်းချင်းကတောင် ချီးမွမ်းရတယ်။ ချစ်စရာလည်းကောင်းတယ် လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိသားစု အကုန်လုံး မေ့ကိုချစ်ကြတယ်။

ပြီးတော့ မေက သူ့လောက် မတော်တဲ့ ယောကျ်ားလေး၊ မကြိုးစားတဲ့သူကို လုံးဝအထင်မကြီးဘူး။ ဆေးလိပ်သောက်တဲ့ယောကျာ်း၊ အိမ်မှုကိစ္စကူမလုပ်တဲ့ယောက်ျား၊ တက်တူးထိုးထားတဲ့ယောကျာ်းကို မနှစ်မြို့ဘူး။ ကိုယ်ကသာ စိတ်လှုပ်ရှားနေရတာ မေက ကိုယ့်ကို နည်းနည်းကလေးမှ စိတ်ဝင်စားတဲ့ပုံ မရဘူး။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတင်ရင် ကိုယ့်မှာ မေ ရည်းစားများရသွားပြီလား၊ ကိုယ်များနောက်ကျသွားပြီလားလို့ စိတ်ပူမိတယ်။ မေ့အခန်းဖော်ရဲ့ခွေးတွေဖြစ်တဲ့ ဂျီဂျီ၊ ကီကီနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေတွေ့ရရင် မေချစ်တာကို ခံရတဲ့ ဒီကောင်တွေကို မနာလိုဖြစ်မိတယ်။ လွန်ခဲ့တဲ့တလလောက်က မေ ကိုယ်တို့မြို့ မှာ အစည်းအဝေးလာတက်တော့ မေနဲ့ကိုယ် ဆုံဖြစ်တယ်။ တခြားသူငယ်ချင်းတွေက ခရီးသွားနေကြတော့ ကိုယ်တို့နှစ်ယောက်တည်း ပထမဆုံးတွေ့ဖြစ်တဲ့အချိန် ဆိုပါတော့။ မေ ရထားပေါ်က ဆင်းလာမဲ့အချိန်ကို စောင့်စားရင်း မေ့ကိုတွေ့ရင် ဘယ်လိုနေမလဲ၊ မေ ဘယ်လိုများ ပြောင်းလဲနေပြီလဲလို့ တွေးနေမိတယ်။ ကိုယ်က မေ့ကို အရင်ဆုံး မြင်တွေ့ချင်တဲ့သူဖြစ်ချင်ပေမဲ့ တကယ်တမ်းမှာတော့ မေကကိုယ့်ကို အရင်ဆုံး မြင်တဲ့သူ ဖြစ်နေတယ်။ ကိုယ် စိတ်ထဲမှာ တယောက်ယောက်က ကိုယ့်ကိုကြည့်နေပါတယ်လို့ ခံစားရလို့ မော့ကြည့်လိုက်တဲ့အချိန်မှာ မေက ကိုယ့်ကားဘေးနား ရောက်နေပြီ။ မေက အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲဘူး။ တွေ့တော့လည်း စကားတွေ ပြောလိုက်တာ ကိုယ်တို့တစ်နှစ်ကျော်လောက် အဆက်အသွယ် မရှိဘူးဆိုတာ မယုံနိုင်စရာဘဲ။

ကိုယ် ပိန်သွားတယ်၊ ကြည့်ကောင်းလာတယ်လို့ ပြောတယ်။ ကိုယ် ဝိတ်မနေတာ တစ်လ၊ နှစ်လလောက် ရှိပြီ။ ကိုယ်ရည်စစ်သွားတော့ ဘာအဝတ်အစားဝတ်ဝတ် လိုက်ဖက်တယ် ဆက်လုပ်လို့ ချီးမွမ်းနေတယ်။ မေ့ ချီးမွမ်းစကား ကြားလိုက်ရတာနဲ့တင် ကိုယ်ဝိတ်တွေ ဆက်မဖို့ အားတွေရှိသွားတယ်။ မေ ကြိုက်မယ်ထင်တဲ့ စီချွှမ်၊ ဂျပန်၊ ကိုရီးယားဆိုင်တွေကို ရွေးချယ်ခိုင်တော့ မေက စီခွျှမ်ဆိုင်ကို ရွေးတယ်။ မေ အစပ်စားနိုင်ပါ့မလားလို့မေးတော့ မစပ်တာတွေ ရွေးစားမှာပေါ့တဲ့။ သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ သွားခဲ့ဖူးတဲ့ခရီးတွေအကြောင်းနဲ့စကားတွေ အများကြီး ပြောဖြစ်တယ်။ မေ့မျက်နှာလေး မြင်ရတာ ကြည်နူးလိုက်တာ ဒီလိုသာ အမြဲတမ်းတွေ့ရဆိုမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အစည်းအဝေးကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာလေးကို မြင်ရတော့ ကိုယ့်မှာ သနားလိုက်တာ။ အရင်လိုပါပဲ မေ့အပြုံးတွေက ချစ်စရာကောင်းနေဆဲ၊ မေ့မျက်ဝန်းညိုညိုတွေက တောက်ပဆဲ၊ အမူအယာ အပြုအမူတွေက တည်ငြိမ်အေးဆေးဆဲ။ မေ့ကို ကိုယ် မြတ်နိုးလိုက်တာ။ ဟင်းတွေအများကြီးမှာပေမဲ့ မေက ဟုတ်တိပတ်တိ မစားဘူး တို့ကနန်း ဆိတ်ကနန်း စားတော့ ကိုယ် အားမရလိုက်တာ။ ကိုယ်က မေ့ကို အများကြီး စားစေချင်တာ။ မေက မနက်စာကို အဝစားလာလို့ မစားနိုင်တာလို့ ပြောတယ်။ ကိုယ် သိပါတယ် မေက အစားအသောက် သိပ်မက်တဲ့သူ မဟုတ်ဘူး။ တခါတလေ ချက်ပြုတ်ရမှာပျင်းလို့ ကော်ဖီ၊ မုန့် စားတတ်တဲ့သူ။ မေက နေ့လည်စာစားပြီးရင် အနုပညာပြခန်းတစ်ခုကို သွားလည်ဖို့ စိတ်ကူးထားတာ ကိုယ်က ကိုယ်တို့အိမ်အနီးက မေ သွားလမ်းလျှောက်တတ်တဲ့ ပန်းခြံလေးကို ခေါ်သွားတယ်။ မေ လေ့လာနေတဲ့ ဓာတ်ပုံပညာ၊ ကင်မရာတွေအကြောင်း ပြောဖြစ်တယ်။ အနားယူတဲ့ ဘိုတဲလေးရောက်တော့ မေက တံတားဘောင်မှာ ခြေတွဲလွဲချထိုင်ပြီး ကိုယ့်ကိုခေါ်တယ်။




ဆန်းကရင်မလိမ်းလာတဲ့ကိုယ်က ဘိုတဲမှာပဲ ထိုင်နေတော့ မေက ရယ်လိုက်တာ။ မေက အဲဒီလို အလှအပကို သိပ်ဂရုမစိုက်တဲ့ ပေတေတေလေး။ မေ ကိုယ်ဘေးနား လာထိုင်တော့ စိတ်ထဲမှာ ပြီးပြည့်စုံသွားသလိုပဲ။ မေ့မျက်ဝန်းထဲမှာ ကိုယ်လိုချင်တဲ့ သံယောဇဉ်အငွေ့အယောင်တွေ တွေ့ရမလားလို့ ရှာဖွေကြည့်တော့ မေ့မျက်ဝန်းတွေထဲမှာ ဘာအရိပ်အယောင် အငွေ့အသက်မှ ရှိမနေခဲ့ဘူး။ မေ့ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးလား ကိုယ့်ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား။ ကိုယ့်ကိုရတဲ့ မိန်းကလေးဟာ အတော်ကံကောင်းတဲ့သူပဲလို့ မေက ပြောတော့ မေးလိုက်ချင်တာ အဲဒီလို ကံကောင်းတဲ့မိန်းကလေး မေမဖြစ်ချင်ဘူးလားလို့။ ပညာ၊ အလုပ်အကိုင် ပြည့်စုံနေပြီဖြစ်ဖို့ ကြင်ယာရှာဖို့ မေ့မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေက တိုက်တွန်းကြတယ်ဆိုတဲ့အကြောင်း ကြားရတော့ ကိုယ့်မှာ သူတို့တွေကို စိတ်တိုလိုက်တာ။ မေ့ဘာသာ အေးအေးဆေးဆေး နေတဲ့ဟာကို သူတို့တွေက အပူရှာခိုင်းနေတယ်။ မေက သူလက်ထပ်ချင်တဲ့ ယောက်ျားလေး မတွေ့သေးအကြောင်း၊ အသက်ကြီးလာလို့ ရင်မခုန်တော့တဲ့အကြောင်းတွေ ပြောပြတော့ ကိုယ့်မှာ ဝမ်းသာရသေးတယ်။ မေ ကိုယ့်ကို ရင်မခုန်ဘူးလားလို့ မေးချင်လိုက်တာ။ ဘယ်လိုယောကျာ်းမျိုးကမှ မေ့ရင်ကို ခုန်စေမှာလဲလို့ ကိုယ်သိချင်လိုက်တာ။ စမ်းချောင်းလေးကိုဖြတ်တော့ ကိုယ် ကမ်းလင့်တဲ့လက်ကို မေ ဆုပ်ကိုင်လိုက်တော့ ကိုယ့်မှာ ဝမ်းသာလိုက်တာ။ ဒီလိုမျိုးလေး မေ့လက်ကို အမြဲတမ်းဆုပ်ကိုင်ရရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေတုန်း မေက ကိုယ့်လက်ကို ဖြ ုတ်လိုက်တယ်။ မေ့ပြီး ကိုယ်လက်ကို ဆုပ်ကိုင်ထားရင် ဘယ်လောက်ကောင်းမလဲနော်။ မေ့ကို ဘူတာရုံကို ပြန်ပို့ဖို့အချိန်ရောက်တော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ မေ မပြန်ဘဲ ကိုယ့်အနားမှာပဲ အမြဲတမ်းနေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲနော်။ ဘူတာရုံမှာ နှုတ်ဆက်လမ်းခွဲတော့ မေက ပွေ့ဖက်နှုတ်ဆက်ခွင့်တောင်းတယ်။

မေရယ် ကိုယ့်ကို ဒီလိုလေး နှစ်မိနစ်လောက် ပွေ့ဖက်ထားပါလို့ ပြောချင်လိုက်တာ။ ဘူတာရုံကို လမ်းလျှောက်သွားတဲ့ မေ့ကိုမြင်ရတော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ ရင်ထဲမှာ တခုခုလှစ်ဟာသွားသလိုပဲ။ ဟုတ်ပါတယ် ကိုယ့်နှလုံးသားတွေက မေနဲ့အတူ ပါသွားခဲ့ပြီ။ မေရေ ရောက်ရင်မတ်ဆေ့ပို့လိုက်ပါဆိုတော့ ညဉ့်နက်သန်းခေါင်မှ ရောက်မှာ ရောက်ရင် မတ်ဆေ့ ပို့လိုက်ပါ့မယ်တဲ့။ ကိုယ်ကတော့ မေ ရထားပေါ် တက်သွားတဲ့အထိ ငေးကြည့်နေခဲ့ပေမဲ့ မေကတော့ ကိုယ့်ကို တချက်ကလေးမှ လှည့်မကြည့်ခဲ့ဘူး။ မေရယ် နေနိုင်လိုက်တာ။ ဘိုင်ဘာကနေ ပိတ်ရက်တွေမှာ ဘာလုပ်မှာလဲလို့ မေက မေးတတ်တယ်။ ကိုယ်လား ဘာမှထူးထူးခြားခြား မလုပ်ဖြစ်ဘူး။ ဒီခရစ်စမတ်တော့ မေတို့မြိ ု့ကို သွားလည်ပြီး မေ့ကိုတွေ့ဖို့ ကြိ ုးစားဦးမယ်။ ကိုယ့်အချစ်တွေကို မေ့ကို ဖွင့်ဟဖို့ ကိုယ် သတ္တိမရှိဘူး။ မေ့ကို ဆုံးရှုံးသွားမှာလည်း စိုးရိမ်မိတယ်။ ကိုယ့်အချစ်တွေကို မေ့ကိုဖွင့်ဟလို့ မေက ငြင်းပယ်ခဲ့ရင် ကိုယ်တကယ် ဝမ်းနည်းမိမှာ။ ဒီအတိုင်း ပဝါတကမ်း၊ လက်တကမ်း သူငယ်ချင်းအဖြစ်နေတာကမှ အကောင်း ဖွင့်ဟလိုက်မှ သူငယ်ချင်းအဖြစ်ကိုတောင် ဆုံးရှုံးသွားမှာ စိုးရိမ်မိတယ်။ ကိုယ် မေ့ကို ဘယ်လိုဖွင့်ပြောရမှာပါလိမ့်။ မေ ကိုယ့်ကို ပြန်ချစ်ပါ့မလား။ ကိုယ့်မှာ မေလက်ခံနိုင်လောက်တဲ့ အရည်အချင်းရှိပါ့မလား။ ဒီလိုနဲ့ပဲ တွေဝေရင်း၊ ငေးမောရင်း သူငယ်ချင်းအဆင့်ကနေ ဘာမှထူးခြားမလာခဲ့။ တခါတလေတော့လည်း ဒီအချိန် မေ ဘာတွေလုပ်နေမလဲလို့ တွေးမိသား။ ရထားပေါ်မှာ၊ အလုပ်ထဲမှာ၊ ပိတ်ရက်တွေဆို ဘယ်သူတွေနဲ့ ဘယ်ကိုသွားနေပါလိမ့်။ တခါတလေတော့လည်း မေက ကိုယ့်ဘေးနားမှာ ရောက်နေတယ်လို့ ထင်နေမိသေးတယ်။ တခါတလေ အိမ်မက်ထဲထိအောင် ဝင်နှိပ်စက်သေးတယ်။

