ချီကာဂိုသွား ‌တောလား - ၂

ဇှုလှိုင် ၅ သောကြာနေ့ သွားလည်မဲ့နေရာကတော့ အင်ဒီးယားနားပြည်နယ်ထဲက ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ပါ။ မနက်စာစားပြီးတော့ ဟိုတယ်နဲ့နီးတဲ့ ဘူတာဆီသွားတယ်။ ဂုံးကျော်တံတားကို ဖြတ်ကျော်နေတုန်း ဂူဂယ်မတ်မှာ ဘူတာကို ကျော်နေပြီလို့ ပြနေလို့ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ ရထားသံလမ်းတွေ့တယ်။ ဒီဟာ ရထားဘူတာပဲ ဒါပေမဲ့ အောက်ကိုဘယ်လို ဆင်းရမလဲမသိဘူး။ အောက်ဆင်းမဲ့လှေကားလည်း မတွေ့ဘူး။ လူတွေလည်း တယောက်မှမတွေ့ဘူး ရထားဘူတာဆိုတာ ဟုတ်တောင်ဟုတ်ရဲ့လား မသိဘူးတဲ့ဝိုင်းက။ သေချာပါတယ် အဲ့ဒါရထားဘူတာ အောက်ကိုဆင်းမဲ့ လှေကားရှာရမယ်။ ရှေ့မှာတွေ့တဲ့ ဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ သူတယောက်ကို မေးရမလား။ သိမဲ့ပုံမပေါ်ဘူး တပတ်ပတ်ပြီး ရှာကြည့်ရအောင်။ တံတားအလယ်လောက်မှာ အောက်ကိုဆင်းတဲ့ လှေကားတွေ့လို့ ဆင်းလိုက်တယ်။ မေးကြည့်လိုက်တော့ LakeShore လိုင်း ဒါပေမဲ့ ချီကာဂိုဆီလာတဲ့ရထား။ ဟိုဖက်က အင်ဒီယားနားကို သွားမဲ့ဖက်ဖြစ်မယ်။ မြေအောက်ကိုဆင်းတဲ့ လှေကားအတိုင်း ဆင်းလိုက်တော့ ဘယ်သူမှမတွေ့ဘူး။ ခြောက်ချားစရာ ရိုက်လုရင် ဘယ်သူမှသိလိုက်မှာ မဟုတ်ဘူး။ ခပ်သုတ်သုတ်လေးလျှောက် ဆိုင်တွေတွေ့မှ စိတ်နည်းနည်းအေးသွားတယ်။ ကောင်တာမှာ သွားမေးကြည့်တော့ ရထားတွေက ဘယ်အချိန်ဆိုတာ သေသေချာချာ ရှင်းပြတယ်။ ရထားလက်မှတ်ကို ဘုမှာဝယ်ရမယ်တဲ့။ ပလက်ဖောင်းမှာ ဘယ်ရားက ဘယ်ကိုဆိုတာ ပြပေးတဲ့ဘုတ်လည်း မရှိဘူး။ ရထားမှာ LakeShore လို့ ရေးထားတာ တွေ့တော့မှ ဒါတို့တွေစီးရမဲ့ ရထားဆိုတာ သေချာတယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ကို တနာရီကျော်လောက် စီးရတယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်က အကျယ်ကြီး။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ထဲမှာ ရထားဘူတာသုံးခု ရှိတယ်။ ကိုယ်တို့သွားရမှာက ဒူ့ဆန်းဘူတာ။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကနေ ချီကာဂိုသွားတုန်းက South Bend ၊ Gary မြို့တွေကို ဖြတ်ခဲ့ဖူးတော့ မှတ်မိနေတယ်။ ဒူ့ဆန်းနဲ့ ဖို့ဝိန်း တနာရီကျော်လောက်ပဲ ဝေးတယ်။ မခိုင်ကို သတိရတဲ့အကြောင်း မတ်ဆေ့ပို့လိုက်တော့ လာလည်ပါလားတဲ့။ ချီကာဂိုကို နေ့ချင်းပြန်ရမှာမို့လို့ မလာနိုင်တော့ဘူး။ ဘူတာမှာ ပြင်ဆင်ရေးလုပ်နေတဲ့ ဝန်ထမ်းတယောက်ကို မေးကြည့်လိုက်တော့ ရှယ်တယ်ဘတ်စ် မရှိဘူးတဲ့။ လမ်းလျှောက်မယ်ဆိုရင် အတော်ဝေးတယ်။ အူဘာ၊ တက္ကစီလည်း ခက်တယ် ကြိုးစားကြည့်တဲ့။ မြေပုံကျွှမ်းကျင်ပါတယ်ဆိုတဲ့ကိုယ်တောင် ဂူဂယ်မတ်ကြည့်ပြီး လည်ပါတယ်ဆို။ ဟိုဖက်သွားကြည့်လိုက်၊ ဒီဖက်သွားကြည့်လိုက်၊ ဟိုင်းဝေးလမ်းမကြီး တက်ရမယ် ပြနေတယ် ကားလမ်းအတိုင်း လိုက်သွားကြည့်မယ်။ ဟိုင်းဝေးလမ်းမကြီးကို မြင်နေရရဲ့သားနဲ့ ဘယ်ကသွားရမယ်ဆိုတာ မသိဘူးဖြစ်နေတယ်။

ဝိုင်းက ရထားသံလမ်းဘေးက တောလမ်းလေးမှာ လမ်းလျှောက်သွားတဲ့သူ တွေ့လိုက်တယ်။ အဲ့ဒီကိုသွားကြည့်ရအောင် ဘယ်လိုသွားမလဲ ရထားသံလမ်းဘေးမှာ သံစည်းရိုးကြီး ကာထားတယ်။ အဲ့ဒီသံစည်းရိုးကြီး အဆုံးအထိ လျှောက်ကြည့်ရအောင်။ ကိုယ်တွက်ဆတာ မှန်သွားတယ် သံစည်းရိုးအဆုံးမှာ ရထားသံလမ်းကို ဖြတ်ကျော်လို့ရတဲ့ တောလမ်းလေးတွေ့တယ်။ ဂူဂယ်မတ်မှာ ကြည့်လိုက်တော့ အဲ့ဒီတောလမ်းလေးအတိုင်း လျှောက်သွားရင် ဟိုင်းဝေးလမ်းမပေါ်ရောက်မယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ကို မိနစ် ၄၀ လောက် လျှောက်ရမယ်။ ကိုယ်တို့လျှောက်တဲ့လမ်းကြောင်း မှန်နေပြီ။ ချီကာဂိုရထားအချိန် ကြည့်လိုက်‌‌တော့ ၁၂ ၄၅ ရထားရှိတယ်။ ၁၂ ၄၅ ရထားဆိုရင် ၂ နာရီခွဲ အချိန်ရတယ်။ ဒီလောက်ဆိုရင်ရပြီ။ ၁၂ ၄၅ ရထားမမှီရင် ၂ ၄၅ ရထားရှိတယ်။ ခုမှပဲ စိတ်အေးလက်အေး ဓာတ်ပုံရိုက်နိုင်တော့တယ်။ ကားလမ်းမကြီးဘေးမှာ လူသွားလမ်းလေးရှိတယ်။ ဒူ့ဆန်းအမျိုးသားဥယျာဥ◌်ထဲဝင်ဖို့ တန်းစီစောင့်နေတဲ့ ကားတန်းကြီးက အရှည်ကြီး။ လမ်းမကြီးပေါ်မှာ လမ်းလျှောက်နေတာ ကိုယ်တို့နှစ်ယောက်တည်း ကြောင်တောင်တောင်ရယ်။ အရင်ဆုံးကမ်းခြေကိုသွားမယ် ပြီးမှဟိုက်ကင်းထရေးလမ်းဆီ သွားကြမယ်။ အဝိုင်းမှာပတ်နေတဲ့ ကားတွေကို လမ်းညွှန်ပြတဲ့ ကောင်မလေးကို မေးကြည့်တော့ ဟိုးဖက်ကို ဆက်လျှောက်သွားရင် ကမ်းခြေ။ ဟိုက်ကင်းထရေးလမ်းတွေက အများကြီး ကမ်းခြေနားက ဟိုက်ကင်းထရေးလမ်း၊ ကမ့်ပင်းဂရောင်းနားက ဟိုက်ကင်းထရေးလမ်းတွေ ညွန်ပြလိုက်တယ်။ သဲတွေက ဖြူလွလွ၊ ရေကအပြာရောင် ကြည်လင်နေတယ်။ မစ်ချီကန်ရေကန်ကြီးက ကျယ်လွန်းလို့ ပင်လယ်လားလို့ ထင်ရတယ်။ ကိုယ်က သဲသောင်ကမ်း‌‌ခြေမှာ ခြေဗလာနဲ့ လမ်းလျှောက်ရတာကို ကြိုက်တယ်။ ဝိုင်းက ခြေဗလာနဲ့ မနေတတ်ဘူး။ အဲ့ဒါဆိုရင် ကမ်းခြေမှာစောင့်နေမလား ကိုယ် သဲသောင်မှာ ခြေဗလာနဲ့ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးမှ လာခဲ့မယ်။ သဲသောင်ကမ်းခြေမှာ ခြေဗလာနဲ့ လမ်းလျှောက်တာ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတယ်။ ဗီယက်နမ်ကမ်းခြေတွေမှာ ခြေဗလာနဲ့ လမ်းလျှောက်ဖို့ဆိုတာ အန္တရာယ်များတယ်။ ဝိုင်းက ဘယ်တော့မှ ခြေဗလာနဲ့ လမ်းမလျှောက်ခဲ့ဖူးဘူးတဲ့။ စတိတ်မှာ ခြေဗလာနဲ့ လမ်းလျှောက်လို့ ရတယ်ဆိုပေမဲ့ စိတ်ထဲမရဲဘူးတဲ့။ အသီးအရွက်တွေဆိုရင်လည်း စတိတ်မှာ စိတ်ချရတယ်ဆိုပေမဲ့ စားနေကျမဟုတ်တော့ မစားချင်ဘူးတဲ့။ အဲ့ဒီလိုပြာလဲ့နေတဲ့ ပင်လယ်ကိုတွေ့ရင် ဟိုင်းကြီးကို သတိရတယ်။ ရေကူးရေစိမ်ချင်တယ် ငှက်တွေကြည့်တဲ့ စင်မြင့်ပေါ် တက်ကြည့်တယ်။


လမ်းညွှန်ကောင်မလေး ပြောလိုက်တဲ့ ထရေးလမ်းကိုရှာတာ အမှတ်အသား တိုင်ကလေးတခုပဲ တွေ့တယ်။ ထရေးလမ်းဟုတ်ရဲ့လားလို့ ဂူဂယ်မတ်မှာ ကြည့်လိုက်တော့ ဟုတ်တယ်ထရေးလမ်း။ ဟမ်မလေး …. ထရေးလမ်းကလည်း ထရေးလမ်းနဲ့ မတူဘူး။ သဲတွေကြားထဲ နစ်နေလို့ ခြေထောက်ကို မနည်းနုတ်ယူရတယ်။ မှားနေတယ်ထင်လို့ ဟိုဖက်လျှောက်ကြည့် ဒီဖက်လျှောက်ကြည့်။ ဂူဂယ်မတ်မှာ ထရေးလမ်းဆိုလို့ ဒီတခုပဲပြတယ် ဆက်လျှောက်မယ်။ တော်တော်လေးကြာတော့ သဲထဲနစ်နေလို့ မောလာပြီ။ လမ်းမှာတွေ့တဲ့စုံတွဲကို မေးကြည့်တော့ ထရေးလမ်းဆိုတာ မှန်တယ်။ ခဏလေးလျှောက်ပြီးရင် သဲတွေမရှိတော့ဘူး