မျိုးရိုးထဲမှာ ဆိုးပေကြီးများ - ၅
ကိုယ်တို့ညီအစ်မတွေက မောင်မောင့်ကို ဆိုးတယ်လို့ပြောကြရင် ဘေးလူတွေက မယုံချင်ကြဘူး။ ဒင်းက ဟုတ်ကဲ့ခင်ဗျ...ဟုတ်ကဲ့ခင်ဗျနဲ့ အပြောချိုတာကိုး။ ကိုယ်တို့ကပဲ မဟုတ်ကဟုတ်က လုပ်ကြံပြောသလို ဒီကောင်က ပျော့စိစိနဲ့နံတဲ့ ကြောင်ချေး။ မဟုတ်ကဟုတ်က လုပ်ကြံပြောတယ်ဆိုတာကို ကိုယ့်မှာ ခုမှကြုံဖူးတော့တယ်။ အသိအစ်မတစ်ယောက်က စိတ်ရင်းလည်းကောင်း  သူတစ်ပါးကိုလည်း ကူညီတတ်ပေမဲ့ အဲဒီလို မဟုတ်ကဟုတ်က လုပ်ကြံပြောတတ်တယ်။ အကြောင်းသိတွေက သတိပေးထားလို့ သူရှေ့မှာ စကားကို သတိထားပြီး ပြောရတယ်။ ဒါတောင် ကိုယ်က အဲဒီလိုပြောပါတယ်ဆိုပြီး သတင်းပြန်ကြားရတုန်းက စိတ်မကောင်း ဖြစ်ရသေးတယ်။ ဒါပေမဲ့ ကိုယ်က သူတစ်ပါးကို မကောင်းတဲ့စိတ်နဲ့ ပြောခဲ့တာ မဟုတ်လေတော့ ကိုယ့်ဖက်က စိတ်ရှင်းနေခဲ့တယ်။ အဲဒီလိုမျိုး မဟုတ်ကဟုတ်က လုပ်ကြံပြော စကားကို ဟိုပို့ဒီပို့ လုပ်တတ်သူနဲ့ အသိမိတ်ဆွေသူငယ်ချင်းဖြစ်ရင် တချိန်ချိန်မှာ ပြသနာတတ်လာနိုင်တော့ အပြောအဆို သတိထားရတယ်။ မောင်မောင့်ကို ဆိုးတယ်လို့သာပြောတာ ကိုယ့်တို့ညီအစ်မကလည်း ခပ်ဆိုးဆိုးရယ်။ အရင်တုန်းက ကိုယ်တို့ညီအစ်မတွေ ပြောကြတာက မောင်မောင် အသုံးမကျတဲ့အကြောင်း၊ ခုတော့ မောင်မောင့်အပြင် သူ့မိန်းမပါ အသုံးမကျတဲ့အကြောင်း၊ ကိုယ်တို့အိမ်နဲ့ တလမ်းခြားမှာနေတဲ့ မကြီးယောက္ခမတွေ ဆိုးတဲ့အကြောင်း။
မောင်မောင်ဟာ အိမ်ထောင်ကျပြီးတော့မှ ဝလာလိုက်တာ ခုဆို မေးနှစ်ထပ်နဲ့ ခန္ဓာကိုယ်ကလည်း လေးလုံးခြောက်ဖက်။ လူပျိုတုန်းကတော့ ကောင်မလေးတွေ ကြိုက်အောင်ဆိုပြီး ဘော်ဒီထိန်းတယ်။ ခုတော့ အိမ်ထောင်ကျပြီးပြီ လှစရာမလိုတော့ဘူးဆိုပြီး အားကစားမလုပ်၊ နင်းကန်စား၊ အသားကုန်အိပ်ဆိုတော့ အသက်ကဖြင့် ၃၀ မပြည့်သေးဘူး ခုဆို အသက် ၃၅၊ ၄၀ နီးပါးလောက် ထင်ရတယ်။ စင်္ကာပူကနေ မကြီး လူကြုံထည့်ပေးလိုက်တဲ့ဟာကို မောင်မောင် သွားယူတော့ လူကြုံပေးလိုက်တဲ့ မကြီးသူငယ်ချင်းက အစ်မအစ်ကို လာယူတယ်လို့ပြောလို့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ မကြီးနဲ့ ကိုယ်က ၆ နှစ် ကွာတယ်၊ မောင်မောင်နဲ့ ကိုယ်က ၄ နှစ် ကွာတယ်၊ မောင်မောင်နဲ့ မကြီးက ၁၀ နှစ်အတိ ကွာတယ်။ ကိုယ်နဲ့မကြီးကို ၆ နှစ်ကွာတယ်လို့ မထင်ရဘူး မကြီးက နုတော့ အသက်မတိမ်းမယိမ်းလို့ ထင်ရတယ်။ ခုတော့ အစ်မနှစ်ယောက်က အငယ်လို့ ထင်ရပြီး မောင်မောင်က အစ်ကိုအကြီးဆုံးလို့ ထင်ရတယ်။ မောင်မောင့်ကို အားကစားလုပ်ဖို့ပြောရင် သူ့ထုံးစံအတိုင်း အင်းပါ၊ ဟုတ်ကဲ့လို့ပြောပြီး ဘယ်တော့မှ မလုပ်ဘူး မောင်မောင်က ငပျင်း။ မြန်မာပြည်မှာက လူတော်တော်များများ ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောများကြတယ်။ ကြာလာရင် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ရော။ မောင်မောင့်ကို ပြောလို့မရတော့ ကုလားမနိုင် ရခိုင်မဲ သူ့မိန်းမကို ပြောကြတော့တာပေါ့။ ယောကျ်ားက မလုပ်ရင်တောင် မိန်းမက လုပ်ချင်လာအောင် ပြောဆိုဖျောင်းဖျရမှာပေါ့။ အယ်မလေး ယောကျာ်းကို ပဲ့ပြင်ဆုံးမဖို့ နေနေသာသာ သူက ယောကျာ်းကို ကြောက်နေရတာ။ အဲဒီဟာမလေးက အားကစားလုပ်ရမှန်းတောင် သိလို့လား။
မောင်မောင်ဟာ တစိမ်းနဲ့ဆိုရင် ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျနဲ့ အပြောချိုသလောက် အိမ်မှာဆိုရင် ပြောရဆိုရ အားကြီးလက်ပေါက်ကပ်တယ်။ ပြောလွန်းအားကြီးတော့မှ လုပ်ပေးတယ် ပြီးရင်လည်း ပြောလိုက်သေးတယ် လုပ်ပေးတယ်မလား၊ ဘာလားနဲ့။ အမေနဲ့ဆို တကျက်ကျက် အမေကလည်း သားဆိုပြီး မျက်နှာသာမပေး သားကလည်း အမေကို အလေးမထား။ အမေ့ကို ရိုရိုသေသေ မပြောရင် သူ့မိန်းမက မျက်နှာရိပ်မျက်နှာကဲနဲ့ ဟန့်တယ်တဲ့။ အိမ်မှာတုန်းကတော့ ဖြူးလဲဖို့၊ မီးလုံးလဲဖို့ကို အာပေါက်အောင် ပြောရပေမဲ့ ယောက္ခမအိမ်မှာတော့ တခွန်းဆိုလိုက်တာနဲ့ ထလုပ်ပေးမှာပေါ့ ကွာတယ်နော်။ မောင်မောင်ဟာ အင်မတန် ကုသိုလ်ကံ ကောင်းတဲ့ကလေး သူ့ကုသိုလ်ကံကိုတော့ သွားမယှဉ်လေနဲ့။ ငယ်ငယ်တုန်းကလည်း လိုတရ၊ မိန်းမယူတော့ အဖေက မင်္ဂလာဆောင်ပေး၊ ယောက္ခမအိမ် တက်နေ၊ အဖေ့အလုပ်မှာ ဝင်လုပ်၊ နိုင်ငံခြားက အစ်မတွေဆီမှာ လိတ်တက်တွေ ပူဆာ၊ သူ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ အစ်မတွေ ကောင်းမှုကြောင့် စင်္ကာပူ၊ မလေးရှား၊ ထိုင်းကို ရောက်ဖူးတယ်။ ကိုယ်တွေမှာတော့ သက်တောင့်သက်တာမနေချင်၊ ပင်ပန်းမဲ့ဇာတာ ပါလေတော့ နိုင်ငံခြားမှာ  ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတယ်။ အဖေ့အိမ်က ပူစီမ၊ ပူစီလေး၊ ကိုယ့်ကြောင် ဂါးဖီးလ်တို့ဆိုတာ ညောင်လို့တခါမှ မအော်ဖူးဘူး။ ဂါးဖီးလ်ကတော့ ကိုယ်တို့မောင်နှမတွေ လိမ့်‌ကျွှေးကြတာနဲ့ အမြဲတမ်းဗိုက်ပြည့်နေလို့ မညောင်တာ။ အဖေ့ကြောင် ပူစီမ၊ ပူစီလေးတို့ဆိုရင် ထမင်းစားပွဲဝိုင်းဘေးနားမှာ ထိုင်မျှော်နေကြပေမဲ့ ညောင်လို့မအော်တတ်ကြဘူး။ ညောင်လို့အောင်ရမှန်းတောင် သိရဲ့လားမသိ။
My older brother & younger sister. :)
မောင်မောင်နဲ့ မကြီး ၁၀ နှစ်ကွာတယ်လို့ပြောရင် ယုံပါ့မလား
နယူးယောက် အိမ်ရှင့်ကြောင် မိုချီ  Mochi (ဂျပန်နိုင်ငံက နာမည်ကြီး ရေခဲမုန့်နာမည်ပါတဲ့) ဟာ အင်မတန်ညောင်တဲ့ကြောင်။ ကိုယ့်တသက် ဒီလောက်ညောင်တဲ့ကြောင်၊ ဒီလောက် စကားများတဲ့ကြောင် မတွေ့ဖူးသေးဘူး။ ညောင်လို့တောင်းလို့ အစာခွက်ကို သွားကြည့်ရင် အစာတွေက အပြည့်၊ အခန်းတံခါးဖွင့်လိုက်တာနဲ့ ဧည့်ခန်းနားက ဆိုဖာမှာ အိပ်နေ၊ ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ မိုင်ချီက ညောင်ညောင်လို့ စကားတွေ ပြောတော့တာပဲ။ သူ့ခေါင်းကို ပွတ်သပ်ပေးဖို့တောင်းရင် ညောင့်လို့ အသံတိုးတိုး ပြတ်ပြတ်လေးနဲ့ တောင်းတတ်တယ်။ ဗိုက်ဆာရင် အသံကို မိုင်ကုန်မြှင့်ပြီး ညောင်....လို့ အကျယ်ကြီး အကြာကြီး အော်တတ်တယ်။ သူ့သခင်မကတောင် မိုချီဟာ ဘာလို့ဒီလောက် ညောင်နေရတာလဲဆိုတာ သူ နားမလည်နိုင်ဘူးတဲ့။ ဗိုက်ဆာလို့ကတော့ တညောင်ညောင်နဲ့ တောင်းနေတာများ မိုချီညောင်တာကို  သည်းမခံနိုင်လို့ အစာထ‌ကျွှေးရတဲ့အဖြစ်။ အဲဒါ ကိုယ် ဝဋ်လည်တာလေ။ ကိုယ် တက္ကသိုလ် တတိယနှစ်ရောက်တော့ အိမ်မှုကိစ္စတွေ ကူညီလုပ်ကိုင်ပေးတဲ့ မခင်ခင်လှိုင်က သူ့အိမ်ပြန်သွားတယ်။ အမေက ကူဖော်လောင်ဖက် မခေါ်တော့ဘူး အိမ်မှုကိစ္စတွေ ကိုယ့်ဘာသာ လုပ်ကြဆိုတော့ ကိုယ်တို့မောင်နှမတွေ တာဝန်တွေ ခွဲရတာပေါ့။ ထမင်းပေါင်းအိုးတည်၊ ဖုန်းဘေလ်၊ မီတာခဆောင်၊ ရေတင်တာ၊ အမှိုက်ပစ်တာ မောင်မောင့်တာဝန်။ မီးလာနေတုန်း ထမင်းပေါင်းအိုး ထမတည်ရင်၊ အဝတ်တွေ စိမ်ထားရဲ့သားနဲ့ မလျှော်ရင်၊ အမှိုက်မပစ်ရင်၊ ဘေဆင်ထဲမှာ ပန်းကန်ထည့်ထားပြီး မဆေးရင် ကိုယ်က ကုန်းအော်တော့တာပဲ။
အမေကတော့ သူ့သားကို ပြောမရလို့ သူ့ဘာသာ လုပ်သွားတယ်။ ကိုယ်ကတော့ ဒီလို ဘယ်ရလိမ့်မလဲ ထမလုပ်မချင်းကို အော်နေတော့တာ။ ကိုယ့်ဘာသာ လုပ်သွားတာကမှ သက်သာဦးမယ် အဲလိုအော်ရတာ အတော်ပင်ပန်းတယ်။ နောက်ဆုံးမှာတော့ မောင်မောင်က နားညည်းလွန်းလို့တဲ့ ထလုပ်တယ်။ ခုလည်း မိုချီညောင်တာ နားညည်းလွန်းလို့ ကိုယ့်မှာ ထကျွှေးရတယ်။ အိမ်ရှင်ရဲ့ Shiba ခွေးအမျိုးအစား Natsu ( ဂျပန်လို နွေလို့ အဓိပ္ဗာယ်ရပါသတဲ့) နတ်ဆုဟာ အင်မတန် ချစ်ဖို့ကောင်းတဲ့ခွေး။ ကိုယ်တွေ့ဖူးသမျှခွေးထဲမှာ နတ်ဆုက လူတွေကို အတော်ချစ်ပြီး တွယ်တာတယ်။ ဘာကျွှေးကျွှေး အကုန်စားတယ်။ အရုပ်ကလေးကို ကိုက်ချီလာပြီး ပစ်ဆော့ပေးဖို့ တောင်းတတ်တယ်။ လက်ကို ခေါင်းနဲ့လာတိုးဝှေ့တတ်တယ်။ အိမ်ထဲကနေပြီး ဝု....ဝု....ဝုတ်...ဝုတ် လို့ ဟောင်တတ်တယ်။ တခါတုန်းက Walgreen ကို သွားတော့ နတ်ဆုကို ခေါ်သွားတယ်။ သူ့သခင်နဲ့ သွားနေကျလမ်းမဟုတ်တော့ ကိုယ့်နားကနေ မခွာဘူး။ လမ်းမှာတွေ့တဲ့ မြေစာပုံတွေမှာ ရှူးရှူးပေါက်တယ်၊ ခွေးတွေ အီးပါထားတဲ့နေရာဆို အီးပါတယ်။ လမ်းလျှောက်ထွက်ကြတဲ့ ခွေးတွေဆုံကြရင် တဝုတ်ဝုတ် နှုတ်ဆက်ကြ၊ ရန်ထောင်ကြနဲ့ပေါ့။ ခွေးသေးသေးကလေး တစ်ကောင်က အသံစာစာကလေးနဲ့ တဝုတ်ဝုတ် ထိုးဟောင်နေလို့ နတ်ဆုက နှုတ်ဆက်မလားမှတ်တယ် သူကအရင် ဝေးဝေးက ရှောင်တယ်။ နတ်ဆုရယ် အဲဒီခွေးကလေးက နင့်ခန္ဓာကိုယ်ရဲ့ သုံးပုံတပုံတောင် မရှိဘူး အဲ့တာကိုများ ကြောက်နေတယ်။ နတ်ဆုဟာ အင်မတန် ကြောက်တတ်တဲ့ခွေး မိုးခြိမ်းလို့ကတော့ နေစရာနေရာကို မရှိဘူး ကုတင်အောက် ဝင်ပြေးရတာနဲ့ လူဘေးနားကို တိုးဝှေ့ရတာနဲ့။
မိုချီက သူ့သဲပုံးမှာပဲ သူ့ကိစ္စ ရှင်းတယ်။ နတ်ဆုကတော့ နေ့စဉ်မှန်မှန် လမ်းလျှောက် ခွေးကျောင်းရပါတယ်။ ဒီအိမ်ရောက်တာ တစ်နှစ်ကျော်ပြီ နတ်ဆု ဧည့်ခန်းထဲမှာ အီးပါထားတာဆိုလို့ နှစ်ခါပဲ ကြုံဖူးသေးတယ်။ ဒါကလည်း သူ့အပြစ်တော့ မဟုတ်ပါဘူး သူ့သခင်တွေ ခွေးမကျောင်းနိုင်လို့ပါ။ အမှန်က တနေ့ နှစ်ခါလောက် ခွေးကျောင်းရမှာ သူ့သခင်တွေက အလုပ်များတော့ တနေ့တခါတောင် ခွေးကျောင်းဖြစ်ရဲ့လားမသိ။ ဒီတော့ နတ်ဆုက သေးတစိုစို ဖြစ်နေတတ်တယ်။ ကိုယ်က နတ်ဆုကို ကိုယ့်မွေ့ယာပေါ် မတက်ခိုင်းဘူး။ မိုချီက ကိုယ့်မွေ့ယာမှာ အခန့်သား နှပ်နေတော့ နတ်ဆုက မနာလိုဖြစ်တယ်နဲ့ တူပါရဲ့ ကိုယ့်ကိုကြည့်ပြီး သူလည်း မွေ့ယာပေါ် တက်ချင်တဲ့ အမူအယာတွေ ပြပါလေရော။ ကိုယ်လည်း သနားတာနဲ့ တက်ခိုင်းလိုက်တယ်။ မကြာပါဘူး မွေ့ယာမှာ သေးစိုနေတာတွေ့တော့ နတ်ဆုနှာခေါင်းကို မွေ့ယာမှာတေ့ပြီး တင်ပါးကို နှစ်ချက်တီးလိုက်တာ သေးဖြန်းဖြန်းထွက်ပြီး ကုတင်အောက် ဝင်ပြေးတယ်။ သေးစိုနေတဲ့နေရာကို ရှာတွေ့တော့ နတ်ဆုကို ခေါ်ပြီး နှာခေါင်းနဲ့တေ့ ဆူလိုက်ပွမ်လိုက်ရုံနဲ့တင် သေးတဖြန်းဖြန်း ထွက်ပြန်တယ်။ အယ်မလေး ငကြောက် နှစ်ချက်လေး ရိုက်မိတာတောင် ကိုယ်က သူ့ကို ပြန်သနားသွားရတယ်။ နတ်ဆုက အဲဒီလို အင်မတန်ကြောက်တတ်တဲ့ဟာလေး။ နတ်ဆု ကြောက်တတ်တာမြင်တော့ မောင်မောင့်ကို သတိရတယ်။ မောင်မောင်လည်း အဲဒီလို အင်မတန် သတ္တိကောင်းတာ သရဲကားတွေဆို မကြည့်ရဲဘူး။
Mr ညှောင်ညှောင် မိုချီတစ်ကောင် လာညှောင်နေသည် နာညည်းလွန်းသောကြောင့် ထ‌ကျွှေးလိုက်ရသည်
ငယ်ငယ်တုန်းက အိမ်မှာ ညဖက်ဆိုရင် ဘယ်သူ့ကို ဘယ်လိုတီးလိုက်မယ်လေးဘာလေးနဲ့ ကျောင်းရောက်ရင် သူကချည်း အဆော်ခံထိတာချည်းပဲ။ အဲ ခုတော့ သူ့သူငယ်ချင်းတွေကြားထဲမှာ သူက ဆရာကြီးဆိုပဲ။ မကြီးက သူမကျေနပ်လည်း ဘာမှပြန်မပြောဘူး သူ့ဘာသာ အေးအေးနေတယ်။ ကိုယ်က မဟုတ်မခံ ဇတ်ဇတ်ကြဲ အိမ်မှာ ဘိုးဘိုးနဲ့ ရန်ဖြစ်ရင်၊ ဘိုးဘိုးရဲ့ ဆေးပြင်းလိပ်ခွက်ကို နံလွန်းလို့ဆိုပြီး အမှိုက်ပုံးထဲ ပစ်ထည့်ထားရင်၊ အတန်းထဲမှာ ရန်ဖြစ်ရင်၊ စိန်ပြေးတမ်း၊ ထုပ်ဆီးတိုးတမ်း၊ ဇယ်တောက်တမ်း ကစားရင် အငြင်းသန်တာ ကိုယ်။ ဟိုင်းကြီးရွာသစ်မှာ ကျောင်းမပြီးသေးလို့ ဇီးဖြ ူချောင်းကျောင်းမှာ သွားတက်ရတော့ လေးတန်းကျောင်းသူလေးယောက် အတူတူမထိုင်ရလို့ဆိုပြီး ကိုယ်က ကျောင်းသူသုံးယောက်ကို လက်ဆွဲခေါ်ပြီး ဦးဆောင်ဆင်းသွားတာကို ကျောင်းအုပ်ဆရာကြီးက တွေ့သွားလို့ အတင်းလိုက်ခေါ်ပြီး ဖြေရှင်းပေးရဖူးတယ်။ အဲဒီကတည်းကစလို့ ကျောင်းအုပ်ဆရာကြီးက အဖေ့ကိုတွေ့ရင် ကိုယ့်အကြောင်းကို အမြဲသတင်းမေးတယ်တဲ့။ အတူတူ မထိုင်ရလို့ ကျောင်းမတက်ဘူးဆိုပြီး အတန်းဖော် ၃ ယောက်ကို ဦးဆောင်ခေါ်ပြီး ကျောင်းပေါ်က ဆင်းသွားတာ သူ ကျောင်းအုပ်ဆရာကြီး လုပ်လာတဲ့ သက်တမ်းတလျှောက် အဲဒီတခါပဲ ကြုံဖူးမယ်ထင်တယ်။ ဆရာ၊ ဆရာမတွေဆိုတာ အလယ်အလတ်ကျောင်းသားတွေကို မမှတ်မိဘူး။ တော်တဲ့ကျောင်းသားတွေ ၊ ဆိုးတဲ့ကျောင်းသားတွေကိုပဲ မှတ်မိတယ်။ ကိုယ့်ကိုတော့ ဆရာ၊ ဆရာမ တော်တော်များများ မှတ်မိကြတယ်။ ကိုယ်က တော်လည်းတော် ဆိုးလည်းဆိုးတာကိုး။
မောင်မောင် ငယ်ငယ်တုန်းက ကြက်မတွေဝပ်နေတဲ့ ခြင်းတောင်းထဲကနေ ကြက်ဥတွေ ခိုးသောက်၊ ဘေးချေ (ရခိုင်လို ဦးလေးလို့ခေါ်တာပါ) တွေက အရက်တွေတိုက် မူးနေတတ်တော့ ဒီကောင် ကြီးလာရင် အရက်သမားများ ဖြစ်သွားမလားလို့ စိတ်ပူမိသေးတာ ကြီးလာတော့ အရက်သောက်ရင် ဗိုက်အောင့်လို့ဆိုပြီး တစက်ကလေးမှ မသောက်တာကိုဘဲ ဝမ်းသာနေရတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက မြတ်မော်တင်စွန်းဘုရားပွဲမှာ ဈေးရောင်းတဲ့နှစ်ကလား မမှတ်မိတော့ဘူး ဟိုင်းကြီးအိမ်မှာ ညလယ်စာအဖြစ် အကြော်ဆရာက ကိုယ်တို့မောင်နှမ သုံးယောက်အတွက် ခေါက်ဆွဲကြော်ပေးတယ်။ ခုံပေါ်က ပန်းကန်သုံးခုကိုကြည့်ပြီး ဘယ်ပန်းကန်က ခေါက်ဆွဲ၊ အသားပိုများလဲလို့ အရင်ဆုံး၊ အဦးဆုံးရွေးတာ မောင်မောင် မဟုတ်ဘူး ကိုယ်။ အငယ်ဆုံးဆိုပြီး အလျော့ပေးလိမ့်မယ် မထင်နဲ့ ကိုယ်ကအရင် ဆော်ထည့်လိုက်တာချည်းပဲ။ အဖေက မကြီးပန်းကန်ထဲကို ဟင်းထည့်ပေး၊ အမေက မောင်မောင့်ပန်းကန်ထဲကို ဟင်းထည့်ပေးလို့ကတော့ ကိုယ်က ဂါးဂါးလို့ အော်တော့တာပဲ။ မကြီးအတွက် အင်္ကီျအသစ်ဆိုရင် ကိုယ်ကလည်း အသစ်ရမှ။ အဖေနဲ့အဖေ အလုပ်က ပြန်လာရင် ကိုယ်က အရင်ဦးဆုံး လှမ်းတိုင်တတ်တယ်။ ကိုယ်က အဲဒီလို အတိုင်အတောလည်း ထူတယ်။ မောင်နှမတွေကြားထဲ ဗိုလ်ကျတယ်။ ကိုယ့်ရှေ့မှာ တစ်ဦးတည်းသောသားဆိုပြီး အခွင့်အရေး ပိုပေးလို့ကတော့ ဘယ်ရမလဲ။ ကိုယ့်မိသားစုထဲမှာ ကိုယ်ဟာ တန်းတူအခွင့်အရေး တောင်းဆိုသူတစ်ယောက်၊ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ဝေဖန်သူတစ်ယောက်။ ကိုယ် ငယ်ငယ်တုန်းက တော်တော် ဆိုးဆိုးဝါးဝါးလေး။
အမေဟာ လူကြုံရှိရင် သမီးတွေ မှာတာ၊ စားချင်တာကို ပေးပို့လေ့ရှိတယ်။ ချဉ်ပေါင်ကို ရေဆေး၊ နေလှန်း၊ အရွက်တွေခြွေ၊ ပျစ်နေအောင်ကြို၊ တခါစား အထုပ်လေးတွေထုပ်ပြီး ဖရီဇာထဲမှာခဲ၊ သေသေချာချာ ထုပ်ပေးပြီး ပို့ပေးတတ်တယ်။ မကြီးက စားခါနီးဆိုရင် ဖရီဇာထဲကထုတ် အဆင်သင့် ကြိုချက်လိုက်ရုံပဲ။ အမေက လုပ်ပေးရတာ လက်ဝင်ပေမဲ့ ပင်ပန်းတယ်လို့ မထင်ဘဲ သားသမီးတွေက စားကောင်းတယ်လို့ပြောရင် ပင်ပန်းတာတွေပျောက်ပြီး ဝမ်းသာအားရ ရှိနေတာ့တာပဲ။ နိုင်ငံခြားမှာ နေကြတဲ့ သားသမီးကို မိဘတွေက အဲဒီလို စားစရာတွေ ပို့ပေးပေမဲ့ မကြီးယောက္ခမကတော့ သူ့သား နိုင်ငံခြားမှာ အကြာကြီးနေတာကို စားစရာ တခါမှ မထည့်ပေးဘူးတဲ့ အံ့ရော။ အဖေဟာ ကိုယ့်ဒူးကိုယ်ချွှန်၊ လယ်သမားဘဝကနေ စက်လှေပိုင်ရှင်ဖြစ်အောင် ကြိုးစားခဲ့သူတစ်ယောက်ပါ။ သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်ပြီး တိုးတက်ကြီးပွားအောင် အမြဲတမ်းကြံဆနေသူပါ။ ယောကျ်ားအလုပ်၊ မိန်းမအလုပ်လို့ မခွဲခြားဘဲ အမြင်မတော်ရင် တံမြက်စည်း ကိုယ်တိုင်ယူလှည်း၊ ထမင်းဝင်ချက်၊ အမေ နေမကောင်း၊ ခြံထဲက အဒေါ်ကြီး မအားရင် အဝတ်လျှော်ပေးတယ်။ ထက်မြက် လူရိပ်လူကဲသိပြီး လက်အောက်ငယ်သားတွေကို ညှာတာတယ်။ အဖေဟာ ကိုယ်တို့အတွက် စံပြပုဂ္ဂိုလ် ဟီးရိုးတစ်ယောက်ပါ။ ဒါပေမဲ့ လူဆိုတာ ၁၀၀ % perfect ဆိုတာမရှိဘဲ ၁ % ကတော့ ချို့ယွင်းချက်ကလေးတွေ ရှိနေတတ်ပါတယ်။ အဖေ့ရဲ့ ၁ % ကတော့ စပ်စုတတ်၊ ကြွားတတ်ပြီး ဖိုဝါဒလို့ ဆိုရမလား အမေ့ကို နှိမ်ပြောတတ်တယ်။
လမ်းလျှောက်ရာက ပြန်လာတဲ့ နတ်ဆု...ရာသီဥတုအေးလို့
သူ့သခင်က ပုဝါစည်းပေးထားလေရဲ့
တချို့ခွေးတွေဆို  ဘွတ်ဖိနပ်တောင် ဝတ်ပေးထားတယ်...
ရွာမှာက ဒေါ်အတင့်၊ အဝင်းမတို့ဆိုတာ ယောက်ျားတွေနဲ့ ရင်ပေါင်တန်း အလုပ်လုပ်တဲ့ သူဋ္ဌေးမကြီးတွေ။ အဖေက ကိုယ်တို့ရှေ့မှာဆို အမေ့ကို သူတို့လို မထက်မြက်ဘူး၊ တုံးတယ်လို့ ပြောတတ်တယ်။ အဲဒါဆိုရင် ကိုယ်က အဖေ့ကို အမေတုံးမှန်း အဖေ မယူခင်ကတည်းက မသိဘူးလား၊ အဖေက ကိုယ့်ပေါင် ကိုယ်လှန် ထောင်းနေသလိုပါလား၊ အမေတုံးတာကို သူများတွေသိအောင် အဖေက ကြေငြာနေသလိုပါလား၊ အဖေ မရှက်ဘူးလားလို့ ပြန်နှက်ရင် သူများရှေ့မှာဆို မပြောပါဘူးလို့ လေသံလေးနဲ့ ကိုယ့်ကို ပြန်ချော့တယ်။ သူများတွေက သမီးနှစ်ယောက်က နိုင်ငံခြားမှာ ဘာလို့အလုပ်လုပ်နေတော့မှာလဲ အလုပ်မလုပ်နဲ့တော့လို့ ပြောကြတယ်။ အဖေက ဘာလို့သားသမီးလုပ်စာကို စားရမှာလဲ ကိုယ်လည်း လုပ်နိုင်တုန်း ကိုင်နိုင်တုန်း လုပ်နေမှာပေါ့။ အလုပ်မလုပ်ရင် ဘာအဓိပ္ဗာယ် ရှိတော့မှာလဲလို့ ပြောတတ်တယ် မှန်တယ်အဖေ။ အဖေ နေမကောင်းရင် နင့်အမေက ဘာမှလုပ်တတ်ကိုင်တတ်တာ မဟုတ်ဘူး။ အဖေ ကျန်းမာရေးကောင်းပါမှလို့ အမွှမ်းတင်ရင် အမေကလည်း ဟုတ်တယ် အမေက ဘာမှလုပ်တတ်တာ မဟုတ်ဘူး အဖေ ကျန်းမာရေးကောင်းဖို့ အရေးကြီးတယ်လို့ သူ့ယောက်ျားဂုဏ်ကို မိန်းမဖြစ်သူကပါ မြှင့်တင်တတ်တယ်။ တခါတလေ အဖေက သူ့ဂုဏ်ကို မြှင့်တင်လွန်းအားကြီးရင်တော့ အမေက စိတ်ပေါက်ပေါက်နဲ့ အေး ငါ တုံးတယ် မသိဘူး မတတ်ဘူး ဒါကြောင့် ပါးစောင်ရှည်ရှည်နဲ့ယောက်ျား(ရခိုင်တွေက ပါးပြင်ရှည်ရင် ညဏ်ထက်တယ်လို့ ယူဆပါသတဲ့ အမေဆိုလိုချင်တာက ထက်မြက်တဲ့ ယောက်ျား) ကို ယူထားတာ ငါ ဗိုက်ဆာနေတယ် သွား မီးဖိုချောင်ထဲက ငှက်ပျောသီးတစ်လုံး ယူပေးလို့ ပြောတော့ အဖေက ထယူပေးရတာပါပဲ။
အမေက ငါ့ကို သိပ်နိုင်စားတယ် သူ တလကိုးသတင်း သစ်သွားကဲ့ (သစ်တွေသွားဆွဲပြီးရောင်း) တုန်းက ငါပဲ သားသမီးတွေကို မီးသွေးရောင်းပြီး ရှာ‌ကျွှေးရတာလို့ အဖေ့ကွယ်ရာမှာ ကိုယ်တို့ကို ပြောပေမဲ့ အဖေ့ရှေ့မှာဆိုရင် တဝမ်းစာ ရှာစားလို့တော့ ရတာပေါ့ အဖေ့လို လုပ်ငန်းကြီးတော့ ဘယ်လုပ်နိုင်ပါ့မလဲလို့ ပြောတတ်တယ်။ အဖေဟာ သိပ်ညည်းတတ်တယ် နေမကောင်းရင် ပိုဆိုးတယ်။ တခါတုန်းက သွားကိုက်လို့ အမယ်လေး အဘလေး အီးယောင် (ရခိုင်လို့ အမေလို့ ခေါ်တာ) လို့ တနေတာ နားကြားကပ်လာတဲ့ ကိုယ်က အဖေ့ကို အမယ်လေး အဘလေး အီးယောင်တမနေနဲ့ ဘုရားတ အဖေ့ရေလို့ ငေါ်တူးဖူးတယ်။ အဖေက အေး သမီးကိုယ်တိုင် သွားကိုက်တော့မှ ကိုယ်ချင်းစာလိမ့်မယ်တဲ့။ အဖေက အလုပ်လုပ်ရတာ သိပ်ပင်ပန်းတာပဲ လုပ်ကိုင်မစားချင်တော့ဘူးလို့ ညည်းတတ်တယ်။ အဲဒါဆိုရင် အမေက စက်လှေ ၁၀ စီးပိုင်တဲ့ သူဋ္ဌေးတွေက မညည်းရဘူး ကို့မှာ ညည်းနေလိုက်တာ အေး လုပ်ကိုင်မစားချင်တော့ဘူးဆိုရင် မလုပ်နဲ့ ကျုပ် ဈေးရောင်းကျွှေးမယ်။ တော် မငတ်စေရဘူး အရင်လို ဟင်းကောင်းကောင်း နေ့တိုင်းစားရဖို့တော့ မမျှော်လင့်နဲ့။ အဲဒီနောက်ကစလို့ လုပ်ကိုင်မစားချင်တော့ဘူးဆိုတဲ့စကား အဖေ့ဆီက မကြားရတော့ဘူး။ အဖေက သိပ်ဟင်းကောင်းမက်တယ် အိမ်မှာ ဟင်းတွေ ဖွယ်ဖွယ်ရာရာ ရှိနေပေမဲ့လည်း စားသောက်ဆိုင်ကနေ ဝယ်စားတတ်တယ်။ အမေက ဘာနဲ့မဆို စားနိုင်တယ် အစားအသောက်လည်း ကြေးသိပ်မများဘူး။ အစားအသောက် ကြေးများတာ မကြီးနဲ့မောင်မောင်က အဖေနဲ့သွားတူပြီး ကိုယ်က ဘာမဆို စားနိုင်တာ၊ ဘာစားစားကောင်းတာ အမေနဲ့ သွားတူတယ်။
အဖေက တခါတလေ တွေဝေတတ်တယ်၊ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား မချရဲဘူး။ အမေက ပွဲရုံကနေ ပိုက်ဆံယူပြီး စက်လှေပစ္စည်းတွေ ဝယ်ချလာတယ်။ အဖေ တွေဝေနေတာကို အဲဒီလို အမေက ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးလိုက်တယ်။ တခါတလေမှာ အမေက အဲဒီလို အဖေ့ထက် စိတ်ဓာတ်ပြတ်သားတယ်။ အမေဟာ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နိုင်တဲ့အထိတော့ မတော်ဘူး။ ဒါပေမဲ့ ကိုယ်တို့တွေကို စိတ်ဓာတ်ခွန်အား အမြဲပေးနေခဲ့တယ်။ ကိုယ်က အဖေ့သမီးပီပီ အလုပ်ပင်ပန်းတယ်လို့ ညည်းရင် အမေက အစားကောင်းကောင်းစား၊ ပိုက်ဆံကို ‌ချွှေတာမနေနဲ့၊ ပျော်အောင်နေလို့ အားပေးတတ်ပြီး အဖေက ခရီးတွေ သိပ်မသွားနဲ့ ပိုက်ဆံစုလို့ မှာတတ်တယ်။ အဲဒါဆိုရင် ကိုယ်က သမီး ဒီလိုပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ ခရီးတွေသွားပြီးတော့မှ အပန်းမဖြေရင် ဘာအတွက် အလုပ်လုပ်နေတာလဲ။ ဘဝမှာ ဘာအဓိပ္ဗာယ်ရှိတော့မှာလဲ ပြန်ပြောရင် အဖေက သမီးသဘော ကြိုက်တာသုံးလို့ ပြန်ချော့တတ်တယ်။ အမေဟာ အဖေ့ကို သိပ်အားကိုးလွန်းတယ် အဖေရှိနေရင် စကိုက်ကို ဘယ်လိုသုံးရမှန်း မသင်ဘူး။ အဖေ ရွာကိုရောက်နေတဲ့အခါမှာမှ မောင်မောင်နဲ့မကြီးကို မေးမြန်းပြီး စကိုက်သုံးတတ်အောင် သင်တယ်။ ကိုယ်က အမေအပါအဝင် အမျိုးသမီးတွေအားလုံး အမှီအခိုကင်းကင်းနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျား သေသွားခဲ့ရင်၊ နောက်မိန်းမယူသွားခဲ့ရင် ဘယ်သူ့ကို သွားအားကိုးမလဲ။ နောက်ယောက်ျားယူမယ်လို့ လွယ်လွယ်မတွေးနဲ့ အဲဒီယောက်ျားက အလုပ်မလုပ်ဘဲ မိန်းမလုပ်စာ ထိုင်စားတဲ့ ငပျင်းဆို ဘယ်လိုလုပ်မလဲ။ အဲဒီလို အလုပ်မလုပ် မိန်းမလုပ်စာ ထိုင်စားတဲ့ယောကေ်ျား ကိုယ် စင်္ကာပူကျောင်းတက်တုန်းကနေတဲ့အိမ်မှာ တွေ့ဖူးတယ်။ အလုပ်ရှာရခက်တယ်လို့ပြောရအောင်လည်း စင်္ကာပူပိုလီကျောင်းပြီးထားတဲ့သူ အလုပ်တကယ်လုပ်ချင်စိတ် မရှိလို့ပါ။ အလုပ်မလုပ်ဘဲ မိန်းမလုပ်စာ ထိုင်စားတဲ့ကောင်ဆိုပြီး ကြည့်မရဘူး အမြင်ကပ်တယ် စိတ်ထဲမှာ ဘယ်လိုမှ မလေးစားဘူး အထင်သေးတယ်။
ကိုယ့်တူတော်မောင်
ကိုယ်တို့ညီအစ်မတွေ အဒေါ်ရာထူး ရလိုက်ပါပြီ။ မေလ ၁ ရက်နေ့မှာတော့ မောင်မောင့်မိန်းမက သားယောက်ျားလေး မွေးတယ်။ ကလေးလက်က ကိုယ့်အမေနဲ့ကိုယ်လို  ခပ်ကြီးကြီးဆိုလို့ ဝမ်းသာရသေးတယ်။ အင်း... သူ့အဖေလို သူများချတာချည်း ခံလာရမဲ့ကလေး မဟုတ်ဘဲ ကိုယ့်လို ဇတ်ဇတ်ကြဲလေး ဖြစ်စေချင်မိသား။ သွေးသားတော်စပ်တယ်ဆိုတော့ ဓာတ်ပုံထဲမှာ မြင်လိုက်တာနဲ့ကို ချစ်ရတာပါပဲ။ ကလေးက ဟိုဖက်၊ ဒီဖက် နှစ်မိသားသားစုလုံးရဲ့ ပထမဆုံးကလေးဆိုတော့ အဘိုး၊ အဘွားတွေ၊ အဒေါ်တွေကတော့ သည်းသည်းလှုပ်ကြမှာပဲ။ ကလေးကို အစားမရှောင်စေဘဲ အကုန်လုံး‌ကျွှေး၊ ဒီအရွယ်မှာ အာဟာရပြည့်အောင် ကျွှေးပါမှ ညဏ်ရည်ဖွံ့ဖြိုးမှာမို့ အစားကို ဂရုစိုက်ကျွှေး၊ မြေးဦးလေးဖို့ အလိုတအားမလိုက်ဘဲ၊ တချိန်လုံး ပွေ့ချီမထားဘဲ ကိုယ့်အားကိုယ် ကိုးတတ်အောင်၊ တာဝန်သိစိတ်ရှိအောင် ပြုစုစောင့်ရှောက်စေချင်တယ်။ မောင်မောင်ဟာ ကိုယ်တို့မျက်စိအောက်မှာတင် လူဖလံလေးကနေ ကလေးအဖေတစ်ယောက် ဖြစ်လာတာ မယုံနိုင်စရာဘဲ။ မရင့်ကျက်သေးတဲ့ ကလေးသာသာ လူငယ်လေးတစ်ယောက် အဖေဖြစ်လာတဲ့အခါ သူ့သားတော်မောင်ကို ဘယ်လိုမျိုးများ ဆုံးမပဲ့ပြင်ကိုင်တွယ်မှာပါလိမ့်။ အဖေဖြစ်လာတော့မှ မိဘမေတ္တာကို နားလည်လာပြီး မိဘတွေကို ကိုယ်ချင်းစာတော့မယ် ထင်ပါရဲ့(မထင်ပေါင်) ။ သူ့သားဓာတ်ပုံလေးကို ဖေ့ဘွတ်မှာ My baby ! I am very happy time လို့ တင်တော့ မမြင်မတော်ရင် မပြောဘဲ မနေနိုင်တဲ့ကိုယ်က မောင်မောင်ရေ အင်္ဂလိပ်လို ရေးမယ်ဆိုလည်း မှန်အောင်ရေး I am very happy (or) I have very happy time လို့သုံးမှ မှန်တယ်... နင့်ဟာက အင်္ဂလိပ်စာညံ့မှန်း ကြေငြာမောင်းခတ်နေသလိုပါလားလို့ ပြောရသေးတယ်။ မကြီးက သူလည်း သိပေမဲ့ မပြောတော့ပါဘူးလို့ နေတာတဲ့။
ဝိုင်းကို ပြောပြတော့ သူ့တူတော်မောင်တွေလည်း ဖေ့ဘွတ်မှာ အင်္ဂလိပ်လို ဂပေါက်တိဂပေါက်ချာရေးလို့ သူ့မှာ အမှားပြင်ပေးနေရတယ်တဲ့။ မောင်မောင်ဟာ အင်္ဂလိပ်စာ အတော်ညံ့တယ်။ အလယ်တန်းပဲ တက်ဖူးတဲ့ အဖေက သူ့ထက်တောင် ဂရန်မာတွေ သိသေးတယ်။ ငယ်ငယ်တုန်းက လက်ရေးလှအောင် မကြီးက မျဉ်းတွေတားပြီး ရေးခိုင်းတယ်။ တက္ကသိုလ်ကျောင်းသား မောင်မောင်ရဲ့ စာအုပ်ကို မြင်လိုက်ရတဲ့အခါ အဖေ့ခမျာ ဟိုက်ခနဲ သွေးတက်သွားဖူးတယ်။ သူ့သားတော်မောင် တက္ကသိုလ်ကျောင်းသားဖြစ်သူရဲ့လက်ရေးက ပဲပင်ပေါက် မုန်တိုင်းဝင်မွှေသွားတဲ့ လက်ရေးကို တွေ့လိုက်ရလို့လေ။ ဖိနပ်ကို ညီညီချွှတ်ဖို့ ဘယ်လောက်သင်သင် ဘယ်တော့မှ မချွှတ်ဘူး။ ပစ္စည်းတွေကိုလည်း မရိုသေဘူး စည်းကမ်းမရှိဘူး။ မအေဖြစ်သူက အိမ်နဲ့အမေကို တခါမှမခွဲဘူး၊ ကုမ္ဗဏီမှာလုပ်ရင် လမ်းစရိတ်နဲ့တင် ဘာမှမကျန်ဘူး အချိန်ကုန်လူပန်းတာပဲ အဖတ်တင်တယ်ဆိုပြီး အပြင်အလုပ်မလုပ်၊ ဘွဲ့နှစ်ဘွဲ့ရထားပေမဲ့ မြို့ထဲတောင် မသွားတတ်တဲ့ ကိုယ့်ယောင်းမ ငတုံးမ၊ ဖအေဖြစ်သူက အသုံးမကျတဲ့ ကိုယ့်မောင်။ ဒီနှစ်ယောက်က မွေးလာတဲ့ ကိုယ်တို့မျိုးဆက်သစ်တွေကတော့ ဘယ်လိုနေမလဲမသိ။ ယောက်ျားကို ဘယ်လောက်တောင်များ ချစ်သလဲလို့ ကလေးက အဖေနဲ့တရုပ်တည်းတူအောင် မွေးတတ်တယ်လို့ မောင်မောင့်မိန်းမ သူငယ်ချင်းတွေက ပြောကြတယ်။ ကလေးက အဖေချော၊ အမေချောဆိုတော့ ချောပါလိမ့်မယ်။ ဒါပေမဲ့ အကျင့်စရိုက်ကတော့ သူ့အဖေ မောင်မောင်နဲ့ တစက်ကလေးမှ မတူချင်ဘူး။ သူ့အဘိုး ကိုယ်တို့အဖေ၊ သူ့အဒေါ် ကိုယ်တို့ညီအစ်မတွေရဲ့ ထက်မြက်တာကိုတော့ သွားတူစေချင်သား။
ဝိုင်းကို ပြောပြတော့ သူ့အဖေလည်း အဲဒီလို ပြောဖူးတယ်တဲ့။ ဝိုင်းအထက်က အစ်မလတ်က ဟနွိုင်းက ကုမ္ဗဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီး၊ luxury တိုက်ခန်းပိုင်ရှင်၊ ဝိုင်း ထိုင်း၊ ပြင်သစ်မှာ ကျောင်းသွားတက်တော့ ကျောင်းစရိတ်တွေကို အစ်မလတ်က ထောက်ပံ့တာ။ ဝိုင်းဆိုရင်လည်း ထိုင်း၊ ပြင်သစ်မှာ အမ်ဘီအေပြီး အီတလီက ယူအန်မှာ ၇ နှစ်၊ နယူးယောက်မှ အလုပ်လုပ်နေတာဆိုတာ သူတို့ ညီအစ်မက နှစ်ယောက်က ထက်မြက်တယ်။ ဝိုင်းအစ်မအကြီးဆုံးက ဗီယက်နမ်တောင်ပိုင်းမှာ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် မွေးထားတယ်။ ဝိုင်းအဖေက သူ့မြေးမကို နင့်အမေ ငတုံးမနဲ့ သွားမတူနဲ့နော်၊ နင့်အဒေါ်တွေလို ထက်မြက်တာမှာ သွားတူလို့ပြောသတဲ့။ ဝိုင်းတူမကလည်း ကြည့် သမီးဆံပင်အရောင်က အဒေါ်တွေနဲ့တူတယ်၊ အဒေါ်တွေလို ထက်မြက်မှာပေါ့လို့ ပြန်ပြောသတဲ့။ ဝိုင်းအစ်မအကြီးဆုံးကလည်း မောင်မောင့်လို  ကံကောင်းတယ်။ ဝိုင်းတို့ညီအစ်မလို ကြိုးစားအားထုတ်စရာမလိုဘဲ ညီမတွေကောင်းမှုနဲ့ ဥရောပတခွင်၊ အမေရိကန်ကို ရောက်ဖူးတယ်။ နာမည်ကြီးဘရန်းအိတ်တွေ ကိုင်ရတယ်။ သူ့သမီးတွေကိုလည်း ဝိုင်းတို့ညီအစ်မတွေက ထောက်ပံ့တယ်။ မောင်မောင်၊ ဝိုင်းအစ်မအကြီးဆုံးလို တချို့လူတွေဟာ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ဖို့မလိုဘဲ ကုသိုလ်ကံ သိပ်ကောင်းကြတယ်။ ကိုယ့်တူတော်မောင် ကြီးလာတဲ့အခါ မင်းအမေ ငတုံးမ၊ မင်းအဖေ ငပျင်းကောင်နဲ့ သွားမတူလေနဲ့နော် မင်းအဘိုး၊ မင်းအဒေါ်တွေလို ထက်မြက်တာမှာ သွားတူနော်လို့ ပြောနေလေမလား။ တကယ်လို့သာ ကိုယ့်တူတော်မောင်ဟာ သူ့အဘိုး ကိုယ်တို့အဖေ၊ သူ့အဒေါ် ကိုယ်တို့ညီအစ်မလို  ထက်မြက်တာတွေမှာ သွားမတူဘဲ သူ့အဘေး ကိုယ်တို့အဘိုး၊ သူ့အဖေ မောင်မောင်နဲ့များ သွားတူလို့ကတော့ ...
.
.
.
အင်း...အဲ့ဒီတော့လည်း မျိုးရိုးထဲမှ ဆိုးပေးကြီးများ စီးရီးစ်တွေ ဆက်ရေးရတာပေါ့လေ။
စန်းထွန်း
မတ် ၁၇ ၊ ၂၀၁၅။
Happy St. Patrick's Day !
ရေးခဲ့ပြီးတာက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
4 comments:
Lorem Ipsum said...
Thu said...
Anonymous said...
ခလေးလေးကချစ်စရာလေး။
မမအို်င်အိုရာ
San San Htun said...
ဆုမြတ်မိုး said...
ခွေးကြီးနဲ့ကြောင်ကြီးချစ်လိုက်တာအမရယ်... ။
မျိူးဆက်သစ်လေးက အဒေါ်တွေနဲ့တူမှာပါ...။ ငယ်ငယ်တည်းကနေ train ထား :D
March 17, 2015 at 11:58 PM
Thu said...
နတ်ဆုကိုတော့ ဖေ့ဘုတ်မှာတွေ့ထဲကချစ်နေတာကြာပြီ..သူအဲ့လောက်ကြောက်တတ်မှန်းတော့ တကယ်မသိဘူး။:D အမျိုးတွေကတော့ ပုံစံချင်းတူနေပြီ။တကယ်..
March 18, 2015 at 12:36 AM
Anonymous said...
ဆိုးပေလေးတော့မဖြစ်လောက်ပါဘူးစန်းထွန်းရယ်။
ခလေးလေးကချစ်စရာလေး။
မမအိုင်အိုရာ
March 18, 2015 at 10:36 PM