ဝိုင်းနဲ့ကျတော့ ပြောစရာစကားတွေ အများကြီး။ ကိုယ်ကသူတို့ပြောတာတွေ နားထောင်လိုက် ဝင်ပြောလိုက် အိပ်ငိုက်လိုက်။ မနက်မိုးလင်းတော့ ဆူနမ်က အာလူးပလာတာ လုပ်ကျွှေးတယ်။ နေ့လည်ကျတော့ တနာရီအဝေးက ဟာပါးဖယ်ရီကို သွားကြတယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ ဟာပါးဖယ်ရီမြို့လေးက ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်းပြည်နယ်သုံးခု ရှယ်နယ်ဒိုးဝါးမြစ်၊ ပတ်တိုးမတ်မြစ် မြစ်နှစ်ခုဆုံတဲ့နေရာ။ ၂၀၁၃ အောက်တိုဘာတုန်းက ဒီစီရုံးကတရုတ်မ လိုက်ပို့ပေးလို့ ရောက်ဖူးတယ်။ အင်မတန်သာယာလှပတဲ့ နေရာလေး။ အဲ့ဒီတုန်းကတော့ ပတ်တိုးမတ်လား ရှန်နယ်ဒိုးဝါးလား ဘယ်မြစ်လဲတော့ မမှတ်မိဘူး။ မြစ်ကမ်းဘေးမှာ လမ်းလျှောက်ခဲ့တာတော့ မှတ်မိတယ်။ သစ်ရွက်တွေအရောင်ပြောင်းတဲ့ ဆောင်းဥ◌ီးချိန်ဆိုတော့ အင်မတန်လှတာတော့ မှတ်မိတယ်။ အတော်လေး ဟိုက်နေအောင် တက်ရတယ်။ ဗျူးပွိုင့်နား ရောက်ခါနီးလေ လမ်းကတယောက်ပဲ သွားလို့ရတယ်။ ဗျူးပွိုင့်ကနေ မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။ မောပန်းသမျှတွေ ပျောက်သွားတယ်။ တောင်ခြေမှာ ကလေးကို တရောလီတွန်းလှည်းနဲ့ တောင်တက်နေဖို့လုပ်နေတဲ့ အမျိုးသမီးကို မဖြစ်နိုင်ဘူးလို့ ဝိုင်းပြောကြတယ်။ ဘောကွင်းထဲထိုင်ပြီး ရေစီးအတိုင်း မျှောနေတဲ့သူတွေကိုတွေ့တယ်။ ကိုယ်နဲ့ဝိုင်းက မြစ်ဆုံဗျူးပွိုင်းမှာ ဓာတ်ပုံရိုက် ဆူနမ်တို့က အိမ်သာသွားတယ်။ ပြန်ဆုံဖို့နေရာချိန်းတော့ ဝိုင်းက ဆူနမ်ဘာပြောနေမှန်း နားမလည်ဘူး။ ကိုယ်က ဆူနမ်ဘာပြောချင်တယ်ဆိုတာ သိတယ် ပေါင်းလာတာ ရှစ်နှစ်ရှိပြီပဲ။ မိုင်းဖန်စကားကို ဘယ်သူမှနားမလည်ဘူး ကိုယ်တို့တွေကတော့ နားလည်တယ်။ မောပန်းနေတာမို့ ရေခဲမုန့်စားပြီး အပန်းဖြေကြတယ်။ ညနေစောင်း ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ ညကျတော့ ဝိုင်းအခန်းမှာ စကားတွေထိုင်ပြောကြတယ်။ ရာမားနဲ့ကိုယ်က အိပ်ပြီးနားထောင်တယ် ဝင်လုပြောတယ်။ နောက်နေ့မနက်ကျတော့ အိမ်နားက ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မနက် ၉ နာရီလောက်မှ အိပ်ယာကထတတ်တဲ့ ရာမားကိုမစောင့်ဘဲ ကိုယ်တို့သုံးယောက် လမ်းလျှောက်ကြတယ်။ ရာမားကပြောတယ် ကိုယ်တော်တော်ပိန်သွားတယ် ကျန်းမာရေးမကောင်း အားနည်းတဲ့ပုံပေါက်တယ်တဲ့။ ကိုယ်က ပိန်သွယ်တာထက် တောင့်တင်းကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်ချင်တာ။ နေ့လည်ဘဝ်စ်ကားနဲ့ ပြန်ခဲ့တော့ ညနေမှာ နယူးယောက်ရောက်တယ်။ ဆူနမ်ကတော့ ပြောရှာတယ် ညည်းတို့လာတဲ့ နှစ်ရက်အတွင်း ကျုပ်မှာ တီဗွီလည်းမကြည့်ဖြစ် ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်။ တနေ့တနေ့ လျှောက်လိုက်ရတဲ့ လမ်းဆိုတာများ တလလောက် လေ့ကျင့်ခန်းလုပ်စရာ မလိုတော့ဘူး။ ညည်းတို့တလတခါလာရင်ကောင်းမယ် နှစ်ပတ်တခါလာရင်ရော အဲ့ဒါဆိုကန်ချမယ်တဲ့ :P ။ အဲ့ဒီဓာတ်ပုံလေးတွေ ဖေ့ဘွတ်မှာတင်တော့ မောင်မောင်ကမေးတယ် အစ်မဘယ်ကိုသွားတာလဲတဲ့။ ကိုယ့်ဓာတ်ပုံလေးတွေ ဖေ့ဘွတ်မှာတင်တိုင်း အသည်းလေးတွေ လာပေးတတ်တဲ့ နှစ်ပတ်တခါ ဗွီဒီယိုကောခေါ်တတ်တဲ့ မောင်မောင့်ကို နေ့တိုင်းသတိရတယ်။ သတိရတိုင်း တွေးမိတိုင်းလည်း နာကျင်ခံစားရတယ်။ ချစ်တဲ့သူတယောက် ဆုံးရှုံးရတဲ့ဝေဒနာ အင်မတန်ခံရခက်တယ်။
စန်းထွန်း
အောက်တိုဘာ ၅၊ ၂၀၁၉။
No comments:
Post a Comment