အစ်မရေ နယူးယောက်ရောက်တော့ အင်္ဂလိပ်စာ ဘယ်လိုလေ့လာဖြစ်လဲ ဆိုတဲ့အကြောင်းလေးတွေ ရေးပေးပါဦးနော်လို့ အီးမေးလ်ပို့လာတဲ့ ညီမခင်စန္ဒာထွန်းကြောင့် ဒီပို့စ်လေး ရေးဖြစ်ပါတယ်။ ဒီပို့စ်ကတော့ ကိုယ် အင်္ဂလိပ်စာကို ဘယ်လိုလေ့လာခဲ့တယ်ဆိုတဲ့ အကြောင်းပါ။ သင်ကြားပေးသူအနေနဲ့ မဟုတ်ဘဲ သင်ယူသူတစ်ယောက်ရဲ့ အတွေ့အကြုံလေးတွေပါ။ အင်္ဂလိပ်စာကို ကိုယ်တို့ ငယ်ငယ်ကတည်းက သင်ကြားခဲ့ရပေမဲ့ မပြောတတ်၊ မရေးတတ်တာ အင်္ဂလိပ်စာ ဘဝထဲကို မရောက်သေးလို့ပါတဲ့။ မူလတန်းကနေ အထက်တန်းကျောင်းအထိက အင်္ဂလိပ်စာတွေ သင်ကြားခဲ့ပေမဲ့ အများစုက ဂရန်မာ၊ ဝါကျ၊ အက်ဆေး ရေးတတ်အောင် သင်ရပါတယ်။ အပြောကတော့ အင်မတန် အားနည်းတယ် မပြောသလောက်ဘဲ။ ဂရန်မာကလည်း အရေးပါပါတယ် စင်္ကာပူမှာ ကျောင်းတက်နေတဲ့ ကလေးက I has လို့ရေးတာတွေ့ဖူးတယ်။ အင်္ဂလိပ်စကားပြောပေမဲ့လည်း ဂရမ်မာ မကျေတဲ့အတွက်ကြောင့်ပါ။ ကိုယ် ပုသိမ် ထ၂ မှာ ၈ တန်းတက်တော့ အေတန်းက ကျောင်းသားတွေက အင်္ဂလိပ်စာ ကောင်းကြတယ်။ မြန်မာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အီကို၊ ဓာတု၊ ရူပ၊ ဇီဝမှာ အမှတ်သိပ်မကွာပေမဲ့ အင်္ဂလိပ်စာမှာ အမှတ်ကွာတယ်။ သူတို့ထက် အင်္ဂလိပ်စာညံ့မှန်းသိတော့ အင်္ဂလိပ်စာတိုးတက်လာအောင် ဝါးရုံစာအုပ်ဆိုင်က ထွက်သမျှ အင်္ဂလိပ်စာ လေ့ကျင့်ရေးစာအုပ်တွေ ဝယ်ပြီး ဂရန်မာတိုးတက်လာအောင် လေ့ကျင့်ရတယ်။ စပီကင်းစပြောဖြစ်တာတော့ ဆယ်တန်းအောင်ပြီးခါစ လှည်းတန်းက ဆရာကြီးဦးမြကြိုင်ဆီမှာ အင်္ဂလိပ်စကားပြောသင်တန်း တက်တော့မှပါ။ ဒါတောင် တပတ်၊ နှစ်ပတ်လောက်က Spare me လုပ်နေသေးတယ်။ ကိုယ့်အကြောင်း၊ မိသားစုအကြောင်း နည်းနည်းပါးပါးကို စာလိုက်မေးတဲ့ စီနီယာတွေနဲ့ ပြောဖြစ်တယ်။ မသိတဲ့စကားလုံးကို စီနီယာတွေကိုမေး၊ မှားနေရင် သူတို့က ပြင်ပေး၊ ကိုယ်မပြောတတ်တဲ့အခါ ကိုယ်ပြောချင်တဲ့ စာကြောင်းကို သူတို့က အင်္ဂလိပ်လိုပြန်ပေး။
ဒီလိုနဲ့ အပြောသွက်လာတော့ ပန်းခြံတွေ ဆောက်သင့်သလား၊ စာကြည့်တိုက် ဆောက်သင့်သလား ကိုယ့်အိုင်ဒီယာတွေကို ပြောဖြစ်တယ်။ ဒါပေမဲ့ အားလုံးက မြန်မာတွေဆိုတော့ ဘိုသံတော့ ဘယ်ပေါက်ပါ့မလဲ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ဂရန်မာမှန်မှန်နဲ့ သူတပါး နားလည်အောင် ပြောနိုင်ရင်ပဲ အတော်ဟုတ်နေပါပြီ။ ဆရာကြီးဦးမြကြိုင်ကျောင်းမှာ စကားပြောတန်း၊ ဘာသာပြန်တန်း၊ စာဖတ်တန်း၊ ဂရန်မာတန်းတွေ တက်ခဲ့ပါတယ်။ အင်္ဂလိပ်သီချင်းတွေ နားထောင်တယ် အဲဒီတုန်းက ခေတ်စားတာ West Life ၊ Shania Twain ။ ရေဒီယိုကနေ ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်တွေ နားထောင်တယ်။ စလောင်းကနေ စီအန်အေ Channel News Asia သတင်းတွေ နားထောင်တယ်။ စီအန်အေ သတင်းကြေငြာတဲ့သူတွေဟာ အမေရိကား၊ အင်္ဂလန်တို့မှာ ထရိန်းခဲ့တော့ လေသံက အမေရိကန်လေသံပေမဲ့ အာရှဆိုတော့ အာရှလေသံက မပျောက်ဘူး ဒီတော့ ကိုယ် နားလည်တယ်။ စီအန်အန်သတင်းတွေဆို နားသိပ်မလည်ဘူး။ဘဝသစ်ဦးအောင်ကျော် တက်ဖူးတယ်။ ဆရာကြီးက အသက်ကြီး၊ လူတွေကလည်း တအားများတော့ ခဏပဲ တက်ဖြစ်တယ်။ တိုဖယ်ဦးသိန်းဝင်းကိုတော့ တက္ကသိုလ်ကျောင်းပိတ်တိုင်း တက်ဖြစ်တယ်။ တိုဖယ်ဖြေပြီး နိုင်ငံခြားကျောင်းတွေကိုလျှောက်ဖို့၊ တိုဖယ်အမှတ်ကောင်းရင် FullBright စကော်လာရှစ် လျှောက်ဖို့စိတ်ကူးထားတယ်။ အင်္ဂလိပ်စာကို ၃လအပြတ်ဆိုပြီး မရပါဘူး။ တသက်လုံး လေ့လာနေရမှာ။ ဆယ်တန်းအောင်ပြီးကတည်းက အင်္ဂလိပ်စာလေ့လာခဲ့တာ အမေရိကန်ရောက်တော့လည်း စကားလုံးအသစ်တွေ၊ အသုံးအနှုန်း၊ ပြောဆိုတာတွေကို လေ့လာနေရတုန်းပါပဲ။ မြန်မာပြည်မှာတော့ အပြော အားနည်းပါလိမ့်မယ်။ ဒါပေမဲ့ အရေး၊ အဖတ်ကတော့ တိုးတက်အောင် လုပ်လို့ရပါတယ်။
ကိုယ်အနှစ်သက်ဆုံးအင်္ဂလိပ်စာအုပ်တွေကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Colourful Myanmar နဲ့ King Among Men စာအုပ်တွေပါ။ Colourful Myanmar စာအုပ်ကတော့ မြန်မာလူမျိုးတို့ သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ၊ နေထိုင်မှုဓလေ့စရိုက်၊ ဘာသာစကား၊ အနုပညာအကြောင်း အတော့်ကို စုံစုံလင်လင်နဲ့ အင်မတန်ဖတ်လို့ကောင်းတဲ့စာအုပ်ပါ။ ဆရာကြီးဦးမြကြိုင်က စာအုပ်အများကြီး ဖတ်စရာမလိုဘူး Colorful Myanmar စာအုပ်ကို ထောင်းလမောင်းကြေနိုင်ရင် အတော်ဟုတ်နေပြီတဲ့။ စာအုပ်ကို ထောင်းလမောင်းကြေဖို့ ပြောတာမဟုတ်ဘူးနော် အထဲကစာတွေကို ထောင်းလမောင်းကျေဖို့။ King Among Men ကေတော့ ဆရာမကြီးရဲ့ အကောင်းဆုံးလက်ရာ masterpiece လို့ပြောကြတယ်။ ၁၁ရာစုမှာ ပထမမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းက ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နဲ့ တွေ့ဆုံခန်း။ ရာဇဝင်ထဲက သူရဲကောင်းလေးယောက်ဟာ စာအုပ်ထဲမှာ တကယ်လူသားတွေအဖြစ် ပီပီပြင်ပြင် အသက်ဝင်လို့၊ ဗျက်ဝိ ဗျတ္တ မယ်ဝဏ္ဏက ရွှေရောင်ရောင် အသားအရည်ရှိတဲ့ လူရိုင်းမလေး၊ ရှင်အရဟံနဲ့ တွေ့ဆုံခန်း၊ ဥသာပဲခူးနဲ့ ခင်ဦး၊ ခင်ဦးနဲ့ ကျန်စစ်သား၊ သုဝဏ္ဏဘူမိ သထုံပြည်ကနေ ဗုဒ္ဓသာသနာ တောင်းခံခန်း၊ ရေငန်သောက် မြက်ခြောက်စား ပုဂံသား အရိုင်းအစိုင်းတွေနဲ့ တန်သလားဆိုပြီး သထုံက စစ်ကြေငြာခန်း၊ သထုံကို သိမ်းပိုက်ခန်းကို သမိုင်းပညာရှင်တွေနဲ့ အသေအချာ တိုင်ပင်ပြီး ရေးထားတာတဲ့။ ကြက်မတဝပ်စာနေရာကိုသိမှ သထုံကို နိုင်မယ်ဆိုတဲ့ တဘောင်၊ ရှမ်းမင်းသမီး စောမွန်လှနဲ့ အနော်ရထာမင်းတို့ရဲ့ လွမ်းဆွတ်ဖွယ် ချစ်ဇာတ်လမ်း။ အင်မတန်ကောင်းတဲ့ စာအုပ်တွေပါ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ စာကောင်းပေကောင်း ဖတ်ရတဲ့အခါ Your article/ novel is so good လို့ ပြောတာထက် I am so moved by reading your book လို့ ပြောရတယ်လို့ မှတ်သားဖူးပါတယ်။ အဲဒီလို so moved ဖြစ်သွားတဲ့ ဝထ္ထုတိုနှစ်ပုဒ် ရှိပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ မူယာစုံလင် သူ့ရုပ်သွင် Her Infinite Variety နဲ့ Come, live with me ဝထ္ထုတွေပါ။
မူယာစုံလင် သူ့ရုပ်သွင်ဟာ Horizon မဂ္ဂဇင်းက ကြီးမှုးကျင်းပတဲ့ အရှေ့တောင်အာရှစာရေးဆရာများရဲ့ ဝထ္ထုတိုပြိုင်ပွဲမှာ ဆုရထားတဲ့ ဝထ္ထုပါ။ Intermediate အဆင့်အတွက် ပြန်ရေးထားတဲ့ ရှိတ်စပီးယားဝထ္ထုတိုတွေ ဖတ်ခဲ့ဖူးပါတယ်။ English to Burmese Dictionary အစား English to English Dictionary ကောင်းကောင်းတစ်အုပ် အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ Move ဆိုတဲ့ စကားလုံး ဆိုပါတော့ အင်္ဂလိပ်လိုရှင်းပြတာကို နားလည်လာမဲ့အပြင် move ကို တခြားဘယ်စကားလုံးတွေနဲ့ တွဲဖက်ပြီး သုံးလို့ရတာတွေကို ဝါကျတွေနဲ့ ရှင်းပြထားတော့ အသိတိုးပါတယ်။ အပြောကတော့ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာ၊ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်တော့ အင်္ဂလိပ်စကားကို မဖြစ်မနေပြောရတော့မှပဲ ပြောဖြစ်မှာကိုး။ အမေရိကန်မှာနေတာ ငါးနှစ်လောက်ရှိပြီ၊ မြန်မာပြည်ကဘွဲ့ရဆိုသူတွေတောင် အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ် မပြောတတ်တဲ့သူတွေ တွေ့ဖူးတယ်။ ကိုယ်သိချင်တာကို မေးမြန်းနိုင်၊ သူတပါး နားလည်သဘောပေါက်အောင် ပြောပြနိုင်ရင်ကို အတော်ဟုတ်နေပါပြီ။ လူမျိုးတိုင်းမှာ မိခင်ဘာသာစကားလေသံရှိတော့ စကားပြောတဲ့အခါ အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေး ပြောဖို့လိုပါတယ်။ အမေရိကန်ကိုရောက်လို့ နေရာတိုင်းမှာ အင်္ဂလိပ်စကားကြားရ၊ အင်္ဂလိပ်လို ပြောနေရတာတောင် မိခင်ဘာသာစကားမဟုတ်တော့ အခက်အခဲလေးတွေ ရှိနေမှာပါပဲ။ လေ့လာနေမယ်၊ ဖတ်နေတယ်၊ နားထောင်နေတယ်၊ အင်္ဂလိပ်စကားပြောချင်တဲ့ သူငယ်ချင်းတွေနဲ့ ပြောဖြစ်နေမယ်ဆိုရင် အင်္ဂလိပ်စာ တိုးတက်လာပါလိမ့်မယ်။ အင်္ဂလိပ်စာ လေ့လာတဲ့အခါမှလည်း ဘယ်တော့များမှ အင်္ဂလိပ်လို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်နိုင်ပါလိမ့်လို့ မတွေးဘဲ တနေ့ကို နည်းနည်း ဖတ်မယ်၊ မှတ်မယ်၊ လေ့လာမယ်၊ နားထောင်မယ်၊ တကြောင်း၊ နှစ်ကြောင်းလောက် ပြောကြည့်မယ်။ အင်္ဂလိပ်စာ လေ့လာတယ်ဆိုတာ ခုချက်ချင်း ရေတွင်းတူး ခုချက်ချင်း ရေကြည်သောက်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တောင်တက်သလို နှေးနှေးနဲ့မှန်မှန် တောင်ထိပ်ကိုကြည့်ပြီး အဝေးကြီးလို့ မတွေးဘဲ၊ တောင်အောက်ကိုကြည့်ပြီး ကြောက်စရာကြီး ငါ တက်မိတာ မှားလေခြင်းလို့ မတွေးဘဲ၊ ကိုယ်ရောက်နေတဲ့ နေရာကနေ နောက်ထပ်တလှမ်း အဲ့ဒီကနေ နောက်ထပ်တစ်လှမ်း လှမ်းနိုင်ရင် တောင်ထိပ်ကို မလွဲမသေ ရောက်ပါလိမ့်မယ်။ စိတ်မပျက်ဘဲ စိတ်ရှည်ဇွဲရှိဖို့တော့ လိုပါလိမ့်မယ်။
PS. I would like to suggest to use the good English to English dictionary. My favorite books are "Colorful Myanmar" and "King Among Men" written by Khin Myo Chit. "Colorful Myanmar" is "a practical and poetic guide for the visitor who wants something better than a tourist view of Burma". "King Among Men" is regarded as her masterpiece, a historical novel based on King Anawarath, the 11th century founder of first burmese kingdom with its capital, Bagan. I was so moved by reading her "Her Infinite Variety" and "Come, live with me!" short stories.
စန်းထွန်း
မတ် ၃၁၊ ၂၀၁၅။
4 comments:
ခုတော့၇န်ကုန်ပြန်ရောက်တုန်း အင်္ဂလိပ်စာပြန်လေ့လာဖို့ လုပ်နေတယ်ခင်ဗျး ကျေးဇူးပါ ဒီပို့စ်လေးအတွက်
လိုအပ်တယ်..
thanks...
Maung Myo said...
ကျနော်လည်း အင်္ဂလိပ်စာ ညံ့တယ် ထိုင်းကိုရောက်တော့လည်းနေ့စဉ်ကြား နေကျဘာသာစကားကပဲနားထဲစွဲနေတော့တာ
ခုတော့ရန်ကုန်ပြန်ရောက်တုန်း အင်္ဂလိပ်စာပြန်လေ့လာဖို့ လုပ်နေတယ်ခင်ဗျး ကျေးဇူးပါ ဒီပို့စ်လေးအတွက်
March 31, 2015 at 11:36 PM
blackroze said...
အထွန်းပြောတဲ့ စာအုပ်တွေမှတ်ထားလိုက်ပီ..
အင်္ဂလိပ်စာကတော့ ဘယ်နေရာမှာနေနေ
လိုအပ်တယ်..
အလုပ်လျှောက်တာက အစပေါ့လေ..
April 4, 2015 at 8:54 AM
နောင်ဂျိန် said...
thanks...
April 5, 2015 at 3:52 AM
Post a Comment