ရေခြားမြေခြား ခရီးသွား - ၂
မေလ ၂၃ ရက်နေ့မှာ ကိုယ်တို့ကျောင်းမှာ ဘွဲ့နှင်းသဘင် ကျင်းပမှာတော့မှာပါ။ အဖေ၊ အမေတို့ ဘွဲ့နှင်းသဘင်တက်ဖို့ လာမလား၊ မလာဘူးဆိုရင် လာလည်ရင်သုံးဖို့ စုထားတဲ့ပိုက်ဆံတွေ လွှဲပေးလိုက်မယ်ဆိုတော့ မလွှဲပေးနဲ့ ဘွဲ့နှင်းသဘင်တက်ဖို့ လာချင်ပါသတဲ့။ ဒီတော့ ကျောင်းကို ဖိတ်ခေါ်စာပို့ခိုင်း အမေရိကန်ဗီဇာလျှောက်ဖို့ ပြင်ဆင်ရတော့တာပေါ့။ ကိုယ်က လွန်ခဲ့တဲ့ ၅ နှစ်တုန်းက စင်္ကာပူမှာ အမေရိကန်ဗီဇာ လျှောက်ခဲ့တာဆိုတော့ ဘယ်လိုလျှောက်ခဲ့မှန်း ကိုယ်ကိုတိုင်က မေ့နေပြီ။ အဲဒီတုန်းက အွန်လိုင်းမှာဖြည့် အင်တာဗျူးအပွိုင့်မန့်ယူ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူ။ မနက် ၉  နာရီ အင်တာဗျူးဆိုပေမဲ့ နေ့လည်လောက်မှ ဗျူးတယ်။ စင်္ကာပူက ကျောင်းက နာမည်ကြီးရဲ့သားနဲ့ ဘာလို့ယူအက်စ်ကျောင်း တက်ချင်တာလဲ။ ကျောင်းတက်နေစဉ်မှာ ဘယ်သူတွေက ထောက်ပံ့မှာလဲ။ မိဘတွေက ဘာလုပ်လဲ။ ကျောင်းပြီးရင် ပြန်လာမှာလား။ မိသားစု၊ အမျိုးတွေထဲမှာ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူ ရှိလား။ မိသားစု၊ အမျိုးတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေး အသင်းဝင်သူ ရှိလား။ မိသားစု၊ အမျိုးတွေထဲမှာ ဦးပိုင်မှာ လုပ်နေတဲ့သူ ရှိလားလို့မေးတယ်။ ရန်ကုန်အမေရိကန်သံရုံးဝက်ဆိုဒ်ကို ဝင်ကြည့်တော့ အွန်လိုင်းမှာ ဖောင်ဖြည့်၊ အင်တာဗျူးအပွိုင့်မန့်ကိုလည်း အွန်လိုင်းကနေယူ ဘယ်ဖောင်တွေ ဖြည့်ရမယ်လို့ အသေအချာ ရေးထားတယ်။ ဆိုဒ်မှာရေးထားတဲ့ စာရွက်စာတမ်းတွေထက် အများကြီး လိုသေးတယ်ထင်လို့ သေချာအောင် ဂျူးဂျူးကို မေးကြည့်ရတယ်။ ဂျူးဂျူးမိဘတွေက မနှစ်က ဂျူးဂျူးမင်္ဂလာပွဲကို ရန်ကုန်ကနေ လာထားတာဆိုတော့လေ။ အောင်မလေး ဂျူးဂျူးပြောပြမှပဲ ဖောင်၊ စာရွက်စာတမ်းတွေက မနည်းမနောပါလား။
ကျောင်းကခေါ်စာအပြင် ကိုယ့်ခေါ်စာ၊ လက်ရှိဗီဇာ၊ IRS ( Internal Revenue Service) မှာ ၃ နှစ်စာ အခွန်ဆောင်ထားတာ၊ Bank Statement ၆ လစာ၊ Pay Stubs ၃ လစာ၊ မွေးစာရင်းနိုထရီ၊ ရုံးက ဒီကုမ္ဗဏီမှာ ဘယ်ရာထူး၊ ဘယ်လောက်လစာနဲ့ အလုပ်လုပ်တဲ့အကြောင်း စာရွက်စာတမ်းတွေ အများကြီးလိုတယ်။ မကြီးကို ယူအက်စ်က အမ်ဘီအေ၊ အကောက်တင်း ကျောင်းတွေအကြောင်းကို အသိမိတ်ဆွေ တက်နေတဲ့သူတွေမှာ မေးမြန်းခိုင်းတော့ တချို့တွေက အကုန်အစင် မပြောပြဘူးတဲ့။ ဥပမာ ဘယ်ကျောင်းက ဘာသင်တန်းမှာ တက်နေတဲ့အကြောင်းတောင် ပြောမပြချင်ဘူးလို့ သိရတုန်းက ကိုယ့်မှာ အံ့တွေသြလို့။ ကိုယ်တွေကတော့ သိသမျှကို တလုံးမချန် ပြောပြတာ။ အဲဒါကြောင့် အဖေက လူတွေကို ကိုယ့်လိုမမှတ်နဲ့လို့ ပြောတာ။ ကိုယ်ကတော့ အပေါင်းအသင်းမိတ်ဆွေ၊ သူငယ်ချင်း ကံကောင်းတယ်လို့ ဆိုရမယ်။ ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်းတွေ အကုန်လုံးက