၂၀၂၀ ရွေးကောက်ပွဲ…

နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ ရွေးကောက်ပွဲကို ၄ နှစ်တစ်ကြိမ် ကျင်းပပြီး သမ္မတသက်တမ်း နှစ်ဆက် ၈ နှစ် တာဝန်ထမ်းဆောင်ခွင့် ရှိတယ်။ ၂၀၁၆ တုန်းက ဟီလာရီကို နိုင်မယ်ထင်နေတာ ထရန့်နိုင်သွားတယ်။ ပြည်သူတွေပေးတဲ့ ပေါ်ပြူလာမဲမှာ ဟီလာရီက အနိုင်ရပေမဲ့ တကယ်အဆုံးအဖြတ်ပေးတဲ့ electoral college ကရွေးတဲ့မဲမှာ ထရန့်နိုင်တယ်။ ပေါ်ပြူလာမဲမှာနိုင်ပြီး electoral votes မှာရှုံးတာ ရှားတယ်။ ၂၀၁၀ တုန်းက အယ်လ်ဂိုးက ပေါ်ပြူလာမဲမှာနိုင်ပြီး electoral votes မှာ ဂျော့ဒဗလျူဘုချ့်ကို ရှုံးတယ်။ သူဌေးတုန်းက တီဗွီမှာသိပ်မပါပေမဲ့ သမ္မတဖြစ်တော့ နေ့တိုင်းသူ့သတင်းချည်းပဲ။ သတင်းအမြဲနားထောင်တဲ့ကိုယ် ထရန့်စိတ်ဓာတ်၊ အပြုအမှု၊ အပြောအဆိုကို မကြိုက်လို့ သူသမ္မတဖြစ်ပြီးကတည်းက သတင်းကိုမကြည့်တော့တာ။ အိတ်ချ်ဝမ်းဘီအလုပ်ဗီဇာကို တင်းကျပ်တာ၊ စီတီဇင်တွေရဲ့ ဆွေမျိုးတွေကို ခေါ်ခွင့်မပြုတော့တာ၊ ဒုက္ခသည်လက်မခံတော့တာ သူ့လုပ်ဆောင်ချက် ကောင်းတာထက် သူ့ကိုမကြိုက်တာက များနေတယ်။ ခုရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို နိုင်စေချင်တာ။ ရီပါဘလင်ကန်ပါတီကို မကြိုက်လို့မဟုတ်ဘူးနော် နှစ်ပါတီစလုံးက တိုင်းပြည်ကောင်းအောင်လုပ်မဲ့ပါတီဆိုတာ ယုံကြည်ပါတယ်။ ရီပါပလင်ကန်ပါတီထက် ထရန့်ကိုမကြိုက်လို့။ ရီပါပလင်ကန်ပါတီက သမ္မတလောင်းက တခြားတယောက်ဆိုရင် မူဝါဒကိုကြည့်ပြီး ထောက်ခံချင်ထောက်ခံမလားမသိဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မဲ့ သမ္မတလောင်းကို ထောက်ခံမှာပါပဲ။ သမ္မတလောင်း၊ ဒုသမ္မတလောင်းနှစ်ယောက် စကားစစ်ထိုးပွဲကို တကမ္ဘာလုံးက စောင့်ကြည့်ရတယ်။ တချို့ပြည်နယ်တွေက ကြိုတင်မဲပေးလို့ရတယ် တချို့ပြည်နယ်တွေက မရဘူး။ ကိုဗစ်ဖြစ်နေလို့ စာတိုက်ကနေ မဲပေးလို့ရတယ်။ ယူတာ့၊ ကော်လိုရာဒိုစတဲ့ ပြည်နယ် ၇ ခုမှာ စာတိုက်ကနေမဲပေးလာတာ ၈ နှစ်ရှိပြီ။ မဲခိုးမဲလိမ်တာ မရှိဘူး စာတိုက်ကနေ မဲပေးတဲ့စနစ် အောင်မြင်တယ်။ ကော်လိုရာဒိုပြည်နယ်ဆို ၇၅ % မဲပေးတဲ့အထိ မဲပေးတဲ့လူများတယ်။ ဂျိုးဘိုင်ဒန်ကို ထောက်ခံတဲ့သူတွေက စာတိုက်ကနေ မဲပေးကြပြီး ထရန့်ကိုထောက်ခံတဲ့လူတွေက လူကိုယ်တိုင်မဲပေးကြတယ်။ ကိုဗစ်ဖြစ်နေလို့ မဲထွက်ပေးကြပါ့မလား ထင်နေတာ စံချိန်တင်မဲပေးကြတယ်။ Electoral College ဆိုတာကို ဒီနှစ်မှပဲ သေသေချာချာ ဖတ်ဖြစ်တော့တယ်။ အီလက်ထရိုရယ်ကောလိပ်မှာ ၅၃၈ မဲရှိပြီး ၂၇၀ မဲရတဲ့သူက နိုင်ပါတယ်။ ပြည်နယ်တိုင်း ဆီနိတ်တာ၊ representative လွှတ်တော်ကိုယ်စားလှယ်၂ မဲရပါတယ်။ Electoral votes ကတော့ လူဦးရေပေါ် မူတည်ပြီး ပြည်နယ်တခုနဲ့တခု ကွာခြားပါတယ်။ elector တွေကို ပါတီက ရွေးချယ်တယ်။ နယူးယောက်ဆို ပြည်နယ်ကသေးပေမဲ့ ၂၉ electoral votes ရတယ်။ မြေပုံကိုကြည့်လိုက်ရင် အနီများပေမဲ့ အပြာရောင်နယူးယောက်ပြည်နယ်က အနီရောင်ပြည်နယ် လေးခုလောက်နဲ့ ညီမျှတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က မဲ ၁၇ သန်းကို ၂ ရက်လောက်နဲ့ မြန်ဆန်တိကျစွာ ရေတွက်ပြီးပေမဲ့ ဘေးကနီဗားဒါးပြည်နယ်ကတော့ မဲ ၁၃ သိန်းကို ၄ ရက်လောက် အချိန်ယူလို့ ကမ္ဘာပေါ်မှာ အနှေးဆုံးသတ္တဝါ sloth ကာတွန်း၊ အမျိုးမျိုးရယ်စရာလုပ်ပြီး troll ကြတယ်။ ထရန့်ကနိုင်သွားလိုက် ဂျိုးဘိုင်ဒန်ကသာသွားလိုက်နဲ့ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ရတာ အတော်ရင်ခုန်ဖို့ကောင်းတယ်။ 



Swing ပြည်နယ်တွေက အဆုံးအဖြတ်ပေးတာပါပဲ။ ၂၀၁၆ တုန်းက ထရန့်နိုင်ခဲ့တဲ့ ဝစ်ကွန်ဆင် ၊ မစ်ချီကန်မှာ ဂျိုးဘိုင်ဒန်နိုင်လို့ အဖြေပြောင်းသွားတယ်။ အဲ့ဒီပြည်နယ်ကို Blue wall လို့ တင်စားကြတယ်။ နောက်ဆုံးကျန်တဲ့ အရီဇိုးနား၊ ‌‌ဂျော်ဂျာပြည်နယ်တွေကို မဲရေတွက်ချိန်ဟာ ရေချိန်အမြင့်ဆုံး။ အဆုံးအဖြတ်ပေးတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်မဲကို ရေတွက်ပြီးချိန် နိုဝင်ဘာ ၇ စနေနေ့ နေ့လည် ၁၁ နာရီလောက်မှာ သတင်းဌာနတွေက ဂျိုးဘိုင်ဒန် အပြတ်အသတ်နိုင်ပြီလို့ ကြေငြာလိုက်ချိန်မှာ ပြည်သူတွေလမ်းပေါ်ထွက် အောင်ပွဲခံကြတယ်။ သူတို့အပျော်တွေက တီဗွီကနေတဆင့် ကိုယ့်ဆီကူးဆက်လာတယ် ကိုယ်လည်း အိမ်ထဲမှာ အောင်ပွဲခံတယ်။ ဂျိုးဘိုင်ဒန်ဖက်က အေးဆေးပေမဲ့ အရှုပ်ထုပ်ထရန့်ကတော့ သူ့နိုင်တဲ့ပြည်နယ်မှာဆို မဲကိုဆက်ရေတွက်တဲ့ ရှုံးတဲ့ပြည်နယ်တွေဆို မဲရေတာရပ်တဲ့။ မဲခိုးတယ်၊ မဲလိမ်တယ်၊ မဲရေတာကို စောင့်ကြည့်ခွင့် မပေးဘူး၊ သူ့ရှုံးတဲ့ပြည်နယ်တွေကို တရားစွဲမယ်နဲ့ ဒရာမာကွင်း။ ကိုရီးယားကား ဒရာမာများတယ်ဆိုတာ ထရန့်ကိုဘယ်မှီပါ့မလဲ။ ထရန့်တရားစွဲတဲ့ပြည်နယ်တွေကလည်း သူတို့မဲရေတွက်တာ စနစ်တကျ မှန်မှန်ကန်ကန် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ပြန်ချေပ။ မဲခိုးမဲလိမ်စောင့်ကြည့်ခွင့်မပေးဘူးဆိုရင် သက်သေအထောက်အထားပြလို့ ပြည်နယ်တရားရုံးတွေကပြောတယ်။ ထရန့် ရှုံးလို့ပြသနာရှာ ရှုံးပါတယ်လို့ ဝန်မခံဘူး သူနိုင်ခဲ့တယ် သူနိုင်မယ်ဆိုတာကြီးပဲ။ ဒုသမ္မတလောင်း ကမာလာဟဲရစ်ကို သဘောကျတယ်။ ရာထူးအမြင့်ဆုံး ပထမဆုံးအမျိုးသမီး၊ ပထမဆုံးလူမည်း၊ ပထမဆုံးတောင်အာရှသူ။ ကမလာဟဲရစ်ရဲ့အဖေက ဂျမေကာလူမည်း၊ အမေကအိန္ဒိယ၊ ယောကျ်ားကဂျူး၊ အမေရိကန်ပြောင်းရွေ့အချေသူတွေရဲ့မျိုးဆက်။ ချောမောလှပပြီး ထက်မြက်တဲ့ ကမာလာကို ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်စေချင်တယ်။ နိုဝင်ဘာ ၈ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ အယ်လ်နယ်ဒီမှာ နိုင်မှာကိုသိပေမဲ့ စိတ်ပူနေတယ်။ ကိုဗစ်ဖြစ်တော့ မဲမှထွက်ပေးပါ့မလားလို့ စိတ်ပူနေတာ စံချိန်တင်မဲပေးတယ် အပြတ်အသတ်နိုင်ပါတယ်။ ကိုယ့်အသိုင်းအဝိုင်းမှာ အစိမ်းတွေကို ထောက်ခံအားပေးတဲ့သူမရှိတာ ကံကောင်းခြင်းတမျိုးပဲ။ မဲသွားမပေးတဲ့သူတွေကို တိုင်းပြည်တာဝန် မကျေတဲ့သူတွေလို့ မြင်တယ်။ ငါးနှစ်မှတကြိမ် မဲပေးရတာကို တိုင်းပြည်အတွက် ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား။ အမေရိကန်နိုင်ငံမှာလို ပါတီတိုင်းက တိုင်းပြည်အတွက် လုပ်ပေးတဲ့ပါတီတွေပဲဆိုတော့ မဲမပေးလည်း ဘာအရေးလဲ ဘယ်ပါတီပေးပေး အတူတူပဲ။ ကိုယ့်တိုင်းပြည်မှာက အယ်လ်နယ်ဒီနိုင်မှဖြစ်မှာ မဲတပြားစီတိုင်းက အရေးပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးပြောတာ သဘောကျလိုက်တာ။ “ဘယ်ပါတီတက်တက် အတူတူပဲလို့ မပြောပါနဲ့ … ကိုယ်အသိညဏ်နည်းတာကို ပြရာရောက်တယ်… တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကို ကြည့်ပါလား… ကိုရီးယားနိုင်ငံသား လူမျိုးအတူတူ ဘာသာစကားအတူတူ…. အုပ်ချုပ်တဲ့အစိုးရကွာတော့ ပြည်သူတွေရဲ့ အဆင့်အတန်း ဘယ်လောက်ကွာသလဲ…. ဘယ်အစိုးရတက်တက် အတူတူပဲ ကိုယ်လုပ်မှကိုယ်စားရတာ…. ဟုတ်ပါတယ် ကိုယ်လုပ်မှကိုယ်စားရတာ…စင်္ကာပူက အိမ်သာဆေးတဲ့သူနဲ့ မြန်မာပြည်က အိမ်သာဆေးတဲ့သူ … အိမ်သာဆေးတဲ့အလုပ် အတူတူပဲ… ဒါပေမဲ့ နိုင်ငံချမ်းသာတာ၊ ဆင်းရဲတာကွာတော့ အလုပ်တူတာခြင်းတောင် ဘဝအခြေအနေ ဘယ်လောက်ကွာသလဲ” ။ မဲမထည့်တဲ့သူတွေ၊ ဘေးထိုင်ဘုပြောတဲ့သူတွေ၊ တိုင်းပြည်ကိုဖျက်နေတဲ့ အရှုပ်ထုပ်တွေ သိပ်အမြင်ကပ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုမှာ ကိုယ်နိုင်စေချင်တဲ့သူတွေ အနိုင်ရလို့ ပျော်ရွှင်ရပါတယ်။


စန်းထွန်း

နိုဝင်ဘာ ၂၀၊ ၂၀၂၀။


No comments: