စာကြည့်တိုက်ချစ်သူ ...


The Lady ဟု တင်စားကြသော ထိုအမျိုးသမီးအကြောင်း တီဗွီဖန်သားပြင်မှာ မြင်ရတိုင်း မေဆိုသော မိန်းကလေးကို သတိရသွားကာ ကျွန်တော့် ဘယ်ဖက်ရင်အုံနေရာမှ ဆစ်ကနဲ မသိမသာ နာကျင်သွားလေ့ရှိသည်။ ကျွန်တော့်နှလုံးသား ထောင့်တနေရာမှာ သော့ခတ်သိမ်းဆည်းထားသော မေ့မျက်နှာကို ခပ်ပါးပါးလေး သတိရမိသည်။ မေ ဘာတွေများ လုပ်နေပါလိမ့်။ တိုက်ဆိုင်မှုများရှိခဲ့လျှင် ကျွန်တော့်ကိုများ သတိရနေမည်လား။ ဟင့်အင်း ကျွန်တော် မထင်ပါ။ ကျွန်တော် သိသလောက် မေ မလွမ်းတတ်ပါ။ လွှမ်းချိန်မရှိအောင်လည်း မေသည် လက်တွေ့ကျကျ ဆောင်ရွက်တတ်သူ ဖြစ်သည်။

*************************************************

စာအုပ်ကို စိတ်ဝင်တစား ဖတ်နေသော သူမကို ဖျပ်ခနဲ တွေ့လိုက်ရချိန် ကျွန်တော့် ရင်အစုံ ဖျပ်ခနဲ ခုန်သွားခဲ့သည်။ သူမ၏ မျက်ဝန်းညိုနှင့် ဆုံတွေ့ခိုက် ကျွန်တော့်ရင်ခုန်သံ  မြန်သွားသည်။ နှုတ်ခွန်းဆက်စကားဆိုပြီး ကြည်ကြည်လင်လင်လေး ပြုံးပြနေသော သူမ၏ အပြုံးကို ကျွန်တော် စွဲလမ်းသွားခဲ့သည်။ ပန်းချီစာအုပ်ကို ကျန်းမာရေးစာအုပ်စင်မှာ အယောင်ယောင်အမှားမှား စီမိတော့ နဖူးကို စာအုပ်ဖြင့် ရိုက်ကာ ကျွန်တော် ရယ်မောမိလေသည်။ အချစ်ဆိုသောအရာသည် ကျွန်တော့်ကို ယောင်တိယောင်ချာ ဖြစ်စေခဲ့သည်။

စာအုပ်ပေါက်ထွက်မတတ် စိတ်ဝင်တစားဖတ်နေသော သူမပုံသဏ္ဌန်သည် ကျွန်တော့်ကို ညှို့ငင်နိုင်လွန်းသည်။ တခါတလေ စာအုပ်ထူကို ခေါင်းအုံးကာ အိပ်ပျော်နေသော သူမကိုတွေ့တော့ ကျွန်တော် သနားမိသည်။ တခါတလေ စာအုပ်ကြည့်လျက် စာကိုမမြင်ဘဲ ငိုင်နေတတ်သော သူမကိုတွေ့တော့ ကျွန်တော် စိတ်ပူမိသည်။ တခါတလေ မျက်ရည်ကြည်ဝိုင်းနေသော သူမကိုတွေ့တော့ ကျွန်တော် သနားကြင်နာမိသည်။ တခါတလေ သူငယ်ချင်းများနှင့် ရယ်မောနေသော သူမကိုတွေ့တော့ ကျွန်တော် ပျော်ရွှင်မိသည်။ သူမ၏ ခံစားမှုကို ခန့်မှန်းရသည်မှာ ကျွန်တော့်အတွက်တော့ လျှို့ဝှက်သည်းဖို ဝထ္ထုဖတ်ရသလို စိတ်ဝင်စားစရာ ကောင်းသည်။


သူမသည် ယောကျ်ားလေးတယောက် စွဲမက်လောက်အောင် အပြင်အဆင်မရှိ။ ဆံပင်နက်နက်စင်းစင်း၊ မျက်ဝန်းညိုညို၊ နှစ်လိုဖွယ်ရာအပြုံးနှင့် ရိုးသားအေးချမ်းသော သူမသည် ကျွန်တော့်အတွက်တော့ စွဲမက်မှု အပြည့်ရှိသည်။ သူမကို တွေ့ရတိုင်း သူမအကြောင်း သိချင်စိတ် ဒီဂရီတိုးလာခဲ့သည်။ ကျွန်တော့်ဆန္ဒ ပြည့်ဝခဲ့လေသည်။ စာကြည့်တိုက်သင်တန်းသူ သူမ စာကြည့်တိုက်သို့ လုပ်အားပေးဖို့ ရောက်လာချိန်မှာကား ကျွန်တော် ဝမ်းသာသည်မှာ ဆိုဖွယ်ရာမရှိတော့။

စာကြည့်တိုက် အလုပ်လုပ်ပုံအကြောင်း မေ နားလည်သဘောပေါက်အောင် သင်ယူနေသလို မေ့အကြောင်းလည်း ကျွန်တော် ပိုသိလာရသည်။ များပြားလှသော စာအုပ်များကို ကဏ္ဍအလိုက် ခွဲထားပုံ၊ စာကြည့်တိုက်ဆော့ဝဲသုံးပုံတွေ သင်ပေးရသည်။ တချို့ကျောင်းသားများက စာအုပ်ဖတ်ပြီး  ထားရန်နေရာတွင် မထားဘဲ တခြားကျောင်းသားများ မတွေ့အောင် ဖွတ်ထားတတ်သေးသည်။ ကွန်ပျူတာစနစ်တွင် စာအုပ်အရှိပြနေပြီး တကယ့်နေရာတွင် မရှိသောအခါ ကျွန်တော်တို့နှစ်ယောက် အလုပ်များရလေသည်။

စာအုပ်စီစီရီရီကြား သစ်သားထိုင်ခုံတွင်ထိုင်ကာ စာဖတ်ရသည်ကို မေ နှစ်သက်သည်။ ဒီဗွီဒီရုပ်ရှင်၊ ကလေးများအတွက် စာအုပ်စုံ၊ လေ့လာစရာစာအုပ်များစွာနှင့် စည်ကားနေတတ်သော စာကြည့်တိုက်ကို မေ သိပ်သဘောကျသည်။ မေတို့ တိုင်းပြည်တွင် စာကြည့်တိုက် ရှားပါးသည်။ ဒီလိုမျိုး စာကြည့်တိုက်မျိုးရှိစေချင်သည်မှာ မေ့ ရည်မှန်းချက် ဖြစ်သည်။


မေသည် သစ်ပင်များကိုလည်း ချစ်သည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း စိတ်ဝင်စားသည်။ တိုးတက်လာသော မေ့တိုင်းပြည်တွင် သစ်တော်ပြုန်းတီးမှု များလာသည်။ ထိန်းသိမ်းဖို့ တိုက်တွန်းနှိုးဆော်ရမည်၊ ဆောင်ရွက်ရမည်ဟု ဆိုသည်။ တခါတလေ မေ့တိုင်းပြည်ကို  ကျွန်တော်မနာလို ဖြစ်မိသည်။ မေ့တိုင်းပြည်လောက်တောင် ကျွန်တော် နေရာမပေးခံရသောကြောင့် ဖြစ်မည်။

အာရှတိုက်မှ အိုင်းရစ်လူမျိုးများဟု တင်စားခံရသော၊ နွေးထွေးအပြုံးများနှင့် ကြိုဆိုတတ်သော၊ ချစ်စရာကောင်းသော ဓလေ့ထုံးစံများနှင့် ဘုရားပုထိုးများရှိသော တိုင်းပြည်အကြောင်း တမ်းတမ်းတတ မေ ပြောပြတတ်သည်။ ပထမနိုင်ငံတော်တည်ထောင်ပုံ၊ ဗုဒ္ဓဘာသာအကြောင်း၊ အင်္ဂလိပ်ဆီမှ လွတ်လပ်ရေးရအောင် ကြိုးပမ်းကြသော ခေါင်းဆောင်များအကြောင်း တခမ်းတနား ပြောပြတတ်သည်။ မေမွေးဖွားကြီးပြင်းရာနိုင်ငံသို့ ကျွန်တော် ရောက်ဖူးချင်မိသည်။ Culture Day တွင်တော့ ကျွန်တော်မြင်ဖူးချင်လှသော ရိုးရာဝတ်စုံလေး မေ ဝတ်ဆင်လာခဲ့သည်။ ရိုးစင်းလှပသော ရိုးရာဝတ်စုံလေးနှင့် မေ ကျက်သရေရှိရှိ လှပနေခဲ့သည်။