သိသမျှ မချွှင်းမချန် အကုန်ပြောပြတယ်၊ ကူညီကြသူတွေချည်းပဲ။ ဂျူးဂျူးက သိသမျှ မခြွင်းမချန်ပြောပြ၊ စာရွက်စာတမ်းတွေ အကုန်ပို့ပေးတော့ ကိုယ်က အင်တာနက်မှာ ရှာစရာမလိုတော့ဘူး အချိန်ကုန်သက်သာလိုက်တာ။ ဂျူးဂျူးရေ ကျေးဇူးအရမ်း တင်ပါတယ်နော်။ အရင်ဆုံး အဖေနဲ့အမေ့ကို အမေရိကန်ဗီဇာ ဓာတ်ပုံရိုက်ခိုင်း၊ အဲဒီဓာတ်ပုံတွေကို အီလက်ထရွန်းနစ်ဖိုင်အဖြစ်တောင်းယူဖို့၊ ရက်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာယူပြီး ရဲစခန်းမှာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာယူဖို့ မောင်မောင့်ကို ခိုင်းရတယ်။ အဲဒါတွေက ပိုက်ဆံပေးလိုက်ရင် ရတယ် မောင်မောင်က ဒီခေတ်ကြီးမှာ အဲဒါတွေ လိုသေးလားတဲ့။ အောင်မလေး မြန်မာပြည်အကြောင်း မသိတာ ကြနေတာပဲ။  မြန်မာပြည်လာလည်လို့ တလအတွင်း ပြန်ထွက်ရင် ထွက်ခွာခွင့် Departure Form မလိုဘူးတဲ့။ တကယ်ထွက်တော့ လိုပြန်ရော အမယ်မင်း ကိုယ်တို့ရွှေပြည်ကြီးမှာက တနေ့တမျိုး။ D From မပါလို့ လေယာဉ်ပေါ်တက်ခွင့်မပြုဘူးလေး ဘာလေးနဲ့ ပိုက်ဆံလေးသောင်းလောက် ပေးလိုက်ရင်တော့ ခွင့်ပြုပါလိမ့်မယ်။
တခါတုန်းကလည်း လေယာဉ်လက်မှတ်ပေါ်မှာ အမေ့နာမည်က ခင်ညွှန့်အစား ခင်မြင့်ဖြစ်နေလို့ လေယာဉ်ပေါ် တက်ခွင့် မပြုဘူးတဲ့။ လေယာဉ်လက်မှတ်ရုံးကို ဖုန်းခေါ်၊ လူဝင်မှုကြီးကြပ်ရေးရုံးကို လေးသောင်းလောက် ပေးလိုက်ရော တက်ခွင့်ရသွားတယ်။ အမှန်က လေယာဉ်လက်မှတ်ရတာနဲ့ လက်မှတ်ပေါ်က အချက်အလက်တွေ မှန်မမှန်စစ်ရမှာ။ လေယာဉ်လက်မှတ် ရောင်းတဲ့ရုံးကတော့ မှားမှာပေါ့ သူတို့က လူအများကြီးနဲ့ လုပ်ရတော့ Hurman error ဆိုတာ ဖြစ်နိုင်တာပဲ။ မောင်မောင်က စစ်ရမှာ ဒီကောင်က စစ်ရမှန်းမသိ တစက်ကလေးမှ မစေ့စပ် မသေချာတဲ့အကောင်။ ဒီလိုကောင်မျိုး စီးပွားရေးလုပ်လို့ကတော့ ကြီးပွားဦးမယ်။ အွန်လိုင်းမှာ ဖြည့်တာတွေကို မကြီးက ဖြည့်ပေးတယ်။ အဘွားတွေက ဆုံးသွားပြီဆိုတော့ ဖြည့်ဖို့မလိုဘူး။ အဘိုး ၂ ယောက် မွေးသက္ကရာဇ်က မြန်မာလိုဆိုတော့ အင်္ဂလိပ်မွေးသက္ကရာဇ်ကိုပြောင်း။ အဖေ့ဖက်က အဘိုးက အသက် ၈၅ နှစ် စနေသား၊ အမေ့ဖက်က အဘိုးက အသက် ၈၁ နှစ် စနေသားတဲ့။ ကိုယ်တို့အဘိုး နှစ်ယောက်လုံးက ဆိုးပေကြီးတွေ။ အမေ့ဖက်က အဘိုးကတော့ အသက် ၂၀ လောက်မှ အဘိုးမှန်း မြင်ဖူးတော့ မချစ်ဘူး။ အဖေ့ဖက်က အဘိုးကတော့  ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် မတည့်အတူနေ။ ငယ်ငယ်လေးကတည်းက အတူတူနေခဲ့တာဆိုတော့ ဘယ်လောက်ဆိုးဆိုး ချစ်တာပါပဲ။ အဖေနဲ့ ဘိုးဘိုးဟာ သားအဖသာဆိုတယ် တစက်ကလေးမှ မတူဘူး။ ဘိုးဘိုးက အသားဖြူဖြူ၊ အရပ်ပုပု လူပုစိတ်တို။ အဖေက အသားညိုညို၊ ပိန်ပိန်ရှည်ရှည် သူ့အမေနဲ့ သွားတူတယ်။ အဖေဟာ ဘိုးဘိုးနဲ့တစက်ကလေးမှ မတူတာကိုက ကိုယ်တို့ကံကောင်းတာ။
Raffles Place, Singapore. 2009 Sept.
သင်္ကြန်၊ ဝါဆို၊ သီတင်းကျွှတ် အခါကြီးရက်ကြီးတွေမှာ ကိုယ်တို့ညီအစ်မက အဖေကနေတဆင့် အဘိုးကို ပိုက်ဆံကန်တော့တဲ့အခါ ကိုယ်က အဖေ့ရေ မြေးတွေက ဘိုးဘိုး ချဲထိုးဖို့ ကန်တော့တယ်လို့ ပြောလိုက်။ အဖေ ပြန်မပြောမှန်းသိလို့ ပြောတာ ဘိုးဘိုးသာ ကြားရင်တော့ ဆွေ့ဆွေ့ခုန်နေမလားဘဲ။ တတ်နိုင်ဘူး အမှန်ပြောလို့ နာတယ်ဆိုရင်လည်း နာပါစေပေါ့။ ဘိုးဘိုး ဘာလို့ ချဲထိုးတာလဲလို့ မေးရင် လှုဖို့တန်းဖို့တဲ့  အဲဒါဆိုလည်း ငယ်ငယ်တုန်းက စုဆောင်းထားပါလား။ သားသမီးတွေ ထောက်ပံ့တာကို ချဲထိုးပစ်တာကတော့ ဘယ်ကောင်းပါ့မလဲ။ သားသမီးမကောင်း မိဘခေါင်းသလို မိဘတွေဆိုးရင် သားသမီးတွေ ခံရတာပါပဲ။ ကိုယ့်အသိအစ်မရဲ့ အမေဆိုရင် သမီးတွေက နိုင်ငံခြားကနေ လစဉ်ထောက်ပံ့တာကို ချဲတွေထိုးပစ်တယ်၊ လတောင်မကုန်သေးဘူး ပိုက်ဆံမရှိတော့လို့ သူများတွေဆီမှာ လိုက်ချေးရတယ်။ ဘုရားတရားလုပ်တယ်ဆိုပြီး သူကိုးကွယ်တဲ့ဆရာတော် ဘယ်သွားသွား နောက်ကနေလိုက်တယ်။ တချို့ကြတော့လည်း အသက်ကဖြင့် အတော်ကြီးနေပြီ ခုထိသောက်စား ညနေဆိုရင် မူးနေပြီ။ အဲဒီလိုမျိုး မိဘရလို့ကတော့ ကိုယ်နဲ့ရန်တကျက်ကျက် ဖြစ်နေမလားဘဲ။ ပညာမတတ်ဘူးလားလို့မေးရင်လည်း ကျောင်းဆရာမဟောင်း အသိညဏ်ပညာက အတန်းပညာနဲ့ မဆိုင်ဘူးလို့ ထင်တယ်။ ကိုယ့်မိဘတွေက သားသမီးအတွက် ဘဝတစ်ခုလုံး  ပေးထားပြီး ကိုယ်တို့ညီအစ်မပြောတာတွေကို နားထောင်လက်ခံတဲ့မိဘတွေ ဖြစ်နေတာ ကိုယ်တကယ် ကံကောင်းတယ်။  သားသမီးတွေက မိဘကို ရွေးချယ်နိုင်ခွင့် မရှိတော့ မိဘကောင်းရတာ ကုသိုလ်ကံ တမျိုးကောင်းခြင်းပါပဲ။ အမေရိကန်ဗီဇာလျှောက်ဖို့ ပြင်ဆင်ကြတော့ အဖေက သူ အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတွေကို ရောက်ဖူးတာ ဒီအမေရိကန်ဗီဇာမှပဲ ရှုပ်ထွေးလိုက်တာနော်လို့ပြောတော့ ကိုယ်တို့ညီအစ်မတွေမှာ ရယ်ရသေးတယ် သူလည်း ဘာမှမလုပ်ရဘဲနဲ့။ ကျန်တဲ့ဗီဇာတွေက သံရုံးကို သွားစရာမလို၊ အေးဂျင့်ကို ပိုက်ဆံပေးလိုက်တာနဲ့တင် ကိစ္စပြီးတာကိုး။
အွန်လိုင်းကနေ ဖောင်တွေတင်၊ အင်တာဗျုးဖို့ အပွိုင့်မန့်ကို အွန်လိုင်းကနေ ၂ ပတ်စောပြီး ရက်ချိန်းယူ၊ အင်တာမဗျူးခင် တပတ်အလိုမှာ သံရုံးက စာတိုက်ပုံးထဲမှာ စာရွက်စာတမ်းတွေ သွားထည့်၊ ဗီဇာကြေး US$ 160 က ဗီဇာရသည်ဖြစ်စေ မရသည်ဖြစ်စေ အဆုံး။ သံရုံးအရာရှိက အဖေ့ကို မေးမယ်
သမီးက ယူအက်စ်ကို ဘယ်တုန်းက သွားတာလဲ...
၂၀၁၀ ....မဟုတ်ဘူး အဖေ့ရေ ၂၀၁၀ ဒီဇင်ဘာမှာ ပြန်လာပြီး နှုတ်ဆက်တာ၊ ယူအက်စ်ကို တကယ်သွားတာက ၂၀၁၁ ဖေဖေါ်ဝါရီ...
သမီး ယူအက်စ်ကို ရောက်တာ ဘယ်နှစ်နှစ် ရှိပြီလဲ...
၄ နှစ်.... မဟုတ်ဘူး အဖေ့ရေ ၅ နှစ် ရှိနေပြီ...
ယူအက်စ်ကို ဘာလုပ်ဖို့ သွားမှာလဲ...
သမီး ဘွဲ့ယူဖို့...
သမီးက ဘာဘွဲ့ယူမှာလဲ...
ကွန်ပျူတာ.... ကွန်ပျူတာ မာစတာ အဖေ့ရေ...
သမီးက ခု ယူအက်စ် ဘယ်နေရာမှာလဲ...
နယူးယောက်မှာ...
ဘာဗီဇာနဲ့ နေတာလဲ...
အီးပီ...အီးပီဆိုတာ စင်္ကာပူမှာ...ယူအက်စ်မှာက အိတ်ချ်ဝမ်းဘီဗီဇာ အဖေ့ရေ...
ဘာအလုပ်လုပ်နေတာလဲ....
ကွန်ပျူတာ..အဲ သမီးက ဘာလုပ်နေတာလဲ...အဖေ့ရေ ဆော့ဝဲအင်ဂျင်နီယာ..
ယူအက်စ်မှာ အမျိုးတွေ ရှိသလား...
ဖလော်ရီဒါမှာ အမျိုးတွေ ရှိတယ်လို့ ပြောတာပဲ...သူ့ကိုလည်း ကိုယ်မသိ...ကိုယ်ကလည်း သူ့ကိုမသိ...ဘယ်လိုတော်စပ်မှန်းလည်း မသိ...
အဲဒါနဲ့များ ဘယ်လိုလုပ် အမျိုးလို့ ပြောမှာလဲ...တော်ကြာ အမျိုးရှိတယ်ဆိုရင် ပြန်မလာဘဲ နေလိမ့်မယ်ဆိုပြီး ဗီဇာမပေးဘဲ နေလိမ့်မယ်...အမျိုးမရှိဘူးလို့ ပြော...
ယူအက်စ်မှာ ဘယ်လောက်နေမှာလဲ...
၆ လ...ဟင်.... ၆ လ တောင် အဖေက ဘာလုပ်နေမှာလဲ...တလပဲ နေမယ်လို့ပြော...စင်္ကာပူလာတုန်းကလည်း ဗီဇာတလရတာကို ပျင်းလို့ဆိုပြီး နှစ်ပတ်ထဲနဲ့ ပြန်ကြရော....
ဘာစီးပွားရေးလုပ်သလဲ...
စက်လှေတွေ ပိုင်ပါတယ်....
ယူအက်စ် သွားနေတုန်း စီးပွားရေးကို ဘယ်သူကြည့်ပေးမှာလဲ...
