အလာစကာသွား ‌တောလား - ၈

ဂျူလှိုင် ၉ တနင်္လာနေ့ မနက်ခြောက်နာရီခွဲ ဟိုတယ်မှာ မနက်စာစားပြီး ခုနှစ်နာရီဆို အဆင်သင့်ပြင်ပြီး တိုးကားကိုစောင့်ကြတယ်။ တိုးကားက မနက် ခုနှစ်နာရီကနေ ခုနှစ်နာရီခွဲကြား လာကြိုတယ်။ ဒုတိယတန်းမှာထိုင်တာက အသက်သုံးဆယ်လောက်ပဲ ရှိသေးတယ်လို့ ခန့်မှန်းရတဲ့ ဆွဇ်လင်မယား။ ကိုယ်က ရှေ့ဆုံးခုံကြိုက်တယ်ဆိုတော့ ဒရိုင်ဘာဘေးနားကခုံမှာ ထိုင်တယ်။ တချိန်လုံး အဲ့ဒီခုံမှာ ထိုင်ရမှာမဟုတ်ဘူး တခြားသူတွေကို အလှည့်ပေးရမယ်တဲ့။ နောက်ဆုံး ဝင်ခေါ်တာက အသက်ခြောက်ဆယ်ကျော် အငြိမ်းစားအဘိုးကြီးသုံးယာက်။ ဖဲဘန့်ကနေ မြောက်ဖက်စွန်းစွန်း မိုင်နှစ်ရာ ကမ္ဘာ့မြောက်ဖက်အကျဆုံး အာတစ်စာကယ် လတ္တီကျူဒေသမှာ နွေရာသီဆို ၂၄ နာရီ လင်းနေပြီး ဆောင်းရာသီဆို ၂၄ နာရီ မှောင်နေတယ်။ လမ်းဆိုးလို့ကားခုန်ပြီး မိုင်နှစ်ရာကို ပုံမှန်ကလေးနာရီ မောင်းရမှာ ခုတော့ငါးနာရီကျော်လောက် မောင်းရတယ်။ ပထမဆုံး ရပ်နားတဲ့နေရာကတော့ ပိုက်လိုင်းလို့ အတိုကောက်ခေါ်ကြတဲ့ Trans-Alaskan Pipeline System (TAPS) ပါ။ ကမ္ဘာ့အကြီးဆုံးပိုက်လိုင်းတွေထဲမှာပါဝင်ပြီး မြောက်ဖက် Prudhoe Bay ပရူဟိုဘေကနေ တောင်ဖက် Valdez ကို ထောင်သောင်းချီတဲ့ ရေနံတွေပို့ပေးနေပါတယ်။ မိုင်ရှစ်ရာ ရှည်လျားပြီး ၁၁ pump stations ထောက်ပို့စခန်း ရှိပါတယ်။ ၁၉၆၈ ပရူဟိုဘေမှာ ရေနံတွေ့တော့ ထုတ်သင့်မထုတ်သင့် သဘာဝပတ်ဝန်းကျင်၊ ဥပဒေအရပိုင်ဆိုင်မှု၊ နိုင်ငံရေး အငြင်းပွားမှုတွေ ရှိခဲ့တာပါ။ ရေနံထုတ်လုပ်တဲ့ အိုပက်နိုင်ငံတွေက တခုခုဆို ရေနံဈေးတက်မယ်၊ ရေနံမပို့တော့ဘူးလို့ ခြိမ်းခြောက်တဲ့ ရေနံအကျပ်အတည်း ၁၉၇၃  မှာဖြစ်တော့မှ ပိုက်လိုင်းကို ၁၉၇၄ ကနေ ၁၉၇၇ ထိ ဖောက်လုပ်ခဲ့တာပါ။ ပိုက်လိုင်းဖောက်ဖို့ မြေတွေဝယ်တော့ ဒီမြေတွေကို ဘယ်သူပိုင်သလဲမေးတော့ အစိုးရက သူမပိုင်ဘူး၊ ဒေသခံတိုင်းရင်းသားတွေကလည်း သူတို့မပိုင်ဘူး တော်တော်လည်း အခက်တွေ့ခဲ့ကြတယ်။ ပိုက်လိုင်းဖောက်တော့ အင်ဂျင်နီယာတွေဟာ အခက်အခဲမျိုးစုံ တော်တော်များများ ကြုံခဲ့ကြပါတယ်။ လူသူအရောက်အပေါက် လုံးဝမရှိတဲ့အရပ်ဒေသမှာ အင်မတန်ကြမ်းတမ်းလွန်းတဲ့ အအေးဒဏ်ကို ရင်ဆိုင်ပြီး ဖောက်လုပ်ရတာပါ။ နောက်အခက်အခဲတခုက permafost ရေခဲအောက်ကမြေဆိုတော့ ပျော့စိစိ အေးခဲနေတဲ့မြေကြီးပေါ်မှာ တည်ဆောက်ဖို့အထူးဆောက်လုပ်ရေး နည်းစနစ်ကို တီထွင်ခဲ့ရပါတယ်။ ပိုက်လိုင်းဆောက်ဖို့ တင်ဒါခေါ်တော့ အမေရိကန်၊ ဂျာမန်၊ ဂျပန် ကုမ္ဗဏီသုံးခုက တင်ဒါတင်တယ်။ ဘယ်သူရသွားတယ်ထင်လဲ ... ဂျာမန် .... အမေရိကန် ... နိုး... ဂျပန်ရသွားတယ်။

ပိုက်လိုင်းဆောက်လုပ်ရေးဟာ marvel အံ့မခန်းတဲ့ အင်ဂျင်နီယာနည်းပညာတခုလို့ တင်စားကြတယ်။ အလာစကာဟာ ငလျင်စက်ဝန်း Ring of Fire မှာပါလို့ ပိုက်လိုင်းတည်ဆောက်တဲ့အခါ ငလျင်ဒဏ်ခံနိုင်ဖို့အတွက်လည်း ဆောက်လုပ်ရပါတယ်တဲ့။ ပိုက်လိုင်းတည်ဆောက်လို့ ၈ ဘီလီယျံ ကုန်ပေမဲ့ တစ်နှစ်ထဲနဲ့ အရင်းကျေပါတယ်တဲ့။ ပိုက်လိုင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာပြီး  ပြောင်းရွေ့အခြေချနေထိုင်သူတွေ များလာတယ်။ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေရှိပေမဲ့ စီးပွားရေးတိုးတက်လာတာကိုတော့ မငြင်းနိုင်ပါဘူး။ ပိုက်လိုင်းကနေ ရေနံတွေစိမ့်ထွက်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေလည်း ရှိပါတယ်။ အမှားတွေကနေ သင်ခန်းစာယူပြီး ဒီထက်ပိုကောင်းမွန်အောင် လုပ်ရမှာပဲမဟုတ်လား။ ရေနံတွေမထွက်တော့ရင် ပိုက်လိုင်းကိုဖျက်ပြီး အရင်လိုသဘာဝပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက် ရှိပါတယ်။ ပိုက်လိုင်းနားမှာ လေးနာရီထက်ပိုပြီး ကားရပ်ထားရင် လာစစ်မေးတယ်။ ပိုက်လိုင်းပေါ်ကနေ ဟယ်လီကော်ပတာပျံဝဲပြီး ပိုက်လိုင်းကို စောင့်ကြည့်တယ်။ အလာစကာအတွက် ပိုက်လိုင်းဟာ အင်မတန်အရေးပါပါတယ်။ လမ်းဘေးတလျှောက် ပိုက်လိုင်းကို တွေ့ရပါတယ်။ ဒေတန်ဟိုင်းဝေး Dalton Highway ဟာ ပိုက်လိုင်းဆောက်လုပ်ရေးအတွက် ပစ္စည်းတွေသယ်ပို့ဖို့ ဆောက်လုပ်ခဲ့တာပါ။ ဒေတန်ဟိုင်းဝေးမှာ ကားပျက်ရင်မလွယ်ရင်း တိုးခက တထောင်ကျော်တယ်။ နှစ်နာရီလောက်မောင်းပြီး ဆယ်ငါးမိနစ်လောက် ခြေဆန့်လက်ဆန့် အညောင်းပြေလမ်းလျှောက်ဖို့ ရပ်နားပေးတယ်။ လူနေအိမ်ခြေတခုမှ မရှိဘူး တောင်ကုန်းတောင်တန်းလေးတွေက စိမ်းလန်းပြီး အင်မတန်လှတယ်။ fireweed ခရမ်းရောင်ပန်းလေးတွေ တွေ့ရတယ်။ ထိုင်ခုံလဲချင်ရင် လဲလို့ရတယ်ပြောတော့ မလဲဘူးတဲ့။ အဘိုးကြီးသုံးယောက်မှာ ပန်ဆယ်ဗေးနီးယားပြည်နယ်က နှစ်ယာက်၊ တယောက်က နယူးယောက်က။ တယောက်ကိုတယောက် နောက်ပြောင်စနောက်ကြပြီး သူငယ်ချင်းဖြစ်တာ အတော်ကြာပြီလို့ ခန့်မှန်းမိလို့ အားကျမိတယ်။ ကိုယ်လည်း အသက်ကြီးရင် အဲ့ဒီလိုစိတ်တူကိုယ်တူ ဝါသနာတူတဲ့သူငယ်ချင်းတွေနဲ့ ခရီးထွက်ချင်တယ်။ အရပ်ရှည်ရှည်အဖိုးကြီးက စာတိုက်ကြီးမှာအလုပ်လုပ်ပြီး ဘေ့ဘောနည်းပြ။ ပန်ဆယ်ဗေးနီးယားကနေ အလာစကာကို ဆယ်ရက်ကားမောင်းလာတာ။ လမ်းမှာ ဘေ့ဘောကွင်းတွေဝင်ပြီး အရည်အချင်းရှိတဲ့ ကလေးတွေကို သူနည်းပြလုပ်နေတဲ့တက္ကသိုလ်ကို လာဖို့ဖိတ်ခေါ် scout လူသစ်ရှာခဲ့သေးတယ်။