မေ့ကို ကျွန်တော် အသေအချာပင် မြတ်နိုးသည်။ မေ့ကို ပိုင်ဆိုင်ချင်သည်။ မေ သင်တန်းပြီးဆုံးကာနီးလေလေ မေ့ကို ခွဲရမည့်အကြောင်းတွေးကာ ကျွန်တော့်ရင်အစုံ ပူလောင်လွန်းလှသည်။ ကျွန်တော် လက်ထပ်ခွင့်တောင်းသောအခါ မေ တချက်ငိုင်သွားခဲ့သည်။ ကျွန်တော် တကယ်မြတ်နိုးမှန်း မေ သိသည်။ မေ စိတ်ညစ်တိုင်း သွားနေကျ ရေကန်လေးဘေး သွားထိုင်ကာ စဉ်းစားနေလေသည်။ မေ့အဖြေ စောင့်ဆိုင်းနေချိန်များတွင် ကျွန်တော့်မှာ နေမထိ ထိုင်မသာ။ ကျွန်တော် ထင်သည့်အတိုင်း ကျွန်တော့်ထက် မေ့ ရည်မှန်းချက်ကို မေရွေးချယ်ခဲ့လေသည်။


လေယာဉ်ကွင်းကို လိုက်ပို့သည့်နေ့ကတော့ နောက်ဆုံးအကြိမ်အဖြစ် လွတ်ထွက်မသွားအောင်  မေ့ကိုယ်လေးကို ခပ်တင်းတင်းလေး ပွေ့ဖက်မိသည်။ မေ၏ ကြည်လဲ့ရွှန်းစို မျက်ဝန်းညိုကို ကျွန်တော့်နှလုံးသားထဲ စွဲထင်နေအောင် သိမ်းထားလိုက်သည်။ လေယာဉ်ပျံကြီး ကောင်းကင် တရွေ့ရွေ့ တက်သွားချိန် ကျွန်တော့် နှလုံးသားလည်း တစစ်စစ် ကြေကွဲနေခဲ့သည်။ ထိုနေ့ကတော့ ကျွန်တော်မျက်ဝန်းတို့ စိုစွတ်သွားသည်။

ချစ်ရသူ ထိတွေ့ခဲ့သော အရာများသည် ကျွန်တော့်ကို ပိုသတိရစေသည်။  ချောချောမောမောရောက်ကြောင်း အီးမေးလ်ရတော့ မေ ကျွန်တော့်ကို သတိတရ ရှိနေသေးကြောင်း တွေးမိကာ ဝမ်းသာသည်။ အင်တာနက်ကွန်နက်ရှင် မကောင်းသော မေတို့တိုင်းပြည်မှ မေ့စာကို  ရံဖန်ရံခါသာ ရတတ်လေသည်။ မေ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရင်း အလုပ်များနေသည်မို့ ကျွန်တော့်ဆီ စာအရောက် ကြဲသွားသည်။ တခါတလေတွင်မှ မေ့ဆီမှ အခက်အခဲများ၊ ရုန်းကန်ကြိုးစားနေပုံများ ရေးထားသော စာတိုလေး ရရှိတတ်သည်။

 အချိန်ရာသီများ ကုန်ဆုံးသွားချိန် ကျွန်တော့်ရင်ထဲမှ ဝေဒနာမှေးမှိန်ဖျော့တော့သွားခဲ့သည်။ ထိုအချိန် ကျွန်တော် ကက်သရင်းနှင့် ဆုံတွေ့ခဲ့သည်။ ဆွဲဆောင်မှုပြင်းလွန်းသော ကက်သရင်းအလှတွင် ကျွန်တော် ပျော်ဝင်သွားသည်။ ကက်သရင်းနှင့် လက်ထပ်ပြီး ချစ်စရာကောင်းသော သားလေးဂျွန်၏ ဒယ်ဒီဖြစ်လာခဲ့သည်။ သူမကို ကျွန်တော် တကယ် မေ့လျော့သွားခဲ့သည်။ တနေ့တွင်တော့ တိုင်းပြည်အတွက် အရာအားလုံးပေးဆပ်ထားသော၊ အကြောက်တရား ကင်းမဲ့သော ထိုအမျိုးသမီးအကြောင်း တီဗွီဖန်သားပြင်ထက် ကျွန်တော်တွေ့လိုက်ရချိန် ....တချိန်တုန်းက ထိုအမျိုးသမီးအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောပြဖူးသော မေဆိုသော မိန်းကလေးတယောက်ကို ကျွန်တော် ဖျပ်ခနဲ သတိရသွားသည်။


မေနှင့် ကျွန်တော် မတွေ့သည်မှာ နှစ်ပေါင်းအတော် ကြာခဲ့လေပြီ။  ကျွန်တော့်နှလုံးသားထောင့်တနေရာမှာ သိမ်းဆည်းထားခဲ့သည်မှာလည်း အတော်ကြာခဲ့လေပြီ။ လွန်လေပြီးသော ကာလတခုဆီက ကျွန်တော့်ဆန္ဒတစုံ ဖြစ်ခဲ့ဖူးသော မေမွေးဖွားရာတိုင်းပြည်ကို သွားရောက်လည်ပတ်ခွင့် ကြုံခဲ့သည်။ မေပြောပြဖူးသော ပထမနိုင်ငံတော်တည်ထောင်ရာ ဘုရားပုထိုးများစွာရှိသောနေရာ၊ ခြေထောက်ဖြင့် လှော်ခတ်သော ရေကန်၊ နောက်ဆုံး နန်းစိုက်ရာမြို့၊ ရွှေတောင်ကြီးပေါက်သလို ဘုရား၊ အင်ဂျင်နီယာနည်းဖြင့် တည်ဆောက်ရန်ခက်သော ဘုရားတို့ကို ကျွန်တော် လည်ပတ်ခဲ့သည်။ ထိုနိင်ငံသည် မေကဲ့သို့ပင် စိတ်ဝင်စားဖွယ်အပြည့်ဖြင့် နွေးထွေးပျူငှာ ချစ်စရာကောင်းလွန်းလှသည်။

ထိုတိုင်းပြည်၏ တနေရာတွင် ကျွန်တော်မြတ်နိုးရင်ခုန်ရဖူးသော မိန်းကလေး ရှိနေခဲ့သည်။ သူမချစ်သော စာအုပ်များ၊ သစ်ပင်များကြား သူမ၏ အိမ်မက်များကို ကျားကုပ်ကျားခဲ အကောင်အထည် ဖော်နေလိမ့်မည်။

ကျွန်တော် မေ့ကို ခပ်ဖွဖွလေး သတိရနေမိခဲ့သည်။

စန်းထွန်း
ဧပရယ် ၁၊ ၂၀၁၂။

ဇူလှိုင်လ Teen Magazine ရဲ့ Blog Digest အတွက် ရွေးချယ်ခံရတယ့် အက်ဆေး
ကျွန်မရဲ ့ ပထမဆုံး ပုံနှိပ်စာအုပ်မှာ ဖော်ပြခံရတယ့် အက်ဆေးလေးပါ။

5 comments:

စံပယ္ခ်ိဳ said...


ဗညားရှိန် said...

သူမဟာ သူမ
သူမရဲ့စိတ်
သူမရဲ့ အတွေး
လွင့်မျောလို့
သူမဟာ သူမရဲ့ အိမ်မက်ကို အဲဒီထဲမှာပဲ မြုပ်နှံထားခဲ့ပေါ့

Anonymous said...

ကိုစန်းထွန်းရေ....

San San Htun said...


San San Htun said...

စံပယ်ချို said...
အဲဒီ သူမ ကလူတိုင်းရင်ထဲမှာပါစန်းထွန်းလဲ
သတိရနေမှာပါ အမေစု အောင်မြင်ပါစေ
April 1, 2012 at 3:56 AM
ဗညားရှိန် said...
သူမဟာ သူမ
စာရွက်တရွက်ချင်းစီရဲ့ နောက်မှာ
သူမရဲ့စိတ်
သူမရဲ့ အတွေး
သူမရဲ့ လင်းလက်ခြင်း အမှုန်တွေ
လွင့်မျောလို့
သူမဟာ သူမရဲ့ အိမ်မက်ကို အဲဒီထဲမှာပဲ မြုပ်နံှထားခဲ့ပေါ့
April 1, 2012 at 11:48 PM
ဝေမိုးနိုင်(မုံရွာ) said...
ကိုစန်းထွန်းရေ....
ကျွန်တော်ဒါကို သိပ် နားမလည်ဘူးဖြစ်နေတယ်။ အန်တီစုအကြောင်းရေးတာလို့ထင်ပါရဲ့။ ဒါပေမယ့် တခြားနိုင်ငံသားတစ်ဦးအနေနဲ့ရေးထားတာ ဆိုတော့ စိတ်ကူးယဉ်လိုလို၊ တကယ်လိုလို ဖတ်ရတာမရှင်းဘူး။ ဇာတ်လမ်းက မရှင်းတာမဟုတ်ပါဘူး။ ဒါကို ကိုစန်းထွန်းရေးတာလား။ ဒါမှမဟုတ် ဒီဇာတ်ကောင် ကိုယ်တိုင်ရေးတာကို ဘာသာပြန်တာလားသိပ်မကွဲပြားလို့ အတည်ပြုပေးစေလိုပါတယ်ခင်ဗျာ။
April 5, 2012 at 3:18 AM
San San Htun said...
တယ်တော်တဲ့ ငါပေတကား..မရှင်းအောင် ရေးနိုင်တယ်...သူမတွေ များသွားလို့နဲ့ တူပါရဲ့..ကိုင်း..ပြန်ပြင်လိုက်မယ်နော့..ကိုယ်တိုင်ရေးတာလို့ အတည်ပြ ုပါတယ်...
April 6, 2012 at 12:29 PM