အီဂျစ်သွားတောလား - ၄

၂၀၂၅ ဇန်နဝါရီ ၄ မနက်စောစောနိုးတော့ တခြားလူတွေ မထသေးခင် ချုံပုတ်ဆီသွားတယ်။ မနက်နေထွက်လာတာ အရမ်းလှတာပဲ။ နေကပြင်းလို့ မျက်စိမခံနိုင်ဘူး။ မနက်စာစားတယ် ဒရိုင်ဘာ ၂ ယောက်က ရွက်ဖျင်တဲတွေသိမ်း၊ ပစ္စည်းတွေသိမ်းဆည်းထုပ်ပိုးပြီး ခရီးနှင်တယ်။ လမ်းကကြမ်းတယ် ဒီနေ့တော့ ဝိုင်းက သက်သာသွားပြီမို့လို့ နောက်ဆုံးတန်းမှာထိုင်တယ်။ ကျောက်တုံးမည်းမည်းတွေရှိတဲ့တောင်မှာ ကိုယ်တို့ကိုချပေးပြီး ကားထွက်သွားတယ်။ တောင်တက်ရင်း တခြားသူတွေမေးကြည့်တော့ ဒရိုင်ဘာက သူတို့ကိုလည်း ဘာမှမပြောဘူးတဲ့။ ဂျပန်အုပ်စုက ရှေ့ကိုအတော်ရောက်နေပြီမို့လို့ သူတို့နောက်လိုက်ကြတယ်။ ဟိုးအဝေးမှာ ကားရပ်ထားတယ် အဲ့ဒီမှာကိုယ့်တို့ကားရှိလားမသိဘူး။ အဲ့နားရောက်တော့ ကိုယ်တို့ကားက ခပ်လှမ်းလှမ်းမှာ။ ဒရိုင်ဘာက အင်္ဂလိပ်စကားမပြောတတ်ဘူး။ ဂွတ် အိုကေ ဂိုးလောက်ပဲပြောတယ်။ ကိုယ်တို့ဘာသာ လမ်းရှာဖွေ ကားဆီကိုပြန်လာရတာ you figure out yourself ဆိုပြီး ရယ်နေရတယ်။ မီးတောင်ဟောင်းမို့ ချော်ရည်ဖြစ်တဲ့ ကျောက်တုံးမဲလေးတွေ လက်ဆောင်ပေးဖို့ ကောက်လာတယ်။ အပင်တွေနဲ့ စိမ်းစိုနေတဲ့နေရာမှာ ရပ်တယ်။ ဘာလို့ရပ်မှန်းမသိဘူး။ အပင်တွေစိုက်နေတာ၊ ရိတ်နေတာတွေ့တယ်။ အိုအေစစ်နဲ့တူတယ် ရေပိုက်ထဲကနေ ရေတွေထွက်ကျနေတယ်။ Bahariya အိုအေစစ်ကို ရောက်တော့မယ်ထင်တာ ရောက်ပြီဆင်းဆိုလို့ ကြည့်လိုက်တော့ ခရီးစဥ်စခဲ့တဲ့ ရွာဖြစ်နေတယ်။ အိုအေစစ်ကို ရောက်လို့ရောက်မှန်းမသိ ရွာရောက်တော့မှ အိုအေစစ်ကို ကျော်လွန်ခဲ့မှန်းသိတယ်။ ကိုယ်တို့ကားကလူတွေအားလုံး ဒရိုင်ဘာကို တစ်ဖ်ပေးတယ်။ ဟိုဖက်ကားကလူတွေ သူတို့ဒရိုင်ဘာကို ပေးပုံမရတော့ ဝိုင်းက စိတ်မကောင်းဘူး။ ဒရိုင်ဘာခမျာ ရွက်ဖျင်တဲဆောက်၊ ညစာချက်ကျွှေး၊ ကားမောင်း အကုန်လုပ်ပေးရတာ။

အပြန်ဒရိုင်ဘာက ပြန်ပို့ပေးရမဲ့ဟိုတယ်တွေကို ပြောတာနားမလည်လို့ တိုးကုမ္ပဏီကို ဖုန်းခေါ် အင်္ဂလိပ်လိုပြောတတ်တဲ့သူနဲ့ပြော။ ကားမောင်းရင်း မတ်ဆေ့ရိုက်လို့ ဘေးနားမှာထိုင်နေတဲ့ ဂျာမန်မက ဖုန်းပြောပေး စာရိုက်ပေးရတယ်။ အလာတုန်းကရပ်ခဲ့တဲ့ ဂတ်စ်ဆိုင်မှာ အိမ်သာဝင်ကြတယ်။ ကိုယ်တို့ပြီးလို့ ကားပေါ်ရောက်ပေမဲ့ ကားဒရိုင်ဘာက မရောက်သေးဘူး။ တော်တော်ကြာတဲ့အထိ မလာသေးလို့ ဂျာမန်မက လူယောင်သွားပြတာ သိတယ်လာမယ်ဆိုပြီး လက်ကာပြလိုက်တယ်။ ဒရိုင်ဘာဖုန်းပြောတာ တော်တော်ကြာတယ်။ Giza KFC နားမှာပဲ ချပေးပြီး တစ်ဖ်တောင်းတယ်။ Uber ငှားရတာမလွယ်ဘူး။ ကားနံပါတ်တွေကို အာရပ်ဘာသာနဲ့ ရေးထားတာ ဖတ်ရခက်တယ်။ ကားအရောင်၊ အမျိုးအစား၊ ပုံသဏ္ဌာန်နဲ့ ရှာရတယ်။ အာရပ်ဘာသာစကား အင်မတန်ခက်တယ်။ ပြင်သစ်ကို ကျွှမ်းကျွှမ်းကျင်ကျင်၊ စပိန်လို ထမင်းစားရေသောက် ပြောတတ်တဲ့ဝိုင်းဟာ Duolingo ကနေ အာရပ်ဘာသာသင်တာ တစ်နှစ်ခွဲရှိနေပြီ။ ခုထိ နှုတ်ဆက်စကားလောက်ပဲ ပြောတတ်တယ်။ အာရပ်စာကလည်း အရှည်အတွန့်လေးတွေနဲ့ ဘာမှကိုခွဲခြားလို့မရဘူး။ ဟီးဘရူးသာသာစကားလည်း အတူတူပဲ။ ဘာသာစကားတော်တော်များများ left to right အာရပ်နဲ့ဟီးဘရူးကတော့ right to left။ ရုံးကဝက်ဆိုဒ်မှာ ဘာသာအမျိုးမျိုးနဲ့ ရေးထားတာပါတယ်။ တခါတလေ စာတွေပြင်ပေးရတယ် အဲ့ဒီဘာသာစကား ၂ ခု ပြင်ပေးရတာ မလွယ်ဘူး။ ဝိုင်း ချက်ကျွှေးတဲ့ဟင်းတွေ အင်မတန်စားကောင်းတယ်။ အီဂျစ်မှာ ဝိုင်းလက်ရာ အကောင်းဆုံးဆိုပြီး ရယ်ကြသေးတယ်။ ကိုယ်တို့နှစ်ယောက်က ဟင်းချက်မကျွှမ်းတဲ့သူတွေ ၁၅ မိနစ်ထက် မချက်ပြုတ်ချင်တဲ့သူတွေ။ ကိုယ့်မိဘတွေရောက်ကတည်းက မီးဖိုချောင်မဝင်တာ ၂ နှစ်ရှိပြီ။ 

Happy Traveling!

စန်းထွန်း

သြဂုတ် ၁၆၊ ၂၀၂၅။

No comments: