အလာစကာသွား ‌တောလား - ၆

အလာစကာတက္ကသိုလ်တောင်ကုန်းကနေ ဂျော့ဆန်ဘော်တနစ်ဂါးဒင်းကို မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရပါတယ်။ ကလေးတွေ ကစားနေတာကို မိဘတွေက စောင့်ကြည့်နေတယ်။ ဟန်က အမေရိကန်မှာ ကလေးတွေကို အချိန်ပေးတယ်၊ ဘယ်စားမလဲဆိုတာ ကလေးကိုယ်တိုင် ရွေးချယ်ရတယ်၊ မိဘတွေကလည်း သေသေချာချာ ရှင်းပြပေးတယ်၊ ညဖက်အိပ်ချိန် ပုံပြင်ဖတ်ပြတယ်။ အမေရိကန်မှာ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးတယ်။ ဗီယက်နမ်မှာဆို ကလေးတွေကို အကုန်လုပ်ပေးရတယ်၊ ၇၊ ၈ နှစ်အထိ ထမင်းခွံ့ကျွှေးနေရတုန်း ကွာတယ်။ အယ်မလေး ... မြန်မာပြည်မှာလည်း အတူတူပဲ။ အဘိုးအဘွား၊ ကြီးတော်တွေက ထမင်းခွံ့ကျွှေး၊ အမေအဖေဆူရင် အဘိုးအဘွား ကြီးတော်တွေက ဝင်ပါ ကလေးတွေကို ဖျက်ဆီးနေကြတယ်။ အမေဟာ ကလေးသုံးယောက်ကို အကူအထိန်းမပါဘဲ တစ်ယောက်တည်းထိန်းကျောင်း၊ အဖေ့စီးပွားရေးလည်း ဝင်ကူလုပ်ရတော့ ထမင်းခွံ့ကျွှေးဖို့ အချိန်မရှိဘူး။ ကိုယ့်ဘာသာလုပ်ရတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ ပန်းခြံထဲမှာ ပန်းရောင်၊ အနီရောင်၊ နီညိုရောင် အဆုပ်လိုက် ပွင့်နေကြတာ အင်မတန်လှတယ်။ လူတွေကိုရှောင်ကွင်းပြီး ပန်းအများကြီးလို့ ထင်ရအောင် ရိုက်ရတာ ပညာပါတယ်။ ဝိုင်းဟာ ဓာတ်ပုံရိုက်တဲ့နေရာမှာ အင်မတန်ချေးများတယ်။ နဖူးပေါ်ဝဲနေတဲ့ ဆံပင်မလှလို့၊ နောက်ကျောဖက်ကနေ ရိုက်တဲ့အခါ ဆံပင်အနေအထားမလှလို့နဲ့ ထပ်ထပ်ရိုက်ခိုင်းတတ်တယ်။ ဓာတ်ပုံရိုက်ရင် ကိုယ့်ဓာတ်ပုံကနည်းနည်း ဝိုင်းဓာတ်ပုံကများများ။ ပြီးရင် ကိုယ်က ဖေ့ဘွတ်ပေါ် အကုန်လုံးတင် ဝိုင်းက တစ်ပုံနှစ်ပုံလောက်ပဲတင်တယ်။ မကြီးလည်း ဝိုင်းလိုပဲ ပုံစံတစ်မျိုးတည်းကို ဓာတ်ပုံတွေရိုက်လို့ မဆုံးတော့ဘူး။ အဖေ့အိုင်ပတ်၊ ဖုန်းမှာ မကြီးဓာတ်ပုံတွေကြီးပဲလို့ အဖေက ညည်းတယ်။ ဟန်က ဘယ်လိုရိုက်ပေးပါလို့ တောင်းဆိုတယ် ပြီးရင်ဓာတ်ပုံပြန်ကြည့်တယ်။ စိတ်တိုင်းမကျရင် ဝိုင်းကိုဓာတ်ပုံရိုက်ပြ ပြီးရင်သူ့ကို အဲ့ဒီလိုရိုက်ပေးပါလို့ ထပ်တောင်းဆိုတယ်။ ဝိုင်းက နင် ရုပ်ဆိုးနေတော့ ဘယ်လိုရိုက်ရိုက်မလှဘူး။ ဟန်က နင် ငါ့ညီမမှဟုတ်ရဲ့လား ကိုယ့်အစ်မကို ပိုးစိုးပက်စက် ပြောရက်လိုက်တာနဲ့ ရန်ဖြစ်ကြရော။ မိုးရွာလာတော့မှ ဓာတ်ပုံရိုက်တာ ရပ်တယ်။ ပန်းခြံအဝင်နားမှာရပ်ပြီး Fountainhead Antique Auto Museum ကိုသွားဖို့ အူဘာကားငှားတော့မှ ပန်းခြံဝင်ခကို တွေ့တယ်။ပန်းခြံဝင်ခ မပေးတော့ပါဘူး။ ငါးမိနစ်လောက်အကြာမှာ အူဘာကားရောက်လာတယ်။ ကားပြတိုက်ကို မိနစ်နှစ်ဆယ်လောက်ပဲ ဝေးပါတယ်။ အူဘာကားမောင်းတဲ့ ကောင်မလေးက အလာစကာကို ရောက်လာတာ သုံးလလောက်ပဲ ရှိသေးတယ်။ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့နားမှာနေတာ။ ဘာလို့အလာစကာကို ပြောင်းလာတာလဲလို့ မေးကြည့်တော့ ကော်လိုရာဒိုပြည်နယ်မှာ moose ကို တသက်မှာတကြိမ်ပဲ ပစ်ခွင့်ရှိတယ်။ အလာစကာမှာတော့ တစ်နှစ်ကို နှစ်ကြိမ်ပစ်ခွင့်ရှိတယ်။