2001. Economics School (Yangon)
ဗီဇာအရာရှိက အဲဒီမေးခွန်းတွေ မေးရင် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြေနိုင်ပါ့မလားမသိ။ ခုတော့ တနေ့တမျိုး မရိုးရအောင် ကပေါက်တိ ကပေါက်ချာ ဖြေနေတာကို ကိုယ်တို့မှာ တဝါးဝါး တဟားဟားနဲ့ပေါ့။ အဲဒီလိုမျိုး တဝါးဝါး တဟားဟား ဖြစ်ရပ်တခု အရင်က ရှိခဲ့ဖူးတယ်။ အဖေက နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံမှာ ခွဲစိတ်ပြီး နှလုံးသွေးကြာထဲမှာ စတန်လေးချောင်း ထည့်ရတယ်။ ဒီတော့ နှစ်တိုင်း မက်ဒီကယ်ချက်ကပ် လုပ်ရတယ်။ ၂၀၁၃ မှာတော့ မောင်မောင်က စာမေးပွဲရှိလို့ မလိုက်နိုင်ဘူး။ ဘန်ကောက်ကို နှစ်ခေါက်တောင် ရောက်ဖူးနေတာပဲ မောင်မောင် မပါလည်း သူတို့ဘာသာ သွားတတ်ပါတယ်ဆိုပြီး သွားမယ်လုပ်တော့ စိတ်ပူတတ်တဲ့ မကြီးက စင်္ကာပူနေ လိုက်လာတယ်။ ဝှီးချဲဆားဗစ်ယူတော့ ဝှီးချဲသမားက လာစောင့်နေတယ်။ ဝှီးချဲသမားက အဖေ့ကို လာကြိုနေမှန်း ဘယ်လိုသိတာလဲဆိုတော့ သူ့နာမည်ကို ဆိုင်းဘုတ်မှာ ရေးထားတာကိုးတဲ့။ ပတ်စ်ပို့ပြပြီး လမ်းလျှောက်မယ်လုပ်တော့ ဝှီးချဲသမားက လုံးဝမဆင်းခိုင်းဘူး။ ဝှီးချဲနဲ့ဆိုတော့ လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ စောင့်စရာ မလိုဘူး။ ဝှီးချဲသမားက လူဝင်မှုကြီးကြပ်ရေးကောင်တာကိုဖြတ်ပြီး ဆေးရုံကောင်တာကို သွားမယ်လုပ်တော့ အဖေက လုံးဝအသွားမခံဘူး။ မကြီးက လူဝင်မှုကြီးကြပ်ရေးကောင်တာကို မဖြတ်နဲ့ အဲဒီနားမှာ စောင့်နေလို့ မှာထားတာကိုး။ လူဝင်မှုကြီးကြပ်ရေးကောင်တာကနေမခွာ ဆေးရုံကောင်တာကိုလည်း လိုက်ပို့လို့မရ၊ အင်္ဂလိပ်လိုပြောလည်း နားမလည်ဆိုတော့ ဝှီးချဲသမားခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ ခေါင်းကို တွင်တွင်ကုတ်လို့၊ အု အီး အား ကွိ ကွလို့ ငြီးငြူအော်ဟစ်နေပါသတဲ့။
အဖေက နာရီကို ထိုးပြပြီး နာရီဝက်လောက် စောင့်ရဦးမယ်၊ လက်မနဲ့လက်ညှိုးကို ဝိုင်းပြပြီး ပိုက်ဆံပေးမယ်လို့ အင်တာနေရှင်နယ်ဘာသာစကားပြောတာကို နားလည်သလိုရှိပေမဲ့ ရှင်းရှင်းလင်းလင်း မသိရတော့ စိတ်ရှုပ်နေတာပေါ့။ နောက်တော့ ဝှီးချဲသမားနဲ့သိတဲ့ ရှမ်းလူမျိုးတယောက်က ဘာသာပြန်ပေးတော့မှပဲ ဝှီးချဲသမားခမျာ စိတ်အေးသွားပြီး လက်ကေ့စ်တွေ သွားယူပေး။ မကြီးကလည်း တစ်ဖ်များများ ပေးလိုက်ပါတယ်တဲ့။ ဝှီးချဲသမားအကြောင်းကို အဖေ ပြောပြတိုင်း ကိုယ်တို့မှာ တဟားဟား တဝါးဝါးနဲ့ပေါ့။ အဖေက အိုင်အိုဝါပြည်နယ်မှာရှိတဲ့ ယူအက်စ်ကျောင်းက ဘွဲ့နှင်းသဘင်ကို တက်ချင်တာတဲ့။ နယူးယောက်ကနေ အိုင်အိုဝါပြည်နယ်ကို လေယာဉ်ခက အနည်းဆုံး ၄၀၀၊ အိုင်အိုဝါပြည်နယ်မြို့တော် ဒက်စ်မွိုင်းကနေ ကျောင်းရှိတဲ့မြို့အထိ ကားတနာရီခွဲ ထပ်မောင်းရဦးမယ်၊ ဟိုတယ်ခ၊ စားသောက်စရိတ်နဲ့ တယောက်ကို  ၈၀၀ လောက် ကုန်မယ်၊ ၃ ယောက်ဆိုရင် အနည်းဆုံး ၃၀၀၀ လောက်ကုန်မယ်။ ကျောင်းမှာဘွဲ့သွားယူမဲ့အစား နိုင်အာဂရာရေတံခွန်၊ ဝါရှင်တန်ဒီစီ၊ ဘော့စတွန်ကို သွားလည်မှာပေါ့လို့ပြောတော့ သမီးသဘောပါတဲ့ အဖေကတော့ ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရရင် ကျေနပ်ပါပြီတဲ့။ ပိုက်ဆံသာ မတွက်ချက်ရဘူးဆိုရင် ကိုယ်က ကိုယ့်မိဘတွေကို ကျောင်းကို ခေါ်သွားချင်တာ။ ရည်ရွယ်ချက်က ကိုယ် ဘယ်လိုပင်ပန်းဆင်းရဲစွာနဲ့ ကျောင်းတက်ခဲ့ရတာကို မိဘတွေကို သိစေချင်၊ တစ်နှစ်တိတိ ကြိတ်မှိတ်စားသောက်ခဲ့ရတဲ့ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အာဂျီရိုဆောင်က အစားအသောက်တွေကို ကိုယ့်မိဘတွေကို တခါလောက် စားဖူးအောင် ‌ကျွှေးချင်လို့။ ဘွဲ့ဓာတ်ပုံရိုက်ရင် အဖေက ဗမာလိုဝတ်မှာလား၊ ဘိုလိုဝတ်မှာလားမေးတော့ ဘိုလိုဝတ်မှာတဲ့။ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကိုယ်ဘွဲ့ယူတုန်းကလည်း အဖေက နစ်ကတိုင်တွေဘာတွေနဲ့ ဘိုလိုဝတ်တယ်။ နစ်ကတိုင်ဝတ်နေကျမဟုတ်တော့ မေးစေ့အစ်နေသလို ဖြစ်နေတယ်။
အဖေက သိပ်ဘိုလိုပြောတတ်ချင်တာ ကိုယ်တို့ညီအစ်မတွေ ပြောတဲ့စကားတွေမှာ အင်္ဂလိပ်စကားလုံးတွေပါရင် မှတ်ထားတယ်။ ပြီးရင် သူလည်း ခေတ်မှီပါတယ်၊ သမီးတွေနဲ့အပြိုင် ခေတ်နဲ့ရင်ဘောင်တန်းနိုင် ခေတ်မှီပါတယ်ဆိုပြီး အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြောတတ်တယ်။ အော်ရင်ဂျင်ဆိုပြီး နယ်ပြုတ်ကျန်ခဲ့လို့ အော်ရင်ဂျင်နယ် အဖေ့ရေလို့ အမှန်ပြင်ပေးရတယ်။ တခါတုန်းက ရွာကို ပြင်သစ်တွေ လာတုန်းက သင့်ခ်ယူလို့ နှုတ်ဆက်တော့ မင်္ဂလာပါလို့ ပြန်နှုတ်ဆက်တယ်ဆိုလို့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ အဖေကတော့ လုပ်ပြီ သင့်ခ်ယူဆိုတာ ကျေးဇူးတင်ပါတယ်လို့ပြောတာ ဂွတ်မောနင်းလို့ နှုတ်ဆက်ရမှာ အေး...အေး နောက်ခါဆိုရင် ဂွတ်မောနင်းလို့ နှုတ်ဆက်မယ်။ အဖေ၊ အဖေ၊ မောင်မောင်၊ ကိုယ်တို့ ပထမဆုံးသွားဖူးတဲ့ မိသားစုခရီးက ၁၉၉၉  ကိုယ်ဆယ်တန်းအောင်ပြီးခါစ ကျိုက်ထီးရိုး၊ သာမည၊ ကျိုက်ထို ဘုရားဖူး။ ကျိုက်ထီးရိုးဘုရားဖူးလမ်းမှာတွေ့တဲ့ နိုင်ငံခြားသားတွေကို အဖေက နှုတ်ဆက်ပြီး မြန်မာပြည်မှာ လည်ပတ်ရတာ ပျော်လားလို့ မေးခိုင်းတယ်။ ဆယ်တန်းအောင်ပြီးခါစ ကိုယ်က ကိုယ်သိသလောက် တတ်သလောက် ဘာသာပြန်ပေးရတယ်။ ယူအက်စ်ကိုရောက်ရင် ဟိုင်း ဟောင်းအားယူ၊ အိုးမိုင်ဂါ့၊ ဂွတ်၊ ဂရိတ်၊ ဆောရီး၊ Have a great day၊ Exactly ၊You know what ၊ God bless you အမေရိကန်လေသံတွေ သင်ပေးလိုက်ဦးမယ်။ ၂၀၀၉ ကိုယ့်ဘွဲ့နှင်းတက်ဖို့ စင်္ကာပူကိုလာတော့ ခေတ်မှီသန့်ရှင်းတဲ့မြို့တော်ကြီးကို ကြည့်ပြီး မောင်မောင်က စင်္ကာပူမှာ နေချင်စိတ်မပေါက်ဘဲ အဖေဖြစ်သူက သမီးတို့အရွယ်ဖြစ်လို့ကတော့ စင်္ကာပူမှာ နေချင်လိုက်တာလို့ အားကျတယ်။ အဖေက ဓာတ်ပုံရိုက်ပြီး စကိုက်နဲ့ဘိုင်ဘာကနေ ဓာတ်ပုံတွေ ပို့တတ်အောင် သင်ပြီး သူလည်း ပို့တတ်ပါတယ်ဆိုပြီး ဓာတ်ပုံတွေ ပို့တတ်တယ်။ အမေက သမီးရေ အမေရောက်ဖူးတဲ့ နိုင်ငံတွေဟာ မြန်မာပြည်ထက် သာတာကြီးပဲ၊ သူများအစိုးရတွေက တိုင်းပြည်တိုးတက်အောင် လုပ်နေချိန်မှာ တို့အစိုးရ ဘာလုပ်နေပါလိမ့်။
National University of Singapore. 2009 Sept.
အမေ့ရေ သူတို့အမျိုးတွေ ကောင်းစားဖို့၊ ပိုချမ်းသာဖို့ လုပ်နေတာ တိုင်းပြည်ကတော့ မွဲသထက်မွဲ။ ကြည့်စမ်း စင်္ကာပူဆို သောက်စရာရေတောင် မရှိဘူး သမီးရေ ရေငန်ကနေ ရေချိုဖြစ်အောင် လုပ်ပေးတဲ့ ဆည်ကြီးပြီးသွားပြီလား။ စင်္ကာပူလိုဖြစ်အောင် လုပ်မယ်တဲ့ အမယ်လေး လီကွမ်ယုလို တော်အာင် အရင်လုပ်ပါဦး။ သမီးတွေနဲ့အမေ ဆုံကြရင် အစိုးရမကောင်းကြောင်း ပြောကြတော့တာပဲ။ အမေက ကမ္ဘာ့သတင်းတွေ စိတ်ဝင်စားတယ် အဖေက ည ၈ နာရီ သတင်းတွေ ဖွင့်ထားတတ်တယ်။ ကိုယ်တို့သားအမိက ဘာလို့ဖွင့်ထားတာတုန်း ၁၉၈၈ နောက်ပိုင်း ဆည်တွေ ဘယ်နှစ်ခုဖွင့်တယ်၊ တံတား ဘယ်နှစ်စင်းဆောက်တယ်၊ တက္ကသိုလ် ဘယ်နှစ်ခုဖွင့်တယ် သတင်းထဲမှာတော့ တိုင်းပြည်က တိုးတက်လိုက်တာ အလိမ်တွေ အညာတွေဆိုပြီး တီဗွီကိုပိတ် လုံးဝနားမထောင်ဘူး။ အဖေက ဘောလုံးပွဲတွေကြည့်ဖို့အတွက် အိမ်မှာ ဆလောင်းတပ်တယ်။ အမေက စီအန်အေ Channel News Asia က လာတဲ့သတင်းတွေကို ကိုယ်တို့ညီအစ်မတွေကို ဘာသာပြန်ခိုင်းတတ်တယ်။ ကိုယ်ကိုတိုင်ကပဲ သတင်းဝါသနာပါတာလား၊ အမေနဲ့အတူ စီအန်အေ သတင်းတွေ ကြည့်ရင်း သတင်းထောက်တွေကို အားကျတာပဲလားမသိ။ ကိုယ်ဖြစ်ချင်ခဲ့တာ သတင်းကြေငြာသူ Correspondent  မြန်မာပြည်က သတင်းတွေမှာလို စာရွက်ကြီးကို ကိုင်ပြီး ရွတ်ပြနေတဲ့သူတော့ မဖြစ်ချင်ဘူး။ အေဘီစီ ABC news က သတင်းထောက်တွေကို ကိုယ် သိပ်သဘောကျတာ။ သူတို့စိတ်ဓာတ်၊ အမူအကျင့် ဘယ်လိုရှိသလဲတော့ မသိဘူး သူတို့ကို မြင်ရတာ ခင်မင်ရင်နှီးတဲ့ သူငယ်ချင်းတွေကို မြင်ရသလိုပဲ။ ဗုဒ္ဓဂါယာကို သမီးအလတ်က ပို့ပေးတာလို့ ကြွားမဆုံး။ မကြီးကတောင် စန်းထွန်းရေ နင် ဗုဒ္ဓဂါယာ ပို့ပေးတာ အတော်တန်တယ် ကြွားမဆုံး ဖြစ်နေတယ်။ မနှစ်က စင်္ကာပူမှာ Medical checkup လာလုပ်တော့ အိမ်ခန်းခ၊ စားစရိတ်တွေ မကြီးပေးတာက စာရင်းထဲ မထည့်တော့ဘူး။ ယူအက်စ်မှာ ဘွဲ့လာယူတဲ့ခရီးကတော့ ကိုယ့်မိဘတွေ ဂုဏ်ယူမဆုံး၊ ပြောလို့မဆုံး၊ ကြွားလို့မဆုံးနိုင်တဲ့ ခရီးဖြစ်နေတော့မှာပဲ။
သမီး ဘွဲ့ယူဖို့ ယူအက်စ်ကို သွားရမှာဆိုတာနဲ့တင် အဖေ့မှာ ဂုဏ်ရှိပါသတဲ့။ အမေကလည်း ကိုယ့်ဆီကို လာရမယ်ဆိုတာနဲ့တင် ပျော်နေပါသတဲ့။ အဖေ၊ အမေတို့ဟာ ဟိုးတောရွာဇနပုဒ်ကလေးကနေ ရန်ကုန်မြို့ကြီးမှာ သားသမီးတွေကို ပညာသင်ပေး၊ သမီးတွေကြောင့် နိုင်ငံရပ်ခြားကိုရောက်ဖူး၊ ဘွဲ့နှင်းသဘင် တက်ရတာ သူတို့တသက်မှာ မျှော်လင့်မထားခဲ့တာတွေ ဖြစ်လာတော့ ကျေနပ်ပီတိ ဂုဏ်ယူမဆုံး ဖြစ်ကြတယ်။ ရွာမှာ ပထမဆုံးအဖြစ် မကြီးကို ပုသိမ်ကျောင်းမှာထားတော့ အိမ်နီးချင်းတွေက ယောက်ျားရရင် မိဘကို လှည့်ကြည့်တော့မှာ မဟုတ်ဘူး ဘာလို့ပညာသင်ပေးမှာလဲလို့ ပြောသတဲ့။ မကြီးက အဖေက ဘာလို့ဒီလောက်ကြွားမှန်း မသိတော့ဘူးတဲ့။ ကိုယ်တို့လူငယ်တွေ အချင်းချင်းမှာလည်း ကင်မရာအကြီးကြီး၊ အယ်လ်ဗွီအိတ်တို့ ကြွားကြတာပဲ။ လူကြီးတွေမှာတော့ သားသမီးတွေ အောင်မြင်တာကိုပဲ ကြွားစရာရှိတော့ ကြွားနိုင်တုန်း ကြွားပါစေလို့။ ကိုယ့်မိဘတွေဟာ သားသမီးပြောတာကို လက်ခံတယ်။ သမီးတွေ ပြောတာကို အတိအကျ လိုက်နာကြတဲ့ မိဘတွေကြောင့်လဲ စိတ်ချမ်းသာရပါတယ်။ တချို့မိဘတွေဆို အရက်သောက်၊ နှစ်လုံးထိုး၊ သားသမီးလစဉ်ထောက်ပံ့တာနဲ့မလောက် ထင်တိုင်းသုံး၊ သားသမီးပြောတာကို လက်မခံ သူသိသူတတ် မိဘတွေနဲ့ဆို အတော်စိတ်ဆင်းရဲရမှာ။ အမေရိကန်ဗီဇာ အင်တာဗျူးကို ကပေါက်တိ ကပေါက်ချာ မဟုတ်ဘဲ အဆင်ပြေပြေနဲ့ ဖြေဆိုနိုင်ပါ့မလား။ မိုင်သောင်းချီခရီးနှင်လို့ ကိုယ့်ဆီကို လာကြတဲ့အခါ သုဝဏ္ဏဘူမိလေဆိပ်က ဝှီးချဲသမားလို ထရန်စစ်ထိုင်တဲ့လေဆိပ်က ဘယ်ဝှီးချဲသမားကိုများ အု အီး အား ကွိ ကွ ဖြစ်အောင် လုပ်ခဲ့မှာပါလိမ့်။ အင်း...ဘယ်လိုပုံမျိုးနဲ့များ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိ ုက်မြိ ုက် ရောက်လာကြမှာပါလိမ့်။ ခုနေများတော့ သံရုံးအရာရှိက မေးမမေးမသိ ကိုယ်ကတော့ အဖေနဲ့အမေကို အင်တာဗျူးမေးခွန်းတွေမေးရင်း တဝါးဝါး တဟားဟားနဲ့ပေါ့။
စန်းထွန်း
မတ် ၂၈၊ ၂၀၁၅။
ရေးခဲ့ပြီးတာက
ရေခြားမြေခြား ခရီးသွား - ၁
4 comments:
Thu said...
AMK said...
Anonymous said...
စန်းထွန်းလေး..
ဗီဇာအတွက်မပူနဲ့ ..
သဘာဝလည်းကျတယ်။
ကိုယ်ပြောတာယုံ။
မမအိုင်အိုရာ
San San Htun said...
Thu said...
သတင်းကြေညာသူတော့ အသူလဲအရမ်းဖြစ်ချင်တာ.. မိဘကိုမလွန်ဆန်နိုင်လို့သာ မလုပ်ခဲ့ရတာ...
မိဘကောင်းရတာကလဲ ကုသိုလ်ကံတစ်မျိုးပဲနော် :)
March 29, 2015 at 11:21 PM
AMK said...
မောင်မောင်တို့လင်မယားကော မခေါ်ဘူးလား မစန်းထွန်း..ပိုစ့် တွေ အများကြီး ရေးနိုင်တယ်နော် အားကျတယ်ဗျ
April 1, 2015 at 7:23 PM
Anonymous said...
စန်းထွန်းလေး..
ဗီဇာအတွက်မပူနဲ့..
အဲလိုရိုးသားတာကြောင့်ကိုရမှာသေချာတယ်။
သဘာဝလည်းကျတယ်။
ကိုယ်ပြောတာယုံ။
(ကိုယ်ကစန်းထွန်းအဖေကြွားတာတွေနားထောင်ချင်တာ။)
မမအိုင်အိုရာ
April 3, 2015 at 6:12 PM