မြောက်ဖက် ပရူဟိုဘေကနေ တောင်ဖက် ဗန်ဒက်အထိ မိုင် ၈၀၀ ရှည်တဲ့ ပိုက်လိုင်း
ပိုက်လိုင်းဆောက်တာကို ဂျပန်ကုမ္ဗဏီတင်ဒါ ရခဲ့ပြီး permafost ရေခဲမြေပေါ်မှာ တည်ဆောက်ဖို့
နည်းလမ်းအသစ်တွေ တီထွင်ခဲ့ရပါတယ် အံ့မခန်းအင်ဂျင်နီယာ နည်းပညာလို့ တင်စားကြပါတယ်

ပိုက်လိုင်းနားမှာ ၄ နာရီလောက် ကားရပ်ထားရင် လာစစ်မေးပြီး ပိုက်လိုင်းပေါ်
ဟယ်လီကော်ပတာဝဲပျံပြီး ပိုက်လိုင်းလုံခြုံရေးကို စောင့်ကြည့်ပါတယ် 
ပိုက်လိုင်း ဘယ်လိုတည်ဆောက်တယ်ဆိုရင်တာ စိတ်ဝင်စားရင် ဖတ်ကြည့်ပါ

တာကီတီနာ ရေကန်သုံးကန် ဟိုက်ကင်းတိုးဂိုက်ကလည်း ဗာမွန်ပြည်နယ်ကနေ အလာစကာကို ဆယ့်ငါးရက်ကားမောင်းလာတာ။ အဲ့ဒီလိုတခါလောက် ရက်ရှည်ကားမောင်းပြီး ခရီးထွက်ချင်တယ်။ Yukon ယုကွန်မြစ်ကို ဖြတ်ပြီးတော့ ခဏနားတယ်။ အမျိုးသားဥယျာဉ်ရုံလေးမှာ အာတစ်စာကယ်စာတီဖီကိတ်တွေရလို့ ယူနေတာ တိုးဂိုက်က သူ့စာတီဖီကိတ်ကိုပြတယ်။ အာတစ်စာကယ်ကို ရောက်တဲ့အခါ သူပေးမှာ ယူစရာမလိုဘူးတဲ့။ အိမ်သာတွေက ရေဆွဲချအိမ်သာမဟုတ်ဘူး။ လက်ဆေးဖို့ hand sanitizer ရှိတယ်။ နောက်ထပ်တနာရီခွဲလောက် မောင်းပြီးတော့ အာတစ်စာကယ်ဆိုတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာ ရောက်တယ်။ ဓာတ်ပုံရိုက် တိုးဂိုက်က နေ့လည်စာစားဖို့ပြင်ဆင်တယ်။ ရှဉ့်လေးတကောင်က လူလုံးဝမကြောက်ဘူး လူတွေလာရင် အစာစားရမှန်း သိနေလို့နေမှာ။ နေ့လည်စာက စွပ်ပြုတ်နဲ့ ဘီစကစ်လုံးလေးတွေ၊ ဆွဇ်အမျိုးသမီးက သက်သက်လွတ်။ ဝိုင်းက ဆွဇ်အမျိုးသမီးကို ဆွဇ်ဘယ်မြို့မှာနေလဲလို့ သွားမေးတော့ သူက အင်္ဂလိပ်စကား မပြောဘူး။ ဆွဇ်အမျိုးသားက ဘာသာပြန်ပေးတယ်။ ဆွဇ်အမျိုးသားက ဘောလုံးသမား၊ သူ့မိန်းမက ဆွဇ်စားသောက်လုပ်ငန်းမှာလုပ်တယ်။ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်တက်သွားပြီလဲလို့ ဘေ့ဘောနည်းပြက ဆွဇ်အမျိုးသားကိုမေးတော့ သူကမေ့နေတယ်။ ကိုယ်က ဝင်ပြောတော့ ဟယ် ... စန်းစန်းက soccer ဘောလုံးကြိုက်တာလား။ ကြိုက်တယ် အဖေက မန်ချက်စတာယူနိုက်တက် die hard အမာခံ၊ ကမ္ဘာ့ဖလားပွဲကြည့်တယ်၊ အင်္ဂလန်ကို အားပေးတာ။ ဘေ့ဘောနည်းပြက အမှိုက်ပုံးက bear proof ဝက်ဝံချိုးဖျက်လို့မရဘူး။ ခဏနေတော့ တိုးကားသုံးစင်း ရောက်လာတယ် အဖြူတွေချည်းပဲ။ အိမ်သာမှာဆုံတာ အတ္တလန်တာက အသက်ခုနစ်ဆယ်ကျော်အဘွားကြီး။ အားကျလိုက်တာ ကိုယ်အသက်ခုနစ်ဆယ်မှာ အဲ့ဒီလိုခရီးသွားနိုင်ပါ့မလား။ တုန်တုန်ချိချိနဲ့ အိပ်ယာထဲ လဲနေမလား။ အင်း ... အသက်ခုနစ်ဆယ်ထိတောင် အသက်ရှည်ပါ့မလား။ အိုင်အိုဝါသင်္ကေတနဲ့ ဓာတ်ပုံရိုက်တယ်လို့ပြောနေတော့ ဝိုင်းက ကိုယ့်ကိုလှမ်းကြည့်တယ်။ စန်းစန်းက အိုင်အိုဝါမှာ ကျောင်းတက်ခဲ့တာ... ဟုတ်လား .... အိုင်အိုဝါတက္ကသိုလ်လား... မဟုတ်ဘူး အိုင်အိုဝါစီးတီးကနေ တနာရီဝေးတဲ့မြို့မှာ .... အိုင်အိုဝါတက္ကသိုလ်ကို ရောက်ဖူးတယ်... သာယာလှပတဲ့နေရာလေးပဲ။ တချို့တွေက အာတစ်စာကယ်ကနေ နှစ်နာရီဝေးတဲ့မြို့ကိုသွားပြီး တညအိပ် နောက်နေ့မှ ဟယ်လီကော်ပတာစီးပြီး ပြန်လာမှာ။ အဲ့ဒီမြို့မှာ လူဦးရေကခြောက်ဆယ်ကျော်ပဲရှိတယ် ဒါပေမဲ့ visitor center ကို တော်တော်အကုန်အကျခံ ဆောက်ထားတယ်။