မေ ချစ်သူရသွားရင်၊ အိမ်ထောင်ပြုသွားရင် ကိုယ်တော့ လူမသိသူမသိ အသည်းကွဲရဦးမယ်ထင်တယ်။ ဖွင့်ဟပြောဖို့ သတ္တိလည်းမရှိ။ နောက်တခါ မေနဲ့ဆုံရင် မေ့ကို ကိုယ်မြတ်နိုးနေတာ ကြာပြီလို့ ဖွင့်ဟပြောဖြစ်လေမလား။ မေနဲ့ကိုယ် ဘယ်သောအခါများမှ ပြန်တွေ့ရမှာပါလိမ့်။ ရေစက်၊ ကံတရားကို ယုံကြည်တဲ့ကိုယ် ကိုယ်တို့နှစ်ယောက်ကံကိုပဲ ယုံကြည်ကိုးစားရလေမလား။ မေနဲ့နီးစပ်ပါရစေလို့ ကိုယ် ဆုတောင်းနေမိတယ်။ ကိုယ့်ဆုတောင်းတွေ ပြည့်လာမလာတော့ ကိုယ် မသိသေးပါ။ နွေဦးဟာ ပန်းပွင့်မွှေးရနံ့တွေကို ဆောင်ကြဉ်းလာသလို အချစ်ဆိုတာလည်း အလွမ်းများကို ဆောင်ကြဉ်းခဲ့တယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာခြင်းတွေ ရှိခဲ့မယ်ဆိုရင် မဆုံစည်းခဲ့ရင် အကောင်းသား။ ဆုံစည်းရလို့ ဝမ်းသာကြည်နူးရသလို ခွဲခွာတဲ့အခါမှာလည်း နာကျင်ခံစားရတာကို ခံနိုင်ရည်ရှိဖို့လိုတယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာရခြင်း၊ လွမ်းဆွတ်နာကျင်ရခြင်းတွေ ရှိပေမဲ့ ကိုယ် မေနဲ့ နောက်ထပ် ဆုံစည်းချင်ပါသေးတယ်။

စန်းထွန်း
ဂျွှန် ၆၊ ၂၀၁၅။

3 comments:

Anonymous said...

Very beautiful one!! San San

Ma Khine






blackroze said...


San San Htun said...

blackroze said...
နောက်တခါဆုံရင် ဖွင့်ပြောလိုက်ပါလို့...
June 9, 2015 at 2:50 PM