ပုတ်သင်ညိုတွေ တွေ့လိမ့်မယ်။ အန္တရာယ်မပေးဘူး ဘေးဘီဝဲယာကို သတိထားပြီးရှာကြည့်တဲ့။ အတော်လေးကြာတော့မှ သဲတွေမရှိတော့ဘူး။ လမ်းမကြီးပေါ် ပြန်ရောက်လာတယ်။ ကမ့်ပင်းဂရောင်းက ထရေးလမ်းကို သွားရင်ကောင်းမလားလို့ တွေးပေမဲ့ ဂူဂယ်မတ်မှာ မပေါ်လို့ ကိုယ်ကမသွားချင်ဘူး။ ဂူဂယ်မတ်နဲ့ သွားရင်တောင် လမ်းမွေ့ချင်နေတာ ဂူဂယ်မတ်မပါဘဲနဲ့ ဆိုရင်တော့လား လမ်းပျောက်သွားလို့ လာကယ်ပါလို့ ၉၁၁ ခေါ်ရမယ်။ ဟိုက်ကင်းထရေးလမ်း မြေပုံရှိတယ်ဆိုပေမဲ့ မြေပုံကိုအဲ့ဒီလောက် မကျွှမ်းကျင်ဘူးလေ။ ထရေးလမ်းအမှတ်အသားတွေကိုလည်း သိပ်နားမလည်တော့ ကိုယ်ကမသွားချင်ဘူး။ ဝိုင်းကလည်း လက်ခံတာနဲ့ လာလမ်းအတိုင်း ပြန်ခဲ့ကြတော့တယ်။ အပြန်လမ်းမှာ ကိုယ်တွေလို လမ်းလျှောက်နေတဲ့ အမေရိကန်အန်ကယ်ကြီးတယောက်ကိုတွေ့တော့ ငါ့တို့လိုပဲ အဖော်ရှိတယ်ဟလို့ တွေးမိတယ်။ ချီကာဂိုရောက်တော့ နေ့လည်စာကို မနေ့ကဆိုင်မဖွင့်လို့ မစားလိုက်ရတဲ့ ကြိုက်တာရွေးလို့ရတဲ့ ကိုရီးယားအစားအစာ ဘင်ဘင်ဘတ်ဝယ်စားတယ်။ ပင်ပန်းလို့ နေ့လည်တရေးအိပ် မနက်ကရေချိုးထားပေမဲ့ ပူလွန်းလို့ရေထပ်ချိုးရတယ်။ ညနေစောင်း ဂရန်းပန်းခြံကို ဖြတ်ကျော်ပြီး မစ်ချီကန်ရေကန်တလျှောက် လမ်းလျှောက်ကြတယ်။ ကမ်းခြေတလျှောက် သဘေင်္ာတွေ အများကြီး။ လမ်းလျှောက်တဲ့သူ၊ အပြေးကျင့်တဲ့သူ၊ စက်ဘီးစီးတဲ့သူနဲ့ အင်မတန်စည်ကားတယ်။ ချီကာဂိုမြစ်ထဲ ပြေးဆွဲနေတဲ့ ခရူသဘေင်္ာတွေ တွေ့တယ်။ နာမည်ကျော်နေဗီပီယာမှာ ကစားကွင်းရှိလို့ စည်ကားတယ်။ အဲ့ဒီလိုကြိတ်ကြိတ်တိုးနေတဲ့ နေရာတွေကို သဘောမကျဘူး။ တိတ်ဆိတ်အေးချမ်းငြိမ်သက် သစ်ပင်တွေနဲ့ စိမ်းလန်း ကျေးငှက်သံတွေကြားရပြီး မြစ်ချောင်းအင်းအိုင် ပင်လယ်ကမ်းစပ်ဘေး နေရာလေးတွေကို သဘောကျတယ်။ ညနေစာကို အေးရှန်းဆိုင်ကောင်းကောင်းမှာ စားတယ်။ ၇ မိုင်ကျော် လမ်းလျှောက်ထားတာမို့လို့ ည ၁၀ နာရီဆို အိပ်ပြီ။ နောက်ဆုံးနေ့မှာတော့ ချီကာဂိုဘော်တနစ်ဂါးဒင်း သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၁၉၊ ၂၀၁၉။

No comments: