နွေဦးတော်လှန်ရေး - ၂၈

၂၀၂၃ ဧပြီ ၁၃ ကြသပတေးနေ့ ညနေ ၆ နာရီကနေ ၇ နာရီခွဲအထိ ကန့်ဘလူနဲ့ ခါးစည်းခံပြည်သူများအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲ သွားကြတယ်။ ငါးမိနစ်တောင်မဝေးတဲ့ အိမ်နားကပန်းခြံမှာ ကျင်းပတာ။ အနက်ရောင်ဝတ်လာဖို့လို့ အနက်ရောင်အင်္ကီျတွေရှာ။ ကန့်ဘလူအတွက် သွေးပူနေကြတာဆိုတော့ လူ ၁၀၀ လောက်လာတယ်။ စနေနေ့မှာတော့ အိမ်ကနေ ဆယ်မိနစ်လောက်ဝေးတဲ့ သုံးပါးကျောင်းမှာ ဆွမ်းသွားပို့တယ်။ ဥပုသ်နေ့တိုင်း မနက် ၉ နာရီခွဲလောက်လာ ဆွမ်းကပ်၊ သီလယူ၊ တရားထိုင် နေ့လည် ၁ နာရီလောက်ပြီးရင် ပြန်ကြတယ်။ လာပါလို့ ဘုန်းဘုန်းကဖိတ်လို့ ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသွားတယ်။ ဥပုသ်နေ့ ဘုန်းကြီးကျောင်း မသွားဖြစ်တဲ့နေ့ဆို ဘုန်းဘုန်းက ဖုန်းဆက်မေးတယ်။ ဥပုသ်သည်ဘော်ဒါတွေကလည်း ဖုန်းဆက်။ ဘယ်မှာဘယ်ပွဲရှိတယ် တို့တွေသွားကြမယ်နဲ့ ကိုယ့်ထက်အသိမိတ်ဆွေများပြီး ကိုယ့်ထက်ဘီးစီးကြတယ်။ အသက် ၆၇ နှစ် ကိုယ့်မိဘတွေဟာ ဥပုသ်သည်တွေကြားထဲမှာ အငယ်ဆုံး။ ပန်းကန်ဆေး၊ ဝေယျာဝစ္စလုပ်ပေးကြလို့ အားလုံးကချစ်ကြတယ်။ ကိုယ်ကတော့ "ဆေးကျောင်းသား" လို့စတယ်။ အမေ့ကိုလည်း ဟင်းချက်တာကောင်းလို့တဲ့။ အမေ့ငါးပိချက်က နာမည်ကြီး။ အဖေက ဘုန်းဘုန်းကိုလျှောက်တယ် တပည့်တော်မှာ ဝင်ငွေမရှိလို့ သူများလို ၅၀ မလှူနိုင်ပေမဲ့ ဝေယျာဝစ္စ အကုန်လုပ်ပေးမယ် ဘုရား။ အဲ့ဒီစိတ်ဓာတ်ကို သဘောကျတာလို့ ဘုန်းဘုန်းက မိန့်တယ်။ ဘုန်းကြီးကျောင်းကနေ ကြားလားတဲ့သတင်းတွေ ပြန်ပြောပြတာ ဗဟုသုတရတာလည်းရ၊ ရယ်ရတာတွေရှိ။ ဘုန်းကြီးကျောင်းသွားရတာ ပျော်နေလို့ စိတ်ချမ်းသာရပါတယ်။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

စက်တင်ဘာ ၁၆၊ ၂၀၂၃။

No comments: