Bear Mountain သွား တောလား...

အသိမိတ်ဆွေတွေရဲ့ Bear Mountain ပျော်ပွဲစားထွက်ကြတဲ့ ဓာတ်ပုံတွေကို ဖေ့ဘွတ်မှာ မြင်လိုက်ရတဲ့အခါ ဝက်ဝံတောင်ကို သွားချင်ပြန်ရော။ ဝိုင်းကို ပြောပြတော့ သွားရအောင်လေတဲ့ ဂူဂယ်မှာ ရှာဖွေကြည့်တော့ နယူးယောက် Port Authority Bus Terminal ကနေ မနက် ၈ နာရီ ၄၅ မိနစ်မှာ ထွက်တဲ့ဘတ်စ်ကား ရှိတယ်။ ၂၀၁၄  သြဂုတ် ၂၂ မှာ သွားခဲ့တာဆိုတော့ Cold Spring သွားပြီး နောက်တစ်ပတ်ပေါ့ တစ်နှစ်တောင် ပြည့်တော့မယ်။ ဝိုင်းရေ ဒီနှစ်နွေရာသီရောက်ရင် ဝက်ဝံတောင်ဆီ ဟိုက်ကင်းထွက်ရအောင်လေဆိုတော့ ဆောင်းဦးပေါက်မှာ သွားရအောင်တဲ့။ နွေရာသီမှာ စိမ်းစိုအေးမြတဲ့ ဝက်ဝံတောင်ကို တွေ့ထားပြီးပြီဆိုတော့ သစ်ရွက်တွေ အရောင်ပြောင်းချိန်မှာ ဝက်ဝံတောင်အလှကို မြင်ဖူးချင်သား။ ပို့အသော်ရတီဘတ်စ်ကားဂိတ်ကနေ ဟော်လန်တန်နယ်ကိုဖြတ်ပြီး နယူးဂျာဆီပြည်နယ်ကနေ မြောက်ဖူးစူးစူးကို ၁ နာရီခွဲလောက် မောင်းရပါတယ်။ မနက်အစောကြီး ထလာရလို့ အိပ်ရေးမဝလို့ပဲလား၊ ကားကပဲ အကွေ့အကောက်လမ်းတွေကို မောင်းရလို့လားမသိ ကားမူးချင်သလို ဖြစ်တယ်။ ဝက်ဝံတောင်ကို ရောက်ပါပြီခင်ဗျာဆိုလို့ ဆင်းလိုက်တော့ ကွင်းပြင်ထဲမှာ အဆောက်အဦးတစ်ခုကို ဝန်းရံထားတဲ့ တောင်စဉ်တောင်တန်းတွေ၊ ကွေ့ပတ်စီးဆင်းနေတဲ့ ဟတ်ဆန်မြစ် တွေ့တယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ အပြန်ဘတ်စ်ကားကို စောင့်ရမလဲမေးတော့ ဒီနေရာမှာပဲတဲ့။

နောက်က အဆောက်အဦးက Inn 
မြင်ရတဲ့ အများသုံးအိမ်သာရှိတဲ့ အဆောက်အဦးကို ဆယ့်ငါးမိနစ်လောက်တော့ လျှောက်ရတယ်


မြင်ရတဲ့ အဆောက်အဦးက Inn ပါတဲ့ စားသောက်ဆိုင်နဲ့တူတာဆိုလို့ ဘာမှမရှိ။ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လာရောက်ကြပြီး ကန်တဝိုက်မှာ ဘာဘီကျူးဖို့ ပြင်ဆင်နေကြတယ်။ ဝိုင်းရေ ကိုယ်တို့ မုန့်တွေသယ်လာတာ မှန်သွားပြီ မုန့်ရောင်းတဲ့ စက်ကလေးတွေ ရှိပေမဲ့ ကိုယ်တို့မကြိ ုက်တဲ့ snack တွေ။ မနက်က အိပ်ယာက ဝုန်းကနဲထ ရေခပ်မြန်မြန်ချိုးပြီး ဘတ်စ်ကားဂိတ်ကို သွားရတာမို့ မနက်စာစားချိန် မရှိဘူး။ ဝက်ဝံတောင်ရောက်တော့ ၁၁ နာရီ ထိုးလုပြီ ဗိုက်ဆာနေလို့ ဝမ်းအရင်ဖြည့်ရတယ်။ ကိုယ်က ကိုယ်တိုင်လုပ် ဆန်းဒွက်စ် ကိုယ်တိုင်လုပ်ဆိုလို့ အထင်မကြီးလိုက်နဲ့ ပေါင်မုန့်နှစ်ချပ်ကြား မန်ရွန်းနီးစ်သုတ် တူနာထည့် ချီးစ်တပြား ပစ်ထည့်ထားတဲ့ ဆန်းဒွစ်၊ ဝိုင်းက ထမင်းကြော်။ တောက်တက်ထရေးလမ်းတွေမှာ အလွယ်ဆုံးလမ်း၊ ဒေးဗစ် ပြောလိုက်တဲ့ အပါလာချိန်းလမ်းကို ရွေးလိုက်တယ်။ ဝက်ဝံတောင်တက်လမ်းက ကိုးစပရင်းက တောင်တက်လမ်းလို မပြေဘူး မတ်စောက်တယ် ကျောက်လှေကားထစ်တွေနဲ့။ သစ်ပင်တွေက ကိုးစပရင်းထက် ပိုစိမ်းညှို့တယ်။ ကိုးစပရင်းက မြို့ ဝက်ဝံတောင်က National Park ။ ကိုယ်တို့ရဲ့ Photography Hiking အတိုင်း ၁၀ မိနစ်လောက် တောင်တက်၊ ၅ မိနစ်လောက် ဓာတ်ပုံရိုက်တော့ လူတွေအကုန်လုံး ကိုယ်တို့ကို ကျော်တက်သွားကြတယ်။ မိနစ် ၂၀ လောက် တက်ပြီးတော့ နည်းနည်းလေး မောလာပြီ။ အကွေ့မှာ ဟတ်ဆန်မြစ်ကို မြင်ရတယ်။



အကွေ့မှာ အနားယူအပန်းဖြေနေတဲ့ စပန်းနစ်အန်ကယ်ကြီးကို တောင်ထိပ်ကို ဝေးသေးလားလို့ မေးကြည့်တော့ နာရီဝက်လောက် တက်ရဦးမယ်တဲ့ ဟယ်မလေး တောင်တကယ် တက်နေရပါလား။ အမြင့်ပိုင်းကို ရောက်လာလို့ ဘေးပတ်ဝန်းကျင်ကို အပေါ်စီးက မြင်ရတယ်။ အကွေ့ရောက်တော့ ကားလမ်းမကြီးပေါ် ရောက်တယ်။ ဆယ့်ငါးမိနစ်လောက် ကားလမ်းအတိုင်း ပြေပြေလေး လျှောက်လိုက်တော့ outlook ကို ရောက်တယ်။ outlook ကနေ ဘေးမှာ ရစ်ခွေစီးဆင်းနေတဲ့ ဟက်ဆန်မြစ်၊  စိမ်းညှို့နေတဲ့ တောင်စဉ်တောင်တန်းတွေ၊ ကိုယ်တို့စတက်လာခဲ့တဲ့ တောင်ခြေ၊ ကားပါကင်ဝင်း၊ ဟက်ဆန်မြစ်ကို ဖြတ်ကျော်ဖောက်လုပ်ထားတဲ့ တံတားတို့ကို မြင်ရတာ အင်မတန် သာယာတယ်။ စက်ဘီးစီးသမားတအုပ်လည်း အဲဒီနေရာမှာ အနားယူကြတယ်။ တောင်ပေါ်က ဆင်းလာတဲ့ ကားပေါ်က အန်ကယ်ကြီးကို တောင်ထိပ်ဘယ်လောက်ဝေးလဲ မေးကြည့်တော့ ၁ မိုင် ငါးမိနစ်သာသာတဲ့။ ကားနဲ့ ငါးမိနစ်ဆိုတာ လမ်းလျှောက်ရင် နာရီဝက်ပေါ့။ တစ်ယောက်တည်း တောင်တက်လာတဲ့ အိန္ဒိယသားလေးက ဗွီဒီယိုချက်နဲ့ ဗျူးပွိုင့်မြင်ကွင်းကို ပြနေတယ်။ ဆယ်မိနစ်လောက် နားပြီးတော့ စက်ဘီးတစ်အုပ်၊ အိန္ဒိယသားလေး၊ ကိုယ်တို့ တောင်တက်ကြတယ်။ ဆယ့်ငါးမိနစ်လောက်  ရောက်တဲ့အထိ တောင်ထိပ်နဲ့တူတာလည်း မတွေ့တော့ အချိန်ကလည်း ၂ နာရီ တီးနေပြီဆိုတော့ ပြန်ဆင်းသင့်နေပြီမို့ ပြန်လှည့်လာခဲ့တယ်။


တောင်တက်နေစဉ်မှာ မြင်ရတဲ့ Hudson ဟက်ဆန်မြစ်
ပထမဆုံး တွေ့ရတဲ့ outlook


ဗျူးပွိုင့်မှာ နားနေတုန်း အိန္ဒိယသားလေးက ပြန်ရောက်လာလို့ အကူအညီတောင်းပြီး ကိုယ်တို့နှစ်ယောက် ဓာတ်ပုံရိုက်ခိုင်းတယ်။ တောင်ထိပ်ရောက်ခဲ့လားမေးတော့ ရောက်ခဲ့လို့ ပြန်ဆင်းလာတာတဲ့။ ဟင် ဒါဆို တောင်ထိပ်က မဝေးဘူးပေါ့ အင်းလေ ဟိုနားလေးမှာ တောင်ထိပ်သို့ဆိုတဲ့ ဆိုင်းဘုတ်ကနေ ဖြတ်တက်သွားတာ ငါးမိနစ်လောက်ပဲ ကြာတယ်။ ကားလမ်းကနေ သွားရင်တော့ ကြာတာပေါ့။ တောင်ထိပ်မှာ ဘာရှိလဲ ဘာမှမရှိပါဘူး တောင်ထပ်မှာ ရှင်းနေတာပဲ အဆောက်အဦးတစ်ခုတော့ ရှိတယ် ဘာဘီကျူးကင်နေတာတွေမှ တောင်ထိပ်အပြည့် ရှူခင်းကတော့ တကယ်လှတယ်။ ဝိုင်းကို ပြန်သွားမလားမေးတော့ မသွားတော့ပါဘူး နောက်တစ်ခေါက်မှပေါ့တဲ့။ အဆင်းကျတော့ နည်းနည်းသတိထားရတယ်။ ကွင်းပြင်ကြီးကိုဖြတ်ပြီး အိမ်သာရှိတဲ့ အဆောက်အဦးကို သွားကြတော့ ကလေးတွေ ဘော့လုံးကန်၊ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားနေကြတယ်။ အိန္ဒိယသားလေးကို တွေ့တယ် သူ့ကောင်မလေးနဲ့ သူ့ကောင်မလေးက တောင်လိုက်မတက်တော့ သူက တောင်ပေါ်က မြင်ရတဲ့မြင်ကွင်းတွေကို ဗွီဒီယိုစကိုက်နဲ့ ပြနေတာနေမှာ။ ဗွီဒီယိုကနေ မြင်ရတဲ့မြင်ကွင်းထက် ကိုယ်တိုင်မျက်စိနဲ့ မြင်ရတဲ့မြင်ကွင်းက ကွာတယ်။ ကန်ဘေးမှာ နေ့လည်စာ ထပ်စားကြတယ်။

ဒီ outlook မှာတော့ ကား၊ စက်ဘီး၊ လူတွေ အကုန်ရပ်ပြီး ကြည့်ကြတယ်... ရှုခင်းက အတော်လှတယ်...
ဒီမြင်ကွင်းနဲ့တောင် ၁ နာရီ တက်ရကျိုး နပ်တယ်....


ကန်မှာလည်း ဘုတ်သင်္ဘောစီးတဲ့သူ၊ ငါးမျှားတဲ့သူ၊ ကန်ဘေးပတ်လည်မှာ ဘာဘီကျူးကင်တဲ့သူ၊ လမ်းလျှောက်တဲ့သူတွေနဲ့ စည်ကားတယ်။ အဘိုးကြီးတစ်ယောက်က သူ့မြေးဖြစ်သူကို ငါးမျှားနည်း သင်နေတယ်။ ကလေးက သုံး၊ လေးနှစ်သာသာ ငါးမျှားတံလေးနဲ့ ငါးမျှားနေတာ ချစ်စရာလေး။ မောင်မောင်လည်း ရွာမှာတုန်းက ငါးမျှားတာ ငါးတွေမိတယ်။ ကိုယ်ကတော့ ငါးမျှားတံကို ငြိမ်ငြိမ်လေးကိုင်ပြီး မျှားရတာကို စိတ်မရှည်တာ။ စင်္ကာပူရုံးက မလေးရှားမလေး ထိန်ထိန်ကတော့ သူ ငါးမျှားရင် ငါးတစ်ကောင်မှ မမိဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်းစကားများတော့ ငါးတွေက နားညည်းလို့ သူ့နားကို မလာကြလို့တဲ့။ ယူအက်စ်ကျောင်းမှာတုန်းက နွေရာသီကျောင်းပိတ်ရက်မှာ ခရီးသွားဖို့လည်း ပိုက်ဆံမရှိကြတော့ ကျောင်းနားကရေကန်မှာ ငါးသွားမျှားကြတယ်။ ငါးတကယ်မျှားတာက နှစ်ယောက် အဖော်လိုက်ကြတာက ၁၅ ယောက် မိတာက တစ်ကောင်။ မေရီလန်းမှာတုန်းက နွေရာသီတစ်ရက်မှာ ဆီနီကာပန်းခြံကို ငါးမျှားထွက်ကြဖူးတယ်။ ဘာဘီကျူးကင် စားပြီးတော့ ဆူနမ်နဲ့အမ်းထရူးက ငါးမျှား၊ ရာမားနဲ့ကိုယ်က တောင်စောင်းလေးမှာ ဖျာခင်းပြီး အိပ်တော့တာပဲ။ လေက တဖြူးဖြူးတိုက်လို့ ကြည်လင်နေတဲ့ ရေကန်ပြင်မှာ စိမ်းညှို့နေတဲ့ သစ်ပင်ရိပ်တွေကို ကြည့်လိုက်၊ အိပ်လိုက်၊ ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို ငေးလိုက်ပေါ့။ အမ်းထရူးက ငါးလေးကောင်တော့ မိပါရဲ့ လီလီပေါ့သာသာလေးတွေမို့ ပြန်လွှတ်လိုက်တယ်။




ကန်ရေပြင်က စိမ်းလဲ့နေတယ်။ သစ်ပင်စိမ်းညှို့ညှို့တွေအောက်ကနေ ကန်တပတ် လမ်းလျှောက်ရတာ တောတောင်စိမ့်စမ်းထဲ ရောက်နေသလို ခံစားမိတယ်။ လေးနာရီထိုးတော့ ဘတ်စ်ကားဂိတ်ဆီ သွားကြတယ်။ အလာတုန်းက ချပေးခဲ့တဲ့ နေရာပါပဲ။ ဘတ်စ်ကားမှတ်တိုင်လည်း မတွေ့လို့ ကားတွေရှင်းပေးနေတဲ့ လုံခြုံရေးကောင်မလေးကို မေးကြည့်တော့ ဒီနားမှာပဲ ရပ်ပါတယ်တဲ့။ သစ်ပင်အောက်မှာ ထိုင်နေကြတဲ့ သူတွေက ကိုယ်တို့လိုပဲ ဘတ်စ်ကားစောင့်နေကြတာ ထင်တယ်။ သိပ်မကြာပါဘူး ဘတ်စ်ကားလာတယ် ဘတ်စ်ကားမှာ လူတောင် မပါလာဘူး။ ဝက်ဝံတောင်မှာ လူတော်တော်များများ တက်ကြတော့ ကားပြည့်သွားတယ်။ တချက်တချက်မှာ မြင်ရတဲ့ ဟက်ဆန်မြစ်ကို လှမ်းကြည့်လိုက်၊ တခါတလေ အိပ်ငိုက်လိုက်နဲ့ ည ၆ နာရီလောက်မှာ ပေါ့အသော်ရတီ ဘတ်စ်တာမစ်နယ်ကို ဝင်တယ်။ အိပ်ရောက်တာနဲ့ ရေချိုး ညနေစာစားပြီးတာနဲ့ တန်းအိပ်တော့တာပဲ။ ဝက်ဝံတောင်သွားတက်တာ ခြေသလုံး ၃ ရက်လောက် နာနေသေးတယ်။ ဝိုင်းကို ပြောပြတော့ သူလည်း နာတယ်တဲ့။ ဝိုင်းရဲ့ လည်ဆွဲလေးက အာဖရိကနိုင်ငံ တန်ဇနီးယားက ဝယ်လာတာပါတဲ့။ ဝက်ဝံတောင်ဟာ နယူးယောက်ကနေ မြောက်ဖက်စူးစူး တနာရီခွဲသာသာ အဝေးမှာ ရှိပါတယ်။ သစ်ပင်၊ တောတောင်၊ ရေကန်၊ ဟက်ဆန်မြစ်နဲ့ အင်မတန် သာယာလှပပါတယ်။




ဆောင်းဦးရာသီဆို ဟက်ဆန်မြစ်အတိုင်း ဆန်တက်လို့ နယူးယောက် upstate ရဲ့ ဆောင်းဦးအလှဟာ ဘော့စတွန်အထက်ဖက် မိန်းပြည်နယ် နယူးအင်္ဂလန်ဒေသက ဆောင်းဦးလို အင်မတန် လှပါတယ်တဲ့။  ဒီနှစ်ဆောင်းဦးရာသီချိန်မှာ ဝက်ဝံတောင်ဖက်ကို ဖိုတိုဂရပ်ဖီဟိုက်ကင်း ထွက်ခဲ့ရင် ဓာတ်ပုံတွေ တင်ပါဦးမယ်။ ဒီနှစ်ဆောင်းတွင်းဟာ အင်မတန် ဆိုးဝါးပါတယ် နှင်းမုန်တိုင်းတွေ အများကြီးတိုက် နှင်းတွေကလည်း စံချိန်သစ်တင် ဘော့စတွန်ဖက်မှာဆို နှင်းထုက လက်မ ၁၀၀ ကျော် ကျတယ်။ အေးလွန်းလို့ တဆောင်းတွင်းလုံး ပိတ်ရက်တွေမှာ ဘယ်မှ မသွားဖြစ်ဘူး အိမ်တွင်းအောင်းရတယ် ဒီတော့ ပို့စ်တွေ တဂျောင်းဂျောင်းရိုက်ပြီး တင်ဖြစ်တယ်။ ဒီနှစ်ဆောင်း တော်တော်ကြာတယ်လို့ ခံစားမိတယ်။ ဒီဇင်ဘာလက ကွန်နက်တီကပ်ပြည်နယ်ဖက်ကို ခရီးထွက်ခဲ့တာ နောက်ဆုံးဆိုတော့ ခရီးမသွားဖြစ်တာ သုံးလနီးပါးရှိပြီ။ ကိုယ့်စိတ်ထဲမှာ ခရီးမသွားတာ အတော်ကြီးကြာပြီ  ခြောက်လလောက်ရှိပြီလို့ ခံစားမိတယ်။ ခုတော့ daylight saving လည်း ပြန်စပြီ ရာသီဥတုကလည်း နွေးလာပြီ နွေဦးရောက်ပြီ။ wide angle lens အသစ်ဝယ်ထားတယ် မစမ်းရသေးဘူး။ ဘယ်လိုပုံ ထွက်လာမလည်း မသိသေးဘူး နယူးယောက်တခွင် ခြေဆန့်လို ဟိုရိုက်ဒီရိုက် လက်ရာတွေကို မျက်စိနောက်အောင် တင်ပါဦးမယ်။

Happy Traveling !

စန်းထွန်း
မတ်  ၁၄၊ ၂၀၁၅။

3 comments:

Lorem Ipsum said...


Anonymous said...

မမအိုင်အိုရာ

San San Htun said...

ဆုမြတ်မိုး said...
သွားလည်ချင်စရာချည်းပဲအမရယ်..
March 16, 2015 at 1:12 AM
Anonymous said...
ထိုင်ခုံလေးနဲ့ပုံကြိုက်တယ်။
မမအိုင်အိုရာ
March 16, 2015 at 10:06 PM