အပြန်လမ်းမှာတော့ အလာတုန်းကလို မဟုတ်တော့ဘူး။ အိပ်ငိုက်တဲ့အခါငိုက် နိုးရင်လမ်းဘေးဝဲယာကြည့်။ အသက်ခုနစ်ဆယ်ကျော် လင်မယား ဟိုးနားမှာနေကြတယ်လို့ တိုးဂိုက်ကပြောတော့ ကျန်းမာရေး၊ ရာသီဥတုဆိုးရင် ဘယ်လိုများနေကြမလဲမသိဘူး။ အလာစကာမှာ အိမ်ဆောက်ပြီး ငါးနှစ်နေရင် ကိုယ်ပိုင်ဖြစ်သွားပြီ။ အလာစကာမှာနေလို့ တစ်နှစ်တစ်ခါ အစိုးရက တထောင်ကျော်ချက်လတ်မှတ်ပေးတယ်။ အလာစကာ ဆောင်းရာသီက အင်မတန်အေးလို့ လူတွေဘယ်လိုနေထိုင်ရတယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ အလာစကာရဲ့မြို့တော်က Juneau ဂျူနိုလို့ အသံထွက်တယ် ကနေဒါဘေးနားမှာ။ ကားလမ်းမပေါက်ဘူး ရေလမ်းနဲ့ပဲ ဆက်သွယ်လို့ရတယ်။ ဘာလို့ဆက်သွယ်ရေးခက်တဲ့မြို့ကို မြို့တော်ရွေးထားတာလည်း မသိဘူး။ ခုတော့ မြို့တော်ကို တခြားမြို့ဆီ ပြောင်းချင်ကြတယ်။ အိမ်သာအတွက် ခဏနားပြီးလို့ လမ်းလျှောက်ကြည့်နေတုန်း အယ်မလေး ... ခြင်တွေ အုံခဲနေတာပဲ.. ယက်ထုတ်နေရတယ်။ ကားတံခါးပိတ်ပြီးရင် တဘမ်းဘမ်းနဲ့ ခြင်ရိုက်ကြတယ်။ တိုးဂိုက်က ဘေးကကြားရင်တော့ ဘာထင်မလဲမသိဘူး ကားထဲကနေ တဘမ်းဘမ်း အသံတွေထွက်လာလို့လေ။ ယုကွန်မြစ်နားက စားသောက်ဆိုင်လေးမှာ ခဏနားတော့ တိုးဂိုက်က ဟိုးအဝေးကအိမ်က အက်စကီမိုးလက်မှုပစ္စည်းဆိုင်။ သွားကြည့်တော့ ထူးခြားတဲ့ နားဆွဲ၊ လက်ကောက်၊ လက်မှုပစ္စည်းလေးတွေ တွေ့တယ်။ အန်တီကြီးကို သနားလို့ ပစ္စည်းလေးတွေဝယ်ပြီး အားပေးချင်ပေမဲ့ လက်ရာကိုမကြိုက်တော့ မဝယ်ချင်ဘူး။ ကားလမ်းဆက်သွယ်မှုမရှိ မြစ်ကနေပဲ သွားလို့ရတဲ့ ဒေသမှာနေထိုင်တဲ့ အက်စကီးမိုးတွေလုပ်တဲ့ ဝေလငါးအရိုးတွေနဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းတွေက ထူးခြားတယ်၊ ဈေးလည်းကြီးတယ်။ လက်သည်းမှာ ဂျီးတွေနဲ့ စုတ်ပြတ်ညစ်ပတ်နေတဲ့ အဝတ်အစား ဝတ်ထားတဲ့ အန်တီကြီးကိုတွေ့တော့ စိတ်မကောင်းဘူး။ ဝိုင်းက ဓာတ်ပုံအယ်လ်ဘယ်ကိုတွေ့လို့ မေးကြည့်တော့ အန်တီကြီးက အယ်လ်ဘယ်တခုလုံးက ဓာတ်ပုံတွေပြပြီး ရှင်းပြတယ်။ ဒီအိမ်ကို သူတို့ဘယ်လိုဆောက်ခဲ့တာ၊ ဘယ်လိုအမဲလိုက်တာဆိုတာတွေ ရှင်းပြတယ်။ ကိုယ်ကသာ သူ့အတွက် စိတ်မကောင်းဖြစ်နေတာ သူကတော့ သူ့ဘဝနဲ့သူ ပျော်နေတာပဲ။ ညခုနစ်နာရီ ဖဲဘန့်ပြန်ရောက်တော့ ဗိုက်ဆာနေကြပြီ။ နေ့လည်စာကောင်းကောင်း မစားခဲ့တာကိုး။ ယိုးဒယားဆိုင်မှာသွားစားပြီး ပိုတာပြန်သယ်ခဲ့ကြတယ် မနက်ဖြန် ဒန်နာလီကိုသွားတဲ့ ရထားပေါ်မှာစားလို့ရတယ်။ နောက်နေ့ဖဲဘန့်ကနေ ဒန်နာလီအမျိုးသားဥယျာဉ်ကိုသွား ဒန်နာလီမှာ ဘယ်တွေလည်ပတ်သလဲဆိုတာကိုတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။ ဒီပို့စ်တင်တဲ့အချိန်ဆို ကိုယ်ဟာ လန်ဒန်မြို့ဆီသွားတဲ့ လေယာဉ်ပေါ်မှာ ရှိနေပါလိမ့်မယ် ယူကေမှာ တပတ်ကြာမှာပါ။ ပြန်လာမှပဲ ယူကေသွားတောလား၊ စကော့တလန်သွားတောလား ပို့စ်တွေ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၃၀၊ ၂၀၁၈။

Viator ကကနေ ဘွတ်ခဲ့တဲ့ အာတိတ်စက်ဝိုင်းတိုးလင်င့်ခ်ပါ
https://www.viator.com/tours/Fairbanks/Arctic-Circle-Day-Trip-from-Fairbanks/d5269-5957ARCTIC

ပိုက်လိုင်းဆောက်လုပ်ရေးအတွက် ပစ္စည်းသယ်ပို့ဖို့ ဖောက်လုပ်ခဲ့တဲ့ ဒေတန်ဟိုင်းဝေး
ခရမ်းရောင်ပန်းက အလာစကာမှာပဲ တွေ့ရတဲ့ fireweed ပန်း 
အလေ့ကျပေါက်တဲ့ မြက်ကအစ လှတယ်
ဒေတန်ဟိုင်းဝေး တနေရာ ... ဒေတန်ဟိုင်းဝေးမှာ ကားပျက်ရင် မလွယ်ဘူး...
တိုးခ တထောင်ကျော်တယ်...
fireweed ပန်း
ပိုက်လိုင်း
ယုကွန်မြစ်
ယုကွန်မြစ်‌ဘေး
fireweed ပန်း
yayyy... we made it..
အာတိုက်စက်ဝိုင်း
အာတိတ်စက်ဝိုင်း
လူမကြောက်တဲ့ ရှဥ◌့်က‌လေး
ဂျူလှိုင် ၉  ၂၀၁၈ Midnight Sun ဒေသ အာတိတ်စက်ဝိုင်းသို့ ရောက်ရှိခဲ့တယ်ဆိုတဲ့ စာတီဖီကိတ် 
အာတိတ်စက်ဝိုင်းမှာ စားခဲ့တဲ့ နေ့လည်စာ 

4 comments:

Lorem Ipsum said...


Anonymous said...

Happy Travelling San Htun , Enjoy !!

Anonymous said...

Have fun!
Ma Ma Iora

San San Htun said...

ဆုမြတ်မိုး said...
စိတ်သွားတိုင်းကိုယ်ပါလိုက်တာ မစန်းထွန်းရယ်...လန်ဒန်နဲ့ စကော့တလန်မှာ အများကြီးလည်ခဲ့နော် ။
September 30, 2018 at 9:36 PM