အလာစကာမှာ ကိုယ့်ဘာသာအိမ်ဆောက်ရင် ငါးနှစ်နေရင် ကိုယ်ပိုင်ဖြစ်လို့ ပြောင်းလာတာ။ သြော် ... သားကောင်ပစ်ချင်လို့ကိုး။ ချမ်းသာတဲ့အမေရိကန်တချို့ အာဖရိကမှာ အမေရိကန်ဒေါ်လာ ငါးထောင်ခြောက်ထောင်ပေးပြီး ခြင်္သေ့၊ သစ်ကုလားအုတ်ကို တရားဝင်ပစ်ကြတယ်။ Throphy ထရိုဖီလို့ခေါ်ပါတယ်။ မီနီဆိုးတားပြည်နယ်က နာမည်ကြီးသွားဆရာဝန်တစ်ယောက် ထရိုဖီအဖြစ် ဆာဖာရီထဲက တိုးခရီးသည်တွေရဲ့ အချစ်တော်ခြင်္သေ့ကို ပစ်လို့ ဆေးခန်းရှေ့၊ အိမ်ရှေ့မှာ ဆန္ဒတွေပြ၊ စာတွေကပ်ကြလို့ ဆေးခန်းပိတ်ရဖူးတယ်။ ကားပြတိုက်ကိုသွားဖို့ တိုက်တွန်းသူက ဟိုတယ်ပိုင်ရှင်အဘိုးကြီး။ ပြင်သစ်မှာဆိုရင် လုပ်စ်၊ ဖဲဘန့်မှာဆိုရင် ကားပြတိုက်သွားသင့်တယ်။ ယူအာကားမောင်းသူလေးကို မေးကြည့်တော့ ကားတွေကို သူ့ခေတ်အလိုက် အဝတ်အစားတွေနဲ့ တွဲပြထားတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်တဲ့။ ကားပြတိုက်က သိပ်မကြီးဘူး ဒါပေမယ့် အမေရိကန်ထုတ် ရှေးဟောင်းကားတွေကို သေသေချာချာ ရှာဖွေပြီးစုံလင်အောင် ပြသထားတယ်။ ကားထုတ်တဲ့အချိန်ကာလက အဝတ်အစားတွေကို ဘေးမှာ အရုပ်တွေနဲ့ တင်ဆက်ထားတယ်။ ကားတွေက ကိုယ်တို့ဘယ်တုန်းကမှ မမြင်ဘူးတဲ့ကားတွေ၊ အင်မတန်လှပခန့်ညားတယ်။ ကားအကြောင်း ဘာမှမသိ စိတ်မဝင်စားတဲ့ ကိုယ်တို့တွေတောင် ဒီလောက်စိတ်ဝင်းစားတာ ကားအကြောင်း စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေဆို ဘယ်လောက်တောင် ကြိုက်လိုက်ကြမလဲ မသိဘူး။ ဗိုက်တဂွီဂွီ ဆာနေပေမယ့် ကားပြတိုက်နဲ့ နှစ်ဘလောက်အဝေးက ဗီယက်နမ်ဆိုင်မှာ သွားစားမလားမေးတော့ မြို့ထဲမှာပဲ စားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ မြို့ထဲကို မိနစ်နှစ်ဆယ်လောက်ပဲ မောင်းရတယ်။ အူဘာကားသမားက ကယ်လီဖိုးနီးယားပြည်နယ်ကနေ ပြောင်းလာတာ သုံးနှစ်လောက်ရှိပြီ။ ဘာလို့ပြောင်းလာတာလဲ မေးကြည့်တော့ ဆက်သွယ်ရေးအင်ဂျင်နီယာ အလာစကာမှာ လစာသုံးဆပိုပေးလို့ ပြောင်းလာတာတဲ့။ ဆန်တာကလော့ဆိုင် သွားဖို့ရီကော်မန်းပေးပါသလားမေးကြည့်တော့ မပေးဘူး အလှဆင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင် ခုပိတ်နေတယ်။ ယိုးဒယားစားသောက်ဆိုင်ရောက်တော့ ဆိုင်ပိတ်ထားတယ်။ ဖဲဘန့်ရောက်တဲ့နေ့က ပထမဆုံးဝင်ခဲ့တဲ့ ယိုးဒယားဆိုင်ကို ဝင်တယ်။ ဝိတ်တာမလေးက ကိုယ်တို့ကို မှတ်မိနေတယ်။ အစားအသောက်တွေ စားလို့ကောင်းတယ် ဈေးလည်းကြီးတယ်။ ဟိုတယ်ကို ဆယ်မိနစ်လောက် လျှောက်ရတယ်။ ခဏနား ညနေငါးနာရီလေးဆယ့်ငါးမှာ လာခေါ်မဲ့ ချီနာရေပူစမ်းတိုးကားကို ထွက်စောင့်။ ငါးနာရီခွဲလောက်မှာ တိုးကားပေါ်မလာသေးတော့ ဝိုင်းက စိတ်ပူနေပြီ။ တိုးကားတွေဆိုတာ အမြဲဆယ်မိနစ်၊ ဆယ့်ငါးမိနစ် စောရောက်လေ့ရှိတယ်။ ဒီလိုနောက်ကျနေတာ ပုံမှန်မဟုတ်ဘူး တခုခုမှားနေပြီ။ အင်တာနက်မှာ တိုးအေဂျင်ဆီဖုန်းနံပါတ်ကိုရှာပြီး ဖုန်းဆက်ကြည့်တော့ တိုးကားနောက်ကျမှာ ဝိုင်းဖုန်းကိုဆက်တော့ ခေါ်လို့မရလို့တဲ့။ သိပ်မကြာခင်မှာ ချီနာရေပူစမ်းကိုသွားမဲ့ တိုးကားရောက်လာပါတယ်။ ချီနာရေပူစမ်းဆီသွားတဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၁၅၊ ၂၀၁၈။


ဖဲဘန့်မြို့မှာ ပထမဆုံးအ‌ခြေချ‌ နေထိုင်တဲ့ မိသားစုရုပ်ထု

ယိုးဒယားစာ

2 comments:

Iora said...

မမအိုင်အိုရာ

San San Htun said...

Iora said...
ပန်းရော လူရော ကားရောလှ
မမအိုင်အိုရာ
September 24, 2018 at 1:42 AM